အန္တရာယ်များကြား အသက်ရှင်ခြင်း
အန္တရာယ်များကြား အသက်ရှင်ခြင်း
“သင့်နေ့စဉ်ဘဝတွင် အိပ်စက်ခြင်းအပါအဝင် သင်လုပ်ဆောင်သည့် နောက်ဆုံးအရာတစ်ခုသည်ပင် အန္တရာယ်နှင့်မကင်းပေ။” —ဒစ္စကာဗာမဂ္ဂဇင်း။
အချိန်မရွေး အမှတ်မထင် ထိခိုက်ဒဏ်ရာရတတ် သို့မဟုတ် သေဆုံးတတ်လေ့ရှိသည့်အတွက် အသက်တာဘဝကို မိုင်းဗုံးများမြှုပ်ထားသည့်နေရာတစ်လျှောက် လမ်းလျှောက်နေခြင်းနှင့် နှိုင်းယှဉ်ထားသည်။ အန္တရာယ်ဖြစ်စေသောအကြောင်းများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားမှုရှိသည်။ ယင်းတို့တွင် ယာဉ်တိုက်မှုများ၊ ပြည်တွင်းစစ်၊ အစာခေါင်းပါးခြင်း၊ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊ နှလုံးရောဂါနှင့် အခြားအရာမြောက်မြားစွာပါဝင်သည်။ ဥပမာ၊ ဆာဟာရတောင်ပိုင်း အာဖရိကဒေသတွင် အေအိုင်ဒီအက်စ်သည် နံပါတ်တစ်လူသတ်ကောင်ဖြစ်လျက်ရှိသည်။ မကြာသေးမီနှစ်က “အာဖရိကပြည်တွင်းစစ်အားလုံးကြောင့်သေဆုံးခဲ့သူများ၏ ၁၀ ဆဖြစ်သော ၂.၂ သန်း၏အသက်ကိုခြွေယူခဲ့သည်” ဟု ယူ.အက်စ်. သတင်းနှင့် ကမ္ဘာ့မှတ်တမ်း ကဆိုသည်။
ဤအချိန်အတောအတွင်း ကမ္ဘာသည် အသက်ရှည်ရှည်နေရရေးနှင့် ဖျားနာမှု၊ မသန်မစွမ်းဖြစ်မှု၏အန္တရာယ်လျော့ချရေးအတွက် ငွေသန်းပေါင်းများစွာကိုသုံးစွဲလျက်ရှိသည်။ သင့်တင့်လျောက်ပတ်စွာ စားသောက်ခြင်းအကျင့်နှင့် ကိုယ်ခန္ဓာလေ့ကျင့်ခန်းကဲ့သို့သော အယူအဆများကို အားပေးခဲ့သည့်အတွက် ကောင်းကျိုးအချို့ ဖြစ်ထွန်းနိုင်ပါသည်။ သို့ရာတွင် ပို၍အန္တရာယ်ကင်းကာ လုံခြုံသောအသက်တာဘဝကိုခံစားရန် သင့်အားအကူအညီပေးနိုင်သည့် ဘဝ၏အရေးပါသောကဏ္ဍအသီးသီးဆိုင်ရာ ယုံကြည်အားကိုးထိုက်သောအချက်အလက် ရင်းမြစ်တစ်ခုရှိပါသည်။ ထိုရင်းမြစ်မှာ သမ္မာကျမ်းစာဖြစ်သည်။ ၎င်းတွင် ကျွန်ုပ်တို့၏ ကျန်းမာရေးနှင့် ကောင်းကျိုးချမ်းသာကိုထိခိုက်စေသည့် စိုးရိမ်မကင်းဖြစ်စရာအဖုံဖုံကို
ကိုင်တွယ်ဖြေရှင်းရန် လမ်းညွှန်ချက်များပါရှိသည်။ သမ္မာကျမ်းစာသည် ပြဿနာတိုင်းကို အသေးစိတ် ဖြေရှင်းမပေးသည်မှာ မှန်ပါသည်။ သို့တိုင် ယင်းသည် စားသောက်ခြင်းအကျင့်၊ ကာယလေ့ကျင့်ခန်း၊ စိတ်နေသဘောထား၊ လိင်၊ အရက်သောက်ခြင်း၊ ဆေးရွက်ကြီးသုံးခြင်း၊ အပန်းဖြေခြင်းဟုခေါ်သည့် မူးယစ်ဆေးသုံးစွဲခြင်းနှင့် အခြားအရာမြောက်မြားစွာကဲ့သို့သော ကိစ္စရပ်များတွင် ကျွန်ုပ်တို့ကို လမ်းပြညွှန်ကြားပေးရန် အလွန်ကောင်းသည့်မူများကိုပေးထားသည်။
လူများစွာတို့၏အသက်တာဘဝသည် မရေရာသော ငွေကြေးကိစ္စများနှင့် ဝန်ပိလျက်ရှိသည်။ ဤတွင်လည်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုကူညီပေးသည်။ ထိုတွင် ငွေကြေးနှင့် ငွေကြေးစီမံခန့်ခွဲမှုကို ပညာရှိစွာရှုမြင်ရန် အားပေးတိုက်တွန်းရုံသာမက သာ၍ကောင်းသောအလုပ်သမား သို့မဟုတ် အလုပ်ရှင်တစ်ဦး မည်သို့ဖြစ်နိုင်ကြောင်းကိုလည်း တင်ပြထားသည်။ ရိုးရှင်းစွာပြောရလျှင် သမ္မာကျမ်းစာသည် ငွေကြေးလုံခြုံမှုနှင့် ကာယရေးကောင်းကျိုးအတွက်သာမက အသက်တာဘဝကိုယ်နှိုက်အတွက် လျောက်ပတ်မှန်ကန်သောလမ်းညွှန်ဖြစ်သည်။ ယနေ့အတွက် သမ္မာကျမ်းစာ မည်သို့လက်တွေ့ကျသည်ကို သင်သိရှိလိုပါသလော။ ကျေးဇူးပြု၍ ဆက်ဖတ်ကြည့်ပါလေ။