မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးပရဒိသုဟူသည် အဘယ်နည်း

ဝိညာဉ်ရေးပရဒိသုဟူသည် အဘယ်နည်း

ဝိညာဉ်​ရေး​ပရဒိသု​ဟူသည် အဘယ်နည်း

ဂါ​စ​တာ​ဗို​သည် ဘရာဇီး​နိုင်ငံ​ရှိ မြို့ငယ်​လေး​တစ်မြို့​တွင် ကြီးပြင်း​လာ​ခဲ့​သည်။ * လူကောင်း​များ​သေ​လျှင် ကောင်းကင်​သို့​သွား​သည်​ဟု ကလေး​ဘဝက​တည်း​က သူ​သွန်သင်ခံ​ခဲ့​ရသည်။ သစ္စာရှိ​လူသားများ​သည် တစ်နေ့​သောအခါ မြေကြီး​ပရဒိသု​တွင် စုံလင်သော​အသက်တာကို​ခံစားရ​မည်​ဟူသော ဘုရားသခင့်​ရည်ရွယ်ချက်​အကြောင်း သူ​လုံးဝ​မသိ​ခဲ့​ချေ။ (ဗျာဒိတ် ၂၁:၃၊ ၄) သူ​မသိ​ခဲ့​သည့်​အရာတစ်ခု​ရှိသေး​သည်။ ယခု​ပင် ဝိညာဉ်​ရေး​ပရဒိသု​၌ သူ​ရှိ​နိုင်​ကြောင်း​မသိ​ပါ။

ထို​ဝိညာဉ်​ရေး​ပရဒိသု​အကြောင်း သင်ကြား​ဖူး​သလော။ ၎င်း​သည် အဘယ်အရာ​ဖြစ်​ကြောင်း​နှင့် ၎င်း​အဝင်​ဖြစ်​ဖို့ အဘယ်အရာ​လိုအပ်ကြောင်း သင်​သိပါသလော။ အမှန်ပင်​ပျော်ရွှင်​လို​သူ မည်သူ​မဆို​သည် ထို​ပရဒိသု​အကြောင်း သိဖို့​လိုအပ်​သည်။

ဝိညာဉ်​ရေး​ပရဒိသု​ကို​တွေ့ရှိ​ခြင်း

လူတစ်ဦး​သည် ယခု​ပင်​ပရဒိသု​၌ နေထိုင်​နိုင်​သည်​ဟု​ဆို​ခြင်း​သည် လက်တွေ့​မကျ​ပုံ​ပေါ်​သည်။ ဤ​လောကသည် ပရဒိသု​ဖြစ်​ဖို့​ဝေးလေစွ။ “တစ်ဖန်​တုံ နေ​အောက်မှာ​ပြု​လေ​သမျှ​သော ညှဉ်းဆဲခြင်း​တို့ကို ငါ​ထပ်၍​ဆင်ခြင်​၏။ ညှဉ်းဆဲခြင်း​ကို​ခံရ​သော​သူတို့သည် ငိုကြွေး​သော်လည်း ချမ်းသာပေး​နိုင်သော [“နှစ်သိမ့်​စေသော​သူ၊” သမ္မာ] သူ​မရှိ။ ညှဉ်းဆဲ​တတ်သော​သူတို့သည် တန်ခိုး​ရှိသဖြင့် ချမ်းသာပေး​နိုင်သော​သူ​မရှိ” ဟူသော ရှေးခေတ်​ဟေဗြဲ​ရှင်ဘုရင်​တစ်ပါး​၏​ဖော်ပြချက်​ကို ကြုံတွေ့​ရသူ​အလွန်​များသည်။ (ဒေ. ၄:၁) သန်းပေါင်း​များစွာသော​သူတို့သည် ယိုယွင်းသော . . .၊ ဘာသာရေး​နှင့် စီးပွားရေး​စနစ်​များ​အောက် ဆင်းရဲခံ​ရ​ကြ​ပြီး သက်သာရာ​မရှိ၊ ‘နှစ်သိမ့်​ပေး​သော​သူ’ မရှိကြ​ချေ။ အခြားသူများ​မှာ​မူ သူတို့​ပေးချေ​ရမည့်​ငွေ​များ​ကို​ပေးဆောင်​ကြ​ရန်၊ သားသမီး​များ​ကို​ပြုစု​ပျိုးထောင်​ကာ ဆက်​အသက်ရှင်ဖို့​လိုအပ်သော အခြား​အရာ​များစွာကို​ပြုလုပ်​ရန် ရုန်းကန်​ကြ​ရသည်။ ဤသူတို့​သည်လည်း ဝန်​အနည်းငယ်​ပေါ့ပါး​စေ​မည့်​သူ​တစ်ဦး၊ နှစ်သိမ့်​ပေး​သော​သူ​တစ်ဦး​ကို ဝမ်း​ပန်း​တ​သာ​ကြိုဆို​ကြ​ပေမည်။ သူတို့​အားလုံး​အတွက် ဘဝ​သည် ပရဒိသု​နှင့်​အလှမ်းဝေး​လှ​သည်။

သို့​ဖြစ်၍ ဝိညာဉ်​ရေး​ပရဒိသု​သည် အဘယ်တွင်​ရှိ​သနည်း။ “ပရဒိသု” ဟု​ပြန်ဆို​ထားသော​စကားလုံး​သည် ပန်းခြံ သို့​မဟုတ် ဥယျာဉ်၊ ဆိတ်ငြိမ်၊ လန်းဆန်း​စေသော​နေရာတစ်ခု​ဟု​သဘောဆောင်​သည့် ဂရိ၊ ပါရှား​နှင့် ဟေဗြဲ​စကားလုံး​များနှင့်​ဆက်နွှယ်​သည်။ သမ္မာကျမ်းစာ​က မြေကြီး​သည် တစ်နေ့​သောအခါ ပကတိ​ပရဒိသု၊ အပြစ်မဲ့​သော​လူသား​မျိုးနွယ်​အတွက် ဥယျာဉ်​ကဲ့သို့​သော​နေအိမ် ဖြစ်လာ​လိမ့်​မည်​ဟု​ကတိပြု​ထား​သည်။ (ဆာလံ ၃၇:၁၀၊ ၁၁) ယင်းကို​စွဲမှတ်​လျက် ဝိညာဉ်​ရေး​ပရဒိသု​သည် လူ​လူ​ချင်း​နှင့်​လည်းကောင်း၊ ဘုရားသခင်​နှင့်​လည်းကောင်း ငြိမ်သက်မှု​ခံစားခွင့်​ပေး​သော မျက်စိ​မွေ့လျော်​ရာ​နှင့် စိတ်အေး​ချမ်း​ရာ​ဝန်းကျင်​တစ်ခု​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သဘောပေါက်​သည်။ ဂါ​စ​တာ​ဗို​တွေ့ရှိ​ခဲ့​သည့်​အတိုင်း ထိုသို့​သော​ပရဒိသု​သည် ယနေ့ တည်ရှိ​ပြီး ၎င်း​တွင် ပါဝင်သူ တိုးများ​လာ​နေသည်။

အသက် ၁၂ နှစ်အရွယ်​တွင် ဂါ​စ​တာ​ဗို​သည် ရိုမန်ကက်သလစ်​ဘုန်းတော်ကြီး​တစ်ဦး​ဖြစ်​ဖို့ စိတ်ပိုင်းဖြတ်​ခဲ့​သည်။ သူ့​မိဘ​၏​သဘော​တူညီချက်​ဖြင့် ဘာသာရေး​ကျောင်း​တစ်ခု​ကို သူ​တက်​ခဲ့​သည်။ ထို​တွင် လူငယ်များ​ကို​ဆွဲဆောင်​ဖို့ ချာ့ခ်ျ​က က​မ​က​ထ​ပြုသော တေးဂီတ၊ က​ဇာတ်ရုံ​နှင့် နိုင်ငံရေး​တို့​တွင် ပါဝင်​ပတ်သက်​လာ​သည်။ ဘုန်းတော်ကြီး​တစ်ဦး​သည် လူ​တို့အတွက် မိမိကိုယ်ကို​ပေးဆက်​ရ​၍ အိမ်ထောင်ပြု​၍​မရ​ကြောင်း သူသိ​ထား​သည်။ သို့​တိုင် ဂါ​စ​တာ​ဗို​သိ​သော ဘုန်းတော်ကြီး​နှင့် သင်တန်းသား​အချို့​မှာ အကျင့်ပျက်​နေကြ​သည်။ ထိုသို့​သော​ဝန်းကျင်​၌ ဂါ​စ​တာ​ဗို​သည် မကြာမီ သောက်ကြူး​စ​ပြု​လာ​သည်။ ဝိညာဉ်​ရေး​ပရဒိသု​ကို သူ​ရှာမတွေ့​သေး​ကြောင်း ထင်ရှား​၏။

တစ်နေ့​တွင် ဂါ​စ​တာ​ဗို​သည် မြေကြီး​ပရဒိသု​တစ်ခု​အကြောင်း​ဖော်ပြ​ထားသော သမ္မာကျမ်းစာ​ဝေစာ​တစ်စောင်​ကို​ဖတ်​မိ​သည်။ ၎င်း​က သူ့ကို​ဘဝ​ရည်ရွယ်ချက်​အကြောင်း တွေးတော​စေ​ခဲ့​သည်။ သူက​ဤသို့​ပြောပြ​သည်– “သမ္မာကျမ်းစာ​ကို​ကျွန်တော်​မကြာမကြာ စ​ဖတ်​ခဲ့တယ်၊ ဒါပေမဲ့ နားမလည်​ခဲ့​ဘူး။ ဘုရားသခင်​မှာ နာမည်​ရှိတယ်ဆိုတာ​ကို​တောင် ကျွန်တော်​မမြင်​ခဲ့​ဘူး။” သမ္မာကျမ်းစာ​ကျောင်း​မှ​ထွက်​ကာ ယေဟောဝါသက်သေ​များ​ထံ​ချဉ်းကပ်​ပြီး သမ္မာကျမ်းစာ​ကို​နားလည်​ဖို့ အကူအညီ​တောင်း​ခဲ့​သည်။ ထို့နောက် အလျင်အမြန်​ပင်​တိုးတက်လာ​ပြီး မကြာမီတွင် ဘုရားသခင်​ထံ မိမိကိုယ်ကို​ဆက်ကပ်အပ်နှံ​ခဲ့​သည်။ ဂါ​စ​တာ​ဗို​သည် ဝိညာဉ်​ရေး​ပရဒိသု​အကြောင်း သင်ယူ​နေခဲ့​သည်။

ဘုရားသခင့်​နာမတော်​အဖို့​လူမျိုးတော်

ယေဟောဝါ​ဟူသော ဘုရားသခင့်​နာမတော်​သည် သမ္မာကျမ်းစာ​ကျောင်းသား​တစ်ဦး​အတွက် စိတ်ဝင်စားဖွယ်​အချက်​တစ်ချက်​မျှ​သာ​မဟုတ်​ကြောင်း ဂါ​စ​တာ​ဗို​သိရှိ​လာ​သည်။ (ထွက်မြောက်ရာ ၆:၃) ၎င်း​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ အရေးပါသော​အပိုင်းကဏ္ဍ​ဖြစ်၏။ ယေရှုသည် မိမိ၏​နောက်လိုက်​များ​အား ဤသို့​ဆုတောင်း​ရန်​သွန်သင်​ပေး​ခဲ့​သည်– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။” (မဿဲ ၆:၉) ခရစ်ယာန်​များ​ဖြစ်လာ​သော တစ်ပါး​အမျိုးသား​တို့​အကြောင်း​နှင့်​ပတ်သက်​၍ တပည့်တော်​ယာကုပ်​က ဤသို့​ဆို​ခဲ့​သည်– “ဘုရားသခင်​သည် မိမိ​နာမ​အဖို့၊ တစ်ပါး​အမျိုးသား​တို့​အထဲ​က အချို့​သော​သူတို့ကို​နုတ်ယူ . . . တော်​မူ​သည်။” (တမန်​တော် ၁၅:၁၄) ပထမ​ရာစု​တွင် ခရစ်ယာန်​အသင်းတော်သည် ‘ကိုယ်တော်​၏​နာမ​အဖို့​လူများ’ ဖြစ်​ခဲ့​သည်။ ယနေ့ ဘုရားသခင့်​နာမတော်​အဖို့​လူများ​ရှိသလော။ ရှိပါ​သည်၊ ထို​လူမျိုးတော်​မှာ ယေဟောဝါသက်သေ​များ​ဖြစ်​ကြောင်း ဂါ​စ​တာ​ဗို​သိရှိ​လာ​ခဲ့​သည်။

ယေဟောဝါသက်သေ​များသည် နိုင်ငံ​နှင့် နယ်မြေ​ပေါင်း ၂၃၅ ခန့်​တွင် တက်ကြွ​စွာ​အမှုဆောင်​လျက်​ရှိကြသည်။ သူတို့သည် အမှုဆောင်​သူ​အရေအတွက် ခြောက်​သန်း​ကျော်​ရှိပြီး သူတို့၏​အစည်းအဝေး​များ​ကို အခြား​စိတ်ဝင်စားသူ​ရှစ်​သန်း​တို့​က တက်ရောက်​ခဲ့​ကြသည်။ သူတို့၏​လူထု​အမှုဆောင်ခြင်း​အတွက် လူသိ​များ​ကြ​ပြီး ယေရှု၏​ဤ​စကား​များ​ကို သူတို့​ပြည့်စုံ​စေ​ကြသည်– “လူမျိုးအပေါင်း​တို့အား သက်သေ​ဖြစ်​မည်​အကြောင်း နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လော [က] နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။” (မဿဲ ၂၄:၁၄) သို့သော် ဂါ​စ​တာ​ဗို​သည် ယေဟောဝါသက်သေ​များနှင့်​ပေါင်းသင်း​ရာ​၌ ဝိညာဉ်​ရေး​ပရဒိသု​ကို မိမိ​တွေ့ရှိ​ခဲ့ပြီ​ဟု အဘယ်ကြောင့်​ယူမှတ်ခဲ့​ရသနည်း။ သူက​ဤသို့​ပြောပြ​သည်– “လောကမှာ၊ အထူးသဖြင့် သမ္မာကျမ်းစာ​ကျောင်း​မှာ ကျွန်တော်​မြင်တွေ့ခဲ့​တာတွေကို ယေဟောဝါသက်သေ​များ​အလယ်မှာ တွေ့​ရတာတွေနဲ့ ကျွန်တော်​နှိုင်းယှဉ်​ကြည့်​ခဲ့တယ်။ အခြားကြီး​ခြား​တာ​က​တော့ သက်သေခံတွေ​အလယ်မှာ​ရှိတဲ့ မေတ္တာပါပဲ။”

အခြားသူများ​လည်း ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ အလားတူ​မှတ်ချက်များ​ချ​ခဲ့​ကြပြီ။ ဘရာဇီး​အမျိုးသမီးငယ်​တစ်ဦး​ဖြစ်သော မ​စ်​ရီ​ယန်​က​ဤသို့​ဆို​ခဲ့​သည်– “မိသားစု​ထဲမှာ​တောင် ဘယ်လို​ပျော်ရွှင်​ရမယ်ဆိုတာ​ကို ကျွန်မ​မသိခဲ့ဘူး။ လက်တွေ့​တင်ပြ​တဲ့​မေတ္တာကို ကျွန်မ​ဦးဆုံး​တွေ့မြင်​ခဲ့​တာ ယေဟောဝါသက်သေ​တွေ​အလယ်မှာ​ပဲ။” ခရစ္စတီယန်​အမည်​ရှိ အမျိုးသား​တစ်ဦး​က ဤသို့​ဆို​ခဲ့​သည်– “မကြာမကြာ နတ်​ဝိဇ္ဇာ [နတ်ဆိုး​ပညာ]အတတ်ကို ကျွန်တော်​အပျော်တမ်း​လေ့လာ​လိုက်စား​ခဲ့တယ်၊ ဘာသာရေး​က​တော့ ကျွန်တော့်​အတွက် အရေးမပါ​ခဲ့​ဘူး။ ကျွန်တော့်​ရဲ့​လူမှုရေး​အဆင့်အတန်း​နဲ့ အင်ဂျင်နီယာ​တစ်ဦး​အဖြစ် ကျွန်တော့်​ရဲ့​အလုပ်ကို ပို​ပြီး​တန်ဖိုး​ထားခဲ့​တယ်။ ဒါပေမဲ့​လည်း ကျွန်တော့်​ဇနီး​ဟာ ယေဟောဝါသက်သေ​တွေ​နဲ့ သမ္မာကျမ်းစာ​စလေ့လာ​တဲ့​အခါ သူ​ပြောင်းလဲ​သွားတာကို ကျွန်တော်​တွေ့ခဲ့​တယ်။ သူ့​ဆီ​လာ​လည်ပတ်​တဲ့ ခရစ်ယာန်​အမျိုးသမီးတွေရဲ့ ပျော်ရွှင်မှု​နဲ့​စိတ်​ထက်သန်မှု​ကိုလည်း ကျွန်တော့်​စိတ်ထဲ​စွဲမှတ်​သွား​မိတယ်။” လူတို့သည် ယေဟောဝါသက်သေ​များနှင့်​ပတ်သက်​၍ ထိုသို့​အဘယ်ကြောင့်​ဆို​ကြ​ရသနည်း။

ဝိညာဉ်​ရေး​ပရဒိသု​ဟူသည် အဘယ်နည်း

ယေဟောဝါသက်သေ​များ​ကို ထင်ရှားစေ​သော​အရာတစ်ခု​မှာ သမ္မာကျမ်းစာ​အသိပညာကို သူတို့​တန်ဖိုး​ထား​လေးမြတ်ခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​သည် မှန်ကန်​ပြီး ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဖြစ်​ကြောင်း သူတို့​ယုံကြည်​ကြသည်။ ထို့​ကြောင့် သူတို့​ဘာသာ​တရား​၏​အခြေခံ​များ​ကို​သာ သိထား​ရုံ​မျှ​နှင့် သူတို့​မကျေနပ်​ကြ​ပါ။ ကိုယ်ပိုင်​လေ့လာမှု​နှင့် သမ္မာကျမ်းစာ​ဖတ်ရှုခြင်း​ကို ဆက်​ပြုလုပ်​ကြ​ရသည့်​အစီအစဉ် သူတို့၌​ရှိသည်။ ယေဟောဝါသက်သေ​များနှင့် ကြာကြာ​ပေါင်း​လေ​လေ သမ္မာကျမ်းစာ​တွင် ကိုယ်တော်​ဖော်ပြ​ထား​သည့် ဘုရားသခင်​နှင့် ကိုယ်တော်​၏​အလိုတော်ကို ပိုမို​သိရှိ​လာ​လေ​လေ​ဖြစ်သည်။

ယင်း​သို့​သော​အသိပညာက အယူသီးခြင်း​နှင့် ဘေးသင့်​စေသည့်​ထင်မြင်​ယူဆချက်များ​စ​သော လူ​တို့ကို​ပျော်ရွှင်မှု​ကင်းမဲ့​စေသည့်​အရာများ​မှ ယေဟောဝါသက်သေ​တို့ကို လွတ်မြောက်​စေ​သည်။ ယေရှု​က “[အမှန်] တရားသည် သင်တို့ကို​လွှတ်​လိမ့်​မည်” ဟု​ဆို​ခဲ့​၏၊ ထိုစကား​များသည် မှန်ကန်ကြောင်း ယေဟောဝါသက်သေ​များ​တွေ့ရှိ​ကြသည်။ (ယောဟန် ၈:၃၂) တစ်ချိန်က နတ်​ဝိဇ္ဇာ​အတတ်​လိုက်စား​ခဲ့​သော ဖာ​န​န်​ဒို​က​ဤသို့​ဆို​သည်– “ထာဝရ​အသက်​အကြောင်း​သိလာ​ရတာက တကယ့်​စိတ်သက်သာ​မှု​တစ်ခု​ပဲ။ ကျွန်တော့်​မိဘတွေ​နဲ့ ကျွန်တော်​ပါ​သေသွား​မှာ​ကို ကြောက်​ခဲ့​မိတယ်။” အမှန်တရားက ဖာ​န​န်​ဒို​ကို နာမ်ဝိညာဉ်​လောက​နှင့် တ​မ​လွန်​ဘဝ​ဟု​ခေါ်ဆို​ရာ​တို့ကို ကြောက်ရွံ့​ခြင်း​မှ လွတ်မြောက်​စေ​ခဲ့​သည်။

သမ္မာကျမ်းစာ​တွင် ဘုရားသခင်​အား​သိကျွမ်းခြင်း​ပညာ​သည် ပရဒိသု​နှင့် အနီးကပ်​ဆက်စပ်​လျက်​ရှိ၏။ ပရောဖက်​ဟေရှာယ​က ဤသို့​ဆို​ခဲ့​သည်– “ငါ​၏​သန့်ရှင်းသော​တောင်​တစ်ပြင်လုံး​၌ အချင်းချင်း​ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်း​ကို​မပြုရ​ကြ။ အကြောင်း​မူ​ကား ပင်လယ်ရေ​သည် မိမိ​နေရာကို​လွှမ်းမိုး​သကဲ့သို့ မြေကြီး​သည် ထာဝရ​ဘုရား​ကို​သိကျွမ်းခြင်း​ပညာ​နှင့် ပြည့်စုံ​လိမ့်​မည်။”—ဟေရှာယ ၁၁:၉

ဟေရှာယ​ကြိုပြော​ခဲ့​သော ငြိမ်သက်ခြင်း​ကို​ဆောင်ကြဉ်း​ပေးဖို့ အသိပညာ​ရှိ​ခြင်း​တစ်ခု​တည်း​ဖြင့် မလုံလောက်​သည်​မှာ​မှန်ပါသည်။ လူတစ်ဦး​သည် မိမိ​သိရှိလာရာ​နှင့်​အညီ ပြုမူ​ကျင့်ကြံ​ရမည်​ဖြစ်သည်။ ဖာ​န​န်​ဒို​က​ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “လူတစ်ဦး​သည် ဝိညာဉ်​အသီးများ​ကို​မွေးမြူ​သောအခါ သူသည် ဝိညာဉ်​ရေး​ပရဒိသု​ကို အထောက်အကူ​ပြု​သည်။” ခရစ်ယာန်​များ​မွေးမြူ​သင့်​သော အရည်အသွေးကောင်း​များ​ကို ‘ဝိညာဉ်​တော်​နှင့်​ဆိုင်ရာ​အသီး’ ဟု​ခေါ်ဆို​ခဲ့​သော တမန်​တော်​ပေါလု​၏​စကား​များ​ကို ဖာ​န​န်​ဒို​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ၎င်းတို့ကို​သူက ဤသို့​စာရင်း​ဖော်ပြ​ခဲ့​သည်– “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း၊ ချုပ်တည်း​ခြင်း​ပေ​တည်း။”—ဂလာတိ ၅:၂၂၊ ၂၃

ယင်း​သို့​သော​အရည်အသွေးများ​ကို ကြိုးစား​မွေးမြူ​ကြ​သူတို့နှင့် ပေါင်းဖော်ခြင်း​သည် ပရဒိသု​တွင်​ရှိသကဲ့သို့ အဘယ်ကြောင့်​အမှန်ပင်​ဖြစ်​ရ​ကြောင်း သင်​မြင်​သလော။ ထိုသို့​သော​လူများ​အလယ်တွင် ပရောဖက်​ဇေဖနိ​ကြိုပြော​ခဲ့​သော ဝိညာဉ်​ရေး​ပရဒိသု တည်ရှိ​ပါ​လိမ့်​မည်။ သူက​ဤသို့​ဆို​ခဲ့​သည်– “[သူ] တို့သည် မတရားသော​အမှုကို​မပြုရ​ကြ။ မုသာ​မပြော​ရ​ကြ။ သူတို့​နှုတ်၌​လှည့်စား​တတ်သော​လျှာ​မရှိ​ရ။ အဘယ်သူမျှ​မကြောက်​စေ​ဘဲ စားသောက်​လျက်၊ အိပ်​လျက်​နေရ​ကြလိမ့်မည်။”—ဇေဖနိ ၃:၁၃

ချစ်ခြင်း​မေတ္တာ​၏​အရေးပါသော​ကဏ္ဍ

ပေါလု​ဖော်ပြ​ခဲ့​သော ဝိညာဉ်​အသီးများ​တွင် ပထမ​ဆုံး​မှာ ချစ်ခြင်း​မေတ္တာ​ဖြစ်​ကြောင်း သင်​သတိပြုမိ​ပေမည်။ ၎င်း​သည် သမ္မာကျမ်းစာ​တွင်​များစွာ​ဖော်ပြ​သော အရည်အသွေး​တစ်ခု​ဖြစ်သည်။ ယေရှု​က ဤသို့​ဆို​ခဲ့​သည်– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို​သိရ​ကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) မှန်ပါသည်၊ ယေဟောဝါသက်သေ​များသည် မစုံလင်​ကြ​ပါ။ ယေရှု၏​တမန်​တော်​များ​ကဲ့သို့​ပင် သူတို့​အကြား​တွင် သဘောထား​ကွဲလွဲ​မှုများ တစ်ခါတစ်ရံ​ရှိကြသည်။ သို့သော် သူတို့သည် တစ်ဦး​ကိုတစ်​ဦး​အမှန်ချစ်​ကြ​ပြီး ၎င်း​အရည်အသွေးကို​မွေးမြူ​ကြ​စဉ် ဝိညာဉ်​တော်​၏​ထောက်မမှု​ရဖို့ သူတို့​ဆုတောင်း​ကြသည်။

အကျိုးဆက်​အနေ​နှင့် သူတို့၏​ပေါင်းသင်းမှု​သည် ထူးခြား​၏။ သူတို့​စပ်ကြား​တွင် လူမျိုးစု​အစွဲ သို့​မဟုတ် ကွဲပြား​နေသည့်​မျိုးချစ်​စိတ်ဓာတ်​မရှိပါ။ အမှန်​မှာ၊ ၂၀ ရာစု​ကုန်ခါနီး​နှစ်များ​အတွင်း လူမျိုးစု​သန့်စင်ရေး အမျိုး​ဖြုတ်​သတ်ဖြတ်မှု​တို့ကို ကြုံတွေ့​ခဲ့​ကြ​ရသော သက်သေခံ​များစွာ​သည် မိမိတို့​အသက်ကို​စွန့်​သည့်​တိုင် တစ်ဦး​ကိုတစ်​ဦး​ကာကွယ်​ပေး​ခဲ့​ကြသည်။ သူတို့သည် “အသီးအသီး​ဘာသာ​စကား​ကို​ပြော​သော လူ​အမျိုးအနွယ်​ခပ်သိမ်း​တို့​အထဲ​မှ​ထွက်” လာ​ကြသော်လည်း ကိုယ်တိုင်​မခံစား​ရ​လျှင် နားမလည်​နိုင်သော စည်းလုံးမှု​ကို သူတို့​ခံစားရ​ကြသည်။—ဗျာဒိတ် ၇:၉

ဘုရားသခင့်​အလိုတော်​ဆောင်​သူတို့​အလယ်​ရှိ ပရဒိသု

ဝိညာဉ်​ရေး​ပရဒိသု​တွင် လောဘ​ကြီးခြင်း၊ အကျင့်​ယိုယွင်းခြင်း​နှင့် တစ်ကိုယ်ကောင်း​ဆန်​ခြင်း​တို့အတွက် နေရာ​မရှိပါ။ ခရစ်ယာန်​များသည် ဤသို့​မှာကြား​ခံရ​ကြသည်– “သင်တို့သည် လော [က] ပုံသဏ္ဌာန်​ကို​မ​ဆောင်​ကြ​နှင့်။ ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​နိုင်​မည်​အကြောင်း၊ စိတ်နှလုံး​ကို​အသစ်​ပြင်ဆင်​၍ ပုံသဏ္ဌာန်​ပြောင်းလဲခြင်း​သို့​ရောက်​ကြလော့။” (ရောမ ၁၂:၂) ကျွန်ုပ်​တို့သည် ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ အသက်ရှင်​ကြ​ပြီး အခြား​နည်းများဖြင့် ဘုရားသခင့်​အလိုတော်ကို​ဆောင်​ကြသောအခါ ဝိညာဉ်​ရေး​ပရဒိသု​ဖြစ်ပေါ်​လာ​စေရန် ဝိုင်းဝန်း​ကူညီ​ကြ​ပြီး မိမိ​ကိုယ်တိုင်​ကိုလည်း ပျော်ရွှင်မှု​ရရှိစေ​သည်။ ထိုသို့​အမှန်​ဖြစ်​ကြောင်း ကာ​လာ​တွေ့ရှိ​ခဲ့​သည်။ သူက​ဤသို့​ဆို​သည်– “ကိုယ့်​ခြေ​ပေါ်​ကိုယ်​ရပ်​လာနိုင်​အောင် အလုပ်​ကြိုးစား​ဖို့ အဖေက​ကျွန်မ​ကို​သွန်သင်​ခဲ့တယ်။ ကျွန်မ​ရဲ့​တက္ကသိုလ်​ပညာ​က လုံခြုံ​တယ်လို့ ကျွန်မ​ကို​ခံစား​စေ​ပေမဲ့လည်း ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ရဲ့ အသိပညာက​သာ​လျှင်​ပေး​နိုင်​တဲ့ မိသားစု​စည်းလုံးမှု​နဲ့ လုံခြုံမှု​တို့ကို ကျွန်မ​တမ်းတ​မိတယ်။”

ဝိညာဉ်​ရေး​ပရဒိသု​၌​မွေ့လျော်ခြင်း​က ဘဝ၏​ကာယရေး​ပြဿနာ​များ​ကို မဖယ်ရှား​ပေး​သည်​မှာ​မှန်ပါသည်။ ခရစ်ယာန်​များသည် ဖျားနာ​ဆဲ​ဖြစ်သည်။ သူတို့​နေထိုင်ကြ​သော​နိုင်ငံ​တွင် ပြည်တွင်း​ပဋိပက္ခ​ဖြစ်​နိုင်​သည်။ လူအများမှာ ဆင်းရဲ​နွမ်းပါး​လျက်​ရှိသည်။ သို့​တိုင် ဝိညာဉ်​ရေး​ပရဒိသု​၏ အရေးပါသော​အပိုင်းကဏ္ဍ​တစ်ခု​ဖြစ်သည့် ယေဟောဝါ​ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိ​ခြင်း​က ထောက်မ​ကူညီ​မှု​ရဖို့​အတွက် ကိုယ်တော့်​အား ကျွန်ုပ်​တို့​မျှော်ကိုး​နိုင်​စေ​သည်။ ‘ကျွန်ုပ်​တို့​ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား​၌​ချထား’ ရန်​ကိုယ်တော်​အမှန်ပင်​ခေါ်ဖိတ်​တော်​မူ​၏၊ အခက်ခဲဆုံး​အခြေအနေ​များ​တွင် အံ့ဖွယ်​နည်းဖြင့် ကိုယ်တော်​ထောက်မ​ပေး​ခဲ့​ကြောင်း သက်သေထူ​နိုင်​သူများစွာ​ရှိပါ​သည်။ (ဆာလံ ၅၅:၂၂; ၈၆:၁၆၊ ၁၇) ဘုရားသခင်​သည် “သေ​မင်း​၏​အရိပ်​လွှမ်းမိုး​သော​ချိုင့်” ၌​ပင် မိမိ​အား​ဝတ်ပြုသူ​တို့​နှင့်အတူ​ရှိ​ရန် ကတိပြု​တော်​မူ​သည်။ (ဆာလံ ၂၃:၄) ကျွန်ုပ်​တို့ကို​ထောက်မ​ဖို့ ဘုရားသခင်​အသင့်​ရှိကြောင်း ယုံကြည်​စိတ်ချ​ခြင်း​က ဝိညာဉ်​ရေး​ပရဒိသု​၏​သော့ချက်​တစ်ခု​ဖြစ်သည့် “အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း” ကျွန်ုပ်​တို့​တွင်​ဆက်​တည်ရှိ​ဖို့ အထောက်အကူ​ပြု​သည်။—ဖိလိပ္ပိ ၄:၇

ဝိညာဉ်​ရေး​ပရဒိသု​ကို အထောက်အကူ​ပြုခြင်း

ပန်းခြံ သို့​မဟုတ် ဥယျာဉ်​တစ်ခု​သို့​လည်ပတ်ခြင်း​ကို လူအများ​နှစ်သက်​ကြသည်။ ဥယျာဉ်​ထဲ​လမ်းလျှောက်​လို​ကြ​ခြင်း၊ သို့​မဟုတ် ခုံတန်း​ရှည်​ပေါ်​ထိုင်​ကာ ပတ်ဝန်းကျင်​ကို ရှုစားခြင်း​အရသာ​ကို​ခံစား​လို​ကြသည်။ အလားတူ​ပင် ယေဟောဝါသက်သေ​များနှင့် ပေါင်းသင်း​ခြင်း​ကို လူအများ​မွေ့လျော်​လို​ကြသည်။ ထိုသို့​သော​ပေါင်းသင်းမှု​သည် လန်းဆန်း၊ ငြိမ်သက်​၍ ပြန်လည်​အားပြည့်​စေ​ကြောင်း သူတို့​တွေ့ရှိ​ခဲ့​ကြသည်။ သို့သော် လှပသော​ဥယျာဉ်​တစ်ခု​သည် ပရဒိသု​အခြေအနေ​မျိုး​တွင် ဆက်​တည်ရှိ​နေဖို့​ရန် ပြုပြင်​ထိန်းသိမ်းမှု​လို​သည်။ အလားတူ ပရဒိသု​လုံးလုံး​မ​ဆန်​သည့် ဤ​လောကတွင် ဝိညာဉ်​ရေး​ပရဒိသု​ဆက်​တည်ရှိ​နေခြင်း​မှာ ယေဟောဝါသက်သေ​များ​က ပြုစု​ပျိုးထောင်​ပေး​၍ သူတို့၏​ကြိုးပမ်းမှု​များ​ကို ဘုရားသခင်​ကောင်းချီး​ပေး​သောကြောင့်​သာ​လျှင်​ဖြစ်၏။ သို့​ဖြစ်၍ ထို​ပရဒိသု​အတွက် အဓိပ္ပာယ်​ပြည့်ဝ​စွာ မည်သို့​ထောက်ကူ​နိုင်​မည်​နည်း။

ဦးဆုံး၊ ယေဟောဝါသက်သေ​များ​၏​အသင်းတော်​တစ်ခု​နှင့် အသင်​ပေါင်းသင်း​ကာ သူတို့နှင့်​သမ္မာကျမ်းစာ​လေ့လာ​ပြီး ဝိညာဉ်​ရေး​ပရဒိသု​၏​အခြေခံ​ဖြစ်သော သမ္မာကျမ်းစာ​အသိပညာကို ဆည်းပူး​ဖို့​လို​သည်။ ကာ​လာ​က “ဝိညာဉ်​အစာ​မရှိဘဲ ဝိညာဉ်​ရေး​ပရဒိသု​မရှိ​နိုင်” ဟု​ဖော်ပြ​ခဲ့​သည်။ ၎င်း​တွင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို မှန်မှန်​ဖတ်ရှု​ကာ ဖတ်ရှု​သည့်​အကြောင်းကို စဉ်းစား​ဆင်ခြင်ခြင်း​ပါဝင်​သည်။ ဆည်းပူး​စုဆောင်း​ခဲ့​သော​အသိပညာက သင့်ကို ယေဟောဝါ​ဘုရားသခင်​နှင့် ပို​၍​ရင်းနှီး​စေမည်​ဖြစ်​ပြီး ကိုယ်တော်​အား သင်​ချစ်​မြတ်နိုး​လာ​ပေ​လိမ့်​မည်။ ထို့​ပြင် ဆုတောင်းခြင်း​ဖြင့် ကိုယ်တော်​နှင့်​စကားပြော​ဆို​ရန်၊ ကိုယ်တော့်​အလိုတော်ကို​ဆောင်ရွက်​စဉ် သင့်ကို​ထောက်မ​ကူညီပေး​ရန်၊ ကိုယ်တော်​၏​လမ်းညွှန်မှု​နှင့် ဝိညာဉ်​တော်​အတွက် တောင်းလျှောက်​ရန် သင်​သိကျွမ်း​လာ​ပါ​လိမ့်​မည်။ ဆုတောင်းခြင်း​၌​စွဲမြဲ​ကြဖို့ ကျွန်ုပ်​တို့ကို ယေရှု​မိန့်မှာ​ခဲ့​သည်။ (လုကာ ၁၁:၉-၁၃) တမန်​တော်​ပေါလု​က “မခြားမလပ်​ဆုတောင်း . . . ကြလော့” ဟု​ဆို​ခဲ့​သည်။ (၁ သက်သာလောနိတ် ၅:၁၇) ဝိညာဉ်​ရေး​ပရဒိသု​၏ အရေးပါသော​အပိုင်းကဏ္ဍ​တစ်ခု​မှာ ကျွန်ုပ်​တို့အား ဘုရားသခင်​နားညောင်း​တော်​မူ​ကြောင်းကို ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် ကိုယ်တော့်​ထံ​ဆုတောင်း​လျက် စကားပြော​ဆို​ခွင့်​ရခြင်း​ဖြစ်သည်။

အချိန်ကုန်​လာ​သည်​နှင့်​အမျှ သင်​သိရှိလာရာ​များ​ကြောင့် သင့်​ဘဝ​သည် တိုးတက်​ကောင်းမွန်​လာပြီး နောက်ဆုံး​တွင် ၎င်းတို့ကို သူတစ်ပါး​အား သင်​ပြောပြ​လို​လာ​မည်။ ထို​အခါ ယေရှု၏​ဤ​မိန့်မှာချက်ကို သင်​နာခံ​နိုင်​ပါ​လိမ့်​မည်– “သူတစ်ပါး​တို့သည် သင်တို့၏​ကောင်းသော​အကျင့်ကို​မြင်​၍၊ ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘ​၏​ဂုဏ်တော်​ကို ချီးမွမ်း​စေခြင်း​ငှာ၊ သူတစ်ပါး​ရှေ့၌ သင်တို့၏​အလင်း​ကို လင်း​စေ​ကြလော့။” (မဿဲ ၅:၁၆) ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့အား သိကျွမ်းခြင်း​ပညာ​ကို သူတစ်ပါး​အား​ဝေမျှခြင်း​နှင့် လူသားတို့အား သူတို့​ပြ​ခဲ့​သော​ကြီးမား​သည့်​မေတ္တာကို ချီးမွမ်း​ခြင်း​တို့​က ပျော်ရွှင်မှု​များစွာ​ပေး​သည်။

မြေကြီး​တစ်ပြင်လုံး ညစ်ညမ်းမှု​ကင်း​ပြီး သစ္စာရှိ​လူသားတို့​အတွက် သင့်တော်​သည့်​စံရိပ်ငြိမ် ဥယျာဉ်​နှင့်​တူသော ပကတိ​ပရဒိသု​ဖြစ်လာ​မည့်​အချိန် ရောက်လာ​တော့​မည်။ ဤ “ခဲယဉ်း​သော​ကာလ” တွင် ဝိညာဉ်​ရေး​ပရဒိသု​တည်ရှိခြင်း​သည် ဘုရားသခင့်​တန်ခိုးတော်​၏ သာဓက​တစ်ရပ်​ဖြစ်​ပြီး အနာဂတ်​တွင် ကိုယ်တော်​ပြုလုပ်​စွမ်းဆောင်​မည့်​အရာ​၏​အရိပ်​ဖြစ်သည်။—၂ တိမောသေ ၃:၁

ယခု​ပင်​လျှင် ဝိညာဉ်​ရေး​ပရဒိသု​တွင် မွေ့လျော်​နေကြ​သူတို့သည် ဟေရှာယ ၄၉:၁၀ ပါ​ဤ​စကား​များ ဝိညာဉ်​ရေး​အရ​ပြည့်စုံခြင်း​ကို ကြုံတွေ့​နေရ​ကြသည်– “သူတို့သည် ရေ​စာ​ကို​မငတ်မမွတ်​ရ။ အပူ​ကိုလည်း မခံရ​ကြ။ နေရောင်​ခြည် မထိ​ရ။ အကြောင်း​မူ​ကား သူတို့ကို​သနားသော​သူသည် သူတို့ကို​ပို့ဆောင်​၍ စမ်းရေ​တွင်း​အနား​သို့ လမ်းပြ​လိမ့်​မည်။” ၎င်း​မှန်​ကြောင်းကို ဟို​စေး​သက်သေထူ​ပါ​လိမ့်​မည်။ သူသည် နာမည်ကြီး​ဂီတ​ပညာရှင်​တစ်ဦး​ဖြစ်လာ​ဖို့ စိတ်ကူးယဉ်​ခဲ့​သည်၊ သို့သော် ခရစ်ယာန်​အသင်းတော်​နှင့်အတူ ဘုရားသခင့်​အမှုတော်ထမ်း​ခြင်း​၌ ကျေနပ်မှု​ပို​၍​ရရှိခဲ့သည်။ သူက​ဤသို့​ဆို​သည်– “အခု အဓိပ္ပာယ်​ပြည့်ဝ​တဲ့​ဘဝကို ကျွန်တော်​မွေ့လျော်​နေတယ်။ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​ထဲမှာ လုံခြုံ​တယ်လို့​ခံစား​ရပြီး ယေဟောဝါ​ဟာ ကျွန်တော်​တို့​ယုံကြည်​အားထား​နိုင်​တဲ့ မေတ္တာရှင်​ခမည်းတော်​ဖြစ်တယ်​လို့ ကျွန်တော်​သိထားတယ်။” ဟို​စေး—နှင့် သူ​ကဲ့သို့​သော အခြားသူ​သန်းပေါင်း​များစွာ​တို့၏​ပျော်ရွှင်မှု​ကို—ဆာလံ ၆၄:၁၀ တွင်​ဤသို့​ကောင်းမွန်​စွာ​ဖော်ပြ​ထား​သည်– “ဖြောင့်မတ်​သော​သူသည် ထာဝရ​ဘုရား​၌​ဝမ်းမြောက်​၍ ခိုလှုံ​လိမ့်​မည်။” ဝိညာဉ်​ရေး​ပရဒိသု​၏ အလွန်​ကောင်း​သည့်​ဖော်ပြချက်​ပါ​တကား!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 တကယ့်​လူ​ပုဂ္ဂိုလ်​တို့ကို​ဖော်ပြ​ထား​သည်၊ သို့သော် အချို့​အမည်များ​ကို ပြောင်း​ထား​သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေး​ပရဒိသု​တွင် မွေ့လျော်​နေစဉ် ၎င်းကို​ဝိုင်းဝန်း​တိုးချဲ့​ပေး​ပါ​လေ!