မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော့်ကိုလိုအပ်သော မည်သည့်နေရာ၌မဆို အမှုဆောင်ခြင်း

ကျွန်တော့်ကိုလိုအပ်သော မည်သည့်နေရာ၌မဆို အမှုဆောင်ခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်တော့်​ကို​လိုအပ်သော မည်သည့်​နေရာ၌​မဆို အမှုဆောင်ခြင်း

ဂျိမ်းစ် ဘီ. ဘယ်​ရီ ပြောပြ​သည်

၁၉၃၉ ခုနှစ်။ စီးပွားရေး​ကပ်​ကြီး​ကြောင့် အမေရိကန်​ပြည်ထောင်စု​မှာ ခက်ခဲ​ကျပ်တည်း​နေပြီး စစ်​က​လည်း ဥရောပ​တစ်ခွင်​ဖြစ်​တော့​မယ့်​ပုံ​ပေါက်​နေတယ်။ ကျွန်တော့်​ညီ​ဘဲ​န်​နက်​နဲ့​အတူ အလုပ်ရှာ​ဖို့ မစ္စစ္စပီ​က​ကျွန်တော်​တို့​အိမ်ကနေ တက္ကဆက်​ပြည်နယ်၊ ဟူး​စ​တန်​မြို့ကို ခရီးထွက်​ခဲ့​ကြတယ်။

နွေ​ရာသီ​ကုန်ခါနီး​တစ်ရက်​မှာ လိုင်း​ရှုပ်​နေတဲ့​ရေဒီယို​ကနေ စိတ်​လှုပ်ရှား​စ​ရာ​ကောင်း​တဲ့ ဒီ​ကြေညာ​ချက်​ကို ကျွန်တော်​တို့​ကြား​လိုက်တယ်– ဟစ်တလာ​၏​စစ်တပ်​များ ပိုလန်​နိုင်ငံ​သို့ ချီတက်​လာကြပြီ။ ကျွန်တော့်​ညီ​က “အာမဂေဒုန်​စ​ပြီ!” လို့​ရုတ်တရက်​ထ​အော်​ခဲ့တယ်။ ချက်ချင်းပဲ ကျွန်တော်​တို့ အလုပ်​ထွက်​လိုက်တယ်။ အနီးဆုံး​မှာ​ရှိတဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို​သွားပြီး ပထမ​ဆုံး​အကြိမ် စည်းဝေး​တက်ရောက်​ခဲ့တယ်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို ဘာဖြစ်​လို့​သွား​ရတာလဲ။ အစ​ကနေ ပြောပြ​ပါ​ရစေ။

၁၉၁၅ ခုနှစ် မစ္စစ္စပီ၊ ဟီ​ဗရွန်​မြို့မှာ ကျွန်တော့်​ကို မွေးဖွားခဲ့တယ်။ ကျေးလက်​ဒေသမှာ ကျွန်တော်​တို့​နေထိုင်ခဲ့​ကြတယ်။ အဲဒီတုန်းက ယေဟောဝါ​သက်သေတွေကို​ခေါ်​တဲ့ ကျမ်းစာ​ကျောင်းသား​တွေ​ဟာ ဒီ​ဒေသ​ကို တစ်နှစ်​တစ်ခေါက်​လောက်​ရောက်လာ​ပြီး တစ်ယောက်ယောက်​ရဲ့​အိမ်မှာ ဟောပြောချက်​ပေးဖို့ စီစဉ်​ခဲ့​ကြတယ်။ ရလဒ်​က​တော့ ကျွန်တော့်​မိဘတွေဆီမှာ ကျမ်းစာ​စာပေ​တွေ​အများကြီး​ရှိခဲ့တယ်။ အဲဒီ​စာအုပ်​တွေ​က​သင်ပေးတဲ့ ငရဲ​က​မ​ပူပြင်း​ဘူး၊ စိုးလ်​သေ​တယ်၊ ဖြောင့်မတ်​သူတွေဟာ မြေကြီး​ပေါ်မှာ ထာဝစဉ်​နေထိုင်မယ်​ဆိုတာ​တွေ​ကို ဘဲ​န်​နက်​နဲ့​ကျွန်တော်​ယုံကြည်​လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်​တို့​သင်ယူဖို့ အများကြီး​ရှိပါ​သေး​တယ်။ ကျွန်တော်​ကျောင်း​ပြီးသွား​တဲ့​တစ်ချိန်​မှာ ကျွန်တော့်​ညီ​နဲ့​အတူ အလုပ်ရှာ​ဖို့ တက္ကဆက်​ကို​ထွက်​လာ​ခဲ့​ကြတယ်။

နောက်ဆုံး​တော့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​က​သက်သေခံတွေ​နဲ့ ကျွန်တော်​တို့​ဆက်သွယ်​တဲ့​အချိန်​မှာ ကျွန်တော်​တို့ကို ရှေ့ဆောင်​တွေ​လား​ဆိုပြီး သူတို့​မေးခဲ့တယ်။ ရှေ့ဆောင်​ဆိုတာ​က ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​အမှုဆောင်​ဖြစ်တယ်​ဆိုတာ​ကို ကျွန်တော်​တို့​မသိခဲ့ဘူး။ နောက်တော့ ဟောပြော​ချင်​လား​ဆိုပြီး​မေးခဲ့တယ်။ “တကယ်​ဟော​ချင်​ပါ​တယ်!” လို့​ကျွန်တော်​တို့ ပြန်​ပြော​ခဲ့တယ်။ ဘယ်လို​ဟော​ရမလဲ​ဆိုတာ​ပြပေး​ဖို့ ကျွန်တော်​တို့​နဲ့​အတူ တစ်ယောက်ယောက်​ကို​လွှတ်​ပေး​မယ်​လို့​ထင်​ခဲ့​တာ။ အဲဒီအစား မြေပုံ​တစ်ခု​ပေး​ပြီး “အဲဒီမှာ​သွား​ဟောပါ!” ဆိုပြီး​ပြော​ခဲ့တယ်။ ဘဲ​န်​နက်​နဲ့​ကျွန်တော်​ဟာ ဘယ်လို​စ​ဟော​ရမလဲ​ဆိုတာ​ကို​မသိ​ဘူး၊ နောက်ပြီး စိတ်​အနှောင့်အယှက်​ဖြစ်တာ​ကို ကျွန်တော်​တို့​မကြိုက်ဘူး။ နောက်ဆုံး ရပ်ကွက်​ကတ်​ကို စာတိုက်ပုံး​ထဲ​ထည့်​ပြီး မစ္စစ္စပီ​ကို ကျွန်တော်​တို့​ပြန်​သွားခဲ့တယ်!

ကျမ်းစာ​အမှန်တရားကို ကျွန်တော်​တို့​ကိုယ်ပိုင်​ဖြစ်စေ​ခြင်း

အိမ်ပြန်​ပြီး​နောက် သက်သေခံတွေရဲ့​စာပေ​တွေ​ကို တစ်နှစ်​နီးပါး​အထိ နေ့တိုင်း ကျွန်တော်​တို့​ဖတ်​ခဲ့တယ်။ အိမ်မှာ​လျှပ်စစ်မီး​မရှိတဲ့​အတွက် ည​ဆိုရင် မီး​လင်း​ဖို​အလင်း​နဲ့ စာဖတ်​ခဲ့​ကြတယ်။ အဲဒီ​အချိန်​က ဇုန်​အမှုထမ်းတွေ​လို့​ခေါ်​တဲ့ နယ်လှည့်​ကြီးကြပ်မှူး​တွေ​ဟာ ယေဟောဝါသက်သေ​တွေ​ရဲ့​အသင်းတော်​တွေ၊ သီးခြား​ဖြစ်နေ​တဲ့​သက်သေခံတွေကို ဝိညာဉ်​ရေး​အရ​အားပေးဖို့ လည်ပတ်​ခဲ့တယ်။ အဲဒီ​အမှုထမ်းတွေ​ထဲ​က တက်​ဒ် က​လိ​န်း​ဟာ ကျွန်တော်​တို့​အသင်းတော်ကို​လည်ပတ်​ခဲ့​ပြီး တစ်အိမ်​မှ​တစ်အိမ်​ဟောပြောခြင်း​လုပ်ငန်းမှာ ဘဲ​န်​နက်​နဲ့​ကျွန်တော့်​ကို လိုက်ပါ​စေပြီး သူနဲ့အတူ ကျွန်တော်​တို့​နှစ်ယောက်စလုံး​ကို တစ်ခါတည်း​ခေါ်သွား​ခဲ့တယ်။ ရှေ့ဆောင်​လုပ်ငန်း​အကြောင်း သူ​ရှင်းပြခဲ့တယ်။

သူနဲ့​ပေါင်းသင်း​ခြင်း​က ဘုရားသခင့်​အမှုတော်ကို ဒီထက်မက​ထမ်းဆောင်​ဖို့ အမှန်တကယ်​ပဲ​စဉ်းစား​စေ​ခဲ့တယ်။ ဒါ​ကြောင့် ၁၉၄၀၊ ဧပြီ ၁၈ ရက်​နေ့မှာ ညီအစ်ကို​က​လိ​န်း​ဟာ ဘဲ​န်​နက်၊ ကျွန်တော်​တို့​ရဲ့​ညီမ​ဗီလ်ဗာ​နဲ့ ကျွန်တော့်​ကို နှစ်ခြင်း​ပေး​ခဲ့တယ်။ ကျွန်တော်​တို့​နှစ်ခြင်း​ခံ​တဲ့​အချိန်​မှာ ကျွန်တော်​တို့​မိဘတွေ​ရှိနေပြီး ကျွန်တော်​တို့​ရဲ့​ဆုံးဖြတ်ချက်​ကြောင့် သူတို့​ဝမ်းသာခဲ့ကြတယ်။ နောက်​နှစ်နှစ်လောက်​မှာ သူတို့လည်း​ပဲ နှစ်ခြင်း​ခံ​ခဲ့တယ်။ သူတို့​နှစ်ယောက်စလုံး သေ​တဲ့​အထိ ဘုရားသခင်​အပေါ် သစ္စာရှိခဲ့​ကြတယ်—အဖေက ၁၉၅၆ ခုနှစ်​မှာ​ဆုံး​ပြီး အမေက ၁၉၇၅ ခုနှစ်​မှာ​သေဆုံး​ခဲ့တယ်။

ရှေ့ဆောင်​လုပ်နိုင်​သလား​လို့ ကျွန်တော့်​ကို ညီအစ်ကို​က​လိ​န်း​က​မေးတဲ့အခါ လုပ်ချင်​ပါ​တယ်၊ ဒါပေမဲ့ ကျွန်တော့်​မှာ ပိုက်ဆံ​မရှိ၊ အဝတ်အစား​မရှိ၊ ဘာမှ​ကို​မရှိဘူးလို့ ကျွန်တော်​ပြော​ခဲ့တယ်။ “ဒါဆိုရင်​ကောင်းပြီ၊ လိုအပ်​တာ​တွေ​ပေး​မယ်” ဆိုပြီး သူ​ပြော​ခဲ့တယ်။ သူ​လုပ်ပေးခဲ့​ပါ​တယ်။ ဦးဆုံး ရှေ့ဆောင်​လျှောက်လွှာ​ပို့ပေး​ခဲ့တယ်။ အဲဒီနောက် မိုင် ၂၀၀ လောက်​ဝေး​တဲ့ န​ယူး​အော်​လီန်​မြို့ကို သူနဲ့အတူ​ကျွန်တော့်​ကို ခေါ်သွား​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ရဲ့​အပေါ်ထပ်​က သပ်ရပ်​လှပတဲ့​အခန်း​အချို့​ကို ပြ​ခဲ့တယ်။ အဲဒီ​အခန်း​တွေ​က ရှေ့ဆောင်​တွေ​အတွက်​ဖြစ်တယ်။ မကြာခင် ကျွန်တော် အဲဒီကို​ပြောင်း​သွားပြီး ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ န​ယူး​အော်​လီန်​မှာ​ရှိတဲ့ သက်သေခံတွေဟာ အဝတ်အစား​တွေ၊ ပိုက်ဆံ၊ အစားအသောက်​တွေ​ပေး​ပြီး ရှေ့ဆောင်​တွေ​ကို​ကူညီပေး​ခဲ့တယ်။ နေ့​အချိန်​မှာ ညီအစ်ကို​တွေ​ဟာ အစားအသောက်​ယူလာ​ပြီး တံခါး​နား​မှာ​ထားခဲ့​တယ်၊ ဒါမှ​မဟုတ်​ရင် ကျွန်တော်​တို့အတွက် ရေခဲ​သေတ္တာ​ထဲမှာ ထည့်​ထား​ပေး​ခဲ့တယ်။ အနီးအနား​ကစား​သောက်​ဆိုင်​ပိုင်ရှင် ညီအစ်ကို​တစ်ယောက်​က အဲဒီ​နေ့မှာ​ကျန်​တဲ့ လတ်​လတ်ဆတ်​ဆ​တ် အသား၊ င​ရုတ်​နဲ့ အ​ဆာ​သွပ်​မုန့်​တွေ​ကို ဆိုင်​ပိတ်​ချိန်မှာ အမြဲတမ်း​လာ​ယူဖို့​ဖိတ်ခေါ်​ခဲ့တယ်။

လူအုပ်​၏​အကြမ်းဖက်မှုကို ရင်ဆိုင်​ခြင်း

နောက်ပိုင်း​တစ်ချိန် မစ္စစ္စပီ၊ ဂျက်​စင်​မှာ ရှေ့ဆောင်​လုပ်ဖို့ တာဝန်ရ​ခဲ့တယ်။ ကျွန်တော့်​ရဲ့​လူငယ်​အဖော်​နဲ့ ကျွန်တော်​ဟာ အဲဒီ​လူအုပ်ရဲ့​အကြမ်းဖက်မှု​အချို့​ကို တွေ့ကြုံ​ခဲ့​ရတယ်၊ လူအုပ်ရဲ့​နောက်ကွယ်​မှာ ဒေသခံ​ဥပဒေ​ထိန်းသိမ်း​စောင့်ရှောက်ရေး​ဆိုင်ရာ ကိုယ်စားလှယ်​တွေ​ရှိ​ပုံ​ရတယ်! ကျွန်တော်​တို့​ရဲ့​နောက်​တာဝန်ကျ​တဲ့​နေရာ မစ္စစ္စပီ၊ ကိုလံဘတ်စ်​မှာလည်း အဲဒီလိုပဲ​ကြုံ​ခဲ့​ရတယ်။ လူမျိုး​မရွေး​အားလုံး​ကို ကျွန်တော်​တို့​ဟောပြောတဲ့​အတွက် လူဖြူ​အချို့​က ကျွန်တော်​တို့ကို မျက်​မုန်း​ကျိုး​ခဲ့တယ်။ လူအများ​က ကျွန်တော်​တို့ကို ပုန်ကန်​ဖို့​လှုံ့ဆော်ပေး​တဲ့​အပြစ်ရှိ​သူ​လို့ ယူဆ​ခဲ့​ကြတယ်။ မျိုးချစ်စိတ်​တက်ကြွ​တဲ့​အဖွဲ့အစည်း​ဖြစ်​တဲ့ အမေရိကန်​စစ်တပ် နောက်​တန်း​တပ်မှူး​က အဲဒီ​ရှုမြင်ချက်​ကို စွဲကိုင်​ခဲ့တယ်။ သူက ကျွန်တော်​တို့ကို​တိုက်ခိုက်​ဖို့ အမျက်ထွက်​နေတဲ့​လူအုပ်​ကို အကြိမ်ကြိမ်​လှုံ့ဆော်ပေး​ခဲ့တယ်။

ကိုလံဘတ်စ်​မှာ ဦးဆုံး​တိုက်ခိုက်​ခံရ​တဲ့​အကြိမ်​က ကျွန်တော်​တို့ လမ်းပေါ်မှာ​မဂ္ဂဇင်း​ဝေငှ​နေတဲ့​အချိန်​ဖြစ်​ပြီး ကျွန်တော်​တို့​နောက်ကို လူအုပ်​တစ်အုပ်​ရောက်လာ​ပါ​တယ်။ ကျွန်တော်​တို့ကို မှန်​ထူ​ချ​ပ်​စ​တိုး​ဆိုင်​ပြတင်းပေါက်​နား​အထိ တွန်း​ဖိ​ခဲ့​ကြတယ်။ ဘာ​ဖြစ်တာ​လဲ​ဆိုပြီး လူအုပ်ကြီး​က ဝိုင်းကြည့်​နေကြ​တယ်။ မကြာ​ပါ​ဘူး၊ ရဲ​ရောက်လာ​ပြီး ကျွန်တော်​တို့ကို တရားရုံး​ခေါ်​သွားတယ်။ သတ်မှတ်​ထား​တဲ့​ရက်မှာ ဒီ​မြို့ကနေ ကျွန်တော်​တို့​ထွက်သွား​မယ်​ဆိုရင် ကျွန်တော်​တို့​ရဲ့​အရေခွံ​နဲ့​အတူ ထွက်သွား​လို့​ရမယ်ဆို​ပြီး တရားရုံး​အထိ ကျွန်တော်​တို့​နောက်က​လိုက်​လာတဲ့ လူအုပ်ကြီး​က အဲဒီမှာ​ရှိတဲ့ အရာရှိ​တွေအားလုံး​ရှေ့မှာ ကြေညာ​ခဲ့​ကြတယ်။ အဲဒီ​နေ့မှာ ကျွန်တော်​တို့​မ​ထွက်သွား​ဘူးဆို​ရင် ကျွန်တော်​တို့​ရဲ့​အရေခွံ​ခွာပစ်​ခံရ​မယ်! ခဏအကြာ မြို့ကနေ​ထွက်သွား​တာ အကောင်းဆုံး​ဖြစ်​မယ်​လို့ ကျွန်တော်​တို့​စဉ်းစား​ခဲ့​ကြတယ်။ ဒါပေမဲ့ အပတ်​အနည်းငယ်​နောက်ပိုင်း​မှာ ကျွန်တော်​တို့​ပြန်လာ​ပြီး ဟောပြောခြင်းကို ပြန်​လုပ်ခဲ့ကြတယ်။

သိပ်​မကြာခင်​မှာပဲ လူ​ရှစ်ယောက်​အုပ်စု​တစ်စု​ဟာ ကျွန်တော်​တို့ကို ရိုက်နှက်​ပြီး သူတို့ရဲ့​ကား​နှစ်​စီး​ပေါ် အတင်း​တက်​ခိုင်းတယ်။ ကျွန်တော်​တို့ကို တောအုပ်​ထဲ​ကို​ခေါ်​သွားတယ်၊ အဝတ်​တွေ​ဆွဲ​ချွတ်​ပြီး ကျွန်တော့်​ခါးပတ်​နဲ့​အချက် ၃၀ စီ​ရိုက်​ခဲ့တယ်! သူတို့ဆီမှာ သေနတ်​တွေ​အပြင် ကြိုးတွေ​လည်း​ရှိတယ်၊ ကျွန်တော်​တို့​ကြောက်လန့်​နေကြ​တယ်​ဆိုတာ​တပ်အပ်ပြော​နိုင်တယ်။ ကျွန်တော်​တို့ကို ကြိုးတုပ်ပြီး မြစ်​ထဲ​ပစ်ချ​မယ်​လို့​ထင်​ခဲ့တယ်။ ကျွန်တော်​တို့​ရဲ့​စာပေ​တွေ​ကို ဆွဲဆုတ်​ပြီး တစ်စစီ​ကြဲ​လိုက်တဲ့​အပြင် ဓာတ်ပြား​စက်​ကို သစ်ငုတ်​တို​ပေါ်မှာ အစိတ်စိတ်အမြွှာမြွှာ​ဖြစ်အောင် ရိုက်ခွဲ​ပစ်လိုက်​တယ်။

ကျွန်တော်​တို့ကို​ရိုက်နှက်​ပြီး​တဲ့​နောက် အဝတ်အစား​ဝတ်​ခိုင်း​ပြီး နောက်လှည့်​မကြည့်​ဘဲ တောအုပ်​ထဲ​ကလူ​သွား​လမ်းအတိုင်း​သွားဖို့ သူတို့​ပြော​ခဲ့တယ်။ လမ်းလျှောက်သွား​နေတုန်း လှည့်ကြည့်​မိရင် ပစ်သတ်​လိမ့်မယ်လို့ ကျွန်တော်​တို့ တကယ်ပဲ​ထင်​ခဲ့​တာ! ဒါပေမဲ့ မိနစ်​အနည်းငယ်​လောက်​မှာ သူတို့​ကားမောင်း​ထွက်သွား​တာ​ကို ကြား​လိုက်ရတယ်။

နောက်​အဖြစ်အပျက်​တစ်ခု​က​တော့ အမျက်ထွက်​နေတဲ့​လူအုပ်ကြီး​က ကျွန်တော်​တို့ကို လိုက်​ဖမ်း​တဲ့​အတွက် ကျွန်တော်​တို့​ရဲ့​အဝတ်အစား​တွေ​ကို လည်ပင်း​မှာ​ပတ်​ပြီး မြစ်ကို​ကူး​ပြီး​ထွက်ပြေး​ခဲ့​ရတယ်။ အဲဒီနောက်​သိပ်​မကြာ​ပါ​ဘူး၊ ပုန်ကန်​ဖို့​လှုံ့ဆော်​ကြတယ်​ဆို​တဲ့​စွပ်စွဲချက်​နဲ့ ကျွန်တော်​တို့​အဖမ်းခံ​ခဲ့​ရတယ်။ အမှု​မ​စစ်​ခင် ထောင်​ထဲမှာ​သုံး​ပတ်​နေခဲ့​ရတယ်။ ဒီ​အဖြစ်အပျက်က ကိုလံဘတ်စ်​မှာ အတော်လေး​ကို ဟို​လေး​တ​ကျော်​ဖြစ်​ခဲ့တယ်။ အနီးအနား​မှာ​ရှိတဲ့ ကောလိပ်​ကျောင်းသား​တွေ တက်ရောက်​နိုင်​ဖို့ အတန်း​ကို​စောစော​လွှတ်​ပေး​ခဲ့တယ်။ အဲဒီ​နေ့​လည်း​ရောက်​ရော တရားရုံး​မှာ လူတွေ​ပြည့်ကျပ်​နေပြီး မတ်တတ်ရပ်​လို့​ရတဲ့​နေရာ​လောက်​ပဲ​ကျန်​တော့​တယ်! အစိုးရ​ဘက်က သက်သေ​ထွက်ဆို​တဲ့​သူတွေထဲမှာ တရားဟော​ဆရာ​နှစ်ဦး၊ မြို့တော်ဝန်​တွေ​နဲ့ ရဲသား​ပါ​တယ်။

သက်သေခံ​ရှေ့နေ ဂျီ. စီ. ကလပ်​ခ်​နဲ့ သူ့ရဲ့​သူငယ်ချင်း​အဖော်​ကို ကျွန်တော်​တို့ကို​ကိုယ်စား​ပြု​ဖို့ စေလွှတ်ခဲ့​တယ်။ အထောက်အထား​မရှိတဲ့​အတွက် ပုန်ကန်​ဖို့​လှုံ့ဆော်မှု​စွဲချက်​ကို ပယ်ဖျယ်​ပေးဖို့ သူတို့​တောင်းဆို​ခဲ့​ကြတယ်။ ညီအစ်ကို​ကလပ်​ခ်​နဲ့​အတူ လုပ်ဆောင်တဲ့​ရှေ့နေ​ဟာ ယေဟောဝါသက်သေ​မဟုတ်ပေမဲ့ ကျွန်တော်​တို့​အကျိုးအတွက် ထက်မြက်​တဲ့​ထွက်ဆိုချက်​တွေ​ပေး​ခဲ့​ပါ​တယ်။ တရားသူကြီး​ကို သူ​ပြောလိုက်​တဲ့​အချက်​တစ်ချက်​မှာ “ယေဟောဝါ​သက်သေတွေကို အရူး​တွေ​ဆိုပြီး လူတွေက​ပြော​ကြတယ်။ ရူးသွပ်​တဲ့​သူတွေ​လား။ သောမတ်စ် အက်​ဒီ​ဆင်​ဟာ အရူး​ပဲ!” လို့​ပြော​ခဲ့တယ်။ အဲဒီနောက် သူက တပ်ထား​တဲ့​မီးကို​ထိုး​ပြပြီး “ဒါပေမဲ့ အဲဒီ​မီးလုံး​ကို​ကြည့်​လိုက်ပါ!” ဆိုပြီး​ပြော​ခဲ့တယ်။ မီးလုံး​တီထွင်​ခဲ့​တဲ့​အက်​ဒီ​ဆင်​ကို တချို့က အရူး​ဆိုပြီး ယူဆကြ​ပေမဲ့ သူ့ရဲ့​အောင်မြင်မှု​ကို ဘယ်သူမှ​စောဒက​မတတ်နိုင်​ခဲ့​ကြဘူး။

သက်သေ​ထွက်ဆိုချက်​ကို ကြားနာ​ပြီး​တဲ့​နောက် ဦးစီး​နယ်လှည့်​တရားရုံး​က​တရားသူကြီး​က “ခင်ဗျား​မှာ ပုန်ကန်​ဖို့​လှုံ့ဆော်​တယ်​ဆို​တဲ့ သက်သေခံ​အထောက်အထား တစ်​စွန်း​တစ်စ​မှ​မရှိဘူး၊ ဒီ​လုပ်ငန်း​ကို​လုပ်ဖို့ သူတို့ဆီမှာ အခွင့်အရေး​ရှိတယ်။ သူတို့ကို ဒီ​တရားရုံး​ထဲ​ပြန်​ခေါ်​မလာ​နဲ့၊ ခင်ဗျား​ဆီ​မှာ သက်သေ​အထောက်အထား​မရှိ​မချင်း တိုင်းပြည်​ရဲ့​အချိန်၊ ငွေ​နဲ့ ကျွန်တော့်​ရဲ့​အချိန်ကို​လည်း မဖြုန်းပါနဲ့!” ဆိုပြီး အမှု​လိုက်​ရှေ့နေ​ကို ကြေညာ​ခဲ့တယ်။ ကျွန်တော်​တို့အတွက် အောင်ပွဲ​ပါ​ပဲ!

ဒါပေမဲ့ ပြီး​တဲ့​နောက်​မှာ တရားသူကြီး​က ကျွန်တော်​တို့ကို သူ့​အခန်း​ထဲ​ခေါ်​သွားတယ်။ တစ်မြို့လုံး​က သူ့ရဲ့​စီရင်ချက်​ကို မကြိုက်ဘူး​ဆိုတာ သူ​သိတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို သူ​ဒီလို​သတိပေး​ခဲ့တယ်– “ကျွန်တော်​ပြော​ခဲ့​တာ​တွေ​က ဥပဒေ​အရ​ဖြစ်တယ်၊ ဒါပေမဲ့ ခင်ဗျား​တို့​နှစ်ယောက်စလုံး​ကို ကျွန်တော်​ကိုယ်တိုင်​အကြံပြု​ချင်​တာ​က– ဒီကနေ​ထွက်သွား​ပါ၊ ဒါမှ​မဟုတ်​ရင် ခင်ဗျား​တို့ကို သူတို့​သတ်​လိမ့်မယ်!” သူပြောတာ​မှန်တယ်​ဆိုတာ ကျွန်တော်​တို့​သိ​တာ​ကြောင့် အဲဒီ​မြို့ကနေ​ထွက်​လာ​ခဲ့​ကြတယ်။

အဲဒီ​ကနေ ကလပ်​ခ်ဗီလီ​နဲ့​တက်​နက်​စီ​တို့​မှာ အထူး​ရှေ့ဆောင်​လုပ်ဆောင်နေ​ကြ​တဲ့ ဘဲ​န်​နက်၊ ဗီလ်ဗာ​တို့​နဲ့ ကျွန်တော်​ပူးပေါင်း​ခဲ့တယ်။ လအနည်းငယ်​ကြာပြီး​တဲ့​နောက် ကျွန်တော်​တို့​ဟာ ကင်​တပ်​ကီး​ပြည်နယ်၊ ပါရီ​မြို့မှာ တာဝန်ကျ​တယ်။ တစ်နှစ်​ခွဲ​နောက်ပိုင်း​မှာ အထူး​ဖိတ်ခေါ်ချက်​တစ်ရပ်​ကို ဘဲ​န်​နက်​နဲ့​ကျွန်တော် လက်ခံရ​ရှိတဲ့​အခါ အဲဒီမှာ အသင်းတော်​ဖြစ်​ခါနီး​နေပြီ။

ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​သို့

ကင်းမျှော်စင်​သမ္မာကျမ်းစာ ဂိလဒ်​ကျောင်း ဒုတိယ​သင်တန်းတက်​ရောက်​ဖို့ ဖိတ်စာ​ကို ကျွန်တော်​တို့​မြင်​တဲ့​အချိန်​မှာ ‘သူတို့​မှားနေပြီ! ရိုး​အ,ပြီး ငယ်ရွယ်​တဲ့​မစ္စစ္စပီ​သား​နှစ်ယောက်ကို သူတို့​ဘာဖြစ်​လို့​ဖိတ်ခေါ်​တာလဲ’ ဆိုပြီး ကျွန်တော်​တို့​စဉ်းစား​ခဲ့​ကြတယ်။ ပညာတတ်​တွေ​ကိုပဲ အလိုရှိတယ်​လို့ ကျွန်တော်​တို့​ထင်​ခဲ့​တာ၊ ဒါပေမဲ့​လည်း ကျွန်တော်​တို့​သွားခဲ့​ကြ​ပါ​တယ်။ သင်တန်းသား ၁၀၀ ရှိပြီး သင်တန်း​ကာလ ငါး​လ​ကြာ​ခဲ့တယ်။ ၁၉၄၄၊ ဇန်နဝါရီ ၃၁ ရက်​နေ့မှာ ကျောင်းဆင်း​ပြီး တိုင်းတစ်ပါး​လယ်ကွင်း​မှာ​အမှုဆောင်ဖို့ ကျွန်တော်​တို့​စိတ်အား​ထက်သန်​ခဲ့​ကြတယ်။ ဒါပေမဲ့ အဲဒီတုန်းက နိုင်ငံ​ကူး​လက်မှတ်​နဲ့ ပြည်​ဝင်ခွင့်​စာရွက်စာတမ်း​ရဖို့ အချိန်​တော်​တော်​ကြာ​တယ်၊ ဒါ​ကြောင့် ကျောင်းသား​တွေ​ဟာ အမေရိကန်​ပြည်ထောင်စု​မှာပဲ ခေတ္တ​ရှေ့ဆောင်​လုပ်ခဲ့ကြတယ်။ အဲ​လာ​ဘာ​မာ​နဲ့​ဂျော်ဂျီယာ​မှာ ခဏ​ရှေ့ဆောင်​လုပ်ပြီးနောက် နောက်ဆုံး ဝက်​စ်​အင်ဒီးစ်၊ ဘာဘေးဒိုးစ်​မှာ ဘဲ​န်​နက်​နဲ့​ကျွန်တော်​တာဝန်ရ​ရှိခဲ့ကြတယ်။

ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ဖြစ်ပွား​နေဆဲ​အချိန်​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​နဲ့​စာပေ​တွေ​ကို ဘာဘေးဒိုးစ်​အပါအဝင် နေရာ​အတော်များများမှာ ပိတ်ပင်​ခံ​ခဲ့​ရတယ်။ အဲဒီ​က​အကောက်​ခွန်​ဌာန​မှာ ကျွန်တော်​တို့​ရဲ့​ဝန်​စ​ည်​စ​လယ်​ကို အရာရှိ​တွေ​က ဖွင့်ပြီး​သေသေချာချာ​စစ်​လိုက်တဲ့အခါ ကျွန်တော်​တို့​ဝှက်ထား​တဲ့​စာပေ​ကို တွေ့​သွားတယ်။ ‘ကျွန်တော်​တို့​တော့​သွားပြီ’ လို့​ထင်​လိုက်တယ်။ အဲဒီအစား အရာရှိ​တစ်ယောက်​က “ခင်ဗျား​တို့​အိတ်​ကို ရှာဖွေ​မိ​တဲ့​အတွက် ဝမ်းနည်း​ပါ​တယ်; ဒီ​စာပေ​တွေ​ထဲ​က​အချို့​ကို ဘာဘေးဒိုးစ်​မှာ ပိတ်ပင်​ထား​တယ်” ဆိုပြီး​ကျွန်တော်​တို့ကို အေးအေးဆေးဆေး​ပြော​ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်​တို့​ထုပ်ပိုး​ထား​တဲ့​စာပေ​အားလုံး​နဲ့ ဝင်ခွင့်​ပြု​လိုက်တယ်! နောက်ပိုင်း​မှာ အစိုးရ​အရာရှိ​တွေ​ကို ကျွန်တော်​တို့​သက်သေခံတဲ့​အခါ စာပေ​တွေ​ကို ဘာဖြစ်​လို့​ပိတ်ပင်​ထား​တာလဲ​ဆိုတာ သူတို့​နားမလည်​ဘူးဆို​ပြီး​ပြော​ခဲ့တယ်။ လ​အတန်ကြာ​ပြီး​တဲ့​နောက် ပိတ်ပင်​မှု​ကို ရုပ်သိမ်း​ခဲ့တယ်။

ဘာဘေးဒိုးစ်​မှာ အမှုဆောင်တာ အောင်မြင်မှု​အတော်များများ​ရရှိခဲ့တယ်။ ကျွန်တော်​တို့​တစ်ယောက်စီ အနည်းဆုံး​ကျမ်းစာ​သင်အံမှု ၁၅ ခု​စီ​ကျင်းပ​ခဲ့​ပြီး သင်သား​အများစုဟာ ဝိညာဉ်​ရေး​မှာ​တိုးတက်​ခဲ့တယ်။ အသင်းတော်​စည်းဝေး​တွေ​ကိုလာ​ကြ​တဲ့​သူ​အချို့​ကို မြင်ရ​တဲ့​အခါ ကျွန်တော်​တို့​ဝမ်းသာ​အားရခဲ့​တယ်။ ဒါပေမဲ့ စာပေ​ကို အချိန်​အတော်ကြာကြာ ပိတ်ပင်​ခဲ့​တဲ့​အတွက်​အဲဒီ​က​ညီအစ်ကို​တွေ​ဟာ စည်းဝေး​တွေ​ကို​ဘယ်လို​ကျင်းပ​ရမယ်ဆိုတာ လောလောဆယ်​နားမလည်​ခဲ့​ဘူး။ ဒါပေမဲ့​လည်း မကြာမီ​မှာ တတ်စွမ်း​နိုင်​တဲ့​ညီအစ်ကို အတော်များများကို ကျွန်တော်​တို့​လေ့ကျင့်ပေး​နိုင်​ခဲ့တယ်။ ကျွန်တော်​တို့​ကူညီပေး​နေတဲ့ သင်သား​အတော်များများ ခရစ်ယာန်​ဓမ္မ​အမှုမှာ အစပြု​လုပ်ဆောင်လာ​တာ​နဲ့ အသင်းတော်​တိုးတက်​တာ​ကို​မြင်ရ​တဲ့​အတွက် ကျွန်တော်​တို့​ကျေနပ်​အားရခဲ့​ကြတယ်။

မိသားစုကို​ကျွေးမွေး​ပြုစု​ခြင်း

ဘာဘေးဒိုးစ်​မှာ ၁၈ လ​လောက်​ကြာပြီးနောက် ကျွန်တော်​ဟာ ခွဲစိတ်​ကုသ​ဖို့​လိုအပ်​လာတဲ့​အတွက် အမေရိကန်​ပြည်ထောင်စု​ကို ပြန်​ခဲ့​ရတယ်။ အဲဒီမှာ​ရှိနေတုန်း ကျွန်တော်​နဲ့​စာ​အဆက်အသွယ်​ရှိခဲ့တဲ့ သက်သေခံ​တစ်ဦး​ဖြစ်​တဲ့ ဒေါ်ရသီ​နဲ့​လက်ထပ်ခဲ့​တယ်။ အဲဒီနောက်​မှာ ဖလော်ရီဒါ​ပြည်နယ်၊ တဲ​လ်​လာ​ဟဲစ်​ဆီ​မှာ ကျွန်တော့်​ဇနီး​နဲ့​အတူ ရှေ့ဆောင်​လုပ်ခဲ့တယ်၊ ဒါပေမဲ့ နောက်​ခြောက်​လမှာ သက်သေခံ​တစ်ယောက်​က ကျွန်တော့်​ကို​အလုပ်​ပေး​တဲ့​နေရာ ကင်​တပ်​ကီး​ပြည်နယ်၊ လူး​အစ်​ဗီလ်​မြို့ကို ပြောင်းရွှေ့​ခဲ့​ကြတယ်။ ကျွန်တော့်​ညီ ဘဲ​န်​နက်​က​တော့ ဘာဘေးဒိုးစ်​မှာ နှစ်ပေါင်း​များစွာ သူ့ရဲ့​လုပ်ငန်း​ကို​လုပ်ဆောင်ခဲ့တယ်။ နောက်တော့ သူလည်းပဲ ခရစ်ယာန်​သာသနာပြု​ချင်း​တစ်ယောက်​နဲ့ လက်ထပ်ခဲ့​ပြီး ကျွန်း​ပေါ်မှာ နယ်လှည့်​လုပ်ငန်း​ကို​လုပ်ဆောင်ခဲ့တယ်။ နောက်ဆုံး​မှာ ကျန်းမာ​ရေး​အခြေအနေ​ကြောင့် အမေရိကန်​ပြည်ထောင်စု​ကို သူတို့​ပြန်လာ​ခဲ့​ကြတယ်။ ဘဲ​န်​နက်​ကွယ်လွန်​သွားတဲ့​အချိန် အသက် ၇၃ နှစ်၊ ၁၉၉၀ ပြည့်နှစ်​အထိ နယ်လှည့်​လုပ်ငန်း​နဲ့ စပိန်​စကားပြော​အသင်းတော်မှာ သူတို့​ဆက်​အမှုဆောင်ခဲ့ကြတယ်။

၁၉၅၀ ပြည့်နှစ်​မှာ ဒဲ​ရာ​လ်​လို့​နာမည်​မှည့်​ခဲ့​တဲ့​သမီးဦး​ကို ဒေါ်ရသီ​မွေး​ပေး​ခဲ့တယ်။ နောက်ဆုံး​မှာ ကလေး​ငါး​ယောက် ကျွန်တော်​တို့​ရခဲ့တယ်။ ဒုတိယ​သားလေး​ဒါး​ရ​စ်ခ်​ဟာ ကျောရိုး​ဦးနှောက်အမြှေးရောင်​ရောဂါ​နဲ့ အသက်​နှစ်နှစ်ခွဲ​မှာ​သေဆုံး​ခဲ့တယ်။ ဒါပေမဲ့ ၁၉၅၆ ခုနှစ်​မှာ လက်​စ်လီ​ကို​မွေး​ခဲ့​ပြီး ၁၉၅၈ ခုနှစ်​မှာ အဲ​ဗ်​ရက်​တ်​ကို​မွေးခဲ့တယ်။ ကလေး​တွေ​ကို ကျမ်းစာ​အမှန်တရား​လမ်းပေါ်မှာ ပြုစု​ပျိုးထောင်​ဖို့ ဒေါ်ရသီ​နဲ့​ကျွန်တော်​ကြိုးစား​ခဲ့တယ်။ အပတ်စဉ်​မိသားစု​ကျမ်းစာ​သင်အံမှု​အစီအစဉ်​လုပ်​ဖြစ်အောင်၊ ကလေး​တွေ​အားလုံး​အတွက် စိတ်ဝင်စားစရာ​ကောင်း​အောင် ကျွန်တော်​တို့​အမြဲတမ်း​ကြိုးစား​ခဲ့​ကြတယ်။ ဒဲ​ရာ​လ်၊ လက်​စ်​နဲ့ အဲ​ဗ်​ရက်​တ်​တို့ ငယ်​သေး​တဲ့​အချိန်​က နောက်​အပတ်​မှာ သုတေသန​လုပ်ပြီး အဖြေ​ပေးဖို့​အတွက် အပတ်​တိုင်း သူတို့ကို​မေးခွန်းတွေ​ထုတ်ခဲ့​တယ်။ ဒီ​အပြင် တစ်အိမ်​မှ​တစ်အိမ်​ဟောပြောခြင်းကို​လည်း သူတို့​သရုပ်ဆောင်​ပြ​ခဲ့​ကြတယ်။ တစ်ယောက်​က အဝတ်ဗီရို​ထဲ​ဝင်​သွားပြီး အိမ်ရှင်​တစ်ယောက်လို သရုပ်ဆောင်​တယ်။ နောက်​တစ်ယောက်​က အပြင်မှာ​ရပ်​ပြီး တံခါး​ခေါက်​တယ်။ တစ်ယောက်​နဲ့​တစ်ယောက် ခြောက်လှန့်​ဖို့ ရ​ယ်​ရွှင်​ဖွယ်​ကောင်း​တဲ့​နည်းနဲ့​ပြော​ခဲ့​ကြ​ပေမဲ့ ဒါဟာ ဟောပြောခြင်း​လုပ်ငန်း​ကို​ချစ်​မြတ်နိုး​လာဖို့ သူတို့ကို​ထောက်ကူ​ပေး​ခဲ့တယ်။ ကျွန်တော်​တို့​လည်း သူတို့နဲ့အတူ မှန်မှန်​ဟောပြောခဲ့​ကြတယ်။

အငယ်ဆုံး​သား​အဲလ်​တန်​ကို ဒေါ်ရသီ​အသက် ၅၀ နီးပါး၊ ကျွန်တော့်​အသက် ၆၀ နီးပါး​ရှိတဲ့ ၁၉၇၃ ခုနှစ်​မှာ မွေးဖွားခဲ့တယ်။ အသင်းတော်က ကျွန်တော်​တို့ကို အာဗြဟံ​နဲ့​စာရာ​လို့​ခေါ်​ကြတယ်! (ကမ္ဘာဦး ၁၇:၁၅-၁၇) အ​ကို​ကြီး​တွေ​က အမှုဆောင်ထွက်​တဲ့​အခါ သူတို့နဲ့အတူ အဲလ်​တန်​ကို​ခေါ်သွား​တတ်တယ်။ အခြားသူ​တွေ​ကို ကျမ်းစာ​အမှန်တရား​ဝေမျှ​ပြီး အတူတကွ​အလုပ်လုပ်​ကြ​တဲ့​မိသားစု​တွေ—ညီအစ်ကို​များနဲ့​ညီအစ်မ​များ၊ မိဘများနဲ့​ကလေး​များ—ကို​မြင်ရ​တဲ့​အခါ လူတွေ​အတွက် တန်ခိုး​ပါ​တဲ့​သက်သေခံချက်​ဖြစ်​ခဲ့တယ်​လို့ ကျွန်တော်​တို့​ခံစား​မိတယ်။ အဲလ်​တန်​ရဲ့​အစ်ကို​တွေ​က သူ့ကို​ပခုံး​ပေါ်​တင်ပြီး သူ့​လက်ထဲမှာ ကျမ်းစာ​ဝေစာ​တစ်စောင်​ပေး​ထား​တယ်။ လူတွေဟာ တံခါးဖွင့်​လိုက်ပြီး အစ်ကိုကြီး​ရဲ့​ပခုံး​ပေါ်​က ချစ်စရာ​ကလေး​ကို တွေ့​လိုက်ရ​တဲ့​အခါ သူတို့​နားထောင်​တတ်​လေ့​ရှိကြတယ်။ စကားစမြည်​ပြော​လို့​ပြီးသွား​တဲ့​အခါ လူတွေကို ဝေစာ​ကမ်းပေး​ပြီး တစ်ခွန်း​စ​နှစ်​ခွန်း​စ​ပြော​ဖို့​အတွက် အစ်ကို​တွေ​က အဲလ်​တန်​ကို​သင်ပေးခဲ့တယ်။ ဒါဟာ သူ​စတင်​ဟောပြောခဲ့တဲ့​ပုံ​ဖြစ်တယ်။

နှစ်တွေ​တစ်လျှောက် အခြားသူ​တွေ ယေဟောဝါ​ကို​သိလာဖို့ ကျွန်တော်​ကူညီပေး​နိုင်​ခဲ့တယ်။ ၁၉၇၀ ပြည့်နှစ်​အကုန်ပိုင်း​မှာ လိုအပ်​နေတဲ့​အသင်းတော်မှာ​အမှုဆောင်ဖို့ လူး​အစ်​ဗီလ်​ကနေ ကင်​တပ်​ကီး​ပြည်နယ်၊ ရှိ​လ်​ဘီး​ဗီလ်​ကို​ပြောင်း​ခဲ့တယ်။ အဲဒီမှာ​ရှိနေတုန်း အသင်းတော်​တိုးတက်​လာတာကို​ပဲ မြင်တွေ့ခဲ့​တာ​မဟုတ်ဘူး၊ မြေကွက်​ရှာပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကိုလည်း ဆောက်လုပ်​ရာ​မှာလည်း ကူညီပေး​ခဲ့တယ်။ နောက်ပိုင်း​မှာ သိပ်​မ​ဝေး​တဲ့​နောက်​အသင်းတော်မှာ အမှုဆောင်ဖို့ ကျွန်တော်​တို့ကို​တောင်းဆို​ခဲ့တယ်။

မိသားစု​ဘဝ​အပြောင်းအလဲ​များ

ကျွန်တော်​တို့​ကလေး​တွေ​အားလုံး ယေဟောဝါ​လမ်းစဉ်​မှာ တည်ရှိ​နေဖို့​ဆန္ဒရှိ​ခဲ့​ပေမဲ့ အဲဒီအတိုင်း​ဖြစ်​မလာ​ခဲ့​ပါ​ဘူး။ သူတို့​ကြီး​လာပြီး အိမ်ကနေ​ထွက်သွား​ပြီး​နောက် အသက်ရှင်​ကျန်ရစ်​ခဲ့​တဲ့ ကလေး​လေးယောက်​ထဲ​က သုံးယောက်ဟာ အမှန်တရား​လမ်းစဉ်​ကို စွန့်ခွာ​ခဲ့​ကြတယ်။ ဒါပေမဲ့ သား​အဲ​ဗ်​ရက်​တ်​ဟာ ကျွန်တော့်​ရဲ့​ပုံသက်သေ​ကို​လိုက်​လျှောက်ခဲ့​ပြီး အချိန်ပြည့်​အမှုဆောင်မှာ​ပါဝင်​ခဲ့တယ်။ သူဟာ နောက်ပိုင်း​မှာ နယူးယောက်​မြို့က ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ အမှုဆောင်ခဲ့​ပြီး ၁၉၈၄ ခုနှစ်​မှာ ၇၇ ကြိမ်​မြောက် ဂိလဒ်​သင်တန်းကို​တက်ရောက်​ဖို့ ဖိတ်ခေါ်​ခံရ​တယ်။ ကျောင်းဆင်း​ပြီး​နောက် သူ​တာဝန်ကျ​တဲ့ အနောက်​အာဖရိက၊ စီ​အဲ​ရာ​လေ​ယွန်​မြို့ကို သွားခဲ့တယ်။ ၁၉၈၈ ခုနှစ်​မှာ ဘယ်လ်ဂျီယံ​က ရှေ့ဆောင်​မာ​ရ်ယန်​နဲ့​လက်ထပ်ခဲ့​တယ်။ အဲဒီ​အချိန်​ကတည်းက သူတို့တွေဟာ သာသနာပြုတွေ​အနေ​နဲ့ အတူတကွ​အမှုဆောင်ခဲ့ကြတယ်။

ဘယ်​မိဘ​မဆို မြင်ယောင်​ကြည့်​နိုင်​သလို အခု​လောလောဆယ် စိတ်​ကျေနပ်မှု​ဖြစ်စေ​ပြီး အနာဂတ်​မှာလည်း မြေကြီး​ပရဒိသု​ပေါ်မှာ​နှစ်လိုဖွယ်​ကောင်း​တဲ့ ထာဝရ​အသက်​မျှော်လင့်ချက်​ကိုင်စွဲ​ထား​တဲ့ အသက်​လမ်းစဉ်​ကို စွန့်ပယ်​သွား​ကြ​တဲ့ ကျွန်တော်​တို့​ကလေး​သုံးယောက်ကို​မြင်တဲ့အခါ ကျွန်တော်​တို့ စိတ်ထိခိုက်​ရ​ပါ​တယ်။ တစ်ခါ​တ​လေ ကိုယ့်​ကိုယ်ကို​အပြစ်တင်​မိတယ်။ ယေဟောဝါ​ဟာ မေတ္တာနဲ့​ရော ကရုဏာ​နဲ့​ပါ​ဆုံးမ​ပြီး တစ်ခါ​မှ​အမှား​မ​လုပ်​ပေမဲ့လည်း ယေဟောဝါ​ရဲ့ . . . ဝိညာဉ်​သား ဒါမှ​မဟုတ် ကောင်းကင်တမန်​အချို့​တောင် ကိုယ်တော်​ရဲ့​အမှုတော်ထမ်း​ဆောင်ခြင်း​ကို ရပ်တန့်​ခဲ့တယ်​ဆိုတာ​ကို​သိရှိ​ရတဲ့​အတွက် ကျွန်တော်​အတွက်​စိတ်သက်သာ​မှု​ရခဲ့တယ်။ (တရားဟောရာ ၃၂:၄; ယောဟန် ၈:၄၄; ဗျာဒိတ် ၁၂:၄၊ ၉) မိဘတွေဟာ ကိုယ့်ရဲ့​သားသမီးတွေကို ယေဟောဝါ​လမ်းစဉ်​အတိုင်း ပြုစု​ပျိုးထောင်​ဖို့ ဘယ်လောက်​ပဲ​ကြိုးစား​ကြိုးစား အချို့​က အမှန်တရားကို​လက်ခံဖို့ ငြင်းပယ်​ကြ​မယ်​ဆို​တဲ့​အချက်​က ကျွန်တော့်​ကို​စွဲမှတ်စေ​ခဲ့တယ်။

လေပြင်း​တိုက်ခံ​ရတဲ့​သစ်ပင်​တစ်ပင်လို​ပဲ ကြုံတွေ့​ရတဲ့​အခက်​ခဲ​ပြဿနာ​အမျိုးမျိုးနဲ့​အညီ အလိုက်အထိုက်​လုပ်ဆောင်ခဲ့ရ​တယ်။ နှစ်တွေ​တစ်လျှောက် ကျမ်းစာ​သင်အံမှု​မှန်မှန်​ပြုလုပ်​တာ၊ စည်းဝေး​မှန်မှန်​တက်ရောက်​တာ​တွေ​က အလိုက်အထိုက်​လုပ်ဆောင်ဖို့​နဲ့ ဝိညာဉ်​ရေး​မှာ​ဆက်​ရှင်သန်​နေဖို့ ခွန်အား​ဖြစ်စေ​တယ်​ဆိုတာ​ကို ကျွန်တော်​သိရှိခဲ့တယ်။ အသက်ကြီး​လာပြီး ဟို​တုန်း​က​မှား​ခဲ့​တဲ့​အမှားတွေကို မြင်လာ​တာ​နဲ့​အမျှ အကောင်းမြင်​သဘောထား​ရှိဖို့​ကြိုးစား​ခဲ့တယ်။ တကယ်တော့ ကျွန်တော်​တို့​ဟာ သစ္စာရှိ​ရှိနေ​ထိုင်​မယ်​ဆိုရင် အဲဒီ​အတွေ့အကြုံ​တွေ​ဟာ ကျွန်တော်​တို့​ရဲ့​ဝိညာဉ်​ရေး​တိုးတက်မှု​ကို ထပ်ဆင့်​လိုက်တာပဲ။ အဲဒီ​ကနေ ကျွန်တော်​တို့​သင်ယူမယ်​ဆိုရင် ဘဝရဲ့​အပျက်သဘော​ပါ​အသွင်အပြင်​တွေ​ကနေ ရေ​ရာ​သေချာ​တဲ့​အပြုသဘော​ပါ​အသွင်အပြင်​ကို ရရှိ​စေနိုင်​ပါ​တယ်။—ယာကုပ် ၁:၂၊ ၃

အခု​ဆိုရင် ဒေါ်ရသီ​နဲ့​ကျွန်တော်​ဟာ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ကျွန်တော်​တို့​လုပ်ချင်တာတွေ​ကို​လုပ်ဖို့ ကျန်းမာ​ရေး​မကောင်း​တော့​ဘူး၊ ခွန်အား​လည်း​မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော်​တို့​ရဲ့​ချစ်​ရတဲ့ ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့​ထောက်ပံ့မှု​အတွက် ကျေးဇူး​တင်​ပါ​တယ်။ စည်းဝေး​တိုင်း​လို​လို​မှာ ကျွန်တော်​တို့​စည်းဝေး​မှာ​ရှိနေတဲ့​အတွက် ညီအစ်ကို​တွေ​က ဘယ်လောက်​အထိ​တန်ဖိုး​ထား​လေးမြတ်တယ်​ဆိုတာ ကျွန်တော်​တို့ကို​ပြောပြ​တယ်။ ဖြစ်​နိုင်​တဲ့​ဘယ်​နည်းနဲ့​မဆို ကျွန်တော်​တို့ကို​ကူညီ​ပေးဖို့ သူတို့​ကိုယ်တိုင်​ရောက်လာ​ကြ​ပြီး အိမ်နဲ့​ကား​ကို​တောင် ပြင်ပေး​ခဲ့တယ်။

တစ်ခါ​တ​လေ ကျွန်တော်​တို့​ဟာ အရန်ရှေ့ဆောင်​လုပ်ငန်းမှာ ပါ​ဝင်နိုင်​ပြီး စိတ်ဝင်စားသူ​တွေ​နဲ့ သင်အံမှု​ကျင်းပ​ကြတယ်။ အာဖရိက​မှာ အမှုဆောင်​နေတဲ့​သား​ဆီကနေ သတင်းရ​ရှိတာ​ဟာ ကျွန်တော်​တို့ကို​အမြဲတမ်း​ပျော်ရွှင်​စေ​တဲ့ အားရ​ကျေနပ်မှု​တစ်ခု​ပါ​ပဲ။ အခု ကျွန်တော်​တို့​နှစ်ယောက်​ပဲ​ရှိပေမဲ့​လည်း ကျွန်တော်​တို့​ရဲ့​မိသားစု​ကျမ်းစာ​သင်အံမှု​ကို လုပ်ဆောင်နေ​ဆဲ​ပါ။ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ နှစ်​အတော်များများ ပါဝင်​ခဲ့​ရလို့ ကျွန်တော်​တို့​ဝမ်းသာ​အားရ​ကြ​ပါ​တယ်။ ‘ကိုယ်တော်​၏​နာမတော်​ကို​ထောက်၍ ကျွန်ုပ်​တို့​ပြုသော​အလုပ်၊ ပြ​သော​မေတ္တာကို မေ့လျော့​တော်’ မူ​မှာ​မဟုတ်ဘူးဆိုတာ ကိုယ်တော်​က ကျွန်တော်​တို့ကို စိတ်ချ​စေပါ​တယ်။—ဟေဗြဲ ၆:၁၀

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၄၀၊ ဧပြီ ၁၈ ရက်​တွင် ဗီလ်ဗာ၊ ဘဲ​န်​နက်​နဲ့ ကျွန်တော့်​ကို တက်​ဒ် က​လိ​န်း​က နှစ်ခြင်း​ပေး​ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၄၀ ပြည့်နှစ်​အစောပိုင်း​နှင့် ၁၉၉၇ ခုနှစ်​က ကျွန်တော့်​ဇနီး​ဒေါ်ရသီ​နှင့်အတူ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဘာဘေးဒိုးစ်​ရှိ မြို့တော်​ဘတ်စကား​ပေါ်​တွင် ကြော်ငြာ​ခဲ့​သော “ငြိမ်းချမ်းရေး​မင်းသား” လူထု​ဟောပြောချက်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ခရစ်ယာန်​သာသနာပြု​အိမ်ရှေ့​တွင် ကျွန်တော့်​ညီ​ဘဲ​န်​နက်