မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် အမှန်တရားကို သင့်ကိုယ်ပိုင်ဖြစ်စေပြီလော

သင်သည် အမှန်တရားကို သင့်ကိုယ်ပိုင်ဖြစ်စေပြီလော

သင်သည် အမှန်တရားကို သင့်ကိုယ်​ပိုင်​ဖြစ်စေ​ပြီ​လော

“ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​နိုင်​မည်​အကြောင်း၊ စိတ်နှလုံး​ကို​အသစ်​ပြင်ဆင်​၍ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။” —ရောမ ၁၂:၂

၁၊ ၂။ ယနေ့ စစ်မှန်သော​ခရစ်ယာန်​တစ်ဦး​ဖြစ်​ရန် အဘယ်ကြောင့်​မလွယ်ကူ​သနည်း။

ဤ​နောက်ဆုံးသော​နေ့ရက်​များ—“ခဲယဉ်း​သော​ကာလ”—တွင် စစ်မှန်သော​ခရစ်ယာန်​တစ်ဦး​ဖြစ်​ရခြင်း​သည် မလွယ်ကူ​ချေ။ (၂ တိမောသေ ၃:၁) အမှန်​အားဖြင့် လူတစ်ဦး​သည် ခရစ်တော်​၏​ပုံသက်သေ​ကို လိုက်လျှောက်ရန် လောကကို​အောင်​ရမည်​ဖြစ်သည်။ (၁ ယောဟန် ၅:၄) ခရစ်ယာန်​လမ်းစဉ်​နှင့်​ပတ်သက်​၍ ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​ရာ​ကို ပြန်သတိရ​ပါ– “ကျဉ်း​သော​တံခါး​ကို​ဝင်​ကြလော့။ ပျက်စီးခြင်း​သို့​ရောက်​သော လမ်း​နှင့်​တံခါး​သည် ကျယ်ဝန်း​သည်​ဖြစ်၍ ဝင်​သော​သူတို့သည် များ​ကြ​၏။ အသက်ရှင်ခြင်း​သို့​ရောက်​သော လမ်း​နှင့်​တံခါး​သည် အလွန်​ကျဉ်း​မြောင်း​သည်​ဖြစ်၍၊ တွေ့​ဝင်​သော​သူတို့သည် နည်း​ကြ​၏။” ဤသို့​လည်း ကိုယ်တော်​မိန့်မြွက်​ခဲ့​သည်– “ငါ​၌​ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ကိုယ်လက်​ဝါး​ကပ်တိုင်​ကို နေ့တိုင်း​ထမ်း၍ ငါ့​နောက်သို့​လိုက်ရမည်။”—မဿဲ ၇:၁၃၊ ၁၄; လုကာ ၉:၂၃

အသက်​လမ်း​သည် ကျဉ်း​မြောင်း​ကြောင်း တွေ့ရှိ​ရခြင်း​က ယင်း​ပေါ်​တွင်​ဆက်​ရှိနေ​ရန်​မှာ ခရစ်ယာန်​တစ်ဦး၏ နောက်ထပ်​စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်သည်။ ယင်းသည် အဘယ်ကြောင့် စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်​ရသနည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့၏​ဆက်ကပ်​အပ်နှံခြင်း​နှင့် နှစ်ခြင်း​ခံ​ခြင်း​တို့​က မိမိကိုယ်ကို စာတန်​၏ ဉာဏ်​နီ​ဉာဏ်​နက်​များသော​လုပ်ရပ်များ၊ သို့​မဟုတ် ပါးနပ်​သော​ပရိယာယ်​များ​၏ ပစ်မှတ်​တစ်ခု​ဖြစ်စေ​ခြင်း​ကြောင့်​တည်း။ (ဧဖက် ၆:၁၁က​ဘ အောက်ခြေမှတ်ချက်) ကျွန်ုပ်​တို့၏​အားနည်းချက်များ​ကို သူ​သတိပြု​မှတ်သား​ကာ ယင်း​အားနည်းချက်များ​တွင် အကွက်​ကောင်း​ရှာ​ကာ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ကို ဖြိုဖျက်​ပစ်​ရန် ကြိုးပမ်း​အားထုတ်​သည်။ ထို​ထက်​ကား ယေရှုကို​ပင် ပြိုလဲ​သွားစေရန် သူ​ကြိုးပမ်း​ခဲ့​သည်​ဖြစ်​ရာ သူသည် ကျွန်ုပ်​တို့ကို အဘယ်ကြောင့် ချမ်းသာပေး​စ​ရာ​ရှိ​မည်​နည်း။—မဿဲ ၄:၁-၁၁

စာတန်​၏​ဉာဏ်​နီ​ဉာဏ်​နက်​များသော နည်း​ဗျူဟာ​များ

၃။ ဧဝ​၏​စိတ်​ဝယ် သံသယ​မျိုးစေ့​များ​ကို စာတန်​မည်သို့​ပျိုး​ချ​ခဲ့​သနည်း။

စာတန်​အသုံးပြု​သော​ပရိယာယ်​တစ်ခု​မှာ ကျွန်ုပ်​တို့၏​စိတ်​ဝယ် သံသယ​မျိုးစေ့​များ​ကို စိုက်​ပျိုး​ပေးခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​ချပ်ဝတ်တန်ဆာ​၌ အားနည်းချက်များ​ကို သူ​ရှာဖွေ​သည်။ အစအဦး​ကတည်းက ဧဝ​နှင့်​လည်း ထို​နည်း​ဗျူဟာ​ကို​သုံး​ကာ သူ​ဤသို့​မေး​သည်– “သင်တို့သည် ဥယျာဉ်​၌​ရှိသမျှ​သော အပင်​တို့၏​အသီးကို​မစား​ရ​ဟု ဧကန်​စင်စစ် ဘုရားသခင်​မိန့်တော်မူ​သလော။” (ကမ္ဘာဦး ၃:၁) တစ်နည်း​ဆို​ရ​သော် ‘ဘုရားသခင်​က သင့်​အပေါ် ဒီလိုမျိုး တားမြစ်ချက်​တစ်ခု​ထား​နိုင်တယ်​ဆိုတာ​ဟာ တကယ်​ဖြစ်​နိုင်​ပါ့​မလား၊ သင်​ရရှိမယ့် အလွန်​ကောင်း​တဲ့​အရာ​တစ်ခုခု​ကို သူ​ထိန်ချန်​ထား​တာ​များ ဖြစ်နေ​မလား၊ အဲဒီ​သစ်ပင်​ကနေ သင်ယူ​စား​တဲ့​နေ့မှာပဲ သင့်ရဲ့​မျက်စိ​ဟာ​ပွင့်လင်း​ပြီး ဘုရားသခင်​လို အကောင်း​နဲ့​အဆိုးကို သိလာမယ်​ဆိုတာ ဘုရားသခင်​သိထားတယ်​လေ!’ ဟု​စာတန်​ပြောဆို​ခဲ့​ခြင်း​ဖြစ်သည်။ သံသယ​မျိုးစေ့ကို စာတန်​ပျိုး​ချ​လိုက်ပြီး အညှောက်​ပေါက်​လာရန် စောင့်ဆိုင်း​ခဲ့​သည်။—ကမ္ဘာဦး ၃:၅

၄။ ယနေ့ အချို့​တို့​အပေါ် အဘယ်​သံသယများ သက်ရောက်​လျက်​ရှိ​သနည်း။

ယနေ့ ဤ​နည်း​ဗျူဟာ​ကို စာတန်​မည်သို့​အသုံးပြု​သနည်း။ ကျွန်ုပ်​တို့၏​ကျမ်းစာ​ဖတ်ရှုခြင်း၊ ကိုယ်ပိုင်​လေ့လာခြင်း၊ ဆုတောင်းခြင်း​များ၊ ခရစ်ယာန်​ဓမ္မ​အမှု​နှင့် အစည်းအဝေး​များ​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​ထား​မည်​ဆိုလျှင် အခြားသူများ​အားဖြင့် ပေါ်ထွက်​လာသော​သံသယများ မိမိတို့​ထဲ​ဝင်လာရန် အသင့်​ဖွင့်​ထား​ပေး​ရာ​ကျ​နိုင်​သည်။ ဥပမာ ဤသို့​ဖြစ်သည်– “ယင်းသည် ယေရှု​သွန်သင်​ပေး​ခဲ့​သည့် အမှန်တရား​ပင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိ​သနည်း။” “ဤ​နေ့ရက်​တို့သည် အမှန်ပင်​နောက်ဆုံးသော​နေ့ရက်​များ​လော။ အမှန်​အားဖြင့် ကျွန်ုပ်​တို့သည် ၂၁ ရာစု​ထဲ​ရောက်​နှင့်​နေကြပြီ။” “အာမဂေဒုန်​၏​နှုတ်ခမ်းဝ​၌ ကျွန်ုပ်​တို့​ရောက်ရှိ​နေ​သလော သို့​မဟုတ် ယင်းသည် အလှမ်းဝေး​နေ​သေး​သလော။” ထိုသို့​သော​သံသယများ ပေါ်လာ​လျှင် ၎င်းတို့ကို​ထုတ်ပစ်​ရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၅၊ ၆။ သံသယများ​ပေါ်ထွက်​လာ​တတ်​လျှင် ကျွန်ုပ်​တို့​အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

ယာကုပ် ဤသို့​ရေးသားခဲ့​ရာ​တွင် လက်တွေ့ကျကျ​ဆုံးမ​ပေး​ခဲ့​သည်– “သင်တို့တွင် တစ်စုံ​တစ်ယောက်​သော​သူသည် ပညာ​ကို​လိုလျှင်၊ ကဲ့ရဲ့​ပြစ်တင်ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ၊ ခပ်သိမ်း​သော​သူတို့အား စေတနာ​စိတ်​နှင့်​ပေးသနား​တော်​မူ​သော ဘုရားသခင်​ကို​တောင်း​စေ။ တောင်းလျှင်​ရ​လိမ့်​မည်။ သို့ရာတွင် တွေးတောခြင်း​မရှိဘဲ ယုံကြည်​သော​စိတ်​နှင့်​တောင်း​ရမည်။ တွေးတောခြင်း​ရှိသောသူ​သည်​ကား၊ လေ​ခတ်​၍​လှုပ်ရှား​တတ်သော လှိုင်း​တံပိုး​နှင့်​တူ​၏။ ထိုသို့​သော​သူသည် စိတ်​နှစ်ခွ​ရှိသောသူ၊ ပြု​လေ​သမျှ​တို့​၌ မတည်​ကြည်​သော​သူ​ဖြစ်၍၊ ထာဝရ​ဘုရား​၏​လက်တော်​မှ တစ်စုံတစ်ခု​ကို​ရမည်ဟု မထင်မမှတ်​စေ​နှင့်။”—ယာကုပ် ၁:၅-၈

ထိုသို့​ဆိုလျှင် ကျွန်ုပ်​တို့ ဘာလုပ်​ရမည်​နည်း။ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်း​နှင့် သိနားလည်မှု​ရရှိ​ရေး​အတွက် ဆုတောင်းချက်​ထဲ​၌ ‘ဘုရားသခင်​ထံ​ဆက်​တောင်းခံ’ သင့်​ပြီး မည်သည့်​မေးခွန်း သို့​မဟုတ် သံသယ​မဆို​နှင့်​ပတ်သက်​၍ ကိုယ်ပိုင်​လေ့လာမှု​တွင် ကျွန်ုပ်​တို့၏​ကြိုးပမ်း​အားထုတ်မှု​များ​ဖြင့် ကျား​ကန်​ထား​သင့်​သည်။ ယုံကြည်ခြင်း​သန်စွမ်း​သော​သူတို့​ထံ​မှ အကူအညီကို​လည်း ကျွန်ုပ်​တို့​တောင်းခံ​နိုင်​ကြ​ပြီး ကျွန်ုပ်​တို့​လိုအပ်သော​ထောက်ပံ့မှု​ကို ယေဟောဝါ​ပေးသနား​တော်​မူ​မည်​ဖြစ်​ကြောင်း ဘယ်တော့​မျှ​သံ​ယ​မဝင်​ပါ​နှင့်။ ယာကုပ်​က ဤသို့​လည်း​ဆို​ခဲ့​သည်– “ဘုရားသခင်​၏​အလိုတော်​သို့​လိုက်​ကြလော့။ [စာတန်] ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်။ ဘုရားသခင်​၌​ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌​ချဉ်းကပ်​တော်​မူ​လိမ့်​မည်။” မှန်ပါသည်၊ လေ့လာခြင်း​နှင့် ဆုတောင်းခြင်း​အားဖြင့် ဘုရားသခင်​ထံ​ကျွန်ုပ်​တို့ ချဉ်းကပ်​ကြ​စဉ် ကျွန်ုပ်​တို့၏​သံသယများ ပျောက်လွင့်​သွားပါ​လိမ့်​မည်။—ယာကုပ် ၄:၇၊ ၈

၇၊ ၈။ ယေရှု​သွန်သင်​ပေး​ခဲ့​သော ဝတ်ပြုရေး​ပုံစံ​ကို အဆုံးအဖြတ်​ပေး​သည့် အခြေခံ​စံညွှန်း​အချို့​ကား​အဘယ်နည်း၊ ဤ​စံညွှန်း​များ​ကို မည်သူ​တို့​ပြည့်မီ​သနည်း။

ဤ​မေးခွန်း​ကို နမူနာ​အဖြစ် ယူဆ​ကြည့်​ပါ– ယေရှု​သွန်သင်​ခဲ့​သော​ဝတ်ပြုခြင်း​ပုံစံ​ကို ကျွန်ုပ်​တို့​ကျင့်သုံး​နေကြ​ကြောင်း မည်သို့ ကျွန်ုပ်​တို့​သိရှိ​နိုင်​သနည်း။ ယင်းကို​ဖြေရှင်းရန် အဘယ်​စံညွှန်း​များ​ကို သုံးသပ်ကြ​ရမည်​နည်း။ စစ်မှန်သော​ခရစ်ယာန်​များသည် သူတို့​အလယ်တွင် မေတ္တာ​စစ်​ရှိ​ရမည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ညွှန်ပြ​သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) သူတို့သည် ဘုရားသခင့်​နာမတော် ယေဟောဝါ​ကို သန့်ရှင်း​မြင့်မြတ်​စေ​ကြ​ရမည်။ (ဟေရှာယ ၁၂:၄၊ ၅; မဿဲ ၆:၉) ထို့​ပြင် ထို​နာမတော်​ကို သူတို့​ပြညွှန်​ကြ​ရမည်။—ထွက်မြောက်ရာ ၃:၁၅; ယောဟန် ၁၇:၂၆

စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​မှု​၏ နောက်ထပ်​ထင်ရှားသော​အသွင်အပြင်​တစ်ခု​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​ကို လေးမြတ်ခြင်း​ဖြစ်၏။ ၎င်း​သည် ဘုရားသခင်​၏​ဂုဏ်ရည်တော်​နှင့် ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို ဖော်ထုတ်ပြ​သော ထူးခြားသည့်​စာအုပ်​ဖြစ်သည်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆၊ ၁၇) ထို့​အပြင် စစ်မှန်သော​ခရစ်ယာန်​များသည် မြေကြီး​ပရဒိသု​ပေါ်​တွင် ထာဝစဉ်​အသက်ရှင်​ရန်​အတွက် တစ်ခု​တည်း​သော​မျှော်လင့်ချက်​အဖြစ် ဘုရားသခင့်​နိုင်ငံတော်​ကို ကြွေးကြော်​ကြသည်။ (မာကု ၁၃:၁၀; ဗျာဒိတ် ၂၁:၁-၄) သူတို့သည် ဤ​လောက​၏ ပျက်စီး​ယိုယွင်း​နေသော​နိုင်ငံရေး​များနှင့် ယင်း​၏​ညစ်ညူး​သည့် ဘဝ​လမ်းစဉ်​မှ ဆက်၍​သီးခြားနေ​ကြသည်။ (ယောဟန် ၁၅:၁၉; ယာကုပ် ၁:၂၇; ၄:၄) ယနေ့ မည်သူ​တို့သည် ဤ​စံညွှန်း​များနှင့် အမှန်တကယ်​ကိုက်ညီ​သနည်း။ သက်သေပြ​စ​ရာ​အဖြေ တစ်ခု​တည်း​သာ​ရှိသည်—ယင်း​မှာ ယေဟောဝါသက်သေ​များ​တည်း။

သံသယများ​မ​ပျောက်​နိုင်အောင်​ရှိ​နေလျှင် အသို့နည်း

၉၊ ၁၀။ မ​ပျောက်​နိုင်အောင်​ဖြစ်နေ​သော​သံသယများ​ကို အောင်မြင်​ကျော်လွှား​ဖို့ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​ကြ​သနည်း။

သံသယများ​၏​လိုဏ်ခေါင်း​အတွင်း ကျွန်ုပ်​တို့​ရောက်ရှိ​နေကြောင်း တွေ့​မည်​ဆိုလျှင် အသို့နည်း။ ထို​အခါ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။ ပညာရှိ​ဘုရင်​ရှောလမုန်က အဖြေကို​ဤသို့​ပေး​ထား​သည်– “ငါ့​သား သင်သည်​ပညာ​စကား​ကို​နားထောင်​၍၊ စေတနာစိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နား​ခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌ သွင်း​မိ​လျှင်​လည်းကောင်း၊ သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း၊ ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း ထာဝရ​ဘုရား​ကို​ကြောက်​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။”—သု. ၂:၁-၅

၁၀ ယင်းသည် အံ့သြဖွယ်ရာ အကြံအစည်​တစ်ရပ်​မဟုတ်ပေ​လော။ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ဉာဏ်ပညာ​ကို စိတ်​ထက်ထက်သန်သန်​ဖြင့်​အာရုံစိုက်ရန် လိုလိုလားလား​ရှိ​မည်​ဆိုလျှင် “ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။” မှန်ပါသည်၊ ကိုယ်တော်​၏​မိန့်တော်မူချက်​များ​ကို လက်ခံ​၍ တန်ဖိုး​ထား​ရန် ကျွန်ုပ်​တို့ လိုလိုလားလား​ရှိကြ​မည်​ဆိုလျှင် စကြဝဠာ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​ကို သိကျွမ်းခြင်း​အသိပညာ​မှာ ကျွန်ုပ်​တို့​လက်လှမ်းမီ​သော​နေရာတွင်​ရှိသည်။ ဆိုလိုသည်မှာ ဆုတောင်းခြင်း​နှင့် ကိုယ်ပိုင်​လေ့လာမှု​ပြုခြင်း​ဖြင့် ယေဟောဝါ​ထံ​တော် လှည့်လာခြင်း​ဖြစ်သည်။ ကိုယ်တော့်​နှုတ်မြွက်​စကားတော်​၏ ဝှက်ထား​သော​ဘဏ္ဍာများ​က မည်သည့်​သံသယ​မဆို​ကို ပပျောက်​စေနိုင်​ပြီး အမှန်တရား​၏​အလင်း​ကို တွေ့မြင်​ရန် ကျွန်ုပ်​တို့ကို​ကူညီပေး​သည်။

၁၁။ ဧလိရှဲ​၏​ကျွန်​သည် သံသယစိတ်​ကြောင့် မည်သို့​ထိခိုက်​ခဲ့​သနည်း။

၁၁ ၄ ဓမ္မ​ရာဇဝင် ၆:၁၁-၁၈ တွင် ကြောက်ရွံ့​၍​သံသယဝင်​နေသော ဘုရားသခင့်​ကျေးကျွန်​တစ်ဦး​အား ဆုတောင်းခြင်း​က မည်သို့​အကူအညီ​ပေး​ခဲ့​သည်​ဟူသော ထင်ရှား​သည့်​ပုံ​နမူနာ​တစ်ရပ်​ကို တွေ့ရှိ​ရသည်။ ဧလိရှဲ​၏​ကျွန်​သည် ဝိညာဉ်​ရေး​ဆိုင်ရာ​အမြော်အမြင် ကင်းမဲ့​ခဲ့​သည်။ ရှုရိ​စစ်တပ်​အားဖြင့် ဝန်းရံ​ပိတ်ဆို့​ခြင်း​ခံ​နေရသူ ဘုရားသခင်​၏​ပရောဖက်​အား ထောက်မမှု​ပေး​ရန် ထို​တွင် ကောင်းကင်​ဗိုလ်ခြေများ​ရှိခဲ့​ကြောင်း သူ၌​ပိုင်းခြား​သိမြင်​နိုင်​ခြင်း​မရှိခဲ့​ချေ။ ထို​ကျွန်​သည် ကြောက်ရွံ့​လျက်​ဤသို့​ဟစ်အော်​ခဲ့​သည်– “အို​သခင်၊ အဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း။” ဧလိရှဲ​က မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ “မစိုးရိမ်​နှင့်။ ငါ​တို့​ဘက်၌​နေသော​သူတို့သည် ရန်သူ​တို့​ဘက်၌​နေသော​သူတို့ထက် သာ၍​များ​ကြသည်။” သို့သော် ထို​ကျွန်​ယုံကြည်​လာဖို့ မည်သို့​ဖြစ်​ခဲ့​သနည်း။ သူသည် ကောင်းကင်​ဗိုလ်ခြေ​တို့ကို မမြင်​တွေ့​နိုင်​ချေ။

၁၂။ (က) ထို​ကျွန်​၏​သံသယ​မှာ မည်သို့​ပြေပျောက်​သွားခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့​တွင် ရှိလာနိုင်​သည့် မည်သည့်​သံသယ​ကို​မဆို မည်သို့​ပြေပျောက်​စေနိုင်​သနည်း။

၁၂ “ ‘အို​ထာဝရ​ဘုရား ဤ​သူသည်​မြင်နိုင်​မည်​အကြောင်း သူ၏​မျက်စိ​ကို​ဖွင့်​တော်​မူ​ပါ’ ဟု ဆုတောင်း​သည်​အတိုင်း ထာဝရ​ဘုရား​သည် ထို​လုလင်​၏​မျက်စိ​ကို​ဖွင့်​တော်​မူ​သဖြင့် ဧလိရှဲ​ပတ်လည်​၌ တစ်​တောင်​လုံး​သည် မီး​မြင်း၊ မီး​ရထား​နှင့်​ပြည့်​သည်ကို​မြင်​လေ​၏။” ဤ​ဖြစ်ရပ်​တွင် ယေဟောဝါ​သည် ကောင်းကင်​စစ်သည်​ဗိုလ်ပါ​များ​က ဧလိရှဲ​ကို အကာအကွယ်​ပေး​နေကြောင်း အဆိုပါ​ကျွန်​ကို​တွေ့မြင်​စေ​ခဲ့​သည်။ သို့သော် ယနေ့​တွင် ထပ်တူ​ဘုရားသခင်​၏​ကူညီ​ပေးခြင်း​ကို ကျွန်ုပ်​တို့ မမျှော်လင့်သင့်​ချေ။ ထို​ပရောဖက်​၏​ကျေးကျွန်​သည် မိမိ၏​ယုံကြည်ခြင်းကို သန်စွမ်း​စေရန်​အတွက် လေ့လာမှု​ပြု​ဖို့ သမ္မာကျမ်းစာ​အပြည့်အစုံ သူ့​တွင်​မရှိကြောင်း သတိရပါ။ ကျွန်ုပ်​တို့​တွင် သမ္မာကျမ်းစာ​လက်ဝယ်​ရှိ​ထား​ကြ​၏။ ယင်းကို ကျွန်ုပ်​တို့​များများ​အသုံးပြု​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​သည် အလားတူ​သန်စွမ်း​လာနိုင်​သည်။ ဥပမာ၊ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ကောင်းကင်​တရားရုံး​တွင်​ရှိ ယေဟောဝါ​အကြောင်း ဖော်ပြ​ထား​သည့်​မှတ်တမ်း​အမြောက်အမြား​ကို စေ့စေ့​တွေးတော​နိုင်​သည်။ ယင်း​တို့​က ယနေ့ ကမ္ဘာချီ​ပညာပေး​ရေး​လုပ်ငန်း​တွင် မိမိ၏​ကျေးကျွန်​များ​ကို ထောက်ပံ့​ပေး​နေသည့် ကောင်းကင်​ဆိုင်ရာ​အဖွဲ့အစည်း​တစ်ခု ယေဟောဝါ​၌​ရှိ​ထား​ကြောင်း သံသယဝင်​စ​ရာ​အကြောင်း လုံးဝ​မရှိစေ​ပါ။—ဟေရှာယ ၆:၁-၄; ယေဇကျေလ ၁:၄-၂၈; ဒံယေလ ၇:၉၊ ၁၀; ဗျာဒိတ် ၄:၁-၁၁; ၁၄:၆၊ ၇

စာတန်​၏​နည်း​ပရိယာယ်​များ​ကို သတိပြု​လော့!

၁၃။ အမှန်တရား​အပေါ် ကျွန်ုပ်​တို့၏​ကိုင်စွဲ​ထားမှု​ကို အားနည်း​သွားစေရန် မည်သည့်​နည်း​အားဖြင့် စာတန်​ကြိုးစား​သနည်း။

၁၃ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​နှင့် အမှန်တရား​ကိုင်စွဲ​ခြင်း​ကို အားနည်း​သွား​စေသည့် စာတန်​၏​အခြား​နည်းလမ်း​အချို့​ကား အဘယ်နည်း။ ယင်း​တို့​ထဲ​မှ​တစ်ခု​မှာ အကျင့်​ယိုယွင်းခြင်း​ဖြစ်သည်၊ ယင်း​၏​အမျိုးမျိုး​ကွဲပြား​သော ထင်ရှား​ပြသ​သည့်​အရာအားလုံး ပါဝင်​၏။ ယနေ့ လိင်​ရူး​ထ​နေသည့်​လောကတွင် ချစ်​ကြိုက်​မှု​တစ်ခု​ဟု​ခေါ်ဆို​သော​အရာ (ဖောက်ပြန်​ခြင်း​အတွက် စကား​ယ​ဉ်​တစ်လုံး) သို့​မဟုတ် တစ်ည​တာ​ဆက်ဆံမှု (အလေးအနက်​မထား​သော မတရားမေထုန်) တို့​မှာ ဘာပဲ​ဖြစ်ဖြစ် ကောင်းကောင်း​ပျော်ပါး​ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြ​သည့် အပျော်အပါး​ကို​အဓိက​ထားသော လူမျိုးဆက်​တစ်ဆက်​အတွက် သ​မား​ရိုး​ကျ​ဖြစ်လာ​လေ​ပြီ။ ရုပ်ရှင်​များ၊ တီဗွီ​နှင့် ဗီဒီယိုများ​က ဤ​ဘဝ​ပုံစံ​မျိုးကို​မြှင့်တင်​ပေး​သည်။ အ​ပြာ​ဓာတ်​ပုံ​တို့သည် လူထု​ဆက်သွယ်ရေး၊ အထူးသဖြင့် အင်တာနက်​တွင်း​သို့ စိမ့်ဝင်​ပျံ့နှံ့​လေ​သည်။ ဖြားယောင်း​သွေးဆောင်မှု​က စူးစမ်း​လို​သူကို စောင့်မျှော်​နေသည်။—၁ သက်သာလောနိတ် ၄:၃-၅; ယာကုပ် ၁:၁၃-၁၅

၁၄။ ခရစ်ယာန်​အချို့​တို့သည် စာတန့်​နည်း​ပရိယာယ်​များ​၏ သားကောင်​အဖြစ်သို့ အဘယ်ကြောင့် ကျရောက်​သွား​ကြ​သနည်း။

၁၄ ခရစ်ယာန်​အချို့​သည် မိမိတို့၏​စူးစမ်း​လို​စိတ်​ကို ခွင့်ပြု​ထား​ကာ အရှုံးပေး​လိုက်ကြပြီး နူးညံ့​သိမ်မွေ့​သော သို့​မဟုတ် ပီပြင်​သော​အပြာကား​ဆိုင်ရာ​ပုံရိပ်​များ​ကို ကြည့်ရှု​ခြင်း​အားဖြင့် မိမိတို့၏​စိတ်နှလုံး​ကို ညစ်ညမ်း​စေ​ခဲ့​ကြပြီ။ သူတို့သည် စာတန်​၏​ဖြားယောင်း​သွေးဆောင်​သော ထောင်ချောက်​ထဲ​သို့ ကျရောက်​စေရန် မိမိတို့​ကိုယ်ကို​ခွင့်ပြု​လိုက်​ကြ​၏။ ထိုသို့​ပြုခြင်း​က ဝိညာဉ်​ရေးရာ​သင်္ဘော​ပျက်​ခြင်း​သို့ ဦးတည်​စေ​လေ့​ရှိသည်။ ထိုသို့​သော​သူတို့သည် “မတရားသော​အမှုအရာ​၌ နို့စို့​သူငယ်” ဆက်​ဖြစ်​ရန် ပျက်ကွက်​ခဲ့​ကြသည်။ သူတို့သည် “ဉာဏ်​အရာ​၌ အသက်ကြီး​သော​သူ” ဖြစ်​မလာ​ကြ​ချေ။ (၁ ကောရိန္သု ၁၄:၂၀) နှစ်စဉ် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မူများ​နှင့် စံနှုန်း​များ​ကို မလိုက်နာ​ကြ​သည့်​အတွက် ထောင်နှင့်ချီ​သော​သူတို့သည် အ​ခ​ကို​ပေးဆက်​ကြ​ရ၏။ သူတို့သည် မိမိတို့၏ “ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော​လက်နက်စုံ​ကို” ဝတ်ဆင်​ရန်​နှင့် ဆက်​ထိန်းသိမ်း​ထား​ရန် လစ်ဟင်း​ခဲ့​ကြသည်။—ဧဖက် ၆:၁၀-၁၃; ကောလောသဲ ၃:၅-၁၀; ၁ တိမောသေ ၁:၁၈၊ ၁၉

ကျွန်ုပ်​တို့​တွင်ရှိသော​အရာ​ကို တန်ဖိုး​ထား​ပါ

၁၅။ အချို့​တို့​က မိမိတို့၏​ဝိညာဉ်​ရေးရာ​အမွေအနှစ်​ကို တန်ဖိုး​ထား​လေးမြတ်​ရန်​ခက်ခဲ​သည်​ဟု အဘယ်ကြောင့် တွေ့မြင်​ကြ​သနည်း။

၁၅ “သမ္မာတရား​ကိုလည်း​သိ​ကြ​သဖြင့်၊ ထို​တရားသည် သင်တို့ကို​လွှတ်​လိမ့်​မည်” ဟု ယေရှု​မိန့်တော်မူ၏။” (ယောဟန် ၈:၃၂) သက်သေခံ​အများစု​သည် မိမိတို့၏​ယခင်​ဘဝ​ပုံစံ​နှင့် ဘာသာရေး​အသင်းအဖွဲ့​များ​မှ စွန့်ခွာ​ခွဲထွက်​ခဲ့​ကြသည်။ သို့​ဖြစ်၍ သူတို့သည် အမှန်တရားက​ဖြစ်ပေါ်​စေသော လွတ်လပ်မှုကို သာ၍​လွယ်​လင့်​တကူ​တန်ဖိုး​ထား​ကြ​ပေမည်။ အခြား​တစ်ဖက်​တွင်​မူ အမှန်တရား​ထဲ​၌​ရှိကြ​သော​မိဘများ​၏ ကျွေးမွေး​ပြုစု​ခြင်း​ဖြင့်​ကြီးပြင်း​လာ​ကြသော လူငယ်​အချို့​သည် မိမိတို့၏​ဝိညာဉ်​ရေးရာ​အမွေအနှစ်​ကို တန်ဖိုး​ထား​ရန် အခက်တွေ့​ကြ​ပေမည်။ သူတို့သည် မှား​သော​ဘာသာရေး​၏ အစိတ်အပိုင်း​တစ်ခု သို့​မဟုတ် ၎င်း​၏ အပျော်အပါး​လိုက်စားမှု၊ မူးယစ်​ဆေးဝါး​သုံးစွဲမှု​နှင့် အကျင့်​ယိုယွင်းမှု​တို့ကို​အလေးပေး​သော ဤ​လောက​၏​အစိတ်အပိုင်း​တစ်ခု​တွင် မည်သည့်​အခါ​က​မျှ မပါဝင်​ခဲ့​ဖူး​ချေ။ အကျိုးဆက်​အနေ​နှင့် သူတို့သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ပရဒိသု​နှင့် စာတန်​၏​ယိုယွင်းသော​လောက​အကြား လုံးဝ​ကွာခြား​ချက်​ကို တွေ့မြင်​ရန် ပျက်ကွက်​သွား​ကြ​ပေမည်။ အချို့​တို့​မှာ မိမိတို့​လက်လွတ်​သွား​ရာ​ကို သိမြင်​ရန် ဤ​လောက​၏​အဆိပ်အတောက်​ကို မြည်းစမ်း​ကြည့်​ဖို့ ဖြားယောင်း​သွေးဆောင်မှု​ကို အလျှော့ပေး​လိုက်​ကြ​သည့်​အထိ​ပင်​ဖြစ်သည်​တကား!—၁ ယောဟန် ၂:၁၅-၁၇; ဗျာဒိတ် ၁၈:၁-၅

၁၆။ (က) ကျွန်ုပ်​တို့​ကိုယ်ကို မည်သည့်​မေးခွန်းများ မေးသင့်​သနည်း။ (ခ) ကျွန်ုပ်​တို့​ပြုလုပ်​ရန် သွန်သင်​အားပေးခံရ​သည့်​အရာများ​ကား အဘယ်နည်း။

၁၆ နာကျင်မှု​နှင့် ဝေဒနာ​ကို​သိရှိ​ရန် ကျွန်ုပ်​တို့၏​လက်ချောင်း​လေး​များ​ကို မီးရှို့ ကြည့်​ဖို့ အမှန်တကယ်​လိုအပ်​သလော။ အခြား​သူတို့၏ အပျက်သဘော​ပါ​သော​အတွေ့အကြုံ​များ​မှ ကျွန်ုပ်​တို့ သင်​ယူ၍​မရနိုင်​သလော။ တစ်စုံတစ်ခု​ကို ကျွန်ုပ်​တို့ လက်လွတ်၊ မလွတ်​သိမြင်​ရန် ဤ​လောက​၏ “ရွှံ့” ထဲ​သို့ ကျွန်ုပ်​တို့​တစ်ဖန်​ပြန်သွား​ရန် လိုအပ်​မည်​လော။ (၂ ပေတရု ၂:၂၀-၂၂) ယခင်​က စာတန့်​လောက​၏​အစိတ်အပိုင်း​ဖြစ်​ခဲ့​ကြသော ပထမ​ရာစု​ရှိ​ခရစ်ယာန်​များ​ကို ပေတရု​က ဤသို့​သတိပေး​ခဲ့​သည်– “[ပြင်ပ] လူတို့၏​အလို​သို့​လိုက်၍၊ ကိ​လေ​သာ​ညစ်ညူး​ခြင်း၊ ကာ​မတပ်မက်​ခြင်း၊ စပျစ်​ရည်​နှင့်​ယစ်​မူး​ခြင်း၊ ပွဲ​လုပ်ခြင်း၊ သောက်ကြူး​ခြင်း၊ . . . ကိုကိုး​ကွယ်​ခြင်း​၌​ကျင်လည်​၍၊ ငါ​တို့​လွန်​စေပြီး​သော​အသက်​ကာလ​သည် ငါ​တို့အား​လောက်​ပေ​၏။” သေချာ​ပါ​သည်၊ ဘဝတွင်​မည်မျှ​အထိ​ယုတ်ညံ့​နိုင်​ကြောင်း သိမြင်​ရန် ကျွန်ုပ်​တို့သည် ဤ​လောက​၏ “ကာ​မ​ဂုဏ်​၌ လွန်ကျူး​ညစ်ညူး” မှု​ကို တွေ့ကြုံ​ခံစား​ကြည့်​ရန် မလို​အပ်​ချေ။ (၁ ပေတရု ၄:၃၊ ၄) ယင်း​နှင့်​ဆန့်ကျင်​လျက် ကျွန်ုပ်​တို့သည် သမ္မာကျမ်းစာ​ပညာရေး​အတွက် အချက်အချာ​ကျ​သော ကျွန်ုပ်​တို့၏​ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​၌ ယေဟောဝါ​၏​မြင့်မားသော ကျင့်ဝတ်​စံနှုန်း​များ​ကို သွန်သင်ခံ​ရ​ကြသည်။ ထို့​ပြင် ကျွန်ုပ်​တို့​တွင် အမှန်တရား​ရှိကြောင်း၊ သို့​နှင့် အမှန်တရားကို ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဖြစ်စေ​ကြောင်း သက်သေ​ပြဖို့ ကျွန်ုပ်​တို့၏ ဆင်ခြင်​နိုင်စွမ်း​ကို​အသုံးပြုရန် အားပေးခံရ​ကြသည်။—ယောရှု ၁:၈; ရောမ ၁၂:၁၊ ၂; ၂ တိမောသေ ၃:၁၄-၁၇

ကျွန်ုပ်​တို့၏​နာမည်​မှာ အမည်ခံ​အမှတ်အသား​သက်​သက်​မျှ​မဟုတ်

၁၇။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ထိရောက်​သော​သက်သေ​များ မည်သို့​ဖြစ်​နိုင်​ကြ​သနည်း။

၁၇ အမှန်တရားကို ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဖြစ်စေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် သင့်လျော်​သည့်​အချိန်​အခါတိုင်း​တွင် အခြား​သူတို့အား ဝေမျှ​ရန်ရှာ​ကြံ​ပါ​လိမ့်​မည်။ ယင်းက ကျွန်ုပ်​တို့သည် စိတ်ဝင်စားမှု​မပြ​သော​သူတို့အား ထိုသို့​အတင်းအကျပ်​ပြု​ရ​လိမ့်​မည်​ဟု ဆိုလို​နေခြင်း​မဟုတ်​ချေ။ (မဿဲ ၇:၆) ယင်းအစား ယေဟောဝါသက်သေ​များ​အဖြစ် ကျွန်ုပ်​တို့​ကိုယ်ကို ဖော်ပြ​ရန်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ရှက်ရွံ့​လိမ့်​မည်​မဟုတ်​ချေ။လူတစ်ဦး​သည် စိတ်ရင်းမှန်​ဖြင့်​မေးခွန်း​တစ်ခု​မေး​ကာ စိတ်ဝင်စားမှု​အရိပ်​အ​ခြည်​ပြ​မည် သို့​မဟုတ် ကျမ်းစာ​စာပေ​တစ်ခုခု​ကို လက်ခံ​လျှင် ကျွန်ုပ်​တို့သည် မိမိတို့၏​မျှော်လင့်ချက်ကို ဝေမျှ​ရန်​အသင့်ပြင်​ဆင်​ထား​ကြ​ပေမည်။ မှန်ပါသည်၊ ယင်းက ကျွန်ုပ်​တို့သည် မည်သည့်​နေရာတွင်​မဆို—အိမ်​၌၊ လုပ်ငန်းခွင်​၌၊ ကျောင်း​၌၊ စ​တိုး​ဆိုင်​၌ သို့​မဟုတ် အပန်းဖြေ​ရာ​နေရာများ​၌—ရှိနေပါစေ စာပေ​တစ်မျိုး​မျိုး အမြဲ​ရှိ​ထား​ကြ​ရ​ကြောင်းကို ဆိုလို​ပေမည်။—၁ ပေတရု ၃:၁၃-၁၅

၁၈။ ခရစ်ယာန်​များ​အဖြစ် မိမိတို့​ကိုယ်ကို အထင်အရှား​ဖော်ပြခြင်း​က ကျွန်ုပ်​တို့၏​ဘဝတွင် အကျိုးပြုသော​တွန်းအား​တစ်ခု မည်သို့​ဖြစ်​မည်​နည်း။

၁၈ ကျွန်ုပ်​တို့သည် ခရစ်ယာန်​များ​အဖြစ် မိမိတို့​ကိုယ်ကို အထင်အရှား​ဖော်ပြ​ကြသောအခါ စာတန်​၏​မသိမသာ​တိုက်ခိုက်မှု​များ​အပေါ် ကျွန်ုပ်​တို့၏​ကာကွယ်​မှု​ကို ပိုမို​ခိုင်ခံ့​စေ​သည်။ မွေးနေ့ပွဲ​တစ်ခု သို့​မဟုတ် ခရစ္စမတ်​ပါတီ သို့​မဟုတ် ရုံး​အလိုက်​ထီ​ထိုး​မှု​တို့​ရှိလာ​လျှင် လုပ်ဖော်ကိုင်ဖက်​ချင်း​တို့​က “သူ့ကို​သွား​မနှောင့်ယှက်​နဲ့၊ သူက ယေဟောဝါသက်သေ​တစ်ယောက်ပဲ” ဟု​ပြော​ကြလေ့​ရှိ​ပေမည်။ ထို​အကြောင်းကြောင့်​ပင် လူတို့သည် ကျွန်ုပ်​တို့၏​ရှေ့မှောက်​တွင် ယုတ်ညံ့​သော​ပြက်လုံး​များ​ကို ပြောဆို​လို​စိတ်​မရှိ​ဖြစ်​ပေမည်။ သို့​ဖြစ်၍ တမန်​တော်​ပေတရု​က ဤသို့​ထောက်ပြ​ခဲ့​သကဲ့သို့ပင် ကျွန်ုပ်​တို့၏ ခရစ်ယာန်​ရပ်တည်မှု​ကို​သိရှိ​စေခြင်း​က ကျွန်ုပ်​တို့၏​ဘဝတွင် အပြုသဘော​ပါ​သော​တွန်းအား​တစ်ခု​ဖြစ်သည်– “သင်တို့သည် ကောင်းသော​တရားကို​ကျင့်​သော​သူ​ဖြစ်​လျှင် အဘယ်သူ​ညှဉ်းဆဲ​မည်​နည်း။ ဖြောင့်မတ်ခြင်း​တရား​ကြောင့်​ဆင်းရဲခံ​ရ​လျှင်​မူ​ကား မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။”—၁ ပေတရု ၃:၁၃၊ ၁၄

၁၉။ ကျွန်ုပ်​တို့သည် နောက်ဆုံးသော​ကာလ​၏ အတွင်းပိုင်း​ကျ​ကျ​တွင်​ရှိကြောင်း မည်သို့​သိရှိ​ကြ​သနည်း။

၁၉ အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေ​ခြင်း​၏ နောက်ထပ်​အကျိုးကျေးဇူး​ကား ဤ​ကာလ​သည် အစီအစဉ်​စနစ်​၏​နောက်ဆုံး​နေ့ရက်​များ အမှန်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့ကို ယုံကြည်​စိတ်ချ​စေမည်​ဖြစ်သည်။ သမ္မာကျမ်းစာ​၏​ပရောဖက်ပြုချက်​များစွာ​သည် ကျွန်ုပ်​တို့၏​အချိန်တွင် ယင်း​တို့၏​အထွတ်​သို့​ရောက်လာ​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ကြ​မည်။ * “နောင်​ကာလ​သည် ခဲယဉ်း​သော​ကာလ​ဖြစ်​မည်” ဟူသော ပေါလု​၏​သတိပေး​ချက်​ကို လွန်ခဲ့သော​ရာစုနှစ်​၏ ကြောက်မက်​ဖွယ်​ရာ​ကောင်းသော ဖြစ်ရပ်​များ​က ကောင်းစွာ​ထောက်ခံပါ​သည်။ (၂ တိမောသေ ၃:၁-၅; မာကု ၁၃:၃-၃၇) မကြာသေးမီ​က သတင်းစာ​ဆောင်းပါး​တစ်ခု​တွင် ၂၀ ရာစု​နှင့်​ပတ်သက်​၍ “ရိုင်းစိုင်း​ကြမ်းတမ်းသော​ခေတ်​ကာလ​အဖြစ် သတိရ​ကြ​ပေ​ဦး​မည်” ဟူသော​ခေါင်းစီး​ပါရှိ​ခဲ့​သည်။ အဆိုပါ​ဆောင်းပါး​က ဤသို့​ဖော်ပြ​သည်– “လူသတ်မှု​အများဆုံး​ရာစုနှစ်​၏ ဒုတိယ​ထက်ဝက် [၁၉၅၀-၂၀၀၀] တွင် ၁၉၉၉ သည် သေကျေ​မှု​အများဆုံး​နှစ် ဖြစ်​ခဲ့​သည်။”

၂၀။ ယခု​အချိန်​သည် အဘယ်​အမှုကို​ဆောင်ရွက်​ရသည့်​အချိန် ဖြစ်သနည်း။

၂၀ ယခု​အချိန်​သည် တိမ်းယိမ်း​ရမည့်​အချိန်​မဟုတ်ပါ။ လူမျိုးအပေါင်း​တို့​ထံ သက်သေ​အဖြစ် ကမ္ဘာ​တစ်ဝန်းလုံး​တွင် တစ်ခါ​နှင့်​မျှ​မတူ​အောင်​ပြီးမြောက်​လျက်​ရှိသော အကြီးမားဆုံး ကျမ်းစာ​ပညာပေး​လုပ်ငန်း​အပေါ် ယေဟောဝါ​၏​ကောင်းချီး​မှာ ထင်ရှားသော​သက်သေ သာဓက​ဖြစ်၏။ (မဿဲ ၂၄:၁၄) အမှန်တရားကို သင့်ကိုယ်​ပိုင်​ဖြစ်စေ​ပြီး ယင်းကို အခြားသူ​တို့​ထံ​ဝေမျှပါ။ သင်၏​ထာဝရ​အနာဂတ်​မှာ အဘယ်အရာကို သင်​ယခု​ပြုလုပ်​သည်​ဟူ​သည့်​အပေါ် မူတည်​သည်။ လက်​အားလျှော့​ခြင်း​သည် ယေဟောဝါ​၏​ကောင်းချီး​နှင့် ထိုက်တန်​မည်​မဟုတ်​ချေ။ (လုကာ ၉:၆၂) ယင်းအစား ယခု​အချိန်​သည် “သခင်​ဘုရား​၏​အမှုတော်ကို​ဆောင်ရွက်၍ အကျိုး​ကြီး​သည်ကို​သိမှတ်​သဖြင့် တည်ကြည်သော​စိတ်​နှင့်​ပြည့်စုံ​၍၊ မရွေ့လျော့​မတိမ်းယိမ်း​ဘဲ​လျက်၊ သခင်​ဘုရား​၏​အမှုတော်ကို ကြိုးစား​အားထုတ်​ကြ” ရန်​အချိန်​ဖြစ်သည်။—၁ ကောရိန္သု ၁၅:၅၈

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 19 ကင်းမျှော်စင် ၂၀၀၀၊ ဇန်နဝါရီ ၁၅၊ စာမျက်နှာ ၁၂-၁၄ ရှု။ အပိုဒ် ၁၃-၁၈ က ၁၉၁၄ ခုနှစ်​မှ​စ၍ ကျွန်ုပ်​တို့သည် နောက်ဆုံး​နေ့ရက်​များ​တွင် အသက်ရှင်နေ​ရ​ကြောင်း ဖော်ပြ​ပေး​သည့် ခိုင်လုံ​သော​သာဓက​ခြောက်​ခု​ကို သုံးသပ်​ဖော်ပြ​သည်။

သင်​မှတ်မိ​သလော

• ကျွန်ုပ်​တို့သည်​သံသယများ​ကို မည်သို့​ပြေပျောက်​စေနိုင်​သနည်း။

• ဧလိရှဲ​ကျွန်​၏ ပုံ​နမူနာ​မှ ကျွန်ုပ်​တို့ အဘယ်အရာကို​သင်ယူ​နိုင်​သနည်း။

• အဘယ်​ကိုယ်ကျင့်တရား​ဆိုင်ရာ သွေးဆောင်မှုများ​ကို ကျွန်ုပ်​တို့ အမြဲတစေ​ကာကွယ်​ကြ​ရမည်​နည်း။

• ကျွန်ုပ်​တို့သည် မိမိတို့​ကိုယ်ကို ယေဟောဝါသက်သေ​များ​အဖြစ် အဘယ်ကြောင့် အထင်အရှား​ဖော်ပြ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပုံမှန်​ကျမ်းစာ​လေ့လာခြင်း​နှင့် ဆုတောင်းခြင်း​က သံသယများ​ပြေပျောက်​သွား​စေဖို့ ကျွန်ုပ်​တို့ကို ကူညီပေး​နိုင်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဧလိရှဲ​၏​ကျွန်​၌ သံသယများ​ရှိခဲ့​ပြီး အမြင်​အာရုံ​တစ်ခု​အားဖြင့် ဖြေရှင်း​ပေးခြင်း​ခံရ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဘီနင်​ရှိ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​ကဲ့သို့​သော ဤ​နေရာတစ်ခု​တွင် ယေဟောဝါ​၏​မြင့်မားသော ကျင့်ဝတ်​စံနှုန်း​များ​ကို ကျွန်ုပ်​တို့​သွန်သင်​ပေးခြင်း​ခံရ