မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်ပြည့်လွှမ်းသောကမ္ဘာတွင် လုံခြုံမှုတွေ့ ရှိခြင်း

အန္တရာယ်ပြည့်လွှမ်းသောကမ္ဘာတွင် လုံခြုံမှုတွေ့ ရှိခြင်း

အန္တရာယ်​ပြည့်လွှမ်းသော​ကမ္ဘာ​တွင် လုံခြုံမှု​တွေ့ ရှိ​ခြင်း

မိုင်း​ဗုံး​များ​မြှုပ်​ထား​သည့်​နေရာတွင် လမ်းလျှောက်​ရခြင်း​သည် အသက်​အန္တရာယ်​ရှိ​နိုင်​သည်။ သို့သော် မြေ​မြှုပ်​မိုင်း​များ​ရှိသည့်​နေရာကို ပြညွှန်​သည့်​မြေပုံ​တစ်ခု သင်၌​ရှိလျှင်​မူ ထူးခြား​သွား​မည်​မဟုတ်လော။ ထို့​ပြင် သင်သည် မိုင်း​အမျိုးမျိုးကို​ခွဲခြား​တတ်​ရန် လေ့ကျင့်​ခံ​ထား​ရသည်​ဆိုပါစို့။ ရှင်း​နေသည်​မှာ ယင်း​သို့​သော​အသိပညာ​ရှိ​ထားခြင်း​က မသန်မစွမ်း​ဘဝ​ရောက်​ခြင်း သို့​မဟုတ် အသက်ဆုံး​ရခြင်း​အန္တရာယ်​မှ အတော်အတန်​လျော့နည်း​သွား​စေမည်​ဖြစ်သည်။

သမ္မာကျမ်းစာ​ကို မိုင်း​ခွဲခြား​မှု​အတတ်ပညာ သင်ကြား​ပေး​မှု​ပါ​သော​မြေပုံ​နှင့် နှိုင်းယှဉ်​နိုင်​သည်။ သမ္မာကျမ်းစာ​တွင် အန္တရာယ်များ​ကို​ရှောင်ရှား​ခြင်း​နှင့် ဘဝတွင်​ဖြစ်ပေါ်​လာ​သည့် ပြဿနာ​များ​ကို​ကိုင်တွယ်​ဖြေရှင်းခြင်း​ဆိုင်ရာ ထူးကဲ​သာလွန်​သည့်​ဉာဏ်ပညာ​ရှိသည်။

နယပုံပြင် ၂:၁၀၊ ၁၁ (က​ဘ) တွင်​တွေ့ရ​သည့် ဤ​အားတက်ဖွယ်​ကတိတော်​ကို​သတိပြုပါ– “ဉာဏ်ပညာ​သည် သင့်​နှလုံး​ထဲ​သို့​ဝင်၍ အသိပညာ​သည် သင်၏​စိုးလ်​ကိုယ်နှိုက်​အား နှစ်သက်ဖွယ်​ဖြစ်လာ​သောအခါ စဉ်းစား​ဆင်ခြင်​နိုင်သော​စွမ်းရည်​သည် သင့်ကို​စောင့်ရှောက်​၍ ပိုင်းခြား​သိမြင်ခြင်း​သည်လည်း အကာအကွယ်​ပေး​လိမ့်​မည်။” ဤ​တွင်​ဖော်ပြ​ထားသော ဉာဏ်ပညာ​နှင့် ပိုင်းခြား​သိမြင်မှု​တို့သည် လူ့​ရင်းမြစ်​မှ​မဟုတ်ပေ၊ ဘုရားသခင်​ထံ​တော်​မှ​ဖြစ်သည်။ “[ဘုရားသခင့်​ရေးရာ​ဉာဏ်ပညာ] ကို​နားထောင်​သော​သူ​မူ​ကား လုံခြုံစွာ​နေ၍ ဘေး​ကို​မကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်။” (သု. ၁:၃၃) သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့၏​လုံခြုံမှု​ကို မည်သို့​တိုးပွား​စေနိုင်​ပြီး ပြဿနာ​များစွာကို ရှောင်ရှား​နိုင်​ရန်​မည်သို့​ကူညီပေး​နိုင်​ပုံ​ကို ကြည့်​ကြ​စို့။

သေစေနိုင်​သော မတော်တဆ​ထိခိုက်မှု​များ​ကို ရှောင်ရှား​ခြင်း

ကမ္ဘာ့​ကျန်းမာ​ရေး​အဖွဲ့အစည်း (ဒဗလျူ​အိပ်ခ်ျ​အို) မှ​မကြာမီ​က​ထုတ်ပြန်ခဲ့​သော အရေအတွက်​က ယာဉ်တိုက်မှု​ကြောင့် ကမ္ဘာ​တစ်ဝန်း​တွင် နှစ်စဉ်​သေဆုံးမှု ၁,၁၇၁,၀၀၀ ခန့်​ရှိကြောင်း​ဖော်ပြ​သည်။ နောက်ထပ် သန်း ၄၀ နီးပါး​သည် ထိခိုက်​ဒဏ်ရာ​ရရှိကြ​ကာ ၈ သန်း​ကျော်​သည် နာတာရှည်​မသန်မစွမ်း​ဘဝ​ရောက်သွား​ကြသည်။

ယာဉ်မောင်း​နေစဉ် လုံးဝ​အန္တရာယ်ကင်း​ဝေး​ဖို့ မဖြစ်​နိုင်​သော်လည်း ယာဉ်​စည်းကမ်း​များ​ကို​လိုက်နာ​သည့်​အခါ ကျွန်ုပ်​တို့​၌ အတော်အတန် အန္တရာယ်ကင်း​တတ်​သည်။ ယာဉ်​စည်းကမ်း​များ​ကို ချမှတ်​ကာ လိုက်နာ​ရန် ထိန်းပေး​သည့် အစိုးရ​အာဏာပိုင်​များ​အကြောင်း​ပြောဆို​ရာ​တွင် သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို လူတိုင်း​ဝန်ခံ​စေ။” (ရောမ ၁၃:၁) ဤ​အဆုံးအမ​ကို​လိုက်နာ​သည့် ယာဉ်မောင်း​များသည် ထိတ်လန့်ဖွယ်​ရာ​အကျိုးဆက်များ​နှင့်အတူ ယာဉ်​မတော်တဆ​ဖြစ်မှု​အန္တရာယ်ကို လျော့ပါး​စေ​ကြသည်။

အန္တရာယ်ကင်း​စွာ​မောင်းနှင်​ရန်​တိုက်တွန်း​သည့် နောက်ထပ်​အကြောင်း​မှာ အသက်ကို​လေးမြတ်ခြင်း​ကြောင့်​ဖြစ်သည်။ ယေဟောဝါ​ဘုရားသခင်​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​၌ ဤသို့​ဆို​ထား​သည်“ကိုယ်တော်​ထံ​မှာ အသက်​စမ်းရေ​တွင်း​ရှိပါ၏။” (ဆာလံ ၃၆:၉) ထို့​ကြောင့် အသက်သည် ဘုရားသခင်​ပေး​သည့် လက်ဆောင်​ဖြစ်သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် ထို​လက်ဆောင်​ကို တစ်စုံ​တစ်ဦးထံ​မှ​နုတ်ယူ​ရန် သို့​မဟုတ် မိမိတို့​အသက်​အပါအဝင် အသက်ကို​မလေးစားကြောင်း​တင်ပြ​ရန် အခွင့်​မရှိပါ။—ကမ္ဘာဦး ၉:၅၊ ၆

လူ့​အသက်ကို​လေးမြတ်ခြင်း​တွင် ကျွန်ုပ်​တို့၏​ကား​နှင့်​အိမ်ကို အတတ်နိုင်ဆုံး လုံခြုံ​စိတ်ချ​ရစေဖို့ သေချာ​စွာ​ပြုလုပ်ခြင်း​ပါဝင်​သည်။ ရှေး​ဣသရေလ​ပြည်​တွင် အန္တရာယ်ကင်း​ရေး​သည် အသက်တာ​၏​ကဏ္ဍအသီးသီး​တွင် အဓိက​ဦးစားထားရာ​တစ်ခု​ဖြစ်သည်။ ဥပမာ၊ အိမ်တစ်လုံး​ဆောက်​သည့်​အခါ ဘုရားသခင့်​ပညတ်တော်​က အရေးပါသော မိသားစု​လုပ်ဆောင်မှု​ပြု​ရာ​နေရာ​ဖြစ်သည့် အိမ်မိုး​သည် အကာအရံ​ရှိ​ရမည်ဟု တောင်းဆို​ထား​သည်။ “လူသည် အိမ်မိုးပေါ်​က​ကျ၍ လူ​အသက်ကို​သတ်​သော​အပြစ်​မ​ရောက်မည်​အကြောင်း . . . အမိုး​နား​ပတ်လည်​၌ အဆီးအတား​ကို​လုပ်​ရမည်။” (တရားဟောရာ ၂၂:၈) ထို​လုံခြုံရေး​ပညတ်​ကို မ​စောင့်ထိန်း​သောကြောင့် တစ်စုံ​တစ်ယောက်​လိမ့်​ကျ​ခဲ့​လျှင် ပိုင်ရှင်​တာဝန်ဖြစ်​သည်​ဟု ဘုရားသခင်​စီရင်တော်မူ​သည်။ ဤ​ပညတ်တော်​ပါ မေတ္တာပြည့်​ဝ​သော​မူကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် အလုပ်ခွင် သို့​မဟုတ် အပန်းဖြေ​ခြင်း​၌​ပင် မတော်တဆ​ထိခိုက်မှု​များ လျော့နည်းစေ​မည်​မှာ သေချာ​ပါ​သည်။

သေစေ​လောက်​သော​စွဲ​မှုများ​ကို တိုက်လှန်​ခြင်း

ဒဗလျူ​အိပ်ခ်ျ​အို အဆို​အရ ကမ္ဘာ​ပေါ်​တွင် ယခု ဆေးလိပ်​သောက်​သူ သန်း​တစ်ထောင်​ကျော်​ရှိပြီး နှစ်စဉ် လေး​သန်း​ခန့်​သော​သေဆုံး​သူများ​သည် ဆေးလိပ်​ကြောင့်​ဟု ဆိုနိုင်​သည်။ ထို​အရေအတွက်​သည် နောင်​အနှစ် ၂၀ မှ ၃၀ ကျော်​တွင် ၁၀ သန်း​ခန့်​အထိ တိုးလာ​ဖို့​အကြောင်း​ရှိသည်။ အခြားသော​ဆေးလိပ်​သောက်​သူ သန်းပေါင်း​များစွာ​နှင့် “အပျော်” မူးယစ်​ဆေး​သုံးစွဲ​သူသည် ဆေးစွဲ​မှု​ကြောင့် သူတို့၏​ကျန်းမာ​ရေး​နှင့် ဘဝ​အရည်အသွေး​တို့ကို ဖျက်ဆီး​ပစ်​ရာ​ကျ​မည်​ဖြစ်သည်။

ဘုရားသခင့်​နှုတ်မြွက်တော်​က ဆေးလိပ်​သောက်သုံးခြင်း​နှင့် မူးယစ်​ဆေး​အလွဲသုံး​မှု​ကို အတိအကျ​ဖော်ပြ​ထားခြင်း​မရှိ​သော်လည်း ယင်း​၏​မူများ​က ထို​အကျင့်ပါ​မှုများ​မှ ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​နိုင်​သည်။ ဥပမာ၊ ၂ ကောရိန္သု ၇:၁ က​ဤသို့​အကြံပေး​သည်– “ကိုယ်ခန္ဓာ​၏​အညစ်အကြေး၊ စိတ်​ဝိညာဉ်​၏​အညစ်အကြေး​ရှိသမျှ​တို့​နှင့် ကိုယ်ကို​ကိုယ်​ကင်းစင်​စေ​လော့။” ဆေးလိပ်​နှင့် မူးယစ်​ဆေး​များသည် အန္တရာယ်​ဖြစ်စေ​သည့် ဓာတု​ပစ္စည်း​မြောက်မြားစွာ​နှင့် ကိုယ်ခန္ဓာ​ကို​ညစ်ညမ်း​စေ​သည်​မှာ သံသယ​ဖြစ်စရာ​မရှိပေ။ ထို့​ပြင် ဘုရားသခင်​သည် ကျွန်ုပ်​တို့​ကိုယ်ခန္ဓာ​များ​ကို စင်ကြယ်​၍ အညစ်အကြေး​ကင်းစင်​ခြင်း​ဖြစ်သည့် “သန့်ရှင်းခြင်း” ရှိ​ရန်​အလိုရှိ​တော်​မူ​သည်။ (ရောမ ၁၂:၁) ယင်း​မူများ​ကို​လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် လူတစ်ဦး​၏​ဘဝတွင် အန္တရာယ်ကြီး​တစ်ခု လျော့နည်း​သွား​မည်​ဖြစ်​ကြောင်း သင်​သဘောမတူ​ပေ​လော။

အန္တရာယ်​ဖြစ်စေ​သော အကျင့်​များ​ကို ကျော်လွှား​ခြင်း

လူများစွာ​သည် စားသောက်​ရာ​တွင် ချင့်ချိန်မှု​မရှိကြ​ချေ။ အလွန်​အ​ကြူး​စားသောက်ခြင်း​၏​အကျိုးဆက်များ​တွင် ဆီး​ချို​ရောဂါ၊ ကင်ဆာ​ရောဂါ​နှင့် နှလုံး​ရောဂါ​တို့ ပါဝင်​နိုင်​သည်။ အရက်​ကို​အ​လွဲ​အသုံးပြုခြင်းက အရက်စွဲ​ခြင်း၊ အသည်းရောင်​ရောဂါ၊ မိသားစု​ပြိုကွဲခြင်း​နှင့် ယာဉ်တိုက်မှု​များ​ကဲ့သို့​သော ထပ်ဆင့်​ပြဿနာ​များ​ကို ဖြစ်စေ​တတ်​သည်။ အခြား​တစ်ဖက်​တွင် စွဲ​စွဲလမ်း​လမ်း​အစာ​ရှောင်ခြင်း​သည် ဘေး​ဖြစ်​စေနိုင်​ပြီး အစာငတ်ခံ​ရောဂါ​ကဲ့သို့​သော အသက်​အန္တရာယ်​ဖြစ်စေ​သည့် အစားအသောက်​မူမမှန်ခြင်း​ကို ဖြစ်ပေါ်​စေနိုင်​သည်။

သမ္မာကျမ်းစာ​သည် ဆေး​ဘက်​ဆိုင်ရာ​ဖတ်​စာအုပ်​မဟုတ်သော်လည်း စားသောက်ခြင်း​တွင် တော်ရုံ​သင့်​ရုံ​စားသုံးခြင်း​အတွက်​လိုအပ်သော တော်မှန်​ပွင့်လင်း​သည့်​အကြံပြုချက်များ​ကို ပေး​ထား​သည်။ “ငါ့​သား ငါ့​စကား​ကို​နားထောင်​၍ ပညာရှိ​သဖြင့် ကိုယ်​စိတ်နှလုံး​ကို လမ်းမ​၌​ပဲ့ပြင်​လော့။ စပျစ်​ရည်​သောက်ကြူး​သော​သူ၊ အ​မဲ​သားစား​ကြူး​သော​သူတို့ကို အပေါင်းအဖော်​မ​လုပ်​နှင့်။ သောက်ကြူး​သော​သူနှင့် စားကြူး​သော​သူသည် ဆင်းရဲခြင်း​သို့​ရောက်​လိမ့်​မည်။” (သု. ၂၃:၁၉-၂၁) သို့​တိုင် သမ္မာကျမ်းစာ​က စားသောက်ခြင်း​အမှုသည် ပျော်ရွှင်ဖွယ်​ရာ​ဖြစ်​သင့်​သည်​ဟု​ဆို​သည်။ “လူတိုင်း​စားသောက်ခြင်း​ငှာ​လည်းကောင်း၊ မိမိ​ကြိုးစား​အားထုတ်​သမျှ​သော​အမှု၌ ပျော်မွေ့ခြင်း​ငှာ​လည်းကောင်း ဘုရားသခင်​၏​ကျေးဇူးတော်​ကြောင့်​သာ အခွင့်​ရှိ၏။”—ဒေ. ၃:၁၃

“[ကိုယ်ခန္ဓာ] ဆိုင်ရာ​လေ့ကျင့်မှု​သည် အကျိုးပေး​သင့်​သလော​က်​ပေး” ကြောင်း​အခိုင်အမာ​ဆို​လျက် ကာယ​လေ့ကျင့်ခန်း​နှင့်​စပ်လျဉ်း၍ မျှတ​သည့်​သဘောထား​ရှိ​ရန်​လည်း သမ္မာကျမ်းစာ​က အားပေး​တိုက်တွန်း​ထား​သည်။ သို့သော် ယင်းက​ဤသို့​ထပ်​ဆို​သည်– ‘ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​မူ​ကား ယခု​ဘဝ၊ နောင်​ဘဝ​အတွက် များစွာသော​ကျိုး​ကို​ပေး​၏။’ (၁ တိမောသေ ၄:၈၊ ၉) ‘ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​သည် ယခု​ပင် မည်သို့​အကျိုး​ရရှိစေ​မည်​နည်း’ ဟု​သင်​မေး​ပေမည်။ နည်းလမ်း​များစွာ​ဖြင့်​ဖြစ်သည်။ လူတစ်ဦး​၏​အသက်တာတွင် အရေးပါသော​ဝိညာဉ်​ရေး​သရုပ်သကန်​ကို ထပ်ဆင့်​ပေးခြင်း​ဖြင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​က ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း​နှင့်​ချုပ်တည်း​ခြင်း​တို့​ကဲ့သို့​သော အကျိုးပြုသော​အရည်အသွေးများ​ကို ပြုစု​ပျိုးထောင်​ပေး​သည်—ယင်း​တို့အားလုံး​က အပြုသဘော​အမြင်​နှင့်​ကောင်းသော​ကျန်းမာ​ရေး​ကို​ဖြစ်စေ​သည်။—ဂလာတိ ၅:၂၂၊ ၂၃

အကျင့်​ယိုယွင်းခြင်း​၏ ခါးသီး​သော​အကျိုးဆက်များ

ယနေ့ သန်းပေါင်း​များစွာသော​သူတို့သည် ကိုယ်ကျင့်တရား​ဆိုင်ရာ အချုပ်​အ​ချယ်​မှန်သမျှကို ပစ်ပယ်​ထား​ကြသည်။ အေအိုင်ဒီအက်စ်​ကပ်ရောဂါ​သည် အကျိုးဆက်များ​ထဲ​မှ​တစ်ခု​ဖြစ်သည်။ ဒဗလျူ​အိပ်ခ်ျ​အို အဆို​အရ ၁၆ သန်း​ကျော်​သည် အေအိုင်ဒီအက်စ်​ကပ်ရောဂါ စတင်​ဖြစ်​ကတည်းက သေဆုံး​ကြ​ရပြီး လက်ရှိ​တွင် ၃၄ သန်း​ခန့်​သည် အေအိုင်ဒီအက်စ်​ရောဂါ​ဖြစ်စေ​သည့် ဗိုင်းရပ်စ်​ပိုး​ဖြစ်သော အိပ်ခ်ျအိုင်ဗွီ ကူးစက်​ခံ​ထား​ရသည်။ အေအိုင်ဒီအက်စ်​ရောဂါ ခံစား​ရသူ​အများစုမှာ တွေ့​က​ရာ​လူ​နှင့်​လိင်ဆက်ဆံခြင်း၊ မူးယစ်​ဆေးစွဲ​နေ​သူများ​အသုံးပြု​သော ညစ်ညမ်း​သည့်​ဆေးထိုး​ပြွန်​များ၊ သို့​မဟုတ် ရောဂါ​ပါ​သည့်​သွေးသွင်း​မိ​ခြင်း​ကြောင့် ရောဂါစွဲ​ကပ်​ခြင်း​ဖြစ်သည်။

ကိုယ်ကျင့်တရား​လျော့ရဲခြင်း​၏​အခြား​အကျိုးဆက်များ​မှာ ရေ​ယုန်၊ ဂ​နို၊ အသည်းရောင်​ရောဂါ ဘီ၊ စီ​နှင့် ဆစ်​ဖလ​စ်​ရောဂါ​တို့​ဖြစ်သည်။ ထို​ကဲ့သို့​သော​ဆေးပညာ​ဆိုင်ရာ​အသုံးအနှုန်း​များ​ကို ကျမ်းစာ​ခေတ်တွင် အသုံးပြုခြင်း​မရှိခဲ့​သော်လည်း တစ်စုံတစ်ရာ​သော လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​ကြောင့် ထိခိုက်​ခံရ​သည့်​အင်္ဂါများ​ကို ထို​အချိန်​က လူအများ​သိခဲ့​ကြသည်။ ဥပမာ၊ နယပုံပြင် ၇:၂၃၊ (သမ္မာ) တွင် ‘အသည်း​ကို မြား​ခွင်း​ခြင်း’ အဖြစ် မတရားမေထုန်​မှီဝဲခြင်း​၏ ကြောက်မက်​ဖွယ်​အကျိုးဆက်ကို ဖော်ပြ​ထား​သည်။ အသည်းရောင်​ရောဂါ​ကဲ့သို့​ပင် ဆစ်​ဖလ​စ်​ရောဂါ​သည် အများအားဖြင့် အသည်း​ကို​ထိခိုက်​သည်။ မှန်ပါသည်၊ ခရစ်ယာန်​များ ‘အသွေး​နှင့် မတရားမေထုန်​ကို​ကြ​ဉ်​ရှောင်’ ရန်​ဟူသော သမ္မာကျမ်းစာ​၏​အကြံပြုချက်​သည် အချိန်သင့်​အခါသင့်​ဖြစ်​ကာ မေတ္တာပါ​လှ​သည်​တကား!—တမန်​တော် ၁၅:၂၈၊ ၂၉

ငွေ​ကို​တပ်မက်​ခြင်း​၏​ကျော့ကွင်း

လျင်မြန်​စွာ​ချမ်းသာ​ကြွယ်ဝ​ရန် ကြိုးစား​အားထုတ်​ရာ​တွင် များစွာသော​သူတို့သည် မိမိတို့​ငွေ​နှင့် ကြီးမားသော​အရဲစွန့်​မှုများ​ကို​ပြုလုပ်​ကြသည်။ ဝမ်းနည်းစရာမှာ ထိုသို့​သော​စွန့်စားမှု​များသည် ငွေကြေး​ဆုံးရှုံးမှု သို့​မဟုတ် ပျက်စီးမှု​ကို ဖြစ်စေ​လေ့​ရှိသည်။ သို့ရာတွင် သမ္မာကျမ်းစာ​က ဘုရားသခင်​၏​ကျေးကျွန်​များ​ကို ဤသို့​ဆို​သည်– “ဆင်းရဲသော​သူအား ပေးကမ်း​ဝေငှ​ရန်​ရှိစေ​ခြင်း​ငှာ၊ မိမိ​လက်​နှင့် ကောင်းသော​အလုပ်ကို လုပ်ဆောင်​အားထုတ်​စေ။” (ဧဖက် ၄:၂၈) မှန်ပါသည်၊ အလုပ်​ကြိုးစား​သူသည် အမြဲ​ပင် ချမ်းသာ​ကြွယ်ဝ​လာ​မည်​တော့​မဟုတ်ပါ။ သို့​တိုင် သူသည် စိတ်​ငြိမ်သက်ခြင်း၊ ကိုယ့်​သိက္ခာ​ကိုယ်​လေးစားခြင်း​နှင့် မွန်မြတ်သော​အရေးကိစ္စ​တစ်ခု​အတွက် လှူဒါန်း​နိုင်​သည့် စုဆောင်း​ငွေ​များ​ပင်​ရှိ​ကောင်း​ရှိ​ပေမည်။

သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– “ငွေ​ရ​တတ်​ခြင်း​ငှာ​အလိုရှိ​သော​သူတို့သည် အပြစ်​သွေးဆောင်ခြင်း၊ ဖမ်းမိ​ခြင်း၊ မိုက်မဲ​ဖျက်ဆီး​တတ်သော​တပ်မက်​ခြင်း​များ​ထဲ​သို့ ကျရောက်​တတ်ကြ​၏။ ထို​သူတို့အား​ဖြင့် လူတို့သည် အကျိုး​နည်း​ခြင်း၊ ပျက်စီးခြင်း​၌​နစ်မွန်း​တတ်ကြ​၏။ အကြောင်း​မူ​ကား၊ ငွေ​ကို​တပ်မက်​ခြင်း​သည် မကောင်းသော​အမှု​အပေါင်းတို့တွင် မူလအမြစ်​ဖြစ်​သတည်း။ လူ​အချို့​တို့သည် ငွေ​ကို​တပ်မက်သော​ကြောင့် . . . ပူပန်ခြင်း​ဝေဒနာ​များနှင့် ကိုယ်ကို​ကိုယ်​ထုတ်ချင်း​ခပ်​အောင်​ထိုး​ကြပြီ။” (၁ တိမောသေ ၆:၉၊ ၁၀) “ငွေ​ရ​တတ်​ခြင်း​ငှာ​အလိုရှိ​သော​သူ” များစွာတို့သည် ချမ်းသာ​ကြွယ်ဝ​အောင်​ပြုလုပ်​ကြသည်​မှာ ငြင်းဆို​ဖွယ်​ရာ​မရှိပါ။ သို့သော် အဘယ်​အဖိုးအခ​ပေး​ရသနည်း။ မိမိတို့၏​ကျန်းမာ​ရေး၊ မိသားစု​ရေး၊ ဝိညာဉ်​ရေး​နှင့် အိပ်ရေးပျက်​ခြင်း​တို့​ပင်မ​ဟုတ်​ပေ​လော။—ဒေ. ၅:၁၂

ပညာ​ရှိသော​ပုဂ္ဂိုလ်​တစ်ဦး​က “စည်းစိမ်​ရှိသော်လည်း စည်းစိမ်​၌​အသက်​မတည်” ကြောင်း ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၂:၁၅) ငွေကြေး​နှင့် အခြားသော​စည်းစိမ်ဥစ္စာ​များသည် လူ့​ဘောင်​အဖွဲ့အစည်း​အများစု​တွင် လိုအပ်​ပါ​သည်။ သမ္မာကျမ်းစာ​က “ငွေ​သည် ကွယ်ကာ​တတ်၏” ဟု​ဆို​၏၊ သို့သော် “ပညာ​အတတ်​သည် အဘယ်​သို့​မြတ်​သနည်း​ဟူ​မူ​ကား ပညာ​အတတ်ကို​ရသော​သူသည် အသက်ကို​လည်း​ရ​တတ်၏” ဟူ၍​ထပ်ဆင့်​ဖော်ပြ​သည်။ (ဒေ. ၇:၁၂) ငွေ​နှင့်​မတူဘဲ တိကျ​မှန်ကန်သော​အသိပညာနှင့် ဉာဏ်ပညာ​သည် ကျွန်ုပ်​တို့ကို အခြေအနေ​အားလုံး​တွင် ကူညီပေး​နိုင်​သည်၊ သို့သော် အထူးသဖြင့် ကျွန်ုပ်​တို့​အသက်တာကို အကျိုးပြုသော​ကိစ္စရပ်​များ​တွင်​ဖြစ်သည်။—သု. ၄:၅-၉

ဉာဏ်ပညာ​တစ်ခု​တည်း​က ကျွန်ုပ်​တို့အား​ကွယ်ကာ​သည့်​အခါ

မကြာမီ ဆိုးယုတ်မှု​များ​ကို ဘုရားသခင်​ဖျက်ဆီး​သည့်​အခါ စစ်မှန်သော​ဉာဏ်ပညာ​သည် တစ်ခါမျှ​မဖြစ်ခဲ့​ဖူး​သေး​သည့်​နည်းလမ်း​ဖြင့် ‘၎င်းကို​ရသော​သူများကို အသက်ချမ်းသာ​ရစေ’ မည်—အလျင်အမြန်​ချဉ်းကပ်​လာ​နေသော “ကြီးစွာသောဒုက္ခ” တစ်လျှောက် ကာကွယ်​ပေး​မည်။ (မဿဲ ၂၄:၂၁) ထို​အချိန်တွင် လူများ​သည် သမ္မာကျမ်းစာ​ဆို​သည့်​အတိုင်း သူတို့​ငွေ​များ​ကို “ညစ်ညူး​သော​အရာ” ကဲ့သို့​လမ်းပေါ်​သို့​ပစ်လိုက်​ကြ​မည်​ဖြစ်သည်။ အဘယ်ကြောင့်​နည်း။ ‘ယေဟောဝါ​၏​အမျက်ထွက်​တော်​မူ​ရာ​ကာလ’ တွင် ထို​ရွှေငွေ​သည် သူတို့ကို​ကယ်တင်ခြင်း​ငှာ မတတ်နိုင်​ကြောင်း ခါးသီး​စွာ​တွေ့ကြုံ​ရမည်​ဖြစ်သော​ကြောင့်​ပင်။ (ယေဇကျေလ ၇:၁၉) အခြား​တစ်ဖက်​တွင်​မူ မိမိတို့​အသက်တာတွင် ဝိညာဉ်​ရေးရာ​အကျိုး​စီးပွား​များ​ကို ရှေ့​ဦး​ထားခြင်း​ဖြင့် ပညာရှိ​စွာ​နှင့် ‘ကောင်းကင်​ဘဏ္ဍာ​ကို​ဆည်းပူး’ ခဲ့​ကြ​သည့် “လူအုပ်ကြီး” သည် စိတ်ချ​ရသော​ရင်းနှီး​မြှုပ်နှံ​မှု​မှ အကျိုး​ခံစားရ​မည်​ဖြစ်​ကာ မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​ရရှိကြ​မည်​ဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၄; ၂၁:၃၊ ၄; မဿဲ ၆:၁၉၊ ၂၀

ထို​လုံခြုံ​သော​အနာဂတ်​ကို ကျွန်ုပ်​တို့​မည်သို့​ရရှိနိုင်​မည်​နည်း။ ယေရှု​က ဤသို့​အဖြေပေး​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) သန်းပေါင်း​များစွာ​သည် ထို​အသိပညာကို ဘုရားသခင့်​နှုတ်မြွက်တော် သမ္မာကျမ်းစာ​မှ​ရရှိ​ကြသည်။ ထိုသို့​သော​သူများ​သည် အနာဂတ်​အတွက် အံ့ဖွယ်​မျှော်လင့်ချက်​ရရှိကြ​ရုံ​သာမက ယခု​ပင် ငြိမ်သက်မှု​နှင့် လုံခြုံမှု​ကိုလည်း အတိုင်းအတာ​တစ်ခု​အထိ ခံစား​ကြ​ရသည်။ ၎င်း​သည် ဆာလံဆရာ​ဖော်ပြ​ခဲ့​သကဲ့သို့ပင်​ဖြစ်သည်– “ငြိမ်​ဝပ်​စွာ​အိပ်​၍​ပျော်​ပါ​မည်။ အကြောင်း​မူ​ကား အကျွန်ုပ်သည် လုံခြုံစွာ​နေရ​သော​အခွင့်​ကို ကိုယ်တော်​အရှင်​ထာဝရ​ဘုရား​သာ​လျှင် အခွင့်ပေး​တော်​မူ​၏။”—ဆာလံ ၄:၈

သမ္မာကျမ်းစာ​လုပ်ဆောင်​သကဲ့သို့ သင့်​ကျန်းမာ​ရေး​နှင့်​အသက်တာကို အန္တရာယ်​လျော့နည်း​အောင်​ကူညီပေး​နိုင်​သည့် အခြား​အချက်အလက်​ရင်းမြစ်​တစ်ခုခု​ကို သင်​စဉ်းစား​နိုင်​ပါသလော။ သမ္မာကျမ်းစာ​အခွင့်အာဏာ​ရှိသကဲ့သို့ အခြား​မည်သည့်​စာအုပ်​မျှ မရှိပါ၊ အခြား​မည်သည့်​စာအုပ်​မျှ မျက်မှောက်ခေတ် အန္တရာယ်​ပြည့်လွှမ်းသော​ကမ္ဘာ​တွင် စစ်မှန်သော​လုံခြုံမှု​ကို​တွေ့ရှိ​ရန် ကူညီပေး​နိုင်စွမ်း​မရှိပါ။ ၎င်းကို​ပို​၍ ဆန်းစစ်​ကြည့်​ပါ​လေ။

[စာမျက်နှာ ၆ ပါ လေး​ထော​ကွက်/ ရုပ်ပုံ]

သာ၍​ကောင်းသော ကျန်းမာ​ရေး​နှင့်​လုံခြုံရေး​—သမ္မာကျမ်းစာ​အားဖြင့်

ဂျေးန် *အမည်​ရှိ အမျိုးသမီးငယ်​တစ်ဦး​သည် ဘဝ၏​ဖြစ်ရပ်မှန်များ​မှ​လွတ်မြောက်​ရန် ဆေးခြောက်၊ ဆေး​ရွက်​ကြီး၊ ကို​ကင်း၊ အမ်​ဖီ​တာ​မင်း၊ အယ်​လ်​အက်စ်​ဒီ​နှင့် အခြား​မူးယစ်​ဆေး​များ​ကို စွဲ​သုံးခဲ့​သည်။ အရက်ယမကာ​ကိုလည်း အလွန်အကျွံ​သောက်​ခဲ့​သည်။ ဂျေးန်​အဆို​အရ သူ၏​ခင်ပွန်း​သည်လည်း အလားတူ​အခြေအနေ​၌​ရှိသည်။ သူတို့၏​အနာဂတ်​ကား ရတက်မအေး​စ​ရာ​ပင်။ ၎င်းနောက်​တွင် ဂျေးန်​သည် ယေဟောဝါသက်သေ​များနှင့် အဆက်အသွယ်​ရခဲ့​သည်။ ခရစ်ယာန်​စည်းဝေးများ​ကို​စတင်​တက်ရောက်​ပြီး ကင်းမျှော်စင်​နှင့် ယင်း​၏​တွဲဖက်​မဂ္ဂဇင်း​ဖြစ်သော နိုးလော့! ကို​စတင်​ဖတ်ရှု​ကာ ယင်း​တို့ကို ခင်ပွန်း​ဖြစ်သူ​အား​ဝေမျှ​ခဲ့​သည်။ သူတို့​နှစ်ဦးစလုံး​သည် ယေဟောဝါသက်သေ​များနှင့် ကျမ်းစာ​စတင်​လေ့လာ​ခဲ့​သည်။ ယေဟောဝါ​၏ မြင့်မားသော​စံနှုန်း​များ​ကို လေးမြတ်မှု​တိုးပွား​လာ​သည်​နှင့်​အမျှ သူတို့သည် စွဲ​နေသည့်​အရာအားလုံးကို ဖြတ်ပစ်​ခဲ့​ကြသည်။ ရလဒ်​ကား​အဘယ်နည်း။ နှစ်​အနည်းငယ်​ကြာပြီးနောက် ဂျေးန်​က ဤသို့​ရေးခဲ့​သည်– “ကျွန်မ​တို့​ရဲ့​အသက်တာ​အသစ်​က ရွှင်လန်းမှုများ​စွာ​ကို ဆောင်ကြဉ်း​ပေး​တယ်။ ကိုယ်တော့်​စကားတော်​ရဲ့ သန့်စင်ပေး​နိုင်စွမ်း​နဲ့ အခု​ကျွန်မ​တို့​ရရှိနိုင်​တဲ့ လွတ်မြောက်မှု​ပေး​ပြီး ကျန်းမာ​တဲ့​အသက်တာ​အတွက် ယေဟောဝါ​ကို အရမ်း​ကျေးဇူး​တင်​ပါ​တယ်။”

ကွန်ပျူတာ​နည်း​စနစ်​များ​ကို ကြည့်ရှု​စောင့်ရှောက်​သည့်​အလုပ်လုပ်​ကိုင်​သူ ကာ့သ်​၏​အဖြစ်အပျက်​မှ ရိုးသား​သော​အလုပ်သမား​တစ်ဦး၏​တန်ဖိုး​ကို ကောင်းစွာ​ဖော်ပြ​သည်။ ပစ္စည်း​ကိရိယာ​အသစ်များ​လိုအပ်​သဖြင့် ကာ့သ်​၏​အလုပ်ရှင်​က ဈေးနှုန်း​ချိုသာ​စွာ​နှင့် ရှာ​ရန်​တာဝန်​ကို သူ့​အား​လွှဲအပ်​ခဲ့​သည်။ ကာ့သ်​သည် သင့်တော်​သော​ပစ္စည်း​ရော​င်း​သည့်​နေရာကို​တွေ့ ရှိ​ကာ ဈေးနှုန်း​အတွက် သဘောတူညီ​မှု​ရခဲ့​သည်။ သို့ရာတွင် ပစ္စည်း​ရော​င်း​သည့်​စာရေး​သည် သဘောတူ​ထား​သည့်​ဈေးနှုန်း​ထက် အမေရိကန်​ဒေါ်လာ ၄၀,၀၀၀ နီးပါး​လျော့​၍ ဈေးနှုန်း​ကို မှားယွင်းစွာ​ရေးသားခဲ့​သည်။ အမှား​ကို​သတိပြုမိ​ခြင်း​ကြောင့် ကာ့သ်​သည်​ကုမ္ပဏီ​ကို​ပြောပြ​ရာ မန်နေဂျာ​က သူ၏​လုပ်ငန်း​သက်တမ်း ၂၅ နှစ်​အတွင်း ဤ​ကဲ့သို့​သော​ရိုးသားမှု​မျိုးကို​မ​တွေ့ ဖူး​ကြောင်း ပြော​ခဲ့​သည်။ သူ၏​ကိုယ်ကို​ကိုယ်​သိသောစိတ်​သည် သမ္မာကျမ်းစာ​အားဖြင့်​ပုံသွင်း​ခံ​ထား​ကြောင်း ကာ့သ်​က​ရှင်းပြ​ခဲ့​သည်။ ရလဒ်​အနေ​နှင့် မန်နေဂျာ​သည် လုပ်ဖော်ဆောင်ဖက်​များ​ကို​ပေး​နိုင်​ရန် အလုပ်အကိုင်​တွင်​ရိုးသားမှု​နှင့်​သက်ဆိုင်​သည့် နိုးလော့! အ​စောင် ၃၀၀ ကို တောင်းခံ​ခဲ့​သည်။ ကာ့သ်​အတွက်​မူ သူ၏​ရိုးသားမှု​က ရာထူးတက်​စေ​ခဲ့​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 30 အမည်များ​ကို​ပြောင်း​ထား​သည်။

[Caption on page 7]

“ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင် . . . သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။”—ဟေရှာယ ၄၈:၁၇