မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလင်းကိုရွေးချယ်သူတို့အတွက် ကယ်တင်ခြင်း

အလင်းကိုရွေးချယ်သူတို့အတွက် ကယ်တင်ခြင်း

အလင်း​ကို​ရွေးချယ်သူတို့​အတွက် ကယ်တင်ခြင်း

“ထာဝရ​ဘုရား​သည် ငါ​၏​အလင်း၊ ငါ​၏​ကယ်တင်ခြင်း​ဖြစ်​တော်​မူ​၏။ အဘယ်သူ​ကို ငါ​ကြောက်​ရ​အံ့​နည်း။”—ဆာလံ ၂၇:၁၊ သမ္မာ။

၁။ ယေဟောဝါ​သည် အသက်ပေး​သည့်​အဘယ်​ထောက်ပံ့မှု​များ​ကို ပြင်ဆင်​ပေး​တော်​မူ​သနည်း။

ယေဟောဝါ​သည် ကမ္ဘာ​ပေါ်​၌ သက်ရှိ​များ​ကို ဖြစ်ထွန်း​စေနိုင်​သော အလင်းရောင်​၏​ရင်းမြစ်​ဖြစ်​တော်​မူ​သည်။ (ကမ္ဘာဦး ၁:၂၊ ၁၄) ကိုယ်တော်​သည် စာတန်​လောက​၏ သေစေတတ်သော​မှောင်မိုက်​ကို ပပျောက်​စေသည့် ဝိညာဉ်​ရေးရာ​အလင်း​ကို ဖန်ဆင်း​တော်​မူ​သော​အရှင်လည်း​ဖြစ်​တော်​မူ​၏။ (ဟေရှာယ ၆၀:၂; ၂ ကောရိန္သု ၄:၆; ဧဖက် ၅:၈-၁၁; ၆:၁၂) အလင်း​ကို​ရွေးချယ်သူ​တို့သည် ဆာလံဆရာ​နှင့်အတူ ဤသို့​ဆိုနိုင်​ကြသည်– “ထာဝရ​ဘုရား​သည် ငါ​၏​အလင်း၊ ငါ​၏​ကယ်တင်ခြင်း​ဖြစ်​တော်​မူ​၏။ အဘယ်သူ​ကို ငါ​ကြောက်​ရ​အံ့​နည်း။” (ဆာလံ ၂၇:၁က) သို့သော် ယေရှု​အချိန်​က ဖြစ်ပျက်​ခဲ့​သကဲ့သို့ပင် မှောက်မိုက်​ကို​ရွေးချယ်သူ​တို့သည် မနှစ်မြို့ဖွယ်​တရား​စီရင်ချက်​ကို​သာ မျှော်လင့်​နိုင်​ကြသည်။—ယောဟန် ၁:၉-၁၁; ၃:၁၉-၂၁၊ ၃၆

၂။ ရှေး​အချိန်​က ယေဟောဝါ​၏​အလင်း​ကို ငြင်းပယ်​သူတို့နှင့် ကိုယ်တော်​၏​စကား​ကို​နားထောင်သူ​တို့​တွင် မည်သို့​ဖြစ်ပျက်​ခဲ့​သနည်း။

ဟေရှာယ​အချိန်​က ယေဟောဝါ​နှင့် ပဋိညာဉ်ဖွဲ့​ထားသော​လူမျိုး​မှ လူအများစု​သည် အလင်းတော်​ကို ငြင်းပယ်​ခဲ့​ကြ​၏။ ရလဒ်​အနေ​ဖြင့် လူမျိုးတစ်မျိုး​အဖြစ် မြောက်ပိုင်း​ဣသရေလ​နိုင်ငံ ဖျက်ဆီး​ခံရ​ခြင်း​ကို ဟေရှာယ​တွေ့မြင်​ခဲ့​သည်။ ထို့​ပြင် ဘီ.စီ.အီး. ၆၀၇ တွင် ယေရုရှလင်​မြို့​နှင့် ယင်း​၏​ဝတ်ပြုရာ​အိမ်တော် ဖျက်ဆီး​ခံ​ခဲ့​ရပြီး ယုဒပြည်​သူ​ပြည်သား​များ ပြည်နှင်ခံ​ခဲ့​ရသည်။ သို့သော် ယေဟောဝါ​၏​စကား​ကို နားထောင်သူ​တို့သည် ထို​အချိန်​က အယူဖောက်ပြန်သူ​တို့ကို တွန်းလှန်​နိုင်​ရန် ခွန်အား​ရရှိခဲ့​ကြသည်။ ဘီ.စီ.အီး. ၆၀၇ နှင့်​ပတ်သက်​၍ ယေဟောဝါ​က မိမိ​စကား​နားထောင်သူ​တို့သည် ကပ်ကျော်​မည်​ဟု ကတိပေး​ခဲ့​၏။ (ယေရမိ ၂၁:၈၊ ၉) ယနေ့ အလင်း​ကို​ချစ်​မြတ်နိုးကြသော ကျွန်ုပ်​တို့သည် ထို​အချိန်​က အဖြစ်အပျက်​မှ များစွာ​သင်ယူ​နိုင်​ကြသည်။—ဧဖက် ၅:၅

အလင်း​၌​ရှိသူတို့​၏​ပျော်ရွှင်မှု

၃။ ယနေ့ ကျွန်ုပ်​တို့သည် အဘယ်အရာကို​ယုံကြည်​စိတ်ချ​နိုင်​ကြ​သနည်း၊ အဘယ် “ဖြောင့်မတ်​သော​လူမျိုး” ကို ကျွန်ုပ်​တို့ ချစ်​မြတ်နိုးကြ​သနည်း၊ ထို “လူမျိုး” တွင် အဘယ် “ခိုင်ခံ့​သော​မြို့” ရှိ​သနည်း။

“ငါ​တို့​၌ ခိုင်ခံ့​သော​မြို့ရှိ​၏။ [ဘုရားသခင်​သည်] ကယ်တင်ခြင်း​ကျေးဇူး​ကို ပြအိုး၊ ရင်​တား​အရာ​၌ စီရင်​ခန့်​ထား​တော်​မူ​လိမ့်​မည်။ တံခါး​တို့ကို​ဖွင့်ကြ​လော့။ သစ္စာစောင့်​၍ ဖြောင့်မတ်​သော​လူမျိုး​ဝင်ပါ​စေ။” (ဟေရှာယ ၂၆:၁-၃) ၎င်း​သည် ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​သူတို့၏ အလွန်​ပျော်ရွှင်သော​စကား​များ​ဖြစ်သည်။ ဟေရှာယ​ခေတ်​က သစ္စာရှိ​ဂျူး​များသည် တစ်​ပြည်​တည်း​သားများ​၏ မှားယွင်း​သည့်​ဘုရား​များ​ကို​မဟုတ်ဘဲ လုံခြုံမှု​၏ တစ်ခု​တည်း​သော​စစ်မှန်​သည့်​ရင်းမြစ်​အဖြစ် ယေဟောဝါ​အား မျှော်ကိုး​ခဲ့​ကြသည်။ ယနေ့ အလားတူ​ယုံကြည်​စိတ်ချမှု​မျိုး ကျွန်ုပ်​တို့​တွင်​ရှိသည်။ ထို့​ပြင် ယေဟောဝါ​၏ “ဖြောင့်မတ်​သော​လူမျိုး” ဖြစ်သည့် “ဘုရားသခင်​၏​ဣသရေလ​အမျိုး” ကို​ကျွန်ုပ်​တို့​ချစ်​မြတ်နိုးကြ​သည်။ (ဂလာတိ ၆:၁၆; မဿဲ ၂၁:၄၃) ဤ​လူမျိုး၏​သစ္စာရှိ​မှု​ကြောင့် ယေဟောဝါ​သည်လည်း ချစ်တော်မူ​၏။ ကိုယ်တော်​၏​ကောင်းချီး​ကြောင့် ဘုရားသခင်​၏​ဣသရေလ​အမျိုး​၌ ၎င်းကို ထောက်မ​ကာကွယ်​ပေး​သော “ခိုင်ခံ့​သော​မြို့၊” မြို့​တစ်မြို့​နှင့်​တူသော​အဖွဲ့အစည်း​တစ်ခု​ရှိသည်။

၄။ အဘယ်​စိတ်​သဘောထားကို ကျွန်ုပ်​တို့​မွေးမြူ​သင့်​သနည်း။

“စိတ်နှလုံး​တည်ကြည်သော​သူသည် ကိုယ်တော် [ယေဟောဝါ] ၌​ခိုလှုံ​သောကြောင့် ငြိမ်သက်ခြင်း​သက်​သက်ရှိ​မည်​အကြောင်း [ယေဟောဝါ] စောင့်ရှောက်​တော်​မူ​လိမ့်​မည်” ဖြစ်​ကြောင်းကို ထို “မြို့” တွင်​ရှိသူတို့​သည် ကောင်းစွာ​သိရှိ​ကြ​၏။ ယေဟောဝါ​သည် ကိုယ်တော့်​အား ယုံကြည်​ကိုးစား​စိတ်​ရှိပြီး ကိုယ်တော်​၏​ဖြောင့်မတ်​သော​မူများ​ကို လိုက်လျှောက်​သူတို့အား ထောက်မ​တော်​မူ​သည်။ သို့ဖြင့် ယုဒပြည်​မှ သစ္စာရှိ​သူတို့သည် ဟေရှာယ​၏ ဤ​တိုက်တွန်းချက်​ကို ဂရုစိုက်​ခဲ့​ကြသည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ၌ အစဉ်အမြဲ​ခိုလှုံ​ကြလော့။ ထာဝရ​ဘုရား [“ဂျား​ယေဟောဝါ၊” က​ဘ] သည် နိစ္စ​ထာဝရ​ခိုလှုံရာ​ဖြစ်​တော်​မူ​၏။” (ဟေရှာယ ၂၆:၃၊ ၄; ဆာလံ ၉:၁၀; ၃၇:၃; သု. ၃:၅) ထို​စိတ်ထား​ရှိသူတို့​သည် “ဂျား​ယေဟောဝါ” အား​တစ်ပါး​တည်း​သော လုံခြုံ​စိတ်ချ​ရာ​ကျောက်​အဖြစ် မျှော်ကိုး​ကြသည်။ သူတို့သည် ကိုယ်တော်​နှင့် “ငြိမ်သက်ခြင်း” ကို​အမြဲ​ခံစား​ကြ​ရသည်။—ဖိလိပ္ပိ ၁:၂; ၄:၆၊ ၇

ဘုရားသခင့်​ရန်သူများ အရှက်ကွဲခြင်း

၅၊ ၆။ (က) ရှေး​ဗာဗုလုန်​သည် မည်သို့​အရှက်ခွဲ​ခံ​ခဲ့​ရသနည်း။ (ခ) “မဟာ​ဗာဗုလုန်” သည် အဘယ်​နည်းဖြင့်​အရှက်ခွဲ​ခံ​ခဲ့​ရသနည်း။

ယေဟောဝါ​ကို​ယုံကြည်​ကိုးစား​သူတို့သည် ကြီးစွာ​သော​ဆင်းရဲခြင်း ခံရ​လျှင်​ကော အသို့နည်း။ သူတို့ ကြောက်စရာ​မလို​ပေ။ ယေဟောဝါ​သည် ထိုသို့​သော​အရာများ​ကို ခေတ္တ​ခံစေ​သည်၊ သို့သော် နောက်ဆုံး​တွင် ကိုယ်တော်​သည် သက်သာမှု​ရရှိ​စေပြီး ဆင်းရဲခြင်း​ကို​ဖြစ်ပွား​စေ​သူတို့ကို ကိုယ်တော်​တရား​စီရင်​ပေမည်။ (၂ သက်သာလောနိတ် ၁:၄-၈; ၂ တိမောသေ ၁:၈-၁၀) “မြင့်မြတ်​သော​မြို့” တစ်မြို့​၏​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ။ ဟေရှာယ​က ဤသို့​ဆို​သည်– “[ယေဟောဝါ​သည်] မြင့်သော​အရပ်၌​နေသော​သူတို့ကို ရှုတ်ချ​တော်​မူ​၏။ မြင့်မြတ်​သော​မြို့ကို​ဖြို၍ မြေ​တိုင်အောင်​နှိမ့်ချလျက် မြေမှုန့်​ထဲမှာ​ထား​တော်​မူ​၏။ ကျော်နင်း​ခြင်း​ကို​ခံရ​လိမ့်​မည်။ ဆင်းရဲသော​သူနှင့် ငတ်မွတ်​သော​သူတို့သည် ကျော်နင်း​ကြလိမ့်မည်။” (ဟေရှာယ ၂၆:၅၊ ၆) ဤ​တွင်​ဖော်ပြ​ထား​သည့် မြင့်မြတ်​သော​မြို့​သည် ဗာဗုလုန်​မြို့​ဖြစ်​ပေမည်။ ထို​မြို့​သည် ဘုရားသခင့်​လူ​တို့ကို အမှန်ပင်​ဆင်းရဲ​စေ​ခဲ့​၏။ သို့သော် ဗာဗုလုန်​မြို့​သည် မည်သို့​ဖြစ်သွား​သနည်း။ ဘီ.စီ.အီး ၅၃၉ တွင် ထို​မြို့​သည် မေဒိ​နှင့်​ပေရသိ​တို့​လက်ထဲ ကျရှုံး​ခဲ့​သည်။ တကယ့်​သိက္ခာ​ကျဆင်း​မှု​ပါ​တကား!

ကျွန်ုပ်​တို့​အချိန်တွင် ဟေရှာယ​၏​ပရောဖက်ပြုချက်​စကား​များသည် ၁၉၁၉ ခုနှစ်​မှ​စ၍ “မဟာ​ဗာဗုလုန်” ၌​မည်သို့​ဖြစ်ပျက်​ခဲ့​သည်ကို ကောင်းစွာ​ဖော်ပြ​သည်။ ထို​မြင့်မြတ်​သော​မြို့​သည် ၎င်း​နှစ်​တွင် ယေဟောဝါ​၏​လူမျိုးတော်ကို ဝိညာဉ်​ရေး​သုံ့ပန်း​ဘဝ​မှ လွှတ်​ပေး​လိုက်ရ​သောအခါ အရှက်တကွဲ​ပြိုလဲ​သွားခဲ့သည်။ (ဗျာဒိတ် ၁၄:၈) နောက်ထပ်​ဖြစ်သော​အရာ​မှာ သာ၍​ပင် အရှက်ကွဲ​စ​ရာ​ဖြစ်​ခဲ့​သည်။ ထို​ခရစ်ယာန်​လူနည်းစု​လေး​သည် ယခင်​က သူတို့အား ဖမ်းဆီး​ချုပ်နှောင်​ခဲ့​သူတို့ကို ‘ခြေ​ဖြင့်​နင်း​ခဲ့’ ကြ​၏။ ၁၉၂၂ ခုနှစ်​တွင် သူတို့သည် ခရစ်ယာန်ဘောင်​၏​ဆုံးခန်း​ရောက်လာ​တော့​မည့်​အကြောင်းကို စတင်​ကြေညာ​ကြ​ရာ ဗျာဒိတ် ၈:၇-၁၂ တွင်​ပါ​သော ကောင်းကင်တမန်​လေးပါး​၏ တံပိုးမှုတ်​သည့်​သတင်း​များနှင့် ဗျာဒိတ် ၉:၁–၁၁:၁၅ တွင်​ကြိုဟော​ထားသော အမင်္ဂလာ [သတင်းဆိုး]သုံးခု​ကို လူထုရှေ့​ကြေညာ​ခဲ့​ကြသည်။

“ဖြောင့်မတ်​သော​သူသည် ဖြောင့်မတ်​သော​လမ်း၌​သွား​တတ်၏”

၇။ ယေဟောဝါ​၏​အလင်းတော်​သို့ လှည့်​ပြောင်း​လာ​ကြ​သူတို့သည် အဘယ်​လမ်းညွှန်မှုကို​ရရှိကြ​သနည်း၊ သူတို့သည် မည်​သူ့ကို​မျှော်လင့်​ကာ အဘယ်အရာကို မြတ်နိုးကြ​သနည်း။

ယေဟောဝါ​သည် မိမိ၏​အလင်းတော်​သို့ လှည့်​ပြောင်း​လာ​သူတို့ကို ကယ်တင်​တော်​မူ​ပြီး ဟေရှာယ ဆက်​ဖော်ပြ​သကဲ့သို့ သူတို့၏​လမ်းကို ညွှန်ကြား​သည်– “ဖြောင့်မတ်​သော​သူသည် ဖြောင့်မတ်​သော​လမ်း၌​သွား​တတ်၏။ အို​ဖြောင့်မတ်​တော်​မူ​သော​ဘုရား၊ ကိုယ်တော်​သည် ဖြောင့်မတ်​သော​သူ၏​လမ်းခရီး​ကို ပြင်ဆင်​တော်​မူ​၏။ အို​ထာဝရ​ဘုရား အကျွန်ုပ်​တို့သည် တရားတော်​လမ်း၌​သွား​လျက် ကိုယ်တော်​ကို​မျှော်လင့်​၍ ကိုယ်တော်​၏​အမည်၊ ဘွဲ့​နာမတော်​ကို စိတ်နှလုံး​၌ တ​သ​လျက်​ရှိပါ၏။” (ဟေရှာယ ၂၆:၇၊ ၈) ယေဟောဝါ​သည် ဖြောင့်မတ်​တော်​မူ​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏၊ ကိုယ်တော့်​အား ဝတ်ပြု​ကိုးကွယ်​သူတို့သည် ကိုယ်တော်​၏​ဖြောင့်မတ်​သော​စံနှုန်း​များ​ကို လိုက်လျှောက်​ကြ​ရမည်။ ထိုသို့​သူတို့​ပြု​ကြသောအခါ ယေဟောဝါ​သည် သူတို့ကို လမ်းညွှန်​ပေး​ပြီး သူတို့၏​လမ်းစဉ်​ကို ချောမွေ့​စေတော်မူ​၏။ ကိုယ်တော်​၏​လမ်းညွှန်မှုကို အလေးဂရုပြု​ခြင်း​အားဖြင့် ဤ​စိတ်​နှိမ့်ချ​သူတို့သည် ယေဟောဝါ​၌ မျှော်လင့်​လျက် ကိုယ်တော်​၏​နာမတော်—ကိုယ်တော်​၏ “ဘွဲ့​နာမ”—ကို စိတ်အား​ထက်သန်​စွာ​စွဲလမ်း​မြတ်နိုးကြ​ကြောင်း ဖော်ပြ​သည်။—ထွက်မြောက်ရာ ၃:၁၅

၈။ စံနမူနာ​ထား​လောက်​သော အဘယ်​သဘောထားကို ဟေရှာယ​တင်ပြ​ခဲ့​သနည်း။

ဟေရှာယ​သည် ယေဟောဝါ​၏​နာမတော်​ကို စွဲလမ်း​မြတ်နိုး​ခဲ့​သည်။ သူ၏ ဤ​နောက်ဆက်တွဲ​စကား​များ​က ထင်ရှားစေ​သည်– “ည​အခါ အကျွန်ုပ်သည် စိတ်နှလုံး​နှင့် ကိုယ်တော်​ကို​တောင့်တ​ပါ​၏။ နံနက်​အခါ အကျွန်ုပ်သည် အတွင်း​ဝိညာဉ်​အားဖြင့် ကိုယ်တော်​ကို​ရှာပါ​၏။ မြေပေါ်မှာ အမှုကို​စစ်ကြော​စီရင်တော်မူ​သောအခါ လောကီ​သားတို့​သည် တရားကို​သင်​ကြ​၏။” (ဟေရှာယ ၂၆:၉) ဟေရှာယ​သည် ‘သူ၏​စိုးလ်’—နှလုံး​အကြွင်းမဲ့—ဖြင့် ယေဟောဝါ​အား​တောင့်တ​ခဲ့​သည်။ ပရောဖက်​သည် ယေဟောဝါ​ထံ​ဆုတောင်း​ရန် တိတ်ဆိတ်သော​ည​အချိန်​များ​ကို​အသုံးပြုလျက် မိမိ​စိတ်ထဲ​ရှိရာ​များ​ကို ဖော်ပြ​ကာ ယေဟောဝါ​၏​လမ်းညွှန်မှုကို စိတ်​ထက်သန်​စွာ​တောင်းခံ​ခဲ့​ခြင်း​ကို မြင်ယောင်​ကြည့်​ပါ။ အလွန်​ကောင်းသော​ပုံသက်သေ​ပါ​တကား! ထို​မျှ​မ​က ဟေရှာယ​သည် ယေဟောဝါ​၏​တရား​စီရင်တော်မူချက်​များ​မှ ဖြောင့်မတ်ခြင်း​ကို သိရှိ​လာ​ခဲ့​သည်။ ဤသို့ဖြင့် သူက အမြဲတစေ​သတိ​ဝီရိယ​ရှိ​ခြင်း​နှင့် ယေဟောဝါ​၏​အလိုတော်ကို သိမြင်​လာရန် နိုးနိုးကြားကြား​ရှိနေ​ဖို့​လို​ကြောင်း ကျွန်ုပ်​တို့အား သတိပေး​ခဲ့​သည်။

အချို့​သူတို့သည် မှောင်မိုက်​ကို​ရွေးချယ်​ကြ

၉၊ ၁၀။ ယေဟောဝါ​သည် သစ္စာ​မရှိသော​လူမျိုး​အတွက် သနား​ကြင်နာ​သည့်​အဘယ်​လုပ်ရပ်များ​ကို ဆောင်ရွက်​တော်​မူ​ခဲ့​သနည်း၊ သို့သော် သူတို့ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

ယေဟောဝါ​သည် ယုဒပြည်​အပေါ် များပြား​လှ​သော​ချစ်ခင်​ကြင်နာ​မှု​ကို ပြသ​ခဲ့​သည်၊ သို့သော် ဝမ်းနည်းစရာမှာ အားလုံး​ထိုသို့​မတုံ့ပြန်​ခဲ့​ချေ။ မကြာခဏ​ပင် အများစု​သည် ယေဟောဝါ​၏​အမှန်တရား​အလင်းတော်​ကို ရွေးချယ်​ကြ​မည့်​အစား ပုန်ကန်မှု​နှင့် အယူ​ဖောက်ပြန်​မှု​ကို​ရွေးချယ်​ကြသည်။ ဟေရှာယ​က ဤသို့​ပြော​သည်– “မတရားသော​သူသည် ကျေးဇူး​ကို​ခံရ​သော်လည်း တရားကို​မသင်​တတ်​ပါ။ တရား​ကျင့်​ရာပြည်​၌​ပင် အဓမ္မ​ပြု​၍ ထာဝရ​ဘုရား​၏​ဘုန်းတော်​ကို ပမာဏ​မပြု​တတ်​ပါ။”—ဟေရှာယ ၂၆:၁၀

၁၀ ဟေရှာယ​အချိန်​က ယေဟောဝါ​၏​လက်တော်​သည် ယုဒပြည်​၏​ရန်သူများ​မှ သူ့ကို​ကာကွယ်​ခဲ့​သောအခါ အများစုက ယင်းကို အသိအမှတ်​မပြု​လို​ကြ​ပါ။ ကိုယ်တော်​၏​ငြိမ်သက်ခြင်း​ဖြင့် သူတို့ကို ကောင်းချီး​ပေး​သောအခါ ထို​လူမျိုး​သည် ကျေးဇူး​တင်​လေးမြတ်မှု​မတင်ပြ​ခဲ့​ကြ​ချေ။ သို့​ဖြစ်၍ ယေဟောဝါ​သည် သူတို့အား “အခြားသော​သခင်​တို့” အမှုဆောင်ရန် စွန့်ပယ်​လိုက်​သည်၊ နောက်ဆုံး ဘီ.စီ.အီး. ၆၀၇ တွင် ဂျူး​တို့ကို သုံ့ပန်း​အဖြစ် ဗာဗုလုန်​သို့​ခေါ်ဆောင်​သွားစေရန် ခွင့်ပြု​ခဲ့​လေ​သည်။ (ဟေရှာယ ၂၆:၁၁-၁၃) သို့​ဖြစ်စေ​ကာ​မူ နောက်ဆုံး​၌ ထို​လူမျိုး​မှ​ကျန်ကြွင်း​သူ​တစ်စု​သည် မိမိတို့၏​နေရင်းပြည်​သို့ မာန်​ကျ​ကာ ပြန်လာ​ခဲ့​ကြသည်။

၁၁၊ ၁၂။ (က) ယုဒ​ကို ဖမ်းဆီး​ချုပ်နှောင်​သူတို့၏ အနာဂတ်​ကား အဘယ်နည်း။ (ခ) ၁၉၁၉ တွင် ယေဟောဝါ​၏​ကောင်းကင်​အတန်းအစား​ကျေးကျွန်​များ​ကို ယခင်​က​ဖမ်းဆီး​ချုပ်နှောင်​ခဲ့​သူ၏ အနာဂတ်​ကား​အဘယ်နည်း။

၁၁ ယုဒ​ကို​ဖမ်းဆီး​သွား​သူတို့​ကော အသို့နည်း။ ဟေရှာယ​က ပရောဖက်ပြု​ကာ ဤသို့​ဖြေဆို​သည်– “ထို​သခင်​တို့သည် သေကြ​ပါ​ပြီ။ တစ်ဖန် အသက်မရှင်​ရ​ကြ​ပါ။ သင်္ချိုင်း​သား​ဖြစ်၍ ထမြောက်ခြင်း​မရှိ​ရ​ကြ​ပါ။ သူတို့ကို​ကြည့်ရှု​ဖျက်ဆီး​၍ သူတို့၏​အမှတ်​မျှ​မရှိစေ​ခြင်း​ငှာ ပယ်ရှင်း​တော်​မူ​ပြီ။” (ဟေရှာယ ၂၆:၁၄) မှန်ပါသည်၊ ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်​ကျဆုံးသွား​ပြီး​နောက် ယင်း​အတွက် အနာဂတ်​မရှိတော့​ချေ။ အချိန်တန်သော် အဆိုပါ​မြို့ ရှိတော့မည်​မဟုတ်။ ထို​မြို့​သည် “သင်္ချိုင်း​သား” ဖြစ်၍ ၎င်း​၏​ကြီးမား​လှ​သော​အင်ပါယာ​မှာ သမိုင်း​စာအုပ်​များ​တွင် ရောက်သွား​ပေမည်။ ဤ​လောက​၏​တန်ခိုး​အာဏာရှင်​တို့ကို မျှော်လင့်​သူတို့​အတွက် သတိပေး​ချက်​တစ်ရပ်​ပါ​တကား!

၁၂ ဘုရားသခင်​သည် မိမိ၏​ကောင်းကင်​အတန်းအစား​ကျေးကျွန်​များ​ကို ၁၉၁၈ တွင်​ဝိညာဉ်​ရေး​သုံ့ပန်း​အဖြစ်သို့ ရောက်​စေပြီး ၁၉၁၉ တွင် သူတို့ကို လွတ်မြောက်​လာ​စေ​ခဲ့​သောအခါ ဤ​ပရောဖက်ပြုချက်​၏​အပိုင်းကဏ္ဍ​အချို့ ပြည့်စုံ​ခဲ့​သည်။ ထို​အချိန်​မှ​စ၍ သူတို့ကို ယခင်​က​ဖမ်းဆီး​ချုပ်နှောင်​သူ၊ အဓိက​အားဖြင့် ခရစ်ယာန်ဘောင်​အတွက် မျှော်လင့်ချက်​ကင်းမဲ့​သွားခဲ့သည်။ သို့သော် ယေဟောဝါ​၏​လူများ​အတွက် ကောင်းချီး​များ​မှာ အမှန်တကယ်​ပင်​ကြွယ်ဝ​ခဲ့​သည်။

“အကျွန်ုပ်​တို့​အမျိုး​ကို တိုးပွား​စေတော်မူ​ပြီ”

၁၃၊ ၁၄။ ၁၉၁၉ ကတည်းက ယေဟောဝါ​၏​ကောင်းကင်​အတန်းအစား​ကျေးကျွန်​များသည် အဘယ်​ကြွယ်ဝသော​ကောင်းချီး​များ ခံစား​ခဲ့​ရပြီ​နည်း။

၁၃ ၁၉၁၉ တွင် ဘုရားသခင်​သည် မိမိ​ကောင်းကင်​အတန်းအစား​ကျေးကျွန်​၏ နောင်တ​ရသော​စိတ်​ကို ကောင်းချီး​ပေး​ခဲ့​ပြီး သူတို့ကို တိုးပွား​များပြား​စေတော်မူ​ခဲ့​သည်။ ဦးစွာ ဘုရားသခင့်​ဣသရေလ​လူမျိုး၏ နောက်ဆုံး​အဖွဲ့ဝင်​တို့ကို စုသိမ်း​ရန် အာရုံစိုက်ခဲ့​ပြီး​နောက် “အခြားသိုး” မှ “လူအုပ်ကြီး” ကို​စတင်​စုစည်း​ခဲ့​သည်။ (ဗျာဒိတ် ၇:၉; ယောဟန် ၁၀:၁၆) ဤ​ကောင်းချီး​များ​ကို ဟေရှာယ​ပရောဖက်ပြုချက်​တွင် ဤသို့​တင်ကူး​ဖော်ပြ​ထားခဲ့​သည်– “အို​ထာဝရ​ဘုရား၊ အကျွန်ုပ်​တို့​အမျိုး​ကို တိုးပွား​စေတော်မူ​ပြီ။ အကျွန်ုပ်​တို့​အမျိုး​ကို တိုးပွား​စေ​သဖြင့် ဘုန်းကြီး​တော်​မူ​၏။ ပြည်တော်​ကို ပတ်ဝန်းကျင်​၌ ကျယ်​စေတော်မူ​ပြီ။ အို​ထာဝရ​ဘုရား၊ သူတို့သည် ဆင်းရဲခံ​ရသောအခါ ကိုယ်တော်၌​ဆည်းကပ်​ကြ​ပါ​ပြီ။ ဆုံးမ​တော်​မူ​သောအခါ ဆုတောင်း​ပတ္ထနာ​စကား​ကို သွန်းလောင်း​ကြ​ပါ​ပြီ။”—ဟေရှာယ ၂၆:၁၅၊ ၁၆

၁၄ ယနေ့ ဘုရားသခင့်​ဣသရေလ​လူမျိုး၏​ပတ်ဝန်းကျင်​နယ်နိမိတ်​သည် ကမ္ဘာ​တစ်ဝန်း​ကျယ်ပြန့်​လျက်​နေပြီး ယခု​စုစည်း​ခံ​ခဲ့​ရသော လူအုပ်ကြီး​၏​အရေအတွက်​မှာ ခြောက်​သန်း​ခန့်​ရှိပြီ​ဖြစ်၍ သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​၌ သူတို့​ဇွဲရှိ​ရှိပါ​ဝင်​နေကြ​သည်။ (မဿဲ ၂၄:၁၄) ယေဟောဝါ​ထံ​တော်​မှ ကောင်းချီး​တစ်ရပ်​ပါ​တကား! ယင်းက ကိုယ်တော်​၏​နာမတော်​ကို ထင်ရှား​ကျော်ကြား​စေ​သည်​တကား! ထို​နာမတော်​ကို ယနေ့ နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် ကြားသိ​နေကြ​ရပြီ​ဖြစ်​ရာ ကိုယ်တော့်​ကတိတော်​၏ အံ့ဖွယ်ကောင်း​သော​ပြည့်စုံချက်​တစ်ရပ်​ပင်။

၁၅။ ၁၉၁၉ တွင် အဘယ်​ပုံဆောင်​ထမြောက်ခြင်း ဖြစ်ပျက်​ခဲ့​သနည်း။

၁၅ ယုဒ​သည် ဗာဗုလုန်​တွင် သုံ့ပန်း​ဘဝ​မှ​လွတ်မြောက်​လာရန် ယေဟောဝါ​၏​အကူအညီ​လိုအပ်​ခဲ့​သည်။ သူတို့​ဘာသာ​သူတို့ လွတ်မြောက်​နိုင်​မည်​မဟုတ်​ချေ။ (ဟေရှာယ ၂၆:၁၇၊ ၁၈) အလားတူ ၁၉၁၉ တွင် ဘုရားသခင့်​ဣသရေလ​လူမျိုး၏​လွတ်မြောက်မှု​သည် ယေဟောဝါ​၏​ထောက်ပံ့မှု​ကို​ရရှိ​ခြင်း​၏ သက်သေ​ဖြစ်​ခဲ့​သည်။ ကိုယ်တော်​မပါဘဲ ထို​အမှု​မဖြစ်​လာနိုင်​ခဲ့​ချေ။ သူတို့​အခြေအနေ​၏​ပြောင်းလဲမှု​မှာ အလွန်​ထူးခြားသော​ကြောင့် ဟေရှာယ​က ယင်းကို ရှင်ပြန်ထမြောက်ခြင်း​နှင့် ဤသို့​နှိုင်းယှဉ်ခဲ့​သည်– “ကိုယ်တော်​၏​လူသေ​တို့သည် အသက်ရှင်​ကြ​ပါ​လိမ့်​မည်။ ငါ​၏​အသေကောင်​တို့သည်​လည်း ထမြောက်​ကြ​ပါ​လိမ့်​မည်။ မြေမှုန့်​၌​နေသော​သူတို့ နိုး​၍ သီချင်းဆို​ကြလော့။ အကြောင်း​မူ​ကား ကိုယ်တော်​၏​နှင်း​သည် မြက်​ပင်​တို့ကို​ပေါက်​စေသော​နှင်း​ကဲ့သို့​ဖြစ်၍ မြေ​သည်လည်း မိမိ​သင်္ချိုင်း​သားတို့​ကို ထုတ်ဖော်​ရ​ပါ​လိမ့်​မည်။” (ဟေရှာယ ၂၆:၁၉; ဗျာဒိတ် ၁၁:၇-၁၁) မှန်ပါသည်၊ သေခြင်း​၌​အသက်မဲ့​နေသူတို့​သည် ပြန်လည်​လှုပ်ရှား​တက်ကြွ​လာ​ခြင်း​ငှာ အသစ်တစ်ဖန်​မွေးဖွား​ဘိ​သကဲ့သို့ ဖြစ်လာ​လိမ့်​မည်​တကား!

အန္တရာယ်​ကာလ​တွင် ကာကွယ်​မှု

၁၆၊ ၁၇။ (က) ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်​ကျရှုံး​ခြင်း​ကို ကပ်ကျော်​ရန် ဂျူး​တို့သည် အဘယ်အရာ​ပြုလုပ်​ကြ​ရန် လိုအပ်​ခဲ့​သနည်း။ (ခ) ယနေ့ “အတွင်းခန်း” များ​ကား အဘယ်အရာ​ဖြစ်ဖွယ်​ရှိ​သနည်း၊ ၎င်း​တို့​က ကျွန်ုပ်​တို့ကို မည်သို့​အကျိုးပြု​သနည်း။

၁၆ ယေဟောဝါ​၏​ကျေးကျွန်​များသည် ကိုယ်တော်​၏​ကာကွယ်စောင့်မ​မှု​ကို အမြဲ​ပင်​လိုအပ်​နေသည်။ သို့သော် များ​မကြာမီ ကိုယ်တော်​သည် စာတန့်​လောကကို နောက်ဆုံး​အကြိမ် ဖျက်ဆီး​ပစ်​တော်​မူ​မည်​ဖြစ်​ပြီး ကိုယ်တော်​အား ဝတ်ပြု​ကိုးကွယ်​သူတို့သည် တစ်ကြိမ်​တစ်ခါ​နှင့်​မျှ​မတူ ကိုယ်တော့်​အကူအညီကို လိုအပ်​ပေ​လိမ့်​မည်။ (၁ ယောဟန် ၅:၁၉) ထို​အန္တရာယ်​ကာလ​နှင့်​ပတ်သက်​၍ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဤသို့​သတိပေး​သည်– “ငါ​၏​လူ​တို့ လာ​ကြ။ အတွင်းခန်း​ထဲ​သို့​ဝင်၍ သင်တို့ကို​ကွယ်ကာ​သော​တံခါးများ​ကို ပိတ်​ထား​ကြ။ အမျက်​ကာလ​လွန်​သည်​တိုင်အောင် ခဏ​သာ​ပုန်းရှောင်​၍​နေကြ​လော့။ အကြောင်း​မူ​ကား ထာဝရ​ဘုရား​သည် မြေကြီးသား​တို့ကို သူတို့​ဒုစရိုက်​ကြောင့် အပြစ်ပေး​လို​သော​ငှာ မိမိ​အရပ်ဌာန​ထဲ​က​ထွက်​တော်​မူ​၏။ ထို​အခါ မြေကြီး​သည် မိမိ​၌​ရှိသော​အသွေးကို​ဖော်ပြ​ရ​လိမ့်​မည်။ မိမိ​၌​အသေခံ​ရသော​သူတို့ကို နောက်​တစ်ဖန် ဝှက်​၍​မထား​ရ။” (ဟေရှာယ ၂၆:၂၀၊ ၂၁; ဇေဖနိ ၁:၁၄) ဤ​သတိပေး​ချက်​က ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်​ကျရှုံး​သောအခါ မည်သို့​ကပ်ကျော်​နိုင်​ကြောင်း ဂျူး​တို့ကို ဖော်ပြ​ပေး​သည်။ ယင်းကို နာယူ​ခဲ့​ကြ​သူတို့သည် မိမိတို့၏​အိမ်များတွင် ရှိနေကြ​မည်​ဖြစ်​ပြီး လမ်းပေါ်တွင်​ရှိနေကြ​သည့် အနိုင်​ရ​စစ်သား​များ​၏​လက်ချက်​မှ လုံခြုံမှု​ရကြပေမည်။

၁၇ ယနေ့ ပရောဖက်ပြုချက်​၏ “အတွင်းခန်း” များ​မှာ ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါ​လူမျိုး၏ ထောင်နှင့်ချီ​သော​အသင်းတော်များ​ကို​ဆိုလို​နေ​ပုံ​ရှိသည်။ ထို​အသင်းတော်များ​သည် ယခု​ပင် ကာကွယ်​မှု​တစ်ရပ်​ဖြစ်​ပြီး ခရစ်ယာန်​များသည် အကြီးအကဲ​များ​၏ မေတ္တာပါ​ဂရုစိုက်​မှု​အောက်တွင် ညီအစ်ကို​များ​အလယ်​၌ လုံခြုံမှု​ရှာတွေ့​ကြ​ရသည်။ (ဟေရှာယ ၃၂:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းသည် အထူးသဖြင့်​မှန်ကန်​ပေ​သည်၊ အကြောင်း​မှာ ကပ်ကျော်​ရေး​သည် နာခံမှု​အပေါ်​မူတည်​မည့် အစီအစဉ်​စနစ်​၏​အဆုံး နီးကပ်​လာ​နေသော​ကြောင့်​ပင်။—ဇေဖနိ ၂:၃

၁၈။ ယေဟောဝါ​သည် “ပင်လယ်​၌​ရှိသော​နဂါး​ကို” မကြာမီ မည်သို့ “သတ်​တော်​မူ” လိမ့်​မည်​နည်း။

၁၈ ထို​အချိန်​နှင့်​ပတ်သက်​၍ ဟေရှာယ​က​ဤသို့​ပရောဖက်ပြု​ခဲ့​သည်– “ထို​ကာလ​၌ ထာဝရ​ဘုရား​သည် ပြေး​တတ်သော​မြွေ​လဝိသန်​ကိုလည်း​ကောင်း၊ လိမ်​သော​မြွေ​လဝိသန်​ကိုလည်း​ကောင်း ခိုင်ခံ့​ကြီးမားသော​ဓားတော်​နှင့်​ဒဏ်ပေး​၍ ပင်လယ်​၌​ရှိသော​နဂါး​ကိုလည်း သတ်​တော်​မူ​လိမ့်​မည်။” (ဟေရှာယ ၂၇:၁) ခေတ်​သစ် “မြွေ​လဝိသန်” ကား​အဘယ်နည်း။ ထင်ရှား​နေသည်​ကား ၎င်း​သည် “ရှေး​မြွေ​ဟောင်း” စာတန်​ကိုယ်တိုင်​နှင့်အတူ ဘုရားသခင့်​ဣသရေလ​လူမျိုး​ကို ဆန့်ကျင်​၍​စစ်​ဆင်နွှဲ​ရန် သူ​အသုံးပြု​သော သူ၏​ဆိုးညစ်သော​အစီအစဉ်​စနစ်​ဖြစ်သည်။ (ဗျာဒိတ် ၁၂:၉၊ ၁၀၊ ၁၇; ၁၃:၁၄၊ ၁၆၊ ၁၇) ၁၉၁၉ တွင် မြွေ​လဝိသန်​သည် ဘုရားသခင့်​လူမျိုး​ကို ချုပ်ကိုင်​မထား​နိုင်​တော့​ပေ။ အချိန်တန်သော် လုံးလုံး​ပျောက်ဆုံး​သွားပေ​လိမ့်​မည်။ (ဗျာဒိတ် ၁၉:၁၉-၂၁; ၂၀:၁-၃၊ ၁၀) သို့ဖြင့် ယေဟောဝါ​သည် “ပင်လယ်​၌​ရှိသော​နဂါး​ကိုလည်း သတ်​တော်​မူ” လိမ့်​မည်။ ဤ​အတောအတွင်း ယေဟောဝါ​၏​လူမျိုး​ကို မြွေ​လဝိသန်​သည် မည်သို့​ပင်​ဆန့်ကျင်​ဖို့​ကြိုးစား​ပါစေ အောင်မြင်​လိမ့်​မည်​မဟုတ်​ချေ။ (ဟေရှာယ ၅၄:၁၇) ယင်းသည် စိတ်သက်သာရာ​ရစေသော အာမခံချက်​ပါ​တကား!

‘အ​မြှုပ်​ထ​နေသော​စပျစ်​ရည်​ထွက်​သည့်​စပျစ်​ဥယျာဉ်’

၁၉။ ယနေ့ အကြွင်းအကျန်​၏​အခြေအနေ​ကား အဘယ်နည်း။

၁၉ ယေဟောဝါ​ထံ​တော်​မှ ဤ​အလင်းဖြာ​မှု​အားလုံး​ကြောင့် ကျွန်ုပ်​တို့သည် ပျော်ရွှင်စရာ​အကြောင်း​လုံးလုံး​ရှိသည်​မဟုတ်ပေ​လော။ အမှန်ပင်​ရှိသည်! ဟေရှာယ​က ဤသို့​ရေးသားသော​အခါ ယေဟောဝါ​လူမျိုး၏ ပျော်ရွှင်မှု​ကို​လှပ​တင့်တယ်​စွာ​ဖော်ပြ​လေ​သည်– “ထို​ကာလ​၌ စပျစ်​ဥယျာဉ်​ကို​အကြောင်းပြု၍ ဤသို့​သီချင်းဆို​ကြလော့။ ‘ငါ​ထာဝရ​ဘုရား​သည် ဥယျာဉ်စောင့်​ဖြစ်၏။ မခြားမလပ်​ရေလောင်းမည်။ အဘယ်သူမျှ​မ​ဖျက်​စေခြင်း​ငှာ နေ့​ည​မပြတ်​စောင့်ရှောက်​မည်။’” (ဟေရှာယ ၂၇:၂၊ ၃) ယေဟောဝါ​သည် မိမိ၏ “စပျစ်​ဥယျာဉ်၊” ဘုရားသခင့်​ဣသရေလ​လူမျိုး​မှ​အကြွင်းအကျန်​နှင့် သူတို့၏​ဝီရိယ​ရှိ​အပေါင်းပါများ​ကို ဂရုစိုက်​တော်​မူ​ခဲ့ပြီ။ (ယောဟန် ၁၅:၁-၈) အကျိုး​ရလဒ်​မှာ ကိုယ်တော်​၏​နာမတော် ထင်ရှား​ကျော်ကြား​လာ​ခဲ့​ပြီး ကမ္ဘာ​မြေကြီးပေါ်​ရှိ ကိုယ်တော့်​ကျေးကျွန်​များ​အတွက် ရွှင်လန်း​အားရ​ခြင်း​ဖြစ်သည်။

၂၀။ ယေဟောဝါ​သည် ခရစ်ယာန်​အသင်းတော်ကို မည်သို့​ကာကွယ်​ပေး​သနည်း။

၂၀ ယေဟောဝါ​သည် အစောပိုင်း​တွင် မိမိ၏​ကောင်းကင်​အတန်းအစား​ကျေးကျွန်​များ​ကို အမျက်ထွက်​ခဲ့​ရာ ၁၉၁၈ ၌ သူတို့အား ဝိညာဉ်​ရေး​သုံ့ပန်းများ​ဖြစ်ခွင့်​ပြု​ခဲ့​သော်လည်း ကိုယ်တော်​၏​အမျက်တော်​ရပ်တန့်​ခဲ့​ခြင်း​က ကျွန်ုပ်​တို့ကို စိတ်​ရွှင်လန်း​စေနိုင်​သည်။ ယေဟောဝါ​ကိုယ်တော်တိုင်​က ဤသို့​မိန့်တော်မူသည်– “ငါ့​အမျက်​ငြိမ်း​ပြီ။ ဆူးပင်​မျိုးကို​မူ​ကား စစ်ပွဲ​၌​ငါ​တွေ့​ပါစေ​သော။ ချက်ချင်း​တိုက်၍ တစ်ပြိုင်နက်​မီးရှို့​မည်။ သို့​မဟုတ် ငါ​၏​အစွမ်း​သတ္တိ​ကိုကိုး​စား၍ ငါ​နှင့် မိတ်သဟာယ​ဖွဲ့​ကြ​စေ။ ငါ​နှင့် မိတ်သဟာယ​ဖွဲ့​ကြ​စေသော။” (ဟေရှာယ ၂၇:၄၊ ၅) ယေဟောဝါ​၏​စပျစ်​နွယ်ပင်​များသည် ‘အ​မြှုပ်​ထ​သော​စပျစ်​ရည်’ များစွာ​ထွက်​နေ​စေရန် ၎င်းတို့ကို ပျက်စီး​စေ​မည့် ပေါင်းပင်​နှင့်​တူ​သည့်​အရာ​မှန်သမျှကို ကိုယ်တော်​ချေမှုန်း​ဖျက်ဆီး​ပစ်​၏။ သို့​ဖြစ်၍ ခရစ်ယာန်​အသင်းတော်​၏​အကျိုးကို မည်သူ​တစ်ဦး​တစ်ယောက်​က​မျှ အန္တရာယ်​မပြု​စေ​နှင့်! “ယေဟောဝါ​၏​အစွမ်း​သတ္တိ​ကိုကိုး​စား” ကာ ကိုယ်တော်​၏​မျက်နှာသာ​နှင့် ကာကွယ်​မှု​ကို အားလုံး​ရှာဖွေကြ​ပါ​စို့။ ဤသို့​ပြုခြင်း​ဖြင့် ဘုရားသခင်​နှင့် မိတ်သဟာယ​ဖွဲ့​ရာ​ကျ​သည်၊ ၎င်းမှာ အလွန်​အရေးကြီး​သဖြင့် ယင်းကို ဟေရှာယ​နှစ်ကြိမ်​နှစ်ခါ​ဖော်ပြ​ခဲ့​သည်။—ဆာလံ ၈၅:၁၊ ၂၊ ၈; ရောမ ၅:၁

၂၁။ ဖြစ်ထွန်း​သော​မြေ​သည် အဘယ်နည်း​အားဖြင့် “အသီး” နှင့်​ပြည့်​ခဲ့​သနည်း။

၂၁ ကောင်းချီး​များ​ဆက်ခံစား​ရသည်– “နောင်​ကာလ​၌ ယာကုပ်​သည် အမြစ်​ကျ​လိမ့်​မည်။ ဣသရေလ​သည် စိမ်းလန်း​၍ အ​ဖူး​အ​ငုံ​ထွက်​သဖြင့် လောက​နိုင်ငံ [“ဖြစ်ထွန်း​သော​မြေ၊” က​ဘ] ကို အသီး​နှင့်​ပြည့်စေ​လိမ့်​မည်။” (ဟေရှာယ ၂၇:၆) ထို​အခန်းငယ်​သည် ၁၉၁၉ ခုနှစ်​ကတည်းက ပြည့်စုံ​လျက်​ရှိပြီး ယေဟောဝါ​၏​တန်ခိုးတော်​ကို အံ့ဖွယ်​နည်းဖြင့်​သက်သေထူ​ခဲ့ပြီ။ ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များသည် ကမ္ဘာ​မြေကြီးကို ဝိညာဉ်​ရေး​အရ​အာဟာရ​ရှိ​အစားအစာ၊ “အသီး” ဖြင့်​ပြည့်စေ​ခဲ့ပြီ။ ယိုယွင်း​ပျက်စီး​နေသော ဤ​လောက​အလယ်တွင် ဘုရားသခင်​၏​မြင့်မားသော​စံနှုန်း​များ​ကို သူတို့​ပျော်ရွှင်စွာ​စောင့်ထိန်း​နေကြ​သည်။ ယင်းကြောင့် ယေဟောဝါ​သည် သူတို့ကို​တိုးပွား​စေခြင်း​ဖြင့် ဆက်၍​ကောင်းချီး​ပေး​တော်​မူ​သည်။ ရလဒ်​အနေ​နှင့် သန်းနှင့်ချီ​သော​သူတို့၏​အပေါင်းပါ၊ အခြားသိုး​သည် “ဘုရား [သခင်] ဝတ်​ကို နေ့​ည​မပြတ်​ပြု​ရ​ကြ​၏။” (ဗျာဒိတ် ၇:၁၅) ကျွန်ုပ်​တို့သည် “အသီး” စားသုံးခြင်း​နှင့် ယင်းကို အခြား​သူတို့အား​ဝေမျှခြင်း အခွင့်ထူး​ကို ဘယ်​သောအခါ​မျှ မျက်​ခြေမ​ပြတ်​ပါစေ​နှင့်!

၂၂။ အလင်း​ကို​လက်ခံသူ​တို့သည် အဘယ်​ကောင်းချီး​များ​ခံစားရ​သနည်း။

၂၂ မြေကြီးပေါ် အမှောင်​ဖုံးလွှမ်း​နေပြီး လူမျိုးစု​များ​အပေါ် ထူထပ်​သော​မှောင်မိုက်​ဖုံးလွှမ်း​နေသည့် ဤ​ခဲယဉ်း​သော​ကာလ​တွင် ယေဟောဝါ​သည် မိမိ၏​လူမျိုးအပေါ် ဝိညာဉ်​ရေးရာ​အလင်းဖြာ​ပေး​နေသည့်​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​မတင်​ကြ​ပေ​လော။ (ဟေရှာယ ၆၀:၂; ရောမ ၂:၁၉; ၁၃:၁၂) ယင်းကို လက်ခံသူ​အားလုံး​အတွက် ထို​အလင်း​သည် ယခု​အချိန်​အခါ​တွင် စိတ်​ငြိမ်သက်မှု​နှင့် ပျော်ရွှင်မှု​ရှိစေပြီး အနာဂတ်​တွင် ထာဝရ​အသက်ကို​ပင် ရရှိစေ​ပေမည်။ ထို​ကြောင့် အကြောင်းကောင်း​ဖြင့် အလင်း​ကို​ချစ်​မြတ်နိုးကြသော​ကျွန်ုပ်​တို့သည် ပျော်မြူး​လျက် ဆာလံဆရာ​နှင့်အတူ ယေဟောဝါ​အား ဤသို့​ချီးမွမ်း​ထောမနာပြု​ကြသည်– “ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] သည် ငါ​၏​အသက်​ခိုလှုံရာ​ဖြစ်​တော်​မူ​၏။ ငါသည် အဘယ်သူ​ကို​ကြောက်လန့်​ရ​အံ့​နည်း။ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို​မျှော်လင့်​လော့။ အားယူ၍​ရဲရင့်​သော​စိတ်နှလုံး​ရှိ​လော့။ ထာဝရ​ဘုရား [“ယေဟောဝါ၊” က​ဘ] ကို​မျှော်လင့်​လျက်​နေလော့။”—ဆာလံ ၂၇:၁ခ၊ ၁၄

သင်​မှတ်မိ​သလော

• ယေဟောဝါ​၏​လူမျိုး​ကို ဖိနှိပ်​ချုပ်ချယ်​သူတို့​အတွက် အဘယ်​အနာဂတ်​ရှိ​သနည်း။

• အဘယ်​တိုးတက်မှု​အကြောင်း ဟေရှာယ​၌ ပရောဖက်ပြု​ထား​သနည်း။

• အဘယ် “အတွင်းခန်း” များ​ထဲ​တွင် ကျွန်ုပ်​တို့ ရှိနေ​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

• ယေဟောဝါ​လူမျိုး၏​အခြေအနေ​က ကိုယ်တော်​အား အဘယ်ကြောင့်​ချီးမွမ်းစရာ​ဖြစ်စေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

စာအုပ်​အသစ်

ဤ​လေ့လာ​ရန်​ဆောင်းပါး​နှစ်ခု​တွင် ဆွေးနွေး​တင်ပြသော​အကြောင်းအရာ​အများစု​သည် ၂၀၀၀/၂၀၀၁ ခုနှစ် ခရိုင်​စည်းဝေးကြီး​တွင် ဟောပြောချက်​တစ်ခု​အဖြစ် တင်ဆက်​ခဲ့​သည်။ ဟောပြောချက်​၏​အဆုံး​တွင် စာအုပ်​အသစ်​တစ်အုပ်​ကို​ထုတ်ဝေ​ခဲ့​ပြီး ခေါင်းစဉ်​မှာ ဟေရှာယ​ပရောဖက်ပြုချက်—လူ​ခပ်သိမ်း​အတွက်​အလင်း အတွဲ ၁ ဖြစ်သည်။ စာမျက်နှာ ၄၁၆ မျက်နှာ​ရှိ ဤ​စာအုပ်​သည် ဟေရှာယကျမ်း​စောင်​၏ ပထမ​အခန်းကြီး ၄၀ ပါ အခန်းငယ်​တစ်ခု​ပြီး​တစ်ခု​ကို ဆွေးနွေး​ထားခြင်း​ဖြစ်၏။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ “ခိုင်ခံ့​သော​မြို့၊” ကိုယ်တော်​၏​အဖွဲ့အစည်း​တွင် ဖြောင့်မတ်​သော​သူ​သာ ဝင်ခွင့်​ရ

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဟေရှာယ​သည် ယေဟောဝါ​အား “ည​အခါ” ၌​ရှာဖွေခဲ့

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ယေဟောဝါ​သည် မိမိ၏ “စပျစ်​ဥယျာဉ်” ကို​ကာကွယ်​၍ အသီးသီး​စေ