နာခံမှု အရေးကြီးသောကလေးဘဝ သင်ခန်းစာလော
နာခံမှု အရေးကြီးသောကလေးဘဝ သင်ခန်းစာလော
“နာခံမှုရှိသော ကလေးငယ်များမဟုတ်ဘဲ သီးခြားရပ်တည်သူများကိုမိဘတို့အလိုရှိ။” သတင်းစာခေါင်းစီးတစ်ခုက ထိုသို့ဆိုသည်။ ဤသတင်းအကျဉ်းသည် နယူးဇီလန်တွင်ပြုလုပ်ခဲ့သော စစ်ဆေးချက်တစ်ခု၏အဖြေများအပေါ် အခြေပြုသည်၊ “မေးမြန်းခံရသူ ၂၂ ရာခိုင်နှုန်းကသာ ကလေးများကို အိမ်၌ နာခံမှုသွန်သင်ပေးသင့်သည်ဟု ယူမှတ်ကြောင်း” ယင်းကဖော်ပြသည်။ ယနေ့ မိဘများသည် ကလေးများကို အမူအကျင့်ကောင်းများ၊ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် တာဝန်သိတတ်ခြင်းစသော ကိစ္စရပ်များကိုသွန်သင်ပေးရန် ပိုအရေးကြီးသည်ဟု ယူဆကြကြောင်း ဤစစ်ဆေးချက်မှတွေ့ရှိခဲ့သည်။
သီးခြားရပ်တည်ခြင်းဝါဒနှင့် အတ္တကြီးသော ဤခေတ်တွင် လူအများစုသည် နာခံမှုရှိခြင်းနှင့် ၎င်းကိုကလေးများအား သွန်သင်ပေးခြင်းကိစ္စကို သံသယအမြင်ရှိကြခြင်းသည် အံ့ဩစရာမဟုတ်ပေ။ သို့သော် ကလေးဘဝမှနာခံမှုရှိခြင်းကို ခေတ်ကုန်ပြီဟူ၍သာ သဘောထားကြရမည်လော။ သို့မဟုတ် ကလေးများသည် ၎င်းကိုသင်ယူနိုင်၍ အကျိုးကျေးဇူးရရှိနိုင်သည့် အရေးကြီးသင်ခန်းစာများတွင် အပါအဝင်ဖြစ်သလော။ သာ၍အရေးကြီးသည်မှာ မိသားစုဘဝကိုအစပြုသူ ယေဟောဝါဘုရားသခင်သည် မိဘစကားနားထောင်ခြင်းကို မည်သို့ရှုမြင်ပြီး ဤသို့နာခံမှုပြခြင်းမှ အဘယ်အကျိုးကျေးဇူးများ ရရှိနိုင်သနည်း။—တမန်တော် ၁၇:၂၈; ဧဖက် ၃:၁၄၊ ၁၅။
“တရားသောအမှုဖြစ်၏”
ဧဖက်မြို့ရှိ ပထမရာစုခရစ်ယာန်အသင်းတော်ထံ တမန်တော်ပေါလုက ဤသို့ရေးခဲ့သည်– “သားသမီးတို့၊ သခင်ဘုရား၏အလိုတော်နှင့်အညီ မိဘစကားကိုနားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။” (ဧဖက် ၆:၁) သို့ဖြင့် ဤသို့နာခံမှုပြခြင်း၏အကြောင်းရင်းမှာ ဘုရားသခင်ရေးရာ မှန်ကန်မှုစံနှုန်းနှင့်အညီ ဖြစ်ခြင်းကြောင့်တည်း။ ပေါလုဆိုသည့်အတိုင်း ဤအမှုသည် “တရားသောအမှုဖြစ်၏။”
ယင်းနှင့်အညီ မိဘမေတ္တာနှင့်ဆုံးမသွန်သင်ခြင်းကို လှပသောအဆင်တန်ဆာဖြစ်သော “သင်၏ခေါင်း၌ တင့်တယ်သောဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သောလည်ဆွဲ” အဖြစ်လည်းကောင်း၊ “သခင်ဘုရားနှစ်သက်တော်မူသောအမှု” အဖြစ်လည်းကောင်း ဘုရားသခင့်နှုတ်မြွက်စကားတော်က ဖော်ပြထားသည်ကို ကျွန်ုပ်တို့မှတ်သားရသည်။ (သု. ၁:၈၊ ၉; ကောလောသဲ ၃:၂၀) ယင်းနှင့်လုံးဝဆန့်ကျင်သည်မှာ မိဘစကားနားမထောင်ခြင်းသည် ဘုရားသခင့်စိတ်တော်နှင့်မတွေ့ခြင်းဖြစ်သည်။—ရောမ ၁:၃၀၊ ၃၂။
“ကောင်းစား” မည်
“‘မိဘကိုရိုသေစွာပြုလော့။ ဤပညတ်တော်ကား သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်အကြောင်း’ ဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမပညတ်ဖြစ်၏” ဟုပေါလုရေးခဲ့စဉ်က နာခံမှု၏ကောင်းကျိုးနောက်တစ်ခုကို ဖော်ပြခဲ့သည်။ (ဧဖက် ၆:၂၊ ၃; ထွက်မြောက်ရာ ၂၀:၁၂) မိဘစကားနားထောင်ခြင်းသည် အဘယ်နည်းများဖြင့် လူတစ်ဦး၏ကောင်းကျိုးကိုဖြစ်ပေါ်စေမည်နည်း။
ဦးဆုံးအနေနှင့် မိဘများမှာ အသက်အရွယ်နှင့် အတွေ့အကြုံဘက်တို့တွင် ပိုသာသည် မဟုတ်ပေလော။ သူတို့သည် ကွန်ပျူတာများ၊ ကျောင်း၌သင်ပေးသော အခြားဘာသာရပ်အချို့တို့ကို သိရှိပုံမရသည်မှန်သော်လည်း အသက်ရှင်နေထိုင်ခြင်းနှင့် ဘဝပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်းတို့နှင့်ပတ်သက်၍ အတော်များများသိရှိထားကြ၏။ အခြားတစ်ဖက်တွင်မူ၊ လူငယ်များတွင် ရင့်ကျက်မှု၏ရလဒ်ဖြစ်သော မျှတသောစဉ်းစားတွေးခေါ်မှုမျိုးမရှိကြချေ။ သို့ဖြင့် သူတို့သည် အန္တရာယ်ရှိသောရွယ်တူချင်း၏ဖိအားကို အလျှော့ပေးလိုက်လျော၍ အလျင်စလိုဆုံးဖြတ်ချက်ချတတ်ကြရာ ကိုယ်ကျိုးနည်းခဲ့ရသည်။ ယုတ္တိတန်စွာ ကျမ်းစာက ဤသို့ဆိုသည်– “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။” ဖြေရှင်းနည်းကား အဘယ်နည်း။ “ဆုံးမသောကြိမ်လုံးသည် ထိုသဘောကိုဝေးစွာနှင်တတ်၏။”—သု. ၂၂:၁၅။
ရောမ ၁၃:၁-၇; ဧဖက် ၅:၂၁-၂၅; ၆:၅-၈။
နာခံမှုအကျိုးကျေးဇူးများသည် မိဘနှင့်သားသမီး ဆက်ဆံရေးထက်မက သာလွန်သည်။ လူ့ဘောင်အဖွဲ့အစည်း ချောချောမောမော၊ အကျိုးရှိရှိတိုးတက်ဖို့ ပူးပေါင်းဆောင်ရွက်မှုရှိရမည်၊ ထိုသို့ဖြစ်ရန် နာခံမှုရှိဖို့လိုသည်။ ဥပမာ၊ အိမ်ထောင်တွင် သူတစ်ပါး၏အခွင့်အရေးနှင့် ခံစားချက်များကို စာနာမှုကင်းမဲ့စွာ အလွန်အမင်းတောင်းဆိုမည့်အစား တလိုတလားလိုက်လျောပေးခြင်းက ငြိမ်သက်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ကိုဖြစ်ပေါ်စေ၏။ အလုပ်ခွင်၌ အလုပ်သမားနာခံမှုသည် အဘယ်စီးပွား၊ အဘယ်စီမံကိန်းမဆို အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်သည်။ အစိုးရစည်းမျဉ်းဥပဒေများနှင့်စပ်လျဉ်း၍ နာခံမှုရှိခြင်းသည် အပြစ်ဒဏ်မှလွတ်ကင်းစေသည်သာမက အနည်းဆုံး လုံခြုံမှုနှင့်ကာကွယ်မှု အတော်အတန်ရရှိစေသည်။—အခွင့်အာဏာရှိသူတို့ကို နာမခံသောလူငယ်များသည် လူ့အဖွဲ့အစည်းတွင် လူ့ခွစာများဖြစ်လာတတ်ကြသည်။ ယင်းနှင့်ဆန့်ကျင်လျက် ကလေးဘဝတွင် နာခံမှုသင်ယူခဲ့ခြင်းသည် ဘဝတစ်လျှောက်လုံးတွင် အကျိုးကျေးဇူးများစွာခံစားစေနိုင်သည်။ ကလေးဘဝတွင် နာခံမှုကိုသင်ယူထားခြင်းသည် မည်မျှအကျိုးကြီးပါသည်တကား!
နာခံမှုအတွက် ကြီးမြတ်သောဆုကျေးဇူး
နာခံမှုသည် ပျော်ရွှင်သာယာသောမိသားစုဆက်ဆံရေးနှင့် အခြားရာသက်ပန်အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေသည့်အပြင် အရေးတကာ့အရေးအကြီးဆုံးဖြစ်သော လူတစ်ဦးနှင့် သူ၏ဖန်ဆင်းရှင်စပ်ကြားရှိဆက်ဆံရေးကို တည်ဆောက်ပေးနိုင်သော အုတ်မြစ်ကိုချစေသည်။ ယေဟောဝါဘုရားသခင်သည် “အသက်စမ်းရေတွင်း” ဖြစ်သော “ကြီးမြတ်တော်မူသောဖန်ဆင်းရှင်” အဖြစ် ကျွန်ုပ်တို့၏နာခံမှုကို အမှန်ပင်အပြည့်အဝရထိုက်သည်။—ဆာလံ ၃၆:၉; ဒေ. ၁၂:၁၊ ကဘ။
အသွင်အမျိုးမျိုးဖြင့်ဖော်ပြထားသည့် “နာခံမှု” စကားလုံးကို သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း ၁၆၀ ကျော်တွေ့ရှိရသည်။ ထို့ပြင် လိုက်နာရန်လိုအပ်သည့် ဘုရားသခင်၏ဥပဒေများ၊ အမိန့်များ၊ ပညတ်တော်များ၊ တရားရေးဆုံးဖြတ်ချက်များနှင့် စည်းမျဉ်းများ ရာနှင့်ချီရှိသည်။ ဘုရားသခင်၏မျက်နှာသာရလိုလျှင် နာခံမှုရှိဖို့လိုအပ်သည်ဟု ကိုယ်တော်ရှုမြင်ကြောင်း အတိအလင်းသိရှိရသည်။ မှန်ပါသည်၊ ယေဟောဝါနှင့်ဆက်ဆံရေးကောင်းရှိနိုင်ရန် နာခံမှုသည် မရှိမဖြစ်လိုအပ်ရာတစ်ခုဖြစ်၏။ (၁ ဓမ္မရာဇဝင် ၁၅:၂၂) ဝမ်းနည်းစရာကား လူ့ပင်ကိုစိတ်မှာ နာခံလိုစိတ်မဟုတ်ဘဲ အာခံရန်ဖြစ်သည်။ “လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံအစည်ဆိုးကြ၏” ဟူ၍ကျမ်းစာကဆိုသည်။ (ကမ္ဘာဦး ၈:၂၁) ထို့ကြောင့် နာခံမှုသင်ခန်းစာကို ကလေးဘဝ၌သာမက ဘဝအသက်တာတစ်လျှောက်လုံး၌လည်း သင်ယူရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် ကြီးမြတ်သောဆုကျေးဇူးရရှိမည်ဖြစ်သည်။
တမန်တော်ပေါလုဆိုသည်အတိုင်း မိဘစကားနားထောင်ခြင်းပညတ်သည် ကတိနှစ်ခုနှင့် ဒွန်တွဲသည်၊ ၎င်းကား “သင်သည် ပြည်တော်၌ကောင်းစား၍ အသက်တာရှည်မည်” ကိုသတိရပါ။ အဆိုပါကတိတော်အပေါ် စိတ်ချမှုဖြစ်စေသည့် အချက်တစ်ချက်ကို နယပုံပြင် ၃:၁၊ ၂ တွင်ဤသို့တွေ့ရသည်– “ငါ့သား ငါပေးသောတရားကိုမမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။” နာခံမှုရှိသူများအတွက် ကြီးမြတ်သောဆုကျေးဇူးကား ယေဟောဝါနှင့်နှစ်ကိုယ်ကြားဆက်ဆံရေး ယခုရှိမည့်အပြင် ငြိမ်းချမ်းသောကမ္ဘာသစ်တွင် ထာဝရအသက်ရခြင်းဖြစ်သည်။—ဗျာဒိတ် ၂၁:၃၊ ၄။
[စာမျက်နှာ ၃၀, ၃၁ ပါ ရုပ်ပုံ]
နာခံမှုသည် မိသားစု၌၊ အလုပ်ခွင်၌၊ ထို့ပြင် ယေဟောဝါနှင့် ပျော်ရွှင်သောဆက်ဆံရေးကိုဖြစ်ပေါ်စေ