ကျွန်မတို့တွဲဖက်လုပ်ဆောင်ခဲ့ကြ
ဘဝအတ္ထုပ္ပတ္တိ
ကျွန်မတို့တွဲဖက်လုပ်ဆောင်ခဲ့ကြ
မဲလ်ဘာ ဘယ်ရီ ပြောပြသည်
အိမ်ထောင်သက် ၅၇ နှစ်အတွင်းမှာ ယေဟောဝါသက်သေတွေရဲ့စည်းဝေးကြီးတွေကို အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့သလို ၁၉၉၉၊ ဇူလိုင် ၂ ရက်နေ့မှာလည်း ကျွန်မခင်ပွန်းနဲ့အတူ စည်းဝေးကြီးတစ်ခုကိုတက်ရောက်ခဲ့တယ်။ လွိုက်ဟာ ဟာဝိုင်ယီက ခရိုင်စည်းဝေးကြီးမှာ သောကြာနေ့ရဲ့ နောက်ဆုံးဟောပြောချက်ပေးနေရင်း ရုတ်တရက် မူးလဲကျသွားတယ်။ ပြန်သတိရလာအောင် အားလုံးကကြိုးစားခဲ့ပေမဲ့ သူဆုံးသွားပါပြီ။ *
ဒီကြေကွဲစရာအဖြစ်ကို ကျွန်မရင်ဆိုင်နိုင်ဖို့ ဝိုင်းပြီးဖေးမကူညီပေးတဲ့ ဟာဝိုင်ယီကခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေဟာ တကယ့်ကိုချစ်စရာလေးတွေပါ! လွိုက်ဟာ သူတို့တင်မက ကမ္ဘာတစ်ဝန်းက အခြားသူတွေရဲ့ဘဝကိုလည်း လွှမ်းမိုးခဲ့တယ်။
သူဆုံးပြီးနှစ်နှစ်နီးပါးမှာ ကျွန်မတို့နှစ်ယောက်ရဲ့တန်ဖိုးရှိတဲ့နှစ်တွေ—တိုင်းတစ်ပါးမှာ သာသနာပြုခဲ့တာ၊ နယူးယောက်၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ တာဝန်ထမ်းဆောင်တာ—ကိုကျွန်မစဉ်းစားမိတယ်။ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ ကျွန်မရဲ့ငယ်စဉ်ဘဝနဲ့ ဒုတိယကမ္ဘာစစ် အစောပိုင်းအချိန်မှာ လွိုက်နဲ့ကျွန်မလက်ထပ်ဖို့ ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်ချက်တွေကိုလည်း မှတ်မိတယ်။ ကျွန်မသက်သေခံဖြစ်လာပုံနဲ့ ၁၉၃၉ ခုနှစ်မှာ လွိုက်နဲ့တွေ့ဆုံခဲ့ပုံတွေကို ဦးဆုံးပြောပြပါရစေ။
ကျွန်မ သက်သေခံတစ်ယောက်ဖြစ်လာပုံ
ဂျိမ်းစ်နဲ့ဟင်နရီယက်တာဂျုံးစ်တို့ဟာ ချစ်စရာကောင်းပြီး ကျွန်မကိုစောင့်ရှောက်ခဲ့တဲ့ မိဘတွေဖြစ်တယ်။ ကျွန်မကျောင်းပြီးသွားတဲ့ ၁၉၃၂ ခုနှစ်မှာ ကျွန်မ ၁၄ နှစ်ပဲရှိသေးတယ်။ အဲဒီအချိန်က ကမ္ဘာ့စီးပွားရေးကပ်ဆိုက်နေတဲ့အချိန်။ ညီမနှစ်ယောက်ပါဝင်တဲ့ ကျွန်မရဲ့မိသားစုကို ထောက်ပံ့ဖို့ ကျွန်မစပြီးအလုပ်လုပ်ခဲ့တယ်။ နှစ်အနည်းငယ်မှာပဲ ကျွန်မလက်အောက်မှာ အတူအလုပ်လုပ်ကြတဲ့ မိန်းကလေးအချို့နဲ့ လစာကောင်းတဲ့အလုပ်တစ်ခုရခဲ့တယ်။
အဲဒီအချိန်အတွင်း ၁၉၃၅ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ယောက်ဆီကနေ ကျမ်းစာစာပေကို အမေရပြီး မကြာခင်မှာ အမှန်တရားတွေ့ပြီလို့ သူခံယူခဲ့တယ်။ ကျွန်မတို့က အမေရူးသွားပြီလို့ ထင်နေကြတာ။ ဒါပေမဲ့ တစ်နေ့ကျတော့ လူသေများ အဘယ်မှာရှိသနည်း စာအုပ်ငယ်ကို ကျွန်မတွေ့ခဲ့တယ်၊ အဲဒီခေါင်းစဉ်က ကျွန်မကိုဖမ်းစားခဲ့တယ်။ ဒါနဲ့ အဲဒီစာအုပ်ငယ်ကို ခိုးဖတ်ခဲ့တယ်။ အဲဒါက ကျွန်မစိတ်ကိုပြောင်းလဲသွားစေတာပါပဲ! အဲဒီအချိန်ကစပြီး အမေနဲ့အတူ စံပြသင်အံမှုလို့ခေါ်တဲ့ ရက်သတ္တပတ်အလယ်အစည်းအဝေးတစ်ခုကို စတက်ခဲ့တယ်။ စံပြသင်အံမှုလို့ဆိုတဲ့ နောက်ဆုံး စာအုပ်သုံးတွဲထွက်လာတဲ့ စာအုပ်ငယ်တစ်ခုထဲမှာ မေးခွန်းတွေ၊ အဖြေတွေအပြင် အဖြေတွေကိုထောက်ခံတဲ့ကျမ်းချက်တွေပါတယ်။
အဲဒီအချိန် ၁၉၃၈၊ ဧပြီလလောက်မှာ ယေဟောဝါသက်သေတွေရဲ့ကမ္ဘာ့ဌာနချုပ်က ကိုယ်စားလှယ် ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က ဆစ်ဒနီမြို့ကို လာရောက်လည်ပတ်ခဲ့တယ်။ သူ့ရဲ့လူထုဟောပြောချက်ကို ကျွန်မပထမဦးဆုံးအကြိမ် တက်ရောက်ခဲ့တယ်။ ဆစ်ဒနီမြို့တော်ခန်းမမှာ ကျင်းပဖို့ဖြစ်ပေမဲ့ အတိုက်အခံသမားတွေက အဲဒီခန်းမကို ကျွန်မတို့အသုံးပြုခွင့်မရအောင်တားတာ အောင်မြင်သွားတယ်။ ဒါနဲ့ အဲဒီခန်းမအစား၊ ဒီထက်ကြီးတဲ့ ဆစ်ဒနီအားကစားကွင်းမှာ ဟောပြောချက်ပေးဖြစ်ခဲ့တယ်။ အဲဒီလိုအတိုက်အခံလုပ်ခဲ့တာ လူသိရှင်ကြားဖြစ်သွားလို့ လူပေါင်း ၁၀,၀၀၀ လောက်တက်ရောက်ခဲ့တယ်၊ အဲဒီအချိန်က ဩစတြေးလျမှာ သက်သေခံ ၁,၃၀၀ လောက်ပဲရှိသေးတာနဲ့ နှိုင်းယှဉ်ရင် အံ့ဩစရာကောင်းအောင်များတဲ့အရေအတွက်ပါပဲ။
အဲဒီနောက်မကြာခင်မှာ လေ့ကျင့်မှုဘာမှမရှိဘဲ လယ်ကွင်းအမှုဆောင်မှာ ကျွန်မ ပထမဦးဆုံးအကြိမ်ပါဝင်ခဲ့တယ်။ ဟောရမယ့်ရပ်ကွက်ကို ကျွန်မတို့အုပ်စုရောက်တဲ့အခါ ဦးဆောင်သူက “ဟိုအိမ်က ခင်ဗျားသွားရမယ့်အိမ်” ဆိုပြီး ကျွန်မကိုပြောခဲ့တယ်။ အိမ်ရှင်မ ထွက်လာတဲ့အခါ ကျွန်မကြောက်လွန်းလို့ “ကျေးဇူးပြုပြီး ဘယ်အချိန်ရှိပြီလဲ” လို့မေးခဲ့တယ်။ အိမ်ထဲပြန်ဝင်၊ အချိန်ကြည့်ပြီး ကျွန်မကိုပြန်လာပြီးပြောပြတယ်။ ဒါနဲ့ပဲ ကားဆီကို ကျွန်မပြန်လာခဲ့တယ်။
ဒါပေမဲ့ ကျွန်မလက်မလျှော့ခဲ့ပါဘူး၊ မကြာခင်မှာ တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းအကြောင်း မှန်မှန်ပြောပြခဲ့တယ်။ (မဿဲ ၂၄:၁၄) ၁၉၃၉၊ မတ်လမှာ အိမ်နီးချင်းဒေါ်ရသီ ဟာခ်ျချင်းရဲ့ ရေချိုးကန်ထဲမှာ ကျွန်မနှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်းပြခဲ့တယ်။ ညီအစ်ကိုတွေမရှိတဲ့အတွက် ကျွန်မနှစ်ခြင်းခံပြီးမကြာခင် ထုံးစံအရ ခရစ်ယာန်အမျိုးသားတွေပဲလုပ်ရတဲ့ အသင်းတော်တာဝန်တွေ ကျွန်မကိုပေးခဲ့တယ်။
အစည်းအဝေးတွေကို အများအားဖြင့် အိမ်တွေမှာကျင်းပခဲ့ကြပေမဲ့ တစ်ခါတလေ လူထုဟောပြောချက်တွေပေးဖို့ ခန်းမငှားခဲ့ကြတယ်။ ဌာနခွဲရုံးဖြစ်တဲ့ ဗေသလက ရုပ်ဖြောင့်ဖြောင့်လူငယ်ညီအစ်ကိုတစ်ယောက် ဟောပြောချက်ပေးဖို့ ကျွန်မတို့အသင်းတော်ငယ်လေးဆီ ရောက်လာတယ်။ သူလာတဲ့နောက်အကြောင်းတစ်ခုက ကျွန်မကိုလေ့လာဖို့ဆိုတာ ကျွန်မ,မသိလိုက်ဘူး။ ဟုတ်ပါတယ်၊ လွိုက်ကို အဲဒီလိုနည်းနဲ့ ကျွန်မတွေ့ဆုံခဲ့တာပါ။
လွိုက်မိသားစုနဲ့တွေ့ဆုံခြင်း
မကြာခင်မှာပဲ ယေဟောဝါရဲ့အမှုတော်ကို ကျွန်မအချိန်ပြည့်ထမ်းဆောင်ချင်ခဲ့တယ်။ ဒါပေမဲ့ ရှေ့ဆောင်လုပ် (အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်) ဖို့လျှောက်တဲ့အခါ ဗေသလမှာ အမှုထမ်းချင်သလားလို့ ကျွန်မကိုမေးခဲ့တယ်။ ဒါနဲ့ပဲ ဒုတိယကမ္ဘာစစ်စတဲ့ ၁၉၃၉၊ စက်တင်ဘာလမှာ ဆစ်ဒနီမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက် စထရာ့သ်ဖီးက ဗေသလမိသားစုဝင်တစ်ဦး ဖြစ်လာခဲ့ရတယ်။
၁၉၃၉၊ ဒီဇင်ဘာလမှာ စည်းဝေးကြီးတစ်ခုတက်ဖို့ နယူးဇီလန်ကို ကျွန်မသွားခဲ့တယ်။ လွိုက်က နယူးဇီလန်ကဖြစ်တဲ့အတွက် သူလည်းပဲသွားခဲ့တယ်။ သင်္ဘောတစ်စီးထဲစီးကြလို့ ကျွန်မတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီးလာခဲ့ကြတယ်။ လွိုက်က သူ့အမေ၊ အဖေ၊ ညီမလေးတွေနဲ့ ဝယ်လင်တန်စည်းဝေးကြီးမှာရော နောက်တော့ ခရိုက်စ်ချပ်ကသူတို့အိမ်မှာပါ ကျွန်မနဲ့တွေ့ဆုံဖို့ စီစဉ်ခဲ့တယ်။
ကျွန်မတို့လုပ်ငန်းကိုပိတ်ပင်ခြင်း
၁၉၄၁၊ ဇန်နဝါရီ ၁၈၊ စနေနေ့မှာ ဓနသဟာယအာဏာပိုင်တွေက ပစ္စည်းတွေကိုသိမ်းဆည်းဖို့ အနက်ရောင်ဇိမ်ခံကားခြောက်စီးခန့်နဲ့ ဌာနခွဲရုံးကို ရောက်လာကြတယ်။ ဗေသလအဝင်ဝက ကင်းစောင့်အဆောင်ငယ်ထဲမှာ ကျွန်မတာဝန်ကျနေတဲ့အတွက် သူတို့ကို ကျွန်မဦးဆုံးမြင်ခဲ့ရတယ်။ အဲဒီအချိန်မတိုင်ခင် ၁၈ နာရီလောက်က ကျွန်မတို့လုပ်ငန်းကိုပိတ်ပင်မယ်လို့ သတင်းရထားလို့ စာပေစာတမ်းနဲ့ ဖိုင်တွဲအားလုံးနီးပါးကို ဌာနခွဲရုံးက
နေ ရှင်းထုတ်ပြီးသားဖြစ်နေပြီ။ နောက်တစ်ပတ်မှာ လွိုက်အပါအဝင် ဗေသလမိသားစုဝင်ငါးယောက်ကို ထောင်ချလိုက်တယ်။အကျဉ်းချခံနေရတဲ့ညီအစ်ကိုတွေ အလိုအပ်ဆုံးက ဝိညာဉ်အစာဆိုတာကို ကျွန်မသိတယ်။ လွိုက်ကိုကူညီပေးဖို့ သူ့ဆီ “မေတ္တာစာတွေ” ရေးမယ်လို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ စာကို မေတ္တာစာပုံစံလိုစရေးပေမဲ့ နောက်မှ ကင်းမျှော်စင်ဆောင်းပါးတွေကိုကူးရေးပြီး သူ့ရဲ့ချစ်သူထံမှဆိုပြီး လက်မှတ်ထိုးခဲ့တယ်။ လေးလကြာတော့မှ ထောင်ထဲက လွိုက်ထွက်လာတယ်။
အိမ်ထောင်ပြုပြီး လုပ်ငန်းတော်မှာဆက်ပါဝင်ခဲ့
၁၉၄၀ ပြည့်နှစ်မှာ ဩစတြေးလျကို လွိုက်အမေလာလည်ပတ်တဲ့အခါ ကျွန်တော်တို့လက်ထပ်ဖို့စဉ်းစားနေကြတယ်လို့ လွိုက်က သူ့အမေကိုပြောပြခဲ့တယ်။ အစီအစဉ်စနစ်အဆုံးရောက်တော့မယ့်ပုံပေါက်နေတဲ့အတွက် အိမ်ထောင်မပြုဖို့ သူ့အမေက အကြံပေးခဲ့တယ်။ (မဿဲ ၂၄:၃-၁၄) သူ့မိတ်ဆွေတွေကိုလည်း သူ့ရည်မှန်းချက်တွေအကြောင်း ပြောပြတိုင်း သူတို့ကလည်း အိမ်ထောင်မပြုဖို့ အမြဲတမ်းလိုလိုပြောခဲ့ကြတယ်။ နောက်ဆုံးတော့ ၁၉၄၂၊ ဖေဖော်ဝါရီလ ရက်တစ်ရက်မှာ လွိုက်က နှုတ်ပိတ်ထားတဲ့ သက်သေလေးယောက်နဲ့အတူ ကျွန်မကို မှတ်ပုံတင်ရုံးခေါ်သွားပြီး လက်ထပ်ခဲ့တယ်။ အဲဒီတုန်းက ဩစတြေးလျမှာ ယေဟောဝါသက်သေတွေက အိမ်ထောင်ပြုပေးဖို့ ခွင့်ပြုချက်မရသေးဘူး။
အိမ်ထောင်သည်အနေနဲ့ ဗေသလလုပ်ငန်းမှာ ကျွန်မတို့ ဆက်လုပ်ခွင့်မရတော့ပေမဲ့လည်း အထူးရှေ့ဆောင်လုပ်ချင်သလားလို့မေးခဲ့တယ်။ ဝါးဂါဝါးဂါ တောရွာလေးမှာ သွားတာဝန်ထမ်းဆောင်ဖို့ ဝမ်းသာအားရပဲ ကျွန်မတို့လက်ခံခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ထားတုန်းပဲ၊ ကျွန်မတို့မှာ ငွေကြေးထောက်ပံ့မှုမရှိကြတဲ့အတွက် ကျွန်မတို့ဝန်ကို ယေဟောဝါဆီမှာ ပုံအပ်ထားခဲ့ရတယ်။—ဆာလံ ၅၅:၂၂။
တောရွာတွေကို လူနှစ်ယောက်နင်းစက်ဘီးစီးပြီး ကျွန်မတို့သွားခဲ့ကြတယ်၊ လူကောင်းတွေနဲ့တွေ့ဆုံပြီး သူတို့နဲ့အကြာကြီးစကားပြောခွင့်ရခဲ့ကြတယ်။ ကျမ်းစာသင်အံမှု လက်ခံသူ သိပ်မရှိဘူး။ ဒါပေမဲ့ စတိုးဆိုင်ရှင်တစ်ယောက်က ကျွန်မတို့အလုပ်ကို အတော့်ကိုလေးစားပြီး အပတ်တိုင်း ကျွန်မတို့ကို သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေပေးခဲ့တယ်။ ဝါးဂါဝါးဂါမှာ ခြောက်လနေပြီးနောက် ကျွန်မတို့ ဗေသလကိုပြန်ဖိတ်ခေါ်ခံခဲ့ရတယ်။
ဗေသလမိသားစုဟာ ၁၉၄၂၊ မေလမှာ စထရာ့သ်ဖီးရုံးက
နေရွှေ့ပြီး ကိုယ်ပိုင်အိမ်တွေမှာ နေထိုင်ခဲ့ကြတယ်။ သူတို့ကိုရှာမတွေ့နိုင်အောင် တစ်အိမ်ကနေတစ်အိမ် မကြာမကြာပြောင်းရွှေ့ခဲ့ကြတယ်။ ဩဂုတ်လမှာ လွိုက်နဲ့ကျွန်မ ဗေသလကိုပြန်ရောက်တဲ့အခါ အဲဒီနေရာတစ်နေရာမှာ သူတို့နဲ့အတူနေခဲ့တယ်။ ကျွန်မတို့ရဲ့တာဝန်က ပုံနှိပ်စက်ထောင်ထားတဲ့ မြေအောက်ခန်းတစ်ခန်းမှာ နေ့တိုင်းအလုပ်လုပ်ဖို့ဖြစ်တယ်။ နောက်ဆုံး ၁၉၄၃၊ ဇွန်လမှာ လုပ်ငန်းပိတ်ပင်မှုကို ရုပ်သိမ်းခဲ့တယ်။တိုင်းတစ်ပါးလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်ခြင်း
၁၉၄၇၊ ဧပြီလမှာ ယူ.အက်စ်.အေ. နယူးယောက်၊ တောင်လန်စင်းမှာရှိတဲ့ ကင်းမျှော်စင်သမ္မာကျမ်းစာဂိလဒ်ကျောင်းကိုတက်ဖို့ ကျွန်မတို့ကို ပဏာမလျှောက်လွှာတွေပေးခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ဩစတြေးလျမှာရှိတဲ့ အသင်းတော်တွေကိုလည်ပတ်ပြီး ဝိညာဉ်ရေးဘက်အားပေးဖို့ ကျွန်မတို့ကို တာဝန်ပေးခဲ့တယ်။ လအနည်းငယ်ကြာပြီးနောက်မှာ ၁၁ ကြိမ်မြောက် ဂိလဒ်သင်တန်းကိုတက်ဖို့ ဖိတ်ခေါ်ခံရတယ်။ ကျွန်မတို့လိုအပ်တာတွေစီစဉ်ဖို့နဲ့ ပစ္စည်းတွေထုပ်ပိုးဖို့ သုံးပတ်ပဲအချိန်ရခဲ့တယ်။ ၁၉၄၇၊ ဒီဇင်ဘာလမှာ မိသားစုနဲ့မိတ်ဆွေတွေကိုနှုတ်ဆက်ပြီး သင်တန်းတစ်ခုတည်းကိုပဲတက်ဖို့ ဖိတ်ခေါ်ခံရတဲ့ ဩစတြေးလျကနောက်ထပ် ၁၅ ယောက်နဲ့အတူ နယူးယောက်မြို့ကို ထွက်ခွာခဲ့ကြတယ်။
ဂိလဒ်ကျောင်းမှာ လအနည်းငယ်နေပြီးတဲ့နောက် ဂျပန်မှာသာသနာပြုဖို့ တာဝန်ရရှိခဲ့တယ်။ ဂျပန်သွားဖို့ စာရွက်စာတမ်းတွေလုပ်နေရတာ တော်တော်လေးစောင့်ရတဲ့အတွက် လွိုက်ကို ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးတာဝန် ပြန်ပေးအပ်ခဲ့တယ်။ ကျွန်မတို့လည်ပတ်ခဲ့ရတဲ့ အသင်းတော်တွေက လော့စ်အိန်ဂျလိစ်မြို့ကနေ မက္ကဆီကိုနယ်စပ်အထိ ပြန့်ကျဲနေတယ်။ ကျွန်မတို့မှာ ကားမရှိတဲ့အတွက် သက်သေခံတွေက အပတ်တိုင်းပဲ အသင်းတော်တစ်ခုကနေတစ်ခုကို မေတ္တာနဲ့ပို့ပေးခဲ့ကြတယ်။ ဧရာမတိုက်နယ်ဖြစ်ခဲ့တဲ့ အဲဒီဧရိယာမှာ အခုဆိုရင် အင်္ဂလိပ်ခရိုင်သုံးခုနဲ့ စပိန်ခရိုင်သုံးခုခွဲလိုက်ပြီး ခရိုင်တစ်ခုစီက တိုက်နယ်ဆယ်ခုစီနဲ့ ဖွဲ့စည်းထားတယ်!
ရုတ်တရက်ပဲ ၁၉၄၉၊ အောက်တိုဘာလမှာ စစ်သင်္ဘောတစ်စီးနဲ့ ဂျပန်နိုင်ငံကို ကျွန်မတို့ခရီးဆက်ခဲ့ကြတယ်။ အမျိုးသားတွေကို သင်္ဘောတစ်ဖက်အစွန်းမှာနေရာချပြီး အမျိုးသမီးတွေနဲ့ကလေးတွေကို တခြားဘက်မှာနေရာချပေးတယ်။ ယိုကိုဟားမားကိုမရောက်ခင်တစ်ရက်အလိုမှာ တိုင်ဖုန်းမုန်တိုင်းမိခဲ့ကြတယ်။ အဲဒါကြောင့် လေထုသန့်စင်သွားပုံရတယ်၊ နောက်တစ်နေ့ နေထွက်လာတဲ့အောက်တိုဘာ ၃၁ ရက်မှာ ခမ်းနားထည်ဝါစွာနဲ့ ဖူဂျီတောင်ကို ကျွန်မတို့တွေ့မြင်နိုင်ခဲ့ကြတယ်။ ကျွန်မတို့တာဝန်ကျတဲ့နေရာအသစ်ရဲ့ တကယ့်ခမ်းနားစွာကြိုဆိုမှုပါပဲ!
ဂျပန်လူမျိုးနှင့် အလုပ်လုပ်ခြင်း
သင်္ဘောကျင်းကိုဆိုက်တဲ့အခါ ဆံပင်အနက်ရောင်နဲ့ လူတွေအများကြီးကိုတွေ့ခဲ့တယ်။ ဆူညံလွန်းတဲ့အသံတွေကြားရတဲ့အခါ ‘တကယ့်ကိုညံတဲ့လူတွေပဲ!’ လို့ကျွန်မတို့ထင်မိခဲ့တယ်။ သစ်သားကုန်းတံတားတွေပေါ်မှာ တဒေါက်ဒေါက်မြည်တဲ့သစ်ခုံဖိနပ်တွေကို လူတိုင်းစီးထားကြတယ်။ ယိုကိုဟားမားမှာ တစ်ညအိပ်ပြီး ကျွန်မတို့သာသနာပြုဖို့တာဝန်ကျတဲ့ ကိုဘေးမြို့ကို မီးရထားစီးခဲ့ကြတယ်။ လအနည်းငယ်စောပြီး ဂျပန်ကိုကြိုရောက်နေတဲ့ ဂိလဒ်အတန်းဖော် ဒေါန် ဟက်စ္စလက်က အဲဒီမှာ သာသနာပြုအိမ်တစ်လုံးငှားထားတယ်။ အနောက်တိုင်းပုံစံရှိတဲ့ အဲဒီအိမ်ကြီးက အရမ်းလှတဲ့နှစ်ထပ်အိမ်ဖြစ်တယ်—အိမ်ထောင်ပရိဘောဂတော့ ဘာမှမရှိဘူး!
ခြံဝင်းထဲကမြက်ရှည်တွေကိုဖြတ်၊ ကြမ်းပြင်ပေါ်ခင်းပြီး မွေ့ရာလုပ်ခဲ့ကြရတယ်။ ကျွန်မတို့နဲ့ပါလာတဲ့ သေတ္တာတွေထဲက ကိုယ်ပိုင်ပစ္စည်းလေးတွေနဲ့ပဲ သာသနာပြုဘဝကို စခဲ့ကြတယ်တယ်။ အနွေးဓာတ်ရဖို့နဲ့ ချက်ပြုတ်ဖို့အတွက် ဟီဘာချီလို့ခေါ်တဲ့ မီးသွေးမီးဖိုငယ်ကလေးတွေ ကျွန်မတို့ဝယ်ခဲ့တယ်။ တစ်ညမှာ သာသနာပြုချင်းဖြစ်တဲ့ ပါရ်စီနဲ့အစ်မာ အစ္စလောဗ်တို့နှစ်ယောက် သတိလစ်နေတာကို လွိုက်တွေ့လိုက်တယ်။ လေအေးအေးလေးဝင်လာဖို့ ပြတင်းပေါက်ဖွင့်လိုက်တဲ့အတွက် သူတို့သတိပြန်ရလာကြတယ်။ ကျွန်မလည်းပဲ မီးသွေးမီးဖိုနဲ့ချက်ပြုတ်နေရင်း တစ်ခါသတိလစ်ခဲ့ဖူးတယ်။ တချို့ကိစ္စတွေကို ကျွန်မတို့ကျင့်သားရဖို့ အချိန်နည်းနည်းလိုခဲ့တယ်!
ဘာသာစကားသင်ယူတာက အဓိကပဲ၊ ဂျပန်စကားကို တစ်လလုံးလုံး တစ်နေ့ကို ၁၁ နာရီ လေ့လာခဲ့ကြရတယ်။ အဲဒီနောက် ဝါကျတစ်ကြောင်း၊ နှစ်ကြောင်းရေးချပြီး အမှုဆောင်စထွက်ခဲ့ကြတယ်။ ပထမဦးဆုံးနေ့မှာပဲ ကျွန်မကိုကြင်နာစွာလက်ခံခဲ့တဲ့ ချစ်စရာကောင်းတဲ့အမျိုးသမီး မီယို တာခါဂျီနဲ့တွေ့ဆုံခဲ့တယ်။ သူ့ဆီပြန်လည်ပတ်တဲ့အခါ ဂျပန်-အင်္ဂလိပ်အဘိဓာန်အကူအညီနဲ့ ကျွန်မတို့ကြိုးစားဆက်သွယ်ပြီးမှ အကျိုးဖြစ်ထွန်းတဲ့ကျမ်းစာသင်အံမှုတစ်ခု စနိုင်ခဲ့တယ်။ ၁၉၉၉ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ တိုးချဲ့ဌာနခွဲအဆောက်အဦ အနုမောဒနာပွဲကို တက်ရောက်တုန်းက မီယိုအပြင် ကျွန်မသင်အံမှုလုပ်ခဲ့တဲ့ ချစ်စရာကောင်းသူ အတော်များများနဲ့ ပြန်တွေ့ဆုံခဲ့ရတယ်။ အနှစ်ငါးဆယ်ကျော်ပေမဲ့လည်း သူတို့ အခုထိ ဘုရားသခင့်နိုင်ငံတော်ကို စိတ်အားထက်သန်စွာနဲ့ ကြွေးကြော်နေကြတုန်း၊ ယေဟောဝါရဲ့အမှုတော်ကို သူတို့အတတ်နိုင်ဆုံး ဆောင်ရွက်နေကြတုန်းပါပဲ။
၁၉၅၀၊ ဧပြီ ၁ ရက်နေ့က ကိုဘေးမှာ ခရစ်တော်သေခြင်းသတိရအောက်မေ့ပွဲကို လူပေါင်း ၁၈၀ လောက်တက်ရောက်ခဲ့ကြတယ်။ နောက်တစ်နေ့မနက်မှာ ၃၅ ယောက်က လယ်ကွင်းအမှုဆောင်မှာပါဝင်ဖို့ ရောက်လာကြလို့ ကျွန်မတို့အံ့သြခဲ့ကြရတယ်။ သာသနာပြုတစ်ဦးစီက လုပ်ငန်းတော်မှာ လူသစ်သုံးလေးယောက်ကို တစ်ခါထဲခေါ်သွားခဲ့ကြရတယ်။ အိမ်ရှင်တွေက ဂျပန်စကားနည်းနည်းပဲပြောတတ်တဲ့ နိုင်ငံခြားသား ကျွန်မနဲ့ စကားမပြောကြတော့ဘဲ ကျွန်မနဲ့လိုက်ပါလာတဲ့ သတိရအောက်မေ့ပွဲတက်ရောက်တဲ့ ဂျပန်တွေနဲ့ပဲ စကားပြောကြတော့တယ်။ သူတို့စကားဖောင်ဖွဲနေကြတာ ဘာတွေပြောလို့ပြောမှန်း ကျွန်မ,မသိဘူး။ ဝမ်းသာစရာကတော့ အဲဒီလူသစ်တွေထဲကတချို့ဟာ အသိပညာတိုးများလာပြီး ဒီနေ့အထိ ဟောပြောခြင်းလုပ်ငန်းမှာ ဆက်ပါဝင်နေကြတယ်ဆိုတာပါပဲ။
အခွင့်ထူးများနှင့်တာဝန်များစွာရခဲ့
တိုကျိုမြို့မှာ ဌာနခွဲရုံးကိုကွပ်ကဲဦးစီးဖို့ လွိုက်ကိုတာဝန်ပေးအပ်တဲ့ ၁၉၅၂ ခုနှစ်အထိ ကိုဘေးမြို့မှာ ကျွန်မတို့ဆက်သာသနာပြုခဲ့ကြတယ်။ အတော်လေးကြာတော့ ဂျပန်တစ်နိုင်လုံးနဲ့ တခြားနိုင်ငံတွေမှာပါ လွိုက်တာဝန်ယူခဲ့ရတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ဌာနချုပ်ကနေ တိုကျိုမြို့ကို နေသန် အိပ်ခ်ျ. နောရ်လည်ပတ်ရောက်လာတဲ့အခါ နေသန် အိပ်ခ်ျ. နောရ်က “စကားမစပ်၊ ညီအစ်မရဲ့ခင်ပွန်း နောက်တစ်ခါ ဇုန်လည်ပတ်ဖို့ ဘယ်ကိုသွားမယ်ဆိုတာသိလား။ ဩစတြေးလျနဲ့ နယူးဇီလန်ကိုသွားရမှာ။” ဆက်ပြီးတော့ သူက “ကိုယ့်စရိတ်ကိုယ်ခံနိုင်ရင် လိုက်သွားနိုင်တယ်” လို့ကျွန်မကိုပြောတယ်။ ကျွန်မဝမ်းသာလိုက်တာ! အိမ်ကနေထွက်လာခဲ့ကြတာ ကိုးနှစ်ရှိသွားပြီလေ။
မြန်မြန်ဆန်ဆန်ပဲ စာတစ်စောင်ပြီးတစ်စောင် ကောက်ရေးခဲ့တော့တာပဲ။ အမေက ကျွန်မခရီးစရိတ်ကိုကူခံပေးခဲ့တယ်။ လွိုက်နဲ့ကျွန်မတို့က တာဝန်တွေနဲ့ပဲ အလုပ်များနေခဲ့ကြပြီး မိသားစုတွေဆီ လည်ပတ်ဖို့လည်း ပိုက်ဆံမရှိခဲ့ကြဘူး။ ဒါက ကျွန်မရဲ့ဆုတောင်းချက်တွေအတွက် အဖြေပဲ။ အမေ့ခမျာ ကျွန်မနဲ့ပြန်တွေ့တော့ အရမ်းကိုပျော်ခဲ့တယ်။ သူက “နောက်သုံးနှစ်ကြာရင် သမီးပြန်လာနိုင်ဖို့ အမေပိုက်ဆံစုဦးမယ်” လို့ပြောခဲ့တယ်။ အဲဒါကိုစိတ်စွဲမှတ်ပြီး ခွဲခွာခဲ့ကြတယ်၊ ဒါပေမဲ့ ဝမ်းနည်းစရာကတော့ နောက်ဇူလိုင်လမှာ အမေသေသွားရှာတယ်။ ကမ္ဘာသစ်မှာ အမေနဲ့ပြန်တွေ့တဲ့အခါ ကျွန်မတို့အရမ်းပျော်ကြမှာ!
၁၉၆၀ ပြည့်နှစ်အထိ သာသနာပြုလုပ်ငန်းတစ်ခုကိုပဲ ကျွန်မဆောင်ရွက်ခဲ့ရတယ်၊ အဲဒီနှစ်မှာ “ဒီနေ့ကစပြီး ညီအစ်မအတွက်အစီအစဉ်က ဗေသလမိသားစုတစ်စုလုံးအတွက် အဝတ်လျှော်၊ မီးပူတိုက်တာပါဝင်လိမ့်မယ်” ဆိုတဲ့စာတစ်စောင်ကို ကျွန်မရရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်မတို့မိသားစုက တစ်ဒါဇင်လောက်ပဲရှိတဲ့အတွက် ဒီအလုပ်ကိုရော၊ သာသနာပြုတာဝန်ကိုပါ ကျွန်မလုပ်ကိုင်နိုင်ခဲ့တယ်။
၁၉၆၂ ခုနှစ်မှာ ကျွန်မတို့ရဲ့ ဂျပန်ပုံစံအိမ်ကို ဖျက်လိုက်ပြီး ခြောက်ထပ်တိုက် ဗေသလအိမ်အသစ်ကို နောက်နှစ်မှာပဲ ဆောက်လုပ်ပြီးခဲ့တယ်။ လူငယ်ဗေသလညီအစ်ကိုအသစ်တွေရဲ့ အခန်းတွေကို သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်းထားတတ်အောင် သူတို့ကိုကူညီပေးဖို့ ကျွန်မတာဝန်ကျခဲ့တယ်။ ထုံးစံအရ ဂျပန်လူငယ်ကလေးတွေကို အိမ်အလုပ်မသင်ပေးကြဘူး။ လောကပညာရေးကို အဓိကထားခဲ့ကြပြီး သူတို့အမေတွေကပဲ သူတို့အတွက် အစစအရာရာလုပ်ပေးခဲ့ကြတာ။ ကျွန်မဟာ အားလုံးလိုက်လုပ်ပေးတဲ့ သူတို့အမေ,မဟုတ်ဘူးဆိုတာကို သူတို့မကြာခင်သိလာကြတာပေါ့။ အတော်လေးကြာတော့ အများစုက အဖွဲ့အစည်းအတွင်း တာဝန်အသစ်တွေကို ထမ်းဆောင်တတ်တဲ့အထိ တိုးတက်လာခဲ့ကြတယ်။
အရမ်းပူအိုက်တဲ့ နွေရာသီတစ်နေ့မှာ ကျမ်းစာသင်သားတစ်ယောက် ကျွန်မတို့အဆောက်အဦကို လှည့်လည်ကြည့်ရှုပြီး ရေချိုးခန်းတွေကို ကျွန်မတိုက်နေတာတွေ့လိုက်တယ်။ “ရှင့်အတွက် ဒီအလုပ်ကိုလုပ်ပေးမယ့် အိမ်ဖော်မလေးတစ်ယောက် ကျွန်မခေါ်ပေးချင်တယ်လို့ တာဝန်ခံကို ကျေးဇူးပြုပြီးပြောပါ” ဆိုပြီး သူကပြောခဲ့တယ်။ သူ့ရဲ့ကြင်နာတဲ့စကားကို ကျွန်မကျေးဇူးတင်ပေမဲ့ ယေဟောဝါအဖွဲ့အစည်းထဲမှာ ကျွန်မရရှိတဲ့ ဘယ်အလုပ်ကိုမဆို စိတ်ရောကိုယ်ပါ ကျွန်မလုပ်ကိုင်ချင်တယ်လို့ သူ့ကို ကျွန်မရှင်းပြခဲ့ရတယ်။
အဲဒီအချိန်လောက်မှာပဲ ၃၉ ကြိမ်မြောက် သူ ၃,၀၀၀ ကျော်ရှိနေပြီ။
ဂိလဒ်သင်တန်းကိုတက်ရောက်ဖို့ ဖိတ်စာတစ်စောင်ကို လွိုက်နဲ့ကျွန်မရရှိခဲ့တယ်! အသက် ၄၆ နှစ်အရွယ် ၁၉၆၄ ခုနှစ်မှာ ကျောင်းပြန်တက်ခွင့်ရတာ တကယ့်ကိုအခွင့်ထူးပါပဲ! သင်ရိုးညွှန်းတမ်းက ဌာနခွဲရုံးတွေမှာ အမှုဆောင်နေကြသူတွေ ကိုယ့်တာဝန်တွေကိုထမ်းဆောင်တတ်ကြဖို့ အထူးကူညီပေးတဲ့အစီအစဉ်ဖြစ်တယ်။ ဆယ်လသင်တန်းပြီးတဲ့အခါ ဂျပန်မှာ ကျွန်မတို့ပြန်တာဝန်ကျတယ်။ ဒီအချိန်မှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်၁၉၇၂ ခုနှစ်ရောက်တော့ သက်သေခံ ၁၄,၀၀၀ ကျော်အထိ တစ်ရှိန်ထိုးတိုးတက်ခဲ့တဲ့အတွက် ငါးထပ်တိုက်ဌာနခွဲရုံးအသစ်ကို တိုကျိုတောင်ဘက်က နူမာဇူးမြို့မှာ တည်ဆောက်ခဲ့ရတယ်။ ကျွန်မတို့အဆောက်အအုံကနေ စွဲမက်ဖွယ်ကောင်းတဲ့ ဖူဂျီတောင်ကိုမြင်ရတယ်။ ဂျပန်ဘာသာစကားနဲ့ လစဉ်ထုတ်မဂ္ဂဇင်းတစ်သန်းကျော်ကို ပတ်လည်ပုံနှိပ်စက်ကြီးအသစ်နဲ့ စပြီးပုံနှိပ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မတို့အတွက်တော့ ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့တယ်။
၁၉၇၄ ခုနှစ်နောက်ပိုင်းမှာ ဘရွတ်ကလင် ယေဟောဝါသက်သေဌာနချုပ်ကနေ အုပ်ချုပ်ရေးအဖွဲ့မှာအမှုဆောင်ဖို့ လွိုက်ကိုဖိတ်ခေါ်တဲ့ စာတစ်စောင် ရောက်လာတယ်။ အစမှာ ကျွန်မက ‘ဒါဟာအပြောင်းအလဲပဲ။ လွိုက်က ကောင်းကင်မျှော်လင့်ချက်ရှိပြီး ငါက မြေကြီးမျှော်လင့်ချက်ရှိတော့ အနှေးနဲ့အမြန် တစ်နည်းမဟုတ်တစ်နည်း ငါတို့ခွဲခွာရမှာပဲ။ ငါမပါဘဲ ဘရွတ်ကလင်ကို လွိုက်သွားသင့်တယ်ထင်တယ်’ လို့တွေးမိခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေးကို ပြုပြင်ပြောင်းလဲပြီး ၁၉၇၅၊ မတ်လမှာ လွိုက်နဲ့အတူ စိတ်လိုကိုယ်လျောက်လိုက်သွားခဲ့တယ်။
ဌာနချုပ်၌ ကောင်းချီးများ
ဘရွတ်ကလင်မှာရှိနေတာတောင် လွိုက်ရဲ့စိတ်က ဂျပန်လယ်ကွင်းကိုရောက်နေတယ်၊ အဲဒီမှာ ကျွန်မတို့ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို တစ်ချိန်လုံးပြောနေတယ်။ ဒါပေမဲ့ အခုတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်စေဖို့ အခွင့်အရေးတွေရပြီ။ လွိုက်အသက်တာရဲ့နောက်ဆုံး ၂၄ နှစ်အတွင်းမှာ ကမ္ဘာအနှံ့လှည့်လည်ရတဲ့ ဇုန်လုပ်ငန်းမှာ သူအတော်လေးအသုံးခံလိုက်ရတယ်။ သူနဲ့အတူ ကျွန်မ အကြိမ်ကြိမ်ကမ္ဘာလှည့်ခဲ့ရတယ်။
တခြားနိုင်ငံတွေက ခရစ်ယာန်ညီအစ်ကိုတွေဆီကိုလည်ပတ်လိုက်ရလို့ လူအများ ဘယ်လိုနေထိုင်လုပ်ကိုင်စားသောက်နေကြရတာကို ကျွန်မသိလာဖို့ အကူအညီဖြစ်စေခဲ့တယ်။ အာဖရိကမြောက်ပိုင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဆယ်နှစ်အရွယ်မိန်းကလေး အယ်န်တီလီယာရဲ့မျက်နှာကို ကျွန်မဘယ်တော့မှမေ့မှာမဟုတ်ဘူး။ သူဟာ ဘုရားသခင့်နာမတော်ကို ချစ်မြတ်နိုးပြီး ခရစ်ယာန်စည်းဝေးတွေတက်ဖို့ အသွားတစ်နာရီခွဲ၊ အပြန်တစ်နာရီခွဲ လမ်းလျှောက်ခဲ့တယ်။ အယ်န်တီလီယာရဲ့ မိသားစုက သူ့ကိုရက်ရက်စက်စက်ညှဉ်းပန်းနှိပ်စက်တဲ့ကြားက သူ့ကိုယ်သူ ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့တယ်။ သူ့အသင်းတော်ကို ကျွန်မတို့လည်ပတ်ခဲ့စဉ်အချိန်မှာ ဟောပြောသူရဲ့မှတ်စုတွေအပေါ်မှာသာ အားနည်းတဲ့မီးသီးတစ်လုံးပဲရှိပြီး စည်းဝေးတဲ့ကျန်တဲ့နေရာက မည်းမှောင်နေတယ်။ အဲဒီမှောင်မှောင်မည်းမည်းထဲမှာ ညီအစ်ကို၊ ညီအစ်မတွေရဲ့ သာယာတဲ့သီချင်းသံကိုကြားရတာဟာ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။
ကျွန်မတို့ဘဝမှာ ထူးခြားချက်တစ်ခုက ကျူဘားမှာကျင်းပတဲ့ “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” ခရိုင်စည်းဝေးကြီးတက်ဖို့ ကိုယ်စားလှယ်အဖွဲ့ထဲမှာ လွိုက်နဲ့ကျွန်မပါတဲ့ ၁၉၉၈၊ ဒီဇင်ဘာလကဖြစ်တယ်။ ဘရွတ်ကလင်ဌာနချုပ်ကနေ တချို့လာကြတဲ့အတွက် အဲဒီက ညီအစ်ကို၊ ညီအစ်မတွေဖော်ပြခဲ့တဲ့ ကျေးဇူးတင်စိတ်နဲ့ပျော်ရွှင်မှုက တကယ့်ကိုစိတ်စွဲမှတ်စရာပဲ! ယေဟောဝါကို ကျယ်လောင်တဲ့အသံနဲ့ ထက်ထက်သန်သန်ချီးမွမ်းနေကြတဲ့ ချစ်စရာကောင်းသူတွေနဲ့ တွေ့ဆုံခဲ့ရတာကို ကျွန်မမြတ်နိုးတယ်။
ဘုရားသခင့်လူမျိုးတော်နှင့်အတူ နေထိုင်တတ်ခြင်း
ကျွန်မဇာတိနိုင်ငံက ဩစတြေးလျဖြစ်ပေမဲ့ ယေဟောဝါအဖွဲ့အစည်းက ကျွန်မကိုလွှတ်ခဲ့တဲ့ နေရာတိုင်းကလူတွေကို ကျွန်မချစ်မြတ်နိုးတတ်လာတယ်။ ဂျပန်မှာ အဲဒီအတိုင်းပဲ၊ အခု အမေရိကန်ပြည်ထောင်စုမှာ ၂၅ နှစ်ကျော်နေထိုင်ခဲ့ပြီဆိုတော့လည်း ဒီအတိုင်းပါပဲ။ ကျွန်မခင်ပွန်းဆုံးသွားတဲ့အချိန်မှာ ကျွန်မသဘောက ဩစတြေးလျကိုပြန်ဖို့မဟုတ်ဘဲ ယေဟောဝါ ကျွန်မကိုတာဝန်ပေးတဲ့ ဘရွတ်ကလင်ဗေသလမှာပဲနေဖို့ဖြစ်တယ်။
အခုဆိုရင် ကျွန်မအသက် ၈၀ ကျော်ပြီ။ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ၆၁ နှစ်ပါဝင်ပြီးနောက်လည်း ယေဟောဝါက သင့်တော်မယ်လို့ယူမှတ်တဲ့ ဘယ်နေရာမှာမဆို အမှုထမ်းဖို့ ကျွန်မအဆင်သင့်ရှိတုန်းပဲ။ ကျွန်မကို ကိုယ်တော်တကယ်ပဲဂရုစိုက်ခဲ့တယ်။ ယေဟောဝါကိုချစ်မြတ်နိုးတဲ့ ချစ်ရသူအဖော်တစ်ဦးနဲ့အတူ ၅၇ နှစ်ကျော် တွဲဖက်နိုင်ခွင့်ရတာကို ကျွန်မတန်ဖိုးထားတယ်။ ကျွန်မတို့ကို ယေဟောဝါဆက်ပြီးကောင်းချီးပေးနေတယ်ဆိုတာ ကျွန်မယုံကြည်စိတ်ချတယ်၊ နောက်ပြီး ကျွန်မတို့လုပ်ခဲ့တဲ့အလုပ်ရယ်၊ ကိုယ်တော်ရဲ့နာမတော်ကိုထောက်ပြီး ပြခဲ့တဲ့မေတ္တာကို ကိုယ်တော်မေ့မှာမဟုတ်ဘူးဆိုတာ ကျွန်မသိတယ်။—ဟေဗြဲ ၆:၁၀။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ၁၉၉၉၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၆ နှင့် ၁၇ ရှု။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၅၆ ခုနှစ်မှာ အမေနှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းမှာ လွိုက်နှင့်ဂျပန်က ကြေညာသူအုပ်စုတစ်စုနှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၅၀ ပြည့်နှစ်အစောပိုင်းနှင့် ၁၉၉၉ ခုနှစ်မှာ ဂျပန်နိုင်ငံက ကျွန်မ၏ဦးဆုံးကျမ်းစာသင်သား မီယို တာခါဂျီနှင့်အတူ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဂျပန်နိုင်ငံတွင် လွိုက်နှင့်အတူ မဂ္ဂဇင်းလုပ်ငန်း၌