မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထူးကြေညာချက်တစ်ရပ်

အထူးကြေညာချက်တစ်ရပ်

အထူး​ကြေညာ​ချက်​တစ်ရပ်

၂၀၀၀၊ အောက်တိုဘာ ၇ ရက်​တွင် ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​၏​နှစ်ပတ်လည်​အစည်းအဝေး​နိဂုံး​၌ အထူး​ကြေညာ​ချက်​တစ်ရပ်​ကို အုပ်ချုပ်ရေး​အဖွဲ့​၏ သဘာပတိ ဂျွန် အီး. ဘားရ်​က ထုတ်ပြန်​ကြေညာ​ခဲ့​သည်။ ဤ​ကြေညာ​ချက်​သည် ထို​နေ့​အစောပိုင်းက သီအိုဒေါရ်​ဂျဲရက်စ်​နှင့် ဒယ်​နီ​ရ​ယ်​ဆစ်​ဒ​လစ်​ခ်​တို့​ပေး​ခဲ့​သည့် ဟောပြောချက်​များ​အပေါ် အခြေခံ​ခဲ့​သည်။—ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၁၂-၁၆ နှင့် ၂၈-၃၁ ကို​ရှု။

အလွန်​အရေးပါသော​အချက်​တစ်ခု​ကို ညီအစ်ကို​ဘားရ်​က​ဖော်ပြ​ခဲ့​သည်– “‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ နှင့် ၎င်း​၏​အုပ်ချုပ်ရေး​အဖွဲ့​သည် တရားဝင်​ကော်ပိုရေးရှင်း​များ​ကို ပေးအပ်​ထား​သည်ထက် ပို​မြင့်မား​ကာ ပိုမို​အကျုံးဝင်​နေသည့် အမှု​ရေး​ကိစ္စ​များ​ကို သူတို့အား​အပ်နှင်း​ခဲ့​သည်။ ထို​အဖွဲ့အစည်း​တစ်ခုစီ​၏ အမိန့်ပြန်တမ်း​ပါ​ဦးတည်ချက်​များသည် မိမိတို့​နယ်ပယ်​အတွင်း အကန့်အသတ်​ရှိသည့် ကိစ္စရပ်​များ​ဖြစ်သည်။ သို့ရာတွင် ကျွန်ုပ်​တို့၏​သခင် ယေရှု​ခရစ်​သည် မိမိ ‘ဥစ္စာ’ ရှိသမျှ သို့​မဟုတ် ဤ​မြေကြီးပေါ်​ရှိ နိုင်ငံတော်​အကျိုး​စီးပွား​အားလုံး​ကို သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်​၌ အပ်နှင်း​ထား​သည်။”—မဿဲ ၂၄:၄၅-၄၇

ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ကော်ပိုရေးရှင်း​နှင့်​စပ်လျဉ်း၍ ညီအစ်ကို​ဘားရ်​က ထပ်ဆင့်​ဤသို့​ပြော​ခဲ့​သည်– “၁၈၈၄ တွင် ယင်းကို​ဖွဲ့စည်း​ခဲ့​ချိန်​မှ​စ၍ ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင် သမ္မာကျမ်းစာ​နှင့် ဝေစာ​အသင်း​သည် မျက်မှောက်ခေတ်​သမိုင်း​တွင် အရေးပါသော​ကဏ္ဍ​တစ်ခု​မှ ပါဝင်​ခဲ့​ပေ​ပြီ။ ၎င်း​သည် တရားဝင်​အဖွဲ့အစည်း​တစ်ခုမျှသာ​ဖြစ်သော်လည်း ယင်းကို​လိုအပ်​သည့်​အခါ ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ က​အသုံးပြုနိုင်​သည်။

သူတို့၏​ဟောပြောချက်​များ​တွင် ညီအစ်ကို ဆစ်​ဒ​လစ်​ခ်​နှင့် ဂျဲရက်စ်​တို့​က “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” အား သခင်၏​မြေကြီးဆိုင်ရာ​ဥစ္စာ​ရှိသမျှ​တို့ကို ပေးအပ်​ထားခြင်း​က လုပ်ရိုးလုပ်စဉ်​စီမံခန့်ခွဲရေး​တာဝန်​များ​ကို​ဆောင်ရွက်ရန် “အခြားသိုး” ထဲ​မှ အရည်အချင်း​ပြည့်မီ​သော အမျိုးသားများ​အား ကျေးကျွန်​အတန်းအစား​က​ခွင့်ပြု​ခြင်း​ကို မ​ဆီးတား​ကြောင်း​ရှင်းပြ​ခဲ့​သည်။ (ယောဟန် ၁၀:၁၆) ယေဟောဝါသက်သေ​များ​အသုံးပြု​သော တရားဝင်​အသင်းအဖွဲ့​များ​၏ ဒါရိုက်တာ​အားလုံး သို့​မဟုတ် တစ်ဦး​တစ်ယောက်​သည် ဘိသိက်ခံ​ခရစ်ယာန်​များ​ဖြစ်​ရမည်​ဟူသော ကျမ်းစာ​ဆိုင်ရာ​မည်သည့်​တောင်းဆိုချက်​မျှ​မရှိပေ။

ညီအစ်ကို​ဘားရ်​က မကြာသေးမီ​က အမေရိကန်​ပြည်ထောင်စု​တွင် “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်” က​အသုံးပြုသည့် ကော်ပိုရေးရှင်း​အားလုံး​၏ ဒါရိုက်တာ​ဘုတ်​အဖွဲ့​များ​မှ မိမိတို့​ရာထူးကို ဆန္ဒ​အလျောက်​စွန့်လွှတ်​သွား​ကြသော ဒါရိုက်တာ​နှင့် တာဝန်ခံ​များ​အဖြစ် ထမ်းဆောင်​ခဲ့​ကြ​သည့် ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​အချို့​အကြောင်း ပရိသတ်​အား​ပြောပြ​သည်။ အခြားသိုး​အတန်းအစား​မှ ယုံကြည်​စိတ်ချ​ရသော​ညီအစ်ကို​များ​ကို အစားထိုး​သူများ​အဖြစ် ရွေးချယ်​ခဲ့​သည်။

ဤ​ဆုံးဖြတ်ချက်​သည် အမှန်ပင်​အကျိုးရှိ​ပါ​သည်။ ယင်းက အုပ်ချုပ်ရေးအဖွဲ့ဝင်​များ​ကို ဝိညာဉ်​အစာ​ပြင်ဆင်​ပေးခြင်း​နှင့် ကမ္ဘာချီ​ညီအစ်ကို​အသင်းအပင်း​၏ ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို တစ်နည်း​နည်းဖြင့် ကြည့်ရှု​စောင့်ရှောက်​ရာ​တွင် အချိန်ပို​၍​အသုံးပြုရန်​ဖြစ်စေ​သည်။

နိဂုံး​ချုပ်​ရာ​တွင် သဘာပတိ​က ဝမ်း​ပန်း​တ​သာ​ရှိသည့်​ပရိသတ်​ကို ဤသို့​ပြောကြား​ခဲ့​သည်– “အမျိုးမျိုးသော တရား​ဥပဒေ​နှင့် စီမံခန့်ခွဲရေး​ဆိုင်ရာ​တာဝန်​များ​ကို အတွေ့အကြုံ​ရှိ​ကြီးကြပ်မှူး​များ​အား တာဝန်​ပေး​ထား​စဉ် . . . သူတို့​အားလုံး​သည် အုပ်ချုပ်ရေး​အဖွဲ့​၏ ဝိညာဉ်​ရေး​ဆိုင်ရာ​လမ်းညွှန်မှု​အောက်တွင် အမှုဆောင်​ကြသည်။ . . . ကျွန်ုပ်​တို့အားလုံး​သည် ကိုယ်တော်​၏​မြင့်မြတ်​သော​နာမတော်​၏ ဂုဏ်တော်​နှင့် ဘုန်းတော်​ထင်ရှားစေ​ဖို့ အလိုတော်ကို​ထမ်းဆောင်​ကြ​ရာ​တွင် ကျွန်ုပ်​တို့၏​စည်းလုံးစွာ​ကြိုးပမ်း​အားထုတ်မှု​အပေါ် ယေဟောဝါ​ကောင်းချီး​ပေး​ရန်​အတွက် ကိုယ်တော်​ကို​ထက်သန်​စွာ​ရှုမျှော်​ကြသည်။”