မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ပျက်အားလျော့ခြင်းကို သင်အောင်မြင်ကျော်လွှားနိုင်!

စိတ်ပျက်အားလျော့ခြင်းကို သင်အောင်မြင်ကျော်လွှားနိုင်!

စိတ်ပျက်​အားလျော့ခြင်း​ကို သင်​အောင်မြင်​ကျော်လွှား​နိုင်!

ပညာရှိ​တစ်ဦး​က တစ်ကြိမ်​တွင် ဤသို့​ရေးသားခဲ့​သည်– “သင်သည်​အမှုရောက်​သော​ကာလ​၌ စိတ်ပျက်​လျှင် အားနည်း​၏။” (သု. ၂၄:၁၀) သင်သည် စိတ်ပျက်​အားလျော့​ဖူး​ပါ​က ထို​ဖော်ပြချက်​နှင့် သင်​သဘောတူ​ပေမည်။

စိတ်ပျက်​အားလျော့ခြင်း​၏​အကျိုးဆက်များ​မှ လွတ်ကင်း​သူ​မည်သူမျှ​မရှိပါ။ တော်သင့်ရုံ​စိတ်ပျက်​အားလျော့ခြင်း​သည် တစ်ရက်​နှစ်​ရက်​ကြာပြီးနောက် ငြိမ်ကျ​သွား​နိုင်​သည်။ သို့သော် စိတ်​နာကျင်မှု​များ သို့​မဟုတ် နာကြည်းမှု​တို့​နှင့်​ပတ်သက်သော​အခါ ပြဿနာ​သည် ကြာရှည်​တည်ရှိ​နိုင်​သည်။ နှစ်ပေါင်း​များစွာ​သစ္စာရှိခဲ့​ကြသော အချို့​ခရစ်ယာန်​များသည် အလွန်​စိတ်ဓာတ်ကျ​လာ​ကြ​ရာ အသင်းတော်​အစည်းအဝေး​များ​တက်ရောက်ခြင်း​နှင့် လယ်ကွင်း​ဓမ္မ​အမှု၌​ပါဝင်ခြင်း​တို့ကို​ပင် ရပ်စဲ​ခဲ့​ကြပြီ။

သင်သည် စိတ်ပျက်​အားလျော့​လာ​လျှင် အားယူပါ! အတိတ်​မှ​သစ္စာရှိ​ကျေးကျွန်​များသည် စိတ်ပျက်​အားလျော့ခြင်း​ကို အောင်မြင်စွာ​ကျော်လွှား​ခဲ့​ကြ​ရာ အသင်​လည်း ဘုရားသခင့်​အကူအညီ​ဖြင့် ကျော်လွှား​နိုင်​ပါ​သည်။

အခြားသူများ​က သင့်ကို​စိတ်နာ​ကျင်​စေသော​အခါ

မဆင်မခြင်​ပြော​သော​စကား သို့​မဟုတ် အမှုမဲ့​အမှတ်မဲ့​ပြုသော​လုပ်ရပ်​တိုင်း​မှ လွတ်ကင်း​ဖို့ သင်​မမျှော်လင့်​နိုင်​ပေ။ သို့သော် အခြား​သူတို့၏​မစုံလင်မှု​ကြောင့် ယေဟောဝါ​ထံ သင်၏​အမှုဆောင်ခြင်းကို အနှောင့်အယှက်​ဖြစ်ခွင့်​မပေး​ဘဲ​နေနိုင်​သည်။ တစ်စုံ​တစ်ဦး​က သင့်ကို​စိတ်နာ​ကျင်​စေ​ခဲ့​လျှင် စိတ်ပျက်​အားလျော့​ဖွယ်​အခြေအနေ​တစ်ခု​ကို ရှမွေလ​၏​မိခင်​ဟန္န မည်သို့​ကိုင်တွယ်​ခဲ့​ကြောင်း သုံးသပ်ခြင်းက အကူအညီ​ဖြစ်စေ​သည်ကို သင်​တွေ့ရှိ​ပေမည်။

ဟန္န​သည် ကလေး​အလွန်​လိုချင်​သော်လည်း သူသည် အမြုံ​ဖြစ်သည်။ သူ့​လင်သား​၏​ဒုတိယ​ဇနီး ပေနိန္န​မှာ သားသမီး​များ​ရှိ၏။ ဟန္န​၏​အခြေအနေ​ကို အကင်းပါး​စွာ​သိ​တတ်​မည့်​အစား ပေနိန္န​သည် ပြိုင်ဘက်​တစ်ဦး​အဖြစ်​ရှုမြင်ခဲ့​ပြီး ထို​သဘောထားကို​ပြ​ခဲ့​ရာ ဟန္န​သည် “အစာ​မစားနိုင်၊ ငို​လျက်​နေတတ်​၏။”—၁ ဓမ္မ​ရာဇဝင် ၁:၂၊ ၄-၇

တစ်နေ့​တွင် ဟန္န​သည် ဆုတောင်း​ရန်​တဲ​တော်​သို့​တက်​သွားခဲ့သည်။ သူ့​နှုတ်ခမ်း​လှုပ်​နေသည်​ကို ဣသရေလ​ယဇ်ပုရောဟိတ်မင်း​ဧလိ​မြင်တွေ့ခဲ့​သည်။ ဟန္န​ဆုတောင်း​နေသည်​ကို​မသိဘဲ သူ​အရက်မူး​ခြင်း​ဖြစ်​ရမည်ဟု ဧလိ​ယူမှတ်ခဲ့​၏။ “သင်သည် အဘယ်မျှ​ကာလပတ်လုံး ယစ်​မူး​လိမ့်​မည်​နည်း။ သင်၏​စပျစ်​ရည်​ကို ပယ်​ရှောင်​လော့” ဟု​သူ​ဆို​၏။ (၁ ဓမ္မ​ရာဇဝင် ၁:၁၂-၁၄) ဟန္န​မည်သို့​ခံစား​ခဲ့​ရမည်ကို သင်​မှန်းဆ​ကြည့်​နိုင်​သလော။ အားပေးမှု​ရရှိဖို့ တဲ​တော်​သို့​သူ​လာ​ခဲ့​သည်။ ဣသရေလ​လူမျိုး​တွင် ဩဇာ​အရှိဆုံး​သူများ​ထဲ​မှ​တစ်ဦး၏ မမှန်မကန်​စွပ်စွဲမှု​ကို​ခံရ​ဖို့ သူ​အမှန်ပင်​မျှော်လင့်​ခဲ့​မည်​မဟုတ်​ချေ!

အခြေအနေ​က ဟန္န​ကို​အလွန်​စိတ်ဓာတ်ကျ​စေ​ခဲ့​သည်။ တဲ​တော်​၌​ယဇ်ပုရောဟိတ်မင်း​အဖြစ် ဧလိ​အမှုထမ်း​နေ​သမျှ​ကာလပတ်လုံး ဘယ်​သောအခါ​မျှ​ပြန်​မသွား​တော့​ဟု ကျိန်ဆို​လျက် သူသည် တဲ​တော်​မှ​ချက်ချင်း​ထွက်သွား​နိုင်​ခဲ့​သည်။ သို့သော် ဟန္န​သည် ယေဟောဝါ​နှင့်​သူ၏​ဆက်ဆံ​ရေး​ကို လုံးလုံးလျားလျား​တန်ဖိုး​ထားခဲ့​သည်။ ထို​လမ်းစဉ်​လိုက်ခဲ့​လျှင် ကိုယ်တော်​နှစ်သက်​မည်​မဟုတ်​ကြောင်း သူသိ​ရှိခဲ့​သည်။ တဲ​တော်​မှာ စစ်မှန်သော​ဝတ်ပြုရေး​၏​ဗဟို​ဖြစ်​ခဲ့​သည်။ ယေဟောဝါ​သည် မိမိ၏​နာမတော်​ကို ထို​နေရာ၌​တည်စေ​ခဲ့​သည်။ မစုံလင်သူ​ဖြစ်​လင့်​ကစား ဧလိ​သည် ယေဟောဝါ​ရွေးကောက်​ထားသော​ကိုယ်စားလှယ်​ဖြစ်၏။

ဧလိ​၏​စွပ်စွဲချက်​ကို ဟန္န​၏​ဘုရားတရား​ကြည်ညို​သော​တုံ့ပြန်မှု​သည် မျက်မှောက်ခေတ်​ကျွန်ုပ်​တို့​တွက် ပုံသက်သေ​ကောင်း​တစ်ခု​ဖြစ်သည်။ မိမိ​အား​မှားယွင်းစွာ​စွပ်စွဲ​ခဲ့​ခြင်း​ကို သူ​အခွင့်မပေး​ခဲ့​ချေ၊ သို့သော် အလွန်​လေးစား​သော​နည်းဖြင့် တုံ့ပြန်​ခဲ့​သည်။ သူ​ဤသို့​ပြန်ဖြေ​ခဲ့​သည်– “မဟုတ်ပါ​အရှင်။ ကျွန်မ​သည် စိတ်​ညှိုးငယ်​သော​မိန်းမ​ဖြစ်ပါ​၏။ စပျစ်​ရည်​ကို​မ​သောက်​ပါ၊ သေ​ရည်​သေ​ရက်ကို​မ​သောက်​ပါ၊ ထာဝရ​ဘုရား​ရှေ့တော်၌ စိတ်နှလုံး​ကို​သွန်းလောင်း​လျက်​နေပါ​၏။ ကိုယ်တော်​၏​ကျွန်မ​ကို အဓမ္မ​မိန်းမ​ဟူ၍ မ​မှတ်​ပါ​နှင့်။ မြည်တမ်း​စ​ရာ​အကြောင်း၊ ဝမ်းနည်းစရာ​အကြောင်း​များသည်​ဖြစ်၍၊ ယခု​တိုင်အောင်​လျှောက်​နေပါ​သည်။”—၁ ဓမ္မ​ရာဇဝင် ၁:၁၅၊ ၁၆

ဟန္န​သည်​အချက်​ကျ​ကျ​ပြောဆို​ခဲ့​သလော။ ဧကန်​အမှန်ပင်။ သို့သော် ဧလိ​၏​မှားယွင်းသော​စွပ်စွဲချက်​အတွက် သူ့ကို​အတင့်ရဲ​စွာ​ပြစ်တင်​ဝေဖန်ခြင်း​မပြု​ဘဲ လိမ္မာ​ပါးနပ်​စွာ​ပြောဆို​ခဲ့​သည်။ တစ်ဖန် ဧလိ​သည် ကြင်နာ​စွာ​သူ့ကို ဤသို့​တုံ့ပြန်​ပြောဆို​ခဲ့​သည်– “ငြိမ်​ဝပ်စွာ​သွားလော့။ ယခု​ဆုတောင်း​သည်​အတိုင်း ဣသရေလ​အမျိုး​၏​ဘုရားသခင် ပေးသနား​တော်​မူ​ပါစေ​သော။” ကိစ္စရပ်​ကို​ဖြေရှင်း​ပြီး​သည်​နှင့် ဟန္န​သည် “ခြားနား​သော​မျက်နှာ​နှင့်​သွား​၍ အစာစား​လေ​၏။”—၁ ဓမ္မ​ရာဇဝင် ၁:၁၆-၁၈

ဤ​မှတ်တမ်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​ရရှိ​သနည်း။ ဟန္န​သည် နားလည်​လွဲမှား​မှု​ကို တည့်မတ်​ရန် ချက်ချင်း​လုပ်ဆောင်ခဲ့​သည်၊ သို့သော် အလွန်​ရိုသေ​စွာ​ဖြင့်​ဖြစ်သည်။ ရလဒ်​အနေ​နှင့် သူသည် ယေဟောဝါ၊ ဧလိ​တို့​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ကို ဆက်​ထိန်းသိမ်း​ခဲ့​သည်။ ကောင်းသော​ဆက်သွယ်ရေး​နှင့် အနည်းငယ်​သော​လိမ္မာပါးနပ်မှု​တို့သည် သေးငယ်သော​ပြဿနာ​များ ကြီးထွား​မသွားအောင် ကာကွယ်​ပေး​လေ့​ရှိသည်​တကား!

အခြားသူ​တို့​နှင့် သဘောထား​ကွဲလွဲ​မှုများ​ကို​ဖြေရှင်း​ရာ​တွင် နှစ်ဖက်စလုံး​မှ နှိမ့်ချမှု​နှင့် ပြောင်း​သာ​လွှဲ​သာ​ရှိ​မှု​တို့​လိုအပ်ကြောင်း အသိအမှတ်ပြု​ရမည်။ သဘောထား​ကွဲလွဲ​မှု​ကို​ဖြေရှင်းရန် သင်၏​ကြိုးပမ်းမှု​ကို ယုံကြည်သူချင်း​တစ်ဦး​က တုံ့ပြန်​ဖို့​ပျက်ကွက်​ခဲ့​လျှင် ကိစ္စရပ်​ကို ယေဟောဝါ​၏​လက်တော်​၌​အပ်​ကာ ကိုယ်တော့်​အချိန်​နှင့် ကိုယ်တော့်​နည်းလမ်းတော်​အတိုင်း ကိုင်တွယ်​မည်​ကို ယုံကြည်​စိတ်ချ​နိုင်​သည်။

လုပ်ငန်းတော်​အခွင့်အရေး​တစ်ခု​ကို သင်​ဆုံးရှုံး​ဖူး​သလော

အချို့​က ဘုရားသခင့်​လုပ်ငန်းတော်​၌ မြတ်နိုး​ရသည့်​အခွင့်အရေး​တစ်ခု​ကို လက်လွှတ်​ခဲ့​ရခြင်း​ကြောင့် စိတ်ဓာတ်ကျ​လာ​ကြသည်။ မိမိတို့၏​ညီအစ်ကို​များ​အတွက် လုပ်ဆောင်ပေး​ရခြင်း​ကို သူတို့​ပျော်ရွှင်​ခဲ့​ကြ​ပြီး အခွင့်အရေး​ဆုံးရှုံး​သောအခါ မိမိတို့သည် ယေဟောဝါ သို့​မဟုတ် ကိုယ်တော့်​အဖွဲ့အစည်း​အတွက် အသုံးမကျ​တော့​ဟု ခံစားရ​ကြသည်။ ထိုသို့​သင်​ခံစားရ​လျှင် ယောဟန်​မာကု​ဟူ၍လည်း​ခေါ်ဆို​သော ကျမ်း​ရေးသူ​မာကု​၏​ပုံ​နမူနာကို​သုံးသပ်ခြင်း​အားဖြင့် ထိုးထွင်း​သိမြင်မှု​ရရှိနိုင်​သည်။—တမန်​တော် ၁၂:၁၂

ပေါလု​နှင့် ဗာနဗ​တို့၏ ပထမ​ခရစ်ယာန်​သာသနာပြု​ခရီးစဉ်​တွင် မာကု​သည် သူတို့နှင့်​အတူ​လိုက်ပါ​ခဲ့​သည်၊ သို့သော် ခရီးစဉ်​လမ်းခုလတ်​တွင် သူတို့ကို​ထားခဲ့​ကာ ယေရုရှလင်​မြို့​သို့​ပြန်သွား​ခဲ့​သည်။ (တမန်​တော် ၁၃:၁၃) နောက်ပိုင်း​တွင် ဗာနဗ​သည် အခြား​ခရီးစဉ်​တစ်ခု​၌ မာကု​ကို​မိမိတို့​နှင့်အတူ​ခေါ်သွား​လို​ခဲ့​သည်။ သို့သော် သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ပေါလု​က၊ ပံဖုလိ​ပြည်​၌ သူတို့နှင့်​ခွာ​၍ အမှုထမ်း​ရာ​သို့​မလိုက်​မသွား​သော​ထို​သူကို မ​ခေါ်​သင့်​ဟု​သဘော​ရှိ၏။” ဗာနဗ​က​သဘောမတူ​ပေ။ “ထို​အကြောင်း​နှင့် [ပေါလု​နှင့် ဗာနဗ] အချင်းချင်း​မသင့်​သဖြင့် တခြား​စီ​သွား​၍၊ ဗာနဗ​သည် မာကု​ကို​ခေါ်​ပြီး​လျှင် ကုပရု​ကျွန်း​သို့​လွှင့်​လေ​၏။ . . . ပေါလု . . . သည် သိလ​ကို​ရွေးချယ်​ပြီး​လျှင်​ထွက်” သွား​သည်​ဟု မှတ်တမ်းက​ဆက်​ဖော်ပြ​၏။—တမန်​တော် ၁၅:၃၆-၄၀

ရိုသေ​လေးစား​ရသော တမန်​တော်​ပေါလု​က မိမိ​နှင့်အတူ​မလုပ်ဆောင်​လို​ကြောင်း၊ မိမိ၏​အရည်အချင်း​နှင့်​ပတ်သက်​၍ အငြင်းပွားမှု​က ပေါလု​နှင့်​ဗာနဗ​တို့ကို​စိတ်ဝမ်းကွဲ​စေ​ခဲ့​ကြောင်း သိရှိ​ရခြင်း​ကြောင့် မာကု​သည် ဝမ်းနည်း​ပက်လက်​ဖြစ်​ခဲ့​မည်​မှာ​မလွဲ​ပေ။ သို့သော် ထို​မျှ​နှင့်​ဇာတ်လမ်း​မဆုံး​သေး​ပါ။

ပေါလု​နှင့် သိလ​တို့​မှာ ခရီး​သွား​ဖော်​တစ်ဦး လိုအပ်​ကြ​ဆဲ​ဖြစ်သည်။ လုတ္တရ​မြို့​သို့​သူတို့​ရောက်​သောအခါ မာကု​နေရာကို​အစားထိုး​ဖို့ တိမောသေ​အမည်​ရှိ လူငယ်​တစ်ဦး​ကို သူတို့​တွေ့ရှိ​ခဲ့​ကြသည်။ ယခု တိမောသေ​ရွေးချယ်ခံ​ရချိန်တွင် သူ​နှစ်ခြင်း​ခံ​ပြီး​သည်​မှာ နှစ်နှစ်​သုံးနှစ်​သာ​ရှိ​ပေမည်။ တစ်ဖက်​တွင်​မူ မာကု​သည် ခရစ်ယာန်​အသင်းတော်​နှင့် ပူးပေါင်း​ခဲ့​သည်​မှာ အသင်းတော်​တည်ထောင်​စ​ကတည်းက​ဖြစ်သည်—အမှန်​မှာ ပေါလု​ထက်​ပင်​ပို​၍​ကြာ​ခဲ့ပြီ။ သို့​တိုင် အခွင့်အရေး​အပ်နှင်း​ခံရ​သူ​မှာ တိမောသေ​ဖြစ်သည်။—တမန်​တော် ၁၆:၁-၃

သူ့အစား အသက်​ပို​ငယ်၊ အတွေ့အကြုံ​ပို​၍​နည်း​သူ​တစ်ဦး​ကို အစားထိုး​လိုက်​ကြောင်း သိရ​သောအခါ မာကု​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ သမ္မာကျမ်းစာ​က​မဖော်ပြပါ။ သို့သော် မာကု​သည် ယေဟောဝါ​၏​လုပ်ငန်းတော်​၌ ဆက်၍​တက်ကြွ​စွာ​ပါဝင်​ခဲ့​ကြောင်း​ဖော်ပြ​သည်။ ရနိုင်​သည့်​အခွင့်အရေး​များ​ကို သူ​ရယူခဲ့​သည်။ ပေါလု၊ သိလ​တို့​နှင့်အတူ သူ​အမှု​မထမ်းနိုင်​ခဲ့​သော်လည်း ဗာနဗ​၏​ဇာတိ​နယ်မြေ​ဖြစ်သော ကုပရု​ကျွန်း​သို့ ဗာနဗ​နှင့်အတူ​ခရီးထွက်​နိုင်​ခဲ့​သည်။ ထို့​ပြင် မာကု​သည် ဗာဗုလုန်​မြို့တွင် ပေတရု​နှင့်အတူ​အမှုထမ်းခဲ့​သည်။ အဆုံး​၌ ရောမမြို့​တွင် ပေါလု—နှင့်​တိမောသေ—တို့​နှင့်အတူ လုပ်ဆောင်ခွင့်​ရရှိခဲ့သည်။ (ကောလောသဲ ၁:၁; ၄:၁၀; ၁ ပေတရု ၅:၁၃) နောက်ပိုင်း​တွင် မာကု​သည် ခရစ်ဝင်​ကျမ်း​လေးစောင်​မှ တစ်စောင်​ကို​ရေးသား​ရန် မှုတ်သွင်းခြင်း​ပင်​ခံ​ခဲ့​ရသည်​တကား!

၎င်း​တို့အားလုံး​တွင် အဖိုးတန်​သင်ခန်းစာ​တစ်ခု​ရှိသည်။ မာကု​သည် သူ​လက်လှမ်းမီ​နိုင်​ဆဲ​ရှိသော အခွင့်အရေး​များ​ကို တန်ဖိုး​ထား​ရန်​ပျက်ကွက်​သည်​အထိ လက်လွတ်​ဆုံးရှုံး​သွား​သည့် အခွင့်အရေး​နှင့်​ပတ်သက်​၍ အလွန်​ရတက်မအေး​မဖြစ်ခဲ့​ချေ။ မာကု​သည် ယေဟောဝါ​၏​လုပ်ငန်းတော်​၌ အလုပ်များ​နေခဲ့​ပြီး သူ့ကို​ယေဟောဝါ​ကောင်းချီး​ပေး​ခဲ့​သည်။

ထို့​ကြောင့် အခွင့်အရေး​တစ်ခု​ကို သင်​လက်လွတ်​ဆုံးရှုံး​ခဲ့​လျှင် စိတ်ဓာတ်​မကျ​ပါ​နှင့်။ အပြုသဘောထား​ရှိ​ကာ အလုပ်​များနေ​မည်​ဆိုလျှင် အခြား​အခွင့်အရေး​များ​ကို ရရှိနိုင်​ပေမည်။ သခင်​ဘုရား​၏​အမှုတော်​၌ လုပ်ဆောင်​စ​ရာ​များစွာ​ရှိပါ​သည်။—၁ ကောရိန္သု ၁၅:၅၈

တည်ကြည်သော​ကျေးကျွန်​တစ်ဦး စိတ်ပျက်​အားလျော့​ခဲ့

ယုံကြည်ခြင်း​အတွက် ကြိုးစား​တိုက်လှန်​ရန် မလွယ်ကူ​ချေ။ တစ်ခါတစ်ရံ သင်​စိတ်ပျက်​အားလျော့​လာပေမည်။ ထို့​ပြင် ဘုရားသခင်​၏​တည်ကြည်သော​ကျေးကျွန်​တစ်ဦး​သည် ထို​နည်း​အတိုင်း​မဖြစ်​သင့်​ဟု​ယူမှတ်​ကာ စိတ်ပျက်​အားလျော့​နေခြင်း​နှင့်​ပတ်သက်​၍ အပြစ်ရှိ​သည်​ဟု​ပင်​ခံစား​ရနိုင်​သည်။ ဣသရေလ​နိုင်ငံ​၏ ထင်ရှားသော​ပရောဖက်​တစ်ပါး​ဖြစ်သူ ဧလိယ​၏​အဖြစ်ကို​စဉ်းစား​ကြည့်​ပါ။

ဗာလ​ယဇ်ပုရောဟိတ်​များ​ကို ဧလိယ​သတ်​လိုက်​ကြောင်း တစ်ယူသန်​ဗာလ​ဝတ်ပြုရေးကို​မြှင့်တင်​ပေး​သူ ဣသရေလ​နိုင်ငံ​၏​မိဖုရား​ယေဇဗေလ​သိရှိ​သောအခါ သူ့ကို​သတ်ပစ်ဖို့​ကျိန်ဆို​ခဲ့​သည်။ ဧလိယ​သည် ယေဇဗေလ​ထက် သာ၍​ကြီးမားသော​ရန်သူများ​နှင့် ရင်ဆိုင်ခဲ့​ဖူး​သည်၊ သို့သော် သူသည် ရုတ်တရက် အလွန်​စိတ်ပျက်​အားလျော့​လာပြီး သေ​လို​စိတ်​ပေါ်​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၁၉:၁-၄) မည်သို့​ဖြစ်​နိုင်​သနည်း။ သူ​တစ်စုံတစ်ခု​ကို​မေ့လျော့​ခဲ့ပြီ။

ဧလိယ​သည် မိမိ၏​ခွန်အား​ရင်းမြစ်​အဖြစ် ယေဟောဝါ​ထံ​မျှော်ကိုး​ဖို့ မေ့လျော့​ခဲ့​သည်။ သေ​သူကို​ရှင်ပြန်​စေရန်​နှင့် ဗာလ​ယဇ်ပုရောဟိတ်​များ​အား ရင်ဆိုင်​ရန်​ခွန်အား​ကို ဧလိယ​အား မည်သူ​ပေး​ခဲ့ပြီ​နည်း။ ယေဟောဝါ​ပင်။ သေချာ​ပါ​သည်၊ မိဖုရား​ယေဇဗေလ​၏ အမျက်​ဒေါသကို​ရင်ဆိုင်ဖို့​ခွန်အား​ကို ယေဟောဝါ​ပေး​နိုင်​ပါ​သည်။—၃ ဓမ္မ​ရာဇဝင် ၁၇:၁၇-၂၄; ၁၈:၂၁-၄၀; ၂ ကောရိန္သု ၄:၇

မည်သူ​မဆို ယေဟောဝါ​၌​ယုံကြည်​ကိုးစားခြင်း​တွင် ခေတ္တ​ခဏ ယိမ်းယိုင်​သွား​နိုင်​သည်။ တစ်ခါတစ်ရံ သင်သည် ဧလိယ​ကဲ့သို့ ပြဿနာ​တစ်ခု​ကို​ဖြေရှင်းရန် “အထက်​မှ​သက်ရောက်​သော​ပညာ” ကို​အသုံးပြု​မည့်​အစား လူ့​အမြင်​ဖြင့်​ရှုမြင်​နိုင်​သည်။ (ယာကုပ် ၃:၁၇) သို့ရာတွင် ယေဟောဝါ​သည် ခေတ္တ​သတိလစ်​ဟင်း​ခြင်း​အတွက် ဧလိယ​ကို​မစွန့်ပစ်​ခဲ့​ချေ။

ဧလိယ​သည် ဗေရရှေဘ​မြို့​သို့၊ ထို့နောက် သူ့ကို​အဘယ်သူမျှ​မ​တွေ့​နိုင်​ဟု သူ​ယူမှတ်​သည့်​တော​ထဲ​သို့ ထွက်ပြေး​ခဲ့​သည်။ သို့သော် ယေဟောဝါ​သူ့ကို​ရှာတွေ့ခဲ့​၏။ သူ့ကို​နှစ်သိမ့်​ရန် ကောင်းကင်တမန်​တစ်ပါး​ကို ကိုယ်တော်​စေလွှတ်ခဲ့​သည်။ ကောင်းကင်တမန်​သည် ဧလိယ​စားဖို့ လတ်​လတ်ဆတ်​ဆ​တ် ဖုတ်​ထားသော​မုန့်​နှင့် သောက်​ဖို့​လန်းဆန်း​စေသော​ရေ​ကို အသေအချာ​စီစဉ်​ပေး​ခဲ့​သည်။ ဧလိယ​အနားယူ​ပြီး​နောက် ကောင်းကင်တမန်​သည် မိုင် ၂၀၀ နီးပါး​ဝေး​သော ဟော​ရပ်​တောင်​သို့​သွား​ရန် သူ့ကို​ညွှန်ကြား​ခဲ့​သည်၊ ထို​တွင် ယေဟောဝါ​၏​ထပ်ဆင့်​ခွန်​အားပေးမှုကို သူ​ရရှိ​မည်​ဖြစ်သည်။—၃ ဓမ္မ​ရာဇဝင် ၁၉:၅-၈

ဟော​ရပ်​တောင်​တွင် ဧလိယ​သည် ယုံကြည်ခြင်းကို​ခိုင်ခံ့​စေသော ယေဟောဝါ​၏​တန်ခိုးတော်​ပြကွက်​တစ်ခု​ကို ကိုယ်တိုင်​မြင်တွေ့ခဲ့​သည်။ ထို့နောက် သူ​တစ်ဦးတည်း​မဟုတ်​ကြောင်း ဖြည်းညင်း​သော​အသံ​ဖြင့် သူ့ကို ယေဟောဝါ​စိတ်ချ​စေ​ခဲ့​သည်။ ယေဟောဝါ​သူနှင့်​အတူ​ရှိပြီး ဧလိယ​မသိ​ရှိသော်လည်း သူ့​ညီအစ်ကို ၇,၀၀၀ လည်း​သူနှင့်​အတူ​ရှိခဲ့​သည်။ နောက်ဆုံး​တွင် သူ​လုပ်ဆောင်ရန်​အလုပ်ကို ယေဟောဝါ​ပေးအပ်​ခဲ့​သည်။ မိမိ၏​ပရောဖက်​အဖြစ်​မှ ဧလိယ​ကို​ကိုယ်တော်​မ​ပစ်ပယ်​ခဲ့​ချေ။—၃ ဓမ္မ​ရာဇဝင် ၁၉:၁၁-၁၈

အကူအညီ​ရနိုင်

တစ်ခါတစ်ရံ တော်သင့်ရုံ​စိတ်ပျက်​အားလျော့ခြင်း​ကို သင်​ကြုံတွေ့​ရ​လျှင် ပို​၍​အနားယူခြင်း သို့​မဟုတ် အာဟာရ​ဖြစ်စေ​သော​အစာ စားသုံး​မည်​ဆိုပါ​က သက်သာ​သည်ကို​တွေ့ရှိ​ရ​ပေမည်။ အိပ်ရေးဝဝ​အိပ်​ပြီး​နောက်​တွင် ကြီးမားသော​ပြဿနာ​များသည် အတော်ပင်​သေးငယ်​သွား​သည်​ဟု​ထင်​ရလေ့​ရှိကြောင်း ၁၉၇၇ တွင် သူ​ကွယ်လွန်​ချိန်​အထိ ယေဟောဝါသက်သေ​များ​၏ အုပ်ချုပ်ရေးအဖွဲ့ဝင်​တစ်ဦး​အဖြစ်​အမှုထမ်းခဲ့​သူ နေသန် အိပ်ခ်ျ. နောရ်​က တစ်ကြိမ်​တွင် သတိပြုမိ​ခဲ့​သည်။ သို့သော် ပြဿနာ​ကြာရှည်​တည်ရှိ​သောအခါ ယင်း​ကုစား​နည်းဖြင့်​မလုံလောက်​နိုင်​ပါ—စိတ်ပျက်​အားလျော့ခြင်း​ကို သင်​တိုက်လှန်​ဖို့ အကူအညီ​လိုအပ်​မည်။

ယေဟောဝါ​သည် ဧလိယ​ကို​ခွန်အား​ပေးဖို့ ကောင်းကင်တမန်​တစ်ပါး​ကို စေလွှတ်ခဲ့​သည်။ ယနေ့ ဘုရားသခင်​သည် အကြီးအကဲ​များနှင့် အခြား​ရင့်ကျက်သော​ခရစ်ယာန်​များ​မှ​တစ်ဆင့် အားပေးမှုကို ပြင်ဆင်​ပေး​သည်။ အကြီးအကဲ​များသည် အမှန်ပင် “လေ​လုံ၍​မိုးသက်မုန်တိုင်း​ကွယ်ရာ​အရပ်​ကဲ့သို့” ဖြစ်​နိုင်​သည်။ (ဟေရှာယ ၃၂:၁၊ ၂) သို့သော် သူတို့​ထံ​မှ​အားပေးမှု​ရရှိရန် သင်​အစပြု​လုပ်ဆောင်ဖို့​လို​ပေမည်။ ဧလိယ​သည် စိတ်ပျက်​အားလျော့​ခဲ့​သော်လည်း ယေဟောဝါ​ထံ​မှ​ညွှန်ကြားချက်​ရရှိဖို့ ဟော​ရပ်​တောင်​သို့​သွားခဲ့သည်။ ခွန်အား​ရှိစေ​သော​ညွှန်ကြားချက်​များ​ကို ခရစ်ယာန်​အသင်းတော်​မှ​တစ်ဆင့် ကျွန်ုပ်​တို့​ရရှိ​ကြသည်။

အကူအညီ​ရယူ​ပြီး စိတ်နာ​ကျင်​ခြင်း သို့​မဟုတ် အခွင့်အရေး​များ​လက်လွှတ်​ဆုံးရှုံး​ခြင်း​စ​သည့် စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့​ရဲရဲဝံ့ဝံ့​ရင်ဆိုင်​သောအခါ အရေးကြီးသော​ကိစ္စ​တစ်ရပ်​တွင် ယေဟောဝါ​ဘက်​မှ​ရပ်တည်​ကြသည်။ အဘယ်​ကိစ္စ​နည်း။ စာတန်​က လူသားများ​သည် ကိုယ်ကျိုး​အတွက်သာ ယေဟောဝါ​အား​ဝတ်ပြု​ကြသည်​ဟု အခိုင်အမာ​ဆို​ခဲ့​သည်။ ကျွန်ုပ်​တို့​ဘဝတွင် အရာ​ရာ​အဆင်ပြေ​သောအခါ ဘုရားသခင်​အား​ဝတ်ပြု​ကြ​မည်​ကို စာတန်​မငြင်း​ပါ၊ သို့သော် ကျွန်ုပ်​တို့သည် ပြဿနာ​များ​ကြုံတွေ့​ရသောအခါ ဘုရားသခင်​အား​ဝတ်ပြုခြင်း​ကို ရပ်တန့်​သွား​မည်​ဟု သူ​အခိုင်အမာ​ဆို​သည်။ (ယောဘ​အခန်းကြီး ၁ နှင့် ၂) စိတ်ပျက်​အားလျော့​သည့်​ကြား​မှ ယေဟောဝါ​၏​လုပ်ငန်းတော်​ကို မယိမ်းမယိုင်​ဆက်၍ ထမ်းဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် စာတန်​၏​သွားပုပ်လေလွင့်​စွပ်စွဲချက်​ကို​ဖြေဆို​ရန် ထောက်ကူ​နိုင်​ကြသည်။—သု. ၂၇:၁၁

ဟန္န၊ မာကု​နှင့် ဧလိယ​တို့အားလုံး သူတို့၏​ပျော်ရွှင်မှု​ကို ခေတ္တလုယူ​သွားသော ပြဿနာ​များ​ရှိခဲ့​ကြသည်။ သို့သော် သူတို့၏​ပြဿနာ​များ​ကို အောင်မြင်​ကျော်လွှား​ခဲ့​ကြ​ပြီး အကျိုး​ဖြစ်ထွန်း​စေသော​ဘဝ​များ​ဖြစ်စေ​ခဲ့​ကြသည်။ အသင်​လည်း ယေဟောဝါ​၏​အကူအညီ​ဖြင့် စိတ်ပျက်​အားလျော့ခြင်း​ကို အောင်မြင်​ကျော်လွှား​နိုင်​ပါ​သည်!