မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် အမှန် ပျော်ရွှင်နိုင်သလော

သင် အမှန် ပျော်ရွှင်နိုင်သလော

သင် အမှန် ပျော်ရွှင်​နိုင်​သလော

ဂျော့ဂျ်​သည် လူတိုင်းကို​အပြုံး​ဖြင့်​နှုတ်ဆက်​တတ်​သည်။ သူ့​အတွက် ဘဝ​ဟူသည် ပျော်မွေ့​ဖွယ်​ရာ အဖိုးထိုက်​သော​ဆု​တစ်ခု​ဖြစ်၏။ သူ၏​ပျော်ရွှင်မှု​နှင့် အကောင်းမြင်​သဘောထား​တို့သည် သူ၏​မူပိုင်​အကျင့်​ဖြစ်​ခဲ့​သည်၊ အိုမင်း​ခြင်း​ဝေဒနာ​ကို သူ​စတင်​ခံစားရ​သည်​နှင့် ထိုသို့​ပို​၍​ပင်​ဖြစ်လာ​လေ​သည်။ သူ​သေဆုံး​သည့်​နေ့​အထိ ဂျော့ဂျ်​ကို ပျော်​တတ်​သူ​အဖြစ် လူသိ​များ​ခဲ့​သည်။ အသင်​သည် ဂျော့ဂျ်​ကဲ့သို့ ပျော်ရွှင်​တတ်​သလော။ နေ့သစ်​တစ်နေ့​စီ​ကို ပျော်မွေ့​ဖွယ်​ရာ​ဆု​တစ်ခု​အဖြစ် သင်​ရှုမြင်​သလော။ သို့​မဟုတ် နေ့သစ်​တစ်နေ့​စတင်ခြင်း​ကို သင်​စိတ်မဝင်စား၊ သို့​မဟုတ် စိုးရိမ်​ပူပန်​နေ​သလော။ တစ်စုံတစ်ရာ​က သင့်​အား ပျော်ရွှင်မှု​ကင်းမဲ့​နေ​စေ​သလော။

ပျော်ရွှင်မှု​ကို အတော်အသင့်​မြဲမြံ​သည့် ချမ်းမြေ့​သာယာသော​အခြေအနေ​တစ်ခု​အဖြစ် အဓိပ္ပာယ်​ဖွင့်​ထား​သည်။ ၎င်း​၏​ဝိ​သေ​သ​လက္ခဏာ​မှာ အားရ​ကျေနပ်ခြင်း​မှ အူလှိုက်သည်းလှိုက် ဝမ်းမြောက်​ဝမ်းသာ​ဖြစ်သည့်​အထိ စိတ်​လှုပ်ရှားခြင်း​နှင့် ထိုသို့​သော​အခြေအနေ ဆက်​ရှိနေ​စေဖို့​အတွက် ပင်ကို​ဆန္ဒရှိ​ခြင်း​တို့​ဖြစ်သည်။ ဤသို့​သော​ပျော်ရွှင်မှု​မျိုး အမှန်တကယ်​ရှိသလော။

ယနေ့ လူ့​အဖွဲ့အစည်း​က အတော်အတန်​ချမ်းသာ​မှ​သာ​လျှင် ပျော်ရွှင်​နိုင်​မည်​ဟူသော​အမြင်ကို လှုံ့ဆော်ပေး​သည်။ သန်းပေါင်း​များစွာသော​သူတို့သည် ချမ်းသာ​ကြွယ်ဝ​ဖို့ မနားတမ်း၊ အကြိတ်အနယ်​ဆက်​ကြိုးပမ်း​ကြသည်။ ထိုသို့​ပြု​ရာ​၌ လူများစွာ​သည် လူ​လူ​ချင်း​ပေါင်းသင်း​ဆက်ဆံ​ရေး​နှင့် ဘဝတွင်​အရေးပါသော အခြား​အရာများ​ကို စွန့်လွှတ်​ကြသည်။ သူတို့သည် ပုရွက်ဆိတ်​တောင်​ပို့​တစ်ခုပေါ်​ရှိ ပုရွက်ဆိတ်​များ​ကဲ့သို့ မနားတမ်း​ပြေးလွှား​လှုပ်ရှား​နေကြ​ပြီး ပြန်​လှန်​စဉ်းစား​ဆင်ခြင်​ဖို့​သော်လည်း​ကောင်း၊ အခြားသူ​တစ်ဦး​အတွက်​သော်လည်း​ကောင်း အချိန်​မရှိသလောက်​ပင်။ ထို့​ကြောင့် လော့​စ် အိန်ဂျလိစ် တိုင်းမ်​စ်​မှ ဤ​သတင်း​တစ်ပုဒ်​ကို သဘောပေါက်​နိုင်​ပါ​သည်– “စိတ်ကျ​ရောဂါ​ရှိသူတို့​၏​အရေအတွက်​မှာ တိုးများ​လာ​နေပြီး [စိတ်ဓာတ်ကျ​ခြင်း] ကို​စတင်​ခံစားရ​သည့်​အသက်အရွယ်​မှာ ပို​လျော့​လာ​သည်။ . . . ဆေးဝါး​ကုမ္ပဏီ​တွင် စိတ်ကြွဆေး​များသည် အရောင်း​ရ​ဆုံး​စာရင်း​၌​ရှိ၏။” သန်းပေါင်း​များစွာတို့သည် ဥပဒေ​အရ ပိတ်ပင်​ထားသော​ဆေး​များ​ကို​သုံးစွဲ​ကြသည်၊ သို့​မဟုတ် မိမိတို့၏​ပြဿနာ​များ​ကို အရက်​ဖြင့်​ဖြေဖျောက်​ဖို့​ကြိုးစား​ကြသည်။ အချို့​သူတို့သည် စိတ်ကျ​ဝေဒနာ​ခံစားရ​သောအခါ အလွန်အကျွံ​သုံးဖြုန်း​ကြသည်။ စစ်တမ်း​တစ်ခု​အရ “အမျိုးသမီးများ​သည် လက်လီ​စနစ်​ကုထုံး​၌ စိတ်​အ​ပါ​ဆုံး​သူများ​ဖြစ်​ကြောင်း ထင်ရှား​သည်။ စိတ်ဓာတ်ကျ​သောအခါ သူတို့သည် အမျိုးသားများ​ထက် သုံး​ဆ​ဈေးဝယ်​ထွက်​တတ်ကြ​သည်” ဟု​ဗြိတိသျှ​သတင်းစာ သည်​ဂါးဒီးယန်း က​ဆို​သည်။

သို့သော် စစ်မှန်သော​ပျော်ရွှင်မှု​ကို စ​တိုး​ဆိုင်​တစ်ဆိုင်၊ အရက်​တစ်​ပုလင်း၊ ဆေး​လုံး​တစ်လုံး၊ ဆေးထိုး​ပြွန်​တစ်ခု သို့​မဟုတ် ဘဏ်​စာရင်း​တစ်ခု​တို့​၌​ရှာ၍​မ​တွေ့​နိုင်​ပါ။ ပျော်ရွှင်မှု​ကို ရောင်းဝယ်​၍​မရ; အခမဲ့​သာ​ဖြစ်သည်။ ယင်း​သို့​သော​အဖိုးထိုက်သည့်​ဆု​ကို အဘယ်​နေရာ၌ ကျွန်ုပ်​တို့​ရှာတွေ့နိုင်​မည်​နည်း။ ယင်းကို နောက်​ဆောင်းပါး​၌​သုံးသပ်ပါ​မည်။