မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏ပြန်လည်ထူထောင်ထားသော လူမျိုး ကိုယ်တော်အားကမ္ဘာတစ်ခွင်ချီးမွမ်းကြ

ယေဟောဝါ၏ပြန်လည်ထူထောင်ထားသော လူမျိုး ကိုယ်တော်အားကမ္ဘာတစ်ခွင်ချီးမွမ်းကြ

ယေဟောဝါ​၏​ပြန်လည်​ထူထောင်​ထားသော လူမျိုး ကိုယ်တော်​အား​ကမ္ဘာ​တစ်ခွင်​ချီးမွမ်း​ကြ

“လူမျိုးအပေါင်း​တို့သည် . . . ယေဟောဝါ​၏​နာမတော်​ကို [ခေါ်] စေခြင်း​ငှာ စင်ကြယ်သော​ဘာသာ​စကား​ကို သူတို့အား ငါ​ပေး​မည်။”—ဇေဖနိ ၃:၉၊ က​ဘ။

၁။ ပျက်စီးခြင်း​သတင်း​များသည် ယုဒပြည်​နှင့် အခြား​လူမျိုးများ​အပေါ် အဘယ်ကြောင့်​ပြည့်စုံ​ခဲ့​သနည်း။

ဇေဖနိ​ဟောပြောရန် ယေဟောဝါ​လှုံ့ဆော်​ခဲ့​သော တရား​စီရင်ခြင်း​သတင်း​များ​မှာ တန်ခိုး​ပါ​လိုက်​လေ​ခြင်း! ခေါင်းဆောင်​များနှင့် ပြည်သူပြည်သား​တစ်စုလုံး​သည် ယေဟောဝါ​၏​အလိုတော်ကို မ​ဆောင်ရွက်​ကြသော​ကြောင့် ထို​ပျက်စီးခြင်း​သတင်း​သည် ယုဒပြည်​နှင့် ယင်း​၏​မြို့တော်​ယေရုရှလင်​အပေါ် ပြည့်စုံ​ခဲ့​သည်။ ဖိလိတ္တိ၊ မောဘ​နှင့် အမ္မုန်​စ​သည့် အနီးတစ်ဝိုက်​ရှိ​လူမျိုးများ​လည်း ဘုရားသခင့်​အမျက်တော်ကို​ခံရ​ကြ​မည်။ အဘယ်ကြောင့်​နည်း။ ယေဟောဝါ​၏​လူမျိုးတော်ကို ရာစုနှစ်ချီ ရက်စက်​စွာ​ဆန့်ကျင်​ခဲ့​ကြသော​ကြောင့်​ပင်။ ထို​အကြောင်းကြောင့် အာရှုရိကမ္ဘာ့အာဏာစက်​သည် ဘယ်​သောအခါ​မျှ ပြန်​မ​ထူထောင်​နိုင်​ဘဲ ဖျက်ဆီး​ခံရ​လိမ့်​မည်။

၂။ ဇေဖနိ ၃:၈ ကို​မည်သူ​အား​ပြောဆို​နေကြောင်း ထင်ရှား​သနည်း။

သို့သော် ရှေးခေတ်​ယုဒပြည်​တွင် စိတ်ထားမှန်​သူ​အချို့​ရှိခဲ့​ကြသည်။ သူတို့သည် ဆိုးသွမ်းသူ​တို့ကို ဘုရားသခင်​တရား​စီရင်​ဖို့ စောင့်မျှော်​ခဲ့​ကြ​ပြီး ဤ​စကား​များ ပြောဆို​ခံ​ခဲ့​ရသူ​များ​ဖြစ်​ကြောင်း ထင်ရှား​သည်– “ထာဝရ​ဘုရား​မိန့်တော်မူသည်​ကား ‘ဖမ်းဆီး​လုယက်​ခြင်း​ငှာ ငါ​မ​ထ​မီ​တိုင်အောင် ငါ့ကို​ငံ့​လင့်​ကြလော့။ တိုင်းနိုင်ငံ​ပြည်သား​အမျိုးမျိုး​တို့ကို စုဝေး​စေ​၍ ငါ့​အမျက်၊ ငါ့​ဒေါသ​အရှိန်ကို အကုန်အစင်​သွန်းလောင်း​မည်​ဟု ငါ​အကြံ​ရှိ၏။ ငါ့​ဒေါသ​မီး​သည် မြေတစ်ပြင်လုံး​ကို​လောင်​ရ​လိမ့်​မည်။’”—ဇေဖနိ ၃:၈

“စင်ကြယ်သော​ဘာသာ​စကား” မည်​သူ့​အတွက်​နည်း

၃။ ဇေဖနိ​သည် အဘယ်​မျှော်လင့်ချက်​ပေး​သော သတင်းကို​ကြေညာ​ဖို့ လှုံ့ဆော်​ခံ​ခဲ့​ရသနည်း။

မှန်ပါသည်၊ ယေဟောဝါ​၏​ဖျက်ဆီးခြင်း​သတင်း​များ​ကို ဇေဖနိ​ကြေညာ​ခဲ့​သည်။ သို့သော် ထို​ပရောဖက်​သည် တကယ်​ကောင်းသော​မျှော်လင့်ချက်​တစ်ခု​ကို​ပါ ထည့်​ကြေညာ​ဖို့ လှုံ့ဆော်​ခံ​ခဲ့​ရသည်—၎င်း​မျှော်လင့်ချက်​သည် ယေဟောဝါ​အပေါ် ဆက်​တည်ကြည်​ကြ​သူတို့​အတွက် အလွန်​နှစ်သိမ့်မှု​ဖြစ်စေ​မည်။ ဇေဖနိ ၃:၉ (က​ဘ) ၌​မှတ်တမ်း​တင်ထား​သည့်​အတိုင်း ယေဟောဝါ​ဘုရားသခင်​က ဤသို့​ကြေညာ​ခဲ့​သည်– “ထို​အခါ၊ လူမျိုးအပေါင်း​တို့သည် အမှုတော်ကို​ပခုံး​ချင်း​ယှဉ်​၍ ထမ်းဆောင်​မည်​အကြောင်း ယေဟောဝါ​၏​နာမတော်​ကို [ခေါ်] စေခြင်း​ငှာ စင်ကြယ်သော​ဘာသာ​စကား​ကို သူတို့အား ငါ​ပေး​မည်။”

၄၊ ၅။ (က) မဖြောင့်မတ်​သူများ အဘယ်​သို့​ဖြစ်​မည်​နည်း။ (ခ) ၎င်း​မှ မည်သူ​တို့​အကျိုး​ခံစားရ​မည်​နည်း၊ အဘ​ယ့်​ကြောင့်​နည်း။

စင်ကြယ်သော​ဘာသာ​စကား ပေးအပ်​ခံရ​မည်​မဟုတ်သော လူ​တို့​ရှိ​မည်။ သူတို့ကို​သတိပြု​မှတ်သား​ကာ ပရောဖက်ပြုချက်​က ဤသို့​ဆို​သည်– “ဝါကြွား​သော​သူတို့ကို သင့်​အလယ်​၌ ငါ​ပယ်ရှား​မည်။” (ဇေဖနိ ၃:၁၁) ထို့​ကြောင့် ဘုရားသခင့်​ပညတ်တော်​များ​ကို အထင်အမြင်​သေး​ပြီး မဖြောင့်မတ်​ရာ​ကို​ပြုကျင့်​သော မာန​ထောင်လွှား​သူများ​သည် ဖယ်ရှားခံ​ရ​ကြ​မည်။ ၎င်း​မှ မည်သူ​တို့​အကျိုး​ခံစားရ​မည်​နည်း။ ဇေဖနိ ၃:၁၂၊ ၁၃ က​ဤသို့​ဖော်ပြ​သည်– “နှိမ့်ချ​ဆင်းရဲသော​အမျိုး​ကို သင့်​အလယ်​၌​ငါ [ယေဟောဝါ] ချန်​ထား​မည်။ ထို​သူတို့သည် ထာဝရ​ဘုရား​၏​နာမတော်​ကို ခိုလှုံ​ကြလိမ့်မည်။ ကျန်ကြွင်း​သော​ဣသရေလ​အမျိုးသား​တို့သည် မတရားသော​အမှုကို​မပြုရ​ကြ။ မုသာ​မပြော​ရ​ကြ။ သူတို့​နှုတ်၌ လှည့်စား​တတ်သော​လျှာ​မရှိ​ရ။ အဘယ်သူမျှ​မကြောက်​စေ​ဘဲ စားသောက်​လျက်၊ အိပ်​လျက်​နေရ​ကြလိမ့်မည်။”

ရှေးခေတ်​ယုဒပြည်​မှ တည်ကြည်သော​အကြွင်းအကျန်​သည် အကျိုး​ခံစားရ​မည်​ဖြစ်သည်။ အဘ​ယ့်​ကြောင့်​နည်း။ ဤ​စကား​များနှင့်​အညီ သူတို့​လုပ်ဆောင်ခဲ့​ကြသော​ကြောင့်​တည်း– “တရားတော်​အတိုင်း​ကျင့်​၍ စိတ်​နှိမ့်ချသော​ပြည်သူပြည်သား​အပေါင်း​တို့ ထာဝရ​ဘုရား​ကို​ရှာ​ကြလော့။ ဖြောင့်မတ်ခြင်း​နှင့် စိတ်​နှိမ့်ချ​ခြင်း​ကိုလည်း​ရှာ​ကြလော့။ ထာဝရ​ဘုရား​အမျက်ထွက်​တော်​မူ​သော​နေ့၌ သင်တို့သည် ပုန်းရှောင်​ရာ​ကို တွေ့​ကောင်း​တွေ့​ကြလိမ့်မည်။”—ဇေဖနိ ၂:၃

၆။ ဇေဖနိ​ပရောဖက်ပြုချက်​၏ ပထမ​ပြည့်စုံချက်​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

ဇေဖနိ​ပရောဖက်ပြုချက်​၏ ပထမ​ပြည့်စုံချက်​တွင် ဘုရားသခင်​သည် ဘီ.စီ.အီး. ၆၀၇ ၌​သစ္စာမဲ့​ယုဒပြည်​ကို ဗာဗုလုန်​ကမ္ဘာ့​အာဏာစက်​အား သိမ်းပိုက်​ခွင့်ပြု​ခြင်း​ဖြင့် ၎င်းကို​ဒဏ်​စီရင်​ခဲ့​သည်။ ပရောဖက်​ယေရမိ​အပါအဝင် အချို့​သူများ​သည် အသက်ချမ်းသာ​ရခဲ့​ကြ​ပြီး အခြားသူ​တို့​မူ သုံ့ပန်း​ဘဝ​၌ ယေဟောဝါ​အား​ဆက်၍​တည်ကြည်​ခဲ့​ကြသည်။ ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်​နိုင်ငံ​သည် ဘုရင်​ကုရု​၏​အုပ်စိုးမှု​အောက်​ရှိ မေဒိ​နှင့်​ပေရသိ​နိုင်ငံ​ကြောင့် အရေးနိမ့်​ခဲ့​သည်။ နှစ်နှစ်​ကြာပြီးနောက် ကုရု​သည် ဂျူး​လူမျိုး​အကြွင်းအကျန်​ကို မိမိတို့​မွေးရပ်မြေ​သို့ ပြန်ခွင့်​ပြုသော​အမိန့်စာ ထုတ်ပြန်ခဲ့​သည်။ အချိန်တန်သော် ယေရုရှလင်​ဗိမာန်တော်ကို ပြန်​တည်ဆောက်​ခဲ့​ကြ​ပြီး လူ​တို့အား​ပညတ်တော်​ကို​ညွှန်ကြား​ပေးဖို့ ယဇ်ပုရောဟိတ်​အဖွဲ့ကို ပြန်​ဖွဲ့စည်း​ခဲ့​သည်။ (မာလခိ ၂:၇) သို့ဖြင့် ယေဟောဝါ​သည် ပြန်လည်​ထူထောင်​လာသော အကြွင်းအကျန် တည်ကြည်​နေသရွေ့​ကာလပတ်လုံး သူတို့ကို​ကြီးပွား​တိုးတက်စေ​ခဲ့​သည်။

၇၊ ၈။ ဇေဖနိ ၃:၁၄-၁၇ မှ​ပရောဖက်ပြုချက်​စကား​များသည် မည်သူ​တို့​နှင့်​သက်ဆိုင်​သနည်း၊ သင်​အဘယ်ကြောင့်​ထိုသို့​ဖြေ​သနည်း။

အဆိုပါ​ပြန်လည်​ထူထောင်ခြင်း​အကျိုးကို ခံစား​ကြ​ရမည့်​သူတို့နှင့်​စပ်လျဉ်း၍ ဇေဖနိ​က ဤသို့​ကြို​ဟောခဲ့​သည်– “အို​ဇိအုန်​သတို့သမီး သီချင်းဆို​လော့။ အို​ဣသရေလ​အမျိုး ကြွေးကြော်​လော့။ အို​ယေရုရှလင်​သတို့သမီး စိတ်နှလုံး​အကြွင်းမဲ့ ဝမ်းမြောက်​ရွှင်လန်း​လော့။ ထာဝရ​ဘုရား​သည် သင်၏​အပြစ်ဒဏ်​တို့ကို​ပပျောက်​စေ​၍ သင်၏​ရန်သူ​တို့ကို ပယ်ရှား​တော်​မူ​ပြီ။ ဣသရေလ​အမျိုး​၏​ရှင်ဘုရင် ထာဝရ​ဘုရား​သည် သင့်​အလယ်​၌​ရှိ​တော်​မူ​၏။ သင်သည် နောက်​တစ်ဖန် ဘေးဥပဒ်​နှင့်​မ​တွေ့​မကြုံ​ရ။ ‘မစိုးရိမ်​နှင့်’ ဟု ယေရုရှလင်​မြို့​အား​လည်းကောင်း၊ ‘လက်​အား​မ​လျော့​စေ​နှင့်’ ဟု ဇိအုန်​တောင်​အား​လည်းကောင်း ထို​အခါ​ဆို​ရ၏။ ‘သင်၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင့်​အလယ်​၌​ရှိ၍ တန်ခိုး​ကြီးသော​ဘုရား​သည် သင့်ကို​ကယ်တင်​တော်​မူ​လိမ့်​မည်။ သင်၌​အားရ​၍ ဝမ်းမြောက်​တော်​မူ​လိမ့်​မည်။ ချစ်ခြင်း​မေတ္တာ​၌​ကျိန်းဝပ်​၍ သီချင်းဆို​ခြင်း​နှင့်​တကွ သင်၌​ဝမ်းမြောက်​တော်​မူ​လိမ့်​မည်။’”—ဇေဖနိ ၃:၁၄-၁၇

ထို​ပရောဖက်ပြုချက်​စကား​များသည် ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ​စုသိမ်း​ခံရ​ပြီး မိမိတို့​ဘိုးဘွားပိုင်​နိုင်ငံ​သို့ ပြန်​ခေါ်ဆောင်​ခံ​ခဲ့​ရသော အကြွင်းအကျန်​ကို​ရည်ညွှန်း​နေသည်။ ယင်းကို ဇေဖနိ ၃:၁၈-၂၀ တွင်​ရှင်းပြ​ထား​၍ ကျွန်ုပ်​တို့​ဤသို့​ဖတ်ရှု​ရသည်– “‘ကဲ့ရဲ့​ခြင်း​ဝန်ကို သင်​ထမ်း​ရာ​အကြောင်း​တည်း​ဟူသော သင်​နှင့်​ဝေး​၍ ဓမ္မ​ပွဲ​ကို​မခံရ​ဘဲ ညှိုးငယ်​လျက်​ရှိသောသူ​တို့ကို ငါ [ယေဟောဝါ] စုဝေး​စေမည်။ သင့်ကို​ညှဉ်းဆဲ​သော​သူအပေါင်း​တို့ကို ထို​အခါ​ငါ​စီရင်​မည်။ နာ​သော​သူကို ချမ်းသာပေး​မည်။ နှင်ထုတ်ခြင်း​ခံရ​သော​သူကို သင်း​ဖွဲ့​စေမည်။ အရှက်ကွဲခြင်း​ကို​ခံရ​ရာပြည်​အရပ်ရပ်​တို့​၌ ချီးမွမ်း​ခြင်း​ဂုဏ်​အသရေ​ကို​ပေး​မည်။ ထို​ကာလ​၌ သင်တို့ကို​တစ်ဖန်​ငါ​ဆောင်​ခဲ့​၍ စုဝေး​စေ​သဖြင့် သိမ်းသွားခြင်း​ကို​ခံရ​သော​သူတို့ကို သင်တို့​မျက်မှောက်​၌ တစ်ဖန်ဆောင်​ခဲ့​ပြန်​သောအခါ မြေကြီးသား​အမျိုးမျိုး​တို့​တွင် ချီးမွမ်း​ခြင်း​ဂုဏ်​အသရေ​ကို သင်တို့အား​ပေး​မည်’ ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏။”

၉။ ယေဟောဝါ​သည် ယုဒပြည်​နှင့်​ပတ်သက်​၍ ကိုယ်တော်တိုင်​၏​နာမတော်​ကို မည်သို့​ကျော်ကြား​စေ​ခဲ့​သနည်း။

ဘုရားသခင့်​လူမျိုးတော်​၏​ရန်သူများ​ဖြစ်​ကြသော အနီးတစ်ဝိုက်​ရှိ​နိုင်ငံ​များ​၏ ထိတ်လန့်​မှု​ကို မြင်ယောင်​ကြည့်​ပါ​လေ! ယုဒပြည်​သူ​ပြည်သား​များသည် လွတ်မြောက်​မည့်​မျှော်လင့်ချက်​လုံးလုံး​မရှိဘဲ အင်အားကြီး​ဗာဗုလုန်​နိုင်ငံ​၏ သုံ့ပန်း​အဖြစ် ခေါ်ဆောင်​သွား​ခံ​ခဲ့​ရသည်။ ထို့​ပြင် သူတို့၏​နိုင်ငံ​သည် လွင်တီးခေါင်​ဖြစ်​လေ​သည်။ သို့ရာတွင် အနှစ် ၇၀ ကြာပြီးနောက် ဘုရားသခင့်​တန်ခိုးတော်​ကြောင့် မိမိတို့​နေရင်းပြည်​သို့ ပြန်ရောက်​ခဲ့​ကြ​ရ​၍ ရန်သူ​နိုင်ငံ​များ​မှာ​မူ ပျက်စီး​စ​ပြု​လေ​သည်။ ထို​တည်ကြည်သော​အကြွင်းအကျန်​ကို ယေဟောဝါ​ပြန်​ခေါ်ဆောင်​ခဲ့​ခြင်း​ဖြင့် ကိုယ်တော်တိုင်​၏​နာမ​သည် ကျော်ကြား​ခဲ့​သည်​တကား! ကိုယ်တော်​သည် သူတို့ကို “မြေကြီးသား​အမျိုးမျိုး​တို့​တွင် ချီးမွမ်း​ခြင်း​ဂုဏ်​အသရေ” ဖြစ်စေ​ခဲ့​သည်။ အဆိုပါ​ပြန်လည်​ထူထောင်ခြင်း​သည် ယေဟောဝါ​အား​လည်းကောင်း၊ ကိုယ်တော့်​နာမတော်​ခံယူ​ထား​သူတို့ကိုလည်း​ကောင်း ချီးမွမ်း​ဂုဏ်တင်​စေ​ခဲ့​သည်​တကား!

ယေဟောဝါ​၏​ဝတ်ပြုရေး ချီးမြှောက်ခံ​ခဲ့​ရ

၁၀၊ ၁၁။ ဇေဖနိ​၏​ပြန်လည်​ထူထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​သည် အဘယ်​အချိန်၌​အဓိက​ပြည့်စုံ​ဖို့​ဖြစ်သနည်း၊ ယင်းကို ကျွန်ုပ်​တို့​မည်သို့​သိရှိ​ရသနည်း။

၁၀ ခေတ်​သက္ကရာဇ်​ပထမ​ရာစု​တွင် ဣသရေလ​အကြွင်းအကျန်​ကို စစ်မှန်သော​ဝတ်ပြုရေး​သို့ ယေရှု​ခရစ်​စုသိမ်း​ခဲ့​သောအခါ အခြား​ပြန်လည်​ထူထောင်ခြင်း​တစ်မျိုး ဖြစ်ပေါ်​ခဲ့​သည်။ ၎င်း​သည် ဖြစ်လတ္တံ့​သော​အရာ​၏​အရိပ်​ဖြစ်၏၊ အကြောင်း​မှာ၊ ပြန်လည်​ထူထောင်ခြင်း​၏ အဓိက​ပြည့်စုံချက်​သည် အနာဂတ်​၌​ရှိသေး​သည်။ မိက္ခာ​၏​ပရောဖက်ပြုချက်​က ဤသို့​ကြိုပြော​ခဲ့​သည်– “နောက်ဆုံးသော​ကာလ​၌ ထာဝရ​ဘုရား​၏​အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်မှာ ချီး​မြှောက်၍​တည်​လိမ့်​မည်။ ခပ်သိမ်း​သော​လူစု​တို့သည် ထို​တောင်​သို့ စည်းဝေး​ကြလိမ့်မည်။”—မိက္ခာ ၄:၁

၁၁ အဘယ်​အချိန်၌ ထိုသို့​ဖြစ်​မည်​နည်း။ ပရောဖက်ပြုချက်​ပြော​သည့်​အတိုင်း “နောက်ဆုံးသော​ကာလ”—ဤ ‘နောက်ဆုံး​နေ့ရက်​များ’ အတောအတွင်း​ဖြစ်ပျက်​လိမ့်​မည်။ (၂ တိမောသေ ၃:၁) ယင်းသည် လက်ရှိ​အစီအစဉ်​စနစ်ဆိုး အဆုံး​မတိုင်မီ၊ မှားယွင်းသော​ဘုရားသခင်​များ​ကို တိုင်းနိုင်ငံ​များ​ဝတ်ပြု​ကိုးကွယ်​နေဆဲ​အချိန်တွင် ဖြစ်ပျက်​ပါ​လိမ့်​မည်။ မိက္ခာ ၄:၅ က ဤသို့​ဆို​သည်– “လူမျိုးအပေါင်း​တို့သည် ကိုယ်​ဆိုင်သော​ဘုရား [သခင်] ၏​နာမကို​ခိုလှုံ​လျက် ကျင့်​နေတတ်​ကြ​၏။” စစ်မှန်သော​ဝတ်ပြုသူ​များ​ကော။ မိက္ခာ​၏​ပရောဖက်ပြုချက်​က ဤသို့​ဖြေဆို​သည်– “ငါ​တို့​မူ​ကား၊ ကိုယ်​ဆိုင်သော​ဘုရားသခင် ထာဝရ​ဘုရား​၏​နာမတော်​ကို ကာလ​အစဉ်အမြဲ​ခိုလှုံ​လျက် ကျင့်​နေကြ​မည်။”

၁၂။ ဤ​နောက်ဆုံး​ကာလ​တွင် စစ်မှန်သော​ဝတ်ပြုရေးသည် မည်သို့​ချီးမြှောက်ခံ​ခဲ့​ရပြီ​နည်း။

၁၂ ထို့​ကြောင့် ဤ​နောက်ဆုံး​ကာလ​တွင် “[ယေဟောဝါ] ၏​အိမ်တော်​တည်​သော​တောင်​သည် တောင်ကြီး​တောင်​ငယ်​တို့၏​ထိပ်​ပေါ်မှာ . . . တည် [လေ​ပြီ]။” ယေဟောဝါ​၏​မြင့်မြတ်​သော စစ်မှန်​သည့်​ဝတ်ပြုရေးသည် ပြန်လည်​ထူထောင်​ခံ​ခဲ့​ရ​၍ ခိုင်မြဲ​စွာ​တည်ထောင်​နေပြီ၊ အခြား​ဘာသာ​တရား​ရှိသမျှ​အားလုံး​ထက် ချီးမြှောက်ခံ​ခဲ့​ရပြီ​ဖြစ်သည်။ မိက္ခာ​၏​ပရောဖက်ပြုချက် ကြို​ဟောထား​သည့်​အတိုင်း “ခပ်သိမ်း​သော​လူစု​တို့သည် ထို​တောင်​သို့ စည်းဝေး​ကြလိမ့်မည်။” စစ်မှန်သော​ဝတ်ပြုရေးကို​လိုက်စားသူ​တို့သည် “[သူတို့] ၏​ဘုရားသခင် [ယေဟောဝါ] ၏​နာမတော်​ကို ကာလ​အစဉ်အမြဲ​ခိုလှုံ​လျက်​ကျင့်​နေကြ​မည်။”

၁၃၊ ၁၄။ ဤ​လောကသည် အဘယ်​အချိန်၌ “နောက်ဆုံးသော​ကာလ” အချိန်ပိုင်း​သို့​ဝင်​ခဲ့​သနည်း၊ ထို​အချိန်​မှ​စပြီး စစ်မှန်သော​ဝတ်ပြုရေး​နှင့်​ပတ်သက်​၍ မည်သို့​ဖြစ်ပျက်​နေသနည်း။

၁၃ ၁၉၁၄ ခုနှစ်​တွင် ဤ​လောကသည် “နောက်ဆုံးသော​ကာလ”—၎င်း​၏​နောက်ဆုံး​နေ့ရက်​များ—အချိန်ပိုင်း​သို့​ဝင်​ခဲ့​ကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​ပြည့်စုံ​၍ ဖြစ်ပျက်​နေသည့်​အဖြစ်အပျက်​များ​က တင်ပြ​သည်။ (မာကု ၁၃:၄-၁၀) ယေဟောဝါ​သည် ကောင်းကင်​မျှော်လင့်ချက်​ရှိသော တည်ကြည်​သည့်​ကောင်းကင်​အတန်းအစား​အကြွင်းအကျန်​ကို စစ်မှန်သော​ဝတ်ပြုရေး​သို့ စုသိမ်း​စ​ပြု​ကြောင်း သမိုင်းက​တင်ပြ​သည်။ ထို့နောက် မြေကြီးပေါ်​ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်​သော “ဘာသာ​စကား​အဖုံဖုံ​ပြော​သည့် လူအမျိုးမျိုး၊ အနွယ်​နွယ်၊ အ​စု​စု​မှ . . . လူအုပ်ကြီး” သည်​စုသိမ်း​ခံရ​သည်။—ဗျာဒိတ် ၇:၉က​ဘ။

၁၄ ပထမ​ကမ္ဘာ​စစ်​ကတည်းက​စ၍ ယနေ့​အထိ ယေဟောဝါ​၏​နာမတော်​ကို ခံယူ​ထား​သူတို့၏​ဝတ်ပြုရေးသည် ကိုယ်တော့်​ညွှန်ကြားမှု​အောက် အင်တိုက်အားတိုက် ရှေ့သို့​ချီတက်​ခဲ့ပြီ။ ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​သူတို့သည် ပထမ​ကမ္ဘာ​စစ်​ပြီး​နောက် ထောင်ပေါင်း​အနည်းငယ်​သာ​ရှိရာ​မှ ယခု​ဆိုလျှင် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် အသင်းတော်​ပေါင်း ၉၁,၀၀၀ ခန့်​၌​စုရုံး​ကာ အရေအတွက်​ခြောက်​သန်း​ခန့်​ရှိပြီ။ ဘုရားသခင့်​နိုင်ငံတော်​သတင်း ကြေညာ​သော ဤ​သူများ​သည် နှစ်စဉ်​နာရီ​သန်း​တစ်ထောင်​ကျော် ဘုရားသခင်​အား​လူသိရှင်ကြား​ချီးမွမ်း​ကြသည်။ ယေဟောဝါသက်သေ​များသည် ယေရှု၏​ဤ​ပရောဖက်ပြုချက်​စကား​ကို ပြည့်စုံ​စေ​နေကြ​ကြောင်း ထင်ရှား​သည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော​ဧဝံဂေလိတရား​ကို လော [က] နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄

၁၅။ ဇေဖနိ ၂:၃ သည် ယခု​မည်သို့​ပြည့်စုံ​နေသနည်း။

၁၅ ဇေဖနိ ၃:၁၇ က​ဤသို့​ဖော်ပြ​သည်– “သင်၏​ဘုရားသခင် [ယေဟောဝါ] သည် သင့်​အလယ်​၌​ရှိ၍ တန်ခိုး​ကြီးသော​ဘုရား​သည် သင့်ကို​ကယ်တင်​တော်​မူ​လိမ့်​မည်။” ဤ​နောက်ဆုံး​ကာလ​တွင် ယေဟောဝါ​၏​ကျေးကျွန်​များ​ခံစား​ရသော ဝိညာဉ်​ရေးရာ​ကြွယ်ဝမှု​သည် တန်ခိုး​အကြီးဆုံး​ဘုရားသခင်​အဖြစ် ကိုယ်တော်​အား ‘သူတို့​အလယ်​၌’ ရှိစေ​ခြင်း​၏ တိုက်ရိုက်​အကျိုးဆက်​ဖြစ်သည်။ ယင်းသည် ဘီ.စီ.အီး. ၅၃၇ တွင် ရှေးခေတ်​ယုဒပြည်​ပြန်လည်​ထူထောင်ချိန်​က အမှန်​ဖြစ်ပျက်​ခဲ့​သကဲ့သို့ ယနေ့လည်း​အမှန်​ဖြစ်ပျက်​နေသည်။ ထို့​ကြောင့် ဇေဖနိ ၂:၃၊ [က​ဘ] က “မြေကြီးပေါ်​ရှိ နူးညံ့​သိမ်မွေ့​သော​သူအပေါင်း​တို့ ယေဟောဝါ​ကို ရှာ​ကြလော့” ဟု​ဆို​ရာ​တွင် ကျွန်ုပ်​တို့​ခေတ်​၌ မည်သို့​အဓိက​ပြည့်စုံ​ကြောင်း တွေ့မြင်​နိုင်​သည်။ “အပေါင်း​တို့” ဟု​ဆို​ရာ​၌ ဘီ.စီ.အီး. ၅၃၇ တွင် ဗာဗုလုန်​သုံ့ပန်း​ဘဝ​မှ​ပြန်လာ​ခဲ့​ကြသော ဂျူး​အကြွင်းအကျန် ပါဝင်​သည်။ ယခု​အခါ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​ကို တလိုတလား​တုံ့ပြန်​သူများ၊ “[ယေဟောဝါ] ၏​အိမ်တော်​တည်​သော​တောင်” သို့​တဖွဲဖွဲ​ဝင်လာ​ကြသော မြေတစ်ပြင်လုံး​ရှိ နိုင်ငံ​အားလုံး​မှ စိတ်​နူးညံ့​သူများကို ပုံဆောင်​သည်။

စစ်မှန်သော​ဝတ်ပြုရေး​ထွန်းကား

၁၆။ မျက်မှောက်ခေတ်​ရှိ ယေဟောဝါ​ကျေးကျွန်​များ​၏ ကြီးပွားမှု​ကို ကျွန်ုပ်​တို့၏​ရန်သူများ မည်သို့​တုံ့ပြန်​ပုံ​ရသနည်း။

၁၆ ဘီ.စီ.အီး. ၅၃၇ ပြီး​နောက် ဘုရားသခင့်​ကျေးကျွန်​များသည် မိမိတို့​မွေးရပ်မြေ​သို့​ပြန်လာ​ကြ​ပြီး စစ်မှန်သော​ဝတ်ပြုရေး ပြန်လည်​ထူထောင်​လာ​ခြင်း​ကို အနီးတစ်ဝိုက်​မှ​နိုင်ငံ​အတော်များများ​က အံ့အားသင့်​ခဲ့​ကြသည်။ သို့​တိုင် နှိုင်းယှဉ်​ကြည့်​လျှင် ၎င်း​ပြန်လည်​ထူထောင်ခြင်း​သည် အသေးစား​ဖြစ်​ခဲ့​သည်။ မျက်မှောက်ခေတ် ယေဟောဝါ​၏​ကျေးကျွန်​များ အကြီးအကျယ်​တိုးပွား​များပြား​နေပြီး ရှေ့သို့​ချီတက်​နေခြင်း​ကို ဘုရားသခင့်​လူမျိုးတော်​၏​ရန်သူများ​ပင်​ပါဝင်သော လူ​အချို့​တွေ့မြင်​ရသောအခါ သူတို့​အဘယ်​သို့​ပြောဆို​ကြ​မည်​ကို သင်​မှန်းဆ​ကြည့်​နိုင်​သလော။ ဤ​ရန်သူ​အချို့​သည် ယေရှု​ထံ​သို့​လူများ​စုရုံး​လာ​ခြင်း​ကို မြင်တွေ့ခဲ့ကြ​သည့် ဖာရိရှဲ​များ​နည်းတူ ခံစားရ​ဖွယ်​ရှိသည်။ “ဤ​လောကသည် ထို​သူ​နောက်သို့ လိုက်သွား​ပါ​ပြီ​တကား” ဟု​သူတို့​ဆို​ခဲ့​ကြသည်။—ယောဟန် ၁၂:၁၉

၁၇။ ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ စာရေး​ဆရာ​တစ်ဦး​က မည်သို့​ဆို​ခဲ့​သနည်း၊ အဘယ်​တိုးပွားမှု​ကို သူတို့​ကြုံတွေ့​ခဲ့​ရပြီ​နည်း။

၁၇ ဤသူတို့​လည်း​ယုံကြည်​ကြသည်​ဟူသော သူ၏​စာအုပ်​တွင် ပါမောက္ခ ချားလ်စ် အက်စ်. ဘ​ရက်​ဒင်​က ဤသို့​ဆို​သည်– ‘ယေဟောဝါသက်သေ​များသည် မြေကြီး​အနှံ့အပြား ဟောပြောခဲ့ပြီ။ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဖြန့်ချိ​ဖို့​ကြိုးပမ်း​ကြ​ရာ​တွင် ကမ္ဘာ​ပေါ်​ရှိ အခြား​မည်သည့်​ဘာသာရေး​အဖွဲ့အစည်း​တစ်ခု​မျှ ယေဟောဝါသက်သေ​များ​ထက် ပို​၍​စိတ်​ထက်သန်မှု​နှင့် ဇွဲ​လုံ့လ​မရှိကြောင်း အမှန်ပင်​ဆိုနိုင်​သည်။ ၎င်း​လှုပ်ရှားမှု​သည် ဆက်၍​တိုးတက်​ကြံ့ခိုင်​နိုင်​ဖွယ်​ရှိသည်။’ သူ့​အဆို​မှန်​လိုက်​လေ​ခြင်း! ထိုစကား​များ​ကို​သူ​ရေးသား​စဉ် လွန်ခဲ့သော​အနှစ် ၅၀ က ကမ္ဘာ​တစ်ဝန်း​၌ ဟောပြောခြင်း​လုပ်ငန်း​တွင်​ပါဝင်​နေ​သူ သက်သေခံ ၃၀၀,၀၀၀ ခန့်​သာ​ရှိသည်။ ယနေ့ ထို​အရေအတွက်​၏ အဆ ၂၀ ခန့်​ဖြစ်သော—ခြောက်​သန်း​ခန့်—သည် သတင်းကောင်း​ဟောပြောနေ​ခြင်း​ကို သူ​မည်သို့​ဆို​မည်​နည်း။

၁၈။ စင်ကြယ်သော​ဘာသာ​စကား​ကား အဘယ်နည်း၊ မည်သူ​တို့အား ဘုရားသခင်​ပေး​တော်​မူ​သနည်း။

၁၈ ကိုယ်တော်​၏​ပရောဖက်​မှ​တစ်ဆင့် ဘုရားသခင်​က ဤသို့​ကတိပြု​ခဲ့​သည်– “ထို​အခါ၊ လူမျိုးအပေါင်း​တို့သည် အမှုတော်ကို ပခုံး​ချင်း​ယှဉ်​၍ ထမ်းဆောင်​မည်​အကြောင်း၊ ယေဟောဝါ​၏​နာမတော်​ကို [ခေါ်] စေခြင်း​ငှာ စင်ကြယ်သော​ဘာသာ​စကား​ကို သူတို့အား ငါ​ပေး​မည်။” (ဇေဖနိ ၃:၉က​ဘ) ဤ​နောက်ဆုံး​ကာလ​တွင် ယေဟောဝါ​၏​နာမတော်​ကို​ခေါ်​ပြီး မချိုးဖျက်​နိုင်သော​မေတ္တာ​နှောင်ကြိုး​ဖြင့် “ပခုံး​ချင်း​ယှဉ်” စည်းလုံးစွာ​အမှုထမ်း​ကြ​သူတို့မှာ ယေဟောဝါသက်သေ​များ​ဖြစ်၏။ ယေဟောဝါ​သည် သူတို့ကို​စင်ကြယ်သော​ဘာသာ​စကား ပေးအပ်​ထား​သည်။ ဤ​စင်ကြယ်သော​ဘာသာ​စကား​တွင် ဘုရားသခင်​နှင့် ကိုယ်တော့်​ရည်ရွယ်တော်မူချက်​များ​အကြောင်း အမှန်တရားကို မှန်ကန်​စွာ​နားလည်ခြင်း​ပါဝင်​သည်။ ဤ​နားလည်မှု​ကို ယေဟောဝါ​သာ​လျှင် ကိုယ်တော်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် ပေးသနား​တော်​မူ​၏။ (၁ ကောရိန္သု ၂:၁၀) ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို မည်သူ​တို့အား ပေး​တော်​မူ​ခဲ့​သနည်း။ ‘ကိုယ်တော်​အား အုပ်စိုးရှင်​အဖြစ် နာခံ​သော​သူတို့’ ကို​သာ​ဖြစ်သည်။ (တမန်​တော် ၅:၃၂) ယေဟောဝါသက်သေ​များ​သာ​လျှင် အရာရာ၌ ဘုရားသခင်​အား အုပ်စိုးရှင်​အဖြစ် တလိုတလား​နာခံကြ​သည်။ ထို့​ကြောင့် သူတို့သည် ဘုရားသခင့်​ဝိညာဉ်​တော်​ကို​ရရှိ​ပြီး စင်ကြယ်သော​ဘာသာ​စကား၊ ယေဟောဝါ​နှင့် ကိုယ်တော်​၏​အံ့ချီးဖွယ်​ရည်ရွယ်တော်မူချက်​များနှင့်​စပ်ဆိုင်​သော အမှန်တရားကို ပြောဆို​ကြသည်။ သူတို့သည် ကမ္ဘာ​တစ်ဝန်း ယေဟောဝါ​အား အကြီးအကျယ်​တိုး၍​တိုး၍​ချီးမွမ်း​ဖို့ စင်ကြယ်သော​ဘာသာ​စကား​ကို အသုံးပြု​ကြသည်။

၁၉။ စင်ကြယ်သော​ဘာသာ​စကား​ကို​ပြောဆိုခြင်း​၌ အဘယ်အရာ​ပါဝင်​သနည်း။

၁၉ စင်ကြယ်သော​ဘာသာ​စကားပြော​ဆို​ခြင်း​တွင် အမှန်တရားကို​ယုံကြည်၍ အခြား​သူများကို သွန်သင်​ပေးခြင်း​သာမက လူတစ်ဦး​၏​အမူအကျင့်များ​ကို ဘုရားသခင့်​ပညတ်တော်​များ၊ မူများ​တို့​နှင့် ကိုက်ညီ​စေခြင်း​လည်း​ပါဝင်​သည်။ ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များသည် ယေဟောဝါ​ကို​ရှာ​ခြင်း​နှင့် စင်ကြယ်သော​ဘာသာ​စကား​ကို​ပြောဆိုခြင်း​တွင် ဦးစီး​ဦးဆောင်​ပြု​ခဲ့​ကြပြီ။ ပြီးမြောက်​အောင်မြင်​ခဲ့​ရာ​ကို စဉ်းစား​ကြည့်​ပါ! ကောင်းကင်​အတန်းအစား​သည် အရေအတွက်​အားဖြင့် ၈,၇၀၀ ခန့်​ပင်မ​ပြည့်​တော့​သော်​ငြား​လည်း ခြောက်​သန်း​နီးပါး​သော​အခြားသူ​တို့သည် ယေဟောဝါ​အား​ရှာ​ခြင်း​နှင့် စင်ကြယ်သော​ဘာသာ​စကား​ကို​ပြောဆိုခြင်း​ဖြင့် သူတို့၏​ယုံကြည်ခြင်းကို တုပ​နေကြ​သည်။ ဤ​သူတို့သည် ယေရှု၏​ရွေးဖိုး​ပူဇော်​သကာ​ကို ယုံကြည်​ကြောင်း​တင်ပြ​ကြ​၍ ဘုရားသခင့်​ဝိညာဉ်​ရေး​ဆိုင်ရာ​ဗိမာန်တော်​၏ မြေကြီး​ရင်ပြင်​တွင် သန့်ရှင်း​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ထမ်းရွက်​ကြ​ကာ ဤ​မဖြောင့်မတ်​သော​လောက​အပေါ် မကြာမီ​ကျရောက်​လာ​မည့် “ကြီးစွာ​သော​ဆင်းရဲ” ခြင်း​ကို ကပ်ကျော်​ကြ​မည့် လူမျိုးအပေါင်း​မှ တိုးများ​လာ​နေသော​လူအုပ်ကြီး​ဖြစ်သည်။—ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅

၂၀။ သစ္စာရှိ​ကောင်းကင်​အတန်းအစား​နှင့် လူအုပ်ကြီး​တွင်​ပါဝင်သူ​တို့အတွက် အဘယ်​အလားအလာ​ရှိ​သနည်း။

၂၀ လူအုပ်ကြီးသည် ဘုရားသခင့်​ဖြောင့်မတ်​သော​ကမ္ဘာသစ်​ထဲ​သို့ ပို့ဆောင်​ခံရ​လိမ့်​မည်။ (၂ ပေတရု ၃:၁၃) ယေရှု​ခရစ်​နှင့် ကိုယ်တော်​နှင့်အတူ ဘုရင်​များ၊ ယဇ်ပုရောဟိတ်​များ​အဖြစ် အမှုထမ်း​ကြ​ရန် ကောင်းကင်​အသက်တာ​သို့ ရှင်ပြန်ထမြောက်​ခံရ​သော ကောင်းကင်​အတန်းအစား ၁၄၄,၀၀၀ တို့သည် မြေကြီး​အုပ်ချုပ်ရေး​အဖွဲ့သစ်​ကို ဖွဲ့စည်း​ကြ​မည်။ (ရောမ ၈:၁၆၊ ၁၇; ဗျာဒိတ် ၇:၄; ၂၀:၆) ကြီးစွာ​သော​ဆင်းရဲခြင်း​ကို ကပ်ကျော်​သူများ​သည် မြေကြီးကို​ပရဒိသု​ဖြစ်စေ​ကြ​ပြီး ဘုရားသခင်​ပေး စင်ကြယ်သော​ဘာသာ​စကား​ကို ဆက်၍​ပြောဆို​ကြလိမ့်မည်။ မူ​အရ ဤ​စကား​များသည် သူတို့နှင့်​သက်ဆိုင်​သည်– “သင်၏​သားသမီး​အပေါင်းတို့သည် ထာဝရ​ဘုရား​ဆုံးမ​သွန်သင်​တော်​မူ​သော​သူ​ဖြစ်၍ များစွာသော​စည်းစိမ်​ချမ်းသာ​နှင့် ပြည့်စုံ​ကြလိမ့်မည်။ သင်သည် ဖြောင့်မတ်ခြင်း​တရား​အားဖြင့် တည်​လိမ့်​မည်။”—ဟေရှာယ ၅၄:၁၃၊ ၁၄

သမိုင်း​တွင် အကြီးမားဆုံး​သွန်သင်ခြင်း​လုပ်ငန်း

၂၁၊ ၂၂။ (က) တမန်​တော် ၂၄:၁၅ က​ဖော်ပြ​သည့်​အတိုင်း စင်ကြယ်သော​ဘာသာ​စကား​ကို မည်သူ​တို့​သွန်သင်ခံ​ရဖို့​လိုအပ်​မည်​နည်း။ (ခ) ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​အောက်​၌ မြေကြီးပေါ်​တွင် အဘယ်​ပြိုင်ဘက်​ကင်း​သော သွန်သင်ခြင်း​လုပ်ငန်း​ကို ဆောင်ရွက်​ကြ​မည်​နည်း။

၂၁ ကမ္ဘာသစ်​တွင် စင်ကြယ်သော​ဘာသာ​စကား​ကို​သင်ယူဖို့ အခွင့်အရေး​ပေးအပ်​ခံရ​မည့် အလွန်​ကြီးမားသော​အုပ်စု​တစ်ခု​မှာ တမန်​တော် ၂၄:၁၅ ၌​ပါ​သည့် ဤသို့​ဖော်ပြ​ခံရ​သူများ​ဖြစ်သည်– “ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ​ရှိသမျှ​တို့သည် သေခြင်း​မှ​ထမြောက်​ကြလိမ့်မည်။” အတိတ်​က သန်းပေါင်း​များစွာသော​သူတို့သည် ယေဟောဝါ​၏ တိကျ​မှန်ကန်သော​အသိပညာ​မရှိဘဲ အသက်ရှင်ပြီး သေဆုံး​ခဲ့​ကြသည်။ ကိုယ်တော်​သည် သူတို့ကို​စနစ်တကျ အသက်ပြန်ရှင်​စေပါ​လိမ့်​မည်။ ဤ​ရှင်ပြန်ထမြောက်​လာ​သူတို့အား စင်ကြယ်သော​ဘာသာ​စကား​ကို သွန်သင်​ပေးဖို့​လို​ပေမည်။

၂၂ အဆိုပါ​သွန်သင်ခြင်း​လုပ်ငန်းကြီး​တွင် ပါဝင်​ရခြင်း​သည် အခွင့်ထူးပါ​သည်​တကား! ၎င်း​သည် လူ့​သမိုင်း​တွင် အကြီးမားဆုံး​သွန်သင်ခြင်း​လုပ်ငန်း​ဖြစ်ပါ​လိမ့်​မည်။ ယင်း​တို့အားလုံး​ကို ခရစ်တော်​ယေရှု၏ ကောင်းမြတ်သော​အုပ်ချုပ်မှု​အောက်​ရှိ ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​ဖြင့် ပြီးမြောက်​အောင်မြင်​ပါ​လိမ့်​မည်။ ရလဒ်​အနေ​နှင့် ဟေရှာယ ၁၁:၉ ၌​ပါ​သော ဤ​စကား​များ​ပြည့်စုံခြင်း​ကို လူသားများ​သည် နောက်ဆုံး​တွင်​တွေ့မြင်​ကြ​ရ​လိမ့်​မည်– “ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့၊ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့်​ပြည့်စုံ​လိမ့်​မည်။”

၂၃။ ယေဟောဝါ​၏​လူမျိုးတော်​အနေ​နှင့် ကျွန်ုပ်​တို့သည် ကြီးမားသော​အခွင့်ထူး​ရရှိ​သည်​ဟု သင်​အဘယ်ကြောင့်​ဆို​မည်​နည်း။

၂၃ မြေကြီးပေါ် ယေဟောဝါ​အား​သိကျွမ်းခြင်း​ပညာ အမှန်​ပြည့်​မည့် ထို​အံ့ဖွယ်​အချိန်​အတွက် ဤ​နောက်ဆုံး​ကာလ​တွင် ပြင်ဆင်​နေရ​ခြင်း​သည် တကယ်​အခွင့်ထူး​လိုက်​လေ​ခြင်း! ယခု​အချိန်​မှာ​ပင် ဇေဖနိ ၃:၂၀ ၌​မှတ်တမ်း​တင်ထားသော ပရောဖက်ပြုချက်​စကား​များ​၏ ကြီးကျယ်​ခမ်းနား​သည့်​ပြည့်စုံမှု​ကို ကြုံတွေ့​နေကြ​ရသော ဘုရားသခင့်​လူမျိုးတော်​ဖြစ်​ရခြင်း​သည် အခွင့်ထူးပါ​သည်​တကား! ထို​တွင် ယေဟောဝါ​၏​ဤ​အာမခံချက်ကို ကျွန်ုပ်​တို့​တွေ့ရ​သည်– “မြေကြီးသား​အမျိုးမျိုး​တို့​တွင် ချီးမွမ်း​ခြင်း​ဂုဏ်​အသရေ​ကို သင်တို့အား​ပေး​မည်။”

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ဇေဖနိ​၏​ပြန်လည်​ထူထောင်ခြင်း​ဆိုင်ရာ ပရောဖက်ပြုချက်​သည် အဘယ်​ပြည့်စုံမှု​များ​ရှိခဲ့​သနည်း။

• ဤ​နောက်ဆုံးသော​ကာလ​တွင် စစ်မှန်သော​ဝတ်ပြုရေးသည် မည်သို့​တိုးတက်​ကြီးပွား​ခဲ့ပြီ​နည်း။

• ကမ္ဘာသစ်​တွင် အဘယ်​ကြီးမားသော သွန်သင်ခြင်း​လုပ်ငန်း​ကို ဆောင်ရွက်​ကြ​မည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​လူမျိုးတော်သည် စစ်မှန်သော​ဝတ်ပြုရေးကို ပြန်လည်​ထူထောင်​ရန် မိမိတို့​မွေးရပ်မြေ​သို့​ပြန်​ခဲ့​ကြ။ ယခု​အချိန်၌ ၎င်း​၏​အရေးပါမှု​ကို သင်​သိ​သလော

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် “စင်ကြယ်သော​ဘာသာ​စကား” ကို​ပြောဆိုခြင်း​အားဖြင့် ကျမ်းစာ​၏​နှစ်သိမ့်မှု​ပေး​သော​သတင်းကို လူ​တို့အား​ကမ်း​လှမ်း​နေကြ