မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏တရားစီရင်ရာနေ့နီးပြီ!

ယေဟောဝါ၏တရားစီရင်ရာနေ့နီးပြီ!

ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​နီးပြီ!

“ထာဝရ​ဘုရား​၏​နေ့ရက်​ကြီး​သည်​နီးပြီ။ နီး​လျက်၊ အလျင်အမြန်​လာ​လျက်​ရှိ၏။”—ဇေဖနိ ၁:၁၄၊ သမ္မာ။

၁။ ဘုရားသခင်​သည် ဇေဖနိ​မှ​တစ်ဆင့် အဘယ်​သတိပေး​ချက်​ကို​ထုတ်ဆင့်​ခဲ့​သနည်း။

ယေဟောဝါ​ဘုရားသခင်​သည် လူဆိုး​တို့ကို​အရေးယူ​ခါနီး​ပြီ။ နားထောင်ပါ! ကိုယ်တော့်​သတိပေး​ချက်​ကား ဤသို့– “လူ​နှင့်​တိရစ္ဆာန်​တို့ကို​ပယ်ရှင်း​မည်။ . . . မြေတစ်ပြင်လုံး၌​ရှိသော လူသတ္တဝါ​တို့ကို​လည်း ငါ​ပယ်ရှင်း​မည်။” (ဇေဖနိ ၁:၃) အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​ယေဟောဝါ​၏ ဤ​အမိန့်တော်ကို တည်ကြည်သော​ဟေဇကိ​မင်းကြီး​၏ တီ​တော်​ဖြစ်​ကောင်း​ဖြစ်​မည့် ပရောဖက်​ဇေဖနိ​မှ​တစ်ဆင့် ကိုယ်တော်​မိန့်တော်မူ၏။ မင်းကောင်း​ယောရှိ​လက်ထက်​တွင် ကြေညာ​ခဲ့​သော ၎င်း​ကြေညာ​ချက်​သည် ယုဒ​နိုင်ငံ​ရှိ​ဆိုးသွမ်းသူ​များ​အတွက် နိမိတ်​ဆိုး​ဖြစ်သည်။

၂။ ယောရှိ​၏​လုပ်ရပ်များ​သည် ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ကို အဘယ်ကြောင့်​မတားဆီး​ခဲ့​သနည်း။

ဇေဖနိ​၏​ပရောဖက်ပြုချက်​က ယုဒ​နိုင်ငံ​မှ မသန့်ရှင်း​သော​ဝတ်ပြု​ကိုးကွယ်​မှု​ကို သုတ်သင်​ရှင်းလင်း​ဖို့​လို​ကြောင်း လူငယ်​ယောရှိ​၏​အသိစိတ်​ကို ပြင်းပြ​စေ​ခဲ့​သည်​မှာ​သေချာ​သည်။ သို့သော် မှားယွင်းသော​ဘာသာရေး​ကို တိုင်းပြည်​မှ​ပယ်ရှင်း​သည့် ဘုရင့်​လုပ်ရပ်များ​သည် ပြည်သူပြည်သား​တို့​အကြား​ရှိ ဆိုးသွမ်းမှု​အားလုံး​ကို မဖယ်ရှား​နိုင်​ခဲ့​ချေ၊ ‘အပြစ်မဲ့​သူတို့၏​အသွေး​နှင့် ယေရုရှလင်​မြို့ကို​ပြည့်စေ’ ခဲ့​သော သူ၏​ဘိုးတော်​မနာရှေ​မင်း​၏​အပြစ်​များ​ကိုလည်း မချေဖျက်​နိုင်​ခဲ့​ပေ။ (၄ ဓမ္မ​ရာဇဝင် ၂၄:၃၊ ၄; ၂ ရာဇဝင်ချုပ် ၃၄:၃) ထို့​ကြောင့် ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ အမှန်​ရောက်လာ​လိမ့်​မည်။

၃။ ‘ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့’ ကို​ကပ်ကျော်​နိုင်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​သေချာ​နိုင်​သနည်း။

သို့​တိုင် ထို​ကြောက်မက်​ဖွယ်​ရာ​နေ့ကို​ကပ်ကျော်​သူများ​ရှိ​မည်။ ထို့​ကြောင့် ဘုရားသခင့်​ပရောဖက်​က ဤသို့​တိုက်တွန်း​ခဲ့​သည်– “အမိန့်တော်​အတိုင်း​မစီရင်၊ သင်တို့​အချိန်​သည် ဖွဲ​ကဲ့သို့​မ​လွန်၊ ထာဝရ​ဘုရား​၏​ပြင်းစွာ​သော​အမျက်တော်​သည် သင်တို့​အပေါ်​သို့​မ​ရောက်၊ ထာဝရ​ဘုရား​၏​အမျက်တော်နေ့​သည် သင်တို့​အပေါ်​သို့​မရောက်မီ ကိုယ်ကို​စစ်ကြော​ကြလော့။ တရားတော်​အတိုင်း​ကျင့်​၍ စိတ်​နှိမ့်ချသော​ပြည်သူပြည်သား​အပေါင်း​တို့ ထာဝရ​ဘုရား​ကို​ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကိုလည်း​ရှာ​ကြလော့။ ထာဝရ​ဘုရား​အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။” (ဇေဖနိ ၂:၂၊ ၃) ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​အတွင်း ကယ်တင်​ခံရ​ဖို့​မျှော်လင့်ချက်ကို စိတ်စွဲ​လျက် ဇေဖနိကျမ်း​စာစောင်​ကို ဆွေးနွေး​သုံးသပ်ကြည့်​ကြပါစို့။ ၎င်းကို ဘီ.စီ.အီး. ၆၄၈ မတိုင်မီ​က​ရေးသားခဲ့​ပြီး ကျွန်ုပ်​တို့အားလုံး စိတ်နှလုံး​အကြွင်းမဲ့ အာရုံ​စူးစိုက်​သင့်​သော ဘုရားသခင့် ‘ပရောဖက်ပြုချက်​စကားတော်’ ၏​တစ်စိတ်​တစ်ပိုင်း​ဖြစ်သည်။—၂ ပေတရု ၁:၁၉

ယေဟောဝါ​၏​လက်တော်​ဆန့်တန်း​ခဲ့

၄၊ ၅။ ဇေဖနိ ၁:၁-၃ သည် ယုဒပြည်​ရှိ​ဆိုးသွမ်းသူ​တို့​အပေါ် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

ဇေဖနိ​ထံ​ရောက်လာ​သော ‘ယေဟောဝါ​၏​စကားတော်’ ကို​အစောပိုင်း​၌​ဖော်ပြ​ခဲ့​သော သတိပေး​ချက်​ဖြင့်​စတင်​သည်။ ဘုရားသခင်​က ဤသို့​ကြေညာ​သည်– “‘ပြည်​တစ်ပြည်လုံး​၌​ရှိ​လေ​သမျှ​တို့ကို အကုန်အစင်​ငါ​သုတ်သင်​ပယ်ရှင်း​မည်’ ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏။ ‘လူ​နှင့်​တိရစ္ဆာန်​တို့ကို ပယ်ရှင်း​မည်။ မိုးကောင်းကင်​ငှက်​နှင့် ပင်လယ်​ငါး​တို့ကို​လည်းကောင်း၊ အဓမ္မ​လူ​တို့​နှင့်​တကွ ပြစ်မှား​စ​ရာ​အကြောင်း​တို့ကို​လည်းကောင်း ငါ​ပယ်ရှင်း​မည်။ မြေတစ်ပြင်လုံး၌​ရှိသော လူသတ္တဝါ​တို့ကို​လည်း ငါ​ပယ်ရှင်း​မည်’ ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏။”—ဇေဖနိ ၁:၁-၃

မှန်​ပါ​၏၊ ယေဟောဝါ​သည် ယုဒ​နိုင်ငံ​ရှိ ကမ်းကုန်​သော​ဆိုးသွမ်းမှု​ကို အဆုံးတိုင်​စေပါ​လိမ့်​မည်။ ဘုရားသခင်​သည် “ပြည်​တစ်ပြည်လုံး​၌​ရှိ​လေ​သမျှ​တို့ကို အကုန်အစင် . . . သုတ်သင်​ပယ်ရှင်း” ဖို့​မည်​သူ့ကို​အသုံးပြု​မည်​နည်း။ ဇေဖနိ​သည် ဘီ.စီ.အီး. ၆၅၉ တွင်​စတင်​အုပ်စိုး​သော ယောရှိ​မင်း​၏​နန်းသက်​အစပိုင်း​အတွင်း ပရောဖက်ပြု​ခဲ့​ပုံ​ရှိသောကြောင့် ထို​ပရောဖက်ပြုချက်​စကား​များသည် ဘီ.စီ.အီး. ၆၀၇ တွင်​ဗာဗုလုန်​လက်ချက်​ဖြင့် ယုဒပြည်​နှင့် ယေရုရှလင်​မြို့တော်​ဖျက်ဆီး​ခံရ​ခြင်း​ဖြင့် ပြည့်စုံ​ခဲ့​သည်။ ထို​အချိန်တွင် ယုဒပြည်​ရှိ​ဆိုးသွမ်းသူ​တို့ကို ‘အကုန်အစင်​သုတ်သင်’ ခဲ့​သည်။

၆-၈။ ဇေဖနိ ၁:၄-၆ တွင်​အဘယ်အရာကို​ကြို​ဟောထား​သနည်း၊ ထို​ပရောဖက်ပြုချက်​သည် ရှေးခေတ်​ယုဒပြည်​၌ မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

မှားယွင်းသော​ဝတ်ပြုသူ​များနှင့်​ပတ်သက်​၍ ဘုရားသခင့်​လုပ်ဆောင်မှုများ​ကို ကြိုပြော​ရာ​၌ ဇေဖနိ ၁:၄-၆ [သမ္မာ] ကဤသို့​ဆို​သည်– “ယုဒပြည်​သူ၊ ယေရုရှလင်​မြို့သား​အပေါင်း​တို့​တစ်ဖက်၌ ငါသည်​လက်​ဆန့်တန်း​၍၊ ဤ​အရပ်မှ ဗာလ​ဘုရား​နှင့် ၎င်း​ဆိုင်ရာ ယဇ်ပုရောဟိတ်​အမျိုးမျိုး​တို့ကို​လည်းကောင်း၊ အိမ်မိုးပေါ်​တွင် ကောင်းကင်​တန်ဆာ​များ​အား ပျပ်ဝပ်​ကိုးကွယ်​သော​သူ၊ ထာဝရ​ဘုရား​အား ပျပ်ဝပ်​ကိုးကွယ်​လျက်၊ မိလကုံ​ဘုရား​ကို တိုင်တည်​ကျိန်ဆို​သော​သူတို့ကိုလည်း​ကောင်း၊ ထာဝရ​ဘုရား​၏​နောက်​တော်​သို့​မလိုက်၊ ဆုတ်​သွားသော​သူ၊ ထာဝရ​ဘုရား​ကို​မ​ရှာ​မ​ဖွေ မ​မေး​မလျှောက်​သော​သူတို့ကိုလည်း​ကောင်း ငါ​ရှင်းရှင်း​ပယ်ရှား​မည်။”

ယုဒပြည်​နှင့် ယေရုရှလင်​မြို့ရှိ​လူ​တို့​တစ်ဖက် ယေဟောဝါ​၏​လက်တော်​ဆန့်တန်း​ခဲ့​သည်။ ခါ​နာ​န်​လူမျိုး​တို့၏ မျိုးပွား​ဘုရား​ဗာလ​အား ဝတ်ပြု​ကိုးကွယ်​သူများကို ပယ်ရှင်း​ရန် ကိုယ်တော်​သတ်မှတ်ပြီး​ဖြစ်သည်။ ဗာလ​ဘုရား​များသည် နေရာ​ဒေသ​အချို့​ကို​ပိုင်​ဆိုင်၍ ဩဇာ​လွှမ်းမိုး​ကြ​၏​ဟု ၎င်းတို့ကို​ဝတ်ပြု​ကိုးကွယ်​သူများ​က ယူဆကြ​သောကြောင့် ဒေသခံ​ဘုရားသခင်​အသီးသီး​ကို ဗာလ​ဘုရား​များ​ဟု ခေါ်ဆို​ခဲ့​ကြသည်။ ဥပမာ၊ ပေဂုရ​တောင်​တွင် မောဘ​လူမျိုး​နှင့် မိဒျန်​လူမျိုး​တို့​ကိုးကွယ်​ကြသော ဗာလ​ဘုရား​ရှိခဲ့​သည်။ (တောလည်ရာ ၂၅:၁၊ ၃၊) ယုဒပြည်​တစ်ခွင်လုံး​ရှိ ဗာလ​၏​ယဇ်ပုရောဟိတ်​များ​အပြင် သူတို့နှင့်​ပေါင်းဖော်​ကာ ဘုရားသခင့်​ပညတ်​များ​ကို ကျူးလွန်​ကြသော ဖောက်ပြန်​သည့်​လေဝိ​ယဇ်ပုရောဟိတ်​များ​ကို​ပါ ယေဟောဝါ​ပယ်ရှင်း​ပစ်​ပါ​လိမ့်​မည်။—ထွက်မြောက်ရာ ၂၀:၂၊ ၃

ဘုရားသခင်​သည် နက္ခတ်​ဗေဒင်​ကြည့်​ခြင်း​နှင့် နေ​ကိုးကွယ်​ခြင်း​ဖြစ်​ဖို့​သေချာ​သော “ကောင်းကင်​တန်ဆာ​များ​အား ပျပ်ဝပ်​ကိုးကွယ်​သော​သူ” တို့ကို​လည်း ပယ်ရှား​ပစ်​လိမ့်​မည်။ (၄ ဓမ္မ​ရာဇဝင် ၂၃:၁၁; ယေရမိ ၁၉:၁၃; ၃၂:၂၉) ‘ယေဟောဝါ​နှင့် မိလကုံ​ကို တိုင်တည်​လျက်​ကျိန်ဆို’ ခြင်း​အားဖြင့် စစ်မှန်သော​ဝတ်ပြုရေး​နှင့် မှားယွင်းသော​ဘာသာရေး​ကို ရောနှော​ဖို့​ကြိုးစား​နေကြ​သူတို့​အပေါ်​၌​လည်း ဘုရားသခင့်​အမျက်တော် ပွင့်အန်​လာတော့​မည်။ မိလကုံ​မှာ အမ္မုန်​လူမျိုး​တို့၏​အကြီးဆုံး​ဘုရား မောလုတ်​၏​အခြား​အမည်​ဖြစ်ဖွယ်​ရှိ၏။ မောလုတ်​အားကိုး​ကွယ်​ခြင်း​တွင် ကလေး​ယဇ်​ပူဇော်​ခြင်း​ပါဝင်​သည်။—၃ ဓမ္မ​ရာဇဝင် ၁၁:၅; ယေရမိ ၃၂:၃၅

ခရစ်ယာန်ဘောင်​၏ ဇာတ်သိမ်း​နီးပြီ!

၉။ (က) ခရစ်ယာန်ဘောင်​၌ အဘယ်​အပြစ်ရှိ​သနည်း။ (ခ) ယုဒပြည်​၏​သစ္စာမဲ့​သူတို့နှင့်​မတူဘဲ အဘယ်အရာကို​ပြုလုပ်​ဖို့ ကျွန်ုပ်​တို့​စိတ်ပိုင်းဖြတ်​သင့်​သနည်း။

၎င်း​တို့အားလုံး​က မှားယွင်းသော​ဝတ်ပြုရေး​နှင့် နက္ခတ်​ဗေဒင်​ပညာ​ကို​လိုက်စား​ကြ​သည့် ခရစ်ယာန်ဘောင်​ကို သတိ​ရစေ​ပေမည်။ ဓမ္မ​ဆရာများ​ထောက်ခံ​အားပေး​သော စစ်​ယဇ်​ပလ္လင်​ပေါ်​တွင် သန်းပေါင်း​များစွာသော သူတို့၏​အသက်​များ​ကို​ပူဇော်​သည့် သူ၏​အခန်းကဏ္ဍ​မှာ အမှန်​နှလုံး​နာ​စ​ရာ​ပင်! လျစ်လျူရှု​သူများ​ဖြစ်လာ​ကြ​ကာ ကိုယ်တော်​နှင့် ကိုယ်တော်​၏​လမ်းညွှန်မှုကို မ​ရှာဖွေ​တော့​သည့် ‘ယေဟောဝါ​၏​နောက်​တော်​သို့​မလိုက်၊ ဆုတ်​သွားသော’ သစ္စာမဲ့​ဂျူး​များ​ကဲ့သို့ ဘယ်​သောအခါ​မျှ​မဖြစ်​ကြ​စို့​နှင့်။ ယင်းအစား ဘုရားသခင်​အား ဆက်၍​တည်ကြည်​ကြ​စို့​လေ။

၁၀။ ဇေဖနိ ၁:၇ ၏​ပရောဖက်ပြုချက်​ဆိုင်ရာ​ထူးခြားချက်​ကို သင်​မည်သို့​ရှင်းပြ​မည်​နည်း။

၁၀ ပရောဖက်​၏​နောက်ဆက်တွဲ​စကား​များသည် ယုဒပြည်​၏​အပြစ်ပြု​သူများ​ကော ကျွန်ုပ်​တို့​ခေတ်​ရှိ​ဆိုးသွမ်းသူ​များနှင့်​ပါ ဆီလျော်​သည်။ ဇေဖနိ ၁:၇ က​ဤသို့​ဆို​၏– “အရှင်​ထာဝရ​ဘုရား​၏​ရှေ့တော်၌ ငြိမ်​ဝပ်​စွာ​နေကြ​လော့။ ထာဝရ​ဘုရား​၏​နေ့​နီးပြီ။ ထာဝရ​ဘုရား​သည် မိမိ​ယဇ်​ပွဲတော်​ကို​ပြင်ဆင်​၍ ပွဲဝင်​သော​သူတို့ကို သန့်ရှင်း​စေတော်မူ​ပြီ။” ဤ “ပွဲဝင်​သော​သူတို့” မှာ​ယုဒပြည်​၏ ခါလဒဲ​ရန်သူများ​ဖြစ်​ကြောင်း​ထင်ရှား​၏။ “ယဇ်​ပွဲတော်” မှာ​သူ၏​မြို့တော်​အပါအဝင် ယုဒပြည်​ကိုယ်​၌​ဖြစ်သည်။ ဤသို့ဖြင့် ဇေဖနိ​သည် ယေရုရှလင်​မြို့ကို​ဖျက်ဆီး​ဖို့ ဘုရားသခင့်​ရည်ရွယ်ချက်ကို​ကြေညာ​ခဲ့​ပြီး ၎င်း​ပရောဖက်ပြုချက်​သည် ခရစ်ယာန်ဘောင်​ဖျက်ဆီး​ခံရ​ခြင်း​ကိုလည်း ညွှန်ပြ​သည်။ အမှန်​မှာ၊ ယနေ့ ဘုရားသခင့်​တရား​စီရင်​ရာ​နေ့ အလွန်​နီးကပ်​နေပြီ​ဖြစ်​ရာ လောကသား​အားလုံး​သည် ‘အရှင်​ယေဟောဝါ​၏​ရှေ့တော်၌ ငြိမ်​ဝပ်​စွာ​နေ’ ၍ ယေရှု၏​ဘိသိက်ခံ​နောက်လိုက်​များ​ဖြစ်သည့် “သိုးစုငယ်” နှင့်​သူတို့၏​အပေါင်းပါ “အခြားသိုး” တို့​မှ​တစ်ဆင့် ကိုယ်တော်​မိန့်တော်မူရာ​ကို နားထောင်​သင့်​သည်။ (လုကာ ၁၂:၃၂; ယောဟန် ၁၀:၁၆) နားမထောင်ခြင်း​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​ကို ရန်ဘက်ပြု​ရာ​ရောက်​သူအား​လုံး​ကို ဖျက်ဆီးခြင်း​က​စောင့်မျှော်​နေသည်။—ဆာလံ ၂:၁၊ ၂

မကြာမီ—ငိုကြွေး​မြည်တမ်း​ခြင်း​နေ့!

၁၁။ ဇေဖနိ ၁:၈-၁၁ ၏​လိုရင်းချက်​ကား​အဘယ်နည်း။

၁၁ ယေဟောဝါ​၏​နေ့​နှင့်​ပတ်သက်​၍ ဇေဖနိ ၁:၈-၁၁ က​ဤသို့​ထပ်ဆင့်​သည်– “‘ထာဝရ​ဘုရား​ပွဲခံ​တော်​မူ​သော​နေ့၌ မင်း​များ၊ ဆွေ​တော်​မျိုး​တော်​များနှင့် ထူးခြား​စွာ [“လူမျိုးခြား​အဝတ်၊” သမ္မာ] ဝတ်​သော​သူများ​အပေါင်း​တို့ကို ငါ​စစ်ကြော​မည်။ သူတစ်ပါး​၏​အိမ်တံခါး​ခုံ​ကို​ကျော်​၍ အနိုင်အထက်ပြု​ခြင်း၊ လှည့်စားခြင်း​အားဖြင့်​ရသော​ဥစ္စာ​နှင့် မိမိ​သခင်၏​အိမ်ကို​ပြည့်စေ​သော​သူအပေါင်း​တို့ကို​လည်း ထို​နေ့၌​ငါ​စစ်ကြော​မည်။’ ထာဝရ​ဘုရား​မိန့်တော်မူသည်​ကား၊ ‘ထို​နေ့၌ ငါး​တံခါးဝ​မှာ အော်ဟစ်သံ​ကိုလည်း​ကောင်း၊ ဒုတိယ​မြို့၌ ငိုကြွေး​မြည်တမ်း​သံ​ကိုလည်း​ကောင်း၊ တောင်ရိုး​၌​ပြင်းစွာ​ချိုးဖျက်​သံ​ကိုလည်း​ကောင်း ကြား​ရ၏။ မတ္တေရှ​အရပ်သား​တို့ ငိုကြွေး​မြည်တမ်း​ကြလော့။ ကုန်သည်​အပေါင်းတို့သည်​ပြတ်​ကြပြီ။ ငွေ​ကို​ဆောင်သော​သူအပေါင်း​တို့သည် ဆုံး​ကြပြီ။’”

၁၂။ ‘လူမျိုးခြား​အဝတ်​ဝတ်​လျက်’ အချို့​ကို​တွေ့ရ​ခြင်း​မှာ မည်သို့​နည်း။

၁၂ ယောရှိ​မင်းကို ယော​ခတ်၊ ယောယကိမ်​နှင့် ယေခေါနိ​တို့​က နန်း​ဆက်ခံ​ကြ​မည်​ဖြစ်သည်။ ထို့နောက် ယေရုရှလင်​မြို့​ပျက်စီးခြင်း​ဖြင့် မှတ်သား​ခံ​ခဲ့​ရသော ယောယကိမ်​နန်းစံချိန်​ရောက်လာ​မည်။ ထို​ဘေး​ကို​ရင်ဆိုင်​နေရ​ကြသော်လည်း အချို့​သူတို့သည် ‘လူမျိုးခြား​အဝတ်​ဝတ်​လျက်’ ရှိ​ခြင်း​ဖြင့် အိမ်နီးချင်း​နိုင်ငံ​များ​၏​နှစ်သက်​လက်ခံမှုကို ရှာ​ခဲ့​ကြ​ဟန်​ရှိသည်။ အလားတူ၊ ယနေ့ လူအများ​က မိမိတို့သည် ယေဟောဝါ​၏​အဖွဲ့အစည်း​အဝင်​များ​မဟုတ်​ကြောင်း နည်း​အမျိုးမျိုးဖြင့်​ထင်ရှားစေ​ကြသည်။ စာတန့်​အဖွဲ့အစည်း​၏​အစိတ်အပိုင်း​အဖြစ် ထင်ရှားစေ​သဖြင့် သူတို့​ဒဏ်​စီရင်ခံ​ရ​ကြ​မည်။

၁၃။ ဇေဖနိ​၏​ပရောဖက်ပြုချက်​နှင့်​အညီ ဗာဗုလုန်​လူမျိုး​တို့သည် ယေရုရှလင်​မြို့ကို​တိုက်ခိုက်​ကြသောအခါ အဘယ်​သို့​ဖြစ်ပျက်​ရန်​နည်း။

၁၃ ယုဒပြည်​ကို​စာရင်း​ရှင်း​သော “ထို​နေ့” သည် ကိုယ်တော့်​ရန်သူများ​ကို​တရား​စီရင်​ရန်၊ ဆိုးသွမ်းမှု​ကို​အဆုံးတိုင်​စေရန်​နှင့် ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု​ကို​သက်သေထူ​ရန် ယေဟောဝါ​၏​နေ့ကြီး​နှင့်​အလားတူ​သည်။ ယေရုရှလင်​မြို့ကို ဗာဗုလုန်​လူမျိုး​တို့​တိုက်ခိုက်​သည်​နှင့် ငါး​တံခါးဝ​မှ​အော်ဟစ်သံ​ကို​ကြား​ရ​လိမ့်​မည်။ ၎င်း​တံခါးဝ​သည် ငါး​ဈေး​အနီး​တွင်ရှိသော​ကြောင့် ထို​အမည်​ရခဲ့​ခြင်း​ဖြစ်​နိုင်​သည်။ (နေဟမိ ၁၃:၁၆) ဗာဗုလုန်​စစ်တပ်​ကြီး​သည် ဒုတိယ​မြို့​ဟု​ခေါ်​သော စစ်ဆင်ရေး​နယ်မြေ​သို့​ဝင်ရောက်​ကြ​မည်​ဖြစ်​ပြီး “တောင်ရိုး​၌​ပြင်းစွာ​သော​ချိုးဖျက်​သံ” က ချဉ်း​နင်း​ဝင်ရောက်​လာ​နေသော ခါလဒဲ​ပြည်သား​တို့၏​အသံကို​ဆိုလိုခြင်း​ဖြစ်​နိုင်​သည်။ တိုက်​ရိုဘို​ရော​ချိုင့်ဝှမ်း​အထက်​ဘက် ဖြစ်​ကောင်း​ဖြစ်​မည့် မတ္တေရှ​အရပ်သား​များ​၏ “ငိုကြွေး​မြည်တမ်း​သံ” ရှိ​လိမ့်​မည်။ သူတို့​အဘယ်ကြောင့်​ငိုကြွေး​မြည်တမ်း​ကြ​မည်​နည်း။ ထို​တွင် “ငွေ​ကို​ဆောင်သော​သူ” များ​အပါအဝင် စီးပွားရေး​လုပ်ဆောင်မှု အဆုံးတိုင်​မည်​ဖြစ်သော​ကြောင့်​ပင်။

၁၄။ ကိုယ်တော်​အား​ဝတ်ပြု​သည်​ဟု​ဆို​ကြ​သူများကို ဘုရားသခင်​စစ်ကြော​ခြင်း​သည် မည်မျှ​အတိုင်းအတာ​အထိ​ဖြစ်​မည်​နည်း။

၁၄ ယေဟောဝါ​အား​ဝတ်ပြု​သည်​ဟု​ဆို​ကြ​သူများကို ကိုယ်တော်​၏​စစ်ကြော​ခြင်း​သည် မည်မျှ​ပြင်းထန်​မည်​နည်း။ ပရောဖက်ပြုချက်​က ဤသို့​ဆက်​ပြော​သည်– “ထို​ကာလ​၌ ငါသည်​မီးခွက်ကို​ကိုင်​၍ ယေရုရှလင်​မြို့ကို​စစ်ကြော​မည်။ ‘ထာဝရ​ဘုရား​သည် ကျေးဇူး​ကိုလည်း​မပြု၊ အပြစ်ကို​လည်း​မပေး’ ဟု အောက်မေ့​လျက် မိမိတို့​အနည်​အဖတ်​ပေါ်​၌ နေရာကျ​သော​သူတို့ကို ငါ​စစ်ကြော​မည်။ ထို​သူတို့၏​ဥစ္စာ​ကို သူတစ်ပါး​လု​ယူ၍ သူတို့၏​နေရာ​သည် လူဆိတ်ညံ​လျက်​ရှိ​လိမ့်​မည်။ အိမ်ကို​ဆောက်​သော်လည်း​မနေ​ရ​ကြ။ စပျစ်​ဥယျာဉ်​ကို​စိုက်​သော်လည်း စပျစ်​ရည်​ကို​မ​သောက်​ရ​ကြ။”—ဇေဖနိ ၁:၁၂၊ ၁၃

၁၅။ (က) ယေရုရှလင်​မြို့​၏​အယူဖောက်ပြန်​သော ယဇ်ပုရောဟိတ်​များ မည်သို့​ဖြစ်ပျက်​ကြ​မည်​နည်း။ (ခ) ယနေ့ မှားယွင်းသော​ဘာသာရေး​ကို လိုက်စား​ကြ​သူများ​အတွက် အဘယ်အရာ​သိုထား​သနည်း။

၁၅ ယေရုရှလင်​မြို့ရှိ အယူဖောက်ပြန်​သော ယဇ်ပုရောဟိတ်​များသည် ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​ခြင်း​ကို မှားယွင်းသော​ဘာသာရေး​နှင့်​ရော​ပြွမ်း​စေ​ခဲ့​ကြသည်။ ဘေးကင်း​လုံခြုံ​သည်​ဟု သူတို့​ထင်မှတ်​ကြသော်လည်း ဘုရားသခင်​သည် သူတို့​ပုန်းကွယ်​ခိုအောင်း​နေကြ​သော ဝိညာဉ်​ရေး​အမှောင်ထု​ကို ထိုးဖောက်​ထွန်းလင်း​မည့် တောက်ပ​သော​မီးအိမ်​ဖြင့် သူတို့ကို​ဖော်ထုတ်​စစ်ကြော​လိမ့်​မည်။ ဘုရားသခင့်​တရား​စီရင်ချက်​သတင်း​စကား​နှင့် စီရင်ချက်​ချမှတ်ခြင်း​ကို မည်သူမျှ​လွတ်မြောက်​မည်​မဟုတ်။ ကျေနပ်​ရောင့်ရဲ​နေကြ​သော ထို​အယူဖောက်ပြန်သူ​များသည် ဝိုင်​စည်ပိုင်း​၏​အောက်ခြေ​ရှိ အနည်အနှစ်​များ​ကဲ့သို့ အခြေကျ​ခဲ့​ကြသည်။ လူ့​ကိစ္စရပ်​များ​တွင် ဘုရားသခင်​ကြားဝင်​ဆောင်ရွက်မှု​ဆိုင်ရာ မည်သည့်​ကြေညာ​ချက်​နှင့်​မျှ သူတို့​အနှောင့်အယှက်​မခံလိုကြ​ချေ၊ သို့သော် ဘုရားသခင့်​တရား​စီရင်ချက်​ချမှတ်ခြင်း​ကို သူတို့​လွတ်မြောက်​မည်​မဟုတ်​ချေ။ ခရစ်ယာန်ဘောင်​အဖွဲ့ဝင်​များနှင့် ယေဟောဝါ​၏​ဝတ်ပြုရေး​မှ သွေဖည်​သွား​ကြ​သူများ​အပါအဝင် မှားယွင်းသော​ဘာသာရေး​ကို လိုက်စား​ကြ​သူများ​လည်း လွတ်မြောက်​ကြ​မည်​မဟုတ်။ ယခု​အချိန်​သည် ‘နောက်ဆုံး​ကာလ’ ဖြစ်​ကြောင်း​ငြင်းပယ်​ကာ “ထာဝရ​ဘုရား​သည် ကျေးဇူး​ကိုလည်း​မပြု၊ အပြစ်ကို​လည်း​မပေး” ဟု​အောက်မေ့​ကြသည်။ မှား​လိုက်​လေ​ခြင်း!—၂ တိမောသေ ၃:၁-၅; ၂ ပေတရု ၃:၃၊ ၄၊ ၁၀

၁၆။ ယုဒပြည်​အပေါ် ဘုရားသခင့်​တရား​စီရင်ချက်​ကျရောက်​သောအခါ မည်သို့​ဖြစ်​ရမည်​နည်း၊ ၎င်းကို​သိရှိ​ထားခြင်း​က ကျွန်ုပ်​တို့ကို မည်သို့​သက်ရောက်မှု​ရှိ​သင့်​သနည်း။

၁၆ ဗာဗုလုန်​လူမျိုးများ​က သူတို့၏​စည်းစိမ်ဥစ္စာ​များ​ကို လုယူ​တိုက်ခိုက်​မည်၊ နေအိမ်များ​ကို​လူဆိတ်ညံ​ရာ​ဖြစ်စေ​ပြီး သူတို့၏​စပျစ်​ဥယျာဉ်​အသီးကို ယူသွား​ကြလိမ့်မည်​ဟု အယူဖောက်ပြန်​သော​ယုဒ​လူမျိုး​တို့ သတိပေး​ခြင်း​ခံ​ခဲ့​ကြ​ရသည်။ ယုဒပြည်​အပေါ် ဘုရားသခင့်​တရား​စီရင်ချက် ပြစ်ဒဏ်ချ​မှတ်​သောအခါ ရုပ်ပစ္စည်း​များ အသုံးကျ​တော့​မည်​မဟုတ်။ လက်ရှိ​အစီအစဉ်​စနစ်​အပေါ် ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့ ရောက်လာသော​အခါ အလားတူ​ဖြစ်ပါ​လိမ့်​မည်။ ထို့​ကြောင့် ဝိညာဉ်​ရေး​အမြင်​ရှိပြီး ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ကျွန်ုပ်​တို့၏​ဘဝတွင်​ရှေးဦး​ထားခြင်း​ဖြင့် “ကောင်းကင်ဘုံ​၌​ဘဏ္ဍာ​ကို ဆည်းပူး​ကြ” ပါ​စို့!—မဿဲ ၆:၁၉-၂၁၊ ၃၃

‘ယေဟောဝါ​၏​နေ့ရက်​ကြီး​နီးပြီ’

၁၇။ ဇေဖနိ ၁:၁၄-၁၆ အရ ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​သည် မည်မျှ​နီးကပ်​နေသနည်း။

၁၇ ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​သည် မည်မျှ​နီးကပ်​နေသနည်း။ ဇေဖနိ ၁:၁၄-၁၆ အရ ဘုရားသခင်​သည် ဤ​အာမခံချက်ကို​ပေး​ထား​သည်– “ထာဝရ​ဘုရား​၏​နေ့ကြီး​နီးပြီ။ နီးပြီ။ အလျင်အမြန်​လာ​၏။ ထာဝရ​ဘုရား​၏​နေ့​သတင်း​သည် နား​၌​ခါး​၏။ ထို​နေ့၌ သူ​ရဲ​သည်​အော်ဟစ်​လိမ့်​မည်။ ထို​နေ့​သည် အမျက်ထွက်​သော​နေ့၊ ဆင်းရဲ​ပူပန်ခြင်း​ကို​ခံရ​သော​နေ့၊ သုတ်သင်​ပယ်ရှင်း​ဖျက်ဆီး​ရာ​နေ့၊ အလင်းကွယ်​၍ မှောင်မိုက်​သော​နေ့၊ မိုးအုံ့​၍​ထူထပ်​သော​မှောင်မိုက်​ဖုံးလွှမ်း​သော​နေ့၊ ခိုင်ခံ့​သော​မြို့၊ မြင့်သော​ရဲတိုက်​တို့​တစ်ဖက်၌ တံပိုးမှုတ်​၍​ကြွေးကြော်​ရာ​နေ့​ဖြစ်၏။”

၁၈။ ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​သည် အလှမ်းဝေး​ပါ​သေး​သည်​ဟု အဘယ်ကြောင့်​ကျွန်ုပ်​တို့​မ​တွက်​သင့်​သနည်း။

၁၈ ယုဒပြည်​၏​ထင်ရာစိုင်း​ယဇ်ပုရောဟိတ်​များ၊ မင်း​ညီ​မင်းသားများ​နှင့် လူများ​တို့သည် ‘ယေဟောဝါ​၏​နေ့ကြီး​နီးပြီ’ ဖြစ်​ကြောင်း သတိပေး​ခံ​ခဲ့​ကြ​ရသည်။ ယုဒပြည်​အတွက် ‘ယေဟောဝါ​၏​နေ့​သည် အလျင်အမြန်​လာ’ လိမ့်​မည်။ အလားတူ ကျွန်ုပ်​တို့​ခေတ်တွင် ဆိုးသွမ်းသူ​များ​အပေါ် ယေဟောဝါ​၏​တရား​စီရင်ချက်​သည် အလှမ်းဝေး​သော​အနာဂတ်​၌​ဖြစ်​မည်​ဟု အဘယ်သူမျှ​မထင်​ပါစေ​နှင့်! ယင်းအစား ယုဒပြည်​ကို ဘုရားသခင်​အမြန်​အရေးယူ​ခဲ့​သကဲ့သို့ ကိုယ်တော်​၏​တရား​စီရင်​ရာ​နေ့ကို ‘အလျင်အမြန်’ ရောက်​စေပါ​လိမ့်​မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၆) ယေဟောဝါ​၏​သက်သေ​များ​အားဖြင့် ဘုရားသခင်​ပေး​သော သတိပေး​ချက်​များ​ကို လျစ်လျူရှု​ကာ စစ်မှန်သော​ဝတ်ပြုရေးကို​မလိုက်​စား​သူအား​လုံး​အတွက် ထို​အချိန်​သည် ခံရ​ခက်​သော​အချိန်​ဖြစ်​လိမ့်​မည်​တကား!

၁၉၊ ၂၀။ (က) ယုဒပြည်​နှင့် ယေရုရှလင်​မြို့​အပေါ် ဘုရားသခင့်​အမျက်တော်​စီရင်ချက်​၏ အသွင်​အချို့​ကား အဘယ်နည်း။ (ခ) ဤ​အစီအစဉ်​စနစ်​ရင်ဆိုင်​ရမည့် ရွေးချယ်​ဖျက်ဆီးခြင်း​ကို​ထောက်၍ အဘယ်​မေးခွန်းများ​ပေါ်လာ​သနည်း။

၁၉ ယုဒပြည်​နှင့် ယေရုရှလင်​မြို့​အပေါ် ဘုရားသခင့်​အမျက်တော်​စီရင်ချက်​ချ​ခြင်း​သည် “ဆင်းရဲ​ပူပန်ခြင်း​ကို​ခံရ​သော​နေ့” ဖြစ်​ခဲ့​သည်။ ဗာဗုလုန်​မှ​ကျူးကျော်သူ​များ​က ယုဒပြည်​သူ​ပြည်သား​တို့ကို သေခြင်းနှင့် ဖျက်ဆီးခြင်း​ရင်ဆိုင်​စေ​၍ စိတ်​ဆင်းရဲခြင်း​အပါအဝင် ဆင်းရဲခြင်း​အမျိုးမျိုးကို ဖြစ်စေ​ခဲ့​ကြသည်။ နေရာတကာ​တွင် မီးခိုး​နှင့် ရက်စက်​စွာ​သတ်ဖြတ်မှု​များစွာ​ရှိသောကြောင့် ထို “သုတ်သင်​ပယ်ရှင်း​ဖျက်ဆီး​ရာ​နေ့” သည် ပုံဆောင်​သဘော​အရသာ​မ​က စာသား​အရ​ပါ​ဖြစ်​နိုင်​သည့် အလင်းကွယ်၊ မိုးအုံ့​ပြီး မှောင်မိုက်​ထူထပ်​သော​နေ့​ဖြစ်​ခဲ့​သည်။ ၎င်း​နေ့​သည် “တံပိုးမှုတ်​၍​ကြွေးကြော်​ရာ​နေ့” ဖြစ်​ခဲ့​သည်၊ သို့သော် သတိပေး​ချက်​များ​မှာ အချည်းနှီး​ဖြစ်​ခဲ့​သည်။

၂၀ ဗာဗုလုန်​လူမျိုး​တို့၏​ခံတပ်​ဖြို တင်း​ပု​တ်​ကြီး​များ​က “မြင့်သော​ရဲတိုက်​တို့” ကို​ပြိုလဲ​ကျစေ​ခဲ့​ရာ ယေရုရှလင်​မြို့​ကင်းစောင့်​များသည် အကူအညီ​မဲ့​ဖြစ်​ခဲ့​ကြသည်။ ကိုယ်တော်​ရွေးချယ်​ဖျက်ဆီး​ရာ​တွင် အသုံးပြု​ဖို့ အသင့်ရှိ​သော ဘုရားသခင့်​ကောင်းကင်​လက်နက်​တိုက်​ရှိ လက်နက်များ​နှင့်​ယှဉ်​လျှင် လက်ရှိ​အစီအစဉ်​စနစ်​၏ ခံတပ်​များသည် အချည်းနှီး​သက်​သက်​ဖြစ်​လိမ့်​မည်။ အသက်ချမ်းသာ​ရာ​ရဖို့ သင်​မျှော်လင့်​သလော။ ‘ကိုယ်တော်​အား​ချစ်သော​သူအပေါင်း​တို့ကို ကြည့်ရှု​စောင်မ​တော်​မူ​ပြီး ဆိုးသော​သူအပေါင်း​တို့ကို​မူ​ကား ဖျက်ဆီး​တော်​မူ​မည့်’ ယေဟောဝါ​ဘက် သင်​မားမားမတ်မတ်​ရပ်တည်​ပြီးပြီ​လော။—ဆာလံ ၁၄၅:၂၀

၂၁၊ ၂၂။ ဇေဖနိ ၁:၁၇၊ ၁၈ သည်​ကျွန်ုပ်​တို့​ခေတ်တွင် မည်သို့​ပြည့်စုံ​မည်​နည်း။

၂၁ ဇေဖနိ ၁:၁၇၊ ၁၈ တွင်​ကြိုပြော​ထားသော တရား​စီရင်​ရာ​နေ့​သည် အမှန်​ထိတ်လန့်စရာ​ပင်! “သူတို့သည် ထာဝရ​ဘုရား​ကို​ပြစ်မှား​သောကြောင့် သူတို့ကို ငါ​ညှဉ်းဆဲ​သဖြင့် မျက်စိ​မမြင်​သော​သူ​ကဲ့သို့ သွား​ကြလိမ့်မည်။ သူတို့​အသွေးကို မြေမှုန့်​ကဲ့သို့​သွန်း​၍ အသားကို​လည်း မ​စင်​ကဲ့သို့​မှတ်​ကြလိမ့်မည်။ ထာဝရ​ဘုရား​အမျက်ထွက်​တော်​မူ​သော​နေ့၌ သူတို့​ရွှေငွေ​သည် သူတို့ကို​မ​ကယ်တင်​နိုင်ရာ။ ဒေါသ​အမျက်တော်​မီး​သည် တစ်ပြည်လုံး​ကို​လောင်​လိမ့်​မည်။ ပြည်သူပြည်သား​အပေါင်း​တို့ကို အလျင်အမြန်​စီရင်၍ အကုန်အစင်​သုတ်သင်​ပယ်ရှင်း​တော်​မူ​လိမ့်​မည်” ဟု​ယေဟောဝါ​ဘုရားသခင်​မိန့်တော်မူ၏။

၂၂ ဇေဖနိ​ခေတ်တွင် ယေဟောဝါ​ပြုလုပ်​ခဲ့​သည့်​အတိုင်း မကြာမီ ကိုယ်တော်​သည် သတိပေး​ချက်​ကို လိုက်နာ​ဖို့​ငြင်းဆို​ကြသော “ပြည်သူပြည်သား​အပေါင်း” တို့​အပေါ် ဘေးသင့်​ရောက်​စေပါ​လိမ့်​မည်။ ဘုရားသခင်​ကို​သူတို့​ပြစ်မှား​ကြသော​ကြောင့် မျက်မမြင်​များ​ကဲ့သို့ လွတ်မြောက်​ဖို့​လမ်းမ​တွေ့​နိုင်​ဘဲ အကူအညီ​မဲ့​လျှောက်​ကြလိမ့်မည်။ ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့တွင် သူတို့၏​အသွေး​သည် တန်ဖိုး​မဲ့​သော ‘မြေမှုန့်​ကဲ့သို့​သွန်း​ခြင်း​ခံရ​လိမ့်​မည်။’ ဘုရားသခင်​သည် မြေကြီးပေါ်​ရှိ​လူဆိုးများ​၏ ခန္ဓာကိုယ်​များ—အူ​များ​ကိုပင်—“မ​စင်​ကဲ့သို့” ကြဲ​ဖြန့်​မည်​ဖြစ်​ရာ သူတို့၏​အဆုံး​သည် အမှန်​ရှက်ဖွယ်​ဖြစ်​လိမ့်​မည်။

၂၃။ အပြစ်ပြု​သူများ​သည် ‘ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့’ တွင်​လွတ်မြောက်​မည်​မဟုတ်သော်လည်း ဇေဖနိ​၏​ပရောဖက်ပြုချက်​က အဘယ်​မျှော်လင့်ချက်ကို ကမ်း​လှမ်း​သနည်း။

၂၃ ဘုရားသခင်​နှင့် ကိုယ်တော်​၏​လူမျိုးတော်​အား ရန်ဘက်ပြု​သူများကို မည်သူမျှ​မ​ကယ်​နိုင်​ပါ။ ယုဒပြည်​၏​အပြစ်ပြု​သူများကို ရွှေ​နှင့်​ငွေ​တို့​က မ​ကယ်တင်​နိုင်​ခဲ့​သကဲ့သို့ ခရစ်ယာန်ဘောင်​နှင့် ကျန်ရှိ​သော​ဤ​အစီအစဉ်​စနစ်​အပေါ် ‘ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့’ ကျရောက်​သောအခါ စုဆောင်း​ထားသော​စည်းစိမ်ဥစ္စာ​နှင့် တံစိုး​လက်ဆောင်​များ​ပင်​လျှင် အကာအကွယ်၊ လွတ်မြောက်မှု​ပေး​မည်​မဟုတ်။ ၎င်း​ဆုံးဖြတ်​ရာ​နေ့တွင် ဆိုးသွမ်းသူ​များ​ကို ကိုယ်တော်​သုတ်သင်​ပယ်ရှင်း​သောအခါ ကိုယ်တော်​၏​ဒေါသ​အမျက်တော်​မီး​သည် “တစ်ပြည်လုံး​ကို​လောင်​လိမ့်​မည်။” ကျွန်ုပ်​တို့သည် ဘုရားသခင့်​ပရောဖက်ပြုချက်​စကားတော်​ကို ယုံကြည်​ကြသော​ကြောင့် ယခု “အမှု​ကုန်​ရသည်​ကာလ” တွင်​ကျွန်ုပ်​တို့​ရောက်ရှိ​နေကြောင်း လက်ခံ​ယုံကြည်​ကြသည်။ (ဒံယေလ ၁၂:၄) ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​နီးပြီ၊ မကြာမီ ကိုယ်တော်​၏​ရန်သူများ​ကို ကိုယ်တော်​လက်စားချေ​တော့​မည်။ သို့​တိုင် ဇေဖနိ​၏​ပရောဖက်ပြုချက်​က လွတ်မြောက်ခြင်း​ဆိုင်ရာ​မျှော်လင့်ချက်ကို ကမ်း​လှမ်း​ထား​သည်။ သို့​ဖြစ်၍ ယေဟောဝါ​အမျက်ထွက်​တော်​မူ​သော​နေ့တွင် ပုန်းရှောင်​ရာ​ရကောင်းရ​ရန် ကျွန်ုပ်​တို့​ထံ​မှ အဘယ်အရာ​တောင်းဆို​သနည်း။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယုဒပြည်​နှင့် ယေရုရှလင်​မြို့​အပေါ် ဇေဖနိ​၏​ပရောဖက်ပြုချက် မည်သို့​ပြည့်စုံ​ခဲ့​သနည်း။

• ခရစ်ယာန်ဘောင်​နှင့် ကျွန်ုပ်​တို့​ခေတ်​ရှိ ဆိုးသွမ်းသူ​အားလုံး အဘယ်​အဖြစ်​ကြုံ​ရဖို့ ရှိ​သနည်း။

• ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​သည် အလှမ်းဝေး​သော​အနာဂတ်​၌​ဖြစ်​မည်​ဟု အဘယ်ကြောင့် ကျွန်ုပ်​တို့​မထင်မှတ်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​တရား​စီရင်​ရာ​နေ့​နီးပြီ​ဟု ဇေဖနိ​ရဲရင့်စွာ​ကြေညာ​ခဲ့

[Credit Line]

From the Self-Pronouncing Edition of the Holy Bible, containing the King James and the Revised versions

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘီ.စီ.အီး. ၆၀၇ တွင်​ဗာဗုလုန်​လူမျိုး​တို့၏​လက်ချက်​ဖြင့် ယုဒပြည်​နှင့် ယေရုရှလင်​မြို့​အပေါ် ယေဟောဝါ​၏​နေ့​ကျရောက်​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဆိုးသွမ်းသူ​တို့ကို ယေဟောဝါ ဖျက်ဆီး​သောအခါ လွတ်မြောက်​ဖို့ သင်​မျှော်လင့်​သလော