မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်တော့်အမျက်တော်နေ့မရောက်မီ ယေဟောဝါကိုရှာကြလော့

ကိုယ်တော့်အမျက်တော်နေ့မရောက်မီ ယေဟောဝါကိုရှာကြလော့

ကိုယ်တော့်​အမျက်တော်နေ့​မရောက်မီ ယေဟောဝါ​ကို​ရှာ​ကြလော့

“ယေဟောဝါ​ကို ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့​ခြင်း​ကို ရှာ​ကြလော့။ ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။”—ဇေဖနိ ၂:၃၊ က​ဘ။

၁။ ပရောဖက်ပြု​လုပ်ငန်း​ကို ဇေဖနိ​စတင်​သောအခါ ယုဒပြည်​၏​ဝိညာဉ်​ရေး​အခြေအနေ​ကား မည်သို့​ရှိခဲ့​သနည်း။

ဇေဖနိ​သည် ယုဒပြည်​သမိုင်း​၏ အရေးတကြီး​အချိန်တွင် သူ၏​ပရောဖက်ပြု​လုပ်ငန်း​ကို​စတင်​ခဲ့​သည်။ လူမျိုးတော်​၏​ဝိညာဉ်​ရေး​အခြေအနေ​မှာ ကျဆင်း​နေခဲ့​သည်။ လူတို့သည် ယေဟောဝါ​အား​ယုံကြည်​ကိုးစား​ကြ​မည့်​အစား လမ်းညွှန်မှု​ရဖို့​အတွက် အယူမှား​ယဇ်ပုရောဟိတ်​များနှင့် နက္ခတ်​ဗေဒ​ပညာရှင်​များ​ကို မျှော်ကိုး​ခဲ့​ကြသည်။ တိုင်းပြည်​အတွင်း ဗာလ​ဝတ်ပြုရေး​နှင့် ၎င်း​၏​မျိုးအောင်​အခမ်းအနား​များ ပျံ့နှံ့​ခဲ့​သည်။ ပြည်​သူ့​ခေါင်းဆောင်​များ—မင်း​ညီ​မင်းသားများ၊ မှူးမတ်များ​နှင့် တရားသူကြီး​များ—သည် အကာအကွယ်​ပေး​ရမည့်​သူများကို​ပင် ဖိနှိပ်​ချုပ်ချယ်​လျက်​ရှိကြသည်။ (ဇေဖနိ ၁:၉; ၃:၃) ယေဟောဝါ​သည် ‘ကိုယ်တော်​၏​လက်ကို​ဆန့်တန်း’ ပြီး​ယုဒပြည်​နှင့် ယေရုရှလင်​မြို့ကို​ဖျက်ဆီး​ပစ်​ဖို့ ဆုံးဖြတ်​ခဲ့​ခြင်း​မှာ အံ့ဩစရာ​မဟုတ်​ချေ!—ဇေဖနိ ၁:၄

၂။ ယုဒပြည်​ရှိ ဘုရားသခင့်​သစ္စာရှိ​ကျေးကျွန်​များ​အတွက် အဘယ်​မျှော်လင့်ချက်​ရှိခဲ့​သနည်း။

သို့သော် အခြေအနေ​မည်မျှ​ဆိုးဝါး​နေခဲ့​ပါစေ မျှော်လင့်ချက်​ရောင်ခြည်​ရှိသည်။ ယခု အာမုန်​၏​သားတော် ယောရှိ​နန်းထိုင်​နေပြီ။ ယောရှိ​သည် လူငယ်လေး​တစ်ဦးမျှ​သာ​ဖြစ်သော်လည်း ယေဟောဝါ​အား​အမှန်ချစ်​မြတ်နိုး​ခဲ့​သည်။ ဘုရင်​အသစ်​က ယုဒပြည်​တွင် စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်​ပေး​မည်​ဆိုပါ​က ဘုရားသခင်​အား​သစ္စာရှိ​စွာ​ဝတ်ပြု​နေကြ​သူ လူနည်းစု​အတွက် အားရှိစရာ​ပါ​တကား! အခြားသူများ​လည်း သူတို့နှင့်​ပူးပေါင်း​ရန် လှုံ့ဆော်​ခံရ​ပြီး ယေဟောဝါ​၏​အမျက်တော်​ထွက်​ရာ​နေ့တွင် ကာကွယ်​ခံရ​ပေမည်။

ကာကွယ်​စောင့်ရှောက်​ခံရ​ဖို့ တောင်းဆိုချက်​များ

၃၊ ၄။ လူတစ်ဦး​သည် ‘ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့’ ၌​အသက်​ချမ်းသာရ​ဖို့ အဘယ်​တောင်းဆိုချက်​သုံးခု​ကို လိုက်နာ​ရမည်​နည်း။

ယေဟောဝါ​၏​အမျက်တော်နေ့​တွင် လူ​အချို့ အမှန်​အသက်ချမ်းသာ​ရနိုင်သလော။ ဇေဖနိ ၂:၂၊ ၃ တွင်​အချုပ်​ဖော်ပြ​ထားသော သတ်မှတ်ချက်​သုံးခု​ကို သူတို့​လိုက်နာ​ကြ​ပါ​က ရနိုင်​ပါ​သည်။ ထို​အခန်းငယ်​များ​ကို​ဖတ်ရှု​စဉ် ၎င်း​တောင်းဆိုချက်​များ​ကို အထူး​မှတ်သား​ကြပါစို့။ ဇေဖနိ​က ဤသို့​ရေးသားခဲ့​သည်– “အမိန့်တော်အတိုင်း​မစီရင်၊ သင်တို့​အချိန်​သည်​ဖွဲ​ကဲ့သို့​မ​လွန်၊ ထာဝရ​ဘုရား​၏​ပြင်းစွာ​သော​အမျက်တော်​သည် သင်တို့​အပေါ်​သို့​မ​ရောက်၊ ထာဝရ​ဘုရား​၏​အမျက်တော်နေ့​သည် သင်တို့​အပေါ်​သို့​မရောက်မီ ကိုယ်ကို​စစ်ကြော​ကြလော့။ တရားတော်​အတိုင်း​ကျင့်​၍ စိတ်​နှိမ့်ချသော​ပြည်သူပြည်သား​အပေါင်း​တို့၊ ထာဝရ​ဘုရား​ကို​ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း [“နူးညံ့​သိမ်မွေ့​ခြင်း၊” က​ဘ] ကိုလည်း​ရှာ​ကြလော့။ ထာဝရ​ဘုရား​အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို​တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။”

သို့​ဖြစ်၍ ကာကွယ်​စောင့်ရှောက်​ခံရ​ရန် လူတစ်ဦး​သည် (၁) ယေဟောဝါ​ကိုလည်း​ကောင်း၊ (၂) ဖြောင့်မတ်ခြင်း​နှင့် (၃) နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို​လည်းကောင်း ရှာ​ရမည်​ဖြစ်သည်။ ဤ​တောင်းဆိုချက်​များသည် ယနေ့​ကျွန်ုပ်​တို့အတွက် အလွန်​စိတ်ဝင်စားဖွယ်​ဖြစ်​သင့်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မူ​ကား ယုဒပြည်​နှင့် ယေရုရှလင်​မြို့​သည် ဘီ.စီ.အီး. ခု​နစ်​ရာစု​တွင် စာရင်း​ရှင်း​သည့်​နေ့ကို ရင်ဆိုင်ခဲ့​ကြ​ရသကဲ့သို့ ခရစ်ယာန်ဘောင်​နိုင်ငံ​များ—အမှန်​မှာ လူဆိုး​အားလုံး​တို့—သည် လာ​မည့် “ကြီးစွာ​သော [ဆင်းရဲခြင်း]” ၌​ယေဟောဝါ​ဘုရားသခင်​နှင့် နောက်ဆုံး​စာရင်း​ရှင်း​ဖို့ ရှေး​ရှု​နေကြ​ရသော​ကြောင့်​တည်း။ (မဿဲ ၂၄:၂၁) ထို​အချိန်၌ ပုန်းရှောင်​ရာ​ကို​တွေ့​လို​သူ မည်သူ​မဆို​သည် ယခု​ပြတ်ပြတ်သားသား​လုပ်ဆောင်​ရ​ပေမည်။ အဘယ်​နည်းဖြင့်​နည်း။ အချိန်မနှောင်း​မီ ယေဟောဝါ​ကိုလည်း​ကောင်း၊ ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို​လည်းကောင်း ရှာ​ခြင်း​ဖြင့်​တည်း!

၅။ ယနေ့ ‘ယေဟောဝါ​ကို​ရှာ​ခြင်း’ တွင်​အဘယ်အရာ​ပါဝင်​ပတ်သက်​သနည်း။

‘ကျွန်တော်​ဟာ ဆက်ကပ်​အပ်နှံ၊ နှစ်ခြင်း​ခံ​ပြီး​သား ဘုရားသခင့်​ကျေးကျွန်၊ ယေဟောဝါသက်သေ​တစ်ယောက်ပဲ။ ဒီ​တောင်းဆိုချက်​တွေ​ကို ကျွန်တော်​ပြည့်မီ​ပြီး​သား​မဟုတ်လား’ ဟူ၍ သင်​ဆို​ကောင်း​ဆို​မည်။ အမှန်​မှာ၊ ယေဟောဝါ​ထံ​ကျွန်ုပ်​တို့​ကိုယ်ကို ဆက်ကပ်​အပ်နှံခြင်း​ထက် များစွာ​ပါဝင်​ပတ်သက်​သည်။ ဣသရေလ​လူမျိုး​သည် ဆက်ကပ်​အပ်နှံ​ထားသော လူမျိုး​ဖြစ်သော်လည်း ဇေဖနိ​ခေတ်​ရှိ ယုဒ​လူတို့သည် ထို​ဆက်ကပ်​အပ်နှံခြင်း​နှင့်​အညီ မနေထိုင်​ခဲ့​ကြ​ပေ။ အကျိုးဆက်​အနေ​နှင့် ထို​လူမျိုးတော်သည် နောက်ဆုံး​တွင် ပစ်ပယ်​ခံ​ခဲ့​ရသည်။ ယနေ့ ‘ယေဟောဝါ​ကို​ရှာ​ခြင်း’ တွင် ကိုယ်တော်​၏​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​နှင့် ပေါင်းသင်း​ရာ​၌ ကိုယ်တော်​နှင့်​နှစ်ကိုယ်ကြား နွေးထွေး​သော​ဆက်ဆံ​ရေး​ကို ပြုစု​ပျိုးထောင်​ခြင်း​နှင့် ဆက်​ထိန်းသိမ်း​ခြင်း​တို့​ပါဝင်​သည်။ ၎င်း​က ကိစ္စရပ်​များ​အပေါ် ဘုရားသခင့်​ရှုမြင်ပုံကို​သိရှိခြင်း​နှင့် ကိုယ်တော်​၏​ခံစားချက်​များ​ကို ဂရုပြု​ခြင်း​ကို​ဆိုလို​သည်။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို စေ့စေ့​လေ့လာ၊ ဆင်ခြင်​သုံးသပ်​ပြီး ယင်း​၏​အကြံပေး​ချက်​ကို ဘဝတွင်ကျင့်သုံး​သောအခါ ယေဟောဝါ​ကို​ကျွန်ုပ်​တို့​ရှာကြသည်။ ကျွန်ုပ်​တို့သည် စိတ်အား​ထက်သန်​စွာ​ဆုတောင်း​ပြီး ယေဟောဝါ​၏​လမ်းညွှန်မှုကို​ရှာယူ​ကာ ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ဦးဆောင်မှု​ကို​လိုက်လျှောက်​နေစဉ် ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် နက်ရှိုင်း​လာပြီး “စိတ်နှလုံး​အကြွင်းမဲ့၊ အစွမ်း​သတ္တိ​ရှိသမျှ” နှင့်​ကိုယ်တော့်​အမှုထမ်း​ဖို့ လှုံ့ဆော်​ခံရ​ကြသည်။—တရားဟောရာ ၆:၅; ဂလာတိ ၅:၂၂-၂၅; ဖိလိပ္ပိ ၄:၆၊ ၇; ဗျာဒိတ် ၄:၁၁

၆။ ကျွန်ုပ်​တို့သည် မည်သို့ ‘ဖြောင့်မတ်ခြင်း​ကို​ရှာ’ ကြ​သနည်း၊ ဤ​လောက​၌​ပင်​လျှင် အဘယ်ကြောင့်​ဖြစ်​နိုင်​သနည်း။

ဇေဖနိ ၂:၃ တွင်​ဖော်ပြ​ထားသော ဒုတိယ​တောင်းဆိုချက်​မှာ ‘ဖြောင့်မတ်ခြင်း​ကို​ရှာ’ ဖို့​ဖြစ်သည်။ ကျွန်ုပ်​တို့​အများစု​သည် ခရစ်ယာန်​နှစ်ခြင်း​အတွက် အရည်အချင်း​ပြည့်မီ​နိုင်​ဖို့ အရေးပါသော​ပြောင်းလဲမှု​များ​ပြု​ခဲ့​ကြ​၏၊ သို့သော် ကျွန်ုပ်​တို့၏​ဘဝ​တစ်လျှောက်​လုံး​တွင် ဘုရားသခင့်​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို ဆက်လက်​စွဲကိုင်​ကြ​ရမည်​ဖြစ်သည်။ ဤ​အပိုင်းကဏ္ဍ​တွင် အစ​ကောင်း​ခဲ့​ကြ​သူ​အချို့​သည် လောကက​သူတို့ကို​ညစ်ညမ်း​စေဖို့ ခွင့်ပြု​ခဲ့​ကြ​၏။ လိင်​အကျင့်​ယိုယွင်းခြင်း၊ လိမ်လည်​ခြင်း​နှင့် အခြား​အပြစ်​တို့ကို သာမန်​ကိစ္စ​အဖြစ်​ရှုမြင်​သူများ​နှင့် ကျွန်ုပ်​တို့​ဝိုင်းရံ​ခံ​နေရ​သောကြောင့် ဖြောင့်မတ်ခြင်း​ကို​ရှာ​ဖို့ မလွယ်ကူ​ချေ။ သို့​တိုင် ယေဟောဝါ​၏​နှစ်သက်မှု​ကို​ရ​ရန် စိတ်​ပြင်းပြ​မှု​သည် လောက​နှင့်​ရောနှော​ဖို့​ကြိုးစား​ခြင်း​ဖြင့် လောက​၏​နှစ်သက်မှု​ကို​ရလိုသည့် မည်သည့်​တိမ်းညွှတ်မှု​ကို​မဆို အနိုင်ယူ​စေ​သည်။ ယုဒပြည်​သည် ဘုရားတရား​မဲ့သည့်​အိမ်နီးချင်း​နိုင်ငံ​များ​ကို တုပခြင်း​ကြောင့် ဘုရားသခင့်​မျက်နှာသာတော်​ကို ဆုံးရှုံး​ခဲ့​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် လောကကို​တုပ​မည့်​အစား “မှန်သော​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်​နှင့်အတူ​အမျှ ဖန်ဆင်း​သော​လူသစ်​ကို” ပြုစု​ပျိုးထောင်​ကာ ‘ဘုရားသခင်​ကို​အတုယူ​သူများ’ ဖြစ်​ကြပါစို့။—ဧဖက် ၄:၂၄; ၅:၁

၇။ ကျွန်ုပ်​တို့သည် မည်သို့ ‘နူးညံ့​သိမ်မွေ့​ခြင်း​ကို​ရှာ’ ကြ​သနည်း။

ဇေဖနိ ၂:၃ တွင်​ဖော်ပြ​ထားသော တတိယ​အချက်​မှာ ယေဟောဝါ​၏​အမျက်တော်နေ့​တွင် ကျွန်ုပ်​တို့​ပုန်းရှောင်​လိုလျှင် ‘နူးညံ့​သိမ်မွေ့​ခြင်း​ကို​ရှာ’ ရမည်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် နေ့စဉ်​နေ့တိုင်း မာန​ကြီးသော​ယောက်ျား၊ မိန်းမ၊ လူငယ်များနှင့် ထိတွေ့​ဆက်ဆံ​ကြ​ရသည်။ သူတို့​အတွက် စိတ်​နူးညံ့​ခြင်း​သည် ချွတ်ယွင်းချက်​တစ်ခု​ပင်။ လက်အောက်ခံခြင်း​ကို တကယ့်​ပျော့ညံ့မှု​ဟု ယူမှတ်​ကြသည်။ သူတို့၏​ကိုယ်ပိုင် “အခွင့်အရေး” နှင့် ကြိုက်​နှစ်သက်ရာကို မည်သည့်​နည်းဖြင့်​မဆို ထည့်တွက်​ပေး​ရမည်ဟု မှတ်ယူ​ကြ​ကာ မရ​မနေ​တောင်းဆို​တတ်ကြ​သည်၊ တစ်ကိုယ်ကောင်း​ဆန်​ကာ တစ်ယူသန်​များ​ဖြစ်​ကြသည်။ ထို​သဘောထား​အချို့ ကျွန်ုပ်​တို့​ထံ​ကူးစက်​လာ​လျှင် ဝမ်းနည်းစရာ​ဖြစ်​မည်​တကား! ယခု​အချိန်​သည် ‘နူးညံ့​သိမ်မွေ့​ခြင်း​ကို​ရှာ’ ရန်​အချိန်​ဖြစ်သည်။ မည်သို့​အားဖြင့်​နည်း။ ဘုရားသခင်​အား​လက်အောက်ခံခြင်း၊ ကိုယ်တော်​၏​ဆုံးမ​ပဲ့ပြင်​ခြင်း​ကို နှိမ့်ချစွာ​လက်ခံခြင်း​နှင့် ကိုယ်တော့်​အလိုတော်ကို​ဆောင်ခြင်း​အားဖြင့်​ဖြစ်သည်။

အဘယ်ကြောင့် ပုန်းရှောင်​ရာ​ကို “တွေ့​ကောင်း​တွေ့” မည်​နည်း

၈။ ဇေဖနိ ၂:၃ တွင် “တွေ့​ကောင်း​တွေ့ . . . လိမ့်​မည်” ဟူသော​စကားလုံး​ကို​အသုံးပြု​ထားခြင်း​က အဘယ်အရာကို​ဖော်ပြ​သနည်း။

ဇေဖနိ ၂:၃ က “ထာဝရ​ဘုရား [“ယေဟောဝါ”၊ က​ဘ] အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်” ဟု​ဆို​ထား​ကြောင်း သတိပြုပါ။ ‘မြေကြီးပေါ်​ရှိ​နူးညံ့​သိမ်မွေ့​သူများ’ ကို​ပြောဆို​ရာ​တွင် “တွေ့​ကောင်း​တွေ့ . . . လိမ့်​မည်” ဟူသော​စကားလုံး​ကို အဘယ်ကြောင့်​အသုံးပြု​ရသနည်း။ ထို​နူးညံ့​သိမ်မွေ့​သူများ​သည် အပြုသဘော​ပါ​သော​ခြေလှမ်း​များ လှမ်း​ခဲ့​ကြသော်လည်း မိမိတို့​ကိုယ်ကို ယုံကြည်​စိတ်ချ​စ​ရာ​အကြောင်း​မရှိပါ။ သစ္စာရှိ​စွာ​ဖြင့် သူတို့၏​ဘဝ​လမ်းစဉ်​၏​အဆုံး​သို့ မ​ရောက်​ကြ​သေး​ချေ။ သူတို့​အထဲ​မှ​အချို့​သည် အပြစ်ပြု​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့သည်​လည်း အလားတူ​ပင်။ ယေရှု​က “အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏။ ထို​သူသည် ကယ်တင်ခြင်း​သို့​ရောက်​လိမ့်​မည်” ဟု​ဆို​ခဲ့​သည်။ (မဿဲ ၂၄:၁၃) မှန်​ပါ​၏၊ ယေဟောဝါ​၏​အမျက်တော်နေ့​တွင် ကယ်တင်​ခံရ​ခြင်း​သည် ကိုယ်တော့်​မျက်မှောက်​၌ ဟုတ်မှန်ရာကို ကျွန်ုပ်​တို့​ဆက်လုပ်​ဆောင်ခြင်း​အပေါ် မူတည်​သည်။ ၎င်း​သည် သင်၏​ခိုင်မာ​သော​အဓိဋ္ဌာန်​ပြုချက်​လော။

၉။ လူငယ်​ဘုရင်​ယောရှိ​သည် အဘယ်​တည့်မတ်​သော အရေးယူ​ဆောင်ရွက်ချက်​များ​ကို ပြုလုပ်​ခဲ့​သနည်း။

ယောရှိ​မင်း​သည် ဇေဖနိ​၏​စကား​များ​ကြောင့် ‘ယေဟောဝါ​ကို​ရှာ’ ရန်​လှုံ့ဆော်​ခံ​ခဲ့​ရ​ကြောင်း ထင်ရှား​သည်။ ကျမ်းစာ​က ဤသို့​ဆို​၏– “[ယောရှိ​သည်] အသက်​တော်​ငယ်​စဉ် [၁၆ နှစ်​ခန့်]၊ နန်းစံ​ရှစ်နှစ်​တွင် အဘ​ဒါဝိဒ်​၏​ဘုရားသခင်​ကို ဆည်းကပ် [သို့​မဟုတ်၊ ရှာဖွေ] စ​ပြု​၏။” (၂ ရာဇဝင်ချုပ် ၃၄:၃) ယောရှိ​သည် ‘ဖြောင့်မတ်ခြင်း​ကိုလည်း ဆက်၍​ရှာဖွေ’ ခဲ့​သည်၊ အကြောင်း​မှာ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “တစ်ဆယ့်​နှစ်နှစ်​တွင် [ယောရှိ​အသက် ၂၀ ခန့်​ရှိသော​အခါ] ယုဒပြည် ယေရုရှလင်​မြို့၌​ရှိသော ကုန်း၊ အာရှရပင်၊ ထု​သော​ရုပ်တု၊ သွန်း​သော​ရုပ်တု​တို့ကို သုတ်သင်​ပယ်ရှင်း​စ​ပြု​၏။ ဗာလ​ဘုရား​တို့​ယဇ်​ပလ္လင်​များ​ကို ရှေ့တော်၌​ဖြိုချ . . . ကြ​၏။” (၂ ရာဇဝင်ချုပ် ၃၄:၃၊ ၄) ယောရှိ​သည် အရုပ်​ကိုးကွယ်​ခြင်း​နှင့် အခြား​မှားယွင်းသော​ဘာသာရေး​ထုံးတမ်းများ​ကို တိုင်းပြည်​မှ သန့်စင်​ပစ်​ခြင်း​အားဖြင့် ယေဟောဝါ​၏​နှစ်သက်မှု​ရဖို့ နှိမ့်ချစွာ​လုပ်ဆောင်​ကာ ‘နူးညံ့​သိမ်မွေ့​ခြင်း​ကိုလည်း​ရှာ​ခဲ့’ သည်။ ဤ​လုပ်ဆောင်မှုများ​ကြောင့် အခြား​စိတ်​နူးညံ့​သိမ်မွေ့​သူများ​သည် ပျော်ရွှင်​ခဲ့​လိုက်​ကြ​မည်​ဖြစ်​ခြင်း!

၁၀။ ဘီ.စီ.အီး. ၆၀၇ တွင် ယုဒပြည်​၌ အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း၊ သို့သော် မည်သူ​တို့​အသက်ချမ်းသာ​ရခဲ့​ကြ​သနည်း။

၁၀ ယောရှိ​နန်းစံချိန်​အတွင်း ဂျူး​များစွာ​သည် ယေဟောဝါ​ထံ​ပြန်​လှည့်လာ​ကြသည်။ သို့သော်၊ ဘုရင်​ကွယ်လွန်​ပြီး​နောက် လူအများစု​သည် ဘုရားသခင်​လုံးဝ​မနှစ်သက်​ရာ​ကို​ပြုကျင့်​ရန် လမ်း​ဟောင်း​ကို​ပြန်​လိုက်လျှောက်​ခဲ့​ကြသည်။ ယေဟောဝါ​စီရင်ချက်​ချ​ခဲ့​သည့်​အတိုင်း ဘီ.စီ.အီး. ၆၀၇ တွင် ဗာဗုလုန်​လူမျိုး​တို့သည် ယုဒပြည်​ကို​ဝင်ရောက်​သိမ်းပိုက်​ကာ ယေရုရှလင်​မြို့တော်​ကို ဖျက်ဆီး​ခဲ့​ကြသည်။ သို့​တိုင် အားလုံး​ပျက်စီး​သွား​သည်မဟုတ်​ပါ။ ယေဟောဝါ​၏​ထို​နေ့တွင် ပရောဖက်​ယေရမိ၊ အဲသယောပိ​လူမျိုး​ဧဗဒမေလက်၊ ယောနဒပ်​မှ​ဆင်းသက်လာ​သူများ​နှင့် ဘုရားသခင်​အား​သစ္စာရှိ​သည့်​အခြားသူ​တို့သည် ပုန်းရှောင်​ရာ​ရခဲ့​ကြသည်။—ယေရမိ ၃၅:၁၈၊ ၁၉; ၃၉:၁၁၊ ၁၂၊ ၁၅-၁၈

ဘုရားသခင့်​ရန်သူများ—သတိပြု​ကြ!

၁၁။ ယနေ့ ဘုရားသခင်​အား​ဆက်၍​သစ္စာရှိ​ခြင်း​သည် အဘယ်ကြောင့်​စိန်ခေါ်ချက်​တစ်ခု​ဖြစ်သနည်း၊ သို့သော် ယေဟောဝါ​လူမျိုးတော်​၏​ရန်သူများ​သည် အဘယ်အရာကို​သုံးသပ်​လျှင် ကောင်း​မည်​နည်း။

၁၁ ဤ​စနစ်ဆိုး​အပေါ် ယေဟောဝါ​၏​အမျက်တော်​ထွက်​ရာ​နေ့ကို စောင့်မျှော်​နေကြ​စဉ် ကျွန်ုပ်​တို့သည် “အထူးထူး​အပြားပြား​စုံစမ်း​နှောင့်ယှက်ခြင်း​နှင့်​တွေ့ကြုံ” ကြ​ရသည်။ (ယာကုပ် ၁:၃) လွတ်လပ်​စွာ​ဝတ်ပြု​ကိုးကွယ်​ခွင့်​ကို တန်ဖိုး​ထား​ပါ​သည်​ဟု​ဆို​သော နိုင်ငံ​အတော်များများ​တွင် လိမ္မာ​ပါးနပ်​သော​ဓမ္မ​ဆရာများ​သည် ဘုရားသခင့်​လူမျိုးတော်ကို ပြင်းထန်​စွာ​နှိပ်စက်​ညှဉ်းပန်း​စေရန် လောက​အာဏာပိုင်​များ​ကို ဩဇာ​လွှမ်းမိုး​ခဲ့​ကြသည်။ မ​သ​မာ​သော​သူတို့သည် ယေဟောဝါသက်သေ​များ​ကို “အန္တရာယ်​ရှိသော​ဂိုဏ်း” ဟု​ရှုတ်ချ​ဖော်ပြ​ကာ သွားပုပ်လေလွင့်​ပြောဆို​ကြသည်။ သူတို့၏​လုပ်ရပ်များ​ကို ဘုရားသခင်​သိရှိ​တော်​မူ​ပြီး ၎င်းတို့ကို ပြစ်ဒဏ်​စီရင်​ပါ​လိမ့်​မည်။ ကိုယ်တော့်​ရန်သူများ​သည် ဖိလိတ္တိ​လူမျိုး​ကဲ့သို့​သော ရှေးခေတ်​ကိုယ်တော့်​လူမျိုးတော်​၏​ရန်သူများ မည်သို့​ဖြစ်ပျက်​ခဲ့​ကြောင်းကို သုံးသပ်ကြည့်​ကြ​လျှင်​ကောင်း​မည်။ ပရောဖက်ပြုချက်​က ဤသို့​ဆို​သည်– “အကယ်စင်စစ် ဂါ​ဇ​မြို့​သည် စွန့်ပစ်​ရာ၊ အာရှကေလုန်​မြို့​သည် သုတ်သင်​ပယ်ရှင်း​ရာ​ဖြစ်​လိမ့်​မည်။ အာဇုတ်​မြို့သား​တို့ကို မွန်းတည့်​အချိန်၌​နှင်ထုတ်၍၊ ဧကြုန်​မြို့ကို​လည်း ဖြိုဖျက်​ကြလိမ့်မည်။” ဖိလိတ္တိ​မြို့တော်​များ​ဖြစ်သော ဂါ​ဇ​မြို့၊ အာရှကေလုန်​မြို့၊ အာဇုတ်​မြို့​နှင့် ဧကြုန်​မြို့​တို့သည် လုံးလုံး​ဖျက်ဆီး​ခံရ​ကြ​မည်​ဖြစ်၏။—ဇေဖနိ ၂:၄-၇

၁၂။ ဖိလိတ္တိ၊ မောဘ​နှင့် အမ္မုန်​လူမျိုး​တို့ မည်သို့​ဖြစ်ပျက်​ခဲ့ပြီ​နည်း။

၁၂ ပရောဖက်ပြုချက်​က ဤသို့​ဆက်သွား​သည်– “မောဘ​အမျိုး​နှင့် အမ္မုန်​အမျိုးသား​တို့သည် ငါ​၏​လူမျိုး​ကို​ကဲ့ရဲ့​အပြစ်​တင်၍ ငါ​၏​လူနေ​ရာ​တစ်ဖက်၌ ဝါကြွား​သော​စကား​ကို ငါ​ကြား​ပြီ။” (ဇေဖနိ ၂:၈) အီဂျစ်​နှင့် အီသီယိုးပီးယား​နိုင်ငံ​တို့သည် ဗာဗုလုန်​လူမျိုး​ကျူးကျော်သူ​တို့​လက်​တွင် ဆင်းရဲခံ​ခဲ့​ရ​ကြသည်​မှာ​မှန်ပါသည်။ သို့သော် အာဗြဟံ​၏​တူ​လောတ​မှ​ဆင်းသက်လာ​သော နိုင်ငံ​များ​ဖြစ်သည့် မောဘ​နှင့် အမ္မုန်​တို့​အပေါ် ဘုရားသခင့်​တရား​စီရင်ချက်​ကား အဘယ်နည်း။ ယေဟောဝါ​က ဤသို့​ကြိုပြော​သည်– “မောဘ​ပြည်​နှင့်​အမ္မုန်​ပြည်​သည်၊ သောဒုံ​နှင့်​ဂေါမောရ​မြို့​ကဲ့သို့ . . . ဖြစ် . . . လိမ့်​မည်။” သောဒုံ​နှင့် ဂေါမောရ​မြို့​ဖျက်ဆီးခြင်း​ကို ကပ်ကျော်​ခဲ့​ကြသော လောတ​၏​သမီး​နှစ်ဦး​ဖြစ်သူ သူတို့၏​အဘွား​များနှင့်​မတူဘဲ မာန​ကြီးသော​မောဘ​နှင့် အမ္မုန်​တို့သည် ဘုရားသခင့်​တရား​စီရင်ခြင်း​မှ ကာကွယ်​ခံရ​ကြ​မည်​မဟုတ်​ချေ။ (ဇေဖနိ ၂:၉-၁၂; ကမ္ဘာဦး ၁၉:၁၆၊ ၂၃-၂၆၊ ၃၆-၃၈) ယနေ့ ဖိလိတ္တိ​လူမျိုးများ​နှင့် သူတို့၏​မြို့တော်​များ အဘယ်တွင်​ရှိ​သနည်း။ တစ်ချိန်က​မာန​ထောင်လွှား​သော မောဘ​နှင့်​အမ္မုန်​လူမျိုး​တို့​ကော။ သင်​မည်သို့​ပင်​ရှာ​စေ​ကာ​မူ သူတို့ကို​မ​တွေ့​နိုင်​ပါ။

၁၃။ နိနေဝေ​မြို့တွင် အဘယ်​ရှေးဟောင်း​သုတေသန​ရှာဖွေ​တွေ့ရှိ​မှု ပြု​ခဲ့​သနည်း။

၁၃ ဇေဖနိ​ခေတ်တွင် အာရှုရိအင်ပါယာ​သည် အာဏာ​အထွတ်အထိပ်​ရောက်နေ​ချိန်​ဖြစ်သည်။ အာရှုရိမြို့တော်​ဖြစ်သည့် နိနေဝေ​မြို့တွင် သူ​တွေ့ရှိ​ခဲ့​သော​နန်းတော်​တစ်စိတ်​တစ်ပိုင်း​ကို ဖော်ပြ​ရာ​၌ ရှေးဟောင်း​သုတေသန​ပညာရှင် အော့​စတင် လေ​ယာ့ဒ်​က ဤသို့​ရေးသားခဲ့​သည်– “မျက်နှာကြက်​များ​ကို စတုရန်း​ပုံ​အကန့်​များ​ဖြင့် ခွဲခြား​ထားပြီး ပန်း​များ သို့​မဟုတ် တိရစ္ဆာန်​ရုပ်ပုံများ ရေးဆွဲ​ထား​သည်။ အချို့​တို့ကို ဆင်​စွယ်​ဖြင့်​မြှုပ်​သွင်း​စီခြယ်​ထားပြီး အကန့်​တစ်ခုစီ​ကို လှပ​တင့်တယ်​သော​အနားသတ်​များနှင့် ပုံ​သွန်း​ထား​သည်။ ထုပ်တန်း​များနှင့် အခန်း​ဘေး​နံရံ​များ​ကို​ပါ ရွှေ​ချထား​သည်၊ သို့​မဟုတ် ရွှေငွေ​ဖြင့်​ကွပ်​ထား​သည်; သစ်သား​ထ​ည်​ပိုင်း​အတွက် အာရစ်ပင်​အပါအဝင် အ​ရှားပါး​ဆုံး​သစ်​များ​ကို အသုံးပြု​ထား​သည်။” သို့သော်၊ ဇေဖနိ​၏​ပရောဖက်ပြုချက်​တွင် ကြိုပြော​ခဲ့​သည့်​အတိုင်း အာရှုရိ​နိုင်ငံ​သည် ဖျက်ဆီး​ခံရ​ပြီး ၎င်း​၏​မြို့တော်​နိနေဝေ​သည် “လူဆိတ်ညံ​ရာ​အရပ်” ဖြစ်လာ​မည်။—ဇေဖနိ ၂:၁၃

၁၄။ ဇေဖနိ​၏​ပရောဖက်ပြုချက်​သည် နိနေဝေ​မြို့​အပေါ် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

၁၄ ထို​ပရောဖက်ပြုချက်​ကို ဇေဖနိ​ပြော​ပြီး ၁၅ နှစ်​သာ​ကြာပြီးနောက် အင်အားကြီး​နိနေဝေ​မြို့ ဖျက်ဆီး​ခံ​ခဲ့​ရပြီး ၎င်း​၏​နန်းတော်မှာ ကျိုးပဲ့​ပျက်စီး​သွားခဲ့သည်။ မှန်ပါသည်၊ မာန်​တက်​သော​ထို​မြို့တော်​သည် လုံးဝ​ပျက်စီး​ခဲ့​သည်။ ဖျက်ဆီး​ခံရ​သော​အတိုင်းအတာကို ဤသို့​ကွက်ကွက်ကွင်းကွင်း ကြို​ဟောခဲ့​၏– “ဝံ​ပို​နှင့်​ဖြူ​တို့သည် [ပြိုလဲ​ပျက်စီး​နေသော] တံခါးထုပ်​၌​နေရာကျ​၍ ပြတင်းပေါက်​၌​မြည်​ကြလိမ့်မည်။ တံခါး​ခုံ​တို့သည် လူဆိတ်ညံ​လျက် . . . ရှိ​လိမ့်​မည်။” (ဇေဖနိ ၂:၁၄၊ ၁၅) နိနေဝေ​မြို့​၏​ခမ်းနား​သော​အဆောက်​အအုံ​များသည် ဖြူကောင်​များနှင့် ဝံ​ပို​ငှက်​များနေ​ဖို့​အတွက်သာ သင့်လျော်​လိမ့်​မည်။ မြို့​လမ်းမ​ပေါ်​တွင် ကုန်​ရောင်းဝယ်​သံ၊ စစ်သည်​များ​၏​ကြွေးကြော်​သံ၊ ယဇ်ပုရောဟိတ်​များ​၏​သီချင်း​သံ​များ ကြား​ရတော့မည်​မဟုတ်။ တစ်ကြိမ်​က ပျား​ပန်း​ခတ်​သွားလာ​ခဲ့​ကြသော​လမ်းများ​ပေါ်​တွင် ငှက်​တစ်ကောင်​၏​မြည်တမ်း​သီဆိုသံ သို့​မဟုတ် လေတဟူးဟူး​တိုက်ခတ်​သံ​ဖြစ်​ကောင်း​ဖြစ်​မည့် စိုးရွံ့​ထိတ်လန့်​သံ​တစ်သံ​ကို​သာ ပြတင်းပေါက်​မှ ကြားကြ​ရမည်။ ဘုရားသခင့်​ရန်သူ​အားလုံး အလားတူ​ဇာတ်သိမ်း​သွား​ကြ​ပါစေ!

၁၅။ ဖိလိတ္တိ၊ မောဘ၊ အမ္မုန်​နှင့် အာရှုရိတို့​၌​ဖြစ်ပျက်​ခဲ့​ရာ​တို့​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၅ ဖိလိတ္တိ၊ မောဘ၊ အမ္မုန်​နှင့် အာရှုရိတို့​၌ ဖြစ်ပျက်​ခဲ့​ရာ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့၏​ရန်သူများ​ကို ကြောက်စရာ​အကြောင်း​မရှိ​ဟူ​သည့်​အချက်​ပင်။ မိမိ၏​လူမျိုးတော်​အား ဆန့်ကျင်သူ​တို့​ပြုလုပ်​ခဲ့​ရာ​ကို ဘုရားသခင်​သိမြင်​တော်​မူ​၏။ ယေဟောဝါ​သည် မိမိ၏​ရန်သူများ​ကို အတိတ်​က​အရေးယူ​တော်​မူ​ခဲ့​၏၊ မျက်မှောက်ခေတ်​လောက​တစ်ခုလုံး​ကိုလည်း ကိုယ်တော်​တရား​စီရင်​ပါ​လိမ့်​မည်။ သို့သော် ‘လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ လူအုပ်ကြီး’ ဖြစ်သော ကပ်ကျော်​သူများ​ရှိ​လိမ့်​မည်။ (ဗျာဒိတ် ၇:၉) သင်သည် သူတို့တွင်​ပါဝင်​နိုင်​ပါ​သည်—သို့သော် ယေဟောဝါ​ကိုလည်း​ကောင်း၊ ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို​လည်းကောင်း ဆက်​ရှာနေ​မှ​သာ​လျှင်​ဖြစ်သည်။

စော်ကား​သော​ပြစ်မှားသူ​များ ဘေးသင့်​ပါစေ!

၁၆။ ယုဒ​မင်း​ညီ​မင်းသားများ​နှင့် ဘာသာရေး​ခေါင်းဆောင်​များနှင့်​စပ်လျဉ်း၍ ဇေဖနိ​၏​ပရောဖက်ပြုချက်​က အဘယ်​သို့​ဆို​ခဲ့​သနည်း၊ ထိုစကား​များသည် ခရစ်ယာန်ဘောင်​နှင့် အဘယ်ကြောင့်​ကိုက်ညီ​သနည်း။

၁၆ ဇေဖနိ​၏​ပရောဖက်ပြုချက်​က ယုဒပြည်​နှင့် ယေရုရှလင်​မြို့​အပေါ် တစ်ဖန်​အာရုံ​စူးစိုက်​စေ​သည်။ ဇေဖနိ ၃:၁၊ ၂ က ဤသို့​ဆို​သည်– “ဆန့်ကျင်ဘက်​ပြု​၍ ညစ်ညူး​လျက် ညှဉ်းဆဲ​တတ်သော​မြို့​သည် အမင်္ဂလာ​ရှိ၏။ နှုတ် [မြွက်​စကား] တော်​အသံကို​နားမထောင်၊ ဆုံးမ​တော်​မူ​ခြင်း​ကို​မခံ၊ ထာဝရ​ဘုရား​ကို​မ​ခိုလှုံ၊ မိမိ​ဘုရားသခင့်​ထံ​တော်​သို့​မ​ချဉ်းကပ်” ဟု​ဆို​သည်။ မိမိ၏​လူမျိုးတော်ကို​ဆုံးမ​ဖို့ ယေဟောဝါ​၏​ကြိုးပမ်းမှု​များ​ကို အရေးမစိုက်​ကြ​ခြင်း​သည် ကြေကွဲစရာ​ပင်! မင်း​ညီ​မင်းသားများ၊ မှူးမတ်များ​နှင့် တရားသူကြီး​များ​၏ အကြင်နာ​ကင်းမဲ့မှု​သည် အမှန်​ဝမ်းနည်းစရာ​ဖြစ်​ခဲ့​သည်။ ဘာသာရေး​ခေါင်းဆောင်​များ​၏ အရှက်ကင်းမဲ့​မှု​ကို ဇေဖနိ​က ဤသို့​ပြစ်တင်​ရှုတ်ချခဲ့​သည်– “ပရောဖက်​တို့သည် လျှပ်​ပေါ်သော​သူ၊ သစ္စာဖျက်​သော​သူ​ဖြစ်​ကြ​၏။ ယဇ်ပုရောဟိတ်​တို့သည် သန့်ရှင်း​ရာ​ဌာနတော်​ကို​ညစ်ညူး​စေ​၍ တရားတော်​ကိုလည်း​ရှုတ်ချ​ကြ​၏။” (ဇေဖနိ ၃:၃၊ ၄) ထိုစကား​များသည် မျက်မှောက်ခေတ် ခရစ်ယာန်ဘောင်​ပရောဖက်​များနှင့် ဆရာများ​၏​အခြေအနေ​နှင့် သင့်လျော်​လိုက်​လေ​ခြင်း! စော်ကား​သည့်​အနေ​နှင့် သူတို့သည် ဘုရားသခင့်​နာမတော်​ကို သူတို့၏​ဘာသာပြန်​ကျမ်း​များ​မှ ထုတ်​ပယ်​ခဲ့​ကြ​ပြီး သူတို့​ဝတ်ပြု​ကိုးကွယ်​ပါ​သည်​ဟု​ဆို​ကြ​သူအား တလွဲ​ထင်​စေသော​အယူဝါဒ​များ​ကို သွန်သင်ပေး​ကြသည်။

၁၇။ လူ​တို့​နားထောင်​သည်​ဖြစ်စေ၊ နားမထောင်​သည်​ဖြစ်စေ ကျွန်ုပ်​တို့သည် သတင်းကောင်းကို အဘယ်ကြောင့်​ဆက်​ကြေညာ​သင့်​သနည်း။

၁၇ ယေဟောဝါ​သည် မိမိ​အရေးယူ​လုပ်ဆောင်တော့​မည့်​အမှု​အကြောင်း မိမိ၏​ရှေးခေတ်​လူမျိုးတော်ကို ထောက်ထား​စွာ​သတိပေး​ခဲ့​သည်။ လူ​တို့​နောင်တ​ယူ​ကြဖို့​အတွက် မိမိ၏​ကျေးကျွန်​များ​ဖြစ်​ကြသော အခြား​ပရောဖက်​များ​အပါအဝင် ဇေဖနိ​နှင့် ယေရမိ​တို့ကို ကိုယ်တော်​စေလွှတ်ခဲ့​သည်။ မှန်​ပါ​၏၊ “ထာဝရ​ဘုရား [“ယေဟောဝါ”] သည် မြို့​အလယ်​၌ . . . မတရားသော​အမှုကိုပြု​တော်​မ​မူ။ နံနက်​အစဉ်​အတိုင်း မိမိ​ဖြောင့်မတ်​ကြောင်းကို မချွတ်မယွင်း​ဖော်ပြ​တော်​မူ​၏။” တု​န့်​ပြန်​မှု​ကား​အဘယ်နည်း။ “သို့သော်လည်း အဓမ္မ​လူတို့သည် ရှက်ကြောက်ခြင်း​မရှိကြ” ဟု​ဇေဖနိ​ဆို​ခဲ့​သည်။ (ဇေဖနိ ၃:၅) ယခု​အချိန်၌​လည်း အလားတူ​သတိပေး​ချက် ပေါ်ထွက်​နေသည်။ အသင်​သည် သတင်းကောင်း​ကြေညာသူ​တစ်ဦး​ဖြစ်​လျှင် ဤ​သတိပေး​လုပ်ငန်း​တွင် သင်​ပါဝင်​နေပါ​သည်။ သတင်းကောင်းကို လက်မလျှော့​ဘဲ ဆက်​ကြေညာ​နေပါ! လူ​တို့​နားထောင်​သည်​ဖြစ်စေ၊ နားမထောင်​သည်​ဖြစ်စေ သင့်​ဓမ္မ​အမှုကို သစ္စာရှိ​ရှိ​ထမ်းဆောင်​နေ​သမျှ​ကာလပတ်လုံး ဘုရားသခင့်​ရှုထောင့်​မှ​ကြည့်​လျှင် သင်​အောင်မြင်​နေသည်; ဘုရားသခင့်​လုပ်ငန်းတော်​ကို ဇွဲ​နှင့်​သင်​လုပ်ဆောင်နေ​စဉ် ရှက်​စ​ရာ​မလိုပါ။

၁၈။ ဇေဖနိ ၃:၆ သည်​မည်သို့​ပြည့်စုံ​မည်​နည်း။

၁၈ ဘုရားသခင့်​တရား​စီရင်ချက်​သည် ခရစ်ယာန်ဘောင်​ကို​ဖျက်ဆီးခြင်း​သာ မဟုတ်ပါ။ ယေဟောဝါ​သည် လူမျိုးအပေါင်း​တို့ကို​ပါ ဤသို့​ထည့်သွင်း​ရှုတ်ချခဲ့​သည်– “လူအမျိုးမျိုး​တို့ကို ငါ​ပယ်​ဖြတ်၍ သူတို့​ရဲတိုက်​များ​ကို ဖျက်ဆီး​လေ​ပြီ။ လမ်း​တို့​၌ အဘယ်သူမျှ​မသွား​မလာ​စေခြင်း​ငှာ လူဆိတ်ညံ​စေပြီ။ မြို့​တို့ကို​လည်း လူ​တစ်စုံ​တစ်ယောက်မျှ​မနေ​စေခြင်း​ငှာ ဖျက်ဆီး​လေ​ပြီ။” (ဇေဖနိ ၃:၆) ဤ​စကား​များ​ကို လုံးဝ​ယုံကြည်​စိတ်ချ​နိုင်သော​ကြောင့် ဖျက်ဆီးခြင်း​ဖြစ်​နှင့်​ပြီး​သကဲ့သို့ ယေဟောဝါ​မိန့်တော်မူသည်။ ဖိလိတ္တိ၊ မောဘ​နှင့် အမ္မုန်​မြို့များ မည်သို့​ဖြစ်သွား​ခဲ့​သနည်း။ အာရှုရိမြို့တော် နိနေဝေ​မြို့​ကော။ သူတို့​ဖျက်ဆီး​ခံရ​ခြင်း​သည် မျက်မှောက်ခေတ်​တိုင်းနိုင်ငံ​များ​အတွက် သတိပေး​ချက်​တစ်ခု​ဖြစ်သည်။ ဘုရားသခင်​အား မထီမဲ့မြင်​ပြု​၍​မရချေ။

ယေဟောဝါ​ကို ဆက်​ရှာနေ​ပါ

၁၉။ အဘယ်​စဉ်းစားစရာ​မေးခွန်း​အချို့​ကို ကျွန်ုပ်​တို့​မေး​နိုင်​သနည်း။

၁၉ ဇေဖနိ​ခေတ်တွင် ဆိုးသွမ်း​စွာ “မှားယွင်းသော​အကျင့်ကို​သာ​ကျင့်” ကြ​သူတို့​အပေါ် ဘုရားသခင့်​အမျက်တော်​ကျရောက်​ခဲ့​သည်။ (ဇေဖနိ ၃:၇) ကျွန်ုပ်​တို့​ခေတ်​၌​လည်း အလားတူ​ဖြစ်ပျက်​လိမ့်​မည်။ ယေဟောဝါ​၏​အမျက်တော်နေ့​နီးကပ်​နေသည့် အထောက်အထား​ကို သင်​မြင်​သလော။ ကိုယ်တော့်​စကားတော်​ကို—နေ့စဉ်—မှန်မှန်​ဖတ်ရှုခြင်း​အားဖြင့် ဆက်၍ ‘ယေဟောဝါ​ကို​ရှာ’ နေ​သလော။ သင်သည် ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ နေထိုင်ခြင်း​အားဖြင့် ‘ဖြောင့်မတ်ခြင်း​ကို​ရှာ’ သလော။ ထို့​ပြင် ဘုရားသခင်​အပေါ်​နှင့် ကယ်တင်ခြင်း​အတွက် ကိုယ်တော့်​အစီအစဉ်များ​အပေါ် နှိမ့်ချ၍ လက်အောက်ခံ​စိတ် တင်ပြခြင်း​အားဖြင့် ‘နူးညံ့​သိမ်မွေ့​ခြင်း​ကို​ရှာနေ’ သလော။

၂၀။ ဇေဖနိ​ပရောဖက်ပြုချက်​နှင့်​စပ်​လျ​ဉ်း​သည့် ဤ​အခန်းဆက်​ဆောင်းပါး​များ​၏ နောက်ဆုံး​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

၂၀ ယေဟောဝါ​ကိုလည်း​ကောင်း၊ ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို​လည်းကောင်း ဆက်၍​ရှာနေ​မည်​ဆိုလျှင် ယခု​ပင်​လျှင်—မှန်​ပါ​၏၊ ယုံကြည်ခြင်း​စမ်းသပ်ခံ​နေရ​သည့် ဤ ‘နောက်ဆုံး​ကာလ’ ၌​ပင်—ကောင်းချီး​များ​ကို ကြွယ်ဝ​စွာ​ခံစား​ရဖို့ မျှော်လင့်​နိုင်​ပါ​သည်။ (၂ တိမောသေ ၃:၁-၅; သု. ၁၀:၂၂) သို့သော်၊ ‘ယေဟောဝါ​၏​မျက်မှောက်ခေတ်​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် အဘယ်​နည်းများဖြင့် ကောင်းချီး​များ​ခံစား​နေကြ​ရသနည်း၊ အလျင်အမြန်​ချဉ်းကပ်​လာ​နေသော ယေဟောဝါ​၏​အမျက်တော်နေ့​တွင် ကာကွယ်​ခံရ​မည့်​သူများ​အတွက် ဇေဖနိ​၏​ပရောဖက်ပြုချက်​က အဘယ်​အနာဂတ်​ကောင်းချီး​များ​ကို ဖော်ပြ​သနည်း’ ဟု ကျွန်ုပ်​တို့​မေး​လို​ကြ​ပေမည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• လူတို့သည် မည်သို့ ‘ယေဟောဝါ​ကို​ရှာ’ ကြ​သနည်း။

• ‘ဖြောင့်မတ်ခြင်း​ကို​ရှာ​ခြင်း’ တွင်​အဘယ်အရာ​ပါဝင်​သနည်း။

• ကျွန်ုပ်​တို့​မည်သို့ ‘နူးညံ့​သိမ်မွေ့ ခြင်း​ကို​ရှာ’ နိုင်​သနည်း။

• ကျွန်ုပ်​တို့သည် ယေဟောဝါ​ကိုလည်း​ကောင်း၊ ဖြောင့်မတ်ခြင်း​နှင့် နူးညံ့​သိမ်မွေ့ ခြင်း​တို့ကို​လည်းကောင်း အဘယ်ကြောင့်​ဆက်​ရှာနေ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာ​လေ့လာခြင်း​နှင့် စိတ်အား​ထက်သန်​စွာ​ဆုတောင်းခြင်း​အားဖြင့် ယေဟောဝါ​ကို သင်​ရှာနေ​သလော

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

လူအုပ်ကြီးသည် ယေဟောဝါ​ကို ဆက်​ရှာနေ​ကြသော​ကြောင့် ကိုယ်တော်​၏​အမျက်တော်နေ့​တွင် သူတို့​ကပ်ကျော်​ကြ​မည်