မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရဲရင့်စွာတည်ကြည်သူများ နာဇီနှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်ကြ

ရဲရင့်စွာတည်ကြည်သူများ နာဇီနှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်ကြ

ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်

ရဲရင့်စွာ​တည်ကြည်သူ​များ နာဇီ​နှိပ်စက်​ညှဉ်းပန်းမှု​ကို အောင်မြင်​ကြ

“ငါ့​သား ပညာရှိ​လော့။ ကဲ့ရဲ့​သော​သူ၏​စကား​ကို ငါ​ချေ​နိုင်အောင် ငါ့​စိတ်​ကို​ရွှင်လန်း​စေ​လော့။” (သု. ၂၇:၁၁) ယေဟောဝါ​ဘုရားသခင်​ဖန်ဆင်း​ထား​သည့် အသိဉာဏ်​ရှိသူ လူသားများ​သည် ကိုယ်တော်​အား​သစ္စာ​စောင့်သိ​ခြင်း​ဖြင့် ကိုယ်တော့်​စိတ်နှလုံး​ကို​ရွှင်လန်း​စေနိုင်​ကြောင်း ဤ​လှိုက်လှဲသော​မေတ္တာ​ရပ်ခံ​ချက်​က​ဖော်ပြ​သည်။ (ဇေဖနိ ၃:၁၇) သို့ရာတွင် ကဲ့ရဲ့​ရှုတ်ချသူ​စာတန်​သည် ယေဟောဝါ​အား​ဝတ်ပြုသူ​များ​၏ တည်ကြည်မှု​ကို​ချိုးဖျက်​ရန် စိတ်ပိုင်းဖြတ်​ထား​သည်။—ယောဘ ၁:၁၀၊ ၁၁

အထူးသဖြင့် ကောင်းကင်​မှ မြေကြီး​ဝန်းကျင်​သို့​နှင်ချ​ခံရ​သော ၂၀ ရာစု​အစောပိုင်း​အချိန်​ကတည်းက စာတန်​သည် ယေဟောဝါ​၏​လူမျိုးတော်ကို အကြီးအကျယ်​ဒေါသ​အမျက်ထွက်​ခဲ့​သည်။ (ဗျာဒိတ် ၁၂:၁၀၊ ၁၂) သို့​ဖြစ်စေ​ကာ​မူ စစ်မှန်သော​ခရစ်ယာန်​များသည် “ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ” ရပ်တည်​ကာ ဘုရားသခင်​အပေါ် သစ္စာ​တည်ကြည်​ခဲ့​ကြပြီ။ (ကောလောသဲ ၄:၁၂က​ဘ) ဒုတိယ​ကမ္ဘာ​စစ်​မတိုင်မီ​နှင့် ၎င်း​အချိန်​အတောအတွင်း ဂျာမနီ​ရှိ​ယေဟောဝါသက်သေ​များ​၏ သစ္စာ​တည်ကြည်မှု​နှင့်​ပတ်သက်​၍ ထင်ရှားသော​စံနမူနာ​တစ်ရပ်​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ကြ​စို့။

ဇွဲရှိ​ရှိ​လုပ်ဆောင်မှု​က တည်ကြည်​ခြင်း​စမ်းသပ်မှု​များ​ဖြစ်ပွား​စေ

၁၉၂၀ ပြည့်လွန်​နှစ်များ​နှင့် ၁၉၃၀ ပြည့်လွန်​နှစ်များ​၏​အစောပိုင်း​တွင် ထို​အချိန်​က ဂျာမနီ​၌ ဘီ​ဘဲလ်​ဖော​ရှယ်​ဟု လူအများ​သိခဲ့​သည့် ယေဟောဝါသက်သေ​များသည် ကျမ်းစာ​စာပေ​အမြောက်အမြား​ကို ဖြန့်ဝေ​ခဲ့​ကြသည်။ ၁၉၁၉ နှင့် ၁၉၃၃ စပ်ကြား​ကာလ​တွင် ပျမ်းမျှ​အနေ​နှင့် ဂျာမနီ​ရှိ​မိသားစု​တိုင်း​ကို စာအုပ်ကြီး၊ စာအုပ်​ငယ်​များ သို့​မဟုတ် မဂ္ဂဇင်း​ရှစ်​အုပ်​စီ ဝေငှ​ခဲ့​ကြသည်။

ထို​အချိန်တွင် ဂျာမနီ​၌ ခရစ်တော်​၏​ကောင်းကင်​အတန်းအစား​နောက်တော်လိုက် အများဆုံး​ရှိသည်။ အမှန်​မှာ ၁၉၃၃ ၌​သခင့်​ညစာ​စားပွဲ​တွင် ပါဝင်​စားသုံးသူ ကမ္ဘာ​တစ်ဝန်း ၈၃,၉၄၁ ယောက်​ရှိသည့်​အနက် ၃၀ ရာခိုင်နှုန်း​နီးပါး​သည် ဂျာမနီ​တွင်​နေထိုင်ကြ​သည်။ မကြာမီ​ပင် ဤ​ဂျာမန်​သက်သေခံ​များသည် တည်ကြည်မှု​နှင့်​ပတ်သက်​၍ အပြင်းအထန်​စမ်းသပ် ခံ​ခဲ့​ကြ​ရသည်။ (ဗျာဒိတ် ၁၂:၁၇; ၁၄:၁၂) အလုပ်​ဖြုတ်​ပစ်​ခြင်း၊ အိမ်များ​ကို​ရုတ်တရက်​ဝင်ရောက်​ရှာဖွေခြင်း​နှင့် ကျောင်း​ထုတ်ခြင်း​တို့​မှ​တစ်ဆင့် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း​နှင့် ထောင်ချခြင်း​တို့​ဖြစ်ပွား​လာတော့​သည်။ (ပုံ ၁) သို့​ဖြစ်၍ ဒုတိယ​ကမ္ဘာ​စစ်​မဖြစ်မီ​နှစ်များ​အတွင်း ချွေး​တပ်​စခန်း​များ​တွင် ချုပ်​ထား​ခံရ​သူအား​လုံး​အနက် ၅ မှ ၁၀ ရာခိုင်နှုန်း​မှာ ယေဟောဝါသက်သေ​များ​ဖြစ်လာ​သည်။

သက်သေခံ​များ​ကို နာဇီ​တို့​နှိပ်စက်​ညှဉ်းပန်း​ကြ​သည့်​အကြောင်းရင်း

သို့သော် ယေဟောဝါသက်သေ​များသည် နာဇီ​အစိုးရ​၏​အမျက်​ဒေါသကို အဘယ်ကြောင့်​ထွက်​စေ​ခဲ့​သနည်း။ သမိုင်း​ပါမောက္ခ အီယန် ခက်ရ်ရှာ​က သူ၏​စာအုပ် ဟစ်တလာ—၁၈၈၉-၁၉၃၆– ဟ​ရူ​ဘ​ရိစ် တွင် သက်သေခံ​များသည် “နာဇီ​အစိုးရ​၏ လုံးလုံးလျားလျား​လက်အောက်ခံ​ဖို့ တောင်းဆိုချက်​ကို​ငြင်းဆန်​ခြင်း” ကြောင့် နှိပ်စက်​ညှဉ်းပန်းမှု​၏ ပစ်မှတ်​ဖြစ်လာ​ခဲ့​သည်​ဟု သတိပြု​စေ​သည်။

သမိုင်း​ပါမောက္ခ ရောဘတ် ပီ. အဲရစ်​ခ်​စင်​နှင့် ဂျူး​အကြောင်း​လေ့လာသူ​ပါမောက္ခ ဇူဇဲ​နာ ဟက်​ရှဲ​လ် တို့​တည်းဖြတ်​ခဲ့​သော သစ္စာဖောက်​ခြင်း—ဂျာမန်​ချာ့ခ်ျ​များနှင့် မီးလောင်​တိုက်​သွင်း​ခြင်း စာအုပ်​က သက်သေခံ​များသည် “အကြမ်းဖက်မှု​တွင်​ပါဝင်​ရန်​နှင့် စစ်​အင်အား​အသုံးပြုခြင်း​တွင်​ပါဝင်​ရန် ငြင်းဆန်​ခဲ့​ကြသည်။ . . . သက်သေခံ​များသည် နိုင်ငံရေး​ကြားနေ​မှု​ကို​ခံယူ​ကြ​သည့်​အတွက် ဟစ်တလာ​ကို​မဲ​မပေး​ကြ​ရုံ​သာမက အလေး​လည်း​မပြု​ကြ​ချေ” ဟု​ရှင်းပြ​ထား​သည်။ အဆိုပါ​စာအုပ်​က​ထပ်ဆင့်​ဖော်ပြ​သည်​မှာ ယင်းကြောင့် နာဇီ​အဖွဲ့​အမျက်​ဒေါသ​ထွက်​ကာ “အမျိုးသား​ဆိုရှယ်လစ်​ဝါဒ​သည် ဤသို့​သော​ငြင်းဆန်​မှု​ကို​သည်းမခံ​နိုင်” သည့်​အတွက် သက်သေခံ​များ​ကို​ထိခိုက်​ဖို့​အကြောင်း​ရှာ​ခဲ့​သည်။

ကမ္ဘာချီ​ကန့်ကွက်​ခြင်း​နှင့် မီးကုန်ယမ်းကုန်​တိုက်ခိုက်​ခြင်း

၁၉၃၄၊ ဖေဖော်ဝါရီ ၉ ရက်​တွင် ထို​အချိန်​က လုပ်ငန်းတော်​၏​ရှေ့တန်း​၌​အမှုဆောင်​နေ​သူ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်​သည် နာဇီ​၏​သည်းမခံ​ခြင်း​ကို​တုံ့ပြန်​သည့်​အနေ​ဖြင့် ကန့်ကွက်​စာ​တစ်စောင်​ကို အထူး​စေတမန်​နှင့် ဟစ်တလာ​ထံ​ပေး​ပို့​ခဲ့​သည်။ (ပုံ ၂) ရပ်သဖော့ဒ်​၏​စာ​နောက်ပိုင်း ၁၉၃၄၊ အောက်တိုဘာ ၇ ရက်​တွင် ဂျာမနီ​အပါအဝင် နိုင်ငံ ၅၀ မှ​ယေဟောဝါသက်သေ​များ​က ဟစ်တလာ​ထံ ကန့်ကွက်​စာ​ပေါင်း ၂၀,၀၀၀ ခန့်​နှင့်​ကြေးနန်း​များ​ကို ဆက်တိုက်​ပို့ပေး​ခဲ့​သည်။

နာဇီ​တို့သည် သူတို့၏​နှိပ်စက်​ညှဉ်းပန်းမှု​ကို တိုးမြှင့်​ခြင်း​ဖြင့်​တုံ့ပြန်​ခဲ့​သည်။ ၁၉၃၅၊ ဧပြီ ၁ ရက်​တွင် သက်သေခံ​များသည် နိုင်ငံတစ်ဝန်း​တွင် ပိတ်ပင်​ခံ​ခဲ့​ရသည်။ ထို့​ပြင် ၁၉၃၆၊ ဩဂုတ် ၂၈ ရက်​တွင် ဂက်စတာပို​အဖွဲ့က သူတို့ကို မီးကုန်ယမ်းကုန်​ဆန့်ကျင်​တိုက်ခိုက်​လေ​သည်။ သို့​တိုင် သက်သေခံ​များသည် “ဝေစာများ​ဆက်​ဝေငှ​ပြီး သူတို့၏​ယုံကြည်ခြင်းကို အခြား​နည်းများဖြင့် ထိန်းသိမ်း​ခဲ့​ကြသည်” ဟု သစ္စာဖောက်​ခြင်း—ဂျာမန်​ချာ့ခ်ျ​များနှင့် မီးလောင်​တိုက်​သွင်း​ခြင်း​စာအုပ်​က မှတ်တမ်း​တင်ထား​သည်။

သာဓက​အနေ​နှင့် ၁၉၃၆၊ ဒီဇင်ဘာ ၁၂ ရက်​တွင် သက်သေခံ ၃,၅၀၀ ခန့်​သည် မိမိတို့​ခံစား​နေကြ​ရသည့် နှိပ်စက်ခြင်း​နှင့်​ပတ်သက်​၍ ရှင်းလင်းချက်​တစ်ခု​ကို​ပုံနှိပ်​ပြီး ဂက်စတာပို​များ​မျက်မှောက်တွင် ထောင်နှင့်ချီ​ဝေငှ​ခဲ့​ကြသည်။ ထို​ကင်ပိန်း​နှင့်​စပ်လျဉ်း၍ ကင်းမျှော်စင်​က ဤသို့​ဖော်ပြ​ခဲ့​သည်– “၎င်း​သည် အကြီးအကျယ်​အောင်မြင်မှု​တစ်ခု​ဖြစ်​ခဲ့​ပြီး ရန်သူကို​ထိုးနှက်မှု​တစ်ခု​ဖြစ်​ခဲ့​ရာ တည်ကြည်သော​လုပ်သားများ​အတွက် မဖော်​ပြ​နိုင်​သည့်​ရွှင်လန်းမှု​ဖြစ်​ခဲ့​သည်။”—ရောမ ၉:၁၇

နှိပ်စက်​ညှဉ်းပန်းမှု မအောင်မြင်!

နာဇီ​များသည် ယေဟောဝါသက်သေ​များ​ကို ဆက်၍​ရှာဖွေခဲ့​ကြသည်။ ၁၉၃၉ တွင် သူတို့​အနက် ခြောက်​ထောင်​ခန့်​ထောင်​ကျနေ​ကြ​ပြီး ထောင်နှင့်ချီ​သော​သူတို့ကို ချွေး​တပ်​စခန်း​များ​သို့​ပို့​ခဲ့​ပေ​ပြီ။ (ပုံ ၃) ဒုတိယ​ကမ္ဘာ​စစ်​အပြီး​တွင် အခြေအနေ​မည်သို့​ရှိ​သနည်း။ ထောင်ချ​ခံရ​သော​သက်သေခံ ၂,၀၀၀ ခန့် သေဆုံး​ခဲ့​ကြ​ပြီး ၂၅၀ ကျော်​သည် ကွပ်မျက်ခြင်း​ဖြင့်​ဖြစ်သည်။ သို့သော်လည်း “ယေဟောဝါသက်သေ​များသည် ညှဉ်းပန်းမှု​ကြား သူတို့၏​ယုံကြည်ခြင်းကို အများအားဖြင့်​စောင့်ထိန်း​ခဲ့​ကြသည်” ဟု​ပါမောက္ခ​အဲရစ်​ခ်​စင်​နှင့် ဟက်​ရှဲ​လ်​တို့​က​ရေးသားခဲ့​သည်။ ရလဒ်​အနေ​နှင့် ဟစ်တလာ​အစိုးရ​ကျ​သွား​သည့်​အခါ သက်သေခံ​တစ်ထောင်​ကျော်​သည် အကျဉ်း​စခန်း​များ​မှ အောင်မြင်စွာ​ထွက်​လာ​ခဲ့​ကြသည်။—ပုံ ၄; တမန်​တော် ၅:၃၈၊ ၃၉; ရောမ ၈:၃၅-၃၇

နှိပ်စက်​ညှဉ်းပန်းမှု​ကို​ခံရပ်​နိုင်​ရန် ယေဟောဝါ​၏​လူများ​ကို အဘယ်အရာက​ခွန်အား ပေး​ခဲ့​သနည်း။ ချွေး​တပ်​စခန်း​မှ​ထွက်​လာ​ခဲ့​သူ အဒေါ့ဖ် အာနိုး​က ဤသို့ ရှင်းပြ​ခဲ့​သည်– “အကယ်၍ သင်ဟာ အနိမ့်ကျဆုံး​အခြေအနေ​မှာ​ရှိနေရင်တောင် သင့်ကို​ယေဟောဝါ မြင်တော်မူ​တယ်၊ သင်​ခံ​နေရ​တာတွေကို​သိတယ်၊ အခြေအနေ​ကို​ကျော်လွှား​နိုင်​ပြီး တည်ကြည်​နိုင်​ဖို့ လိုအပ်​တဲ့​ခွန်အား​ကို ကိုယ်တော်​ပေးသနား​တော်​မူ​မယ်။ ကိုယ်တော့်​လက်တော်​ဟာ မ​တို​ပါ​ဘူး။”

ပရောဖက်​ဇေဖနိ​၏​စကား​များသည် ထို​သစ္စာရှိ​ခရစ်ယာန်​များနှင့် သက်ဆိုင်​လိုက်​လေ​ခြင်း! သူက​ဤသို့​ကြေညာ​ခဲ့​သည်– “သင်၏​ဘုရားသခင်​ယေဟောဝါ​သည် သင့်​အလယ်​၌​ရှိ၍ တန်ခိုး​ကြီးသော​ဘုရား​သည် သင့်ကို​ကယ်တင်​တော်​မူ​လိမ့်​မည်။ သင်၌​အားရ​၍ ဝမ်းမြောက်​တော်​မူ​လိမ့်​မည်။” (ဇေဖနိ ၃:၁၇) စစ်မှန်သော​ဘုရားသခင်​ကို ယနေ့​ဝတ်ပြု​နေ​သူများ​သည် နာဇီ​နှိပ်စက်​ညှဉ်းပန်းမှု​များ​ကြား တည်ကြည်​ခဲ့​ကြ​သည့် ထို​သစ္စာရှိ​သက်သေခံ​များ​၏ ယုံကြည်ခြင်းကို​တုပ​ကာ ယေဟောဝါ​၏​စိတ်နှလုံး​ကို အလားတူ​ရွှင်လန်း​နိုင်​ကြ​ပါစေ။—ဖိလိပ္ပိ ၁:၁၂-၁၄

[Picture Credit Line on page 8]

Pań​stwowe Muzeum Oś​wiȩ​cim-Brzezinka, courtesy of the USHMM Photo Archives