မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် သင့်ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်နေထိုင်သလော

သင်သည် သင့်ဆက်ကပ်အပ်နှံမှုနှင့်အညီ အသက်ရှင်နေထိုင်သလော

သင်သည် သင့်​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​နေထိုင်​သလော

“လူ​၏​အမှုကို​သာ​ဆောင်ရွက်​သကဲ့သို့​မဟုတ်။ သခင်​ဘုရား​၏​အမှုတော်ကို​ဆောင်ရွက်​သကဲ့သို့၊ ပြု​လေ​သမျှ​တို့​၌ စေတနာ​စိတ်​နှင့်​ပြု​ကြလော့။”—ကောလောသဲ ၃:၂၃

၁။ လောက​သုံးနှုန်း​သော​စကားစပ်​တွင် “ဆက်ကပ်​အပ်နှံမှု” ဟူသော​စကားလုံး​က အဘယ်အရာကို​ဖော်ပြ​သနည်း။

အားကစားသမား​များသည် မိမိတို့၏​အထွတ်အထိပ်​စွမ်းဆောင်မှု​သို့ မည်သို့​ရောက်လာ​ကြ​သနည်း။ တင်းနစ်၊ ဘောလုံးပွဲ၊ ဘတ်စကက်ဘော၊ ဘေ့စ်ဘော၊ အပြေး​ပြိုင်ပွဲ၊ ဂေါက်သီး သို့​မဟုတ် အခြား​အားကစား​တို့​တွင် အတော်ဆုံး​ဖြစ်လာ​ရခြင်း​မှာ မယိမ်းမယိုင်​မြှုပ်နှံခြင်း​အားဖြင့်​သာ ဖြစ်သည်။ ကာယရေး​နှင့် စိတ်ဓာတ်​ရေး အခြေအနေ​ကောင်း​ဖို့ ဦးစားပေး​ဂရုစိုက်​ရသည်။ ယင်းက “ဆက်ကပ်​အပ်နှံမှု” ဟူ​သည့် စကားလုံး​၏ အနက်ဖွင့်ဆို​ချက်​များ​မှ​တစ်ခု​ဖြစ်သော “တစ်စုံတစ်ခု​သော​အတွေးအခေါ်​လမ်းစဉ် သို့​မဟုတ် လုပ်ငန်း​၌ လုံးလုံးလျားလျား​အပ်နှံ​သည်” နှင့်​လွန်​စွာ​ကိုက်ညီ​ပါ​သည်။

၂။ သမ္မာ​ကျမ်းစာ​ပါ “ဆက်ကပ်​အပ်နှံမှု” ကား အဘယ်အရာကို​ဆိုလို​သနည်း။ သရုပ်ဖော်​ပါ။

သို့သော် သမ္မာကျမ်းစာ​အဓိပ္ပာယ်​ဖွင့်ဆိုချက်​အရ “ဆက်ကပ်​အပ်နှံမှု” ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ “ဆက်ကပ်​အပ်နှံ” ကို “သီးခြားနေ​သည်; သီးသန့်​ခွဲထွက်​သည်; ဆုတ်ခွာ​သည်” ဟု​အဓိပ္ပာယ်​ရှိသော ဟေဗြဲ​စကားလုံး​တစ်လုံး​မှ ဘာသာပြန်​ဆို​ခြင်း​ဖြစ်သည်။ * ရှေး​ဣသရေလ​အချိန်တွင် ယဇ်ပုရောဟိတ်မင်း အာရုန်​သည် ရွှေ​စင်​နှင့်​ပြုလုပ်​ထား​သည့် “သန့်ရှင်းခြင်း​ကို ယေဟောဝါ​ပိုင်တော်မူ​သည်” ဟူ၍ ဟေဗြဲ​စကားလုံး​ဖြင့် အက္ခရာ​တင်ထားသော “ဆက်ကပ်​အပ်နှံမှု​ဆိုင်ရာ သန့်ရှင်း​သည့်​အမှတ်လက္ခဏာ” ကို သူ၏​ခေါင်း​ပေါင်း​၌ တပ်ဆင်​ထား​သည်။ ယင်းက ယဇ်ပုရောဟိတ်မင်း​အနေ​ဖြင့် သန့်ရှင်း​ရာ​ဌာနတော်​ကို ရှုတ်ချ​သည့်​အရာ​မှန်သမျှ ရှောင်ရှား​ရမည်​ဖြစ်​ကြောင်း သူ့​အား သတိပေး​သော​အရာတစ်ခု​အဖြစ် လုပ်ဆောင်​သည်၊ “အကြောင်း​မူ​ကား မိမိ​ဘုရားသခင်​၏​ဘိသိက်ဆီ​နှင့်​ဆိုင်သော ဆက်ကပ်​အပ်နှံမှု​ဆိုင်ရာ အမှတ်လက္ခဏာ​သည် သူ့​အပေါ်​၌​ရှိ [ခဲ့] ၏။”—ထွက်မြောက်ရာ ၂၉:၆က​ဘ; ၃၉:၃၀၊ က​ဘ; ဝတ်ပြုရာ ၂၁:၁၂က​ဘ။

၃။ ဆက်ကပ်​အပ်နှံမှု​က ကျွန်ုပ်​တို့၏​အမူအကျင့်​အပေါ် မည်သို့​အကျိုး​သက်ရောက်​သင့်​သနည်း။

ဤ​စကားစပ်​တွင် ဆက်ကပ်​အပ်နှံမှု​သည် အလေးအနက်​ထား​ရသော​ကိစ္စ​တစ်ရပ်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သိမြင်​နိုင်​သည်။ ယင်း​တွင် ဘုရားသခင်​၏​ကျေးကျွန်​တစ်ဦး​အဖြစ် စိတ်လို​ကိုယ်​လျောက်​ဖော်ပြခြင်း​နှင့် ၎င်း​က​တောင်းဆို​သည့် သန့်ရှင်းသော​အမူအကျင့်​ပါဝင်​၏။ ထို့​ကြောင့် တမန်​တော်​ပေတရု​က ယေဟောဝါ​မိန့်တော်မူ​သည့်​အတိုင်း ဤသို့​အဘယ်ကြောင့်​ကိုးကား​ခဲ့​ကြောင်း ကျွန်ုပ်​တို့​နားလည်​နိုင်​ပါ​သည်– “ငါသည်​သန့်ရှင်း​တော်​မူ​သောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်း​ရှိကြလော့။” (၁ ပေတရု ၁:၁၅၊ ၁၆) ဆက်ကပ်​အပ်နှံ​ထားသော ခရစ်ယာန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အဆုံး​ထိ​သစ္စာရှိ​ရှိနေ​ထိုင်​ရန်​ဟူသော ကြီး​လေး​သည့်​တာဝန်​တစ်ခု​ကို ထမ်းဆောင်​ကြ​ရသည်။ သို့သော် ခရစ်ယာန်​ဆက်ကပ်​အပ်နှံခြင်း​တွင် အဘယ်အရာ ပါဝင်​ပတ်သက်​သနည်း။—ဝတ်ပြုရာ ၁၉:၂; မဿဲ ၂၄:၁၃

၄။ ဆက်ကပ်​အပ်နှံမှု​ခြေလှမ်း​ကို ကျွန်ုပ်​တို့ မည်သို့​မီ​ကြ​သနည်း၊ ယင်းကို အဘယ်အရာ​နှင့် နှိုင်းယှဉ်​နိုင်​သနည်း။

ယေဟောဝါ​ဘုရားသခင်​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ၊ ယေရှု​ခရစ်​နှင့် ယင်း​၏​ရည်ရွယ်တော်မူချက်​များ​တွင် ကိုယ်တော့်​အခန်းကဏ္ဍ​ဆိုင်ရာ တိကျ​မှန်ကန်သော​အသိပညာကို ကျွန်ုပ်​တို့​ရရှိကြ​ပြီး​နောက် ကျွန်ုပ်​တို့သည် မိမိတို့၏ စိတ်နှလုံး၊ စိုးလ်​ရှိသမျှ​နှင့် ခွန်အား​ရှိသမျှ​ဖြင့် ဘုရားသခင်​ကို​ဝတ်ပြု​ကိုးကွယ်​ရန် ကျွန်ုပ်​တို့​ကိုယ်တိုင်​ဆုံးဖြတ်ချက်​ချ​ခဲ့​ကြသည်။ (မာကု ၈:၃၄; ၁၂:၃၀; ယောဟန် ၁၇:၃) ယင်းကို တစ်ဦးချင်း​စီ​၏​အဓိဋ္ဌာန်​တစ်ရပ်၊ ဘုရားသခင်​ထံ လုံးလုံးလျားလျား ဆက်ကပ်​အပ်နှံမှု​တစ်ရပ်​အဖြစ်ပင် ယူမှတ်​ကြသည်။ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​မှာ စိတ်​လှုပ်ရှားမှု​ဆိုင်ရာ စိတ်​အပြောင်းအလဲ​တစ်ရပ်​ကြောင့် မဟုတ်​ချေ။ ယင်းက ဆင်ခြင်​နိုင်စွမ်း​ကို​အသုံးပြုပြီး ဂရုတစိုက်​ဆုတောင်း၍ အသေအချာ​စဉ်းစား​ခဲ့​ရသည်။ သို့​ဖြစ်၍ ယင်းသည် ယာယီ​ဆုံးဖြတ်ချက်​တစ်ရပ်​မဟုတ်​ချေ။ ယာ​ခင်း​တစ်ခု​တွင် ထွန်ယက်​စိုက်​ပျိုး​ရန်စ​တင်ပြီး​မှ ယင်းသည် အလွန်​ပင်ပန်း​သောကြောင့် သို့​မဟုတ် သီးနှံ​ရိတ်သိမ်း​ချိန်မှာ အလှမ်း​ကွာဝေး​လွန်း​သောကြောင့် သို့​မဟုတ် မသေချာ​သောကြောင့် တစ်ဝက်​တစ်​ပျက်​ဖြင့် လက်လျှော့​လိုက်သူ​တစ်ဦး​နှင့် ကျွန်ုပ်​တို့​မတူညီ​နိုင်​ပါ။ အခက်အခဲ​အတားအဆီး​မျိုးစုံ​ကြား​မှ သီအိုကရက်တစ်​တာဝန်​ဆိုင်ရာ “ထွန်ကိုင်း​ကို​ကိုင်​လျက်” ရှိခဲ့​ကြသော အချို့​သူတို့၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။—လုကာ ၉:၆၂; ရောမ ၁၂:၁၊ ၂

မိမိတို့၏​ဆက်ကပ်​အပ်နှံမှု​ကို မစွန့်​ခဲ့​ကြ

၅။ ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ထား​သည့် ကျေးကျွန်​တစ်ဦး​ဖြစ်သော ယေရမိ​၏​ထူးခြားသည့်​ပုံသက်သေ​ကား မည်သို့​ဖြစ်​ခဲ့​သနည်း။

ယေရုရှလင်​မြို့၌ ယေရမိ​၏​ပရောဖက်ပြုချက်​ဆိုင်ရာ အမှုဆောင်​လုပ်ငန်းမှာ အနှစ် ၄၀ ကျော် (ဘီ.စီ.အီး. ၆၄၇-၆၀၇) သက်တမ်းကြာ​ခဲ့​ပြီး ယင်းသည် လွယ်ကူ​သော​တာဝန်​မဟုတ်​ချေ။ မိမိ၏​အကန့်အသတ်​ဖြစ်မှု​များ​ကို သူ​သတိပြုမိ​ခဲ့​သည်။ (ယေရမိ ၁:၁၆) သူသည် ခေါင်းမာ​သည့်​ယုဒ​လူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း​ရင်ဆိုင်​ရန် သတ္တိ​နှင့် ခံနိုင်ရည်​လိုအပ်​ခဲ့​၏။ (ယေရမိ ၁၈:၁၈; ၃၈:၄-၆) သို့သော် ယေရမိ​သည် ဘုရားသခင်​၏​ဆက်ကပ်​အပ်နှံ​ထားသော စစ်မှန်​သည့်​ကျေးကျွန်​တစ်ဦး​ဖြစ်​ကြောင်း သက်သေပြ​ခြင်း​ငှာ သူ့ကို​ခွန်အား​ပေး​တော်​မူ​သော ယေဟောဝါ​ဘုရားသခင်​အား ယုံကြည်​ကိုးစား​ခဲ့​သည်။—ယေရမိ ၁:၁၈၊ ၁၉

၆။ တမန်​တော်​ယောဟန်​သည် ကျွန်ုပ်​တို့အတွက် အဘယ်​ပုံ​နမူနာကို​ထားခဲ့​သနည်း။

“ဘုရားသခင့်​အကြောင်းကို​ပြော​ခြင်း၊ ယေရှု​အကြောင်း​သက်သေခံခြင်း” ကြောင့် အသက်အရွယ်​အိုမင်း​ချိန်​၌ ဖော်ရွေမှု​မရှိသော​ပတ်မုကျွန်း​သို့ ပြည်နှင်ဒဏ်​ခံ​ခဲ့​ရသည့် သစ္စာ​ရှိသော တမန်​တော်​ယောဟန်​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ (ဗျာဒိတ် ၁:၉က​ဘ) သူသည် နှစ်ပေါင်း ၆၀ ခန့် ခရစ်ယာန်​တစ်ဦး​အဖြစ် မိမိ၏​ဆက်ကပ်​အပ်နှံခြင်း​အနေအထား​၌ ခံရပ်​တည်ကြည်​ခဲ့​ပြီး ၎င်းနှင့်​အညီ နေထိုင်​ပြုမူ​ခဲ့​သည်။ ရောမ​စစ်တပ်​များ​၏​လက်ထဲ​၌ ယေရုရှလင်​မြို့​ပျက်စီး​ပြီး​သည့်​နောက်ပိုင်း​အချိန်​ထိ သူ​အသက်ရှင်ခဲ့​သည်။ သူသည် ခရစ်ဝင်​ကျမ်း​တစ်စောင်၊ မှုတ်သွင်းခံစာ​သုံး​စောင်​နှင့် အာမဂေဒုန်​စစ်ပွဲ​ကို တင်ကြို​မြင်တွေ့ခဲ့​သည့် ဗျာဒိတ်ကျမ်း​စောင်​ကို ရေးသား​ခွင့်​ရရှိခဲ့သည်။ မိမိ၏​အသက်တာတွင် အာမဂေဒုန်​လာ​ဦး​မည်​မဟုတ်​ကြောင်း သူသိ​လာသော​အခါ သူ​စွန့်ခွာ​ခဲ့​သလော။ စိတ်မပါ​ခြင်း​၌ သူ​ခြေ​ကုန်​လက်ပန်းကျ​ခဲ့​သလော။ မကျ​ပါ၊ “ကာလ​အချိန်​ရောက်လု​နီးပြီ​ဖြစ်” သော်လည်း သူ၏​တင်ကြို​မြင်ရ​ချက်​ပြည့်စုံမှု​မှာ နောက်ပိုင်း​အချိန်​တစ်ချိန်​အတွက်​ဖြစ်​ကြောင်း သိရှိ​ကာ ယောဟန်​သည် သေ​သည့်​အထိ​သစ္စာရှိခဲ့​၏။—ဗျာဒိတ် ၁:၃; ဒံယေလ ၁၂:၄

ဆက်ကပ်​အပ်နှံခြင်း​ဆိုင်ရာ မျက်မှောက်ခေတ် ပုံ​နမူနာ​များ

၇။ ညီအစ်ကို​တစ်ဦး​သည် ခရစ်ယာန်​ဆက်ကပ်​အပ်နှံမှု​တွင် ပုံသက်သေ​ကောင်း​တစ်ရပ် မည်သို့​ဖြစ်​ခဲ့​သနည်း။

မျက်မှောက်ခေတ်တွင် ထောင်နှင့်ချီ​သော​သစ္စာရှိ​ခရစ်ယာန်​တို့သည် အာမဂေဒုန်​ကို မျက်မြင်​ကိုယ်တွေ့ ကပ်​မ​ကျော်​ကြ​လင့်​ကစား မိမိတို့၏​ဆက်ကပ်​အပ်နှံခြင်း​၌ ဇွဲရှိ​စွာ​မြဲ​ခဲ့​ကြ​၏။ ထို​သူ​ထဲ​မှ​တစ်ဦး​မှာ အင်္ဂလန်​နိုင်ငံ​မှ အ​န့်စ် အီး. ဘီ​ဗာ​ဖြစ်သည်။ ၁၉၃၉၊ ဒုတိယ​ကမ္ဘာ​စစ်​စတင်ချိန်​၌ သက်သေခံ​တစ်ဦး​ဖြစ်လာ​ခဲ့​ပြီး အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုကို​လုပ်ဆောင်ရန် အောင်မြင်​လျက်​ရှိသော ပုံနှိပ်​ဓာတ်​ပုံ​လုပ်ငန်း​ကို စွန့်လွှတ်​ခဲ့​သည်။ သူသည် မိမိ၏​ခရစ်ယာန်​ကြားနေ​မှု​ကို ထိန်းထား​ခဲ့​ခြင်း​ကြောင့် နှစ်နှစ်​တာ​ထောင်​ထဲ​ဝင်​ခဲ့​ရသည်။ သူ့​မိသားစု​သည် သူ့​ဘက်​မှ​ရပ်တည်ခဲ့ကြပြီး ၁၉၅၀ တွင် သူ၏​သားသမီး​သုံးယောက်​သည် နယူးယောက်​မြို့ရှိ၊ ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း သာသနာပြု​သင်တန်းကို တက်ရောက်​ခဲ့​ကြသည်။ ညီအစ်ကို ဘီ​ဗာ​သည် မိမိ၏​ဟောပြောခြင်း​လုပ်ငန်း​တွင် အလွန်​ဇွဲရှိ​သဖြင့် မိတ်ဆွေများ​က သူ့ကို အာမဂေဒုန်​အား​နီ​ဟု​ခေါ်​ခဲ့​ကြသည်။ မိမိ၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ သစ္စာရှိ​ရှိနေ​ထိုင်​ခဲ့​ပြီး ၁၉၈၆ ခုနှစ်၊ သူ​သေဆုံး​သွား​ချိန်​ထိ ဖြစ်​အံ့​လု​ဆဲ​ဆဲ ဘုရားသခင်​၏​အာမဂေဒုန်​စစ်ပွဲ​ကို ဟောပြောခဲ့​သည်။ မိမိ၏​ဆက်ကပ်​အပ်နှံခြင်း​ကို ဘုရားသခင်​နှင့်​ချုပ်ဆို​သော အချိန်​ကန့်​ထား​သည့်​စာချုပ်​အဖြစ် မ​ရှုမြင်ခဲ့​ချေ! *၁ ကောရိန္သု ၁၅:၅၈

၈၊ ၉။ (က) ဖ​ရန်ကို​အစိုးရ​အုပ်ချုပ်​စဉ် စပိန်​နိုင်ငံ​တွင် လူငယ်များစွာသည် မည်သည့်​ပုံသက်သေ ပြ​ခဲ့​ကြ​သနည်း။ (ခ) မည်သည့်​မေးခွန်းများ​မှာ သင့်လျော်​သနည်း။

မဆုတ်မနစ်​ဇွဲရှိ​သည့် နောက်​ပုံ​နမူနာ​မှာ စပိန်​နိုင်ငံ​မှ​ဖြစ်သည်။ ဖ​ရန်ကို​အစိုးရ (၁၉၃၉-၇၅) အုပ်ချုပ်​စဉ်​ကာလ​အတွင်း ဆက်ကပ်​အပ်နှံ​ထားသော ရာ​နှင့်​ချီ​သည့်​သက်သေခံ​များသည် ခရစ်ယာန်​ကြားနေ​မှု​အဖြစ် ရပ်တည်ခဲ့​ကြသည်။ သူတို့​ထဲ​မှ အများစုမှာ ဆယ်နှစ် သို့​မဟုတ် ထို​ထက်မက စစ်ဘက်​အကျဉ်းထောင်​များ​တွင် အချိန်ကုန်​ခဲ့​ကြသည်။ သက်သေခံ​တစ်ဦး​ဖြစ်သော ကာ​စ္စစ် မာတင်​သည် ထောင်​ထဲ​တွင် ပြစ်ဒဏ်​စုစုပေါင်း​အတွက် ၂၂ နှစ်​ပင်​ကျ​ခဲ့​သည်။ မြောက်​အာဖရိက​ရှိ စစ်ဘက်​အကျဉ်းထောင်​တစ်ခု​၌​ကျနေ​စဉ် သူသည် ပြင်းထန်​စွာ​ရိုက်နှက်​ခံ​ခဲ့​ရ၏။ အ​လျ​ဉ်း​မလွယ်ကူ​ခဲ့​ပါ၊ သို့သော် သူသည် အလျော့ပေးလိုက်လျော​ဖို့ ငြင်းဆန်​ခဲ့​သည်။

ဤ​လူငယ်တို့​သည် လွတ်လမ်း​မမြင်​မိ​သလော​က်​ဖြစ်​ကြသည်၊ အကြောင်း​မှာ သူတို့သည် ပြစ်ဒဏ်ချ​မှတ်ချက်များ​ကို တစ်ခု​ပြီး​တစ်ခု​ကျ​ခံရန် စီရင်ချက်​ချထား​ခြင်း​ကြောင့်​ဖြစ်သည်။ သို့​တိုင် သူတို့သည် ဆက်​သစ္စာရှိခဲ့​ကြ​ပြီး အကျဉ်း​ကျနေ​စဉ် ခရစ်ယာန်​ဓမ္မ​အမှု​အတွက် မိမိတို့၏​ဇွဲ​ကို ဆက်​ထိန်းထား​ခဲ့​ကြသည်။ နောက်ဆုံး​၌ ၁၉၇၃ တွင် အခြေအနေ​စ၍​တိုးတက်လာ​ရာ ထို​သက်သေခံ​များစွာ​သည် သူတို့၏​အသက် ၃၀ ကျော်​၌ အကျဉ်းထောင်​မှ​လွတ်မြောက်​ခဲ့​ကြ​ပြီး အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှု​ထဲ​သို့ တိုက်ရိုက်​ဝင်ရောက်​ခဲ့​ကြ​ကာ အချို့​သူတို့မှာ အထူး​ရှေ့ဆောင်​များနှင့် နယ်လှည့်​ကြီးကြပ်မှူး​များ​ဖြစ်လာ​ကြသည်။ သူတို့သည် အကျဉ်းထောင်​ထဲ​တွင် မိမိတို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ နေထိုင်ခဲ့​ကြ​ပြီး အများစုမှာ လွတ်မြောက်​လာကြပြီး​နောက်​တွင် ထိုသို့​ဆက်​ပြုလုပ်​ခဲ့​ကြသည်။ * ယနေ့ ကျွန်ုပ်​တို့​ကော အသို့နည်း။ ဤ​သစ္စာစောင့်​သူများ​ကဲ့သို့ ကျွန်ုပ်​တို့သည် မိမိတို့၏​ဆက်ကပ်​အပ်နှံမှု​အပေါ် သစ္စာစောင့်သိ​ကြ​မည်​လော။—ဟေဗြဲ ၁၀:၃၂-၃၄; ၁၃:၃

ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​ဆိုင်ရာ လျောက်ပတ်​သော​အမြင်

၁၀။ (က) ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​ကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သင့်​သနည်း။ (ခ) ကိုယ်တော်​အား ကျွန်ုပ်​တို့​ဝတ်ပြု​ကိုးကွယ်​ခြင်း​ကို ယေဟောဝါ မည်သို့​ရှုမြင်​သနည်း။

၁၀ ဘုရားသခင့်​အလိုတော်​ထမ်းဆောင်​ရန် ကိုယ်တော်​ထံ​ပေး​သည့် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​ကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်ကြ​သနည်း။ ယင်းသည် ကျွန်ုပ်​တို့၏​ဘဝတွင် ဦးစားထားရာ​လော။ လူငယ် သို့​မဟုတ် လူကြီး၊ အိမ်ထောင်သည် သို့​မဟုတ် တစ်ကိုယ်ရေ၊ ကျန်းမာ​သန်စွမ်း​သူ သို့​မဟုတ် မမာ​မ​ကျန်း​သူ​ဖြစ်ဖြစ်၊ ကျွန်ုပ်​တို့၏​အခြေအနေ​များ​မှာ မည်သို့​ပင်​ရှိပါစေ ကျွန်ုပ်​တို့၏​အခြေအနေ​နှင့်​အညီ ကျွန်ုပ်​တို့​ဆက်ကပ်​အပ်နှံ​ထား​သည့်​အတိုင်း အသက်ရှင်နေ​ထိုင်​ရန် ကြိုးစား​သင့်​သည်။ လူတစ်ဦး​၏​အခြေအနေ​က သူ့ကို ရှေ့ဆောင်​တစ်ဦး​အဖြစ်၊ ကင်းမျှော်စင်​အသင်း​၏ ဌာနခွဲရုံး​တစ်ခု​တွင် စေတနာ့​ဝန်ထမ်း​တစ်ဦး​အဖြစ်၊ သာသနာပြု​တစ်ဦး​အဖြစ်၊ သို့​မဟုတ် နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​အဖြစ် အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုကို ထမ်းဆောင်​ရန်​ခွင့်ပြု​ပေမည်။ အခြား​တစ်ဖက်​တွင် မိဘ​အချို့​သည် မိသားစု​၏​ကာယရေး​နှင့် ဝိညာဉ်​ရေးရာ​လိုအပ်ချက်​များ​အတွက် အလွန်​အလုပ်များ​ကြ​ပေမည်။ ယေဟောဝါ​၏​မျက်မှောက်တော်၌ ခရစ်ယာန်​ဓမ္မ​အမှု​တွင် သူတို့​လစဉ်​အသုံးပြု​သော​နာရီ​အနည်းငယ်​သည် အချိန်ပြည့်​ကျေးကျွန်​တစ်ဦး အသုံးပြု​သော​နာရီ​များစွာ​ထက် သာ၍​တန်ဖိုး​လျော့နည်း​ပါသလော။ ထိုသို့​မဟုတ်ပါ။ ဘုရားသခင်​သည် ကျွန်ုပ်​တို့​တွင်​မရှိသော​အရာ​ကို ဘယ်​သောအခါ​မျှ​မမျှော်လင့်​ချေ။ တမန်​တော်​ပေါလု​က ဤ​မူ​နှင့်​ပတ်သက်​၍ ဤသို့​ဖော်ပြ​သည်– “စေတနာ​စိတ်​သည် အသင့်​ရှိလျှင်၊ မတတ်နိုင်​သော​အမှုကို​မ​ထောက်​ဘဲ၊ တတ်နိုင်​သော​အမှုကို​ထောက်၍ နှစ်သက်​တော်​မူ​ဖွယ်​ဖြစ်၏။”—၂ ကောရိန္သု ၈:၁၂

၁၁။ ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​သည် အဘယ်အရာ​ပေါ်​တွင် မူတည်​သနည်း။

၁၁ မည်သို့​ပင်​ဖြစ်စေ ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​မှာ ကျွန်ုပ်​တို့​လုပ်ဆောင်​သည့်​အရာ​အပေါ် မ​မူတည်​ဘဲ ကျွန်ုပ်​တို့၏​သခင်၊ ယေရှု​ခရစ်​အားဖြင့် ယေဟောဝါ​၏​မခံစားထိုက်သော သနား​ကြင်နာ​မှု​အပေါ်​မူတည်​သည်။ ပေါလု​က ဤသို့​အတိအလင်း​ရှင်းပြ​ခဲ့​သည်– “လူအပေါင်းတို့သည် [မကောင်းမှု] ကို​ပြု​၍ ဘုရားသခင့်​ရှေ့တော်၌ အသရေပျက်​ကြပြီ။ ယေရှု​ခရစ်​ရွေးနုတ်​တော်​မူ​သော​အားဖြင့် အဖိုးကို​မပေး​ဘဲ ဘုရားသခင်​၏​ကျေးဇူးတော်​ကြောင့် ဖြောင့်မတ်​ရာ​သို့​ရောက်​ရ​ကြ​၏။” သို့သော် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုများ​မှာ ဘုရားသခင့်​ကတိတော်​၌ တက်ကြွ​သော​ယုံကြည်ခြင်း​၏​သက်သေ​ဖြစ်သည်။—ရောမ ၃:၂၃၊ ၂၄; ယာကုပ် ၂:၁၇၊ ၁၈၊ ၂၄

၁၂။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် နှိုင်းယှဉ်​မှုများ​မပြု​သင့်​သနည်း။

၁၂ ဘုရားသခင့်​အမှုတော်​၌ ကျွန်ုပ်​တို့​အသုံးပြုသည့်​အချိန်၊ ကျမ်းစာ စာပေ​ဝေငှ​မှုများ သို့​မဟုတ် ကျွန်ုပ်​တို့​ကျင်းပ​ကြ​သည့် ကျမ်းစာ​သင်အံမှု​အရေအတွက်​တို့​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့သည် အခြားသူ​တို့​နှင့်​နှိုင်းယှဉ်​မှုများ​ပြုလုပ်​ရန် မလို​ချေ။ (ဂလာတိ ၆:၃၊ ၄) ကျွန်ုပ်​တို့သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် မည်သည့်​အရာ​မဆို​ပြီးမြောက်​အောင်မြင်​ပါစေ၊ ယေရှု၏​နှိမ့်ချသော​ဤ​စကား​များ​ကို ကျွန်ုပ်​တို့အားလုံး သတိရ​ရန်လို​သည်– “ထို​နည်းတူ မှာ​ထား​တော်​မူသမျှ​တို့ကို သင်တို့သည်​ကျင့်​ပြီး​မှ၊ ‘ငါ​တို့သည်​သခင်၌ ကျေးဇူးပြု​သော​အစေအပါ​ဖြစ်သည်​မဟုတ်။ ဝတ်​ပြေ​ရုံ​မျှ​သာ​ရှိသည်’ ဟု​ဝန်ခံ​ကြလော့။” (လုကာ ၁၇:၁၀) ကျွန်ုပ်​တို့သည် ‘မှာ​ထား​တော်​မူသမျှ​တို့ကို ကျင့်​ပြီးပြီ’ ဟု​အမှန်​အားဖြင့် အကြိမ်​မည်မျှ ပြောဆို​နိုင်​လေ့​ရှိ​သနည်း။ ထို့​ကြောင့် မေးခွန်း​မှာ ဘုရားသခင့်​အမှုတော်​ဆောင်ခြင်း​၌ ကျွန်ုပ်​တို့၏​အရည်အသွေး မည်သို့​ဖြစ်​သင့်​သနည်း ဟူ၍​ဖြစ်၏။—၂ ကောရိန္သု ၁၀:၁၇၊ ၁၈

နေ့ရက်​တိုင်း တန်ဖိုး​ရှိစေ​ခြင်း

၁၃။ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​ကို ဆောင်ရွက်​စဉ် ကျွန်ုပ်​တို့​၌ အဘယ်​သဘောထား​လိုအပ်​သနည်း။

၁၃ ဇနီး​များ၊ ခင်ပွန်း​များ၊ သားသမီး​များ၊ မိဘများနှင့် ကျွန်​များ​ကို ဆုံးမ​စကား​ဆိုပြီး​နောက် ပေါလု​ဤသို့​ရေးသား​သည်– “လူ​၏​အမှုကို​သာ​ဆောင်ရွက်​သကဲ့သို့​မဟုတ်။ သခင်​ဘုရား​၏​အမှုတော်ကို​ဆောင်ရွက်​သကဲ့သို့၊ ပြု​လေ​သမျှ​တို့​၌ စေတနာ​စိတ်​နှင့်​ပြု​ကြလော့။ သင်တို့သည် သခင်​ခရစ်တော်​၏​အစေ​ကို​ခံ​ကြသည်​ဖြစ်၍၊ အမွေတော်​တည်း​ဟူသော​အကျိုးကို၊ ထို​သခင်​ဘုရား​၏​လက်တော်​မှ​ခံရ​လိမ့်​မည်​ဟု သိမှတ်​ကြလော့။” (ကောလောသဲ ၃:၂၃၊ ၂၄) ယေဟောဝါ​၏​လုပ်ငန်းတော်​၌ ကျွန်ုပ်​တို့​လုပ်ဆောင်​ပြီးမြောက်​ရာ​နှင့်​ပတ်သက်​၍ လူ​တို့ကို​စွဲမှတ်စေ​ရန် ကျွန်ုပ်​တို့​အမှုဆောင်​နေကြ​ခြင်း​မဟုတ်​ချေ။ ယေရှု​ခရစ်​၏​ပုံ​နမူနာကို​လိုက်လျှောက်ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​အား အမှုဆောင်ရန် ကြိုးစား​နေကြ​ခြင်း​ဖြစ်သည်။ ကိုယ်တော်​သည် နှိုင်းယှဉ်​ကြည့်​သော် တိုတောင်း​လှ​သည့်​မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှုကို အရေးတကြီး​သဘောထား​ဖြင့် လုပ်ဆောင်​တော်​မူ​ခဲ့​သည်။—၁ ပေတရု ၂:၂၁

၁၄။ နောက်ဆုံး​ကာလ​နှင့်​ပတ်သက်​၍ အဘယ်​သတိပေး​ချက်​ကို ပေတရု​ပေး​ခဲ့​သနည်း။

၁၄ တမန်​တော်​ပေတရု​သည်လည်း အရေးတကြီး​သဘောထားမျိုးကို တင်ပြ​ခဲ့​သည်။ သူ၏​ဒုတိယ​စာစောင်​၌ နောက်ဆုံးသော​ကာလ​တွင် မိမိတို့၏​အလိုဆန္ဒ​အတိုင်း ခရစ်တော်​ရောက်ရှိခြင်း​နှင့်​ပတ်သက်သော မေးခွန်းများကို​ပေါ်ထွက်​စေ​မည့် ကဲ့ရဲ့​ပြစ်တင်​သူများ—အယူဖောက်ပြန်သူ​များနှင့် သံသယဝင်​သူများ—ရှိ​လိမ့်​မည်​ဖြစ်​ကြောင်း သူ​သတိပေး​ခဲ့​သည်။ သို့သော် ပေတရု​က ဤသို့​ဆို​ခဲ့​သည်– “လူ​အချို့​တို့သည် နှေး​ခြင်း​ကို​မှတ်​သည်​အတိုင်း၊ ထာဝရ​ဘုရား​သည် ကတိတော်​အရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အဘယ်သူမျှ​မပျက်စီး​ဘဲ၊ ရှိသမျှ​တို့သည် နောင်တ​ရစေ​ခြင်း​ငှာ အလိုတော်​ရှိ၍၊ ငါ​တို့ကို​သည်းခံ​တော်​မူ​၏။ သူခိုး​သည် ည​ဉ့်​အခါ​လာ​သကဲ့သို့၊ ထာဝရ​ဘုရား​၏​နေ့ရက်​သည်​လာ​လိမ့်​မည်။” မှန်ပါသည်၊ ယေဟောဝါ​၏​နေ့ရက် ရောက်လာ​မည်​မှာ​သေချာ​ပါ​သည်။ သို့​ဖြစ်၍ ဘုရားသခင့်​ကတိတော် အမှန်တကယ်​ဖြစ်မှု​၌ မည်မျှ​အသေအချာ​ခိုင်မြဲ​စွာ ယုံကြည်​ကြောင်းကို ကျွန်ုပ်​တို့ နေ့စဉ်​စိုးရိမ်​ကြောင့်ကြ​သင့်​သည်။—၂ ပေတရု ၃:၃၊ ၄၊ ၉၊ ၁၀

၁၅။ ကျွန်ုပ်​တို့၏​နေ့စဉ်​အသက်တာကို မည်သို့​ရှုမြင်​သင့်​သနည်း။

၁၅ အသိစိတ်​ရှိ​ရှိ​ပြုမူ​ပြောဆိုခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ​အသက်ရှင်​ရန်၊ နေ့ရက်​တိုင်း​ကို ယေဟောဝါ​အား ချီးမွမ်း​ရန်​အသုံးပြုသင့်​သည်။ တစ်နေ့တာ​အဆုံး​တိုင်သော် နောက်ကြောင်းပြန်​ကာ ဘုရားသခင့်​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေခြင်း​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကြေညာ​ခြင်း​၌ မည်သည့်​နည်း​အချို့​ဖြင့် ကျွန်ုပ်​တို့​ပါဝင်​ခဲ့​ပုံ​ကို ပြန်​သုံးသပ်ကြည့်​နိုင်​သလော။ ယင်းသည် ကျွန်ုပ်​တို့၏ သန့်ရှင်းသော​အမူအကျင့်၊ ကျွန်ုပ်​တို့၏ တည်ဆောက်မှု​ဖြစ်စေ​သော​စကားဝိုင်း သို့​မဟုတ် မိသားစု​နှင့် မိတ်ဆွေများ​အတွက် ကျွန်ုပ်​တို့၏​မေတ္တာပါ​သော​စိုးရိမ်​ကြောင့်ကြ​မှု​တို့ ဖြစ်​ကောင်း​ဖြစ်​ပေမည်။ အခြားသူ​တို့​ထံ ကျွန်ုပ်​တို့၏​ခရစ်ယာန်​မျှော်လင့်ချက်ကို ဝေမျှ​ရန် ရရှိနိုင်သော​အခွင့်အလမ်း​များ​ကို ကျွန်ုပ်​တို့​အသုံးပြု​ကြ​ပါသလော။ ဘုရားသခင့်​ကတိတော်​များနှင့်​ပတ်သက်​၍ တစ်ဦး​တစ်ယောက်ကို အလေးအနက်​စဉ်းစား​စေရန် ကျွန်ုပ်​တို့ ကူညီ​ခဲ့ပြီ​လော။ ဝိညာဉ်​ရေး​သဘော​အရ နေ့စဉ် တန်ဖိုး​ရှိရာ​တစ်ခုခု​ကို တိုးပွား​စေ​ကာ မည်မည်ရရ​ရှိသော ဝိညာဉ်​ရေးရာ​ဘဏ်​စာရင်း​တစ်ခု​အလား ဖြစ်စေ​ကြပါစို့။—မဿဲ ၆:၂၀; ၁ ပေတရု ၂:၁၂; ၃:၁၅; ယာကုပ် ၃:၁၃

သင်၏​အမြင်​အာရုံ​ကို ကြည်လင်​စေပါ

၁၆။ ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံခြင်း​ကို အားလျော့​သွားစေရန် မည်သည့်​နည်းများဖြင့် စာတန်​ကြိုးစား​သနည်း။

၁၆ ခရစ်ယာန်​များ​အတွက် သာ၍​ခက်ခဲ​သော​အချိန်၌ ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်။ စာတန်​နှင့် သူ၏​ကိုယ်စားလှယ်​များသည် အကောင်း​နှင့်​အဆိုး၊ စင်ကြယ်​ခြင်း​နှင့် မစင်ကြယ်ခြင်း၊ အကျင့်ကောင်း​ခြင်း​နှင့် အကျင့်​ယိုယွင်းခြင်း၊ ကျင့်ဝတ်​ရှိ​ခြင်း​နှင့် မရှိခြင်း​တို့​စပ်ကြား​ကွာခြား​ချက်​ကို မသဲမကွဲ​ဖြစ်စေ​ရန်​ကြိုးစား​ကြ​၏။ (ရောမ ၁:၂၄-၂၈; ၁၆:၁၇-၁၉) သူသည် ရုပ်မြင်သံကြား​အဝေး​ထိန်း​ခလုတ် သို့​မဟုတ် ကွန်ပျူတာ​ခလုတ်ခုံ​တို့​ဖြင့် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို အလွယ်တကူ​ညစ်ညမ်း​စေရန် ယင်းကို ပြုလုပ်​ခဲ့ပြီ။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​အမြင်​အာရုံ​မှာ မှုန်ဝါးဝါး​ဖြစ်လာ​နိုင်၊ သို့​မဟုတ် အာရုံစိုက်​ရာ​မှ​လွဲသွား​နိုင်​ကာ သို့​နှင့် သူ၏​ကောက်ကျစ်​သော​လုပ်ရပ်များ​ကို ပိုင်းခြား​သိမြင်​ရန် ကျွန်ုပ်​တို့​ပျက်ကွက်​သွား​ကြ​ပေမည်။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​စံနှုန်း​များ​ကို အလျော့ပေး​လိုက်ပါ​က ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​ရန်​စိတ်ပိုင်းဖြတ်​ထားခြင်း​မှာ အားလျော့​လာနိုင်​ပြီး “ထွန်ကိုင်း” ကို​ဆုပ်ကိုင်​ထားခြင်း​မှာ ပြေလျော့​လာနိုင်​သည်။—လုကာ ၉:၆၂; ဖိလိပ္ပိ ၄:၈

၁၇။ ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ထိန်းထား​ရန် ပေါလု​၏​ဆုံးမ​စကား​များ​က ကျွန်ုပ်​တို့အား မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၇ သို့​ဖြစ်၍ သက်သာလောနိတ်​အသင်းတော်​ထံ​ရေး​သော ပေါလု​၏​ဤ​စကား​များသည် အခန့်သင့်​ဆုံး​ဖြစ်သည်– “ဘုရားသခင်​၏​အလိုတော်​ဟူ​မူ​ကား၊ သင်တို့သည် မတရားသော​မေထုန်​ကို​ကြ​ဉ်​ရှောင်​၍ သန့်ရှင်း​စေခြင်း​ငှာ​လည်းကောင်း၊ ဘုရားသခင်​ကို​မသိသော [ပြင်ပ] လူတို့သည် ကိ​လေ​သာ​တပ်မက်​ခြင်း​ရှိသကဲ့သို့​မရှိ၊ သင်တို့​အပေါင်း​သည် သန့်ရှင်းခြင်း၊ အသရေ​တင့်တယ်ခြင်း​နှင့် မိမိကိုယ်ကို​မိမိ​ထိန်း​တတ်​စေခြင်း​ငှာ” ဖြစ်သည်။ (၁ သက်သာလောနိတ် ၄:၃-၅) အကျင့်​ယိုယွင်းမှုက ဘုရားသခင်​ထံ မိမိတို့၏​ဆက်ကပ်​အပ်နှံခြင်း​အပေါ် လျစ်လျူရှု​ကြ​သူ​အချို့​ကို ခရစ်ယာန်​အသင်းတော်​မှ နှင်ထုတ်ခြင်း​ဖြစ်စေ​ခဲ့​သည်။ သူတို့သည် ဘုရားသခင်​နှင့် မိမိတို့၏​ဆက်ဆံ​ရေး​ကို အားလျော့​စေရန် ခွင့်ပြု​လိုက်ကြပြီး သို့​နှင့် မိမိတို့၏​အသက်တာတွင် ကိုယ်တော်​သည် အလွန်​အရေးပါ​သူ​တစ်ဦး​မဟုတ်​တော့​ချေ။ မှန်ပါသည်၊ ပေါလု​ဤသို့​ပြော​ခဲ့​သည်– “ဘုရားသခင်​သည် ညစ်ညူး​စေခြင်း​ငှာ ငါ​တို့ကို​ခေါ်တော်မူ​သည်မဟုတ်၊ သန့်ရှင်း​စေခြင်း​ငှာ​ခေါ်တော်မူ​၏။ ထို​ကြောင့်၊ ငါ​တို့ကို​ငြင်းပယ်​သော​သူသည် လူကို​သာ​ငြင်းပယ်​သည်မဟုတ်၊ ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ငါ​တို့အား​ပေး​တော်​မူ​သော​ဘုရားသခင်​ကို ငြင်းပယ်​၏။”—၁ သက်သာလောနိတ် ၄:၇၊ ၈

သင်၏​စိတ်ပိုင်းဖြတ်​ထားမှု​ကား အဘယ်နည်း

၁၈။ ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​မှု​ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။

၁၈ ယေဟောဝါ​ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံခြင်း​၏​လေးနက်မှု​ကို ကျွန်ုပ်​တို့​တန်ဖိုး​ထား​မည်​ဆိုလျှင် အဘယ်အရာကို​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​သင့်​သနည်း။ ကျွန်ုပ်​တို့၏​ခိုင်မြဲ​သော​စိတ်ပိုင်းဖြတ်​မှု​မှာ ကျွန်ုပ်​တို့၏​အပြု​အမူ၊ ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​ပတ်သက်​၍ ကောင်းသော​ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို စွဲကိုင်​ထား​ရန်​ဟူ၍ ဖြစ်​သင့်​သည်။ ပေတရု​က ဤသို့​တိုက်တွန်း​ခဲ့​သည်– “ခရစ်တော်​၌ သင်တို့​ကျင့်​သော​အကျင့်ကောင်း​ကို ရှုတ်ချ​သော​သူတို့သည် ကဲ့ရဲ့​ပြစ်တင်​သောအခါ၊ ကိုယ်တိုင်​ရှက်ကြောက်ခြင်း​ရှိ​မည်​အကြောင်း၊ သင်တို့သည် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြည်လင်​လျက်​နေကြ​လော့။” (၁ ပေတရု ၃:၁၆) ကျွန်ုပ်​တို့​ခရစ်ယာန်​အမူအကျင့်​ကြောင့် ဝေဒနာ​နှင့် မတော်တရား​ပြုမူ​ပြောဆိုခြင်း​ကို ကျွန်ုပ်​တို့​ခံရ​ကြ​ပေမည်၊ သို့သော် ခရစ်တော်​သည် မိမိ၏​ယုံကြည်ခြင်း​နှင့် ဘုရားသခင်​အပေါ် သစ္စာစောင့်သိမှု​ကြောင့် အလားတူ​ခံ​ခဲ့​ရသည်။ “ထိုသို့​ခရစ်တော်​သည် ကိုယ်ခန္ဓာ​တော်​၌ ငါ​တို့အတွက်​ခံ​တော်​မူ​သည်​မှန်သော​ကြောင့်၊ သင်တို့လည်း ထိုသို့​သော​သဘောကို​လက်နက်​ပြု​၍ သုံးစွဲ​ကြလော့။ အကြောင်း​မူ​ကား၊ ကိုယ်ခန္ဓာ​၌​ခံ​သော​သူသည် [မကောင်းမှု] တို့​နှင့်​လွတ်ငြိမ်း​သည်” ဟု​ပေတရု​က​ဆို​ခဲ့​၏။—၁ ပေတရု ၄:၁

၁၉။ ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍ အဘယ်အရာကို ကျွန်ုပ်​တို့​ပြောဆို​စေ​လို​ကြ​သနည်း။

၁၉ အမှန်​မှာ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန်​ဟူသော ခိုင်မြဲ​သည့်​စိတ်ပိုင်းဖြတ်​ထားမှု​က ဝိညာဉ်​ရေးရာ၊ ကျင့်ဝတ်​ရေးရာ၊ ကာယရေးရာ​တို့​၌ ဖျားနာ​မှု​ဖြစ်စေ​သည့် စာတန့်​လောက​၏​ထောင်ချောက်များ​မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​ပါ​လိမ့်​မည်။ သို့သော် ထို​မျှ​မ​က စာတန်​နှင့် သူ၏​ကိုယ်စားလှယ်​များ​က ပေးကမ်း​နိုင်သော မည်သည့်​အရာ​ထက်​မဆို သာလွန်​ကောင်းမွန်​လှ​သည့် ဘုရားသခင်​၏​မျက်နှာသာတော်​ကို ကျွန်ုပ်​တို့​ရရှိ​ထား​ကြောင်း ယုံကြည်​စိတ်ချ​စေပါ​လိမ့်​မည်။ သို့​ဖြစ်၍ အမှန်တရားကို ကျွန်ုပ်​တို့​သိရှိ​ခါ​စ​က​မေတ္တာ​မျိုး ကျွန်ုပ်​တို့​တွင်​မရှိတော့​ကြောင်း ဘယ်​သောအခါ​မျှ​အပြော​မခံရ​ပါစေ​နှင့်။ ယင်းအစား ပထမ​ရာစုနှစ်​မှ သွာတိရ​အသင်းတော်တွင် ရှိခဲ့​ကြ​သူများ​ကဲ့သို့​ပင် ကျွန်ုပ်​တို့​နှင့်​ပတ်သက်​၍ ဤသို့​ပြောဆို​ကြ​ပါ​လေ​စေ– “သင်​အကျင့်​ကျင့်​ခြင်း၊ ချစ်ခြင်း၊ အမှုဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်းခံခြင်း​ကိုလည်း​ကောင်း၊ နောက်​ကျင့်​သော​အကျင့်​တို့သည် အရင်​ကျင့်​သော​အကျင့်​ထက် သာ၍​များ​ကြောင်းကို​လည်းကောင်း ငါ​သိ​၏။” (ဗျာဒိတ် ၂:၄၊ ၁၈၊ ၁၉) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် မိမိတို့၏​ဆက်ကပ်​အပ်နှံခြင်း​နှင့်​ပတ်သက်​၍ မ​ပူ​မအေး​မနေ​ပါ​နှင့်၊ အဆုံးနီး​နေပြီ​ဖြစ်​ရာ—ကျွန်ုပ်​တို့သည် အဆုံးအထိ ဇွဲရှိ​လျက် “စိတ်အား​ထက်သန်” ကြပါစို့။—ရောမ ၁၂:၁၁သတင်းကောင်း; ဗျာဒိတ် ၃:၁၅၊ ၁၆

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ကင်းမျှော်စင် ၁၉၈၇၊ ဧပြီ ၁၅ [လိပ်]၊ စာမျက်နှာ ၃၁ ရှု။

^ အပိုဒ်၊ 7 အ​န့်စ်​ဘီ​ဗာ​၏​ဘဝ​မှတ်တမ်း အသေးစိတ်​အတွက် ကင်းမျှော်စင် မတ် ၁၅၊ ၁၉၈၀ [လိပ်]၊ စာမျက်နှာ​များ ၈-၁၁ ရှု။

^ အပိုဒ်၊ 9 နယူးယောက်၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ ထုတ်ဝေ​သော ၁၉၇၈ ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ် စာမျက်နှာ​များ ၁၅၆-၈၊ ၂၀၁-၁၈ [လိပ်] ကို​ရှု။

သင်​မှတ်မိ​သလော

• ဆက်ကပ်​အပ်နှံမှု​တွင် အဘယ်အရာ ပါဝင်​သနည်း။

• ဘုရားသခင်​၏​ဆက်ကပ်​အပ်နှံ​ထားသော အဘယ်​ရှေးခေတ်​နှင့် မျက်မှောက်ခေတ်​ကျေးကျွန်​များ​၏ ပုံ​နမူနာ​များသည် ကျွန်ုပ်​တို့​အတုယူ​ထိုက်​ရာ​ဖြစ်သနည်း။

• ဘုရားသခင်​ထံ ကျွန်ုပ်​တို့​အမှုဆောင်ခြင်းကို မည်သို့ ရှုမြင်​သင့်​သနည်း။

• ဘုရားသခင်​ထံ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​ထား​ချက်​ကား အဘယ်အရာ​ဖြစ်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရမိ​သည် အလွန်​ရက်စက်​သော ဆက်ဆံမှု​ကို ရင်ဆိုင်ခဲ့​ရ​လင့်​ကစား သစ္စာရှိ​စွာ​နေထိုင်ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အ​န့်စ် ဘီ​ဗာ​သည် ဇွဲရှိ​သော​ခရစ်ယာန်​တစ်ဦး​အဖြစ် မိမိ၏​သားသမီး​များ​အတွက် ပုံ​နမူနာကို ချမှတ်​ပေး​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ရာ​နှင့်​ချီ​သော သက်သေခံ​လူငယ်များသည် စပိန်​အကျဉ်းထောင်​ထဲ​တွင် သစ္စာ​စောင့်သိ​ခဲ့​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေးရာ​သဘော​အရ တန်ဖိုး​ရှိသော​အရာ​တစ်ခုခု တိုးပွား​စေ​ကြ​စို့