မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်မှန်ပြုလုပ်ရောင်းချသူ မျိုးစေ့တစ်ခုကြဲ

မျက်မှန်ပြုလုပ်ရောင်းချသူ မျိုးစေ့တစ်ခုကြဲ

မျက်မှန်​ပြုလုပ်​ရောင်းချ​သူ မျိုးစေ့​တစ်ခု​ကြဲ

မိုင်​ပေါင်း ၁,၂၀၀ ခန့်​ကွာဝေး​ကာ နိုင်ငံ​အတော်များများ​ခြား​သော အစ္စရေး​နိုင်ငံ၊ ဟို​င်ဖာ​မြို့ရှိ ယေဟောဝါသက်သေ​များ​၏ ရုရှား​ဘာသာ​စကားပြော​အသင်းတော် ဖွဲ့စည်း​တည်ထောင်ခြင်း​နှင့် ယူကရိန်း​နိုင်ငံ၊ လ​ဗီဖ်​မြို့မှ မျက်မှန်​ပြုလုပ်​ရောင်းချ​သူ၏ ကြိုးစား​အားထုတ်မှု​များ မည်သို့​ဆက်နွှယ်​သနည်း။ ယင်းသည် ဒေ. ၁၁:၆ ပါ​ကျမ်းစာ​၏​ဤ​ဖော်ပြချက် ခိုင်လုံ​ခြေမြစ်မှု​ကို ထင်ရှားပြ​သော အဖြစ်အပျက်​တစ်ခု​ဖြစ်သည်– “နံနက်​အချိန်၌ မျိုးစေ့ကို​ကြဲ​လော့။ ည​ဦး​အချိန်၌​လည်း မ​ကြဲ​ဘဲ​မနေ​နှင့်။ အကြောင်း​မူ​ကား အဘယ်အရာ​သည် အကျိုးရှိ​မည်​ကိုလည်း​ကောင်း . . . မသိနိုင်။”

ကျွန်ုပ်​တို့၏​ဇာတ်လမ်း​မှာ ဂျူး​နောက်ခံ​ရှိသူ ငယ်ရွယ်​သည့်​အမျိုးသမီး​အဲလ်​လာ​သည် လ​ဗီဖ်​မြို့တွင်​နေထိုင်​စဉ် ၁၉၉၀ ပြည့်နှစ်​တွင် စတင်​လေ​သည်။ အဲလ်​လာ​နှင့် သူ၏​မိသားစု​သည် အစ္စရေး​နိုင်ငံ​သို့​သွားရောက်​နေထိုင်ရန် ပြင်ဆင်​လျက်​ရှိကြသည်။ သူတို့​မထွက်ခွာမီ​အချိန်​လေး​တွင် အဲလ်​လာ​သည် ယေဟောဝါသက်သေ​ဖြစ်သူ မျက်မှန်​ပြုလုပ်​ရောင်းချ​သူနှင့် တွေ့ဆုံ​ခဲ့​သည်။ ထို​အချိန်၌ ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း​ကို ယူကရိန်း​တွင် ပိတ်ပင်​ထား​သည်။ သို့​ဖြစ်စေ​ကာ​မူ မျက်မှန်​ပြုလုပ်​ရောင်းချ​သူသည် အဲလ်​လာ​အား မိမိ၏​ကျမ်းစာ​အခြေပြု​ယုံကြည်ချက်များ​ကို အစပြု​ပြောဆို​ခဲ့​သည်။ ဘုရားသခင်​တွင် ကိုယ်ပိုင်​နာမရှိ​သည်​ဟု ပြောပြ​ခြင်း​ဖြင့် သူ့ကို​အံ့အားသင့်​စေ​ခဲ့​၏။ ယင်းက အဲလ်​လာ​၏​သိလိုစိတ်​ကို နှိုးဆွ​ပေး​ပြီး ကျမ်းစာ​ဆွေးနွေးမှု​ကောင်း​ကို ဖြစ်ပေါ်​စေ​ခဲ့​သည်။

အဲလ်​လာ​သည် ဆွေးနွေးခန်း​ကို အလွန်​နှစ်သက်​အားရ​ကာ လာ​မည့်​အပတ်​နှင့် ယင်း​နောက်​အပတ်​တို့​တွင်​လည်း ထိုသို့​ပြုလုပ်​ရန် တောင်းဆို​ခဲ့​သည်။ သူ၏​စိတ်ဝင်စားမှု ကြီးထွား​လာ​သော်လည်း အခက်အခဲ​တစ်ခု​ရှိခဲ့​သည်။ မိသားစု​လိုက် အစ္စရေး​သို့​ထွက်ခွာ​ရမည့်​အချိန် လျင်မြန်​စွာ​နီးကပ်​လာ​ခြင်း​ဖြစ်သည်။ အဲလ်​လာ​တွင် သင်ယူစရာ​များစွာ​ရှိနေဆဲ​ပင်! ကျန်ရှိ​သော​အချိန်​မှ အကျိုး​အများဆုံး​ရရှိရန် သူ,မ​ထွက်ခွာ​မချင်း ကျမ်းစာ​သင်အံမှု​နေ့စဉ်​ပြုလုပ်​ပေး​ရန် တောင်းဆို​ခဲ့​၏။ အဲလ်​လာ​သည် အစ္စရေး​သို့ ဦးဆုံးရောက်​ခဲ့​ချိန်​၌ သူ၏​လေ့လာမှု​ကို​ပြန်​မ​လုပ်​ဖြစ်သော်လည်း အမှန်တရား​မျိုးစေ့​သည် သူ၏​နှလုံး​တွင် အမြစ်စွဲ​ခဲ့​ချေ​ပြီ။ နှစ်​အကုန်ပိုင်း​ရောက်​သော် သူသည် သမ္မာကျမ်းစာ​ကို စိတ်အား​ထက်သန်​စွာ တစ်ဖန်​လေ့လာ​ခဲ့​၏။

ပါ​ရှန်​ပင်လယ်ကွေ့​တွင် စစ်​ဖြစ်ပွား​ခဲ့​ပြီး အစ္စရေး​သည် အီရတ်​၏​ဒုံးကျည်​ဖြင့်​တိုက်ခိုက်​ခံ​ခဲ့​ရသည်။ ယင်းသည် မကြာခဏ စကား​ဖောင်ဖွဲ့​ပြောဆို​စ​ရာ​ဖြစ်​ခဲ့​၏။ တစ်နေ့ ကုန်​ပ​ဒေ​သာ​ဆိုင်​တစ်ဆိုင်​တွင် အဲလ်​လာ​သည် တိုင်းတစ်ပါး​မှ​လာရောက်​နေထိုင်​သော ရုရှား​စကားပြော​မိသားစု​အသစ်​၏​စကားသံ​ကို အမှတ်မထင်​ကြား​လိုက်​သည်။ အဲလ်​လာ​သည် မိမိ​ဘာသာ ကျမ်းစာ​လေ့လာ​နေ​သော်လည်း ထို​မိသားစု​အနား ချဉ်းကပ်​ကာ ကျမ်းစာ​၏​ကတိပြု​ချက်​ဖြစ်သော ငြိမ်းချမ်း​သော​ကမ္ဘာ​အကြောင်းကို သူတို့အား ပြောပြ​ခဲ့​သည်။ ရလဒ်​ကား အဘွား​ဂါ​လီ​နာ; မိခင်​နာ​တာ​ရှ​အာ; သား​ဖြစ်သူ ဆာ​ရှာ (အေ​ရီ​အဲလ်); သမီး​ဖြစ်သူ အီး​လား​နာ​တို့အားလုံး​သည် အဲလ်​လာ​၏​ကျမ်းစာ​လေ့လာမှု​၌ ပါဝင်​ခဲ့​ကြသည်။

ဆာ​ရှာ​သည် စုံစမ်း​နှောင့်ယှက်မှု​များ​ကြား​မှ နှစ်ခြင်း​ခံသည့်​အဆင့်​ထိရောက်​လာသော မိသားစု​မှ​ပထမဦးဆုံး​ဖြစ်သည်။ သူသည် လူ​ရည်​ချွန်​ကျောင်းသား​တစ်ဦး​ဖြစ်သော်လည်း ကျောင်း​သင်ရိုးညွှန်းတမ်း​တွင်​ပါ​သော အခြေခံ​စစ်​ပညာ​သင်တန်း​တွင်​ပါဝင်​ရန် သူ၏​ခရစ်ယာန်​ကိုယ်ကို​ကိုယ်​သိသောစိတ်​က ခွင့်​မပြု​သောကြောင့် ကျောင်း​ထုတ်​ခံရ​၏။ (ဟေရှာယ ၂:၂-၄) ဆာ​ရှာ​၏​အမှုသည် ဂျေရုဆလင်​မြို့ရှိ အစ္စရေး​အထက်​တရားရုံး​သို့​ရောက်​ခဲ့​ပြီး ကျောင်း​သင်ရိုး​ပြီးဆုံး​နိုင်​ရေး​အတွက် ဆာ​ရှာ​ကို​ကျောင်း​ပြန်​တက်​ရန်​ဟူသော ချီးမွမ်းဖွယ်​ကောင်း​သည့် အမိန့်​ကို​ထုတ်ပြန်ခဲ့​သည်။ ထို​အဖြစ်အပျက်​သည် တစ်နိုင်ငံ​လုံး​အနှံ့အပြား ကျော်ကြား​ခဲ့​သည်။ အကျိုးဆက်​အနေ​နှင့် အစ္စရေး​လူအများသည် ယေဟောဝါသက်သေ​များ​၏​ယုံကြည်ချက်များ​ကို သိရှိ​လာ​ခဲ့​ကြသည်။ *

အထက်တန်း​ကျောင်း​အောင်​ပြီး​နောက် ဆာ​ရှာ​သည် ယေဟောဝါသက်သေ​များ​၏ အချိန်ပြည့်​အမှုဆောင်​တွင် ပါဝင်​ခဲ့​သည်။ ယနေ့ သူသည် အထူး​ရှေ့ဆောင်​အနေ​နှင့်​လည်းကောင်း၊ အသင်းတော်​အကြီးအကဲ​အနေ​နှင့်​လည်းကောင်း အမှုဆောင်​လျက်​ရှိသည်။ သူ၏​ညီမ​အီး​လား​နာ​သည် သူနှင့်​အတူ အချိန်ပြည့်​အမှုဆောင်​တွင်​ပါဝင်​ခဲ့​သည်။ သူတို့၏​မိခင်​နှင့် အဘွား​တို့သည်​လည်း နှစ်ခြင်း​ခံ​ပြီး​သော​သက်သေခံ​များ​ဖြစ်​ကြသည်။ မျက်မှန်​ပြုလုပ်​ရောင်းချ​သူ​ကြဲ​လိုက်​သော မျိုးစေ့​သည် အသီးများ​သီးပွင့်​လျက်​ရှိနေဆဲ​ပင်!

ထို​အတောအတွင်း အဲလ်​လာ​သည် ဝိညာဉ်ရေးတွင်​ဆက်လက်​တိုးတက်​လျက်​ရှိပြီး မကြာမီ တစ်အိမ်​မှ​တစ်အိမ်​ဟောပြောခဲ့​သည်။ အဲလ်​လာ​၏​ဦးဆုံး​အိမ်​၌ ယူကရိန်း​မှ မကြာသေးမီ​က ရောက်လာ​သော ဖ​အီး​နာ​နှင့်​တွေ့ဆုံ​ခဲ့​၏။ ဖ​အီး​နာ​သည် စိတ်ကျ​ဝေဒနာ​ခံစား​နေ​သူ​ဖြစ်သည်။ ဖ​အီး​နာ​၏​တံခါး​ကို​မ​ခေါက်​မီ​လေး​တွင် စိတ်​ဆင်းရဲ​နေသော​အမျိုးသမီး​က “ကိုယ်တော်​ဘယ်သူလဲ​ဆိုတာ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကျွန်မ​ရဲ့​ဆုတောင်းချက်​ကို​နားညောင်း​မယ်​ဆိုရင် ကျွန်မ​ကို​ကူညီပေး​ပါ” ဟု​ဆုတောင်း​ခဲ့​ကြောင်းကို နောက်ပိုင်း​မှ​အဲလ်​လာ​သိရှိ​ခဲ့​သည်။ သူနှင့်​အဲလ်​လာ​သည် အားတက်စေ​သော​ဆွေးနွေးပွဲ​ကို ပြုလုပ်​ခဲ့​ကြသည်။ ဖ​အီး​နာ​သည် မေးခွန်း​များစွာ​မေးခဲ့​ပြီး အဲလ်​လာ​ပေး​ခဲ့​သော အဖြေ​များ​ကို သေချာ​စွာ​စဉ်းစား​သုံးသပ်​ခဲ့​သည်။ အချိန်တန်သော် ယေဟောဝါသက်သေ​များသည် ကျမ်းစာ​မှ​အမှန်တရားကို သွန်သင်ပေး​ကြ​ကြောင်း သူ​ယုံကြည်​စိတ်ချ​လာ​ခဲ့​သည်။ သူသည် အသင်းတော်​နှင့်​ဟောပြောခြင်း​လုပ်ငန်း​တွင် အချိန်ပို​သုံးနိုင်​ရန်​အတွက် တက္ကသိုလ်​ပညာ​သင်ကြားမှု​အစီအစဉ်ကို ပြုပြင်​ပြောင်းလဲ​ခဲ့​သည်။ ၁၉၉၄၊ မေလ​တွင် ဖ​အီး​နာ​သည် နှစ်ခြင်း​ခံ​ခဲ့​၏။ သူသည်​လည်း ရှေ့ဆောင်​လုပ်ငန်း​တွင် ပါဝင်​ကာ ကွန်ပျူတာ​လုပ်ငန်း​တွင် အချိန်ပိုင်း​အလုပ်​လုပ်ခြင်း​ဖြင့် မိမိကိုယ်ကို​ထောက်ပံ့​သည်။

၁၉၉၄၊ နိုဝင်ဘာ​လ​တွင် အဲလ်​လာ​သည် ရှေ့ဆောင်​လုပ်ငန်း​တွင်​ပါဝင်​နေစဉ် ရုတ်တရက် အလွန်​အားနည်း​သည်​ဟု ခံစား​ခဲ့​သည်။ သူသည် ဆေးရုံ​သို့​သွား​၍ စမ်းသပ်​ရာ အူ​သိ​မ်​အနာခွက်​တွင် သွေး​ယို​နေသည်​ဟု​သိရှိ​ရသည်။ ညနေပိုင်း​တွင် အဲလ်​လာ​၏​ဟီ​မို​ဂ​လို​ဗင်​အရေအတွက်​သည် ၇.၂ သို့​လျော့​သွား​သည်။ ဒေသခံ​ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ (ဆ​ဆ​က) ၏​သဘာပတိ​ဖြစ်သူ အဲလ်​လာ​၏​အသင်းတော်​မှ အကြီးအကဲ​တစ်ဦး​သည် သွေး​အသုံးပြုရန်​မလို​သည့် ဆေး​ဘက်​ဆိုင်ရာ​လုပ်ထုံး​လုပ်​နည်း​များနှင့်​ပတ်သက်သော သတင်း​အချက်အလက်​ကို ဆရာဝန်​များ​အားပေးခဲ့​သည်။ * ခွဲစိတ်​ကုသမှု​ကို သွေးမသွင်း​ဘဲ အောင်မြင်စွာ​ပြု​လုပ်ခဲ့​ပြီး အဲလ်​လာ​သည် လုံးဝ​ကျန်းမာ​ရေး​ပြန်ကောင်း​လာ​ခဲ့​သည်။—တမန်​တော် ၁၅:၂၈၊ ၂၉

ဂျာမန်​ပြည်​ဖွား ဂျူး​ဖြစ်သူ အဲလ်​လာ​၏​သားဖွား​မီးယပ်​ပါရဂူ ကားလ်​သည် အလွန်​စိတ်စွဲ​မှတ်​ခဲ့​သည်။ ထို​အခါ မီးလောင်​တိုက်​သွင်း​ခြင်း​မှ​လွတ်မြောက်​လာသော သူ၏​မိဘများသည် ချွေး​တပ်​စခန်း​တွင် ယေဟောဝါသက်သေ​များ​ကို​သိရှိ​ခဲ့​သည်ကို သူ​ပြန်​အမှတ်ရမိ​သည်။ ကားလ်​သည် မေးခွန်း​များစွာ​မေးခဲ့သည်။ ကားလ်​သည် မိမိ၏​ဆေး​ကုသ​ခြင်း​နှင့် အလွန်​အလုပ်​များနေ​သော်လည်း ကျမ်းစာ​သင်အံမှု​မှန်မှန်​ပြုလုပ်​ရန် အချိန်​ယူ​ခဲ့​သည်။ နောက်​နှစ်​တွင် သူသည် ပတ်စဉ်​ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ခဲ့​သည်။

မျက်မှန်​ပြုလုပ်​ရောင်းချ​သူ၏​မျိုးစေ့ကြဲ​လိုက်ခြင်း​မှ ရလဒ်​ကား​အဘယ်နည်း။ ဆာ​ရှာ​နှင့်​သူ၏​မိသားစု​အဖြစ်အပျက်​ကို ကျွန်ုပ်​တို့​သိရှိ​ခဲ့ပြီ​ဖြစ်သည်။ အဲလ်​လာ​မူ​ကား အထူး​ရှေ့ဆောင်​တစ်ဦး​ဖြစ်သည်။ သူ၏​သမီး​အီး​နာ​သည် အထက်တန်း​ကျောင်း​အောင်​ပြီး​နောက် ရှေ့ဆောင်​တစ်ဦး​အဖြစ် သူ၏​ကိုယ်ပိုင်​အလုပ်ကို လုပ်ကိုင်​လျက်​ရှိသည်။ ဖ​အီး​နာ​သည်လည်း အထူး​ရှေ့ဆောင်​အဖြစ် အမှုဆောင်​လျက်​ရှိသည်။ အဲလ်​လာ​၏​သားဖွား​မီးယပ်​ပါရဂူ ကားလ်​မူ​ကား ယခု နှစ်ခြင်း​ခံ​ပြီး​သော​သက်သေခံ​ဖြစ်သည့်​အပြင် ခရစ်ယာန်​ဓမ္မ​အမှုထမ်း​တစ်ဦး​လည်း​ဖြစ်သည်၊ သူ၏​လူနာများ​နှင့်​အခြား​သူများကို ကျမ်းစာ​အမှန်တရား​၏​ကုသ​နိုင်စွမ်း​ကို ပြောပြ​လျက်​ရှိသည်။

ဟို​င်ဖာ​ဟေဗြဲ​အသင်းတော်​၏​တစ်စိတ်​တစ်ပိုင်း​အဖြစ်​စတင်​ခဲ့​သော ရုရှား​စကားပြော​တိုင်းတစ်ပါး​မှ​ဝင်ရောက်​လာ​သူ အုပ်စုငယ်​လေး​သည် ယခု​အခါ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၁၂၀ ကျော်​ဖြင့် စိတ်အား​ထက်သန်​သော ရုရှား​အသင်းတော်​တစ်ခု ဖြစ်လာ​ခဲ့​ချေ​ပြီ။ ဤ​တိုးတက်မှု​သည် လ​ဗီဖ်​မြို့မှ မျက်မှန်​ပြုလုပ်​ရောင်းချ​သူ​တစ်ဦး​က မျိုးစေ့ကြဲ​ရန် အခွင့်ကောင်း​ရှာယူ​ခဲ့​ခြင်း​ကြောင့်​ပင်!

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ထပ်ဆင့်​အသေးစိတ်​အချက်အလက်​များ​အတွက် ၁၉၉၄၊ နိုဝင်ဘာ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၂-၁၅ [လိပ်] ကို​ရှု။

^ အပိုဒ်၊ 9 ဆ​ဆ​က​သည် ကမ္ဘာ​အနှံ့​ရှိ​ယေဟောဝါသက်သေ​များ​ကို ကိုယ်စား​ပြု​၍ လူနာ​နှင့်​ဆေးရုံ​အမှုထမ်းများ​အကြား ဆက်သွယ်မှု​ကို ကူညီပေး​သည်။ ထို့​ပြင် သူတို့သည် နောက်ဆုံး​တွေ့ရှိ​သည့် ဆေး​သုတေသန​ပြု​မှု​အပေါ်​အခြေပြု​သော အခြား​ဆေး​ကုသ​နည်း​နှင့်​ပတ်သက်​သည့် အချက်အလက်​ကိုလည်း​ပေး​ကြသည်။

[စာမျက်နှာ ၂၉ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ယူကရိန်း

အစ္စရေး

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

အဲလ်​လာ​နှင့် သူ၏​သမီး အီး​နာ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဟို​င်ဖာ​မှ ပျော်ရွှင်​နေကြ​သော ရုရှား​စကားပြော​သက်သေခံ​အုပ်စု။ လက်ဝဲ​မှ​လက်ယာ​သို့– ဆာ​ရှာ၊ အီး​လား​နာ၊ နာ​တာ​ရှ​အာ၊ ဂါ​လီ​နာ၊ ဖ​အီး​နာ၊ အဲလ်​လာ၊ အီး​နာ​နှင့် ကားလ်