မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူ့အားနည်းချက်အပေါ် အနိုင်ယူခြင်း

လူ့အားနည်းချက်အပေါ် အနိုင်ယူခြင်း

လူ့​အားနည်းချက်​အပေါ် အနိုင်ယူ​ခြင်း

“ဇာတိ​ပကတိ​စိတ်သဘော​သည် သေခြင်း​အကြောင်း​ဖြစ်၏။”—ရောမ ၈:၆

၁။ အချို့​က လူ့​ကိုယ်ခန္ဓာ​ကို မည်သို့​ရှုမြင်ကြ​သနည်း၊ အဘယ်​မေးခွန်း​ကို ဆင်ခြင်​သုံးသပ်ထိုက်​သနည်း။

“အကျွန်ုပ်သည် ကြောက်မက်​ဖွယ်​သော​လက္ခဏာ၊ ထူးဆန်းသော​လက္ခဏာ​တို့​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်။” (ဆာလံ ၁၃၉:၁၄) ဆာလံဆရာ​ဒါဝိဒ်​သည် ယေဟောဝါ​၏​ဖန်ဆင်း​ရာ​တစ်ခု​ဖြစ်သော—လူ့​ကိုယ်ခန္ဓာ​ကို စေ့စေ့​ဆင်ခြင်​နေစဉ် ထိုသို့​သီဆို​ခဲ့​၏။ ခြေမြစ်​ခိုင်လုံ​မှု​ရှိသော ၎င်း​ချီးမွမ်း​စကား​နှင့်​ဆန့်ကျင်​လျက် ကိုယ်ခန္ဓာ​ကို အပြစ်​ခိုအောင်းရာ​နေရာ​နှင့် အပြစ်​တရား​၏​အသုံးခံ​ပစ္စည်း​အဖြစ် ယူမှတ်​ကြသော ဘာသာရေး​ခေါင်းဆောင်​များ​ရှိသည်။ ၎င်းကို “အသိဉာဏ်​ကင်းမဲ့မှု​ကို ဖုံးကွယ်​ထား​သည့်​ဝတ်ရုံ၊ အကျင့်ဆိုး​၏​အခြေ​တည်ရာ၊ ဖောက်ပြန်​ယိုယွင်းမှု​၏ အချုပ်အနှောင်၊ အမှောင်​ဖုံး​နေသော လှောင်​ချိုင့်၊ ရှင်​လျက်​နှင့်​အသေ​ဘဝ​ရောက်နေ​ခြင်း၊ သက်ရှိ​အသေကောင်၊ ရွေ့​ရှား​နေသော​သင်္ချိုင်းဂူ” ဟု သမုတ်​ထား​ကြသည်။ “ငါ့​အထဲမှာ ငါ့​ဇာတိ​ပကတိ​၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ​မတည်” ဟူသော တမန်​တော်​ပေါလု​၏​အဆို မှန်​လှ​ပေ​သည်။ (ရောမ ၇:၁၈) သို့သော် ယင်းက ကျွန်ုပ်​တို့သည် အပြစ်ရှိ​သော​ကိုယ်ခန္ဓာ​၌ မျှော်လင့်ချက်မဲ့​စွာ ထောင်ချောက်​ကျနေ​ပြီ​ဟု​ဆိုလို​သလော။

၂။ (က) “ဇာတိ​ပကတိ​သဘော” ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ (ခ) ဘုရားသခင့်​နှစ်သက်မှု​ရလိုသည့် လူသားများ​အထဲ​တွင် “ဇာတိ” နှင့် “ဝိညာဉ်” တို့​စပ်ကြား အဘယ်​ဆိုင်ပြိုင်မှု​ရှိ​သနည်း။

တစ်ခါတစ်ရံ ကျမ်း​စာစောင်​များ​က ပုန်ကန်​သူ​အာဒံ​၏ အပြစ်​ပါ​သော​သားစဉ်မြေးဆက်​တစ်ဦး​အဖြစ် မစုံလင်​သည့်​အခြေအနေ​တွင်ရှိသော လူကို​ပုံ​တင်ပြ​ရန် ‘ဇာတိ’ ကို​အသုံးပြု​သည်။ (ဧဖက် ၂:၃; ဆာလံ ၅၁:၅; ရောမ ၅:၁၂) သူ့​ထံ​မှ​ကျွန်ုပ်​တို့​ရခဲ့​သော​အမွေ​က ‘ဇာတိ​အားနည်းမှု’ ကို​ဖြစ်ပေါ်​စေ​ခဲ့ပြီ။ (ရောမ ၆:၁၉) ထို့​ပြင် ပေါလု​က “ဇာတိ​ပကတိ​စိတ်သဘော​သည် သေခြင်း​အကြောင်း​ဖြစ်၏” ဟု​သတိပေး​ခဲ့​သည်။ (ရောမ ၈:၆) “ဇာတိ​ပကတိ​စိတ်သဘော” ဟူသည် အားနည်း​သော​ဇာတိ​ဆန္ဒ​များ​၏ ချုပ်ကိုင်​မှု​နှင့် လှုံ့ဆော်မှု​တို့ကို​ခံ​နေရ​ခြင်း​ကို​ဆိုလို​သည်။ (၁ ယောဟန် ၂:၁၆) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှစ်သက်မှု​ရဖို့ ကြိုးစား​နေ​သူများ​ဖြစ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေးရာ​စိတ်ထား​နှင့် “ဇာတိ​ပကတိ​အကျင့်​တို့” ကို​ကျင့်​ရန် ဖိအားပေး​ဖို့​မရပ်မနား​ကြိုးပမ်း​သည့် ကျွန်ုပ်​တို့၏​အပြစ်ပြု​လို​သည့် ပင်ကို​ဇာတိ​စိတ်​တို့​စပ်ကြား အဆက်မပြတ်​ဆိုင်ပြိုင်မှု​ရှိသည်။ (ဂလာတိ ၅:၁၇-၂၃; ၁ ပေတရု ၂:၁၁) သူ့​အထဲ​၌​ရှိသော စိတ်ထိခိုက်​စေသည့် ဤ​ဆိုင်ပြိုင်မှု​ကို​ဖော်ပြ​ပြီး​နောက် ပေါလု​က​ဤသို့​ပြောဆို​ခဲ့​သည်– “ငါသည် ငြိုငြင်​သော​သူ​ဖြစ်ပါ​သည်​တကား။ ဤ​အသေကောင်​မှ ငါ့ကို​အဘယ်သူ​ကယ်လွှတ်​မည်​နည်း။” (ရောမ ၇:၂၄) ပေါလု​သည် အပြစ်​သွေးဆောင်မှု​ကို မခုခံ​နိုင်သော​သားကောင်​တစ်ဦး​ဖြစ်​ခဲ့​သလော။ မဖြစ်ခဲ့​ပါ​ဟူ၍ ကျမ်းစာ​က​ပြတ်ပြတ်သားသား​ဖြေဆို​သည်!

အပြစ်​သွေးဆောင်မှု​နှင့် အပြစ်​တရား​တို့၏​အဖြစ်မှန်

၃။ အပြစ်​တရား​နှင့် အပြစ်​သွေးဆောင်မှု​ကို အများ​က​မည်သို့​ရှုမြင်ကြ​သနည်း၊ သို့သော် ယင်း​သို့​သော​သဘောထားကို ကျမ်းစာ​က​မည်သို့​သတိပေး​သနည်း။

ယနေ့ များစွာသော​သူတို့​အတွက် အပြစ်​တရားသည် လက်မခံနိုင်​ဖွယ်​အယူအဆ​ဖြစ်၏။ အချို့​က “အပြစ်​တရား” ကို လူ့​ချို့တဲ့မှု​များ​ကို​ဖော်ပြ​သော ခေတ်​ဟောင်း​အသုံးအနှုန်း​တစ်ခု​အဖြစ် ပေါ့ပေါ့တန်တန်​သုံး​ကြသည်။ “ငါ​တို့​ရှိသမျှသည် ကိုယ်ခန္ဓာ​၌​ကျင့်​သော​အကျင့်၊ ကောင်း​မကောင်း​ရှိသည်​အတိုင်း အကျိုးအပြစ်​ကို​အသီးအသီး​ခံ​ခြင်း​ငှာ၊ ခရစ်တော်​၏​တရား​ပလ္လင်​ရှေ့၌ ပေါ်လာ​ရ​ကြ​မည်” ကို​သူတို့​မသိကြ​ချေ။ (၂ ကောရိန္သု ၅:၁၀) အခြားသူ​တို့​မူ “သွေးဆောင်မှု​က​လွဲလို့ ဘာ​မဆို​တွန်းလှန်​နိုင်တယ်” ဟု​ခနဲ့တဲ့တဲ့​ပြောဆို​ပေမည်။ လူ​အချို့​သည် အစားအစာ၊ လိင်၊ ပျော်ရွှင်မှု​နှင့်​ပတ်သက်​သည်​ဖြစ်စေ ပြီးမြောက်​အောင်မြင်မှု​နှင့်​ပတ်သက်​သည်​ဖြစ်စေ ချက်ချင်း​အလိုဆန္ဒ​ပြည့်​မှု​ကို အဓိက​ထားသော လူမှု​အသိုင်းအဝိုင်း​တွင်​နေထိုင်ကြ​သည်။ အရာရာကို​သူတို့​အလိုရှိ​ရုံ​မျှ​မ​က ၎င်းကို ချက်ချင်း​လိုချင်​ကြသည်! (လုကာ ၁၅:၁၂) လတ်တလော​ပျော်မွေ့​မှု​ကို​ကျော်လွန်​၍ “မှန်သော​အသက်” ဆိုင်ရာ​အနာဂတ်​ဝမ်းမြောက်မှု​ကို သူတို့​မမျှော်လင့်​ကြ​ချေ။ (၁ တိမောသေ ၆:၁၉) သို့သော် ဝိညာဉ်​ရေး​ဘက် သို့​မဟုတ် တစ်ဖက်​ဖက်​တွင် ကျွန်ုပ်​တို့ကို အန္တရာယ်​ပြု​မည့် မည်သည့်​အရာ​ကို​မဆို ရှောင်ရှား​ကာ အသေအချာ​စဉ်းစား​ဆင်ခြင်​ပြီး အမြင်​ကျယ်​ဖို့ ကျမ်းစာ​က ကျွန်ုပ်​တို့ကို​သွန်သင်ပေး​သည်။ မှုတ်သွင်းခံ​နယပုံပြင်​ကျမ်း​တစ်ချက်​က ဤသို့​ဆို​၏– “[ကောင်းသော] သတိရှိ​သော​သူသည် အမှုကို​မြော်မြင်​၍ ပုန်းရှောင်​လျက်​နေတတ်​၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား အစဉ်​အတိုင်း​သွား​၍ အမှု​နှင့်​တွေ့​တတ်၏။”—သု. ၂၇:၁၂

၄။ ၁ ကောရိန္သု ၁၀:၁၂၊ ၁၃ တွင်​အဘယ်​ဆုံးမ​စကား​ကို ပေါလု မှာကြား​ခဲ့​သနည်း။

ကိုယ်ကျင့်တရား​ပျက်ပြားမှု​ဖြင့်​နာမည်ကြီး​နေသော ကောရိန္သု​မြို့ရှိ​ခရစ်ယာန်​များ​ထံ​စာရေး​သောအခါ ပေါလု​သည် သွေးဆောင်မှု​နှင့် အပြစ်​တရား​၏​စွမ်းအား​တို့​နှင့်​စပ်လျဉ်း၍ လက်တွေ့ကျ​သော​သတိပေး​ချက်​တစ်ခု​ကို ကမ်း​လှမ်း​ခဲ့​သည်။ သူ​ဤသို့​ဆို​ခဲ့​သည်– “အကြင်သူသည် မိမိ​တည်ကြည်​လျက်​နေသည်​ဟု မိမိ​ထင်မှတ်​၏။ ထို​သူသည် မလဲ​ခြင်း​ငှာ​သတိပြု​စေ။ လူ​၌​ဖြစ်တတ်သော စုံစမ်း​နှောင့်ယှက်ခြင်း [“သွေးဆောင်မှု၊” က​ဘ] ကို​သာ သင်တို့သည်​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း [“သွေးဆောင်မှု၊” က​ဘ] ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည် ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ၊ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။” (၁ ကောရိန္သု ၁၀:၁၂၊ ၁၃) ကျွန်ုပ်​တို့—လူကြီးလူငယ်၊ ယောက်ျား​မိန်းမ—အားလုံး​သည် ကျောင်းတွင်၊ အလုပ်ခွင်​တွင် သို့​မဟုတ် အခြား​တစ်​နေရာ​ရာ​တွင် သွေးဆောင်မှုများ​စွာ​နှင့်​ရင်ဆိုင်​တိုး​ကြသည်။ ထို့​ကြောင့် ပေါလု​၏​စကား​များ​ကို ဆန်းစစ်​ကြည့်​ကာ ၎င်းတို့သည် ကျွန်ုပ်​တို့အတွက်​အဘယ်​အဓိပ္ပာယ်​ရှိကြောင်း ကြည့်​ကြပါစို့။

ကိုယ့်​ကိုယ်ကို​ယုံကြည်​စိတ်ချ​လွန်း​ခြင်း​မရှိပါ​နှင့်

၅။ ကိုယ့်​ကိုယ်ကို​စိတ်ချ​လွန်း​ခြင်း​သည် အဘယ်ကြောင့်​အန္တရာယ်​ရှိ​သနည်း။

ပေါလု​က​ဤ​ဆို​၏– “အကြင်သူသည် မိမိ​တည်ကြည်​လျက်​နေသည်​ဟု မိမိ​ထင်မှတ်​၏။ ထို​သူသည် မလဲ​ခြင်း​ငှာ​သတိပြု​စေ။” (၁ ကောရိန္သု ၁၀:၁၂) ကျွန်ုပ်​တို့၏​ကိုယ်ကျင့်တရား​ဆိုင်ရာ​ခွန်အား​နှင့်​ပတ်သက်​၍ မိမိတို့​ကိုယ်ကို​ယုံကြည်​စိတ်ချ​လွန်း​ခြင်း​သည် အန္တရာယ်​ရှိ၏။ ယင်းက ပင်ကို​ဇာတိ​စိတ်​နှင့် အပြစ်​တရား​၏​စွမ်းအား​တို့ကို နားလည်မှု​ကင်းမဲ့​ကြောင်း​ဖော်ပြ​သည်။ မောရှေ၊ ဒါဝိဒ်၊ ရှောလမုန်​နှင့် တမန်​တော်​ပေတရု​တို့​ကဲ့သို့​သော​သူများ​ပင် အပြစ်​တရား​လက်​တွင်း ကျဆင်း​ခဲ့​ကြသည်​ဖြစ်​ရာ ကျွန်ုပ်​တို့ကို​မထိခိုက်​ဟု ယူမှတ်​သင့်​သလော။ (တောလည်ရာ ၂၀:၂-၁၃; ၂ ဓမ္မ​ရာဇဝင် ၁၁:၁-၂၇; ၃ ဓမ္မ​ရာဇဝင် ၁၁:၁-၆; မဿဲ ၂၆:၆၉-၇၅) နယပုံပြင် ၁၄:၁၆ [သ​မ] က “ပညာ​သည် အဆိုးကို​ကြောက်ရွံ့​၍ ကြ​ဉ်​ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မောက်မာ​၍​စိတ်ချ​စွာ​နေတတ်​၏” ဟု​ဆို​သည်။ ထို့​ပြင် ယေရှု​က “စိတ်​ဝိညာဉ်​ကား စေတနာ​ရှိ​ငြား​သော်လည်း၊ ကိုယ်​မူ​ကား​အားနည်း​သည်” ဟု​မိန့်ဆိုခဲ့​၏။ (မဿဲ ၂၆:၄၁) မစုံလင်​သော​လူသားများ​သည် ဆိုးညစ်သော​အာသာဆန္ဒ​များနှင့် မကင်း​လွတ်​ကြ​သဖြင့် ပေါလု​၏​သတိပေး​ချက်​ကို အလေးအနက်​ထား​ကာ သွေးဆောင်မှု​ကို​တွန်းလှန်​ဖို့​လို​သည်၊ သို့​မဟုတ်လျှင် ကျွန်ုပ်​တို့​ကျရှုံး​သွား​နိုင်​သည်။—ယေရမိ ၁၇:၉

၆။ သွေးဆောင်မှု​အတွက် မည်သည့်​အချိန်၌ မည်သို့​အသင့်ပြင်​ထား​သင့်​သနည်း။

မမျှော်လင့်​ဘဲ​ကျရောက်​လာနိုင်​သော ပြဿနာ​များ​အတွက် အသင့်ပြင်​ထားခြင်း​သည် ပညာရှိရာ​ရောက်​၏။ ငြိမ်သက်​သော​အချိန်ကာလ​သည် ခံတပ်​များ​ကို​တည်ဆောက်​ဖို့​အချိန်​ဖြစ်​ကြောင်း ဘုရင်​အာသ​အသိအမှတ်ပြု​ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၁၄:၂၊ ၆၊ ၇) တိုက်ခိုက်​ခံရ​ချိန်​၌ ပြင်ဆင်​ရန်​အချိန် မရှိတော့​ကြောင်းကို သူသိ​ခဲ့​သည်။ အလားတူ သွေးဆောင်မှုများ​ပေါ်လာ​ချိန်​၌ အဘယ်​သို့​ပြု​ရမည်​နှင့်​ပတ်သက်သော ဆုံးဖြတ်ချက်​များ​ကို အပူအပင်​မရှိ​ငြိမ်သက်​ချိန်​များ​တွင် ခေါင်း​အေးအေး​ထား​စဉ်းစား​ပြုလုပ်ခြင်း​သည် အကောင်းဆုံး​ဖြစ်သည်။ (ဆာလံ ၆၃:၅) ဒံယေလ​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​သော သူ၏​မိတ်ဆွေများ​သည် ဘုရင့်​ခဲ​ဖွယ်​စား​ဖွယ်​ကို​စားသုံး​ဖို့ ဖိအားပေး​မခံရမီ​ကတည်းက ယေဟောဝါ​၏​ပညတ်တော်​ကို​စောင့်ရှောက်​ဖို့ ဆုံးဖြတ်ချက်​ချ​ခဲ့​ကြသည်။ ထို့​ကြောင့် မိမိတို့၏​ခံယူ​ချက်​များ​အတိုင်း​စွဲမြဲ​စွာ​နေဖို့ ဆုတ်ဆိုင်း​မနေကြ​ဘဲ မသန့်ရှင်း​သော​အစာကို​မစား​ခဲ့​ကြ​ချေ။ (ဒံယေလ ၁:၈) သွေးဆောင်​သည့်​အခြေအနေများ မ​ပေါ်ပေါက်​မီ ကိုယ်ကျင့်တရား​သန့်ရှင်း​စွာ​နေထိုင်ဖို့ ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို အားဖြည့်ပေး​ကြပါစို့။ သို့ပြုလျှင် အပြစ်ကို​တွန်းလှန်​ဖို့​ခွန်အား​ကို ကျွန်ုပ်​တို့​ရရှိကြ​မည်။

၇။ အခြား​သူများ​သည် သွေးဆောင်မှု​ကို အောင်မြင်စွာ​တွန်းလှန်​ခဲ့​ကြ​ကြောင်း​သိရ​ခြင်း​သည် အဘယ်ကြောင့်​စိတ်သက်သာ​စ​ရာ​ဖြစ်သနည်း။

“လူ​၌​ဖြစ်တတ်သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို​သာ သင်တို့သည်​ခံရ​ကြ​၏” ဟူသော​ပေါလု​၏​စကား​မှ ကျွန်ုပ်​တို့​အမှန်​စိတ်သက်သာ​မှု​ရရှိ​ကြသည်​တကား! (၁ ကောရိန္သု ၁၀:၁၃) တမန်​တော်​ပေတရု​က ဤသို့​ရေးခဲ့​သည်– “လူ​ပြည်​အရပ်ရပ်​တို့​၌​ရှိသော သင်တို့​ညီအစ်ကို​များ​တို့သည် ထိုသို့​သော​ဆင်းရဲ​ကို​ခံရ​သည်​ဟု သိမှတ်​လျက်၊ ယုံကြည်ခြင်း၌​တည်​၍ [စာတန်] ကို​ဆီးတား​ကြလော့။” (၁ ပေတရု ၅:၉) အခြား​သူများ​သည် အလားတူ​သွေးဆောင်မှုများ​ကို ရင်ဆိုင်ခဲ့​ကြ​ပြီး ဘုရားသခင့်​အကူအညီ​ဖြင့် အောင်မြင်စွာ​တွန်းလှန်​ခဲ့​ကြသည်​ဖြစ်​ရာ ကျွန်ုပ်​တို့​လည်း ထိုသို့​ပြု​နိုင်​ပါ​သည်။ သို့သော် ခရစ်ယာန်စစ်​များသည် ကိုယ်ကျင့်တရား​ပျက်ပြား​သော​လောက​၌ အသက်ရှင်နေ​ကြသော​ကြောင့် ကျွန်ုပ်​တို့အားလုံး အနှေး​နှင့်​အမြန်​သွေးဆောင်​ခံရ​ဖို့ မျှော်လင့်​နိုင်​သည်။ သို့​ဖြစ်၍ လူ့​အားနည်းမှု​နှင့် အပြစ်​တရား​သို့​သွေးဆောင်မှု​တို့ကို အနိုင်ယူ​နိုင်​ကြောင်း မည်သို့​ယုံကြည်​စိတ်ချ​နိုင်​သနည်း။

သွေးဆောင်မှု​ကို​ကျွန်ုပ်​တို့​တွန်းလှန်​နိုင်!

၈။ သွေးဆောင်မှု​ကို​ရှောင်​ဖို့ အခြေခံကျ​သော​နည်း​တစ်နည်း​ကား အဘယ်နည်း။

‘အပြစ်​တရား​၏​အစေခံများ​ဖြစ်’ ရခြင်း​မှ​ကင်းလွတ်​ရန် အခြေခံကျ​သည့်​နည်း​တစ်နည်း​မှာ သွေးဆောင်မှု​ကို​တတ်နိုင်​သရွေ့ ရှောင်ကြဉ်​ခြင်း​ဖြစ်၏။ (ရောမ ၆:၆) နယပုံပြင် ၄:၁၄၊ ၁၅ [သမ္မာ] က​ဤသို့​တိုက်တွန်း​သည်– “လူဆိုး​တို့​လမ်း​ထဲ​သို့​မဝင်​နှင့်။ ဆိုးယုတ်သူ​တို့​လမ်း၌ မလျှောက်​မသွား​နှင့်။ သူတို့​လမ်းကို​ရှောင်​လော့။ မလိုက်​မသွား​နှင့်။ လွှဲ​သွားလော့။” အချို့​သော​အခြေအနေ​များသည် အပြစ်​သို့​ဦးတည်​နိုင်​မည့်​ပုံစံ​ဟုတ်မဟုတ် ကျွန်ုပ်​တို့​ကြိုသိ​ထား​လေ့​ရှိသည်။ ထို့​ကြောင့် ခရစ်ယာန်​များ​အနေ​နှင့် အထင်အရှား​ပြုလုပ်​ရမည့်​အရာ​မှာ မှားယွင်းသော​ဆန္ဒ​များနှင့် မသန့်ရှင်း​သော​စိတ်​စွဲလမ်း​ရာ​များ​ဖြင့် ကျွန်ုပ်​တို့ကို​ဆွပေး​နိုင်သော မည်​သူ့ကို​မဆို၊ မည်သည့်​အရာ၊ မည်သည့်​နေရာကို​မဆို​နှင့် ဝေးဝေး​နေ​ကာ “လွှဲ​သွား” ရန်ဖြစ်​၏။

၉။ အန္တရာယ်​မကင်း​ဖွယ်​အခြေအနေ​များ​မှ ထွက်ပြေး​ခြင်း​ကို ကျမ်း​စာစောင်​များ​က မည်သို့​ဖော်ပြ​သနည်း။

သွေးဆောင်မှု​ကို​အနိုင်ယူ​သော အခြေခံကျ​သည့် အခြား​ခြေလှမ်း​တစ်ခု​မှာ သွေးဆောင်မှု​ဖြစ်စေ​သည့်​အခြေအနေ​တစ်ခု​မှ ထွက်ပြေး​ခြင်း​ဖြစ်သည်။ ပေါလု​က “မတရားသော​မေထုန်​မှ ပြေး​ကြလော့” ဟု​အကြံပေး​ခဲ့​သည်။ (၁ ကောရိန္သု ၆:၁၈က​ဘ) “[ရုပ်] ကိုးကွယ်​ခြင်း​အမှု​မှ ပြေး​ကြလော့” ဟု​သူ​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၁၀:၁၄က​ဘ) ထို့​ပြင် စည်းစိမ်ဥစ္စာ​ကို အလွန်အမင်း​တပ်မက်​ခြင်း​နှင့် “လူပျို​တို့၏​တပ်မက်​ခြင်း​ကိ​လေ​သာ​စိတ်” တို့​မှ​ရှောင်ပြေး​ဖို့ တိမောသေ​အား တမန်​တော်​က​သတိပေး​ခဲ့​သည်။—၂ တိမောသေ ၂:၂၂; ၁ တိမောသေ ၆:၉-၁၁

၁၀။ သွေးဆောင်မှု​မှ​ထွက်ပြေး​ခြင်း​၏​တန်ဖိုး​ကို အဘယ်​ဆန့်ကျင်ဘက်​ဥပမာ​နှစ်ခု​က တင်ပြ​သနည်း။

၁၀ ဣသရေလ​ဘုရင်​ဒါဝိဒ်​၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ သူ၏​နန်းတော်​အမိုးပေါ်​မှ ကြည့်​လိုက်​သည့်​အခါ လှပသော​အမျိုးသမီး​တစ်ဦး​ရေချိုး​နေသည်​ကို သူ​မြင်တွေ့ခဲ့​ပြီး သူ့​နှလုံး​တွင် မှားယွင်းသော​ဆန္ဒ​များနှင့်​ပြည့်နှက်​လာ​သည်။ သူသည် ထို​နေရာ​မှ​ထွက်သွား​ပြီး သွေးဆောင်မှု​မှ ဝေးဝေး​ထွက်ပြေး​သင့်​သည်။ ယင်းအစား သူသည် ဤ​အမျိုးသမီး—ဗာသရှေဘ—အကြောင်းစုံ​စမ်း​ခဲ့​ပြီး အကျိုးဆက်များ​မှာ ယူကျုံး​မရ​ဖြစ်​ခဲ့​ရသည်။ (၂ ဓမ္မ​ရာဇဝင် ၁၁:၁–၁၂:၂၃) အခြား​တစ်ဖက်​တွင်​မူ သူ့​သခင်၏​အကျင့်ပျက်​သော​ဇနီး​က သူနှင့်​အတူ​အိပ်​ရန်​နားချ​သောအခါ ယောသပ်​မည်သို့​ပြုမူ​ခဲ့​သနည်း။ မှတ်တမ်းက​ဤသို့​ပြောပြ​သည်– “ထိုသို့​သခင်မ​သည် နေ့တိုင်း​သွေးဆောင်​သော်လည်း၊ ယောသပ်​သည် သူ၏​စကား​ကို​နားမထောင်၊ သူနှင့်​အတူ​အိပ်ခြင်း၊ နေခြင်း​အမှုကို​ရှောင်​လေ​၏။” မောရှေ​ပညတ္တိကျမ်း​ပါ​ပညတ်​များ​မရှိ​သေး၊ မပေး​သေး​သော်လည်း ယောသပ်​က “အပြစ်ကြီး​သောဤ​အမှုကို​ကျွန်တော်​ပြု​၍ ဘုရားသခင်​ကို အဘယ်​သို့​ပြစ်မှား​နိုင်​သနည်း” ဟု​ဖြေဆိုခဲ့သည်။ တစ်နေ့​တွင် သခင်မ​သည် သူ့ကို​ကိုင်ဆွဲ​လျက် “ငါ​နှင့်အတူ​အိပ်​ပါ” ဟု​ဆို​၏။ ယောသပ်​သည် ထို​နေရာတွင်​ဆက်နေ​ကာ သူ့ကို​ကျိုးကြောင်း​ပြော​၍ ဖျောင်းဖျ​ဖို့​ကြိုးစား​ခဲ့​သလော။ မကြိုးစား​ခဲ့​ပါ။ သူသည် “မိမိ​အဝတ်ကို​စွန့်​၍ ပြင်​သို့​ထွက်ပြေး” လေ​၏။ ယောသပ်​သည် လိင်ဆိုင်ရာ​သွေးဆောင်မှု​ကို ဖြစ်ပျက်​ဖို့​အခွင့်မပေး​ခဲ့​ပါ။ သူ​ထွက်ပြေး​ခဲ့​သည်။—ကမ္ဘာဦး ၃၉:၇-၁၆

၁၁။ ထပ်တလဲလဲ​သွေးဆောင်မှု​ကို ကြုံတွေ့​နေရ​လျှင် ကျွန်ုပ်​တို့​အဘယ်အရာ လုပ်နိုင်​ဖွယ်​ရှိ​သနည်း။

၁၁ တစ်ခါတစ်ရံ ထွက်ပြေး​ခြင်း​ကို သူရဲဘော​နည်း​ခြင်း​ဟု​ယူမှတ်​ကြသည်၊ သို့သော် အခြေအနေ​တစ်ခု​မှ ရုပ်ပိုင်း​အရ​ထွက်ခွာ​သွားခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်လေ့​ရှိသည်။ အလုပ်​တွင် ထပ်တလဲလဲ​သွေးဆောင်မှု​ကို ကျွန်ုပ်​တို့​ကြုံတွေ့​နေရ​ကောင်း ကြုံတွေ့​နေရ​ပေမည်။ အလုပ်​ပြောင်း​ဖို့​မဖြစ်​နိုင်​သော်လည်း သွေးဆောင်မှု​ဖြစ်စေ​သည့်​အခြေအနေ​များ​မှ ထွက်ခွာ​သွားဖို့ ကျွန်ုပ်​တို့​၌​အခြား​နည်းလမ်းများ​ရှိ​နိုင်​သည်။ ကျွန်ုပ်​တို့​သိရှိ​ထားသော မည်သည့်​အမှား​မဆို​မှ ထွက်ပြေး​ဖို့​လို​သည်၊ ထို့​ပြင် မှန်ရာကို​သာ​ပြုလုပ်​ဖို့ စိတ်ပိုင်းဖြတ်​ထား​သင့်​သည်။ (အာမုတ် ၅:၁၅) အခြား​နေရာများ​တွင်​မူ သွေးဆောင်မှု​မှ​ထွက်ပြေး​ခြင်း​တွင် ညစ်ညမ်း​သော​အင်တာနက်​ဆိုက်များ​နှင့် ဒွိဟ​ဖြစ်ဖွယ်​အပန်းဖြေ​သည့်​နေရာများ​ကို ရှောင်​ဖို့​လို​ပေမည်။ ယင်းက မဂ္ဂဇင်း​တစ်စောင်​ကို လွှင့်ပစ်ခြင်း သို့​မဟုတ် ဘုရားသခင်​ကို​ချစ်​ပြီး ကျွန်ုပ်​တို့အား​ကူညီပေး​နိုင်သော မိတ်ဆွေသစ်​များ​ရှာဖွေခြင်း​ကိုလည်း ဆိုလို​နိုင်​သည်။ (သု. ၁၃:၂၀) ကျွန်ုပ်​တို့ကို​အပြစ်​သို့​သွေးဆောင်​သော မည်သည့်​အရာ​ကို​မဆို ယတိပြတ်​ကျောခိုင်း​ပစ်​မည်​ဆိုလျှင် ပညာရှိရာ​ရောက်​၏။—ရောမ ၁၂:၉

ဆုတောင်းခြင်း​က ထောက်ကူ​ပေး​နိုင်​ပုံ

၁၂။ “အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​ပါစေ” နှင့်​ဟု​ကျွန်ုပ်​တို့​ဆုတောင်း​သောအခါ ဘုရားသခင်​ထံ​မှ​အဘယ်အရာကို​တောင်းခံ​ခြင်း​နည်း။

၁၂ ပေါလု​က အားရှိစေ​သော ဤ​အာမခံချက်ကို​ပေး​သည်– “ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည်​ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ၊ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။” (၁ ကောရိန္သု ၁၀:၁၃) ကျွန်ုပ်​တို့ကို​ယေဟောဝါ​ထောက်ကူ​ပေး​သည့်​နည်း​တစ်နည်း​မှာ သွေးဆောင်မှု​ကို​ဆိုင်ပြိုင်​တိုက်လှန်​ရာ​၌ ကိုယ်တော့်​ထောက်မမှု​အတွက် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို​ဖြေကြား​ခြင်း​ဖြင့်​ဖြစ်သည်။ “အပြစ်​သွေးဆောင်​ရာ​သို့ မလိုက်​မပါ​စေ​ဘဲ၊ မကောင်းသော​အမှုအရာ​မှ​လည်း ကယ်နုတ်​တော်​မူ​ပါ” ဟု​ကျွန်ုပ်​တို့​ဆုတောင်း​ကြ​ရန် ယေရှု​ခရစ်​သင်ကြား​ပေး​ခဲ့​သည်။ (မဿဲ ၆:၁၃) နှလုံး​ပါ​သည့်​ယင်း​သို့​သော​ဆုတောင်းချက်​ကို​ဖြေကြား​ပေး​ရာ​၌ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို အပြစ်​သွေးဆောင်မှု​ထဲ​တွင် စွန့်ပစ်​ထား​မည်​မဟုတ်ပါ; စာတန်​နှင့် သူ၏ စဉ်းလဲ​သော​လုပ်ရပ်များ​မှ ကျွန်ုပ်​တို့ကို​ကိုယ်တော်​လွတ်မြောက်​စေပါ​လိမ့်​မည်။ (ဧဖက် ၆:၁၁က​ဘ အောက်ခြေမှတ်ချက်) သွေးဆောင်မှုများ​ကို​ကျွန်ုပ်​တို့​သိရှိပြီး ၎င်းတို့ကို​တွန်းလှန်​ရန်​ခွန်အား​ရှိဖို့ ဘုရားသခင်​ထံ​မှ​မစမှု​တောင်းခံ​သင့်​သည်။ သွေးဆောင်​ခံရသော​အခါ ကျရှုံး​ခွင့်​မပြုဖို့ ကျွန်ုပ်​တို့​အသနားခံ​မည်​ဆိုလျှင် ‘မကောင်းသော​သူ’ စာတန်​၏​လှည့်စားမှု​မခံ​ရဖို့ ကိုယ်တော်​ကူမ​ပါ​လိမ့်​မည်။

၁၃။ စွဲမြဲ​နေသော​သွေးဆောင်မှု​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ရသောအခါ အဘယ်အရာ​ပြုသင့်​သနည်း။

၁၃ သဲ​သဲ​မဲ​မဲ​မနားတမ်း​သွေးဆောင်မှု​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ရသောအခါ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​ဖို့ အထူး​လိုအပ်​သည်။ အချို့​သော​သွေးဆောင်မှုများ​သည် အတွေးအခေါ်၊ သဘောထားများ​နှင့် ပြင်းထန်သော အတွင်းပိုင်း​ရုန်းကန်​တိုက်လှန်မှု​ကို ပေါ်ပေါက်​စေနိုင်​ကာ ကျွန်ုပ်​တို့​အမှန်​မည်မျှ​အားနည်း​ကြောင်း သိသာ​စွာ​သတိပေး​နှိုးဆော်​မှု​ဖြစ်စေ​သည်။ (ဆာလံ ၅၁:၅) ဥပမာ၊ ယခင်​က​အကျင့်ဆိုး​တစ်ခုခု​ကို ပြန်​အမှတ်ရ​ကာ စိတ်​ဆင်းရဲ​နေ​မည်​ဆိုလျှင် ကျွန်ုပ်​တို့​အဘယ်​သို့​ပြု​နိုင်​သနည်း။ ၎င်းတို့ကို​ပြန်​ပြု​ဖို့ သွေးဆောင်​ခံရ​လျှင်​ကော။ ထိုသို့​သော​ခံစားချက်​များ​ကို ကြိုးစား​မျိုသိပ်​ထား​ရုံ​ထား​မည့်​အစား ထို​ကိစ္စ​နှင့်​ပတ်သက်​၍ ယေဟောဝါ​ထံ​ဆုတောင်း​ပါ—လိုအပ်​မည်​ဆိုလျှင် အကြိမ်ကြိမ်​တောင်း​ပါ။ (ဆာလံ ၅၅:၂၂) ကျွန်ုပ်​တို့၏​မသန့်ရှင်း​သော​စိတ်​သဘောထားကို သန့်ရှင်း​စေဖို့ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့၏​တန်ခိုး​အားဖြင့် ထောက်မ​ပေး​နိုင်​သည်။—ဆာလံ ၁၉:၈၊ ၉

၁၄။ လူ့​အားနည်းမှု​ကို အောင်မြင်​ကျော်လွှား​ရန် ဆုတောင်းခြင်း​သည် အဘယ်ကြောင့်​မ​ရှိလျှင်​မဖြစ်​သနည်း။

၁၄ ဂေသရှေမန်​ဥယျာဉ်​တွင် တမန်​တော်​များ​၏​ငိုက်​မြည်း​ခြင်း​ကို သတိပြုမိ​ကာ ယေရှု​ဤသို့​တိုက်တွန်း​ခဲ့​သည်– “စုံစမ်း​နှောင့်ယှက်ခြင်း​နှင့်​ကင်းလွတ်​မည်​အကြောင်း ဆုတောင်း​လျက်​စောင့်နေ​ကြလော့။ စိတ်​ဝိညာဉ်​ကား စေတနာ​ရှိ​ငြား​သော်လည်း၊ ကိုယ်​မူ​ကား​အားနည်း​သည်။” (မဿဲ ၂၆:၄၁) သွေးဆောင်မှု​ကို အောင်မြင်​ကျော်လွှား​ရန် နည်း​တစ်နည်း​မှာ သွေးဆောင်မှု​ဖြစ်ပေါ်​နိုင်သော​ပုံစံ​အမျိုးမျိုးကို မျက်စိရှင်ရှင်​ထား​ကာ ယင်း​၏​ကောက်ကျစ်​မှုများ​ကို အကင်းပါးပါး​သတိရှိ​ရှိနေ​ရန်ဖြစ်​၏။ သွေးဆောင်မှု​ကို​တိုက်လှန်​ဖို့ ဝိညာဉ်​ရေး​အရ​အသင့်ပြင်​ထား​နိုင်​ရန် အချိန်​မ​ဆွဲ​ဘဲ ယင်း​နှင့်​ပတ်သက်​၍ ဆုတောင်း​ဖို့​လည်း​အရေးကြီး​သည်။ အကြောင်း​မှာ သွေးဆောင်မှု​သည် ကျွန်ုပ်​တို့၏​အားအနည်းဆုံး​နေရာကို ထိုးနှက်​တတ်​ရာ ၎င်းကို ကျွန်ုပ်​တို့​တစ်ဦးတည်း​မတွန်းလှန်​နိုင်​ပါ။ စာတန်​အား​ခုခံ​တွန်းလှန်​ရာ​၌ ဘုရားသခင်​၏​ခွန်အား​က ထောက်ကူ​ပေး​နိုင်သော​ကြောင့် ဆုတောင်းခြင်း​မ​ရှိလျှင်​မဖြစ်​ချေ။ (ဖိလိပ္ပိ ၄:၆၊ ၇) ‘အသင်းတော်​အသက်ကြီးသူ​များ’ ၏​ဝိညာဉ်​ရေးရာ​ထောက်မမှု​နှင့် ဆုတောင်းချက်​များ​ကိုလည်း ကျွန်ုပ်​တို့​လိုအပ်​ပေမည်။—ယာကုပ် ၅:၁၃-၁၈

သွေးဆောင်မှု​ကို နိုးကြား​တက်ကြွ​စွာ​တွန်းလှန်​လော့

၁၅။ သွေးဆောင်မှု​ကို​တွန်းလှန်​ခြင်း​၌ အဘယ်အရာ​ပါဝင်​သနည်း။

၁၅ သွေးဆောင်မှု​ကို တတ်နိုင်​သ၍ တိမ်းရှောင်​သည့်​အပြင် ၎င်း​ကျော်လွန်​သွား​သည့်​အထိ သို့​မဟုတ် အခြေအနေ​ပြောင်း​သွား​သည့်​အထိ နိုးကြား​တက်ကြွ​စွာ​တွန်းလှန်​ရမည်။ စာတန်​၏​သွေးဆောင်မှု​ကို​ခံ​ခဲ့​ချိန်​တွင် ယေရှုသည် စာတန်​ထွက်ခွာ​သွား​သည့်​အထိ တွန်းလှန်​ခဲ့​၏။ (မဿဲ ၄:၁-၁၁) တပည့်တော်​ယာကုပ်​က “[စာတန်] ကို​ဆီးတား​ကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့​ထံ​က​ပြေး​သွား​လိမ့်​မည်” ဟု​ရေးသားခဲ့​သည်။ (ယာကုပ် ၄:၇) ခုခံ​တွန်းလှန်​ခြင်း​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဖြင့် ကျွန်ုပ်​တို့၏​စိတ်​သဘောကို ခိုင်ခံ့​စေခြင်း​နှင့် ကိုယ်တော့်​စံနှုန်း​များ​ကို​စွဲကိုင်​မည်​ဟု အခိုင်အမာ​ဆုံးဖြတ်ခြင်း​တို့​ဖြင့်​စတင်​သည်။ ကျွန်ုပ်​တို့​အထူး​အားနည်း​ရာ​ကို ကိုင်တွယ်​ဖြေရှင်း​ပေး​သော အဓိက​ကျမ်းချက်​များ​ကို အလွတ်ကျက်​မှတ်​ကာ စဉ်းစား​ဆင်ခြင်​သင့်​သည်။ ကျွန်ုပ်​တို့၏​စိုးရိမ်​ပူပန်မှု​များ​ကို​ဝေမျှ​၍ သွေးဆောင်မှု ထိုးနှက်​ခံရ​ချိန်​တွင် အကူအညီ​တောင်းခံ​နိုင်သော အကြီးအကဲ​တစ်ဦး​ဖြစ်​ကောင်း​ဖြစ်​မည့် ရင့်ကျက်သည့်​ခရစ်ယာန်​တစ်ဦး​ကို ရှာကြံ​ခြင်း​သည် ပညာရှိရာ​ရောက်မည်။—သု. ၂၂:၁၇

၁၆။ ကျွန်ုပ်​တို့သည် ကိုယ်ကျင့်တရား​ဖြောင့်မှန်​စွာ မည်သို့​နေထိုင်​နိုင်​သနည်း။

၁၆ ကျမ်း​စာစောင်​များ​က ဥပဓိရုပ်​သစ်​ကို​ယူတင်​ဝတ်ဆောင်​ရန် ကျွန်ုပ်​တို့ကို​တိုက်တွန်း​သည်။ (ဧဖက် ၄:၂၄) ယင်းက ကျွန်ုပ်​တို့အား​ပြုပြင်​ပုံသွင်း​ရန် ယေဟောဝါ​အား​ခွင့်ပြု​ခြင်း​ကို​ဆိုလို​၏။ မိမိ၏​လုပ်ဖော်ဆောင်ဖက်​ဖြစ်သူ တိမောသေ​ထံ​စာရေး​ရာ​၌ ပေါလု​ဤသို့​ဆို​ခဲ့​သည်– “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဘုရားဝတ်​၌​မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို မီအောင်လိုက်​ကြလော့။ ယုံကြည်ခြင်း​နှင့်​ဆိုင်၍ ကောင်းစွာ​သော​တိုက်လှန်​ခြင်း​ကို​ပြု​လော့။ ထာဝရ​အသက်ကို​ကိုင်​ယူ​လော့။ ထို​အသက်ကို​ရမည်​အကြောင်း၊ သင်သည်​ခေါ်တော်မူ​ခြင်း​ကို​ခံရ​၍၊ သက်သေ​အများ​တို့​ရှေ့၌ ကောင်းမွန်​စွာ​ဝန်ခံ​ပြီ။” (၁ တိမောသေ ၆:၁၁၊ ၁၂) ကိုယ်တော်​၏​ဥပဓိရုပ်​ကို အတွင်းကျကျ​သိရှိဖို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လုံ့လ​ရှိ​စွာ​လေ့လာ​ကာ ကိုယ်တော့်​တောင်းဆိုချက်​များနှင့်​အညီ ပြုမူ​ကျင့်ကြံခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ‘ဖြောင့်မတ်ခြင်း​ကို မီအောင်လိုက်’ နိုင်​သည်။ သတင်းကောင်း​ဟောပြောခြင်း​နှင့် အစည်းအဝေး​များ​တက်​ခြင်း​စ​သည့် ခရစ်ယာန်​လုပ်ဆောင်မှု​ဇယား​အပြည့်​ရှိ​ခြင်း​လည်း အရေးပါ​၏။ ဘုရားသခင်​ထံ​ချဉ်းကပ်​ပြီး ကိုယ်တော်​၏​ဝိညာဉ်​ရေးရာ​ထောက်မမှု​များ​မှ အကျိုး​အပြည့်အဝ​ရယူခြင်း​က ဝိညာဉ်ရေးတွင်​တိုးတက်​ရန်​နှင့် ကိုယ်ကျင့်တရား​ဖြောင့်မှန်​စွာ​နေထိုင်ရန် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​ပါ​လိမ့်​မည်။—ယာကုပ် ၄:၈

၁၇။ သွေးဆောင်​ခံရ​စဉ်​အတောအတွင်း ကျွန်ုပ်​တို့ကို​ဘုရားသခင်​စွန့်ပယ်​မည်​မဟုတ်​ကြောင်း မည်သို့​သိနိုင်​သနည်း။

၁၇ ကျွန်ုပ်​တို့​ကြုံတွေ့​ရသော မည်သည့်​သွေးဆောင်မှု​မဆို​သည် ယင်းကို​ဖြေရှင်း​နိုင်​သည့် ဘုရားသခင်​ပေး​အစွမ်းထက် ဘယ်တော့​မျှ​မ​သာ​ကြောင်းကို ပေါလု​က​စိတ်ချ​စေ​သည်။ ယေဟောဝါ​သည် ‘ကျွန်ုပ်​တို့​ခံနိုင်​မည်​အကြောင်း ထွက်မြောက်​သော​လမ်းကို စီရင်​ပြုပြင်’ ပေး​ပါ​လိမ့်​မည်။ (၁ ကောရိန္သု ၁၀:၁၃) အမှန်​မှာ ကျွန်ုပ်​တို့​သာ ဘုရားသခင်​ကို ဆက်၍​မှီခို​အားထား​လျှင် ကျွန်ုပ်​တို့​ဆက်​သစ္စာ​တည်ကြည်​ရန် ဝိညာဉ်​ခွန်အား​မ​လုံမ​လောက်​ဖြစ်စေ​သည်​အထိ သွေးဆောင်မှု​လွှမ်းမိုး​လာ​စေရန် ကိုယ်တော်​ခွင့်​မပြု​ချေ။ ကိုယ်တော့်​မျက်မှောက် အမှား​ပြုလုပ်​ဖို့ သွေးဆောင်​ခံရ​ခြင်း​ကို နိုးကြား​တက်ကြွ​စွာ​တွန်းလှန်​ရာ​၌ ကျွန်ုပ်​တို့ကို​ကိုယ်တော်​အောင်မြင်​စေ​လို​သည်။ ထို့​ပြင် “ငါသည်​သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား” ဟူသော​ကိုယ်တော်​၏​ကတိတော်​၌ ကျွန်ုပ်​တို့​ယုံကြည်​နိုင်​သည်။—ဟေဗြဲ ၁၃:၅

၁၈။ ကျွန်ုပ်​တို့သည် လူ့​အားနည်းမှု​ကို အနိုင်​ယူဖို့ အဘယ်ကြောင့် သေချာ​နိုင်​သနည်း။

၁၈ လူ့​အားနည်းမှု​ကို မိမိ​ကိုယ်တိုင်​ခုခံ​တွန်းလှန်​ခြင်း​၏​ရလဒ်ကို ပေါလု မသေချာ​မရေရာ မဖြစ်ခဲ့​ပါ။ ဇာတိ​လိုအင်ဆန္ဒ​များ​ကို မခုခံ​နိုင်သော သနားစရာ​သတ္တဝါ​အဖြစ် မိမိကိုယ်ကို မယူမှတ်​ခဲ့​ချေ။ ယင်း​နှင့်​ဆန့်ကျင်​လျက် သူ​ဤသို့​ဆို​ခဲ့​သည်– “ငါ​ပြေး​သောအခါ အမှတ်တမဲ့ [“မသေချာ​မရေရာ​နှင့်၊” က​ဘ] ပြေး​သည်မဟုတ်။ လက်​ပွေ့​သတ်​သောအခါ အာကာသ​ကောင်းကင်​ကို​သာ ထိုး​၍​သတ်​သည်မဟုတ်။ သူတစ်ပါးကို​ဆုံးမ​ပြီး​မှ ကိုယ်တိုင်​ရှုံး​သော​သူ​မဖြစ်ရ​မည်​အကြောင်း၊ ကိုယ်ကို​ထိုး​၍​နှိပ်စက်​လေ့​ရှိ၏။” (၁ ကောရိန္သု ၉:၂၆၊ ၂၇) ကျွန်ုပ်​တို့​လည်း မစုံလင်​သော​ဇာတိ​သဘောကို အောင်မြင်စွာ​တိုက်လှန်​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့၏​မေတ္တာရှင်​ကောင်းကင်​ခမည်းတော်​သည် ကျမ်း​စာစောင်​များ၊ သမ္မာကျမ်းစာ​အခြေပြု​စာပေ​များ၊ ခရစ်ယာန်​အစည်းအဝေးများနှင့် ရင့်ကျက်သော​ခရစ်ယာန်​ချင်း​များ​အားဖြင့် ဖြောင့်မှန်​သော​လမ်းကို ဆက်လျှောက်​ရန် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​သော သတိပေး​ချက်​များ​ကို မပြတ်​ပေးသနား​တော်​မူ​၏။ ကိုယ်တော်​၏​အကူအညီ​ဖြင့် လူ့​အားနည်းမှု​ကို ကျွန်ုပ်​တို့ အနိုင်ယူ​နိုင်​ပါ​သည်!

သင်​မှတ်မိ​သလော

• ‘ဇာတိ​ပကတိ​သဘော​ရှိ​ခြင်း’ ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

• သွေးဆောင်မှု​အတွက် ကျွန်ုပ်​တို့​မည်သို့ အသင့်ပြင်​ထား​နိုင်​သနည်း။

• သွေးဆောင်မှု​ကို အောင်မြင်​ကျော်လွှား​ရန် ကျွန်ုပ်​တို့​အဘယ်အရာ​ပြု​နိုင်​သနည်း။

• သွေးဆောင်မှု​ကို​ရင်ဆိုင်​ဖြေရှင်း​ရာ​၌ ဆုတောင်းခြင်း​သည် အဘယ်​ကဏ္ဍ​၌​ပါဝင်​သနည်း။

• လူ့​အားနည်းမှု​ကို အနိုင်ယူ​ရန်ဖြစ်​နိုင်​ကြောင်း ကျွန်ုပ်​တို့ အဘယ်ကြောင့်​သိရ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် ဇာတိ​လိုအင်ဆန္ဒ​များ​၏ အားကိုးရာမဲ့​သားကောင်​ဖြစ်သည်ဟု သမ္မာကျမ်းစာ​က​မသွန်သင်​ပါ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

အပြစ်ကို​ရှောင်ရန် အခြေခံကျ​သော နည်း​တစ်နည်း​မှာ သွေးဆောင်မှု​မှ ထွက်ပြေး​ခြင်း​ဖြစ်၏