စိရယ်လ်နှင့် မီသိုဒီယက်စ် အက္ခရာစဉ်တစ်ခုကိုတီထွင်ခဲ့ကြသည့် ကျမ်းစာဘာသာပြန်ဆိုသူများ
စိရယ်လ်နှင့် မီသိုဒီယက်စ် အက္ခရာစဉ်တစ်ခုကိုတီထွင်ခဲ့ကြသည့် ကျမ်းစာဘာသာပြန်ဆိုသူများ
“ကျွန်ုပ်တို့၏နိုင်ငံသားများသည် နှစ်ခြင်းခံထားကြသော်လည်း ကျွန်ုပ်တို့တွင် ဆရာမရှိ။ ဂရိရော၊ လက်တင်ကိုပါ ကျွန်ုပ်တို့နားမလည်ကြ။ . . . အရေးအသားအက္ခရာများနှင့် ယင်းတို့၏အဓိပ္ပာယ်တို့ကို ကျွန်ုပ်တို့သဘောမပေါက်; ထို့ကြောင့် ကျမ်းစာစောင်များ၏ စကားလုံးများနှင့် ၎င်းတို့၏ဆိုလိုရင်းတို့ကို ဖော်ပြနိုင်မည့်ဆရာများ ကျွန်ုပ်တို့ထံပို့ပေးပါ။” —မိုရေဗီယာအိမ်ရှေ့မင်းသား ရာစ်တီဆလာဖ်၊ စီ.အီး. ၈၆၂။
ယနေ့ ဆလာဗစ်မျိုးနွယ်၏ဘာသာစကားများကိုပြောဆိုသူ ၄၃၅ သန်းကျော်သည် သူတို့၏တိုင်းရင်းဘာသာစကားဖြင့် ကျမ်းစာဘာသာပြန်ကျမ်းကို အသုံးပြုခွင့်ရရှိခဲ့ကြပြီ။ * သူတို့ထဲမှ သန်းပေါင်း ၃၆၀ သည်စိရလစ်အက္ခရာစဉ်ကို အသုံးပြုကြသည်။ သို့တိုင် လွန်ခဲ့သော ၁၂ ရာစုက သူတို့၏ဘိုးစဉ်ဘောင်ဆက်ပြောဆိုခဲ့သည့် ဒေသန္တရဘာသာစကားဖြင့် ရေးသားထားသောဘာသာစကားရော၊ အက္ခရာစဉ်ပါမရှိခဲ့ချေ။ ၎င်းအခြေအနေကိုပြောင်းလဲပေးခဲ့သူများမှာ စိရယ်လ်နှင့်မီသိုဒီယက်စ်အမည်ရှိ ညီနောင်ရင်းချာတို့ပင်ဖြစ်သည်။ အဆိုပါညီနောင်နှစ်ဦးတို့၏ ရဲရင့်စွာတီထွင်ကြိုးစားအားထုတ်မှုများသည် သမ္မာကျမ်းစာကို ထိန်းသိမ်းတိုးပွားစေခြင်းသမိုင်းတွင် စိတ်ဝင်စားဖွယ်အကြောင်းတစ်ခုဖြစ်ကြောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ချစ်မြတ်နိုးသူများက တွေ့မြင်ကြလိမ့်မည်။ ဤသူတို့ကား အဘယ်သူနည်း၊ သူတို့သည် မည်သည့်အနှောင့်အယှက်များကို တွေ့ကြုံခဲ့ကြရသနည်း။
“အတွေးအခေါ်ပညာရှင်” နှင့် ဘုရင်ခံ
စိရယ်လ် (စီ.အီး. ၈၂၇-၈၆၉၊ အမည်ရင်းကွန်စတင်တိုင်း) နှင့်မီသိုဒီယက်စ် (စီ.အီး. ၈၂၅-၈၈၅) တို့သည် ဂရိနိုင်ငံ၊ သက်စလိုနီကာမြို့မှ ဆွေကြီးမျိုးကြီးမိသားစုဝင်များဖြစ်ကြ၏။ ထိုအချိန်က သက်စလိုနီကာမြို့သည် ဘာသာစကားနှစ်မျိုးပြောဆိုသောမြို့ဖြစ်သည်; ပြည်သူပြည်သားများသည် ဂရိစကားနှင့် ဆလာဗစ်ဘာသာစကားပုံစံတစ်မျိုး ပြောဆိုကြသည်။ ဆလာဗ်များစွာရှိသည့်အပြင် နိုင်ငံသားများနှင့် ပတ်ဝန်းကျင်ရှိဆလာဗ်လူစုများစပ်ကြား ရင်းနှီးခင်မင်မှုရှိခြင်းတို့က စိရယ်လ်နှင့်မီသိုဒီယက်စ်တို့ကို တောင်ပိုင်းဆလာဗ်ဘာသာစကားကို တတ်ကျွမ်းစေခဲ့ပေမည်။ ထို့ပြင် သူတို့မိခင်သည် ဆလာဗစ်လူမျိုးဖြစ်သည်ဟုပင် မိသိုဒီယက်စ်၏အတ္ထုပ္ပတ္တိရေးသူက ဖော်ပြသည်။
စိရယ်လ်သည် သူ၏ဖခင်သေဆုံးပြီးနောက်တွင် ဘိုင်ဇန်တင်အင်ပါယာမြို့တော် ကောစတန်တီနိုပဲလ်သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုတွင် သူသည် ဧကရာဇ်တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး အထင်ကရဆရာများနှင့် ပေါင်းသင်းခဲ့၏။ သူသည် အရှေ့ပိုင်းရှိ အကျော်ကြားဆုံးချာ့ခ်ျ အာယီးအာ ဆိုဖီအာ၏စာကြည့်တိုက်မှူးဖြစ်လာပြီး နောက်ပိုင်း၌ အတွေးအခေါ်ပညာပါမောက္ခဖြစ်လာသည်။ အမှန်မှာ စိရယ်လ်သည် သူ၏စာပေရေးရာအောင်မြင်မှုကြောင့် အတွေးအခေါ်ပညာရှင်ဟူ၍ အမည်တွင်ခဲ့လေသည်။
ထိုအချိန်အတွင်း မီသိုဒီယက်စ်သည် သူ၏ဖခင်နည်းတူ နိုင်ငံရေးစီမံအုပ်ချုပ်မှုလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ သူသည် ဆလာဗ်လူမျိုးများစွာနေထိုင်ကြသည့် နယ်စပ်ဘိုင်ဇန်တင်ခရိုင်တစ်ခုတွင် (ဘုရင်ခံ) တရားသူကြီးရာထူးကိုရရှိခဲ့သည်။ သို့သော်ငြားလည်း သူသည် အာရှမိုင်းနား၊ ဗသီနီယာရှိ ခရစ်ယာန်ဘုန်းကြီးကျောင်းတစ်ခုတွင် နေထိုင်ခဲ့၏။ စီ.အီး. ၈၅၅ တွင် စိရယ်လ်သည် ထိုတွင် သူနှင့်သွားနေခဲ့သည်။
စီ.အီး. ၈၆၀ ပြည့်နှစ်တွင် ကောစတန်တီနိုပဲလ်ခရစ်ယာန်ဂိုဏ်းအုပ်က ထိုညီနောင်နှစ်ဦးကို တိုင်းတစ်ပါးသာသနာပြုလုပ်ငန်းသို့ စေလွှတ်ခဲ့သည်။ အစ္စလာမ်ဘာသာ၊ ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာ တစ်ခုခုသို့ဝင်ဖို့ ဆုံးဖြတ်ချက်ချရန် ချီတုံချတုံဖြစ်နေကြသော ပင်လယ်နက်အရှေ့မြောက်ဘက်တွင်နေထိုင်ကြသူ ခါဇာရ်ထံသို့ သူတို့ကိုစေလွှတ်ခဲ့၏။ စိရယ်လ်သည် ထိုနေရာသို့သွားစဉ်တွင် ခရိုင်မီအာမှကျွန်းဆွယ်တွင် အတန်ကြာနေထိုင်ခဲ့သည်။ သူသည် ထိုတွင် ဟေဗြဲနှင့်ရှမာရိဘာသာစကားကို သင်ယူခဲ့ပြီး ဟေဗြဲသဒ္ဒါကို ခါဇာရ်ဘာသာစကားဖြင့်ပြန်ဆိုခဲ့သည်ဟု ကျမ်းပညာရှင်အချို့က ယူဆကြသည်။
မိုရေဗီယာမှခေါ်ဆိုချက်
စီ.အီး. ၈၆၂ တွင် မိုရေဗီယာ (ယခုခေတ် ချက်ချီအာအရှေ့ပိုင်း၊ စလိုဗားကီးယားအနောက်ပိုင်းနှင့် ဟန်ဂေရီအနောက်ပိုင်း) အိမ်ရှေ့မင်းသားရာစ်တီဆလာဖ်သည် အဖွင့်စာပိုဒ်တွင်ဖော်ပြထားသည့် မေတ္တာရပ်ခံချက်ကို တတိယမြောက်ဘိုင်ဇန်တင်ဧကရာဇ်မင်းမိုက်ကယ်လ်ထံ ပို့ခဲ့သည်—သူသည် ကျမ်းစာဆရာများကိုပို့ပေးစေလိုခဲ့သည်။ မိုရေဗီယာမှဆလာဗစ်စကားပြောနိုင်ငံသားများကို အရှေ့ဖရန့်ခ်နိုင်ငံတော် (ယခု ဂျာမနီနှင့်သြစတြီးယား) မှသာသနာပြုများက ချာ့ခ်ျသွန်သင်ချက်များ ပို့ချပေးနှင့်ခဲ့ပြီးဖြစ်သည်။ သို့သော် ရာစ်တီဆလာဖ်သည် ဂျာမန်မျိုးနွယ်များ၏ နိုင်ငံရေးနှင့်ဘာသာရေးလွှမ်းမိုးမှုခံရမည်ကို စိုးရိမ်ခဲ့သည်။ ကောန်စတင်တီနိုပဲလ်နှင့် ဘာသာရေးဆက်စပ်မှုပြုခြင်းသည် မိမိ၏နိုင်ငံကို နိုင်ငံရေးအရရော ဘာသာရေးအရပါ ဆက်၍ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ထောက်ကူပေးလိမ့်မည်ဟု သူမျှော်လင့်ခဲ့သည်။
ဧကရာဇ်မင်းသည် မီသိုဒီယက်စ်နှင့်စိရယ်လ်တို့ကို မိုရေဗီယာသို့စေလွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ စာတွေ့၊ ဉာဏ်ပညာနှင့် ဘာသာရေးအရ ထိုညီနောင်နှစ်ဦးသည် ဤသို့သောသာသနာပြုလုပ်ငန်းကိုဦးဆောင်ရန် အသင့်ရှိကြသည်။ ဧကရာဇ်မင်းသည် မိုရေဗီယာသို့သွားရန် သူတို့ကိုတိုက်တွန်းရာ၌ ဤသို့ဆင်ခြင်ပေးခဲ့သည်ဟု နဝမရာစုအတ္ထုပ္ပတ္တိပညာရှင်တစ်ဦးက ကျွန်ုပ်တို့ကိုပြောပြသည်– “မင်းတို့နှစ်ယောက်စလုံး သက်စလိုနီကာမြို့သားတွေဖြစ်ကြတယ်၊ သက်စလိုနီကာမြို့သားအားလုံးက ဆလာဗ်ဘာသာစကားစစ်စစ်ကိုပဲပြောကြတယ်။”
အက္ခရာစဉ်တစ်ခုနှင့် ဘာသာပြန်ကျမ်းတစ်ကျမ်း ထွက်ပေါ်လာ
စိရယ်လ်သည် မထွက်ခွာမီလများအတွင်း ဆလာဗ်လူမျိုးများအတွက် အရေးအသားအက္ခရာကိုတီထွင်ပေးခြင်းဖြင့် သာသနာပြုလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။ သူသည် အသံထွက်သင်္ကေတအတွက် အထူးဂရုစိုက်နားထောင်ခဲ့သည်ဟုဆို၏။ သို့ဖြင့် ဂရိနှင့်ဟေဗြဲအက္ခရာများကိုအသုံးပြု၍ ဆလာဗိုနစ်အသံထွက်တစ်ခုစီအတွက် အက္ခရာကိုကြိုးစားပြုစုခဲ့သည်။ * ဤသို့သောအက္ခရာစဉ်တစ်ခုအတွက် အခြေခံကို နှစ်နှင့်ချီ၍ပြုစုနှင့်ခဲ့ပြီဟု သုတေသီအချို့က ယူဆကြသည်။ ထို့ပြင် စိရယ်လ်တီထွင်ခဲ့သည့် အက္ခရာစဉ်ပုံစံအတိအကျနှင့်ပတ်သက်၍ မသေမချာဖြစ်နေဆဲပင်။—“စိရလစ်လော၊ ဂလဲဂါလစ်တစ်လော” လေးထောင့်ကွက်ရှု။
တစ်ချိန်တည်းတွင် စိရယ်လ်သည် ကျမ်းစာဘာသာပြန်ခြင်းအစီအစဉ်ကို မဆိုင်းမတွစတင်လုပ်ဆောင်ခဲ့၏။ ရိုးရာအစဉ်အလာအရ သူသည် အသစ်တီထွင်လိုက်သောအက္ခရာစဉ်ဖြင့် ယောဟန်ခရစ်ဝင်ကျမ်း၏ ပထမဆုံးအပိုဒ်ဖြစ်သော “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ . . .” ကို ဂရိမှ ဆလာဗိုနစ်ဘာသာစကားသို့ ပြန်ဆိုခြင်းဖြင့်စတင်ခဲ့သည်။ စိရယ်လ်သည် ခရစ်ဝင်ကျမ်းလေးစောင်၊ ပေါလု၏စာများနှင့် ဆာလံကျမ်းတို့ကို ဆက်၍ဘာသာပြန်ဆိုခဲ့သည်။
သူတစ်ဦးတည်းသာ လုပ်ဆောင်ခဲ့သလော။ မီသိုဒီယက်စ်သည် ထိုလုပ်ငန်းကို အများဆုံးကူညီပေးနိုင်ခဲ့ဖွယ်ရှိသည်။ ၎င်းအပြင် ကဲင်းဗရိတ်ခ်ျအလယ်ခေတ်သမိုင်းစာအုပ်က ဤသို့ဖော်ပြသည်– “ဂရိပညာတတ်မြောက်သော ဆလာဗ်တိုင်းရင်းသားအမှန်ဖြစ်ကြသူများ၏အကူအညီကို [စိရယ်လ်] ခံယူခဲ့ဖွယ်ရှိသည်။ ကျွန်ုပ်တို့သည် ရှေးအကျဆုံးဘာသာပြန်ကျမ်းများကို စစ်ဆေးကြည့်လျှင် . . . ကိုယ်တိုင်ဆလာဗ်လူမျိုးများဖြစ်ကြသော ပူးပေါင်းဆောင်ရွက်သူများ၏လက်ရာဟု ယူမှတ်ကြရမည့် အဆင့်မြင့်မြင့်တီထွင်ထားသော ဆလာဗိုနစ်ဘာသာစကား အကောင်းဆုံးကိုဖတ်ရှုကြရ၏။” ကျွန်ုပ်တို့တွေ့မြင်ကြရမည့်အတိုင်း ကျမ်းစာ၏ကျန်အပိုင်းများကို နောက်ပိုင်းတွင် မီသိုဒီယက်စ်က လက်စသတ်ခဲ့သည်။
“သိမ်းငှက်တစ်ကောင်ပေါ် ကျီးအ,များအလား”
စီ.အီး. ၈၆၃ တွင် စိရယ်လ်နှင့်မီသိုဒီယက်စ်တို့သည် သူတို့ကိုလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့သည့် မိုရေဗီယာ၌ သာသနာပြုလုပ်ငန်းကို စတင်ခဲ့၏။ သူတို့၏လုပ်ငန်းတွင် ဒေသခံအုပ်စုကို အသစ်တီထွင်ထားသောဆလာဗိုနစ်အက္ခရာသွန်သင်ပေးခြင်းအပြင် ကျမ်းချက်များနှင့်ဝတ်တက်နည်းစာတမ်းများကို ဘာသာပြန်ခြင်းပါဝင်သည်။
သို့သော် ယင်းတို့အားလုံးသည် မလွယ်ကူခဲ့ချေ။ မိုရေဗီယာမှ ဖရန့်ခ်ခရစ်ယာန်ဓမ္မဆရာသည် ဆလာဗိုနစ်အသုံးပြုခြင်းကို ပြင်းထန်စွာဆန့်ကျင်ခဲ့သည်။ သူတို့သည် လက်တင်၊ ဂရိနှင့် ဟေဗြဲတို့ကိုသာ ဝတ်ပြုရေးတွင်အသုံးပြုဖို့ လက်ခံနိုင်ဖွယ်ရှိသည်ဟု ထောက်ခံပြောဆိုကာ ဘာသာသုံးမျိုးပညာရှင်သီအိုရီကို စွဲကိုင်ခဲ့ကြသည်။ ထိုညီနောင်သည် သူတို့၏အသစ်တီထွင်ထားသော အရေးအသားဘာသာစကားကို ပုပ်ရဟန်းမင်းထောက်ခံစေဖို့ရန် စီ.အီး. ၈၆၇ တွင် ရောမသို့ခရီးထွက်ခဲ့သည်။
လမ်းခရီးစဉ်တွင် စိရယ်လ်နှင့်မီသိုဒီယက်စ်တို့သည် ဗင်းနစ်မြို့၌ ဘာသာသုံးမျိုးပညာရှင် လက်တင်ခရစ်ယာန်ဓမ္မဆရာအဖွဲ့တစ်ဖွဲ့နှင့် နောက်ထပ်ရင်ဆိုင်ခဲ့ကြရသည်။ ဒေသခံဘိရှော့များ၊ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် ဘုန်းကြီးများသည် “သိမ်းငှက်ပေါ် ကျီးအ,များအလား” သူ့ကိုထိုးနှက်တိုက်ခိုက်ခဲ့ကြသည်ဟု စိရယ်လ်အကြောင်းရေးသူ အလယ်ခေတ်အတ္ထုပ္ပတ္တိပညာရှင်တစ်ဦးက ဆိုသည်။ ထိုမှတ်တမ်းအရ စိရယ်လ်သည် ၁ ကောရိန္သု ၁၄:၈၊ ၉ ပါဤစကားကိုကိုးကား၍ တုံ့ပြန်ချေပခဲ့သည်– “တံပိုးခရာသည်လည်း မမှန်သောအသံနှင့်မြည်လျှင် အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကိုပြင်ဆင်မည်နည်း။ ထိုနည်းတူ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင် မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။ အာကာသကောင်းကင်ကို ပြောသောသူကဲ့သို့ဖြစ်လိမ့်မည်။”
ထိုညီနောင်တို့သည် နောက်ဆုံး၌ ရောမသို့ရောက်သောအခါ သူတို့ဆလာဗိုနစ်အသုံးပြုခြင်းကို ဒုတိယမြောက်ပုပ်ရဟန်းမင်းအေဒရီယန်းက အပြည့်အဝထောက်ခံခဲ့သည်။ ရောမ၌ရှိနေစဉ် လအတန်ကြာသော် စိရယ်လ်သည် အကြီးအကျယ်နေထိုင်မကောင်းဖြစ်လာခဲ့သည်။ နောက်နှစ်လခန့်တွင် သူသည် အသက် ၄၂ နှစ်အရွယ်၌ သေဆုံးခဲ့သည်။
ဒုတိယမြောက်ပုပ်ရဟန်းမင်းအေဒရီယန်းသည် မီသိုဒီယက်စ်ကို မိုရေဗီယာနှင့် ယခု စလိုဗေးကီးယားဖြစ်သည့် နီတရားမြို့အနီးတစ်ဝိုက်တွင် ပြန်၍အလုပ်လုပ်ရန် အားပေးခဲ့သည်။ ပုပ်ရဟန်းမင်းသည် ထိုဒေသတွင် မိမိသြဇာလွှမ်းမိုးလိုရာ မီသိုဒီယက်စ်အား ဆလာဗိုနစ်စကားသုံးခွင့်ပြုသည့် ထောက်ခံစာများပေးအပ်၍ သူ့ကို ဂိုဏ်းအုပ်ခန့်အပ်ခဲ့သည်။ သို့သော် စီ.အီး. ၈၇၀ ပြည့်နှစ်တွင် ဖရန့်ခ်ဘိရှော့ဟာမာန်ရီခ်ျသည် နီတရားအိမ်ရှေ့မင်းသားဆဗားတော့ပ်လွတ်ခ်၏ အကူအညီဖြင့် မီသိုဒီယက်စ်ကိုဖမ်းဆီးခဲ့သည်။ သူ့ကို ဂျာမန်အရှေ့တောင်ပိုင်းမှ ခရစ်ယာန်ဘုန်းကြီးကျောင်းတစ်ခုတွင် နှစ်နှစ်ခွဲခန့် အကျဉ်းချခဲ့သည်။ နောက်ဆုံး၌ ဒုတိယမြောက်အေဒရီယန်းကိုဆက်ခံသူ အဋ္ဌမမြောက်ပုပ်ရဟန်းမင်းဂျွန်သည် မီသိုဒီယက်စ်ကိုပြန်လွှတ်ခိုင်း၍ သူ၏ဂိုဏ်းအုပ်နေရာတွင် ပြန်ခန့်အပ်ခဲ့၍ ဝတ်ပြုရေးတွင် ဆလာဗိုနစ်စကားကိုအသုံးပြုခွင့်ရှိကြောင်း ပုပ်ရဟန်းမင်း၏ထောက်ခံချက်ကို ပြန်လည်ပေးအပ်ခဲ့သည်။
သို့ရာတွင် ဖရန့်ခ်ခရစ်ယာန်ဓမ္မဆရာအဖွဲ့သည် ဆက်၍အတိုက်အခံပြုခဲ့ကြ၏။ မီသိုဒီယက်စ်သည် အယူမှားကြောင်းစွပ်စွဲချက်များကို ကိုယ်တိုင် အောင်မြင်စွာခုခံချေပခဲ့ပြီး နောက်ဆုံး၌ ချာ့ခ်ျတွင် ဆလာဗိုနစ်စကားအသုံးပြုခွင့်ရှိကြောင်း အတိအလင်းဖော်ပြထားသည့် အဋ္ဌမမြောက်ပုပ်ရဟန်းမင်းဂျွန်ထံမှ စာချွန်လွှာကိုရရှိခဲ့၏။ လက်ရှိပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ် ဝန်ခံခဲ့သကဲ့သို့ မီသိုဒီယက်စ်၏အသက်တာသည် “ခရီးသွားခြင်း၊ ဆင်းရဲခက်ခဲခြင်း၊ ဝေဒနာခံစားရခြင်း၊ ရန်လိုခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း . . . အပြင် ရက်စက်စွာအကျဉ်းချခံရခြင်းတို့ဖြင့်” ကုန်လွန်ခဲ့သည်။ ယင်းသည် ရောမကိုမျက်နှာသာပေးကြသည့် ဘိရှော့များနှင့်အိမ်ရှေ့မင်းသားများ၏လက်တွင်ဖြစ်ခဲ့ခြင်းမှာ အံ့ဩစရာပင်။
ကျမ်းစာတစ်အုပ်လုံးကို ဘာသာပြန်ဆိုပြီးခြင်း
မညှာမတာတိုက်ခိုက်မှုခံရလင့်ကစား မီသိုဒီယက်စ်သည် လက်ရေးတိုတတ်မြောက်သူအချို့၏အကူအညီဖြင့် ကျန်ရှိသောကျမ်းစာစောင်များကို ဆလာဗိုနစ်ဘာသာစကားသို့ ဘာသာပြန်ဆိုပြီးခဲ့သည်။ ရိုးရာအစဉ်အလာအရ သူသည် ရှစ်လတည်းနှင့် ဤတာဝန်ကြီးကို ပြီးဆုံးခဲ့သည်ဟုဆို၏။ သို့သော် သူသည် ကျမ်းပိုဖြစ်သည့်မက္ကဘီးကျမ်းကို ဘာသာမပြန်ဆိုခဲ့ချေ။
ယနေ့ စိရယ်လ်နှင့်မီသိုဒီယက်စ်တို့၏ ဘာသာပြန်အရည်အသွေး
ကို အတိအကျအကဲဖြတ်ရန် မလွယ်ကူတော့ချေ။ ကနဦးဘာသာပြန်ချိန်နှင့် အနီးဆုံးကူးယူခဲ့သည့် လက်ရေးစာမူမိတ္တူအနည်းငယ်သာ ကျန်ရှိတော့သည်။ ရှားပါးသောအစောပိုင်းနမူနာများကို စစ်ဆေးခြင်းဖြင့် ထိုဘာသာပြန်ကျမ်းသည် တိကျမှန်ကန်ပြီး ရိုးရှင်းသည်ဟု ဘာသာဗေဒပညာရှင်များက ဖော်ပြသည်။ ထိုညီနောင်နှစ်ဦးတို့သည် “အသစ်သောစကားလုံးများနှင့် အသုံးအနှုန်းများစွာတို့ကို တီထွင်ခဲ့ရသည်။ . . . ထို့ပြင် သူတို့သည် ယင်းတို့အားလုံးကို အံ့သြဖွယ်ကောင်းလောက်အောင် တိကျစွာပြန်ဆိုခဲ့ [ပြီး] မရှိခဲ့ဖူးသောစကားစုများစွာဖြင့် ဆလာဗစ်ဘာသာစကားကို ကြွယ်ဝစေခဲ့သည်” ဟုကျွန်ုပ်တို့၏ဆလာဗစ်သမ္မာကျမ်းစာ စာပေကဆိုသည်။ကြာရှည်တည်မြဲသောအမွေအနှစ်
စီ.အီး. ၈၈၅ တွင် မီသိုဒီယက်စ်ကွယ်လွန်ပြီးနောက်၌ သူ၏တပည့်များကို ၎င်းတို့၏ဖရန့်ခ်ပြိုင်ဘက်များက မိုရေဗီယာမှ မောင်းထုတ်ခဲ့ကြသည်။ သူတို့သည် ဘိုဟီးမီးယား၊ ပိုလန်တောင်ပိုင်းနှင့် ဘူလ်ဂေးရီးယားသို့ထွက်ပြေးပြီး ခိုလှုံခဲ့ကြ၏။ ထိုသို့ဖြင့် စိရယ်လ်နှင့်မီသိုဒီယက်စ်တို့၏လုပ်ငန်းသည် အဆက်မပြတ်ဘဲ အမှန်ပင်ပျံ့နှံ့သွားခဲ့သည်။ ထိုညီနောင်နှစ်ဦးတို့ကြောင့် ပို၍ကြာရှည်တည်မြဲသော အရေးအသားပုံစံတစ်ခုအဖြစ်ပေါ်လာသည့် ဆလာဗိုနစ်ဘာသာစကားသည် တိုးတက်ထွန်းကားခဲ့ပြီး နောက်ပိုင်းတွင် အမျိုးမျိုးကွဲပြားလာခဲ့သည်။ ယနေ့ ဆလာဗစ်မျိုးနွယ်ဘာသာစကားတွင် ထင်ရှားသောဘာသာစကား ၁၃ မျိုးနှင့် ဒေသန္တရဘာသာစကားများစွာပါဝင်သည်။
ထို့ပြင် စိရယ်လ်နှင့်မီသိုဒီယက်စ်တို့၏ စွန့်စားလုပ်ဆောင်သောဘာသာပြန်ကျမ်းမှ ယနေ့ ရရှိနိုင်သည့် ဆလာဗစ်ဘာသာပြန်ကျမ်းအမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။ အဆိုပါဘာသာစကားများကိုပြောဆိုသူ သန်းပေါင်းများစွာသည် မိမိတို့၏တိုင်းရင်းဘာသာစကားနှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုရရှိခြင်းဖြင့် အကျိုးကျေးဇူးဖြစ်ထွန်းလျက်ရှိသည်။ ခါးသီးသောဆန့်ကျင်တိုက်ခိုက်မှုများရှိလင့်ကစား “ထာဝရဘုရား၏နှုတ် [မြွက်စကားတော်] တရားမူကား ကာလအစဉ်အမြဲတည်၏” ဟူသောစကားသည် မှန်လှပေသည်!—ဟေရှာယ ၄၀:၈။
[Footnotes]
^ အပိုဒ်၊ 3 ဆလာဗစ်ဘာသာစကားများကို ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းတွင် ပြောဆိုကြပြီး ထိုတွင် ရုရှား၊ ယူကရိန်း၊ ဆားဗီးယား၊ ပိုလန်၊ ချက်ခ်၊ ဘူလ်ဂေးရီးယားနှင့် အလားတူဘာသာစကားများပါဝင်သည်။
^ အပိုဒ်၊ 13 ဤဆောင်းပါးတွင် အသုံးပြုထားသည့် “ဆလာဗိုနစ်” သည် စိရယ်လ်နှင့်မိသိုဒီယက်စ်တို့က မိမိတို့၏သာသနာပြုနှင့်စာပေလုပ်ငန်းအတွက် အသုံးပြုခဲ့သည့် ဆလာဗစ်ဒေသန္တရစကားကို ဆိုလိုနေခြင်းဖြစ်သည်။ ယနေ့ လူအချို့သည် “ရှေးဆလာဗိုနစ်” သို့မဟုတ် “ရှေးချာ့ခ်ျဆလာဗိုနစ်” ဟူသောဝေါဟာရများကို အသုံးပြုကြသည်။ စီ.အီး. နဝမရာစုမှ ဆလာဗ်လူမျိုးများသည် ဘာသာစကားတစ်ခုတည်းကိုအသုံးမပြုကြောင်း ဘာသာဗေဒပညာရှင်များက သဘောတူကြသည်။
[စာမျက်နှာ ၂၉ ပါ လေးထောင့်ကွက်]
စိရလစ်လော၊ ဂလဲဂါလစ်တစ်လော
စိရယ်လ်တီထွင်ခဲ့သော အက္ခရာစဉ်အမျိုးအမည်နှင့်ပတ်သက်၍ အဘယ်အက္ခရာဖြစ်ကြောင်းကို ဘာသာဗေဒပညာရှင်များက အသေအချာမသိရှိကြသောကြောင့် အငြင်းပွားစရာများစွာရှိခဲ့သည်။ စိရလစ်ဟုခေါ်သည့်အက္ခရာစဉ်သည် ဂရိအက္ခရာစဉ်အပေါ် တစ်ထပ်တည်းအခြေပြုသော်လည်း ဂရိတွင်မတွေ့ရသော ဆလာဗိုနစ်အသံထွက်ကိုကိုယ်စားပြုရန် နောက်ထပ်အက္ခရာ တစ်ဒါဇင်ခန့် တီထွင်ထားသည်။ သို့သော် ရှေးအကျဆုံးဆလာဗိုနစ်လက်ရေးစာမူအချို့က ဂလဲဂါလစ်တစ်ဟု လူသိများသည့် ခြားနားသောအက္ခရာကိုအသုံးပြု၏၊ ၎င်းအက္ခရာကို စိရယ်လ်တီထွင်ခဲ့သည်ဟူ၍ ပညာရှင်များစွာက ယုံကြည်ကြသည်။ ဂလဲဂါလစ်တစ်အက္ခရာအနည်းငယ်သည် လက်ရေးဆက်ဂရိ သို့မဟုတ် ဟေဗြဲမှဖြစ်ပေါ်လာသည်။ အချို့အက္ခရာများမှာ အလယ်ခေတ်စာလုံးပေါ်ရှိ သင်္ကေတများမှ ဆင်းသက်လာနိုင်ဖွယ်ရှိသော်လည်း အများစုမှာမူ ပင်ကိုတီထွင်မှုများဖြစ်ကြ၏။ ဂလဲဂါလစ်တစ်သည် အလွန်ကွဲပြားခြားနားပြီး ပင်ကိုတီထွင်မှုဖြစ်ပုံရသည်။ သို့သော် စိရလစ်သည် မျက်မှောက်ခေတ်ရုရှား၊ ယူကရိန်း၊ ဆားဗီးယား၊ ဘူလ်ဂေးရီးယားနှင့် မက်ဆီဒိုးနီးယားအက္ခရာများအပြင် နောက်ထပ်ဘာသာစကား ၂၂ မျိုးသို့ တိုးတက်ပြောင်းလဲခဲ့သည်၊ ၎င်းတို့မှအချို့သည် ဆလာဗိုနစ်မဟုတ်ပေ။
[Artwork—Cyrillic and Glagolitic characters]
[စာမျက်နှာ ၃၁ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်)
ဘော်လ်တစ်ပင်လယ်
(ပိုလန်)
ဘိုဟီးမီးယား (ချက်ချီအာ)
မီရေဗီယာ (ချက်ချီအာအရှေ့ပိုင်း၊ စလိုဗားကီးယားအနောက်ပိုင်းနှင့် ဟန်ဂေရီအနောက်ပိုင်း)
နီတရား
အရှေ့ဖရန့်ခ် နိုင်ငံတော် (ဂျာမနီနှင့်သြစတြီးယား)
အီတလီ
ဗင်းနစ်
ရောမ
မြေထဲပင်လယ်
ဘူလ်ဂေးရီးယား
ဂရိ
သက်စလိုနီကာ
(ခရိုင်မီအာ)
ပင်လယ်နက်
ဗသီနီယာ
ကောစတန်တီနိုပဲလ် (အစ္စတန်ဘူလ်)
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
၁၅၈၁ မှစိရလစ်စာသားဖြင့် ဆလာဗိုနစ်ကျမ်း
[Credit Line]
သမ္မာကျမ်းစာ– Narodna in univerzitetna knjiz̆nica-Slovenija-Ljubljana