မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အလင်းတွင် လျှောက်လှမ်းသူများအတွက် ပျော်ရွှင်ရာ

အလင်းတွင် လျှောက်လှမ်းသူများအတွက် ပျော်ရွှင်ရာ

အလင်းတွင် လျှောက်လှမ်း​သူများ​အတွက် ပျော်ရွှင်​ရာ

“ထာဝရ​ဘုရား​၏​အလင်းတော်​၌ ကျင်လည်​ကြ​ကုန်​အံ့။”—ဟေရှာယ ၂:၅

၁၊ ၂။ (က) အလင်း​သည် မည်မျှ​အရေးပါ​သနည်း။ (ခ) မှောင်မိုက်​သည် မြေကြီးကို​ဖုံးလွှမ်း​လိမ့်​မည်​ဟူသော​သတိပေး​ချက်​က အဘယ်ကြောင့် ဤမျှ​တိုင်​အရေးကြီး​သနည်း။

ယေဟောဝါ​သည် အလင်း​၏​ရင်းမြစ်​ဖြစ်​တော်​မူ​၏။ ကိုယ်တော်​အား “နေ့​အချိန်၌​လင်း​စ​ရာ​ဖို့ နေကို​ခန့်​ထား​၍ ည​အချိန်၌​လင်း​စ​ရာ​ဖို့ လ​နှင့်​ကြယ်​တို့ကို စီရင်တော်မူ​ထ​သော” အရှင်​ဟု သမ္မာကျမ်းစာ​က​ခေါ်ဆို​ထား​သည်။ (ယေရမိ ၃၁:၃၅; ဆာလံ ၈:၃) ကိုယ်တော်​သည် ကျွန်ုပ်​တို့၏​နေကို ဖန်ဆင်း​တော်​မူ​သော​အရှင်ဖြစ်​ကာ ယင်းသည် အာကာသ​အတွင်း​သို့ အလွန်​များပြား​သော​စွမ်းအင်​ပမာဏ​များ​ကို ထုတ်လွှတ်​လျက်​ရှိ ကြီးမား​လှ​သော​န​ယူ​က​လီး​ယား​ဓာတ်​ပေါင်းဖို​တစ်ခု​ဖြစ်​ပြီး အချို့​ကို အလင်း​နှင့်​အပူ​အသွင်​ဖြင့် ထုတ်လွှတ်​ပေး​နေသည်။ ဤ​ကမ္ဘာ​မြေပေါ်​သို့ နေရောင်​ခြည်​အဖြစ် ကျွန်ုပ်​တို့​ထံ​ရောက်လာ​သော ထို​စွမ်းအင်​ထဲ​မှ အလွန်​နည်းသော​ရာခိုင်နှုန်း​မျှ​သည် သက်ရှိ​များ​ကို​ဆက်​အသက်ရှင်နေ​စေ​၏။ နေရောင်​ခြည်​မရှိ​က ကျွန်ုပ်​တို့​တည်ရှိ​နိုင်​မည်​မဟုတ်​ချေ။ ကမ္ဘာ​မြေ​သည် သက်မဲ့​ဂြိုဟ်​တစ်ခု​ဖြစ်သွား​ပေမည်။

ယင်းကို​စိတ်ထဲ​ထား​၍ ပရောဖက်​ဟေရှာယ ဖော်ပြ​ခဲ့​သော​အခြေအနေ​၏​အရေးပါမှု​ကို ကျွန်ုပ်​တို့​နားလည်​နိုင်​ပါ​သည်။ သူက​ဤသို့​ဆို​ခဲ့​သည်– “ကြည့်ရှု​လော့။ မှောင်မိုက်​သည် မြေကြီးကို​ဖုံးလွှမ်း​လိမ့်​မည်။ ထူထပ်​သော​မှောင်မိုက်​သည် လူများ​ကို​ဖုံးလွှမ်း​လိမ့်​မည်။” (ဟေရှာယ ၆၀:၂) အမှန်​မှာ၊ ယင်းသည် ပကတိ​တွေ့ကြုံ​ရသော မှောင်မိုက်​ကို​ရည်ညွှန်း​နေခြင်း​မဟုတ်ပေ။ တစ်နေ့​နေ့တွင် နေ၊ လ​နှင့် ကြယ်​များသည် ထွန်းလင်းခြင်း​မှ​ရပ်တန့်​သွား​လိမ့်​မည်​ဟု ဟေရှာယ​ဆိုလို​ခဲ့​ခြင်း​မဟုတ်​ချေ။ (ဆာလံ ၈၉:၃၆၊ ၃၇; ၁၃၆:၇-၉) ယင်းအစား သူက ဝိညာဉ်​ရေးရာ​မှောင်မိုက်​အကြောင်း ပြောဆို​နေခဲ့​ခြင်း​ဖြစ်၏။ သို့​ဖြစ်စေ​ကာ​မူ ဝိညာဉ်​ရေးရာ​မှောင်မိုက်​က သေခြင်းကို​ဖြစ်စေ​သည်။ ရေရှည်​တွင် ကျွန်ုပ်​တို့သည် ပကတိ​အလင်း​မရှိဘဲ အသက်မရှင်​နိုင်​သကဲ့သို့ ဝိညာဉ်​ရေးရာ​အလင်း​မရှိဘဲ အသက်မရှင်​နိုင်​ချေ။—လုကာ ၁:၇၉

၃။ ဟေရှာယ​၏​စကား​များ​ကြောင့် ခရစ်ယာန်​များ အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

ယင်းကြောင့် ဟေရှာယ​၏​စကား​များသည် ရှေး​ယုဒ​အချိန်၌ ပြည့်စုံ​ခဲ့​ပြီး​ဖြစ်သော်လည်း ယနေ့ သာ၍​ကြီးမားသော​ပြည့်စုံချက်​ရှိနေ​ရာ ၎င်းကို​သတိပြု​ရန် အရေးကြီး​၏။ မှန်ပါသည်၊ ကျွန်ုပ်​တို့​အချိန်တွင် ကမ္ဘာ​သည် ဝိညာဉ်​ရေးရာ​မှောင်မိုက်​ဖြင့် ဖုံးလွှမ်း​နေသည်။ ထိုသို့​သော အန္တရာယ်​ရှိသည့်​အခြေအနေ​မျိုး​တွင် ဝိညာဉ်​ရေးရာ​အလင်း​သည် အရေးပါဆုံး​ဖြစ်၏။ ယင်းကြောင့် ခရစ်ယာန်​များသည် ယေရှု၏ ဤ​နှိုးဆော်ချက်​ကို သတိပြု​သင့်​သည်– “သူတစ်ပါး​ရှေ့ ၌ သင်တို့၏​အလင်း​ကို လင်း​စေ​ကြလော့။” (မဿဲ ၅:၁၆) သစ္စာရှိ​ခရစ်ယာန်​များသည် စိတ်​နှိမ့်ချ​သူတို့ကို​အလင်း​ပေး​နိုင်​ကြ​သဖြင့် သူတို့ကို အသက်​ရစေ​နိုင်​သည်။—ယောဟန် ၈:၁၂

ဣသရေလ​ခေတ်​၌ မှောင်မိုက်​ကာလ

၄။ ဟေရှာယ​၏​ပရောဖက်ပြုချက်​သည် ဦးဆုံး​အနေ​ဖြင့် မည်သည့်​အချိန်၌ ပြည့်စုံ​ခဲ့​သနည်း၊ သို့သော် သူ့​ခေတ်တွင် အဘယ်​အခြေအနေ ရှိ​ထား​နှင့်​ပြီး​ဖြစ်သနည်း။

မြေကြီးကို​အမှောင်​ဖုံး​ခြင်း​နှင့်​ပတ်သက်သော ဟေရှာယ​၏​စကား​များသည် ယုဒ​နိုင်ငံ​တွင် လူ​သူ​ကင်းမဲ့​၍ ထို​နိုင်ငံသား​များ ဗာဗုလုန်​၌​ပြည်နှင်ခံ​အဖြစ်​နေခဲ့ရ​စဉ် ဦးဆုံး​ပြည့်စုံ​ခဲ့​၏။ သို့သော် ထို​အချိန်​မတိုင်မီ​က​ပင် ဟေရှာယ​၏​ခေတ်တွင် နိုင်ငံသား​အများစုမှာ ဝိညာဉ်​ရေးရာ​မှောင်မိုက်​ဖြင့် ဖုံးလွှမ်း​ခံရ​နှင့်​ပြီး​သား​ဖြစ်​ကာ ယင်းကြောင့် သူက မိမိ၏​တစ်နိုင်ငံ​တည်း​သားများ​ကို ဤသို့​တိုက်တွန်း​ခဲ့​ရသည်– “အို​ယာကုပ်​အမျိုးသား​တို့ လာ​ကြလော့။ ထာဝရ​ဘုရား​၏​အလင်းတော်​၌ ကျင်လည်​ကြ​ကုန်​အံ့။”—ဟေရှာယ ၂:၅; ၅:၂၀

၅၊ ၆။ ဟေရှာယ​အချိန်တွင် အဘယ်​အကြောင်း​များ​ကြောင့် မှောင်မိုက်​ခဲ့​သနည်း။

ဟေရှာယ​သည် “ဩဇိ​မင်း၊ ယောသံ​မင်း၊ အာခတ်​မင်း၊ ဟေဇကိ​မင်းတို့​လက်ထက်​၌” ယုဒ​နိုင်ငံ​တွင်​ပရောဖက်ပြု​ခဲ့​သည်။ (ဟေရှာယ ၁:၁) ထို​အချိန်​သည် နိုင်ငံရေး​မငြိမ်သက်မှု၊ ဘာသာရေး​အရေခြုံမှု၊ တရားရေး​ဖောက်ပြန်မှု၊ ဆင်းရဲသား​များ​ကို ဖိနှိပ်မှု​ဖြင့် ရုန်းရင်းခတ်​နေသော​အချိန်​ဖြစ်သည်။ ယောသံ​ကဲ့သို့​သော သစ္စာရှိ​သည့်​ရှင်ဘုရင်များ အုပ်စိုး​စဉ်​အတွင်း​၌​ပင် မှောက်မှားသော​ဘုရား​များ​၏​ယဇ်​ပလ္လင်​များ​ကို တောင်ထိပ်​များ​ပေါ်​တွင် တွေ့မြင်​နိုင်​ခဲ့​သည်။ သစ္စာမဲ့သော​ရှင်ဘုရင်များ​လက်အောက်​တွင် အခြေအနေ သာ၍​ပင်​ဆိုးရွား​ခဲ့​သည်။ ဥပမာ၊ ဆိုးညစ်သော​ရှင်ဘုရင်​အာခတ်​သည် မောလုတ်​ဘုရား​အတွက် မိမိ၏​ကလေး​ကို​ပင် ယဇ်​ပူဇော်​သည့်​အထိ ပြုလုပ်​ခဲ့​၏။ အမှန်ပင် မှောင်မိုက်​အတိ​ပါ​တကား!—၄ ဓမ္မ​ရာဇဝင် ၁၅:၃၂-၃၄; ၁၆:၂-၄

နိုင်ငံတကာ​၏​အခြေအနေ​မှာလည်း အမှောင်​ကျနေ​သည်။ မောဘ၊ ဧဒုံ​နှင့် ဖိလိတ္တိ​တို့သည် ယုဒ​နိုင်ငံ​နယ်နိမိတ်​ကို ရန်မူ​ခြိမ်းခြောက်​လျက်​ရှိ၏။ မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​သည် သွေးသား​တော်စပ်​သော်လည်း ရန်သူ​နိုင်ငံ​ဖြစ်​ခဲ့​သည်။ မြောက်ဘက်​ပိုင်း​ပို​ကျ​သော ရှုရိ​ပြည်​သည် ယုဒ​နိုင်ငံ​၏​ငြိမ်သက်မှု​ကို ခြိမ်းခြောက်​ခဲ့​၏။ တစ်ချိန်​လုံး​ပင် မိမိ၏​တန်ခိုး​အာဏာကို​တိုးချဲ့​ရန် အခွင့်အရေးရှာ​နေသော ရက်စက်​ကြမ်းကြုတ်​သည့်​အာရှုရိ​နိုင်ငံ​မှာ သာ၍​ပင်​ကြောက်စရာ​ကောင်း​၏။ ဟေရှာယ​ပရောဖက်ပြု​နေချိန်​အတွင်း​၌​ပင် အာရှုရိ​သည် ဣသရေလ​နိုင်ငံ​ကို လုံးလုံး​သိမ်းပိုက်​ခဲ့​ပြီး ယုဒ​နိုင်ငံ​ကို ဖျက်ဆီး​လု​နီးပါး​ဖြစ်​ခဲ့​သည်။ တစ်ချိန်က ယေရုရှလင်​မြို့မှ​လွဲ​၍ ယုဒ​နိုင်ငံ​၏​မြို့​အားလုံး​ကို အာရှုရိကတိုက်ခိုက်သိမ်းယူ​ထား​သည်။—ဟေရှာယ ၁:၇၊ ၈; ၃၆:၁

၇။ ဣသရေလ​နိုင်ငံ​နှင့် ယုဒ​နိုင်ငံ​သည် အဘယ်​လမ်းကို​ရွေးချယ်​ခဲ့​ကြ​သနည်း၊ ယေဟောဝါ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ဣသရေလ​နိုင်ငံ​နှင့် ယုဒ​နိုင်ငံ​သည် ဘုရားသခင်​ကို​သစ္စာမဲ့​ခဲ့​သောကြောင့် ကိုယ်တော်​နှင့်​ပဋိညာဉ်ဖွဲ့​ထားသော​လူမျိုး​သည် ယင်း​သို့​သော​ကပ်ဘေး​များ​ကို ခံ​ခဲ့​ကြ​ရသည်။ နယပုံပြင်​ကျမ်း​တွင် ဖော်ပြ​ထား​သည့်​အတိုင်း သူတို့သည် “ဖြောင့်မတ်​သော​လမ်းကို​စွန့်​၍ မိုက်မဲ​သော​လမ်း​သို့​လိုက်” ခဲ့​ကြပြီ။ (သု. ၂:၁၃) သို့​တိုင် ယေဟောဝါ​သည် မိမိ၏​လူမျိုး​ကို အမျက်​ဒေါသ​ထွက်​ခဲ့​သော်လည်း သူတို့ကို ကိုယ်တော်​အပြီး​မစွန့်ပယ်​ခဲ့​ချေ။ ယင်းအစား ထို​နိုင်ငံ​ထဲ​မှ ယေဟောဝါ​အား သစ္စာရှိ​ရှိ​ဝတ်ပြု​ကိုးကွယ်​ရန် ရှာဖွေ​လျက်​ရှိကြ​သော မည်သူ​မဆို​အတွက် ဝိညာဉ်​ရေး​အလင်း​ပေးဖို့ ဟေရှာယ​နှင့် အခြား​ပရောဖက်​များ​ကို ကိုယ်တော်​ပေါ်ထွန်း​စေ​ခဲ့​သည်။ ဤ​ပရောဖက်​များ​အားဖြင့် ပေး​သော​အလင်း​သည် အမှန်ပင်​တန်ဖိုး​ရှိခဲ့​သည်။ ယင်းသည် အသက်ပေး​အလင်း​ပေ​တည်း။

ယခု​ခေတ် မှောင်မိုက်​ကာလ​များ

၈၊ ၉။ ယနေ့ အဘယ်​အခြေခံ​အကြောင်း​များ​က ဤ​ကမ္ဘာ​ကို​မှောင်မိုက်​စေ​သနည်း။

ဟေရှာယ​ခေတ်​က အခြေအနေ​သည် ယခု​ခေတ်​နှင့် အလွန်​ဆင်တူ​ပါ​သည်။ ယနေ့ လူ့​ခေါင်းဆောင်​များသည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​နန်းထိုင်​ဘုရင်၊ ယေရှု​ခရစ်​အား ငြင်းပယ်​ခဲ့​ကြသည်။ (ဆာလံ ၂:၂၊ ၃) ခရစ်ယာန်ဘောင်​၏ ဘာသာရေး​ခေါင်းဆောင်​များသည် မိမိတို့၏​သိုးများ​ကို လိမ်လည်​လှည့်ဖြား​နေကြ​သည်။ ထိုသို့​သော​ခေါင်းဆောင်​များသည် ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​သည်​ဟု​ဆို​ကြသော်လည်း အမှန်​မှာ အများစု​သည် ဤ​လောက​၏​ကိုးကွယ်​ရာ​များ—လူမျိုး​ကြီး​ဝါဒ၊ တိုက်ခိုက်​ခြင်း၊ ချမ်းသာ​ကြွယ်ဝမှု​နှင့် ပေါ်လွင်သူ​များ—ကို မြှင့်တင်​ပေး​နေသည့်​အပြင် အယူမှား​များ​ကို သွန်သင်ပေး​လျက်​ရှိသည်။

နေရာတကာ​၌ လူမျိုးစု​သန့်စင်ရေး​နှင့် အခြား​ကြောက်ရွံ့​ထိတ်လန့်ဖွယ်​ရာ​များ ဖြစ်ပွား​စေသည့် စစ်ပွဲ​များနှင့် ပြည်တွင်း​တိုက်ခိုက်မှု​များ​တွင် ခရစ်ယာန်ဘောင်​ဘာသာ​ဂိုဏ်းဂဏ​များ ပါဝင်​ပတ်သက်​ခဲ့ပြီ။ ထို့​ပြင် သမ္မာကျမ်းစာ​ပေါ်​အခြေခံ​သည့် ကိုယ်ကျင့်တရား​ဘက် ရပ်တည်​မည့်​အစား ချာ့ခ်ျ​များစွာ​သည် မတရားမေထုန်​နှင့် လိင်​တူ​မေထုန်ပြု​ခြင်း​တို့​ကဲ့သို့​သော အကျင့်​ယိုယွင်းမှု​များ​ကို လျစ်လျူရှု​နေကြ၏၊ သို့​မဟုတ် တက်တက်ကြွကြွ​ထောက်ခံ​နေကြ​သည်။ သမ္မာကျမ်းစာ​စံနှုန်း​များ​ကို ဤသို့​ငြင်းပယ်​ကြ​ခြင်း​၏​ရလဒ်​အနေ​ဖြင့် ခရစ်ယာန်ဘောင်​ရှိ​လူစုလူဝေး​များသည် ရှေးခေတ်​မှ ဆာလံဆရာ ဖော်ပြ​သော​ဤ​သူများ​နှင့် တူညီ​နေ​ပေ​ပြီ– “သူတို့သည်​မသိ၊ နားမလည်​ကြ။ မှောင်မိုက်​၌​ကျင်လည်​ကြ​၏။” (ဆာလံ ၈၂:၅) မှန်​ပါ​၏၊ ခရစ်ယာန်ဘောင်​သည် ရှေး​ယုဒ​နိုင်ငံ​ကဲ့သို့​ပင် အမှောင်ထု​ထဲ​တွင်​ရှိသည်။—ဗျာဒိတ် ၈:၁၂

၁၀။ ယနေ့ မှောင်မိုက်​ထဲ​တွင် အလင်း​မည်သို့​ထွန်းလင်း​သနည်း၊ စိတ်​နှိမ့်ချ​သူတို့သည် မည်သို့​အကျိုး​ရရှိ​နေသနည်း။

၁၀ ယေဟောဝါ​သည် ဤ​အမှောင်ထု​ထဲ​တွင် စိတ်​နှိမ့်ချ​သူများ​အကျိုး​အ​လို့​ငှာ အလင်းထွန်းလင်း​စေ​၏။ ထိုသို့​ဖြစ်စေ​ရန် ကိုယ်တော်​သည် ကမ္ဘာ​ပေါ်​ရှိ မိမိ၏​ကောင်းကင်​အတန်းအစား​မှ​ကျေးကျွန်​များ​ဖြစ်သူ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျွန်’ ကို ဤ​လောကတွင် ‘အလင်းဆောင်သူ​များ​အနေ​ဖြင့် ထွန်းလင်း’ ရန်​အသုံးပြုလျက်​ရှိသည်။ (မဿဲ ၂၄:၄၅; ဖိလိပ္ပိ ၂:၁၆) “အခြားသိုး” မှ​သန်းနှင့်ချီ​သော​အပေါင်းပါ​တို့၏ ထောက်ပံ့​ကူညီ​မှု​အားဖြင့် အဆိုပါ​ကျေးကျွန်​အတန်းအစား​သည် ဘုရားသခင့်​စကားတော်၊ သမ္မာကျမ်းစာ​ပေါ်​အခြေပြု​သော ဝိညာဉ်​ရေးရာ​အလင်း​ကို ထွန်းလင်းပေး​နေသည်။ (ယောဟန် ၁၀:၁၆) မှောင်​အတိ​ကျနေ​သော ဤ​လောက​ထဲ​တွင် ထိုသို့​သော​အလင်း​သည် စိတ်​နှိမ့်ချ​သူတို့အား မျှော်လင့်ချက်​ပေး​ပြီး ဘုရားသခင်​နှင့် သူတို့​ဆက်ဆံ​ရေး​ကောင်း​ရှိလာ​စေရန် အကူအညီ​ပေး​သည့်​အပြင် ဝိညာဉ်​ရေးရာ​အန္တရာယ်များ​ကို​ရှောင်ရှား​နိုင်​ဖို့ ထောက်ကူ​ပေး​သည်။ ယင်းသည် အသက်ပေး​၍ အဖိုးထိုက်​လှ​ပေ​သည်။

“နာမတော်​ကို ချီးမွမ်း​ပါ​မည်”

၁၁။ ယေဟောဝါ​သည် ဟေရှာယ​အချိန်တွင် မည်သည့်​သတင်း​အချက်အလက်​များ​ကို ပေး​ခဲ့​သနည်း။

၁၁ ဟေရှာယ​အသက်ရှင်ခဲ့​ချိန် မှောင်မိုက်​ကာလ​အတောအတွင်း​နှင့် ယေဟောဝါ​၏​လူမျိုး​ကို​ချုပ်နှောင်​ရန် ဗာဗုလုန်​တို့​ဖမ်းဆီး​ခေါ်ဆောင်​သွား​သည့် ထို​ထက်​သာ၍​မှောင်မိုက်​သော နောက်ပိုင်း​ကာလ​အတွင်း​တွင် ယေဟောဝါ​သည် မည်သို့​ညွှန်ကြား​တော်​မူ​ခဲ့​သနည်း။ ကိုယ်ကျင့်တရား​ဆိုင်ရာ ညွှန်ကြားမှု​ပေး​သည့်​အပြင် မိမိလူ​တို့​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​ရည်ရွယ်တော်မူချက်​များ​ကို မည်သို့​ပြည့်စုံ​စေ​မည့်​အကြောင်း ရှင်းလင်းစွာ ကြိုတင်​ဖော်ပြ​ပေး​တော်​မူ​ခဲ့​၏။ ဥပမာ၊ ဟေရှာယ အခန်းကြီး ၂၅ မှ ၂၇ တွင်​ပါ​သော အံ့ဖွယ်ကောင်း​သည့်​ပရောဖက်ပြုချက်​များ​ကို သုံးသပ်ကြည့်​ပါ။ ဤ​အခန်းကြီး​များ​ရှိ စကား​များသည် ထို​အချိန်​က အရေးကိစ္စ​များ​ကို ယေဟောဝါ​မည်သို့​ကိုင်တွယ်​ခဲ့​ကြောင်း​နှင့် ယနေ့လည်း ကိုယ်တော်​မည်သို့​ကိုင်တွယ်​မည်​ကို ဖော်ပြ​ပေး​သည်။

၁၂။ ဟေရှာယ​သည် အဘယ်​လှိုက်လှဲသော​စကား​ကို ပြောဆို​ခဲ့​သနည်း။

၁၂ ဦးစွာ ဟေရှာယ​က ဤသို့​ကြွေးကြော်​သည်– “အို​ထာဝရ​ဘုရား ကိုယ်တော်​သည် အကျွန်ုပ်၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏။ ကိုယ်တော်​ကို​မြှောက်​စား​ပါ​မည်။ နာမတော်​ကို​ချီးမွမ်း​ပါ​မည်။” အမှန်တကယ်​လှိုက်လှဲသော​ချီးမွမ်း​ချက်​ပါ​တကား! သို့သော် ယင်း​ဆုတောင်းချက်​ကို​နှုတ်မြွက်​ရန် ထို​ပရောဖက်​ကို အဘယ်အရာက​လှုံ့ဆော်ပေး​ခဲ့​သနည်း။ အကြောင်းရင်း​တစ်ခု​ကို ထို​အခန်းငယ်​၏​ဒုတိယ​အပိုင်း​တွင် ဖော်ပြ​ထား​ရာ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “အံ့ဖွယ်သော​အမှုတို့​ကို [ယေဟောဝါ] ပြု​တော်​မူ​ပြီ။ ရှေး​အကြံတော်​တို့သည်​မ​ရွေ့၊ သစ္စာ​နှင့်​မြဲမြံ​ကြ​ပါ​၏။”—ဟေရှာယ ၂၅:၁

၁၃။ (က) အဘယ်​အသိပညာက ယေဟောဝါ​အပေါ် ဟေရှာယ​၏​ကျေးဇူး​တင်​လေးမြတ်မှု​ကို သန်စွမ်း​စေ​ခဲ့​သနည်း။ (ခ) ဟေရှာယ​၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့ မည်သို့​သင်ယူ​နိုင်​သနည်း။

၁၃ ဟေရှာယ​ခေတ်​တိုင်​လေ​သော် ဣသရေလ​တို့အတွက် အံ့ဖွယ်ရာများ​စွာ​ကို ယေဟောဝါ​ပြုလုပ်​ပေး​ခဲ့​ပြီး​ဖြစ်၍ ယင်း​တို့ကို ကျမ်းစာ​၌​မှတ်တမ်းတင်​ထားခဲ့​၏။ ဟေရှာယ​သည် ဤ​ကျမ်းစောင်​များနှင့် အကျွမ်းတဝင်​ရှိခဲ့​သည်​မှာ ထင်ရှား​ပါ​သည်။ ဥပမာ၊ ယေဟောဝါ​သည် မိမိ၏​လူ​တို့ကို အီဂျစ်​ပြည်​ရှိ​ကျွန်​ဘဝ​မှ​ခေါ်ထုတ်​လာ​ခဲ့​ပြီး ပင်လယ်နီ​၌ ဖာရော​စစ်တပ်​၏​အမျက်​ဒေါသ​မှ သူတို့ကို ကယ်လွှတ်​ပေး​ခဲ့​ကြောင်း သူသိ​ထား​သည်။ တောကန္တာရ​တစ်လျှောက်​တွင် ယေဟောဝါ​သည် မိမိ၏​လူ​တို့ကို​ဦးဆောင်​ခဲ့​ပြီး ကတိထားရာပြည်​ထဲ​သို့ သူတို့ကို ပို့ဆောင်​ပေး​ခဲ့​ကြောင်း သူသိ​ရှိ​ထား​၏။ (ဆာလံ ၁၃၆:၁၊ ၁၀-၂၆) ထိုသို့​သော သမိုင်းဝင်​မှတ်တမ်းများ​က ယေဟောဝါ​ဘုရားသခင်​သည် သစ္စာ​ရှိပြီး ယုံကြည်​ကိုးစား​ထိုက်​ကြောင်း​ဖော်ပြ​သည်။ ကိုယ်တော်​၏ “အကြံတော်”—ကိုယ်တော်​ရည်ရွယ်​ထား​လေ​သမျှ—သည် ပြည့်စုံ​လာ​၏။ ဘုရားသခင်​ပေး​သော​တိကျ​သည့်​အသိပညာက အလင်း​ထဲ​တွင်​ဆက်လျှောက်​လှမ်း​နေ​ရန် ဟေရှာယ​ကို ခွန်အား​ပေး​ခဲ့​သည်။ သို့​ဖြစ်၍ သူသည် ကျွန်ုပ်​တို့အတွက် ပုံသက်သေ​ကောင်း​ဖြစ်၏။ ရေးသား​ထားသော ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့​အသေအချာ​လေ့လာ​ပြီး ဘဝ​အသက်တာ​၌ လက်တွေ့​ကျင့်သုံး​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​လည်း အလင်း​၌​တည်ရှိ​နေကြ​မည်။—ဆာလံ ၁၁၉:၁၀၅; ၂ ကောရိန္သု ၄:၆

မြို့​တစ်မြို့ ဖျက်ဆီး​ခံ​ခဲ့​ရ

၁၄။ မြို့​တစ်မြို့​နှင့်​ပတ်သက်​၍ မည်သို့​ပရောဖက်ပြု​ခဲ့​သနည်း၊ ယင်းသည် အဘယ်​မြို့​ဖြစ်ဖွယ်​ရာ ရှိခဲ့​သနည်း။

၁၄ ဘုရားသခင့်​အကြံတော်​နှင့်​ပတ်သက်​၍ ဥပမာတစ်ခု​ကို ဟေရှာယ ၂၅:၂ တွင်​တွေ့ရ​ပြီး ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “မြို့ကို​အမှိုက်ပုံ၊ ခိုင်ခံ့​သော​မြို့ကို ဖြိုဖျက်​ရာ​ဖြစ်စေ​တော်​မူ​ပြီ။ တစ်ကျွန်း​တစ်နိုင်ငံ​သားတို့​၏ နေရာ​ဘုံ​ဗိမာန်​သည် မြို့​မဖြစ်၊ နောက်​တစ်ဖန် မတည်​မ​ဆောက်​ရမည်​အကြောင်း စီရင်တော်မူ​ပြီ။” ယင်းသည် အဘယ်​မြို့​ဖြစ်သနည်း။ ဗာဗုလုန်​အကြောင်း ဟေရှာယ ပရောဖက်ပြု​ပြောဆို​နေခြင်း ဖြစ်​နိုင်​သည်။ အမှန်ပင်၊ ဗာဗုလုန်​သည် ကျောက်​ပုံ​တ​မျှ​ဖြစ်သွား​ခဲ့​သည့်​အချိန် ရောက်လာ​ခဲ့​သည်။

၁၅။ ယနေ့ အဘယ် “မြို့ကြီး” တည်ရှိ​သနည်း၊ ၎င်း​သည် မည်သို့​ဖြစ်သွား​မည်​နည်း။

၁၅ ဟေရှာယ​ဖော်ပြ​ခဲ့​သော​မြို့​နှင့် တူသော​အရာ ယနေ့​ရှိသလော။ ရှိပါ​သည်။ ဗျာဒိတ်ကျမ်း​က “လော [က] ရှင်ဘုရင်​တို့ကို​အုပ်စိုး​သော မြို့ကြီး” အကြောင်း​ဖော်ပြ​ထား​ပါ​သည်။ (ဗျာဒိတ် ၁၇:၁၈) အဆိုပါ​မြို့ကြီး​မှာ ‘မဟာ​ဗာဗုလုန်၊’ မှောက်မှားသော​ကမ္ဘာ့​အင်ပါယာ​ဖြစ်သည်။ (ဗျာဒိတ် ၁၇:၅) ယနေ့ မဟာ​ဗာဗုလုန်​၏ အဓိက​အစိတ်အပိုင်း​မှာ ခရစ်ယာန်ဘောင်​ဖြစ်​ပြီး ၎င်း​၏​တရားဟော​ဆရာများ​သည် ယေဟောဝါ​လူမျိုး၏ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ဆန့်ကျင်​ရာ​တွင် ဦးဆောင်​ကြသည်။ (မဿဲ ၂၄:၁၄) သို့သော် မကြာမီတွင် ရှေးခေတ်​ဗာဗုလုန်​ကဲ့သို့​ပင် မဟာ​ဗာဗုလုန်​သည် မည်သည့်​အခါ​မျှ​ပြန်၍​မ​ပေါ်လာ​နိုင်အောင် ဖျက်ဆီး​ခံရ​ပေ​လိမ့်​မည်။

၁၆၊ ၁၇။ ရှေး​အချိန်​နှင့် ခေတ်​သစ်​အချိန်ကာလ​တွင် ယေဟောဝါ​၏​ရန်သူများ​သည် ကိုယ်တော်​အား မည်သို့​ချီးမွမ်း​ခဲ့​ကြ​သနည်း။

၁၆ “ခိုင်ခံ့​သော​မြို့” နှင့်​ပတ်သက်​၍ ဟေရှာယ နောက်ထပ်​မည်သို့​ပရောဖက်ပြု​သနည်း။ ယေဟောဝါ​အား ဟေရှာယ​က ဤသို့​ပြော​ခဲ့​သည်– “အား​ကြီးသော​လူမျိုး​သည် ကိုယ်တော်​ကို​ချီးမွမ်း​ကြ​ပါ​လိမ့်​မည်။ ကြောက်မက်​ဖွယ်​သော​လူမျိုး​တို့၏​နေရာ​မြို့​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​ပါ​လိမ့်​မည်။” (ဟေရှာယ ၂၅:၃) ဤ​ရန်လိုသော​မြို့၊ “ကြောက်မက်​ဖွယ်​သော​လူမျိုး​တို့၏​နေရာ​မြို့” သည်​ယေဟောဝါ​အား မည်သို့​ချီးမွမ်း​မည်​နည်း။ ဗာဗုလုန်​၏​အင်အား​အကြီးမားဆုံး​ရှင်ဘုရင် နေဗုခဒ်နေဇာ​၏​အဖြစ်ကို သတိရပါ။ သူသည် သူ၏​အားနည်းချက်ကို ဖော်ပြ​သော တွေးတော​စ​ရာ​အတွေ့အကြုံကို​ခံစား​ရပြီး​နောက် ယေဟောဝါ​၏​ကြီးမြတ်မှု​နှင့် ကိုယ်တော်​၏​ခွန်အား​တန်ခိုး​ကြီးမားမှု​ကို မဖြစ်​မနေ​ဝန်ခံခဲ့​ရ​ပါ​သည်။ (ဒံယေလ ၄:၃၄၊ ၃၅) ယေဟောဝါ​သည် မိမိ၏​တန်ခိုး​ကို​အသုံးပြု​သောအခါ ကိုယ်တော့်​ရန်သူများ​ပင် စိတ်မပါ​သည့်​တိုင်အောင် ကိုယ်တော်​၏​တန်ခိုး​ကြီးသော​လုပ်ရပ်များ​ကို အသိအမှတ်​မပြု​ဘဲ​မနေနိုင်​ပါ။

၁၇ မဟာ​ဗာဗုလုန်​သည် ယေဟောဝါ​၏​တန်ခိုး​ကြီးသော​လုပ်ရပ်များ​ကို အသိအမှတ်​မပြု​မနေ ပြု​ခဲ့​ရ​ဖူး​သလော။ အသိအမှတ်ပြု​ခဲ့​ရ​ပါ​သည်။ ပထမ​ကမ္ဘာ​စစ်​အတွင်း ယေဟောဝါ​၏ ကောင်းကင်​အတန်းအစား​ကျေးကျွန်​များသည် ခက်ခဲ​ဆင်းရဲမှု​အောက်တွင် ဟောပြောခဲ့​ကြ​ရသည်။ ၁၉၁၈ တွင် ကင်းမျှော်စင်​အသင်း​၏ ဦးဆောင်​သူ​ပိုင်း​မှ​သူများ ထောင်ချ​ခံ​ခဲ့​ရသောအခါ သူတို့သည် ဝိညာဉ်​ရေး​အရ သုံ့ပန်း​ဘဝသို့ ရောက်သွား​ခဲ့​ကြသည်။ စည်းစနစ်တကျ​ဟောပြောခြင်း​လုပ်ငန်း​သည် ရပ်တန့်​သွား​လု​နီးပါး ဖြစ်​ခဲ့​သည်။ ထို့နောက် ၁၉၁၉ တွင် ယေဟောဝါ​သည် မိမိ၏​ဝိညာဉ်တော်ဖြင့် သူတို့ကို ပြန်​ဖွဲ့စည်း​ပေး​ခဲ့​ပြီး အားအင်တိုး​စေ​ခဲ့​သည်​နှင့် သူတို့သည် လောက​နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ သတင်းကောင်း​ဟောပြောခြင်း​တာဝန်​ကို စတင်​ထမ်းဆောင်​ကြ​လေ​သည်။ (မာကု ၁၃:၁၀) ဤ​အရာအားလုံးကို ဗျာဒိတ်ကျမ်း​တွင် ပရောဖက်ပြု​ထား​သည်​နည်းတူ သူတို့အား ဆန့်ကျင်သူ​တို့​အပေါ် အကျိုး​သက်ရောက်မှု​ကို ဖော်ပြ​ခဲ့​သည်။ သူတို့သည် “ကြောက်ရွံ့​၍ ကောင်းကင်ဘုံ​၏​အရှင်​ဘုရားသခင်​ကို ချီးမွမ်း​ကြ​၏။” (ဗျာဒိတ် ၁၁:၃၊ ၇၊ ၁၁-၁၃) သူတို့​အားလုံး ဘာသာ​ပြောင်း​ဝင်လာ​ခဲ့​သည်မဟုတ်​သော်လည်း ဤ​အခါသမယ​တွင် ဟေရှာယ​တင်ကူး​ပြော​ထားခဲ့​သကဲ့သို့ပင် ယေဟောဝါ​၏​တန်ခိုး​ကြီးသော​လုပ်ရပ်​ကို သူတို့​အသိအမှတ်​မပြု​မနေ အသိအမှတ်ပြု​ခဲ့​ကြ​ရသည်။

“ဆင်းရဲသော​သူတို့​ခိုလှုံရာ”

၁၈၊ ၁၉။ (က) ယေဟောဝါ​လူမျိုး၏ သစ္စာစောင့်သိမှုကို​ချိုးဖျက်​ရန် ဆန့်ကျင်သူ​တို့ အဘယ်ကြောင့် မအောင်မြင်​နိုင်​ခဲ့​ကြ​သနည်း။ (ခ) “ကြောက်မက်​ဖွယ်​သော​သူတို့၏​သီချင်း​သံ” သည် မည်သို့​ပျောက်​ရ​လိမ့်​မည်​နည်း။

၁၈ ဤ​တွင် အလင်း​၌​လျှောက်လှမ်း​နေသူတို့​အပေါ် ကြင်နာ​စွာ​ဖြင့် ယေဟောဝါ​ဆက်ဆံပုံ​ကို အာရုံ​စူးစိုက်​စေ​ကာ ယေဟောဝါ​အား ဟေရှာယ​က​ဤသို့​ပြောဆို​ခဲ့​သည်– “ကိုယ်တော်​သည် ဆင်းရဲသော​သူတို့​ခိုလှုံရာ၊ ငတ်မွတ်​သော​သူ အမှုရောက်​သည်​ကာလ​၌ ခိုလှုံရာ​ဖြစ်​တော်​မူ​၏။ ထ​ရံ​ကို​တိုက်​သော မိုးသက်မုန်တိုင်း​ကဲ့သို့၊ ကြောက်မက်​ဖွယ်​သော သူတို့၏​ဒေါသ​အမျက်ထွက်​သောအခါ၊ မိုးသက်မုန်တိုင်း​လွတ်​ရာ၊ နေရောင်​ကွယ်ကာ​ရာ​ဖြစ်​တော်​မူ​၏။ သွေ့ခြောက်​သော​အရပ်၌ နေ​အရှိန်ကို​ကဲ့သို့ တစ်ကျွန်း​တစ်နိုင်ငံ​သားတို့​၏ အသံဗလံ​ကို ငြိမ်း​စေတော်မူ​လိမ့်​မည်။ ထူထပ်​သော​မိုးတိမ်​အားဖြင့် နေ​အရှိန်​ပျောက်​သကဲ့သို့ ကြောက်မက်​ဖွယ်​သော​သူတို့၏​သီချင်း​သံ ပျောက်​ရ​ပါ​လိမ့်​မည်။”—ဟေရှာယ ၂၅:၄၊ ၅

၁၉ ၁၉၁၉ ကတည်းက နိုင်​လို​မင်း​ထက်​အုပ်စိုးသူ​တို့သည် စစ်မှန်သော​ဝတ်ပြု​ကိုးကွယ်​သူတို့၏ သမာဓိကို​ချိုးဖျက်​ရန် ကြိုးစား​ခဲ့​ကြသည်၊ သို့သော် သူတို့ မအောင်မြင်​ခဲ့​ချေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေဟောဝါ​သည် မိမိလူ​မျိုး​၏ ခိုလှုံရာ​ရဲတိုက်​ဖြစ်သော​ကြောင့်​တည်း။ ကိုယ်တော်​သည် နှိပ်စက်​ညှဉ်းပန်းမှု​အပူရှိန်​မှ ကာကွယ်​ရန် အေးမြ​သော​အရိပ်​ကို​ပေး​ထားပြီး ဆန့်ကျင်မှု​မိုး​မုန်တိုင်း​မှ ကာကွယ်​ရန် ခိုင်ခံ့​သော​နံရံ​တစ်ခု​ကဲ့သို့ တည်ရှိ​နေသည်။ ဘုရားသခင့်​အလင်းတော်​၌ လျှောက်လှမ်း​နေကြ​သော ကျွန်ုပ်​တို့သည် ‘ကြောက်မက်​ဖွယ်​သော သူတို့၏​သီချင်း​သံ ပျောက်​ရ​လိမ့်​မည့်’ အချိန်ကို စောင့်မျှော်​နေကြပါ​သည်။ မှန်​ပါ​၏၊ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​ရန်သူများ မရှိတော့​မည့်​နေ့ကို စိတ်အား​ထက်သန်​စွာ စောင့်နေ​ကြ​ပါ​သည်။

၂၀၊ ၂၁။ အဘယ်​ခဲ​ဖွယ်​စား​ဖွယ်​ပွဲ​ကို ယေဟောဝါ​ပြင်ဆင်​ပေး​သနည်း၊ ကမ္ဘာသစ်​၌ ထို​ခဲ​ဖွယ်​စား​ဖွယ်​ပွဲ​တွင် အဘယ်အရာ​ပါဝင်​မည်​နည်း။

၂၀ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို ကာကွယ်​ရုံ​ထက်မက လုပ်ဆောင်ပေး​တော်​မူ​၏။ မေတ္တာပြည့်​ဝ​သော​ဖခင်​တစ်ဦး​အနေ​ဖြင့် သူတို့၏​လိုအပ်ရာ​များ​ကို ကိုယ်တော်​စီမံ​ပေး​သည်။ ၁၉၁၉ ခုနှစ်​တွင် ကိုယ်တော်​၏​လူမျိုး​ကို မဟာ​ဗာဗုလုန်​မှ လွတ်မြောက်​စေပြီး​နောက် သူတို့ရှေ့​တွင် အောင်ပွဲခံ​စားသောက်ပွဲ​ဖြစ်သည့် ဝိညာဉ်​ရေးရာ​အစာကို ဖောဖောသီသီ တည်ခင်း​ပေး​ခဲ့​သည်။ ယင်းကို ဟေရှာယ ၂၅:၆ တွင်​ကြိုပြော​ထားခဲ့​ရာ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရ​ဘုရား​သည် ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော​စပျစ်​ရည်​ပွဲ​တည်း​ဟူသော ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်းမွန်​စွာ​စစ်​သော စပျစ်​ရည်​ဟောင်း​ကို လူ​ခပ်သိမ်း​တို့​အဖို့ ဤ​တောင်ပေါ်​မှာ စီရင်တော်မူ​လိမ့်​မည်။” ထို​စားသောက်ပွဲ​တွင် ကျွန်ုပ်​တို့​ပါဝင်​နိုင်​ခြင်း​မှာ ကောင်းချီး​ပါ​တကား! (မဿဲ ၄:၄) စားသောက်​ရန် ကောင်းမွန်သော​အရာများ​ဖြင့် “[“ယေဟောဝါ၊ က​ဘ] ၏​စားပွဲ” ကို အမှန်တကယ်​တည်ခင်း​ထား​ပါ​သည်။ (၁ ကောရိန္သု ၁၀:၂၁) ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ မှ​တစ်ဆင့် ဝိညာဉ်​ရေးရာ​သဘော​အရ ကျွန်ုပ်​တို့​လိုအပ်သမျှ​ကို ကျွန်ုပ်​တို့​ရရှိ​ထားပြီ။

၂၁ ဘုရားသခင်​ပြင်ဆင်​ပေး​သော ဤ​ခဲ​ဖွယ်​စား​ဖွယ်​ပွဲ​ထက်မက ရှိပါ​သေး​သည်။ ကျွန်ုပ်​တို့ ယခု​စားသုံး​နေကြ​ရသော ဝိညာဉ်​ရေးရာ​စားသောက်ပွဲ​ကြီး​သည် ဘုရားသခင်​ကတိထားရာ ကမ္ဘာသစ်​တွင်​သုံးဆောင်​ကြ​ရမည့် ကာယ​အစာ​အလျှံပယ်​ကို သတိ​ရစေသည်။ ထို​အခါ “ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်” တို့​တွင် ကာယ​အစားအစာ အမြောက်အမြား​ပါဝင်​လိမ့်​မည်။ မည်သူမျှ ကာယရေး သို့​မဟုတ် ဝိညာဉ်​ရေး​သဘော​အရ ဆာလောင်​မွတ်​သိပ်​တော့​မည်​မဟုတ်​ချေ။ တင်ကူး​ဟောထား​သော ခရစ်တော်​ရောက်ရှိခြင်း​၏ “နိမိတ်” တွင်​ပါဝင်​သည့် “အစာ​ခေါင်းပါး​ခြင်း” ကို ယခု​ကြုံတွေ့​နေကြ​ရသော ချစ်​မြတ်နိုး​ရသည့်​သစ္စာရှိ​သူတို့​အတွက် စိတ်သက်သာ​စ​ရာ​ပါ​တကား! (မဿဲ ၂၄:၃၊) သူတို့​အတွက် ဆာလံဆရာ​၏​စကား​များသည် အမှန်ပင်​နှစ်သိမ့်မှု​ဖြစ်စေ​သည်။ သူက​ဤသို့​ပြော​ခဲ့​သည်– “ပြည်တော်​၌ များစွာသော​စပါး​ရှိ၍၊ အသီးအနှံ​သည် . . . တောင်ထိပ်​ပေါ်မှာ​လှုပ်ရှား​လိမ့်​မည်။”—ဆာလံ ၇၂:၁၆

၂၂၊ ၂၃။ အဘယ် “တ​ဘက်” သို့​မဟုတ် “မျက်နှာဖုံး” ဖယ်ရှားပစ်​ခံရ​မည်​နည်း၊ မည်သို့​အားဖြင့်​နည်း။ (ခ) ‘ယေဟောဝါ​၏​လူ​တို့​ခံရ​သော ကဲ့ရဲ့​ခြင်း’ သည် မည်သို့​ဖယ်ရှားခံ​ရမည်​နည်း။

၂၂ ယခု ထို​ထက်​သာ၍​အံ့ဖွယ်ရာ​ကတိတော်​ကို နားထောင်​ကြည့်​ကြပါစို့။ အပြစ်​နှင့်​သေခြင်းကို “တ​ဘက်” သို့​မဟုတ် “မျက်နှာဖုံး” နှင့်​နှိုင်းယှဉ်​၍ ဟေရှာယ​က ဤသို့​ဆို​သည်– “လူ​ခပ်သိမ်း​တို့ကို​ဖုံး​သော မျက်နှာဖုံး​ကိုလည်း​ကောင်း၊ ခပ်သိမ်း​သော​လူမျိုး​တို့ကို ဖုံးလွှမ်း​သော တင်းတိမ် [“တ​ဘက်၊” သ​မ] ကိုလည်း​ကောင်း ဤ​တောင်ပေါ်​မှာ [ယေဟောဝါ] ပယ်​တော်​မူ​လိမ့်​မည်။” (ဟေရှာယ ၂၅:၇) စဉ်းစား​ကြည့်​ပါ! မွမ်း​ကျပ်​စေသော​စောင်​တစ်ထည်​ကဲ့သို့ လူ​တို့​အပေါ်​၌​လေးလံ​စွာ​တည်ရှိ​နေသည့် အပြစ်​နှင့်​သေခြင်း ရှိတော့မည်​မဟုတ်​ချေ။ နာခံမှု​ရှိပြီး သစ္စာ​ရှိသော​လူသား​တို့​အပေါ် ယေရှု၏​ရွေးနုတ်ဖိုး​ပူဇော်​သကာ​အကျိုးကျေးဇူး အပြည့်အဝ​သက်ရောက်​မည့်​အချိန်ကို ကျွန်တော်​တို့​တောင့်တ​နေကြပါ​သည်!—ဗျာဒိတ် ၂၁:၃၊ ၄

၂၃ ဘုန်းထွန်းတောက်​မည့် ထို​အချိန်ကို​ညွှန်ပြ​လျက် မှုတ်သွင်းခံ​ပရောဖက်​က ကျွန်ုပ်​တို့ကို ဤသို့​စိတ်ချ​စေ​သည်– “[ဘုရားသခင်​သည်] သေခြင်းကို​လည်း နစ်မွန်း​ဆုံးရှုံး​စေတော်မူ​လိမ့်​မည်။ အရှင်​ထာဝရ​ဘုရား​သည်လည်း ခပ်သိမ်း​သော​မျက်နှာ​တို့​မှ မျက်ရည်​ကို​သုတ်​တော်​မူ​လိမ့်​မည်။ ကိုယ်တော်​၏​လူတို့သည် ခံရ​သော​ကဲ့ရဲ့​ခြင်း​ကိုလည်း မြေကြီး​တစ်ပြင်လုံး​၌ ပယ်ရှင်း​တော်​မူ​လိမ့်​မည်​ဟု ထာဝရ​ဘုရား​အမိန့်တော်​ရှိ၏။” (ဟေရှာယ ၂၅:၈) သဘာဝ​အကြောင်း​များ​ကြောင့် သေ​သူ​တစ်ဦးမျှ ရှိ​မည်​မဟုတ်​ချေ၊ သို့​မဟုတ် ချစ်​ရသော​သူ​တစ်ဦး ဆုံးသွား​ခြင်း​ကြောင့် ငိုကြွေး​ရမည်​မဟုတ်​ချေ။ ကောင်းမြတ်လှ​သော ပြောင်းလဲမှု​တစ်ခု​ပါ​တကား! ထို့​အပြင် ဘုရားသခင်​နှင့် ကိုယ်တော်​၏​ကျေးကျွန်​များ အတန်ကြာ သည်းခံ​ခဲ့​ကြ​ရသည့် ရှုတ်ချ​ပြောဆိုမှု​နှင့် လိမ်လည်​လှည့်ဖြား​သော​ဝါဒဖြန့်မှု​များ မည်သည့်​နေရာ၌​မျှ ရှိတော့မည်​မဟုတ်​ချေ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ယေဟောဝါ​သည် ၎င်း​၏​ရင်းမြစ်—မုသာ​၏​အဘ၊ စာတန်​နှင့်အတူ စာတန်​၏​မျိုးနွယ်​အားလုံး​ကို ဖယ်ရှားပစ်​မည်​ဖြစ်သော​ကြောင့်​တည်း။—ယောဟန် ၈:၄၄

၂၄။ အလင်းတွင်​လျှောက်လှမ်း​နေကြ​သူတို့သည် မိမိတို့၏​အကျိုး​အ​လို့​ငှာ ယေဟောဝါ​၏​တန်ခိုး​ကြီးသော​လုပ်ရပ်များ​ကို မည်သို့​တုံ့ပြန်​ကြ​သနည်း။

၂၄ ယေဟောဝါ​၏​တန်ခိုးတော် ထင်ရှား​ချက်​များ​ကို တွေးတော​ဆင်ခြင်​ကြ​စဉ် အလင်းတွင် လျှောက်လှမ်း​နေသူတို့​သည် ဤသို့​ကြွေးကြော်​ရန် လှုံ့ဆော်​ခံရ​၏– “ကြည့်ရှု​လော့။ ဤ​အရှင်​ကား ငါ​တို့​မျှော်လင့်​သော ငါ​တို့၏​ဘုရားသခင်​တည်း။ ငါ​တို့ကို ကယ်တင်​တော်​မူ​လိမ့်​မည်။ ဤ​အရှင်​ကား ငါ​တို့​မျှော်လင့်​သော ထာဝရ​ဘုရား​တည်း။ ကယ်တင်​တော်​မူ​ခြင်း​ကျေးဇူး​ကြောင့် ငါ​တို့သည် ဝမ်းမြောက်​ရွှင်လန်း​ကြ​ကုန်​အံ့​ဟု ဆို​ကြလိမ့်မည်။” (ဟေရှာယ ၂၅:၉) ဖြောင့်မတ်​သော​လူသားများ​သည် များ​မကြာမီ အမှန်​ရွှင်လန်း​ကြ​ရ​လိမ့်​မည်။ မှောင်မိုက်​သည် လုံးဝ​ပပျောက်​သွား​လိမ့်​မည်​ဖြစ်​ပြီး သစ္စာစောင့်သိ​သူတို့သည် ယေဟောဝါ​၏​အလင်းတွင် ထာဝစဉ်​ရှိကြ​လိမ့်​မည်။ ၎င်း​ထက် သာ၍​ဘုန်းထွန်းတောက်​စ​ရာ​မျှော်လင့်ချက် ရှိ​နိုင်​ပါ​ဦး​မည်​လော။ လုံးဝ​မရှိ​နိုင်​ချေ!

သင်​ရှင်းပြ​နိုင်​သလော

• ယနေ့ အလင်းတွင်​လျှောက်လှမ်း​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

• ဟေရှာယ​သည် ယေဟောဝါ​၏​နာမတော်​ကို အဘယ်ကြောင့်​ချီးမြှောက်​ခဲ့​သနည်း။

• ရန်သူများ​သည် ဘုရားသခင့်​လူမျိုးတော်​၏​သစ္စာစောင့်သိမှုကို အဘယ်ကြောင့် ဘယ်​သောအခါ​မျှ ချိုးဖျက်​နိုင်​လိမ့်​မည်​မဟုတ်​သနည်း။

• အလင်းတွင်​လျှောက်လှမ်း​နေသူတို့​အတွက် အဘယ်​ကြွယ်ဝသော​ကောင်းချီး​များ စောင့်ဆိုင်း​နေသနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယုဒပြည်သား​တို့သည် မိမိတို့၏​ကလေး​များ​ကို မောလုတ်​ဘုရားထံ ယဇ်​ပူဇော်​ခဲ့​ကြ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏ တန်ခိုး​ပါ​သော​လုပ်ရပ်များ​ကို သိ​သော​ပညာ​က ယေဟောဝါ​၏​နာမတော်​ကို​ချီးမွမ်း​ရန် ဟေရှာယ​အား လှုံ့ဆော်ပေး​ခဲ့

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဖြောင့်မတ်​သော​သူတို့သည် ယေဟောဝါ​၏​အလင်းတွင် ထာဝစဉ်​ရှိနေကြ​မည်