မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်များသည် နှိမ့်ချခြင်းကို မွေးမြူရ

ခရစ်ယာန်များသည် နှိမ့်ချခြင်းကို မွေးမြူရ

ခရစ်ယာန်​များသည် နှိမ့်ချ​ခြင်း​ကို မွေးမြူ​ရ

(က​၀၀ ၂/၁၅ စာမျက်နှာ ၃၁ မှ​အဆက်)

“ဖန်ဆင်း​တော်​မူ​သော​ပုံသဏ္ဌာန်​နှင့်​အညီ . . . အသစ်​ပြုပြင်​သော​လူသစ်” ကို​ယူတင်​ဝတ်ဆောင်​ရန် ခရစ်ယာန်​ချင်း​တို့အား ဆုံးမ​ပေး​ရာ​တွင် တမန်​တော်​ပေါလု​က ဤသို့​ဆို​သည်– “ထို​ကြောင့် သင်တို့သည် ဘုရားသခင်​ရွေးကောက်​သော​သူ သန့်ရှင်းသော​သူ ချစ်အပ်သော​သူ​ကဲ့သို့ သနားစုံမက်​ခြင်း ကျေးဇူးပြု​ခြင်း စိတ်​နှိမ့်ချ​ခြင်း နူးညံ့​သိမ်မွေ့ ခြင်း စိတ်ရှည်ခြင်း​တို့ကို ယူတင်​ဝတ်ဆောင်​ကြလော့။” (ကောလောသဲ ၃:​၁၀ ၁၂) ခရစ်တော်​၏​ပုံသက်သေ​ကောင်း​ကို ကိုးကား​ပြီး သူတို့ကို ဤသို့​ဆုံးမ​သည်– “[ဘုရားသခင်​၏​ကျေးကျွန်​များ​မှ] သူတစ်ပါး​သည် ကိုယ်​ထက်​သာ၍​ကောင်းမြတ်​သည်​ဟု နှိမ့်ချသော​စိတ် ရှိ၍ တစ်ယောက်ကို​တစ်ယောက် ထင်မှတ်​ကြလော့။” (ဖိလိပ္ပိ ၂:၃) တစ်ဖန် ဤသို့​ပြောဆို​သည်– “အချင်းချင်း စိတ်သဘော​တညီတညွတ်​တည်း​ရှိကြလော့။ ဂုဏ်​စည်းစိမ်​ကို​ငဲ့​ကွက်​ခြင်း​မရှိကြ​နှင့်။ နှိမ့်ချသော​သူတို့ကို အပေါင်းအဖော်​လုပ်ကြ​လော့။ ငါသည် ပညာရှိ​၏​ဟု ကိုယ်ကို​မထင်ကြ​နှင့်။”​—ရောမ ၁၂:၁၆

ဤ​သဘောထားမျိုး​ဖြင့် ကောရိန္သု​မြို့ရှိ ခရစ်ယာန်​များ​ကို ပေါလု​က ဤသို့​ပြောဆို​သည်– “ငါသည် အဘယ်သူ​၏​ကျွန် မဖြစ်​သော်လည်း သာ၍​များသော​သူတို့ကို​ရခြင်း​အလို​ငှာ လူတကာ​တို့၏​ကျွန်ခံ​ရ၏။ ယုဒ​လူ​တို့ကို​ရခြင်း​အလို​ငှာ ယုဒ​လူ​တို့​၌ ယုဒ​လူ​ကဲ့သို့​ဖြစ်၏။ ပညတ်တရား​ကို ကိုယ်တိုင်​မ​ဆည်းကပ်​သော်လည်း ပညတ်တရား​ကို​ဆည်းကပ်​သော​သူတို့ကို​ရခြင်း​အလို​ငှာ ပညတ်တရား​ကို​ဆည်းကပ်​သော​သူတို့၌ ပညတ်တရား​ကို​ကျင့်​သော​သူ​ကဲ့သို့​ဖြစ်၏။ ဘုရားသခင်​ရှေ့တော်၌ တရား​မဲ့​မနေ ခရစ်တော်​၏​တရားကို​ကျင့်​သော​သူ​ဖြစ်သော်လည်း ပညတ်တရား​မဲ့​သော​သူတို့ကို​ရခြင်း​အလို​ငှာ ပညတ်တရား​မဲ့​သော​သူတို့၌ ပညတ်တရား​မဲ့​သော​သူ​ကဲ့သို့​ဖြစ်၏။ အားနည်း​သော​သူတို့ကို​ရခြင်း​အလို​ငှာ အားနည်း​သော​သူတို့၌ အားနည်း​သော​သူ​ကဲ့သို့​ဖြစ်၏။ အချို့​သော​သူတို့ကို တစ်စုံတစ်ခု​သော​အမှုအရာ​အားဖြင့် ကယ်တင်ခြင်း​အလို​ငှာ ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ​ဖြစ်၏။” (၁ ကောရိန္သု ၉:​၁၉-၂၂) ယင်း​သို့​ပြု​ရန် နှိမ့်ချမှု​အစစ်အမှန် လိုအပ်​သည်။

ငြိမ်သက်ခြင်း​ရှိစေ။ စိတ်​နှိမ့်ချမှု​သည် ငြိမ်သက်ခြင်း​ရှိစေသည်။ စိတ်​နှိမ့်ချသော​သူသည် မိမိ​ရ​သင့်​ရထိုက်​သည်​ဟု ယူမှတ်​ထားသော “အခွင့်အရေး​များ” ကို​ရ​ရန် ခရစ်ယာန်​ညီအစ်ကို​များနှင့် ရန်​ပွား​နေ​မည်​မဟုတ်ပါ။ တမန်​တော်​က မိမိမှာ ခပ်သိမ်း​သော​အမှုအရာ​ကို ပြု​ခွင့်​ရှိသည်​မှန်​သော်လည်း တည်ဆောက်​ခြင်း​နှင့်ယှဉ်သော​အရာ​တို့ကို​သာ မိမိ​ပြု​မည်​ဖြစ်​ကြောင်း​နှင့် မိမိ၏​အပြုအမူကြောင့် ညီအစ်ကို​၏ ကိုယ်ကို​ကိုယ်​သိသောစိတ် အားနည်း​သွား​မည်​ရှိ​သော် ထို​အမှုကို မပြု​ဘဲ​နေမည်ဟု ပြောပြ​ခဲ့​သည်။​—ရောမ ၁၄:​၁၉-၂၁; ၁ ကောရိန္သု ၈:၉၊၁၃; ၁၀:​၂၃-၃၃

ကျွန်ုပ်​တို့အား သူတစ်ပါး​ပြုသော​အပြစ်​များ​ကို ခွင့်လွှတ်​ရမည်ဟု ယေရှု၏​ဆုံးမ​စကား​ကို လက်တွေ့​ကျင့်သုံး​ခြင်း​ဖြင့် အသင့်အတင့်​ရှိ​နေနိုင်​ရန် နှိမ့်ချမှု​လိုအပ်​သည်။ (မဿဲ ၆:​၁၂-၁၅; ၁၈:​၂၁ ၂၂) ထို့နောက် တစ်ဦး​တစ်ယောက်​က အခြားသူ​တစ်ဦး​ကို စိတ်ထိခိုက်​စေ​ခဲ့​မည်​ဆိုလျှင် ထို​သူ​ထံ​သို့​သွား​၍ အမှား​ကို​ဝန်ခံ​ကာ ခွင့်လွှတ်​ရန် တောင်းပန်​ရမည်​ဟူသော​မိန့်မှာချက်ကို နာခံ​ဖို့ နှိမ့်ချမှု​သည် စမ်းသပ်ခံ​ရ​ပေမည်။ (မဿဲ ၅:​၂၃ ၂၄) သို့​မဟုတ် စိတ်ထိခိုက်​သူက ပြဿနာ​လာ​ဖြေရှင်း​သည့်​အခါ ချစ်ခြင်း​နှင့်​နှိမ့်ချမှု​တို့​ရှိ​မှ​သာ အမှား​ကို​ဝန်ခံ​ပြီး ပြေလည်​သွားစေရန် ချက်ချင်း​ပြုလုပ်​နိုင်​မည်​ဖြစ်သည်။ (မဿဲ ၁၈:၁၅; လုကာ ၁၇:၃; ဝတ်ပြုရာ ၆:​၁-၇ နှိုင်းယှဉ်။) သို့သော် ဤသို့​သော​နှိမ့်ချမှု​ကြောင့် ထို​သူ​အပေါ်လည်း​ကောင်း အဖွဲ့အစည်း​အပေါ်လည်း​ကောင်း သက်ရောက်​လာ​သည့် ငြိမ်သက်မှု​သည် အ​နှိမ်​ခံရ​သည်​ဟူသော​ခံစားချက်​ထက် အလွန်​အလေးသာ​သည်; ထို့​ပြင် သူ၏​နှိမ့်ချသော​အပြုအမူက သူ၏​နှိမ့်ချမှု အရည်အသွေးကောင်း​ကို ထပ်ဆင့်​တိုးပွား​၍​ခိုင်ခံ့​စေပါ​သည်။

အသင်းတော်တွင် စည်းလုံးမှု​ရှိဖို့​အတွက် လိုအပ်​နေ။ စိတ်​နှိမ့်ချမှု​သည် ခရစ်ယာန်​တစ်ဦး​အား ရောင့်ရဲ​တင်းတိမ်​စေပြီး ပျော်ရွှင်မှု​နှင့် ဟန်ချက်ညီ​သော​သဘော တိုးပွား​စေပါ​လိမ့်​မည်။ ​ကောရိန္သု​ပထမ​စာစောင် အခန်းကြီး ၁၂ တွင်​တမန်​တော်​ဖော်ပြ​ထား​သည့် ခရစ်ယာန်​အသင်းတော်​၏ တစ်ဦး​ကိုတစ်​ဦး အားကိုး​မှီခို​ခြင်း​သည် နာခံမှု နှိမ့်ချမှု​နှင့် ဘုရားသခင်​၏​အဖွဲ့အစည်း​ဆိုင်ရာ အစီအစဉ်ကို လက်အောက်ခံမှု​အပေါ် အခြေခံ​ပါ​သည်။ ထို့​ကြောင့် အသင်းတော်​ရှိ​ညီအစ်ကို​များ​အား “ကြီးကြပ်မှူး​အရာ​ကို လှမ်းယူ​နေသော​သူသည် ကောင်းသော​အမှုအရာ​ကို​တောင်း​တ​နေ​၏” ဟု​မှာကြား​သော်လည်း အသင်းတော်တွင် ဆရာများ​အဖြစ် တာဝန်​ရှိ​အရာ​ကို ရာထူး​မက်​သော​သဘောဖြင့် လက်ခံ​မယူ​ကြဖို့ သတိပေး​ပါ​သည်။ အကြောင်း​မှာ ထို​သူတို့သည် “သာ၍​ကျပ်တည်း​သော​စစ်ကြော​စီရင်ခြင်း​ကို ခံရ​ကြ​မည်” ဖြစ်သည်။​—၁ တိမောသေ ၃:၁ က​ဘ; ယာကုပ် ၃:၁

ယောက်ျား​မိန်းမ​အားလုံး​တို့သည် ဦးစီးသူ​များ​ကို လက်အောက်ခံ​ရမည်​ဖြစ်သည်။ တာဝန်​အပ်နှင်း ချီးမြှောက်​ခြင်း​သည် ယေဟောဝါ​စီရင်​သော​အမှု​ဖြစ်သော​ကြောင့် တာဝန်​ခန့်ခွဲ လွှဲအပ်​ခြင်း​ခံရ​ရန် ကိုယ်တော်​အား စောင့်​၍​နေ​သင့်​သည်။ (ဆာလံ ၇၅:​၆ ၇) ကောရ​၏​လေဝိ​သား​အချို့​ပြောဆို​ခဲ့​သကဲ့သို့ “မတရားသော​သူ၏​နေရာ၌ နေရ​သော​အခွင့်​ထက် အကျွန်ုပ်၏​ဘုရားသခင့်​အိမ်တော်၌ တံခါး​စောင့်​အရာ​ကို အကျွန်ုပ်​သာ၍ နှစ်သက်ပါ​၏” ဟူ၍​ဖြစ်သည်။ (ဆာလံ ၈၄:၁၀) ဤ​စစ်မှန်သော​နှိမ့်ချမှု တိုးပွား​လာရန် အချိန်​လို​ပါ​သည်။ “မာန​နှင့်​ယစ်​မူး​လျက် [စာတန်]၏​အပြစ်ရောက်​မည်​ဟု စိုးရိမ်​စ​ရာ​ရှိ” သောကြောင့် အကြီးအကဲ​အရာ​သို့ ခန့်အပ်​ခံရ​မည့်​သူ၏​အရည်အချင်းများ​ကို စာရင်း​တင်ပြ​ရာ​တွင် ကျမ်းစာ​က ဘာသာဝင်​လူသစ်​မဖြစ်ရ​ဟု အတိအလင်း​ဆို​ထား​သည်။​—၁ တိမောသေ ၃:၆

ဟန်ဆောင်​နှိမ့်ချမှု။ ခရစ်ယာန်​များ​၏​နှိမ့်ချမှု​သည် အပေါ်ယံ​မျှ​သာ​မဖြစ်စေ​ရန် သတိပေး​ခံရ​သည်။ ဟန်ဆောင်​နှိမ့်ချမှု​ရှိသူ​သည် “ဇာတိ​ပကတိ​၏​စိတ်နှလုံး အချည်းနှီး​ထောင်လွှား” သွား​နိုင်​သည်။ ဘုရားသခင့်​နိုင်ငံတော် သို့​မဟုတ် ယင်း​ထဲ​သို့​ဝင်​ခြင်း​သည် စားသောက်​သည့်​အရာ မစား​မ​သောက်​သည့်​အရာ​အပေါ်​မူတည်​သည်​ဟု အမှန်တကယ်​နှိမ့်ချသော​သူသည် အထင်​ရှိ​လိမ့်​မည်​မဟုတ်ပါ။ တစ်ဦး​တစ်ယောက်​သည် ကျန်းမာ​ရေး​ကြောင့်​ဖြစ်စေ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကြောင့်​ဖြစ်စေ တစ်စုံတစ်ရာ​ကို စားသောက်​ရမည် သို့​မဟုတ် မစား​မ​သောက်​ရ​ဟု ခံယူ​ထား​နိုင်​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​ပါ​သည်။ သို့​တိုင် တစ်ဦး​တစ်ယောက်​က ဘုရားသခင်​၏​မျက်နှာသာ​ရ​ရန် အစားအသောက် သုံးဆောင်ခြင်း မသုံးဆောင်​ခြင်း တစ်စုံတစ်ခု​ကို တို့​ထိ​ခြင်း ဘာသာရေးပွဲ​နေ့​တစ်နေ့​နေ့ကို ကျင်းပ​ခြင်း​အပေါ်​မူတည်​သည်​ဟု ယူမှတ်​မည်​ဆိုလျှင်​ကား သူ၏​အပြု​အမူ​များသည် “ကိုယ်​အသားကို ဝ​ပြော​စွာ ကြွေး​မွေးခြင်း​နှင့်​မဆိုင် ကိုယ်​အလိုအလျောက် ကိုးကွယ်​ခြင်း စိတ်​နှိမ့်ချ​ခြင်း ကိုယ်ကာယ​ကို နှိပ်စက်ခြင်း​နှင့်​ဆိုင်၍ ပညာရှိ​ယောင်ဆောင်” ရာ​ရောက်နေ​ကြောင်း သတိ​လက်လွတ်​ဖြစ်နေ​ပါ​သည်။​—ကောလောသဲ ၂:​၁၈ ၂၃; ရောမ ၁၄:၁၇; ဂလာတိ ၃:​၁၀ ၁၁။

အမှန်​မှာ ဟန်ဆောင်​နှိမ့်ချမှု​သည် တစ်ဦး​တစ်ယောက်​၌ ဝ​င့်​ဝါ​စိတ်ဝင်​သွား​စေနိုင်​သည်။ အကြောင်း​မူ​ကား ကိုယ်​ကိုယ်နှိုက်​ကြောင့် ဖြောင့်မတ်ခြင်း​ရှိသည်​ဟု ထို​သူ​ထင်မှတ်​နေ​ပေမည်; သို့​မဟုတ် ယေဟောဝါ​အား လိမ်လည်​လှည့်ဖြား​၍​မရ​ကြောင်းကို အသိအမှတ်​မပြု​ဘဲ မိမိ​လို​ရာ​ဆန္ဒပြည့်​နေသည်​ဟု ယူမှတ်​နေ​ပေ​လိမ့်​မည်။ ထောင်လွှား​ဝ​င့်​ဝါ​သော​စိတ် ကြီးထွား​လာ​လျှင် သူသည် အတန်ကြာ​လေ​သော် နှိမ့်ချ​ခြင်း​ခံရ​၍ ဝမ်းနည်း​ရ​ပါ​လိမ့်​မည်။ ထို​အခါ​နိမ့်ကျ​သွားပြီး ပျက်စီးခြင်း​သို့​ရောက်သွား​ပေမည်။​—သု. ၁၈:၁၂; ၂၉:၂၃။ (it–1 1160-1)