စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့နိုင်ပုံ
စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့နိုင်ပုံ
ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဒလိုင်းလားမားက ဤသို့ဆိုခဲ့သည်– “ကျွန်ုပ်တို့ဘဝ၏ အဓိကရည်ရွယ်ချက်မှာ ပျော်ရွှင်မှုရှာခြင်းဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။” ထို့နောက် စိတ်နှလုံးကိုလေ့ကျင့်ပေးခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းအားဖြင့် ပျော်ရွှင်မှုရရှိနိုင်သည်ဟု သူယုံကြည်ကြောင်း ရှင်းပြခဲ့သည်။ “ပျော်ရွှင်မှုအပြည့်အဝရရှိရန် ကျွန်ုပ်တို့လိုအပ်သည့် အဓိကအရာမှာ စိတ်ပင်ဖြစ်သည်” ဟုသူဆိုခဲ့သည်။ ဘုရားသခင်ကိုယုံကြည်ဖို့မလိုဟု သူအခိုင်အမာပြောဆိုခဲ့သည်။ *
ယင်းနှင့်ဆန့်ကျင်လျက် ဘုရားသခင်ကို အပြည့်အဝယုံကြည်ခဲ့သော ယေရှုကိုသုံးသပ်ကြည့်ပါ၊ ကိုယ်တော့်သွန်သင်ချက်များသည် သန်းရာနှင့်ချီသောသူတို့အပေါ် ရာစုနှစ်များတစ်လျှောက် အကျိုးသက်ရောက်ခဲ့သည်။ ယေရှုသည် လူ့ပျော်ရွှင်မှုကို စိတ်ဝင်စားခဲ့သည်။ ကိုယ်တော်၏လူသိများသော တောင်ပေါ်တရားတော်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းကိုးခုဖြစ်သော ‘. . . တို့သည် ပျော်ရွှင်ကြ၏’ ဟူသောအသုံးအနှုန်းကိုးခုဖြင့် စတင်ခဲ့သည်။ (မဿဲ ၅:၁-၁၂) ထိုတရားတော်၌ပင် တရားနာသူတို့အား သူတို့၏စိတ်နှလုံးများကို စစ်ဆေးရန်၊ စင်ကြယ်စေရန်နှင့် ဆုံးမပဲ့ပြင်ရန်—အကြမ်းဖက်မှု၊ အကျင့်ပျက်ပြားမှုနှင့် တစ်ကိုယ်ကောင်းစိတ်တို့အစား ငြိမ်သက်ခြင်း၊ သန့်ရှင်းခြင်းနှင့် မေတ္တာစိတ်တို့ဖြင့် အစားထိုးဖို့—ကိုယ်တော်သွန်သင်ခဲ့သည်။ (မဿဲ ၅:၂၁၊ ၂၂၊ ၂၇၊ ၂၈; ၆:၁၉-၂၁) ကိုယ်တော်၏တပည့်တော်တစ်ပါး နောက်ပိုင်းတွင်တိုက်တွန်းနှိုးဆော်ခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် ‘မှန်ကန်သော၊ အလေးအနက်ထားရသော၊ ဖြောင့်မတ်သော၊ စင်ကြယ်သော၊ ချစ်ဖွယ်ကောင်းသော၊ အသရေရှိသော၊ မွန်မြတ်သော၊ ချီးမွမ်းဖွယ်ဖြစ်သော’ အရာတို့ကို “ဆက်လက်ဆင်ခြင်သုံးသပ်” သင့်သည်။—ဖိလိပ္ပိ ၄:၈၊ ကဘ။
စစ်မှန်သောပျော်ရွှင်မှုတွင် အခြားသူများနှင့်ဆက်ဆံရေးကောင်းခြင်းပါဝင်ကြောင်း ယေရှုသိရှိခဲ့သည်။ ကျွန်ုပ်တို့လူသားများသည် သဘာဝအားဖြင့် လူလူချင်းပေါင်းဖော်မှုကိုနှစ်သက်ကြသောကြောင့် ကျွန်ုပ်တို့သည် တစ်သီးပုဂ္ဂလနေမည်၊ သို့မဟုတ် ကျွန်ုပ်တို့အနီးအနား၌ရှိသောသူတို့နှင့် အမြဲပင်မညီမညွတ်ဖြစ်နေလျှင် အမှန်ပျော်ရွှင်နိုင်မည်မဟုတ်။ ကျွန်ုပ်တို့သည် မေတ္တာကိုခံစားရပြီး ကျွန်ုပ်တို့ကလည်း အခြားသူကိုမေတ္တာထားမှသာလျှင် ပျော်ရွှင်နိုင်သည်။ ထိုမေတ္တာ၏အခြေခံမှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးဖြစ်သည်ဟု ယေရှုသွန်သင်ခဲ့၏။ အထူးသဖြင့် ဤကိစ္စတွင် ယေရှု၏သွန်သင်ချက်သည် ဒလိုင်းလားမားနှင့် ကွာခြားသည်၊ အကြောင်းမှာ ယေရှုက လူသားများသည် ဘုရားသခင်ကိုအမှီအခိုမပြုဘဲ အမှန်မပျော်ရွှင်နိုင်ဟု သွန်သင်ခဲ့သောကြောင့်တည်း။ ထိုသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။—မဿဲ ၄:၄; ၂၂:၃၇-၃၉။
သင်၏ဝိညာဉ်ရေးလိုအပ်ရာများကို ဆင်ခြင်သုံးသပ်ပါ
ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းတစ်ခုမှာ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” (မဿဲ ၅:၃၊ ကဘ) ယေရှုအဘယ်ကြောင့်ထိုသို့ဆိုရသနည်း။ အကြောင်းမှာ၊ တိရစ္ဆာန်များနှင့်မတူဘဲ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးလိုအပ်ရာများရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင့်ပုံသဏ္ဌာန်တော်ဖြင့် ဖန်ဆင်းခံရသည်ဖြစ်၍ ကျွန်ုပ်တို့သည် ချစ်ခြင်း၊ တရားမျှတမှု၊ ကရုဏာနှင့် ဉာဏ်ပညာစသည့် ဘုရားသခင့်အရည်အသွေးများကို အထိုက်အလျောက်ပြုစုပျိုးထောင်နိုင်ကြသည်။ (ကမ္ဘာဦး ၁:၂၇; မိက္ခာ ၆:၈; ၁ ယောဟန် ၄:၈) ကျွန်ုပ်တို့၏ဝိညာဉ်ရေးလိုအပ်ရာများတွင် ကျွန်ုပ်တို့၏ဘဝမှာ ရည်ရွယ်ချက်ရှိဖို့လိုခြင်း ပါဝင်သည်။
ယင်းသို့သောဝိညာဉ်ရေးလိုအပ်ရာများကို ကျွန်ုပ်တို့မည်သို့ဖြည့်ဆည်းပေးနိုင်သနည်း။ စိတ်အာရုံဖြင့်တရားထိုင်ခြင်း၊ သို့မဟုတ် အတွင်းစိတ်ကိုစိစစ်ရုံမျှအားဖြင့်မဟုတ်ပါ။ ယင်းအစား ယေရှုက ဤသို့ဆိုခဲ့သည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရသည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။” (မဿဲ ၄:၄) ယေရှုက ဘုရားသခင်သည် ကျွန်ုပ်တို့အသက်ရှင်ရန်လိုအပ်သော “မိန့်တော်မူသမျှ” ၏ရင်းမြစ်ဖြစ်သည်ဟု ဆိုထားကြောင်းသတိပြုပါ။ မေးခွန်းအချို့၏အဖြေကို ဘုရားသခင်သာလျှင်ပေးနိုင်သည်။ ဘဝရည်ရွယ်ချက်နှင့် ပျော်ရွှင်မှုရနည်းတို့နှင့်ပတ်သက်၍ ယူဆချက်များ တိုးများလာသောကြောင့် ၎င်းထိုးထွင်းမှုသည် မျက်မှောက်ခေတ်အချိန်၌ အထူးသဖြင့်အခန့်သင့်သည်။ စာအုပ်ဆိုင်များသည် ကျန်းမာခြင်း၊ ကြွယ်ဝခြင်းနှင့် ပျော်ရွှင်ခြင်းတို့ရစေမည်ဟု စာရှုသူတို့ကိုကတိပြုသည့် စာပေများနှင့်ပြည့်လျက်ရှိသည်။ ပျော်ရွှင်မှုရဖို့အတွက် အထူးရည်ရွယ်ပြုစုထားသည့် အင်တာနက်ဆိုက်များကို စီစဉ်ဖွဲ့စည်းထားကြပြီ။
သို့ရာတွင် ဤကဏ္ဍ၌ လူ့အတွေးအခေါ်သည် လမ်းလွဲလေ့ရှိသည်။ တစ်ကိုယ်ကောင်းဆန်မှုများ၊ သို့မဟုတ် အတ္တသဘောကို လိုက်လျောလေ့ရှိသည်။ ယင်းသည် အကန့်အသတ်ရှိသောအသိပညာနှင့် အတွေ့အကြုံပေါ်အခြေပြုပြီး မှားယွင်းသောထင်မြင်ယူဆချက်များအပေါ် မူတည်လေ့ရှိသည်။ ဥပမာ၊ လမ်းညွှန်စာအုပ်များရေးသားသူတို့တွင် ခေတ်ထနေသည့်ရေစီးကြောင်းတစ်ရပ်မှာ လူ့စိတ်လှုပ်ရှားမှုများသည် တိရစ္ဆာန်မျိုးရိုး၌ မြစ်ဖျားခံသည်ဟုယူမှတ်သော “ဆင့်ကဲအတွေးအခေါ်” သီအိုရီအပေါ် သူတို့၏သဘောထားများကို အခြေပြုရန်ဖြစ်သည်။ အမှန်မှာ၊ ပျော်ရွှင်မှုရှာရာ၌ ဖန်ဆင်းရှင်၏အခန်းကဏ္ဍကို လျစ်လျူရှုသောသီအိုရီပေါ်အခြေပြုသည့် မည်သည့်ကြိုးစားမှုမဆိုသည် မတည်မြဲနိုင်၊ အဆုံးတွင် စိတ်ဓာတ်ကျစေမည်တည်း။ ရှေးခေတ်ပရောဖက်တစ်ပါးက ဤသို့ဆိုသည်– “ပညာရှိတို့သည် အရှက်ကွဲကြ၏။ . . . ထာဝရဘုရား၏နှုတ် [မြွက်စကား] တော်ကိုပယ်ကြပြီ။ သူတို့၌ ပညာမည်မျှရှိသနည်း။”—ယေရမိ ၈:၉။
ကျွန်ုပ်တို့၏တည်ဆောက်ပုံနှင့် ကျွန်ုပ်တို့အား အဘယ်အရာကအမှန်တကယ်ပျော်ရွှင်စေမည်ကို ယေဟောဝါဘုရားသခင်သိရှိတော်မူ၏။ လူကို အဘယ်ကြောင့်မြေကြီးပေါ်တွင်ထားရကြောင်းနှင့် အနာဂတ်မည်သို့ရှိကြောင်းကို ကိုယ်တော်သိတော်မူပြီး ထိုသတင်းကို သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့အားသိစေတော်မူ၏။ ထိုမှုတ်သွင်းခံစာအုပ်၌ ကိုယ်တော်ဖော်ပြရာများသည် တလိုတလားရှိသူတို့၏စိတ်ကိုထိမိစေပြီး ပျော်ရွှင်မှုရရှိစေသည်။ (လုကာ ၁၀:၂၁; ယောဟန် ၈:၃၂) ယေရှု၏တပည့်တော်နှစ်ပါး ထိုသို့ပင်ဖြစ်ခဲ့သည်။ ကိုယ်တော်သေဆုံးပြီးနောက် သူတို့ဝမ်းနည်းပူဆွေးခဲ့ကြသည်။ သို့သော် လူသားတို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင့်ရည်ရွယ်ချက်တွင် ယေရှု၏အခန်းကဏ္ဍအကြောင်းကို ရှင်ပြန်ထမြောက်ခဲ့သော ကိုယ်တော်တိုင်၏နှုတ်မှ ကြားသိကြရပြီးနောက် သူတို့က ဤသို့ဆိုခဲ့ကြသည်– “လမ်းခရီး၌ ငါတို့နှင့်ဟောပြော၍ ကျမ်းစာအနက်ကိုဖွင့်ပြတော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ်ဖြစ်သည်မဟုတ်လော။”—လုကာ ၂၄:၃၂။
သမ္မာကျမ်းစာအမှန်တရား၏လမ်းညွှန်မှုကို ကျွန်ုပ်တို့ဘဝတွင်ခံယူဖို့ခွင့်ပြုသောအခါ ယင်းသို့သောရွှင်လန်းမှုသည် တိုး၍ပြင်းထန်လာသည်။ ဤကိစ္စတွင် ပျော်ရွှင်မှုကို သက်တံနှင့်နှိုင်းယှဉ်နိုင်သည်။ ၎င်းသည် အခြေအနေသာယာသောအခါ ပေါ်လာတတ်သည်၊ သို့သော် အလွန်ကောင်းမွန်သောအခြေအနေတွင် ၎င်းသည် ပို၍တောက်ပလာပြီး နှစ်ထပ်ပင်ဖြစ်လာတတ်သည်။ ကျမ်းစာသွန်သင်ချက်များကို လိုက်လျှောက်ခြင်းက ပို၍ပျော်ရွှင်စေနိုင်ပုံ ဥပမာအချို့ကို ယခုသုံးသပ်ကြည့်ကြစို့။
သင့်ဘဝကိုရိုးရှင်းစေပါ
ဦးဆုံး၊ ချမ်းသာကြွယ်ဝခြင်းနှင့်ပတ်သက်၍ ယေရှု၏ဆုံးမစကားကိုကြည့်ပါ။ ကိုယ်တော်က စည်းစိမ်ဥစ္စာနောက်လိုက်ခြင်းကို ဘဝတွင်အဓိကအရာဖြစ်စေခြင်းသည်မှားကြောင်း ပြစ်တင်ဆုံးမပြီးနောက် ထူးခြားသောအသုံးအနှုန်းကို ဤသို့ဖော်ပြခဲ့သည်– “ထို့ကြောင့် မျက်စိကြည်လင် [“ရိုးရှင်း၊” ကဘ] လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။” (မဿဲ ၆:၁၉-၂၂) အခြေခံအားဖြင့် ချမ်းသာကြွယ်ဝခြင်း၊ အာဏာ၊ သို့မဟုတ် မိမိတို့ကိုယ်တိုင်အတွက် လူတို့ချမှတ်သော အခြားပန်းတိုင်တစ်ခုခုကို ငမ်းငမ်းတက်လိုက်စားမည်ဆိုလျှင် သာ၍အရေးကြီးသောအရာများကို ကျွန်ုပ်တို့ဆုံးရှုံးသွားမည်ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ အမှန်မှာ၊ အခြားတစ်ကြိမ်၌ ယေရှုပြောဆိုခဲ့အတိုင်းပင် “စည်းစိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်။” (လုကာ ၁၂:၁၅) ဘုရားသခင်နှင့်ကျွန်ုပ် တို့၏ဆက်ဆံရေး၊ မိသားစုကိစ္စများနှင့်ဆက်နွှယ်သော အခြားကိစ္စရပ်များစသည့် အမှန်တကယ်အရေးပါရာများကို ဦးစားထားမည်ဆိုလျှင် ကျွန်ုပ်တို့၏ “မျက်စိ” သည် ရှုပ်ထွေးမနေဘဲ “ကြည်လင် [“ရိုးရှင်း၊” ကဘ]” နေပါလိမ့်မည်။
ယေရှုသည် ခြိုးခြံ၍ကျင့်ခြင်း သို့မဟုတ် ကိုယ့်ကိုယ်ကို လုံးလုံးလျားလျားငြင်းပယ်ခြင်းတို့ကို ထောက်ခံပြောဆိုနေခြင်းမဟုတ်ကြောင်း ဂရုပြုပါ။ အမှန်မှာ၊ ယေရှုကိုယ်တော်တိုင် ခြိုးခြံ၍ကျင့်သူတစ်ဦးမဟုတ်ခဲ့ပါ။ (မဿဲ ၁၁:၁၉; ယောဟန် ၂:၁-၁၁) ယင်းအစား အသက်ရှင်ခြင်းကို စည်းစိမ်ဥစ္စာဆည်းပူးဖို့ အခွင့်အရေးတစ်ခုအဖြစ်မျှသာရှုမြင်သူတို့သည် အမှန်တွင် ဘဝအဓိပ္ပာယ်ကိုလက်လွတ်သွားသည်ဟု ကိုယ်တော်သွန်သင်ခဲ့၏။
ဘဝအစောပိုင်းတွင် အလွန်ကြွယ်ဝလာခဲ့သူအချို့နှင့်ပတ်သက်၍ ယူ.အက်စ်.အေ. ဆန်ဖရန်စစ္စကိုမှ စိတ်ကုထုံးပညာရှင်တစ်ဦးက ငွေသည် သူတို့အတွက် “စိတ်ဖိစီးမှုနှင့် စိတ်ရှုပ်ထွေးမှု၏မူလအရင်းခံ” ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။ ဤသူတို့သည် “အိမ်နှစ်လုံးသုံးလုံး၊ ကားတစ်စီးဝယ်ကာ ရုပ်ဝတ္ထုပစ္စည်းများအတွက် ငွေသုံးဖြုန်းကြသည်။ ၎င်းက သူတို့အတွက်အလုပ်မဖြစ် [တစ်နည်းအားဖြင့်၊ သူတို့ကိုပျော်ရွှင်မှုမပေး] သောအခါ စိတ်ဓာတ်ကျလာကြ၊ အနှစ်သာရမရှိဘဲ သူတို့၏အသက်တာကို မည်သို့အသုံးပြုရမည်နှင့်ပတ်သက်၍ မသေမချာဖြစ်လာကြသည်။” ယင်းနှင့်ဆန့်ကျင်လျက် ကာယရေးအရ သာ၍ရိုးရှင်းသည့်အသက်တာဖြင့်နေထိုင်သွားရန်နှင့် ဝိညာဉ်ရေးရာများကိုအလေးပေးဖို့ ယေရှု၏အကြံပေးချက်ကို လိုက်နာကြသူတို့သည် စစ်မှန်သောပျော်ရွှင်မှုရဖို့ အကြောင်းပိုများသည်။
ဟာဝိုင်ယီတွင်နေထိုင်သော တော်မ်အမည်ရှိ ဆောက်လုပ်သူတစ်ဦးသည် ရုပ်ပစ္စည်းချို့တဲ့သည့် ပစိဖိတ်ကျွန်းများပေါ်တွင် ဝတ်ပြုရာနေရာများဆောက်လုပ်ခြင်းကို စေတနာအလျောက်ကူညီပေးခဲ့သည်။ ထိုနှိမ့်ချသောသူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို တော်မ်သတိပြုမိခဲ့သည်။ သူက ဤသို့ဆိုခဲ့သည်– “ဒီကျွန်းတွေမှာရှိတဲ့ ကျွန်တော့်ရဲ့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဟာ တကယ့်ကိုပျော်ရွှင်ကြတယ်။ ပျော်ရွှင်မှုရဲ့လျှို့ဝှက်ချက်ဟာ ငွေနဲ့ပိုင်ဆိုင်မှုတွေမဟုတ်ဘူးဆိုတာကို ပိုပြီးရှင်းရှင်းလင်းလင်းသိမြင်လာအောင် ကျွန်တော့်ကို သူတို့ကူညီပေးခဲ့ကြတယ်။” ကျွန်းများပေါ်တွင် သူနှင့်အတူ စေတနာ့ဝန်ထမ်းကြသူများကိုလည်း သူမြင်တွေ့ခဲ့ပြီး သူတို့၏ရောင့်ရဲမှုကို သတိပြုမိခဲ့သည်။ “သူတို့ငွေအများကြီးရှာနိုင်ကြတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးရာတွေကို ပထမနေရာမှာထားဖို့နဲ့ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ဆက်နေဖို့ သူတို့ရွေးချယ်ခဲ့ကြတယ်” ဟုတော်မ်ကဆိုခဲ့သည်။ တော်မ်သည် ဤပုံသက်သေများဖြင့် လှုံ့ဆော်ခံရကာ သူ၏မိသားစုနှင့် ဝိညာဉ်ရေးလိုက်စားမှုများကို အချိန်ပိုပေးနိုင်ဖို့ သူ၏ဘဝကို ရိုးရှင်းစေခဲ့သည်—တစ်ခါမျှ သူနောင်တမရခဲ့သော လမ်းစဉ်ဖြစ်သည်။
ပျော်ရွှင်မှုနှင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထားခြင်း
ကိုယ့်သိက္ခာ သို့မဟုတ် ကိုယ့်ကိုယ်ကိုတန်ဖိုးထားခြင်းသည် ပျော်ရွှင်မှုအတွက်အရေးပါသည်။ လူ့မစုံလင်မှုနှင့် ဖြစ်ပေါ်လာသည့်အားနည်းချက်များကြောင့် အချို့သူတို့သည် မိမိတို့ကိုယ်ကိုအပျက်သဘောမြင်ကြ၏၊ လူအများမှာမူ ကလေးဘဝကတည်းက ထိုသို့ခံစားခဲ့ကြရသည်။ စွဲနေသောခံစားချက်များကို အနိုင်ရဖို့ခက်ခဲနိုင်သော်လည်း အနိုင်ယူနိုင်ပါသည်။ ဖြေရှင်းနည်းမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျင့်သုံးခြင်းဖြင့်ဖြစ်သည်။
သမ္မာကျမ်းစာက ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ကိုမည်သို့ယူမှတ်ကြောင်းရှင်းပြသည်။ ကိုယ်တော့်ရှုမြင်ပုံသည် အဘယ်လူသားမဆိုထက်မက ကျွန်ုပ်တို့ကိုယ်တိုင်ထက်ပင် သာ၍အရေးပါသည်မဟုတ်ပေလော။ မေတ္တာ၏ပြယုဂ်ပင်ဖြစ်တော်မူသော ဘုရားသခင်သည် စိတ်စွန်းကွက်မှု သို့မဟုတ် ရန်ငြိုးမရှိဘဲ ကျွန်ုပ်တို့ကိုရှုမြင်တော်မူ၏။ ကျွန်ုပ်တို့သည် မည်ကဲ့သို့သောလူစားဖြစ်ကြောင်းကိုသာမက အဘယ်သို့သောသူဖြစ်နိုင်ကြောင်းကိုပါ ကိုယ်တော်သိမြင်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၁၆:၇; ၁ ယောဟန် ၄:၈) အမှန်မှာ၊ ကိုယ်တော်၏နှစ်သက်မှုရလိုသူများ၌ အဘယ်မစုံလင်မှုပင်ရှိနေပါစေ သူတို့ကို အဖိုးထိုက်သောသူ၊ နှစ်သက်ဖွယ်ကောင်းသူအဖြစ် ကိုယ်တော်ရှုမြင်တော်မူ၏။—ဒံယေလ ၉:၂၃; ဟဂ္ဂဲ ၂:၇။
ဘုရားသခင်သည် ကျွန်ုပ်တို့၏အားနည်းချက်များနှင့် ကျွန်ုပ်တို့ကျူးလွန်မိသော မည်သည့်အပြစ်ကိုမဆို လျစ်လျူရှုတော်မမူသည်ကား အမှန်ပင်။ မှန်ရာကိုကြိုးစားပြုလုပ်ရန် ကိုယ်တော်မျှော်လင့်တော်မူပြီး ထိုသို့ပြုသောအခါ ကျွန်ုပ်တို့ကိုကိုယ်တော်ထောက်မတော်မူ၏။ (လုကာ ၁၃:၂၄) သို့တိုင် ကျမ်းစာက ဤသို့ဆိုသည်– “အဘသည် သားတို့ကိုစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။” “အိုဘုရားရှင်ထာဝရဘုရား ကိုယ်တော်သည် ဒုစရိုက် အပြစ်များကိုမှတ်တော်မူလျှင် အဘယ်သူခံရပ် နိုင်ပါမည်နည်း။ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်းရှိစေခြင်းငှာ အပြစ်လွှတ်ခြင်းအခွင့်ကိုပိုင်တော်မူ၏” ဟူ၍လည်းဆိုသည်။—ဆာလံ ၁၀၃:၁၃; ၁၃၀:၃၊ ၄။
ထို့ကြောင့် ဘုရားသခင့်မျက်စိဖြင့် သင့်ကိုယ်သင်ရှုမြင်တတ်ရန်သင်ယူပါ။ မိမိတို့ကိုယ်ကို မထိုက်တန်သူများအဖြစ် ရှုမြင်ကြသော်လည်း ကိုယ်တော်အားချစ်မြတ်နိုးသူတို့ကို နှစ်သက်ဖွယ်ကောင်းသူများအဖြစ် ကိုယ်တော်ရှုမြင်ကြောင်းနှင့် သူတို့ကိုယုံကြည်စိတ်ချကြောင်းသိရှိထားခြင်းက လူတစ်ဦးကိုပို၍ပျော်ရွှင်စေနိုင်သည်။—၁ ယောဟန် ၃:၁၉၊ ၂၀။
မျှော်လင့်ချက်—ပျော်ရွှင်မှုအတွက်မရှိမဖြစ်
ယုံကြည်စိတ်ချရသောစိတ်ပညာဟုခေါ်သည့် မကြာသေးမီက အားပေးမြှင့်တင်ခဲ့ကြသော အယူအဆတစ်ခုက အပြုသဘောဆောင်၍စဉ်းစားခြင်းနှင့် လူတစ်ဦး၏အစွမ်းအစများကို အာရုံစူးစိုက်ခြင်းအားဖြင့် မွေးမြူထားသော အကောင်းမြင်သဘောရှိခြင်းသည် ပျော်ရွှင်မှုရစေနိုင်သည်ဟု ခံယူသည်။ အသက်ရှင်ခြင်းနှင့် အနာဂတ်ကို အကောင်းဘက်မှရှုမြင်ခြင်းသည် ကျွန်ုပ်တို့ကိုပို၍ပျော်ရွှင်စေကြောင်း ငြင်းဆိုသူနည်းပေမည်။ သို့ရာတွင် ယင်းသို့သောအကောင်းမြင်သဘောထားသည် ဆန္ဒအတွေးမျှသာမဟုတ်ဘဲ အဖြစ်မှန်အပေါ်အခြေပြုရပေမည်။ ထို့ပြင် အဘယ်အကောင်းမြင်သဘောထား သို့မဟုတ် အပြုသဘောဆောင်စဉ်းစားခြင်းမျှသည် များစွာသောသူတို့၏ပျော်ရွှင်မှုကို ပပျောက်စေသည့် စစ်၊ ငတ်မွတ်ခြင်း၊ ရောဂါ၊ ညစ်ညမ်းမှု၊ အိုမင်းခြင်း၊ ဖျားနာခြင်း သို့မဟုတ် သေခြင်းစသည့်အရာများကို ဖယ်ရှားပေးနိုင်မည်မဟုတ်ပါ။ မည်သို့ပင်ဖြစ်ပါစေ အကောင်းမြင်သဘောထားသည် သူ့ကဏ္ဍနေရာရှိသည်။
စိတ်ဝင်စားစရာမှာ သမ္မာကျမ်းစာသည် အကောင်းမြင်သဘောထားဟူသော စကားလုံးကိုအသုံးမပြုပါ; သာ၍တန်ခိုးပါသောစကားလုံးဖြစ်သည့် မျှော်လင့်ခြင်းကို အသုံးပြုထားသည်။ ဗိုင်း၏ အပြည့်အစုံရှင်းလင်းဖော်ပြချက်အဘိဓာန်က ကျမ်းစာတွင်အသုံးပြုထားသော “မျှော်လင့်ခြင်း” ကို “ယုံကြည်စိတ်ချစွာ မျှော်လင့်စောင့်စားခြင်း၊” . . . “ကောင်းမွန်ရာကို ပျော်ရွှင်စွာမျှော်လင့်ခြင်း” ဟုအဓိပ္ပာယ်ဖွင့်ထားသည်။ ကျမ်းစာအသုံးအနှုန်းတွင် မျှော်လင့်ခြင်းသည် အခြေအနေတစ်ခုကို အကောင်းဘက်မှရှုမြင်ခြင်းထက်မကပါ။ ၎င်းသည် လူတစ်ဦး၏မျှော်လင့်ချက် တည်ရှိရာကိုလည်းရည်ညွှန်းသည်။ (ဧဖက် ၄:၄; ၁ ပေတရု ၁:၃) ဥပမာ၊ ခရစ်ယာန်မျှော်လင့်ချက်မှာ ရှေ့အပိုဒ်တွင်ဖော်ပြထားသော မနှစ်သက်ဖွယ်ရာအားလုံးကို မကြာမီဖယ်ရှားမည်ဟူ၍ဖြစ်သည်။ (ဆာလံ ၃၇:၉-၁၁၊ ၂၉) သို့သော် ထိုထက်မက ပါဝင်ပါသေးသည်။
ခရစ်ယာန်များသည် သစ္စာရှိလူသားများ မြေကြီးပရဒိသုပေါ်တွင် စုံလင်သောအသက်တာ ရမည့်အချိန်ကို စောင့်မျှော်ကြသည်။ (လုကာ ၂၃:၄၂၊ ၄၃) ထိုမျှော်လင့်ချက်ကို ဗျာဒိတ် ၂၁:၃၊ ၄ ကဤသို့အကျယ်တဝင့်ဖော်ပြသည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”
ထိုသို့သောအနာဂတ်ကို မျှော်လင့်သူတိုင်းသည် သူ၏လက်ရှိအခြေအနေမလှသည့်တိုင် ပျော်ရွှင်စရာအကြောင်းရှိ၏။ (ယာကုပ် ၁:၁၂) ထို့ကြောင့် သမ္မာကျမ်းစာကို စူးစမ်းကြည့်ပြီး ၎င်းကိုအဘယ်ကြောင့်ယုံကြည်နိုင်ကြောင်း လေ့လာပါ။ သမ္မာကျမ်းစာဖတ်ရှုခြင်းအတွက် နေ့စဉ်အချိန်သုံး၍ သင်၏မျှော်လင့်ချက်ကိုခိုင်ခံ့စေပါ။ ထိုသို့ပြုခြင်းက သင့်ဝိညာဉ်ရေးကိုကြွယ်ဝစေမည်၊ ပျော်ရွှင်မှုပျောက်ကင်းစေသည့်အရာများကို ရှောင်ရှားရန်နှင့် ကျေနပ်ရောင့်ရဲစိတ်တိုးပွားစေရန် ထောက်ကူပေးမည်။ မှန်ပါသည်၊ စစ်မှန်သောပျော်ရွှင်မှု၏ အဓိကလျှို့ဝှက်ချက်မှာ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းဖြစ်သည်။ (ဒေ. ၁၂:၁၃) ကျမ်းစာပညတ်ချက်များကို လိုက်နာခြင်းအပေါ် တည်ဆောက်ထားသောဘဝသည် ပျော်ရွှင်သောဘဝဖြစ်၏၊ အကြောင်းမှာ ယေရှုကဤသို့ဆိုခဲ့သည်– “ဘုရားသခင့်နှုတ် [မြွက်] တရားတော်ကိုနာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသောမင်္ဂလာရှိ [“ပျော်ရွှင်၊” ကဘ] ကြ၏။”—လုကာ ၁၁:၂၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 . . . ဘာသာဝင်တစ်ဦးအတွက် ဘုရားသခင်ကိုယုံကြည်ဖို့မလိုချေ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
စည်းစိမ်ဥစ္စာစုဆောင်းခြင်း၊ တစ်သီးပုဂ္ဂလနေခြင်း သို့မဟုတ် အကန့်အသတ်ရှိသော လူ့အသိပညာကိုယုံစားခြင်းအားဖြင့် ပျော်ရွှင်မှုကိုရှာမတွေ့ နိုင်ပါ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နာခံခြင်းအပေါ် အခြေပြုသောဘဝသည် ပျော်ရွှင်သောဘဝဖြစ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ခရစ်ယာန်မျှော်လင့်ချက်သည် လူတစ်ဦးကို ပျော်ရွှင်စေ