မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော

သင့်အတွက် ယင်းသည် အကောင်းဆုံးဘဝလုပ်ငန်း ဖြစ်နိုင်မည်လော

သင့်အတွက် ယင်းသည် အကောင်းဆုံး​ဘဝ​လုပ်ငန်း ဖြစ်​နိုင်​မည်​လော

သင်သည် နှစ်ခြင်း​ခံ​ပြီး​သော​ခရစ်ယာန်​တစ်ဦး​ဖြစ်​လျှင် ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာက ကိုယ်တော့်​အလိုတော်​ဆောင်ရန် သင့်​အား​အမှန်​လှုံ့ဆော်ပေး​မည်။ ထို့​အပြင် ခရစ်ယာန်​ဓမ္မ​အမှုသည် သင့်​ဘဝ​လုပ်ငန်း​ပင်​ဖြစ်​ရမည်။ အမှန်​မှာ ယေရှု​ခရစ်​သည် မိမိ၏​နောက်တော်လိုက်​အားလုံး​ကို တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင်​ပါဝင်​ရန် တာဝန်​ပေး​ခဲ့​သည်။ (မဿဲ ၂၈:၁၉၊ ၂၀) မှန်​ပေ​သည်၊ သင့်ကိုယ်ကို​ထောက်ပံ့​ရန် ယခု​လောက​အလုပ်ကို သင်​လုပ်ကိုင်​နေ​ပေမည်။ သို့သော် သင်သည် ယေရှု၏​နောက်လိုက်​တစ်ဦး​အနေ​နှင့်​ရော ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့်​ပါ ပထမဦးဆုံး​အနေ​နှင့် သင်သည် ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး၊ ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောခြင်း​လုပ်ငန်း​ကို ဦးစား​ထား​သူ​တစ်ဦး​ဖြစ်သည်။—မဿဲ ၂၄:၁၄

သင်သည် ဆယ်ကျော်သက်​နှောင်းပိုင်း သို့​မဟုတ် ၂၀ ကျော်​ခါ​စ​ဖြစ်​ကောင်း​ဖြစ်​မည်။ ဘဝတွင်​အဘယ်​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​မည်​ကို အမြောက်အမြား​စဉ်းစား​သုံးသပ်​ခဲ့​ပြီး​ဖြစ်​နိုင်​သည်။ လမ်းပွင့်​လျက်​ရှိသော ရွေးချယ်စရာ​များ​ကို သင်​ချင့်ချိန်​သုံးသပ်​ရာ​တွင် ကိုယ်​ကိုယ်တိုင်​အားရ​ကျေနပ်မှု​ရှိ​ခြင်း​သည် သင့်အတွက် အရေးကြီးဆုံး​ဖြစ်ဖွယ်​ရှိသည်။

ထို့​ကြောင့် ဒိန်းမတ်​နိုင်ငံ​မှ ယို​အဲ​န်​၏​ရွေးချယ်မှု​နှင့်​ပတ်သက်​၍ သူ​ပြောပြ​သည်ကို​သုံးသပ်ကြည့်​ပါ။ “ရှိရှိသမျှ​အလုပ်တွေ​ထဲမှာ အရေးအပါဆုံး​အလုပ်ကို အာရုံစိုက်​နိုင်​တဲ့ စံ​ထား​ထိုက်တဲ့​ဘဝ​လမ်းစဉ်​ပဲ” ဟု​ယို​အဲ​န်​က မိမိ​ရွေးချယ်​ခဲ့​သည်ဘဝ​လုပ်ငန်း​ကို ဖော်ပြ​သည်။ ဂရိ​နိုင်ငံ​မှ​အသက် ၃၁ နှစ်အရွယ်​အမျိုးသမီး​တစ်ဦး​ဖြစ်သူ အေဗာ​က ဤသို့​ဆို​သည်– “ရွယ်တူချင်း​တွေ​ရဲ့​ဘဝနဲ့ ကျွန်မ​ဘဝကို​နှိုင်းယှဉ်​လိုက်ရင် ကျွန်မ​ဘဝဟာ ပို​ပြီး​အဓိပ္ပာယ်​ပြည့်ဝ​တယ်၊ ပို​ပြည့်စုံ​တယ်၊ ပို​စိတ်​လှုပ်ရှား​ဖွယ်​ဖြစ်တယ်​လို့ ကျွန်မ​အမြဲ​ပဲ​ကောက်ချက်​ချ​တယ်။” အဘယ်​ဘဝ​လုပ်ငန်း​က ထိုသို့​သော​ကျေနပ်မှု​ကို​ပေး​သနည်း။ ယင်း​သို့​သော​ဘဝ​ပုံစံ​မျိုးကို သင်​မည်သို့​ရနိုင်​မည်​နည်း။

ဘုရားသခင် လမ်းညွှန်​သလော

ဘဝ​လုပ်ငန်း​တစ်ခု​ကို​ရွေးချယ်ခြင်း​သည် အတော်အတန်​ခက်ခဲ​နိုင်​ပေ​သည်။ အမှန်​မှာ၊ အချို့​သူတို့သည် မိမိတို့​အား ဘုရားသခင် အဘယ်အရာ​လုပ်ဆောင်​စေ​လို​ကြောင်းကို ကိုယ်တော်​အတိအကျ လမ်းညွှန်​ပေး​စေ​လို​ပေမည်။

မိဒျန်​ပြည်​တွင် မောရှေ​ရှိနေစဉ် ယေဟောဝါ​သည် သူ့​အား အီဂျစ်​ပြည်​သို့​ပြန်၍ ဣသရေလလူ​များ​ကို ကျွန်​ဘဝ​မှ​နုတ်ဆောင်​ရန် ညွှန်ကြား​ခဲ့​သည်။ (ထွက်မြောက်ရာ ၃:၁-၁၀) ဖိနှိပ်ခံနေ​ရခြင်း​မှ ဣသရေလ​လူမျိုး​ကို​ကယ်တင်​ရန် ခန့်အပ်​ခံရ​သော​ဂိဒေါင်​ရှေ့ ဘုရားသခင်​၏​ကောင်းကင်တမန်​ထင်ရှား​ခဲ့​သည်။ (တရားသူကြီး ၆:၁၁-၁၄) ဣသရေလလူ​များ​၏ နောက်​တက်​မည့်​ဘုရင်​အဖြစ် ဒါဝိဒ်​ကို​ဘိသိက်ပေး​ရန် ရှမွေလ​အား ဘုရားသခင်​မိန့်မှာ​ခဲ့​စဉ် ဒါဝိဒ်​သည် သိုးကျောင်း​နေ​၏။ (၁ ဓမ္မ​ရာဇဝင် ၁၆:၁-၁၃) ယနေ့ ကျွန်ုပ်​တို့ကို ထိုသို့​သော​နည်းများဖြင့် လမ်းညွှန်​မပေး​ချေ။ ယင်းအစား ကျွန်ုပ်​တို့သည် ကိစ္စရပ်​များ​ကို​ဂရုတစိုက်​ချင့်ချိန်​ကာ ဘုရား​ပေး​အရည်အသွေးများ​ကို မည်သို့​အသုံးပြု​မည်​ကို ဆုံးဖြတ်​ရန်လို​သည်။

ယေဟောဝါ​သည် ယနေ့​ခရစ်ယာန်​လူငယ်များ​အတွက် “ဆောင်ရွက်စရာ​လုပ်ငန်း​တံခါးကြီး” ကို​ဖွင့်​ထား​သည်။ (၁ ကောရိန္သု ၁၆:၉က​ဘ) မည်သို့​အားဖြင့်​နည်း။ လွန်ခဲ့သော​ဆယ်စုနှစ်​အတွင်း ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ​အရေအတွက်​သည် ကမ္ဘာ​တစ်ဝန်း​တွင် ၂,၁၂၅,၀၀၀ ကျော်​မှ ၆,၀၀၀,၀၀၀ ကျော်​အထိ တိုးတက်လာ​ခဲ့ပြီ။ ဝိညာဉ်​အစာ​နှင့် ကမ္ဘာချီ​သတင်းကောင်း​ဟောပြောခြင်း​လုပ်ငန်း​အတွက်​လိုအပ်​သည့် သန်းနှင့်ချီ​သော ကျမ်းစာ​များ၊ စာအုပ်စာတမ်း​များ၊ ဘရိုရှာ​များ၊ မဂ္ဂဇင်း​များနှင့် ဝေစာများ​ရှိစေရန် မည်သူ​များ​က​ထောက်မ​ကူညီ​နေသနည်း။ ဤ​အခွင့်ထူး​ကို ကမ္ဘာချီ​ဗေသလ​မိသားစုဝင်​များ ခံစား​နေကြ​ရသည်။

အကျိုး​ဖြစ်ထွန်း​သော​အသက်တာ

ဗေသလ​အဓိပ္ပာယ်​မှာ “ဘုရားသခင်​၏​အိမ်တော်” ဖြစ်၏၊ ဗေသလ​အိမ်များ​သည် ဌာနချုပ်​နှင့် ကင်းမျှော်စင်​အသင်း​၏ ဌာနခွဲရုံး​များ​၌ အမှုဆောင်​နေကြ​သော ခရစ်ယာန်​စေတနာ့​ဝန်ထမ်း​များ နေထိုင်ကြ​သည့်​နေရာများ​ဖြစ်သည်။ (ကမ္ဘာဦး ၂၈:၁၉က​ဘ၊ အောက်ခြေမှတ်ချက်) မျက်မှောက်ခေတ် ဗေသလ​မိသားစု​များ​ကို ‘ဉာဏ်ပညာ​အားဖြင့် တည်ဆောက်​ထား’ ၍​စည်းစနစ်ကျ​ပြီး ယေဟောဝါ​အား​ချစ်ခြင်း​အပေါ်​အခြေပြု​သော​အိမ်ထောင်စုများ​နှင့် ပုံခိုင်း​နိုင်​ပါ​သည်။—သု. ၂၄:၃

ဗေသလ​ရှိ မိသားစု​ကဲ့သို့​သော​ဝန်းကျင်​နှင့်​ပတ်သက်​၍ အဘယ်​သို့​ပြော​နိုင်​သနည်း။ အက်​စ​တိုး​နီး​ယား​မှ ၂၅ နှစ်အရွယ် ဗေသလ​မိသားစုဝင်​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ယေဟောဝါ​ရဲ့​မိတ်ဆွေ​တွေ​ကြား​မှာ အမြဲ​ရှိနေ​ရတာ ကျွန်မ​ပျော်​တယ်။ ဗေသလမှာ အဲဒါကို ကျွန်မ​အခုထိ တန်ဖိုး​ထား​တုန်း​ပဲ။”—ဆာလံ ၁၅:၁၊ ၂

ယခု ကမ္ဘာ​တစ်ဝန်း​တွင် ၁၉,၅၀၀ ခန့်​သော​သူများ​သည် ဗေသလ​လုပ်ငန်းတော်​အခွင့်ထူး​ကို ရထား​ကြသည်။ (ဆာလံ ၁၁၀:၃) အမေရိကန်​ပြည်ထောင်စု​တွင် ဗေသလ​ရှိ​သူများ​၏ ၄၆ ရာခိုင်နှုန်း​သည် အသက် ၁၉ နှစ်​နှင့် ၂၉ နှစ်​ကြား​ရှိ၏။ ဟေရှာယ​ကဲ့သို့ သူတို့က “အကျွန်ုပ်​ရှိပါ၏။ အကျွန်ုပ်​ကို​စေလွှတ်​တော်​မူ​ပါ” ဟု​ပြော​ခဲ့​ကြပြီ။ (ဟေရှာယ ၆:၈) ယေဟောဝါ​ထံ​ဆက်ကပ်​အပ်နှံ​ပြီး​သူ ဟေရှာယ​သည် လုပ်ငန်းတော်​အခွင့်ထူး​နောက်တစ်ခု​ရရှိရန် စေတနာအလျောက်​တောင်းခံ​နေသည်။ ယင်း​အတွက် ကိုယ်ကျိုး​တစ်စုံတစ်ရာ​ကို စွန့်လွှတ်​ရမည်​မှာ ထင်ရှား​သည်။ ဗေသလ​လုပ်ငန်း​တွင်​လုပ်ဆောင်​သူများ​သည် မိမိတို့​အိမ်​နှင့် ရင်းနှီး​ကျွမ်းဝင်​သော​ဝန်းကျင်​ကို​သာမက အမိ၊ အဖ၊ ညီအစ်ကို​ညီအစ်မ​နှင့် သူငယ်ချင်းများ​ကိုလည်း စွန့်ခွာ​ခဲ့​ကြ​ရသည်။ ‘သတင်းကောင်း​အဖို့​အ​လို့​ငှာ’ ယင်း​သို့​သော​စွန့်လွှတ်​မှုများ​ကို တလိုတလား​စွန့်ခဲ့​ကြသည်။—မာကု ၁၀:၂၉၊ ၃၀

တစ်ဖန် ဗေသလ​၌ ဝိညာဉ်​ရေး​ကောင်းချီး​များစွာ ရှိပါ​သည်​တကား! ရုရှား​မှ ငယ်ရွယ်​သော​ဗေသလ​မိသားစုဝင်​တစ်ဦး​က ဤသို့​ရှင်းပြသည်– “ကိုယ်ကျိုး​စွန့်​တာ​ကနေ ကမ္ဘာသစ်​မှာ​နေထိုင်ဖို့ အထောက်အကူ​ပြု​မယ့်​အရာ​တွေ​ကို ကျွန်မ​တို့​သင်ယူနိုင်တယ်။ ကျွန်မ​အတွက်​တော့ ကျွန်မ​စွန့်လွှတ်​ခဲ့​တာ​တွေ​ထက် ယေဟောဝါ​ပေး​တဲ့​ကောင်းချီး​တွေ​က ပို​များတယ်​လို့​ပြော​နိုင်​ပါ​တယ်။”—မာလခိ ၃:၁၀

ဗေသလ​အသက်တာ

ဗေသလ​တွင်​နေထိုင်ခြင်း​သည် အဘယ်​သို့​ဖြစ်သနည်း။ ဗေသလ​မိသားစုဝင်​များ​က ယင်းသည် အကျိုး​ဖြစ်ထွန်း​ပြီး ကျေနပ်မှု​ရရှိ​ရုံ​မ​က စိတ်​လှုပ်ရှား​ဖွယ်​ရာ​ပင်​ဖြစ်သည်ဟု သဘောတူ​ကြသည်။ အသက် ၄၃ နှစ်​ရှိသော​ယန်း​စ်​သည် ဗေသလ​လုပ်ငန်းတော်တွင် ပျော်​သည်။ အဘယ်ကြောင့်​နည်း။ သူက​ဤသို့​ပြောပြ​သည်– “ကျွန်တော်​တို့​ဟာ အရေးကြီးတဲ့​လုပ်ငန်း​တစ်ခု ပြီးမြောက်​ဖို့ ကြီးမား​တဲ့​အားထုတ်မှု​ထဲမှာ တစ်စိတ်​တစ်ပိုင်း​ပါဝင်​နေတယ်​ဆို​တဲ့ ခံစားချက်​ကြောင့်​ပါ​ပဲ။ ယေဟောဝါ​လုပ်ငန်းတော်​ဟာ ဘယ်လောက်​ကြီးကျယ်​ပြီး ဘယ်လောက်​အရေးပါ​တယ်​ဆိုတာ​ကို ကျွန်တော်​နားလည်​နိုင်တယ်။”

တနင်္လာ​နေ့​မှ စနေနေ့​အထိ ဗေသလ​၌​တစ်နေ့တာ​သည် နံနက်​ဝတ်ပြုမှု​နှင့်​အစပြု​၏။ ယင်းသည် အတွေ့အကြုံ​ရှိ​အကြီးအကဲ​တစ်ဦး ဦးစီး​သော ကျမ်းစာ​ဆွေးနွေးမှု​တစ်ရပ်​ဖြစ်သည်။ တနင်္လာ​နေ့​ညနေပိုင်း​တွင် ကင်းမျှော်စင်​အကူအညီ​ဖြင့် မိသားစု​ကျမ်းစာ​လေ့လာမှု​ကို တစ်​နာရီ​ခန့်​ပြုလုပ်​ပြီး​နောက် တစ်ခါတစ်ရံ ဗေသလ​မိသားစု​နှင့် အထူး​သင့်လျော်​သည့် ကျမ်း​ဆိုင်ရာ​အဓိက​အချက်​တစ်ခု​အပေါ်​အခြေခံ​သော ဟောပြောချက်​တစ်ခု​ကို ဆက်​ဟောပြောပါ​သည်။

လူတစ်ဦး​သည် ဗေသလ​သို့​ရောက်ခါစ​တွင် အဘယ်အရာ​တွေ့ကြုံ​ရသနည်း။ ဗေသလ​သို့​ရောက်လာ​ခါ​စ လူသစ်​တစ်ဦး​အား ဗေသလ​တွင်​နေထိုင်ခြင်း​အကြောင်း​သိစေ​ရန် မိသားစု​မှ​ရင့်ကျက်သော​ညီအစ်ကို​များ​က ဗေသလ​လုပ်ငန်း​၏​အသွင်အမျိုးမျိုး​နှင့်​ပတ်သက်​၍ သွန်သင်ချက်​များ​ပေး​ကြသည်။ ဗေသလ​မိသားစုဝင်​လူသစ်​တစ်ဦး​သည် ပထမ​နှစ်​အတွင်း ရက်သတ္တပတ်​အနည်းငယ်​တွင် ကျမ်းစာ​ကို သူ​တိုး​သိ​နားလည်​လာ​စေရန်​စီစဉ်​ထားသော အလွန်​ကောင်း​သည့်​အပတ်စဉ်​ကျောင်း​ကို တက်​ရသည်။ လူသစ်​များသည် ကျမ်းစာ​ဖတ်ရှုခြင်း​အထူး​အစီအစဉ်ကို​လည်း ပြုလုပ်​ရ​ကြသည်။ သူတို့၏​ဗေသလ​လုပ်ငန်းတော်​ပထမ​နှစ်​အတွင်း မိသားစုဝင်​လူသစ်​များသည် ကျမ်းစာ​တစ်အုပ်လုံး​ကို ဖတ်ရှု​ကြ​ရသည်။

ထို​လေ့ကျင့်မှု​အားလုံး​၏​အကျိုးကျေးဇူး​ကား အဘယ်နည်း။ ဟောင်ကောင်​မှ အသက် ၃၃ နှစ်အရွယ်​ဗေသလ​မိသားစုဝင် ဂျော့​ရှ်​ဝါ​က ဤသို့​ဖြေ​သည်– “ဗေသလ​ဟာ ယေဟောဝါ​အပေါ် ကျွန်တော့်​ရဲ့​ကျေးဇူး​တင်​လေးမြတ်စိတ်​ကို တကယ်​နက်ရှိုင်း​စေ​ခဲ့တယ်။ သူတို့​အသက်တာ အတော်များများကို ယေဟောဝါ​အမှုတော်မှာ​အသုံးပြု​ခဲ့​ကြ​တဲ့ အတွေ့အကြုံ​ရှိ​ညီအစ်ကို​တွေ​နဲ့ ကျွန်တော်​ပေါင်းသင်း​နိုင်တယ်။ အထူးသဖြင့် နံနက်​ဝတ်ပြုမှု​နဲ့ မိသားစု​ကင်းမျှော်စင်​သင်တန်း​လို​မျိုး ဝိညာဉ်​ရေး​အစီအစဉ်တွေကို နှစ်သက်တယ်။ ဒီ​အပြင် စည်းစနစ်ကျ​န​ပြီး ရိုးရှင်းတဲ့​ဘဝ​ပုံစံ​ကို ကျွန်တော်​ကြိုက်တယ်။ အဲဒါ​က မလိုအပ်တဲ့​စိုးရိမ်​စ​ရာ မရှိစေ​ဘူး။ ပြီး​တော့​လည်း ခရစ်ယာန်​နည်းလမ်း​အတိုင်း ဘယ်လို​လုပ်ရမယ်​ဆိုတာ​ကို​တတ်လာ​ပြီး အဲဒါ​က ကျွန်တော့်​ကို​အမြဲ​အကျိုးပေး​တယ်။”

ဗေသလ​မိသားစုဝင်​များသည် သူတို့၏​အချိန်​နှင့်​ကြိုးစား​အားထုတ်မှု​အများစုကို စေတနာ့​ဝန်ထမ်း​ရန် ကတိပြု​ခဲ့​သည်​အတိုင်း​ပြုလုပ်​ကြ​၏။ ဆိုလိုသည်မှာ ဗေသလ​တွင် သူတို့​ပေးအပ်​ခံ​ရသော​တာဝန်​ကို အဓိက​လုပ်ဆောင်ရန် သူတို့၏​ကာယ​နှင့် စိတ်ပိုင်း​ဆိုင်ရာ​စွမ်းအား​များ​ကို အသုံးပြုခြင်း​ဖြစ်သည်။ အလုပ်​အမျိုးမျိုးကို လုပ်ဆောင်ရန်​လိုအပ်​သည်။ အချို့​သည် ပုံနှိပ်​စက်​များ​ကို​ကိုင်တွယ်​ရ၏၊ သို့​မဟုတ် အသင်းတော်များ​စွာ​ထံ​သို့​တင်ပို့​သည့် စာအုပ်​များ​ပြုလုပ်​သော စာအုပ်​ချုပ်​ခြင်း​ကို​လုပ်ဆောင်ကြ​ရသည်။ အခြား​သူများ​သည် စား​ဖို​ဆောင်၊ ထမင်း​စား​ခန်း သို့​မဟုတ် အဝတ်​လျှော်​ဌာန​တွင် အမှုထမ်း​ကြသည်။ တာဝန်​များ​တွင် သန့်ရှင်းရေး၊ လယ်ယာ​လုပ်ငန်း၊ ဆောက်လုပ်ရေး​လုပ်ငန်း အစ​ရှိသည်​တို့​လည်း​ပါဝင်​သည်။ အချို့​သည် ၎င်း​ဌာန​များ​ရှိ ပစ္စည်း​ကိရိယာ​များ​ကို ကြည့်ရှု​ပြုစု​ရသည့်​တာဝန် ရရှိ​ထား​ကြသည်။ အခြားသူများ​မှာ​မူ ကျန်းမာ​ရေး​ကို​ဂရုစိုက်​ပေး​ရသည်၊ သို့​မဟုတ် ရုံး​တွင်​အလုပ်လုပ်​ကိုင်​ကြ​ရသည်။ ဗေသလ​လုပ်ငန်း​တာဝန်​အားလုံး​တွင် နှစ်သက်ဖွယ်​စိန်ခေါ်ချက်​များ​ပါဝင်​ကာ ယင်း​တို့သည် အံ့ဖွယ်​နည်းဖြင့်​အကျိုးပေး​သည်။ ဗေသလ​တွင်​လုပ်ကိုင်​သော​အလုပ်​သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို တိုးပွား​စေ​၍ ယေဟောဝါ​အား​ချစ်​သည့်​မေတ္တာ​ကြောင့် ပြုလုပ်​ကြ​သဖြင့် အထူး​ကျေနပ်မှု​ပေး​၏။

ဗေသလ​မိသားစုဝင်​များသည် သူတို့​လုပ်ဆောင်မှု​၏​အကျိုးကျေးဇူးများ​ကို ကိုယ်တိုင်​တွေ့ကြုံ​ခံစား​ကြ​ရသည့် အသင်းတော်များတွင် တာဝန်​ခန့်အပ်​ခံရ​ကြသည်။ အသင်းတော်​အစည်းအဝေး​များ​တက်​ခြင်း​နှင့် ဟောပြောခြင်း​လုပ်ငန်း​တွင်​ပါဝင်ခြင်း​ကို သူတို့​ပျော်​ပိုက်​ကြသည်။ ရလဒ်​အနေ​နှင့် ဗေသလ​မိသားစုဝင်​များသည် ဒေသခံ​အသင်းတော်များ​ရှိ ညီအစ်ကို၊ ညီအစ်မ​များနှင့် ခိုင်မြဲ​သော​နှောင်ကြိုး​များ ဖွဲ့​ခဲ့​ကြပြီ။—မာကု ၁၀:၂၉၊ ၃၀

ဗြိတိန်​နိုင်ငံ​မှ ဗေသလ​မိသားစုဝင်​တစ်ဦး​ဖြစ်သော ရီ​တာ​က​ဤသို့​ဆို​သည်– “အသင်းတော်​ရှိတဲ့​အတွက် ကျွန်မ​ကျေးဇူး​အရမ်း​တင်​တယ်! စည်းဝေး​တွေ​တက်ပြီး ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်မ​ပါဝင်​တဲ့​အခါ ချစ်ခင်​ဖို့​ကောင်း​တဲ့ ညီအစ်ကို​ညီအစ်မ​တွေ၊ ကလေး​တွေ​နဲ့ သက်ကြီးရွယ်အို​တွေ​ကို အဲဒီမှာ​တွေ့ရ​တာ ကျွန်မ​ရဲ့​ယုံကြည်ခြင်း​တိုးပွား​စေတယ်! ဘယ်လိုပဲ​ဖြစ်ဖြစ် သူတို့​လာကြတာ​ပဲ။ အဲဒါ​က ဗေသလ​လုပ်ငန်းတော်မှာ ကျွန်မ​ကို​ပို​ဇွဲရှိ​စေတယ်။”

ဗေသလ​တွင်​နေထိုင်ခြင်း​သည် အလုပ်လုပ်​ကိုင်​ခြင်း၊ အစည်းအဝေး​များ​တက်​ခြင်း၊ လယ်ကွင်း​လုပ်ငန်း​၌​ပါဝင်ခြင်း​နှင့် လေ့လာမှု​ပြုခြင်း​မျှ​သာ​မဟုတ်ပါ။ ထို​မိသားစု​သည် အပန်း​လည်း​ဖြေ​ကြ​ပါ​သည်။ ရံဖန်ရံခါ ဖျော်ဖြေမှု​နှင့် ဝိညာဉ်​ရေးရာ​အကျိုး​ဖြစ်ထွန်း​မှု​အတွက် “မိသားစု​ညချမ်း” အစီအစဉ်များ​ရှိပါ​သည်၊ ယင်းက ဗေသလ​တွင်​အမှုဆောင်​နေသူတို့​၏ ပင်ကိုစွမ်းရည်​များ​မှ ကြည်နူး​မှု​ရရှိရန်​နှင့် သူတို့၏​အသက်တာ​များနှင့်​စပ်လျဉ်း၍ အားရှိဖွယ်​ရာ​များ​ကို​ကြားသိ​ရန် အခွင့်အလမ်း​များ​ရရှိစေ​သည်။ အကျိုး​ဖြစ်ထွန်း​ပြီး တည်ဆောက်မှု​ဖြစ်စေ​သော အချင်းချင်း​ပေါင်းသင်း​လည်ပတ်ခြင်း​တို့သည်​လည်း ပျော်ရွှင်ဖွယ်​ဖြစ်သည်။ အပန်းဖြေ​ဖို့​အတွက်​အစီအစဉ်များ​နှင့် ဖတ်ရှု​လေ့လာရေး​အတွက် စာကြည့်တိုက်​များ​ကိုလည်း​ထား​ပေး​ပါ​သည်။ ထို့​ပြင် ထမင်း​စားချိန်​များ​၌ ထမင်း​စားပွဲဝိုင်း​တွင် စကားစမြည်​ပြောဆို​ကြ​ခြင်း​လည်း ရှိသေး​သည်။

အက်စ်တိုးနီးယား​မှ ဗေသလ​မိသားစုဝင်​တစ်ဦး​ဖြစ်သူ တောမ်​က​ဤသို့​ဆို​သည်– “ဗေသလ​အနားမှာ ပင်လယ်​ရှိတယ်၊ အဲဒီ​အနားမှာ သာယာတဲ့​သစ်တော​တစ်ခု​ရှိတယ်၊ အဲ့ဒီ​မှာ ကျွန်တော်​တို့​ဇနီး​မောင်နှံ ခရီးတို​လမ်းလျှောက်​ကြ​ရတာ​ပျော်စရာ​ကောင်းတယ်။ တစ်ခါ​တ​လေ အသင်းတော်​နဲ့ ဗေသလ​က​မိတ်ဆွေတွေနဲ့​အတူ ဂေါက်သီး​ရိုက်တယ်၊ ဟော်ကီ​နဲ့ တင်းနစ်​လည်း​ကစား​တယ်။ နောက်ပြီး ရာသီဥတု​သာယာတဲ့​အခါ စက်ဘီး​စီး​ထွက်ကြ​တယ်။”

အရည်အချင်း​ပြည့်မီ​ရန် သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း

ဗေသလ​သည် အဓိက​အားဖြင့် ယေဟောဝါ​၏ မြင့်မြတ်​သော​လုပ်ငန်းတော်​ကို​ထမ်းဆောင်​၍ ကမ္ဘာ​တစ်ဝန်း​မှ ယုံကြည်သူချင်း​များ​၏​အကျိုးအတွက် ရင့်ကျက်သော​ခရစ်ယာန်​များ​အမှုဆောင်​ကြ​သည့် နေရာတစ်ခု​ဖြစ်သည်။ ဗေသလ​မိသားစုဝင်​ဖြစ်လာ​ကြ​သူများ​သည် အရည်အချင်း​အချို့​ကို​ပြည့်မီ​ရ​ကြသည်။ ဗေသလ​လုပ်ငန်းတော်​အတွက် အရည်အချင်း​ပြည့်မီ​ရန် သင်​အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

တမန်​တော်​ပေါလု​နှင့်အတူ အမှုတော်​ဆောင်ရွက်​ခဲ့​သည့် တိမောသေ​ကဲ့သို့ ဗေသလ​လုပ်ငန်းတော်​ကို လက်ခံခဲ့​ကြ​သူများ​သည် အသင်းတော်တွင် ကောင်းသော​အနေအထား​ရှိ​ရ​ကြ​မည်။ (၁ တိမောသေ ၁:၁) တိမောသေ​သည် “လုတ္တရ​မြို့၊ ဣကောနိ​မြို့၌​ရှိသော​ညီအစ်ကို​တို့​တွင် အသရေရှိသော​သူ​ဖြစ်၏။” (တမန်​တော် ၁၆:၂) တိမောသေ​သည် ငယ်ရွယ်​သော်လည်း သမ္မာကျမ်းစာ​ကို​သိကျွမ်း​ကာ အမှန်တရား​တွင် ကောင်းစွာ​အခြေချ​ထား​သည်။ (၂ တိမောသေ ၃:၁၄၊ ၁၅) အလားတူ​စွာ ဗေသလ​လုပ်ငန်းတော်​ကို ထမ်းဆောင်​ရန် လက်ခံ​ခံရ​ကြ​သူများ​၌ သမ္မာကျမ်းစာ​အသိပညာ​ရှိဖို့ မျှော်လင့်​သည်။

ဗေသလ​မိသားစုဝင်​များသည် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ရှိ​ရန်လို​သည်။ တိမောသေ​၏ ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​နှင့် မိမိ​အကျိုး​ထက် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေ့​ဦး​ထား​ရန် သူ​တလိုတလား​ရှိခဲ့​သောကြောင့် သူနှင့်​ပတ်သက်​၍ ပေါလု​က​ဤသို့​ပြော​နိုင်​ခဲ့​ခြင်း​ဖြစ်သည်– “ထို​သူသည် သင်တို့​အကျိုးကို​ကြည့်ရှု​ချင်​သော စေတနာ​စိတ်​ရှိသကဲ့သို့ စိတ်သဘော​တူသော​သူ​တစ်ယောက်မျှ ငါ​တို့​၌​မရှိ။ လူ​ခပ်သိမ်း​တို့သည် ယေရှု​ခရစ်​၏​အကျိုးကို​မ​ရှာ၊ ကိုယ်​အကျိုးကို​သာ​ရှာ​ကြ​၏။ သို့သော်လည်း သား​သည်​အဘ​နှင့်အတူ​ဆောင်ရွက်​သကဲ့သို့ သူသည် ငါ​နှင့်အတူ ဧဝံဂေလိတရား​အမှုကို အမှန်​ဆောင်ရွက်​သည်​ဟု သူ​ပြ​သော​သက်သေ​ကို သင်တို့​သိ​ကြ​၏။”—ဖိလိပ္ပိ ၂:၂၀-၂၂

ဗေသလ​လုပ်ငန်း​အတွက် ဝိညာဉ်​ရေး​အမျိုးသား၊ အမျိုးသမီးများ​ဖြစ်​ရန်လို​သည်။ ဗေသလ​မိသားစုဝင်​များ​အတွက် ပြုလုပ်​ထား​သည့် ကျမ်းစာ​လေ့လာခြင်း၊ ခရစ်ယာန်​အစည်းအဝေးများနှင့် လယ်ကွင်း​ဓမ္မ​အမှု​တွင် မှန်မှန်​ပါဝင်ခြင်း၊ ရင့်ကျက်သော​ခရစ်ယာန်​များနှင့်​ပေါင်းသင်း​ခြင်း အစ​ရှိသော​အစီအစဉ်များ​က ဝိညာဉ်​ရေး​ဘက်​တိုးတက်စေ​သည်။ သို့ဖြင့် ဗေသလ​ရှိသူ​များသည် ပေါလု​၏​ဤ​အကြံပေး​ချက်​ကို​လိုက်လျှောက်ရန် အထောက်အကူ​ရ​ကြသည်– “ထို​သခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်​ခြင်း​ရှိ​လျက်၊ နည်း​ဥပဒေသကို​ခံ​ပြီး​သည်​အတိုင်း ယုံကြည်ခြင်း၌ မြဲမြံ​စွာ​စွဲလမ်း​လျက်၊ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ယုံကြည်ခြင်း​တိုးပွား​ပြည့်စုံ​လျက် [ယေရှု​ခရစ်] ၌​ကျင်လည် [“လျှောက်လှမ်း​လျက်​နေ၊” က​ဘ] ကြလော့။”—ကောလောသဲ ၂:၆၊ ၇

ဗေသလ​ရှိ လုပ်ငန်း​အမျိုးအစား​ကြောင့် ဤ​လုပ်ငန်းတော်​အခွင့်ထူး​ကို​ရသူ​များသည် ခွန်အား​ရှိ၍ ကျန်းမာ​ရေး​ကောင်း​ကြ​ရ​ပေမည်။ ဖော်ပြ​ခဲ့​သည့် အရည်အချင်းများ​ကို​သင်​ပြည့်မီ​မည်၊ အသက် ၁၉ နှစ် သို့​မဟုတ် ၁၉ နှစ်​ကျော်​မည်၊ နှစ်ခြင်း​ခံ​ပြီး​သည်​မှာ အနည်းဆုံး​တစ်နှစ်​ပြည့်​ပြီး​လျှင် ဗေသလ​လုပ်ငန်းတော်​ကို​စဉ်းစား​ရန် သင့်​အားတိုက်​တွန်း​ပါ​သည်။

ကျွန်ုပ်​တို့အားလုံး​ပါဝင်ခွင့်​ရ

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့အားလုံး​သည် ဘဝ​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို​ဦးစား​ထား​ကာ ယေဟောဝါ​အမှုတော်ကို စိုးလ်​အကြွင်းမဲ့​ထမ်းဆောင်​လို​ကြသည်​မှာ​အမှန်ပင်။ (မဿဲ ၆:၃၃; ကောလောသဲ ၃:၂၃) ဗေသလ​တွင်​အမှုဆောင်​နေကြ​သူများကို​လည်း ထို​တွင်​မြင့်မြတ်​သော​လုပ်ငန်းတော်​ကို ဆက်လက်​ထမ်းဆောင်​နေ​ရန် အားပေးနိုင်​ပါ​သည်။ အထူးသဖြင့် ဗေသလ​လုပ်ငန်းတော်​အတွက် အရည်အချင်း​ပြည့်မီ​သည့် ငယ်ရွယ်​သော အသင်​ညီအစ်ကို​ငယ်​များသည် ထို​အခွင့်ထူး​ကို​လက်လှမ်း​ယူ​ကြ​ရန် အားပေး​တိုက်တွန်း​ပါ​သည်။

ဗေသလ​လုပ်ငန်းတော်​သည် ဝိညာဉ်​ရေး​အရ နှစ်သက်ဖွယ်​ကောင်းသော ဘဝ​လမ်းစဉ်​ဖြစ်၏၊ သင့်အတွက် အကောင်းဆုံး​သော​ဘဝ​လုပ်ငန်း အမှန်တကယ်​ဖြစ်​နိုင်​သည်။ အသက် ၂၀ မှ​စ၍​ဗေသလ​တွင်​အမှုဆောင်ခဲ့​သူ နစ်​ခ်​အတွက် ထိုသို့​ဖြစ်​ခဲ့​သည်။ ဗေသလ​လုပ်ငန်းတော်​ကို ဆယ်နှစ်​ထမ်းဆောင်​ပြီး​နောက် သူက​ဤသို့​ပြော​သည်– “ယေဟောဝါ​ရဲ့​မခံစားထိုက်​တဲ့​ကြင်နာ​မှု​အတွက် ကိုယ်တော့်​ကို​ကျေးဇူး​တင်​ကြောင်း ကျွန်တော်​မကြာမကြာ​ဆုတောင်း​တယ်။ နောက်ထပ်​ဘာကို​တောင်း​နိုင်​ဦး​မှာ​လဲ။ ဒီ​နေရာမှာ ကျွန်တော်​တို့​ဟာ ယေဟောဝါ​အမှုတော်ကို အတတ်နိုင်ဆုံး​ဆောင်ရွက်​နေကြ​တဲ့ သစ္စာ​တည်ကြည်သူ​ခရစ်ယာန်​တွေ​နဲ့ ဝိုင်းရံ​နေတယ်။”

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

အကြီးအကဲ​များနှင့်​မိဘများ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း

အကြီးအကဲ​များနှင့် နယ်လှည့်​ကြီးကြပ်မှူး​များသည် လူငယ်များ​ကို ဗေသလ​အတွက်​လျှောက်​ရန် အထူးသဖြင့်​အားပေး​သင့်​သည်။ မကြာမီ​က ဗေသလ​မိသားစုဝင်​လူငယ်များ​ကို အလွတ်သဘော​မေးမြန်းခဲ့​ရာ ၎င်း​တို့​ထဲ​မှ ၃၄ ရာခိုင်နှုန်း​သည် ဗေသလ​ပန်းတိုင်​ထား​ရန် ခရစ်ယာန်​ကြီးကြပ်မှူး​များ​၏​တိုက်တွန်းမှု​ကို အဓိက​ခံ​ခဲ့​ရ​ကြောင်း​ပြောပြ​သည်။ မှန်သည်၊ သူတို့၏ ဒေသခံ​အသင်းတော်များ​က သူတို့ကို​လွမ်း​ကြ​ပေမည်။ သို့သော် လုတ္တရ​နှင့်​ဣကောနိ​ရှိ အခြား​လူငယ်များ​အပေါ် တိမောသေ​သည် ကောင်းသော​သြဇာ​ဖြစ်​ခဲ့​သော်လည်း ထို​တွင်​ရှိ အကြီးအကဲ​များ​က သူ့​အား ပေါလု​နှင့်အတူ​အမှုဆောင်ခြင်းကို မ​ဟန့်တား​ခဲ့​ကြောင်း သတိရ​လျှင်​ကောင်း​၏။ တမန်​တော်​နှင့်အတူ တိမောသေ​လိုက်ပါ​သွားခြင်းက မိမိတို့​အသင်းတော်​အတွက် ဆုံးရှုံးမှုကြီး​တစ်ခု​ဖြစ်​မည်​ဟု သူတို့​မယူဆ​ခဲ့​ပေ။—၁ တိမောသေ ၄:၁၄

ဤ​ကိစ္စ​တွင် အထူးသဖြင့် ခရစ်ယာန်​မိဘများသည် မိမိတို့​သားသမီး​များ​အပေါ် အပြုသဘော​ပါ​သြဇာ​သက်ရောက်မှု​ဖြစ်စေ​ရန် ကြိုးစား​အားထုတ်​သင့်​သည်။ ဖော်ပြ​ပါ​မေးမြန်းမှု​တွင် အမေး​ခံရ​သူတို့​မှ ၄၀ ရာခိုင်နှုန်း​က ဗေသလ​လုပ်ငန်း​ကို သူတို့​ဝင်ရန် အဓိက​အားပေးမှုမှာ မိဘများ​ထံ​မှ​ဖြစ်​ကြောင်း​ဖော်ပြ​ခဲ့​ကြသည်။ ဗေသလ​၌ နှစ်​အနည်းငယ်​အမှုတော်​ဆောင်​ခဲ့​ပြီး​ဖြစ်သော ညီအစ်မ​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ ကျွန်မ​မိဘတွေရဲ့​အသက်တာ​က ဗေသလ​လုပ်ငန်း​ကို​ဝင်​ဖို့ အစွမ်းထက်တဲ့​တွန်းအား​တစ်ခု​ဖြစ်​ခဲ့တယ်။ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုမှာ သူတို့ရဲ့​ပုံသက်သေ​ကို​ကြည့်​ပြီး အဲဒါဟာ ရွေးချယ်​ဖို့​အတွက် အကောင်းဆုံး​နဲ့ ကျေနပ်မှု​အ​ပေး​နိုင်​ဆုံး​ဘဝ​လမ်းစဉ်​ဖြစ်​မယ်​ဆိုတာ​ကို ကျွန်မ​အသေအချာ​သိခဲ့တယ်။”

[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]

ဗေသလ​လုပ်ငန်း​ကို သူတို့​တန်ဖိုး​ထား​လေးမြတ်​ကြ

“ဗေသလမှာ​အမှုဆောင်​ရတာကို ကျွန်မ​မြတ်နိုးတယ်။ ယေဟောဝါ​အမှုတော်ကို တစ်နေ့လုံး​ထမ်းဆောင်​ခဲ့​ပြီး မနက်ဖြန်၊ သန်​ဘက်​ခါ စတဲ့​နေ့တွေမှာ​လည်း အဲဒီအတိုင်း​လုပ်ဆောင်​နိုင်​မယ်​ဆို​တဲ့​အသိ​က ကျေနပ်မှု​ကို​ဖြစ်စေ​တယ်။ အဲဒါ​က ကျွန်မ​ကို ကြည်လင်​တဲ့​ကိုယ်ကိုကိုယ်သိတဲ့စိတ်​ရှိစေပြီး အပြုသဘောထား​တွေ​နဲ့​ပြည့်နေ​စေတယ်။”

“ဗေသလ​ဟာ စိတ်​ပျံ့လွင့်​မှုမရှိ​စေ​ဘဲ ယေဟောဝါ​ရဲ့​အမှုတော်ကို အချိန်ပြည့်၊ ခွန်အား​အပြည့်​နဲ့​လုပ်ကိုင်​နိုင်​တဲ့ နေရာတစ်ခု​ဖြစ်တယ်။ အဲဒါ​က အတွင်း​ပျော်ရွှင်မှု​ရှိစေတယ်။ ယေဟောဝါ​ရဲ့​အဖွဲ့အစည်း​ကိုလည်း ရှုထောင့်​တစ်ဖက်​ကနေ မြင်​စေတယ်။ အဖွဲ့အစည်း​ရဲ့​ဗဟို​နဲ့ ပိုမို​နီးကပ်​လာ​စေ​တဲ့​အတွက် စိတ်အားတက်​ကြွ​စ​ရာ​ဖြစ်စေ​တယ်။”

“ဗေသလ​ကိုလာ​တာ ကျွန်မ​ဘဝမှာ​ဖြစ်ပျက်​ခဲ့​သမျှ​တွေ​ထဲ​က အကောင်းဆုံး​အဖြစ်အပျက်​ပဲ။ ဒီမှာ ပညာ​ဆည်းပူးခြင်း ဘယ်တော့မှ​မရပ်တန့်​သွား​ဘူး။ နောက်ပြီး ဒီ​ပညာရေး​က ကျွန်မ​ရဲ့​ကိုယ်ပိုင်​အောင်မြင်မှု​အတွက်​မဟုတ်ဘဲ ယေဟောဝါ​အတွက်​ဖြစ်တယ်။ ဒီမှာ​အမှုဆောင်​ရတာ ဘယ်တော့မှ​အချည်းနှီး​ဖြစ်​မှာ​မဟုတ်ဘူး။”

“ဗေသလမှာ ကျွန်မ​ရဲ့​ပင်ကိုစွမ်းရည်​တွေ​ကို ယေဟောဝါ​နဲ့ ညီအစ်ကို​တွေ​အတွက် အသုံးပြု​နေရ​လို့ ကျေနပ်မှု​နဲ့ ငြိမ်သက်မှု​ရှိစေတယ်။”

“ကျွန်တော့်​ရဲ့​အရင်​အသက်မွေး​လုပ်ငန်းမှာ စစ်မှန်​တဲ့​ကျေနပ်မှု​နဲ့​ပျော်ရွှင်မှု မရရှိ​ခဲ့​ဘူး။ ညီအစ်ကို၊ ညီအစ်မ​တွေ​အတွက် သူတို့နဲ့အတူ တွဲ​အလုပ်လုပ်ဖို့ နှစ်​နဲ့​ချီ​ကျွန်တော်​စိတ်ကူးယဉ်​ခဲ့တယ်။ အဲဒါ​ကြောင့် ဗေသလ​ကို ကျွန်တော်​လာတာ။ ကျွန်တော်​ကြိုးစား​အားထုတ်​သမျှ​ဟာ တခြား​သူတွေရဲ့ ဝိညာဉ်​ရေး​အတွက်​ဖြစ်​ပြီး ယေဟောဝါ​ကို ချီးမွမ်း​ရာ​ရောက်မယ်​ဆိုတာ​ကို​သိရတာက တကယ့်ကို​ကျေနပ်မှု​ပေး​တယ်။”