မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်သဘောရှိ၍ အသက်ရှင်လော့!

ဝိညာဉ်သဘောရှိ၍ အသက်ရှင်လော့!

ဝိညာဉ်​သဘော​ရှိ၍ အသက်ရှင်​လော့!

“ဝိညာဉ်​ပကတိ​စိတ်သဘော​သည် အသက်ရှင်ခြင်း​အကြောင်း . . . ဖြစ်၏။”—ရောမ ၈:၆

၁၊ ၂။ သမ္မာကျမ်းစာ​က “ဇာတိ” နှင့် “ဝိညာဉ်” အကြား​အဘယ်​ခြားနား​ချက်​ကို ယှဉ်​ပြသ​နည်း။

ဇာတိ​အလိုဆန္ဒ​များ​ပြည့်​ခြင်း​ကို အမွှမ်းတင်​သော အကျင့်ပျက်​သည့်​လူ့​အဖွဲ့အစည်း​အလယ်တွင် ဘုရားသခင်​ရှေ့ ကိုယ်ကျင့်တရား​သန့်ရှင်းသော​အနေအထား​ဖြင့် ဆက်နေ​ထိုင်​သွား​ရန်​မှာ မလွယ်ကူ​ချေ။ သို့ရာတွင် ကျမ်း​စာစောင်​များ​က အပြစ်ပြု​လို​သော​ဇာတိ​၏​လွှမ်းမိုးမှုကို​ခံရန် မိမိကိုယ်ကို​ခွင့်ပြု​ခြင်း​၏ ထိတ်လန့်ဖွယ်​အကျိုးဆက်များ​နှင့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လွှမ်းမိုးမှုကို​ခံ​ခြင်း​ဖြင့် ရရှိသော​ကောင်းချီး​များ​အကြား ထင်ရှားသော​နယ်ခြား​စည်း​ကို​ဆွဲ​ကာ “ဇာတိ” နှင့် “ဝိညာဉ်” ကွဲပြား​ကြောင်း​နှိုင်းယှဉ်​ပြ​သည်။

ဥပမာ၊ ယေရှု​ခရစ်​က​ဤသို့​ဆို​သည်– “ဝိညာဉ်သာလျှင် အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် အလျှင်း​မတတ်နိုင်။ ငါ​ပြော​သော​စကား​သည် ဝိညာဉ်​ဖြစ်၏။ အသက်လည်း​ဖြစ်၏။” (ယောဟန် ၆:၆၃) ဂလာတိ​မြို့ရှိ​ခရစ်ယာန်​များ​ထံ တမန်​တော်​ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ဇာတိ​ပကတိ​နှင့်​ဝိညာဉ်​ပကတိ​သည် တစ်ပါး​နှင့်​တစ်ပါး​ဆန့်ကျင်​သော​အလိုရှိ​ကြ​၏။ တစ်ပါး​နှင့်​တစ်ပါး ဆန့်ကျင်ဘက်​ဖြစ်” ၏။ (ဂလာတိ ၅:၁၇) ပေါလု​က​ဤသို့​လည်း​ဆို​သည်– “မိမိ​ဇာတိ​ပကတိ​၌​မျိုးစေ့ကြဲ​သော​သူသည် ဇာတိ​ပကတိ​အားဖြင့် ပုပ်ပျက်​ခြင်း​အသီးအနှံ​ကို ရိတ်​ရ​လိမ့်​မည်။ ဝိညာဉ်​ပကတိ​၌​မျိုးစေ့ကြဲ​သော​သူသည် ဝိညာဉ်​ပကတိ​အားဖြင့် ထာဝရ​အသက်ရှင်ခြင်း​အသီးအနှံ​ကို ရိတ်​ရ​လိမ့်​မည်။”—ဂလာတိ ၆:၈

၃။ မှားယွင်းသော​ဆန္ဒ​များနှင့် စိတ်ထား​များ​မှ လွတ်မြောက်​ဖို့ အဘယ်အရာ​လိုအပ်​သနည်း။

ယေဟောဝါ​၏​သန့်ရှင်းသော​ဝိညာဉ်​တော်—ကိုယ်တော်​၏​လှုပ်ရှား​သော​စွမ်းအား—သည် မသန့်ရှင်း​သော “ကိုယ်ကာယ​တပ်မက်​ခြင်း” နှင့်​ကျွန်ုပ်​တို့၏​အပြစ်ပြု​လို​သော​ဇာတိ​၏ ဖျက်ဆီး​တတ်သော​လွှမ်းမိုးခြင်း​တို့ကို အမှန်ပင်​အမြစ်​မှ​နုတ်​ပစ်ပေး​နိုင်​သည်။ (၁ ပေတရု ၂:၁၁) မှားယွင်းသော​စိတ်ထား​များ​၏​အချုပ်အနှောင်​မှ လွတ်မြောက်​ရန် ဘုရားသခင့်​ဝိညာဉ်​တော်​အကူအညီ​ရရှိ​ခြင်း​သည် အရေးပါ​၏၊ အကြောင်း​မှာ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ဇာတိ​ပကတိ​စိတ်သဘော​သည် သေခြင်း​အကြောင်း​ဖြစ်၏။ ဝိညာဉ်​ပကတိ​စိတ်သဘော​သည် အသက်ရှင်ခြင်း​အကြောင်း​နှင့် ငြိမ်သက်ခြင်း​အကြောင်း​ဖြစ်၏။” (ရောမ ၈:၆) ဝိညာဉ်​စိတ်သဘော​ရှိ​ခြင်း​ဟူသည် အဘယ်နည်း။

“ဝိညာဉ်​ပကတိ​စိတ်သဘော”

၄။ “ဝိညာဉ်​ပကတိ​စိတ်သဘော” ဟူသည် အဘယ်နည်း။

“ဝိညာဉ်​ပကတိ​စိတ်သဘော” နှင့်​ပတ်သက်​၍​ရေးသား​ရာ​တွင် ပေါလု​သည် “စဉ်းစား​ပုံ၊ စိတ် (စွဲလမ်းမှု)၊ . . . ချိန်ရွယ်​ချက်၊ ရည်မှန်းချက်၊ ကြိုးစား​ခြင်း” ဟု​သဘော​သက်ရောက်​သော ဂရိ​စကားလုံး​ကို​အသုံးပြု​ခဲ့​သည်။ သက်ဆိုင်ရာ​ကြိယာ​သည် “တစ်စုံတစ်ရာ​သော​နည်းဖြင့် စဉ်းစား​သည်၊ စိတ်​ရှိသည်” ဟု​အဓိပ္ပာယ်​ထွက်​သည်။ ထို့​ကြောင့် ဝိညာဉ်​စိတ်သဘော​ရှိ​ခြင်း​ဟူသည် ယေဟောဝါ​၏​လှုပ်ရှား​တတ်သော​စွမ်းအား​ဖြင့် ထိန်းချုပ်မှု၊ လွှမ်းမိုးမှု​နှင့် လှုံ့ဆော်မှု​တို့ကို​ခံ​ခြင်း​ဖြစ်သည်။ တလိုတလား​ဖြင့် ကျွန်ုပ်​တို့၏​အတွေးအခေါ်​များ၊ စိတ်ထား​များနှင့် ရည်မှန်းချက်​များ​တို့ကို ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ လွှမ်းမိုးမှု​အောက် လုံးလုံးလျားလျား​ရောက်ရှိ​စေသည့် အဓိပ္ပာယ်​သက်ရောက်​သည်။

၅။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လွှမ်းမိုးမှုကို အဘယ်​အတိုင်းအတာ​အထိ ကျွန်ုပ်​တို့​ခံယူ​သင့်​သနည်း။

‘ဝိညာဉ်​တော်​၏​ကျွန်’ ဖြစ်​ခြင်း​အကြောင်း ပေါလု​ပြောဆို​သောအခါ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​လွှမ်းမိုးမှုကို ကျွန်ုပ်​တို့​ခံယူ​သင့်​သည့်​အတိုင်းအတာ​အား အလေးပေး​ဖော်ပြ​ခဲ့​သည်။ (ရောမ ၇:၆) ယေရှု၏​ရွေးဖိုး​ပူဇော်​သကာ​၌ ယုံကြည်ခြင်း​ပေါ်​အခြေပြု​လျက် ခရစ်ယာန်​များသည် အပြစ်​တရား​၏​စိုးမိုးခြင်း​မှ လွတ်မြောက်​ခဲ့​ကြ​ပြီး ဤ​နည်း​အားဖြင့် ယင်း​၏​ကျွန်​များ​ဖြစ်သည့် ယခင်​အခြေအနေ​မှ “အသေ​ဖြစ်” သွား​ကြပြီ။ (ရောမ ၆:၂၊ ၁၁) ပုံဆောင်​သဘော​အရ ထို​နည်းဖြင့်​သေဆုံး​ခဲ့​ကြ​သူတို့သည် ကာယပိုင်း​၌ အသက်ရှင်​ဆဲ​ဖြစ်​ပြီး ယခု​တွင် “ဖြောင့်မတ်ခြင်း​တရား​၏​ကျွန်” များ​အဖြစ် ခရစ်တော်​နောက်လိုက်​ရန် လွတ်လပ်​နေကြ​သည်။—ရောမ ၆:၁၈-၂၀

ထူးခြားသည့်​ပြောင်းလဲခြင်း

၆။ “ဖြောင့်မတ်ခြင်း​တရား​၏​ကျွန်” ဖြစ်လာ​ကြ​သူတို့သည် အဘယ်​အပြောင်းအလဲ ဖြစ်​ခဲ့​ကြ​သနည်း။

“အပြစ်​တရား​၏​ကျွန်” ဘဝ​မှ “ဖြောင့်မတ်ခြင်း​တရား​၏​ကျွန်” အဖြစ်​ဘုရားသခင်​အား​ဝတ်ပြုခြင်း​သို့ ပြောင်းလဲခြင်း​သည် အမှန်ပင်​ထူးခြား​ထင်ရှား​သည်။ ယင်း​သို့​ပြောင်းလဲ​ခဲ့​ကြ​သူ​အချို့​နှင့်​ပတ်သက်​၍ ပေါလု​ဤသို့​ရေးသားခဲ့​သည်– ‘သင်တို့သည် သခင်​ယေရှု၏​နာမတော်​အားဖြင့်လည်း​ကောင်း၊ ငါ​တို့​ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့်လည်း​ကောင်း ဆေးကြော​သန့်ရှင်း၍ ဖြောင့်မတ်​ရာ​သို့​ရောက်​ကြပြီ။’—ရောမ ၆:၁၇၊ ၁၈; ၁ ကောရိန္သု ၆:၁၁

၇။ ကိစ္စရပ်​များ​ကို ယေဟောဝါ​ကဲ့သို့ ရှုမြင်​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

ယင်း​သို့​သော​ထူးခြားသည့်​ပြောင်းလဲမှု​ပြု​ရန် ကိစ္စရပ်​များနှင့်​ပတ်သက်​၍ ယေဟောဝါ​၏​ရှုမြင်ပုံကို ကျွန်ုပ်​တို့​ဦးဆုံး​သင်ယူဖို့​လို​သည်။ လွန်ခဲ့သော​ရာစုနှစ်များစွာ​က ဆာလံဆရာ​ဒါဝိဒ်​သည် ဘုရားသခင်​ထံ စိတ်​ထက်သန်​စွာ ဤသို့​အသနားခံ​ခဲ့​သည်– “အို​ထာဝရ​ဘုရား ကိုယ်တော်​၏​လမ်း​တို့ကို အကျွန်ုပ်​အား​ပြညွှန် . . . တော်​မူ​ပါ။ ကိုယ်တော်​၏ [အမှန်] တရားကို​ပြ​၍ အကျွန်ုပ်​ကို​သွန်သင်​တော်​မူ​ပါ။” (ဆာလံ ၂၅:၄၊ ၅) ယေဟောဝါ​သည် ဒါဝိဒ်​ကို​နားထောင်​ခဲ့​ပြီး မျက်မှောက်ခေတ်​မိမိ၏​ကျေးကျွန်​များ​၏​ဆုတောင်းချက်​ကိုလည်း ကိုယ်တော်​ဖြေကြား​ပေး​နိုင်​ပါ​သည်။ ဘုရားသခင့်​လမ်းစဉ်​များနှင့် ကိုယ်တော်​၏​အမှန်တရား​တို့သည် စင်ကြယ်​သန့်ရှင်း​သည်​ဖြစ်၍ မသန့်ရှင်း​သော​ဇာတိ​ဆန္ဒ​များ​ပြေစေ​ရန် သွေးဆောင်​ခံရ​မည်​ဆိုလျှင် ၎င်းတို့ကို စဉ်းစား​ဆင်ခြင်ခြင်း​က အထောက်အကူ​ဖြစ်စေ​ပါ​လိမ့်​မည်။

ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အရေးပါသော​အခန်းကဏ္ဍ

၈။ သမ္မာကျမ်းစာ​လေ့လာခြင်း​ကို ကျွန်ုပ်​တို့​အဘယ်ကြောင့် မဖြစ်​မနေ​ပြု​ဖို့​လို​သနည်း။

ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​သည် ကိုယ်တော့်​ဝိညာဉ်​တော်​၏​လက်ရာ​ဖြစ်၏။ ထို့​ကြောင့် ထို​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့​အပေါ်​သို့ အကျိုး​သက်ရောက်​စေသည့် အရေးပါသော​နည်း​တစ်နည်း​မှာ သမ္မာကျမ်းစာ​ကို—ဖြစ်​နိုင်​မည်​ဆိုလျှင် နေ့စဉ်—ဖတ်ရှု​လေ့လာခြင်း​အားဖြင့်​ဖြစ်သည်။ (၁ ကောရိန္သု ၂:၁၀၊ ၁၁; ဧဖက် ၅:၁၈) ကျွန်ုပ်​တို့၏​စိတ်​နှင့် နှလုံး​တို့​တွင် သမ္မာကျမ်းစာ​အမှန်တရား​များနှင့် မူများ ဖြည့်ပေး​ထားခြင်း​က ဝိညာဉ်​ရေးရာ​တိုက်ခိုက်မှု​များ​ကို​ခံရပ်​ဖို့ ထောက်ကူ​ပေး​မည်။ မှန်ပါသည်၊ အကျင့်ပျက်​စေသည့်​သွေးဆောင်မှုများ​ပေါ်လာ​သောအခါ ဘုရားသခင့်​ဝိညာဉ်တော်သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ​ကျင့်​ရန် ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို တိုး၍​ခိုင်ခံ့​စေနိုင်​သည့် ကျမ်းစာ​သတိပေး​ချက်​များနှင့် လမ်းညွှန်​သည့်​မူများ​ကို ပြန်​အမှတ်​စေနိုင်​သည်။ (ဆာလံ ၁၁၉:၁၊ ၂၊ ၉၉; ယောဟန် ၁၄:၂၆) သို့​ဖြစ်သော​ကြောင့် မှားယွင်းသော​လမ်းစဉ်​လိုက်​ရန် ကျွန်ုပ်​တို့ အလှည့်​စား​မခံရ​ကြ​ပါ။—၂ ကောရိန္သု ၁၁:၃

၉။ ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို​ထိန်းသိမ်းဖို့ ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို သမ္မာကျမ်းစာ​လေ့လာခြင်း​က မည်သို့​ခိုင်ခံ့​စေ​သနည်း။

သမ္မာကျမ်းစာ​အခြေပြု​စာပေ​များ​အကူအညီ​ဖြင့် ကျမ်း​စာစောင်​များ​ကို စိတ်ရင်းမှန်​ဖြင့် ဇွဲရှိ​ရှိ​ဆက်၍​လေ့လာ​နေစဉ် ဘုရားသခင့်​ဝိညာဉ်တော်သည် ကျွန်ုပ်​တို့၏​စိတ်​နှင့်​နှလုံးကို ဩဇာ​လွှမ်းမိုး​ကာ ယေဟောဝါ​၏​မူများ​ကို တိုး၍​လေးစား​စေ​သည်။ ဘုရားသခင်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် ဘဝတွင် အရေးအပါဆုံး​အရာ​ဖြစ်လာ​သည်။ သွေးဆောင်မှုများ​ကြုံတွေ့​ရသောအခါ အမှား​ပြု​ရာ​၌​ပါဝင်ခြင်း​သည် မည်မျှ​ပျော်စရာ​ကောင်း​လိုက်​မည်​နည်း​ဟူသော​အတွေး​များ​ကို နှလုံး​မ​ပိုက်​ထား​ပေ။ ယင်းအစား၊ ကျွန်ုပ်​တို့၏​လတ်တလော​အရေးကိစ္စမှာ ယေဟောဝါ​အပေါ် တည်ကြည်မှု​ကို ဆက်​ထိန်းထား​ဖို့​ဖြစ်သည်။ ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို အလွန်​တ​ရာ​လေးမြတ်ခြင်းက ၎င်း​ဆက်ဆံ​ရေး​ကို ထိခိုက်​စေ သို့​မဟုတ် ပျက်စီး​စေနိုင်​သော မည်သည့်​စိတ်ထား​မျိုးကို​မဆို​တွန်းလှန်​ရန် ကျွန်ုပ်​တို့ကို​လှုံ့ဆော်ပေး​သည်။

“ကိုယ်တော်​၏​တရားကို အကျွန်ုပ်သည်​အလွန်​နှစ်သက်ပါ​၏!”

၁၀။ ဝိညာဉ်​စိတ်သဘော​ရှိ​ရန် ယေဟောဝါ​၏​ပညတ်တော်​ကို​နာခံ​ဖို့ အဘယ်ကြောင့်​လိုအပ်​သနည်း။

၁၀ ဝိညာဉ်​စိတ်သဘော​ရှိဖို့​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​အသိပညာနှင့် မလုံလောက်​ချေ။ ရှောလမုန်​ဘုရင်​သည် ယေဟောဝါ​၏​စံနှုန်း​များ​ကို ကောင်းကောင်း​သဘောပေါက်​နားလည်ခဲ့​သည်၊ သို့သော် သူ့​ဘဝ​နှောင်းပိုင်းတွင် ယင်း​အတိုင်း​နေထိုင်ဖို့ ပျက်ကွက်​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၄:၂၉၊ ၃၀; ၁၁:၁-၆) ဝိညာဉ်​ရေး​သဘော ကျွန်ုပ်​တို့​၌​ရှိ​မည်​ဆိုလျှင် သမ္မာကျမ်းစာ​၏​ပြောဆိုချက်​များ​ကို သိရှိခြင်း​သာမက ဘုရားသခင့်​ပညတ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​နာခံခြင်း​လည်း လိုအပ်ကြောင်း ကျွန်ုပ်​တို့​သိမြင်​မည်။ ယင်းက ယေဟောဝါ​၏​စံနှုန်း​များ​ကို အသိစိတ်​ရှိ​ရှိ​ဆန်းစစ်​ကြည့်​ကာ ၎င်းတို့ကို​လုံ့လ​ရှိ​စွာ​လိုက်လျှောက်ဖို့ ကြိုးပမ်း​ခြင်း​ကို​ဆိုလို​သည်။ ယင်း​သို့​သော​စိတ်သဘော​မျိုး ဆာလံဆရာ​၌​ရှိခဲ့​သည်။ သူ​ဤသို့​သီဆို​ခဲ့​သည်– “ကိုယ်တော်​၏​တရားကို အကျွန်ုပ်သည်​အလွန်​နှစ်သက်ပါ​၏။ တစ်နေ့လုံး ဆင်ခြင်​အောက်မေ့​လျက်​နေပါ​၏။” (ဆာလံ ၁၁၉:၉၇) ဘုရားသခင့်​ပညတ်တော်​ကို အမှန်​အလေးထား​လိုက်လျှောက်​သောအခါ ကျွန်ုပ်​တို့သည် ဘုရားသခင်​ရေးရာ​အရည်အချင်းများ​ကို တင်ပြ​စ​ပြု​လာ​သည်။ (ဧဖက် ၅:၁၊ ၂) အပြစ်ပြု​ရာ​သို့ ဆွဲဆောင်ခြင်း​ကို ခေါင်းငုံ့ခံ​နေ​မည့်​အစား ဝိညာဉ်​အသီးကို ကျွန်ုပ်​တို့​တင်ပြ​ကြ​သည့်​အပြင် ယေဟောဝါ​၏​မျက်နှာသာ​ရ​လို​သော​ဆန္ဒ​က ဆိုးညစ်သော “ဇာတိ​ပကတိ​အကျင့်​တို့” နှင့် ဝေးဝေးရှောင်​စေ​သည်။—ဂလာတိ ၅:၁၆၊ ၁၉-၂၃; ဆာလံ ၁၅:၁၊ ၂

၁၁။ မတရားသော​မေထုန်​ကို​တားမြစ်​သော ယေဟောဝါ​၏​ပညတ်​သည် ကျွန်ုပ်​တို့အတွက်​အကာအကွယ်​ဖြစ်​ကြောင်း သင်​မည်သို့​ရှင်းပြ​မည်​နည်း။

၁၁ ယေဟောဝါ​၏​ပညတ်တော်​ကို အလွန်​လေးစား​မြတ်နိုးသည့်​စိတ် ကျွန်ုပ်​တို့​မည်သို့​တိုးပွား​စေနိုင်​သနည်း။ နည်း​တစ်နည်း​မှာ ယင်း၏​တန်ဖိုး​များ​ကို အသေအချာ​ဆန်းစစ်​ကြည့်​ခြင်း​ဖြင့်​ဖြစ်သည်။ လိင်ဆက်ဆံခြင်း​ကို အိမ်ထောင်​အတွက်သာ​ကန့်သတ်​ထားပြီး မတရားသော​မေထုန်​နှင့် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ကို​တားမြစ်​သည့် ဘုရားသခင့်​ပညတ်​ကို​သုံးသပ်ကြည့်​ပါ။ (ဟေဗြဲ ၁၃:၄) ဤ​ပညတ်​ကို​နာခံခြင်း​ဖြင့် ကျွန်ုပ်​တို့​ထံ​မှ ကောင်းသော​အရာ​တစ်ခုခု လက်လွတ်​သွားပါ​သလော။ မေတ္တာရှင်​ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့အား အကျိုးရှိ​ရာ​တစ်စုံတစ်ခု မရ​စေ​လို​သည့် ပညတ်​တစ်ခု ထုတ်ဆင့်​ပါ​မည်​လော။ ဝေးလေစွ! ယေဟောဝါ​၏​ကိုယ်ကျင့်တရား​စံနှုန်း​များ​အတိုင်း မနေထိုင်​ကြ​သူများစွာ​၏​ဘဝ မည်သို့​ဖြစ်နေ​သည်ကို​ကြည့်​လိုက်ပါ။ မလိုချင်​သော​ကိုယ်ဝန်​များ​ကို ဖျက်​ချ​ရသည့်​အခြေအနေ​ရောက်​ခြင်း သို့​မဟုတ် စောစောစီးစီး ပျော်ရွှင်မှု​မဲ့​စွာ အိမ်ထောင်ပြု​ရသည့်​အခြေ​ဆိုက်​စေ​လေ့​ရှိသည်။ အများအပြား​မှာ လင်သား သို့​မဟုတ် ဇနီး​မယား​မရှိဘဲ ကလေး​ကို ပြုစု​ပျိုးထောင်​ရ​ကြသည်။ ထို့​ပြင် မတရားသော​မေထုန်ပြု​ကျင့်​သူတို့သည် လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ​ရဖို့ အကြောင်း​များသည်။ (၁ ကောရိန္သု ၆:၁၈) ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​သည် မတရားသော​မေထုန်​ကျူးလွန်​ပါ​က စိတ်ပိုင်း​ဆိုင်ရာ​ထိခိုက်မှု​သည် ဆိုးရွား​နိုင်၏။ အပြစ်​ရှိနေ​သည်​ဟူ​သည့် အသိစိတ်​၏ တစ်ချိန်​လုံး​အနှောင့်အယှက်​ပေး​မှု​ကို ကြိုးစား​ဖယ်ထုတ်​နေရ​ခြင်း​ကြောင့် အိပ်မပျော်​သော​ည​များနှင့် စိတ်ဝေဒနာ​တို့ ဖြစ်ပေါ်​စေနိုင်​သည်။ (ဆာလံ ၃၂:၃၊ ၄; ၅၁:၃) သို့​ဖြစ်၍ မတရားသော​မေထုန်​ကို​တားမြစ်​သော ယေဟောဝါ​၏​ပညတ်​သည် ကျွန်ုပ်​တို့ကို​ကာကွယ်​ပေး​ရန်ဖြစ်​ကြောင်း မထင်ရှား​ပေ​လော။ ကိုယ်ကျင့်တရား​သန့်ရှင်းမှုကို ထိန်းသိမ်း​ထားခြင်း​သည် အမှန်ပင်​အကျိုး​ကြီး​လှ​သည်​တကား!

ယေဟောဝါ​၏​အကူအညီ​အတွက်​ဆုတောင်း​ပါ

၁၂၊ ၁၃။ အပြစ်ပြု​လို​သည့်​ဆန္ဒ​များ ပြင်းပြ​လာသော​အခါ ဆုတောင်းခြင်း​သည် အဘယ်ကြောင့်​သင့်လျော်​သနည်း။

၁၂ ဝိညာဉ်​စိတ်သဘော​ရှိ​ရန် နှလုံးပါပါ​ဆုတောင်း​ဖို့ အမှန်ပင်​လို​သည်။ ဘုရားသခင့်​ဝိညာဉ်​တော်​အကူအညီ​အတွက် တောင်းခံ​သင့်​သည်၊ အကြောင်း​မှာ ယေရှု​က “သင်တို့သည် . . . ကိုယ်​သားတို့​အား ကောင်းသော​အရာ​ကို​ပေး​တတ်​လျှင်၊ ထို​မျှ​မ​က ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ဆုတောင်း​သော​သူတို့အား သန့်ရှင်းသော​ဝိညာဉ်​တော်​ကို သာ၍​ပေး​တော်​မူ​မည်​မဟုတ်လော” ဟု​မိန့်ဆိုခဲ့သည်။ (လုကာ ၁၁:၁၃) ဆုတောင်းရာ​၌ ကျွန်ုပ်​တို့၏​အားနည်းမှု​နှင့်​ပတ်သက်​၍ အကူအညီ​အတွက် ဝိညာဉ်​တော်​ကို​အားထား​ကြောင်း ဖော်ပြ​နိုင်​သည်။ (ရောမ ၈:၂၆၊ ၂၇) ကျွန်ုပ်​တို့​၌​အပြစ်ပြု​လို​သော​ဆန္ဒ​များ သို့​မဟုတ် သဘောထားများ​ဖြစ်ပေါ်​နေကြောင်း သိ​ရှိလျှင် သို့​မဟုတ် မေတ္တာ​ရှိသော​ယုံကြည်သူချင်း​တစ်ဦး​က ယင်းကို​ထောက်ပြ​လာ​လျှင် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​တွင် ထို​ပြဿနာ​နှင့်​ပတ်သက်​၍ အတိအကျ​ဖော်ပြ​ကာ ဤ​အစွဲအလမ်း​များ​ကို ဖျောက်ဖျက်​ရာ​၌ ဘုရားသခင့်​ထောက်မမှုကို အသနားခံခြင်း​သည် ပညာရှိရာ​ရောက်မည်။

၁၃ ဖြောင့်မတ်​သော​အရာ၊ စင်ကြယ်သော​အရာ၊ မွန်မြတ်သော​အရာ​နှင့် ချီးမွမ်းဖွယ်​သော​အရာများ​ကို​အာရုံပြု​ရန် ကျွန်ုပ်​တို့ကို​ယေဟောဝါ​ကူညီ​နိုင်​သည်။ “ဘုရားသခင်​၏​ငြိမ်သက်ခြင်း” သည်​ကျွန်ုပ်​တို့၏​နှလုံး​နှင့် စိတ်စွမ်း​အား​တို့ကို ကာကွယ်​စောင့်ရှောက်​ရန် ကိုယ်တော်​ထံ​ဇွဲရှိ​ရှိ​တောင်းလျှောက်​ဖို့ မည်မျှ​သင့်လျော်​လှ​သည်​တကား! (ဖိလိပ္ပိ ၄:၆-၈) ထို့​ကြောင့် “ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​တို့ကို မီအောင်လိုက်” ရန်​ယေဟောဝါ​ထောက်မ​ပေးဖို့ ဆုတောင်း​ကြပါစို့။ (၁ တိမောသေ ၆:၁၁-၁၄) ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​၏ ကူညီ​မစမှု​ကြောင့် စိုးရိမ်​ပူပန်မှု​များနှင့် သွေးဆောင်မှုများ​သည် မထိန်းချုပ်​နိုင်​သည့်​အထိ ကြီးထွား​လာ​မည်​မဟုတ်ပါ။ ယင်းအစား ကျွန်ုပ်​တို့၏​ဘဝ​အသက်တာတွင် ဘုရားသခင်​ပေး​သည့်​ငြိမ်သက်မှု​ကို ခံစား​နေရ​မည်။

ဝိညာဉ်​တော်​ကို​စိတ်​မ​နာ​စေ​နှင့်

၁၄။ ဘုရားသခင့်​ဝိညာဉ်တော်သည် အဘယ်ကြောင့်​သန့်ရှင်းမှု​အတွက် တွန်းအား​ဖြစ်သနည်း။

၁၄ ယေဟောဝါ​၏​ရင့်ကျက်သော​ကျေးကျွန်​များသည် “ဝိညာဉ်​တော်​၏​အရှိန်ကို မငြိမ်း​စေ​ကြ​နှင့်” ဟူသော​ပေါလု​၏​အကြံပေး​ချက်​ကို ကိုယ်တိုင်​ကျင့်သုံး​ကြသည်။ (၁ သက်သာလောနိတ် ၅:၁၉) ဘုရားသခင့်​ဝိညာဉ်တော်သည် “သန့်ရှင်းသော​ဝိညာဉ်​တော်” ဖြစ်သော​ကြောင့် ယင်းသည် သန့်ရှင်း၊ စင်ကြယ်၊ မြင့်မြတ်​သည်။ (ရောမ ၁:၃) ထို့​ကြောင့် ကျွန်ုပ်​တို့​အပေါ်​သို့ ထို​ဝိညာဉ်​တော်​သက်ရောက်​သောအခါ သန့်ရှင်းမှု သို့​မဟုတ် စင်ကြယ်မှု​အတွက်​တွန်းအား​ဖြစ်သည်။ ဘုရားသခင်​အား​နာခံမှု​ပြ​သော သန့်ရှင်း​သည့်​ဘဝ​လမ်းစဉ်၌​ရှိနေ​စေရန် ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး​သည်။ (၁ ပေတရု ၁:၂) မည်သည့်​မသန့်ရှင်း​သော​အကျင့်​မဆို​သည် ထို​ဝိညာဉ်​တော်​ကို လျစ်လျူရှု​ခြင်း​ဖြစ်​ရာ ယင်းက ဆိုးကျိုး​များ​ရရှိနိုင်​သည်။ မည်သို့​အားဖြင့်​နည်း။

၁၅၊ ၁၆။ (က) ဘုရားသခင့်​ဝိညာဉ်​တော်​ကို ကျွန်ုပ်​တို့​မည်သို့​စိတ်နာ​စေနိုင်​သနည်း။ (ခ) ယေဟောဝါ​၏​ဝိညာဉ်​တော်​အား​စိတ်နာ​စေခြင်း​ကို ကျွန်ုပ်​တို့​မည်သို့​ရှောင်ကြဉ်​နိုင်​သနည်း။

၁၅ ပေါလု​က​ဤသို့​ရေးသားခဲ့​သည်– “ရွေးနုတ်ခြင်း​နေ့ရက်​တိုင်အောင် သင်တို့ကို​တံဆိပ်​ခတ်​တော်​မူ​သော ဘုရားသခင်​၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ကြ​နှင့်။” (ဧဖက် ၄:၃၀) ကျမ်း​စာစောင်​များ​က ယေဟောဝါ​၏​ဝိညာဉ်တော်သည် တည်ကြည်သော​ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များ​အတွက် တံဆိပ် သို့​မဟုတ် ‘လာ​လတ္တံ့​သော​အရာ​၏​စ​ရန်’ အဖြစ်​ဖော်ပြ​သည်။ ယင်းသည် မသေ​နိုင်သော​ကောင်းကင်​အသက်တာ​ဖြစ်၏။ (၂ ကောရိန္သု ၁:၂၂; ၁ ကောရိန္သု ၁၅:၅၀-၅၇; ဗျာဒိတ် ၂:၁၀) ဘုရားသခင့်​ဝိညာဉ်တော်သည် ကောင်းကင်​အတန်းအစား​များနှင့် သစ္စာရှိ​အသက်တာဖြင့် မြေကြီး​မျှော်လင့်ချက်​ရှိကြ​သော သူတို့၏​အပေါင်းပါများ​ကို လမ်းပြ​ညွှန်ကြား​ပေး​နိုင်​ပြီး အပြစ်ရှိ​သော​အကျင့်​များ​ကို​ရှောင်ကြဉ်​ရန် ကူညီပေး​နိုင်​သည်။

၁၆ တမန်​တော်​က မုသာ​စကားပြော​ခြင်း၊ ခိုးခြင်း၊ ရှက်ဖွယ်​သော​အမူအကျင့်​အစ​ရှိသည်​တို့ ပြု​လို​သည့်​စိတ်ထား​ကို သတိပေး​တားမြစ်​ခဲ့​သည်။ ဤ​အကျင့်​များ​နောက် တရွေ့ရွေ့​လိုက်ပါ​သွား​ရန် မိမိတို့​ကိုယ်ကို​ခွင့်ပြု​နေ​မည်​ဆိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ ဝိညာဉ်​တော်​မှုတ်သွင်းခံ​ဆုံးမမှု​ကို ဖီဆန်​နေရာကျ​မည်​ဖြစ်သည်။ (ဧဖက် ၄:၁၇-၂၉; ၅:၁-၅) ဤ​နည်း​အားဖြင့် ကျွန်ုပ်​တို့သည် အတိုင်းအတာ​တစ်ခု​အထိ ဘုရားသခင့်​ဝိညာဉ်​တော်​ကို စိတ်နာ​စေ​ရာ​ကျ​မည်​ဖြစ်​ရာ ယင်းသည် ကျွန်ုပ်​တို့​အမှန်ပင် ရှောင်ကြဉ်​လို​သည့်​အရာ​ဖြစ်၏။ ထို​အကြောင်းကြောင့် ကျွန်ုပ်​တို့​တစ်ဦးဦး​သည် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​၏​ဆုံးမမှု​ကို စ​တင်၍​လျစ်လျူရှု​လာ​လျှင် တမင်တကာ​ပြစ်မှားခြင်း​နှင့် ဘုရားသခင့်​မျက်နှာသာ​ကို လုံးလုံး​ဆုံးရှုံး​ခြင်း အကျိုးဆက်​ရနိုင်​သည့် သဘောထားများ သို့​မဟုတ် ဝသီ​များ​ကို​စတင်​မွေးမြူ​လာနိုင်​သည်။ (ဟေဗြဲ ၆:၄-၆) ချက်ချင်း အပြစ်ကို​အကျင့်​တစ်ခု​အနေ​နှင့် ပြု​နေချင်​မှ​ပြု​မည်​ဖြစ်သော်လည်း ထို​အခြေအနေ​သို့​ဦးတည်​နေနိုင်​သည်။ ဝိညာဉ်​တော်​၏​ဦးဆောင်လမ်းပြမှု​ကို ဆန့်ကျင်ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် ယင်းကို​စိတ်နာ​အောင်​ပြု​နေရာကျ​နေ​မည်။ သန့်ရှင်းသော​ဝိညာဉ်​တော်​၏​မူလအမြစ်​ဖြစ်သော ယေဟောဝါ​ကိုလည်း အံတု​ရာ၊ စိတ်နာ​စေ​ရာ​ကျ​မည်။ ဘုရားသခင်​ကို​ချစ်​မြတ်နိုးသူ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ထိုသို့​ဘယ်​သောအခါ​မျှ​ပြု​လို​ကြ​မည်​မဟုတ်။ ယင်းအစား ကိုယ်တော်​၏​ဝိညာဉ်​တော်​ကို စိတ်​မ​နာ​စေ​ဘဲ ဝိညာဉ်​စိတ်သဘော​ဆက်​ရှိ​ခြင်း​အားဖြင့် ကိုယ်တော်​၏​သန့်ရှင်းသော​နာမတော်​ကို ဂုဏ်တင်​နိုင်​ဖို့ ယေဟောဝါ​၏​အကူအညီ​အတွက် ကျွန်ုပ်​တို့ ကောင်းကောင်း​ဆုတောင်း​ကြ​ပေမည်။

ဝိညာဉ်​စိတ် သဘော​ဆက်​ရှိနေ​လော့

၁၇။ ကျွန်ုပ်​တို့​ချမှတ်​နိုင်​သည့် ဝိညာဉ်​ရေး​ပန်းတိုင်​အချို့​ကား အဘယ်နည်း၊ ဤသို့​ချမှတ်ခြင်း​သည် အဘယ်ကြောင့်​ပညာရှိရာ​ကျ​မည်​နည်း။

၁၇ ဝိညာဉ်​စိတ်သဘော​ဆက်​ရှိ​ရန် ကျွန်ုပ်​တို့ မှတ်သားထိုက်​သော​နည်း​တစ်နည်း​မှာ ဝိညာဉ်​ရေး​ပန်းတိုင်​များ​ချမှတ်​ကာ ၎င်းတို့ကို​ပြည့်မီ​ရန်​လုပ်ဆောင်ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​လိုအပ်ချက်​များနှင့် အခြေအနေ​များပေါ်​မူတည်၍ ကျွန်ုပ်​တို့၏​ပန်းတိုင်​များ​တွင် လေ့လာ​သည့်​အကျင့်ကို​တိုးတက်​စေခြင်း၊ ဟောပြောခြင်း​လုပ်ငန်း​၌ တိုး၍​ပါဝင်ခြင်း သို့​မဟုတ် အချိန်ပြည့်​ရှေ့ဆောင်​ဓမ္မ​အမှု၊ ဗေသလ​လုပ်ငန်း သို့​မဟုတ် ခရစ်ယာန်​သာသနာပြု​လုပ်ငန်း​စ​သည့် လုပ်ငန်းတော်​ဆိုင်ရာ​အထူး​အခွင့်အရေး​ကို လက်လှမ်း​ခြင်း​တို့​ပါဝင်​ပေမည်။ ယင်းက ကျွန်ုပ်​တို့၏​စိတ်​ကို ဝိညာဉ်​ရေး​အကျိုး​စီးပွား​များ​ဖြင့်​နေရာယူ​စေ​ကာ လူ့​အားနည်းမှု​များ​ကို လက်လျှော့​အရှုံးပေး​ခြင်း သို့​မဟုတ် ဤ​အစီအစဉ်​စနစ်​အတွက် သာမန်​ကိစ္စ​ဖြစ်နေ​သော ရုပ်ပစ္စည်း​ပန်းတိုင်​များ သို့​မဟုတ် ကျမ်းစာ​နှင့်​မညီသော လိုအင်ဆန္ဒ​များ​နောက်လိုက်​ရန် ဖိအားပေး​မှု​တို့ကို တွန်းလှန်​ရန်​ထောက်ကူ​ပေး​ပါ​လိမ့်​မည်။ ယင်းသည် အမှန်ပင်​ပညာရှိ​လမ်းစဉ်​ဖြစ်သည်၊ အကြောင်း​မှာ ယေရှု​က​ဤသို့​တိုက်တွန်း​ခဲ့​သည်– “သံချေး၊ ပိုးရွ​ဖျက်ဆီး​၍ သူခိုး​ထွင်းဖောက်​ခိုးယူ​ရာ မြေကြီး​ပေါ်မှာ ဘဏ္ဍာ​ကို​မ​ဆည်းပူး​ကြ​နှင့်။ သံချေး၊ ပိုးရွ​မဖျက်ဆီး​၍ သူခိုး​မထွင်းမဖောက် မခိုးမယူ​ရာ ကောင်းကင်ဘုံ​၌​ဘဏ္ဍာ​ကို ဆည်းပူး​ကြလော့။ အကြောင်း​မူ​ကား၊ အ​ကြင်​အရပ်၌ သင်တို့၏​ဘဏ္ဍာ​ရှိ၏။ ထို​အရပ်သို့ သင်တို့၏​စိတ်နှလုံး​ရောက်​တတ်၏။”—မဿဲ ၆:၁၉-၂၁

၁၈။ ဤ​နောက်ဆုံး​ကာလ​၌ ဝိညာဉ်​စိတ်သဘော​ဆက်​ရှိနေဖို့ အဘယ်ကြောင့်​ဤမျှ​အရေးကြီး​သနည်း။

၁၈ ဝိညာဉ်​စိတ်သဘော​ရှိ၍ လောက​ဆန္ဒ​များ​ကို​ချိုးနှိမ်​ခြင်း​သည် ဤ ‘နောက်ဆုံး​ကာလ’ တွင် ပညာရှိ​လမ်းစဉ်​ဖြစ်သည်​အမှန်။ (၂ တိမောသေ ၃:၁-၅) အမှန်ဆိုလျှင် “လောက​နှင့်​လော [က] တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ . . . ထာဝရ​တည်​၏။” (၁ ယောဟန် ၂:၁၅-၁၇) ဥပမာ၊ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် အချိန်ပြည့်​လုပ်ငန်းတော်​ပန်းတိုင်​ကို လိုက်​မည်​ဆိုပါ​က ၎င်း​သည် ကြီးကောင်​ဝင်ချိန် သို့​မဟုတ် လူငယ့်​ဘဝ​ဆိုင်ရာ ခက်ခဲ​သော​နှစ်များ​အတွင်း လမ်းပြ​မီး​အဖြစ် လုပ်ဆောင်ပေး​ပါ​လိမ့်​မည်။ ထိုသို့​သော​သူ​တစ်ဦး​သည် အလျှော့ပေး​လိုက်လျော​ဖို့ ဖိအား​ပေး​ခံရသော​အခါ ယေဟောဝါ​၏​လုပ်ငန်းတော်​၌ သူ​ပြီးမြောက်​လို​သည့်​အရာ​အပေါ် ရှင်းလင်း​သော​အမြင်ရှိပါ​လိမ့်​မည်။ ထိုသို့​သော​ဝိညာဉ်​ရေးရာ​လူတစ်ဦး​သည် ရုပ်ပစ္စည်း​လိုက်စားခြင်း သို့​မဟုတ် အပြစ်တရားက ကတိပြု​သော​သာယာမှု​တစ်ခုခု​အတွက် ဝိညာဉ်​ရေး​ပန်းတိုင်​များ​လှမ်း​မီ​ခြင်း​ကို လက်လွှတ်​ဆုံးရှုံး​ခံ​ခြင်း​သည် ပညာ​မဲ့​၍ မိုက်မဲ​သည်​ဟု​ပင်​ယူမှတ်ပါ​လိမ့်​မည်။ ဝိညာဉ်​ရေး​စိတ်သဘောထား​ရှိသူ​မောရှေ​သည် “အပြစ်ရှိ​သော​ခဏတာ​ပျော်ပါး​မှု​ကို​ခံစား​ရန်​ထက် ဘုရားသခင့်​လူ​တို့​နှင့်အတူ​ညှဉ်းဆဲခြင်း​ကို ရွေးချယ်​ခဲ့” ကြောင်း​သတိရပါ။ (ဟေဗြဲ ၁၁:၂၄၊ ၂၅က​ဘ) ကျွန်ုပ်​တို့​ကြီး​သည်​ဖြစ်စေ၊ ငယ်​သည်​ဖြစ်စေ အားနည်း​သော​ဇာတိ​စိတ်​အစား ဝိညာဉ်​စိတ်သဘော​ဆက်​ရှိသော​အခါ အလားတူ​ရွေးချယ်မှု​ပြု​ကြသည်။

၁၉။ ဝိညာဉ်​စိတ်သဘော​ဆက်​ရှိနေ​မည်​ဆိုလျှင် အဘယ်​အကျိုးကျေးဇူးများ ကျွန်ုပ်​တို့​ခံစားရ​မည်​နည်း။

၁၉ “ဇာတိ​ပကတိ​စိတ်သဘော​သည် ဘုရားသခင်​နှင့်​ဆန့်ကျင်ဘက်​ဖြစ်၏၊” သို့သော် “ဝိညာဉ်​ပကတိ​စိတ်သဘော​သည် အသက်ရှင်ခြင်း​အကြောင်း​နှင့် ငြိမ်သက်ခြင်း​အကြောင်း​ဖြစ်၏။” (ရောမ ၈:၆၊ ၇) ဝိညာဉ်​စိတ်သဘော​ဆက်၍​ရှိ​မည်​ဆိုလျှင် အဖိုးတန်​သော​ငြိမ်သက်မှု​ကို ကျွန်ုပ်​တို့​ခံစားရ​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့၏​နှလုံး​နှင့် စိတ်စွမ်း​အား​များသည် အပြစ်ရှိ​သော​အခြေအနေ​၏​သြဇာ​မှ သာ၍​အပြည့်အဝ​ကာကွယ်​ခံရ​လိမ့်​မည်။ အမှား​ပြုခြင်း၌​ပါဝင်​ဖို့​သွေးဆောင်မှုများ​ကို ကျွန်ုပ်​တို့​တိုး၍​တွန်းလှန်​နိုင်​ပါ​လိမ့်​မည်။ ထို့​ပြင် ဇာတိ​နှင့်​ဝိညာဉ်​စပ်ကြား အဆက်မပြတ်​ဆိုင်ပြိုင်​တွန်းလှန်​ခြင်း​ကို ကျွန်ုပ်​တို့​အောင်မြင်​ကျော်လွှား​ရန် ဘုရားသခင့်​အကူအညီ​ရရှိကြ​မည်။

၂၀။ ဇာတိ​နှင့်​ဝိညာဉ်​တိုက်ပွဲ​ကို အနိုင်​ရနိုင်​ကြောင်း ကျွန်ုပ်​တို့​အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။

၂၀ ဝိညာဉ်​စိတ်သဘော​ဆက်​ရှိ​ခြင်း​အားဖြင့် အသက်​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့၏​ရင်းမြစ် ယေဟောဝါ​နှင့်​အရေးပါသော​ဆက်သွယ်မှု​ဆက်​ရှိစေသည်။ (ဆာလံ ၃၆:၉; ၅၁:၁၁) ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို​ဖျက်ဆီး​ရန် စာတန်​နှင့်​သူ၏​ကိုယ်စားလှယ်​များသည် သူတို့​တတ်နိုင်​သည့်​အရာ​မှန်သမျှကို​ပြု​နေကြ​သည်။ ကျွန်ုပ်​တို့​အရှုံးပေး​လျှင် အဆုံး​၌ ဘုရားသခင်​နှင့်​ရန်သူ​ဖြစ်စေ​ပြီး သေခြင်း​သို့​ရောက်မည်​ကို သူတို့​သိရှိ​ထား​ရာ ကျွန်ုပ်​တို့၏​စိတ်​ကို​လွှမ်းမိုး​ရန် ကြိုးစား​ကြသည်။ သို့သော် ဇာတိ​နှင့်​ဝိညာဉ်​တိုက်ပွဲ​တွင် ကျွန်ုပ်​တို့​အနိုင်​ရနိုင်​ပါ​သည်။ ထိုသို့​ပေါလု​ကြုံတွေ့​ခဲ့​သည်၊ အကြောင်း​မှာ သူကိုယ်တိုင်​၏​တိုက်ပွဲ​အကြောင်း​ရေးသား​ရာ​၌ ဦးဆုံး​သူ​ဤသို့​မေးခွန်းထုတ်​ခဲ့​သည်– “ဤ​အသေကောင်​မှ ငါ့ကို​အဘယ်သူ​ကယ်လွှတ်​မည်​နည်း။” ထို့နောက် ထို​ကယ်လွှတ်​မှု ဖြစ်​နိုင်​ကြောင်းကို ဤသို့​ဖော်ပြ​ပြောဆို​ခဲ့​သည်– “ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ကယ်လွှတ်​တော်​မူ​သော ဘုရားသခင်​၏ ကျေးဇူးတော်​ကြီး​လှ​ပေ​၏။” (ရောမ ၇:၂၁-၂၅) ကျွန်ုပ်​တို့​လည်း လူ့​အားနည်းမှု​များ​ကို​အောင်နိုင်​ကာ ထာဝရ​အသက်​ဆိုင်ရာ အံ့ဖွယ်​မျှော်လင့်ချက်​နှင့် ဝိညာဉ်​စိတ်သဘော​ဆက်၍​ရှိ​ရန် နည်းလမ်းများ​ကို ခရစ်တော်​အားဖြင့် ပေးသနား​သည့်​အတွက် ဘုရားသခင်​ကို​ကျေးဇူး​တင်​နိုင်​ကြသည်။—ရောမ ၆:၂၃

သင်​မှတ်မိ​သလော

• ဝိညာဉ်​စိတ်သဘော​ရှိ​ခြင်း​ဟူသည် အဘယ်နည်း။

• ကျွန်ုပ်​တို့​အပေါ်​၌ ယေဟောဝါ​၏​ဝိညာဉ်​တော်​ကို မည်သို့​သြဇာလွှမ်း​စေနိုင်​သနည်း။

• အပြစ်​တရားကို​ကျွန်ုပ်​တို့​ဆိုင်ပြိုင်​တိုက်လှန်​ရာ​၌ သမ္မာကျမ်းစာ​ကို​လေ့လာခြင်း၊ ယေဟောဝါ​၏​ပညတ်​ကို​နာခံခြင်း​နှင့် ကိုယ်တော့်​ထံ​ဆုတောင်းခြင်း​တို့သည် အဘယ်ကြောင့်​အရေးကြီးကြောင်း ရှင်းပြပါ။

• ဝိညာဉ်​ရေး​ပန်းတိုင်​များ​ချမှတ်ခြင်း​က အသက်​လမ်းစဉ်၌ ကျွန်ုပ်​တို့ကို မည်သို့​ဆက်​ရှိစေ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေးရာ​တိုက်ခိုက်မှု​များ​ကို​ခံရပ်​ဖို့ သမ္မာကျမ်းစာ​လေ့လာခြင်း​က ကျွန်ုပ်​တို့ကို​ထောက်ကူ​ပေး

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

အပြစ်ပြု​လို​သော​ဆန္ဒ​များ​ကို အောင်မြင်​ကျော်လွှား​ဖို့ ယေဟောဝါ​၏ အကူအညီ​အတွက် ဆုတောင်းခြင်း​သည် သင့်တော်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ဝိညာဉ်​စိတ်သဘော​ဆက်​ရှိ​ရန် ဝိညာဉ်​ရေး​ပန်းတိုင်​များ​က​ထောက်ကူ​နိုင်