‘ဘုရားသခင့်စကားတော် တိုးပွားလျက်ရှိ’
‘ဘုရားသခင့်စကားတော် တိုးပွားလျက်ရှိ’
“မြေကြီးသို့ အမိန့်တော်ကိုလွှတ်တော်မူ၏။ နှုတ် [မြွက်စကား] တော်သည် အလွန်လျင်မြန်စွာပြေးတတ်ပါ၏။” —ဆာလံ ၁၄၇:၁၅၊ သမ္မာ။
၁၊ ၂။ တပည့်တော်များအား အဘယ်တာဝန်ကို ယေရှုပေးတော်မူခဲ့သနည်း၊ ယင်းတွင် အဘယ်အရာပါဝင်ခဲ့သနည်း။
သမ္မာကျမ်းစာ၌ အံ့အားသင့်ဖွယ်အကောင်းဆုံး ပရောဖက်ပြုချက်တစ်ခုကို တမန်တော် ၁:၈ တွင် တွေ့ရှိရ၏။ ယေရှုကောင်းကင်သို့မတက်ကြွမီ မိမိ၏သစ္စာရှိနောက်တော်လိုက်များကို ဤသို့မိန့်တော်မူခဲ့သည်– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍ . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” ၎င်းက အလွန်ကြီးမားသောတာဝန်တစ်ရပ် ဖြစ်လိမ့်မည်တကား!
၂ ကမ္ဘာတစ်ဝန်း ဘုရားသခင့်စကားတော်ကို ကြွေးကြော်ရခြင်းသည် ထိုတာဝန်ကို လက်ခံရရှိခဲ့သောတပည့်တော် လက်တစ်ဆုပ်စာအတွက် စိန်ခေါ်ချက်ဖြစ်ခဲ့ပေမည်။ အဘယ်အရာပါဝင်ပတ်သက်ကြောင်း သုံးသပ်ကြည့်ပါ။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို နားလည်စေရန် လူတို့ကိုကူညီပေးကြရမည်ဖြစ်သည်။ (မဿဲ ၂၄:၁၄) ယေရှုအကြောင်း သက်သေခံရာတွင် ကိုယ်တော်၏တန်ခိုးပါသောသွန်သင်ချက်များကို အခြားသူတို့အားဝေမျှပေးခြင်းနှင့် ယေဟောဝါ၏ရည်ရွယ်တော်မူချက်တွင် ကိုယ်တော်၏အခန်းကဏ္ဍကို ရှင်းပြပေးခြင်းတို့ကိုလည်း ပြုလုပ်ဖို့လိုသည်။ ထိုထက်ကား အဆိုပါလုပ်ငန်းတွင် လူတို့ကို တပည့်ဖြစ်စေပြီးနောက် နှစ်ခြင်းပေးခြင်းတို့ပါဝင်၏။ ယင်းကို ကမ္ဘာတစ်ဝန်းထမ်းဆောင်ရန် ဖြစ်သတည်း!—မဿဲ ၂၈:၁၉၊ ၂၀။
၃။ ယေရှုသည် မိမိ၏နောက်လိုက်များအား အဘယ်အရာကိုအာမခံခဲ့သနည်း၊ သူတို့အား ပေးအပ်သောလုပ်ငန်းကို သူတို့ မည်သို့ဆောင်ရွက်ခဲ့ကြသနည်း။
၃ မည်သို့ပင်ဖြစ်စေ ယေရှုပေးအပ်သော လုပ်ငန်းကို သူတို့ထမ်းဆောင်ရာတွင် သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့နှင့်အတူရှိလိမ့်မည်ဖြစ်ကြောင်း မိမိ၏နောက်တော်လိုက်များကို ကိုယ်တော်အာမခံခဲ့သည်။ သို့ဖြင့် အဆိုပါတာဝန်၏အရေးပါမှုနှင့် သူတို့အားနှုတ်ဆိတ်သွားစေရန် ဆန့်ကျင်သူတို့၏ သနားညှာတာစိတ်ကင်းမဲ့၍ အကြမ်းဖက်အားထုတ်မှုများကြား ယေရှု၏အစောပိုင်းတပည့်တော်များသည် ကိုယ်တော်ညွှန်ကြားခဲ့သည့်အလုပ်ကို အောင်မြင်စွာလုပ်ကိုင်ခဲ့ကြ၏။ ယင်းသည် ငြင်း၍မရနိုင်သော သမိုင်းဝင်ဖြစ်ရပ်မှန်တည်း။
၄။ အခြားသူတို့အား ဟောပြောသွန်သင်ခြင်းတာဝန်၌ ဘုရားသခင့်မေတ္တာတော်သည် မည်သည့်နည်းဖြင့်ထင်ရှားသနည်း။
၄ ကမ္ဘာချီ ဟောပြောသွန်သင်ခြင်းကင်ပိန်းသည် ကိုယ်တော်အား မသိသူတို့အပေါ် ဘုရားသခင်ဖော်ပြသော မေတ္တာတော်ပင်တည်း။ ယင်းက သူတို့အား ယေဟောဝါထံချဉ်းကပ်စေ၍ အပြစ်လွှတ်ခြင်းခံရစေသည်။ (တမန်တော် ၂၆:၁၈) ဟောပြော၍ သွန်သင်ခြင်းလုပ်ငန်းတာဝန်ကလည်း သတင်းသယ်ဆောင်သူတို့အပေါ် ဘုရားသခင့်မေတ္တာတော်ကို ထင်ဟပ်ပြခဲ့သည်၊ အကြောင်းမှာ ထိုသို့ပြုခြင်းဖြင့် ယေဟောဝါအား သူတို့၏ဆည်းကပ်ဝတ်ပြုခြင်းကို ဖော်ပြခွင့်ပေးပြီး လူသားချင်းအပေါ် သူတို့၏မေတ္တာကို ပြသစေသည်။ (မဿဲ ၂၂:၃၇-၃၉) တမန်တော်ပေါလုသည် ခရစ်ယာန်ဓမ္မအမှုကို အလွန်တန်ဖိုးထားခဲ့ရာ ယင်းကို “ဘဏ္ဍာ” တစ်ခုအဖြစ် သူရည်ညွှန်းခဲ့၏။—၂ ကောရိန္သု ၄:၇။
၅။ (က) အစောပိုင်းခရစ်ယာန်များ၏ အားအထားရဆုံးသမိုင်းဖြစ်ရပ်ကို မည်သည့်နေရာတွင် ကျွန်ုပ်တို့တွေ့ရှိရသနည်း၊ ထိုတွင် အဘယ်တိုးပွားမှုကို ဖော်ပြထားသနည်း။ (ခ) တမန်တော်ဝတ္ထုသည် ယနေ့ ဘုရားသခင့်ကျေးကျွန်တို့အတွက် အဘယ်ကြောင့်အဓိပ္ပာယ်ပြည့်ဝသနည်း။
၅ အစောပိုင်းခရစ်ယာန်များ၏ ဟောပြောခြင်းလုပ်ငန်းအကြောင်း အားအထားရဆုံး သမိုင်းဖြစ်ရပ်ကို တပည့်တော်လုကာရေးသားသော မှုတ်သွင်းခံကျမ်းစောင်ဖြစ်သည့် တမန်တော်ကျမ်းတွင်တွေ့ရှိရ၏။ ယင်းသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည့် အလျင်အမြန်တိုးပွားခြင်း မှတ်တမ်းတစ်ခုဖြစ်သည်။ ဘုရားသခင့်စကားတော်၏ အသိပညာ ဤသို့တိုးပွားခြင်းက “မြေကြီးသို့အမိန့်တော်ကိုလွှတ်တော်မူ၏။ နှုတ် [မြွက်စကား] တော်သည် အလွန်လျင်မြန်စွာပြေးတတ်ပါ၏” ဟုဆိုသော ဆာလံ ၁၄၇:၁၅၊ [သမ္မာ] ၌ပါရှိသည့်စကားကို ကျွန်ုပ်တို့အားသတိရစေသည်။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ခံစားခဲ့ကြရသည့် အစောပိုင်းခရစ်ယာန်များ၏မှတ်တမ်းသည် ယနေ့ ကျွန်ုပ်တို့အတွက် စိတ်လှုပ်ရှားစရာ၊ အလွန်အဓိပ္ပာယ်ပြည့်ဝသောအရာဖြစ်သည်။ ယေဟောဝါသက်သေများသည် ပိုမိုကျယ်ပြန့်သောပမာဏတစ်ခုမှလွဲ၍ ထပ်တူဖြစ်သည့် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ပါဝင်နေကြသည်။ ပထမရာစုခရစ်ယာန်များ ကြုံတွေ့ခဲ့ကြရသော အလားတူပြဿနာ မျိုးကိုလည်း ကျွန်ုပ်တို့ကြုံတွေ့ ကြရသည်။ အစောပိုင်းခရစ်ယာန်များကို ယေဟောဝါကောင်းချီးပေးပြီး ခွန်အားရှိစေခဲ့ပုံကို ကျွန်ုပ်တို့သုံးသပ်ကြည့်ကြစဉ် ကိုယ်တော်၏ကျောထောက်နောက်ခံပြုမှုအပေါ် ယုံကြည်ခြင်းတိုးပွားလာပေသည်။
တပည့်တော်များအရေအတွက် တိုးများလာခြင်း
၆။ တိုးပွားခြင်းနှင့်သက်ဆိုင်သော အဘယ်စကားစုသည် တမန်တော်ဝတ္ထုတွင် သုံးကြိမ်တိုင်ပါရှိသနည်း၊ ယင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။
၆ တမန်တော် ၁:၈ ၏ပြည့်စုံချက်ကို ဆန်းစစ်သည့်နည်းလမ်းတစ်ရပ်မှာ “ဘုရားသခင်၏သာသနာတော် [“ယေဟောဝါ၏စကားတော်၊” ကဘ] သည်တိုးပွား” ဟူသော ကျမ်းစာတွင် တမန်တော်ဝတ္ထုတစ်ခုတည်း၌ အနည်းငယ်ကွဲပြားစွာ သုံးကြိမ်သာတွေ့ရသည့် အသုံးအနှုန်း၊ စကားစုတစ်ရပ်ကိုသုံးသပ်ကြည့်ခြင်းဖြစ်၏။ (တမန်တော် ၆:၇; ၁၂:၂၄; ၁၉:၂၀) ဤစာပိုဒ်များတွင်ပါသော ‘ယေဟောဝါ၏စကားတော်’ သို့မဟုတ် ‘ဘုရားသခင့်စကားတော်’ သည် သတင်းကောင်း—ဘုရားသခင့်အမှန်တရားဆိုင်ရာ စိတ်လှုပ်ရှားဖွယ်သတင်းဖြစ်ပြီး ၎င်းကို လက်ခံသူတို့၏ဘဝအသက်တာအား ပြောင်းလဲစေသည့် တန်ခိုးပါသောသတင်း—ကို ရည်ညွှန်းနေခြင်းဖြစ်၏။—ဟေဗြဲ ၄:၁၂။
၇။ တမန်တော် ၆:၇ တွင် ဘုရားသခင့်စကားတော်တိုးပွားမှုနှင့် အဘယ်အရာကို ဆက်နွှယ်ထားသနည်း၊ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၇ ဘုရားသခင့်စကားတော် တိုးပွားလျက်ရှိခြင်းအကြောင်း ဦးဆုံးရည်ညွှန်းချက်ကို တမန်တော် ၆:၇ တွင်တွေ့ရှိရသည်။ ထိုတွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ဘုရားသခင်၏သာသနာတော်သည် တိုးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ၍ ယဇ်ပုရောဟိတ်အပေါင်းတို့သည် ယုံကြည်ခြင်းတရားကိုနားထောင်ကြ၏။” ဤတွင် တိုးပွားခြင်းကို တပည့်တော်အရေအတွက်တိုးများလာခြင်းနှင့် ဆက်နွှယ်ထားသည်။ အစောပိုင်းက စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် အထက်ခန်းမ၌ စုရုံးခဲ့ကြသောအခါ တပည့်တော် ၁၂၀ ခန့်အပေါ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်ခဲ့၏။ ထိုအခါ တမန်တော်ပေတရုသည် စိတ်လှုပ်ရှားစေသော ဟောပြောချက်တစ်ခုကိုပေးခဲ့ပြီး နားဆင်သူများထဲမှ ၃,၀၀၀ ခန့်မှာ ထိုနေ့ချင်းတွင် ယုံကြည်သူများဖြစ်လာခဲ့ကြသည်။ လွန်ခဲ့သောရက်ပေါင်း ၅၀ ခန့်က ရာဇဝတ်သားတစ်ဦးအဖြစ် နှက်တိုင်တင်ခံရသည့် ယေရှု၏နာမ၌ နှစ်ခြင်းခံယူကြရန် ယေရုရှလင်မြို့နှင့် အနီးအနားရှိ ရေအိုင်ငယ် သို့မဟုတ် အိုင်များသို့ ထောင်နှင့်ချီသောသူများ သွားလာနေကြရာ ထိုမြို့တွင် မည်မျှရုတ်ရုတ်သဲသဲရှိနေမည်ဖြစ်ခြင်း!—တမန်တော် ၂:၄၁။
၈။ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲ နောက်ပိုင်းနှစ်များတွင် တပည့်တော်များ၏အရေအတွက်သည် မည်သို့တိုးများလာသနည်း။
တမန်တော် ၂:၄၇) မကြာမီ ‘ယုံကြည်ခြင်းသို့ရောက်သူ အရေအတွက်မှာ လူငါးထောင်မျှလောက်ရှိ၏။’ ထို့နောက်တွင် “သခင်ဘုရား၌ယုံကြည်သော ယောက်ျားမိန်းမအပေါင်းတို့သည် သင်းဝင်ကြ၏။” (တမန်တော် ၄:၄; ၅:၁၄) နောက်ပိုင်းကာလနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိပြည်အရပ်ရပ်တို့တွင် အသင်းတော်တို့သည် ငြိမ်သက်၍တည်ဆောက်ခြင်းရှိကြ၏။ သခင်ဘုရားကိုကြောက်ရွံ့ခြင်း၌လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အဆုံးအမ၌လည်းကောင်း မွေ့လျော်သောအားဖြင့် ပွားများကြ၏။” (တမန်တော် ၉:၃၁) နှစ်အတန်ကြာသော် စီ.အီး. ၅၈ ခန့်လောက်တွင် ‘ယုံကြည်သူသောင်းနှင့်ချီ’ အကြောင်းရည်ညွှန်းထားသည်။ (တမန်တော် ၂၁:၂၀) ထိုအချိန်တိုင်သော် ယုံကြည်သူတစ်ပါးအမျိုးသားများစွာလည်း ရှိခဲ့သည်။
၈ အမှန်မှာ၊ ယင်းကား အစမျှသာဖြစ်သည်။ ဟောပြောခြင်းလုပ်ငန်းကို နှိမ်နင်းပစ်ရန် ဂျူးဘာသာရေးခေါင်းဆောင်တို့၏ အဆက်မပြတ်ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးပင်။ “ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် [တပည့်တော်များထံ] သင်းဝင်စေတော်မူ” သောကြောင့် ထိုခေါင်းဆောင်များ စိတ်ပျက်ခဲ့ကြရသည်။ (၉။ အစောပိုင်းခရစ်ယာန်များကို သင်မည်သို့ဖော်ပြမည်နည်း။
၉ ဤသို့အရေအတွက်တိုးများလာခြင်းမှာ များသောအားဖြင့် ဘာသာပြောင်းဝင်လာခြင်းကြောင့်ဖြစ်သည်။ ဤဘာသာတရားသည် အသစ်ဖြစ်သော်လည်း ၎င်းမှာ အင်တိုက်အားတိုက် တက်ကြွမှုရှိ၏။ တက်ကြွလှုပ်ရှားမှုမရှိသော ချာ့ခ်ျအသင်းဝင်များဖြစ်မည့်အစား တပည့်တော်များသည် ယေဟောဝါနှင့် ကိုယ်တော်၏နှုတ်မြွက်စကားတော်၌ မိမိတို့ကိုယ်ကို အပြည့်အဝမြှုပ်နှံခဲ့ကြသည်၊ အချို့မှာ တစ်ချိန်က ရက်စက်စွာနှိပ်စက်ညှဉ်းပန်းခံခဲ့ရသူများထံမှ အမှန်တရားသိရှိလာခဲ့၏။ (တမန်တော် ၁၆:၂၃၊ ၂၆-၃၃) ခရစ်ယာန်ဘာသာတရားကို လက်ခံလာသူတို့မှာ ယုတ္တိရှိရှိစဉ်းစားဆင်ခြင်ပြီး အသိစိတ်ရှိရှိ ဆုံးဖြတ်ချက်ချခဲ့ကြ၍ဖြစ်သည်။ (ရောမ ၁၂:၁) သူတို့သည် ဘုရားသခင့်နည်းလမ်းတော်များကိုသင်ယူခဲ့ကြသည်; အမှန်တရားသည် သူတို့၏စိတ်နှလုံးထဲတွင်ရှိ၏။ (ဟေဗြဲ ၈:၁၀၊ ၁၁) သူတို့ယုံကြည်သောအရာအတွက် အသက်ပေးဖို့အသင့်ရှိကြသူများဖြစ်သည်။—တမန်တော် ၇:၅၁-၆၀။
၁၀။ အစောပိုင်းခရစ်ယာန်များသည် အဘယ်တာဝန်ကို လက်ခံခဲ့ကြသနည်း၊ ယနေ့ ကျွန်ုပ်တို့သည် အဘယ်အလားတူ တူညီမှုကို တွေ့ရှိကြရသနည်း။
၁၀ ခရစ်ယာန်သွန်သင်ချက်များကို သက်ဝင်ယုံကြည်သူတို့သည် အခြားသူများအား အမှန်တရားကိုဝေမျှပေးဖို့ မိမိတို့၌တာဝန်ရှိကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ယင်းက အရေအတွက် ထပ်ဆင့်တိုးများလာစေခဲ့သည်။ ကျမ်းပညာရှင်တစ်ဦးက ဤသို့ဆိုသည်– “ယုံကြည်ချက်ကိုတင်ပြပြောဆိုခြင်းသည် အလွန်စိတ်ထက်သန်သော သို့မဟုတ် တာဝန်ခန့်အပ်ခံရသော ဧဝံဂေလိတရားဟောပြောသူတို့နှင့်သာ သီးသန့်ဆိုင်သည်ဟုမယူမှတ်ခဲ့ကြပေ။ ဧဝံဂေလိတရားဟောပြောခြင်းသည် ချာ့ခ်ျအဖွဲ့ဝင်တိုင်း၏ အထူးအခွင့်အရေးနှင့် တာဝန်လည်းဖြစ်ခဲ့သည်။ . . . ခရစ်ယာန်အသင်းအပင်းတစ်ခုလုံးက တလိုတလားနှင့် သတင်းကမ်းလှမ်းပေးခဲ့ကြခြင်းကြောင့် အသင်းအဖွဲ့၏လုပ်ဆောင်မှုကို အစကတည်းက အကြီးအကျယ်တွန်းအားပေးခဲ့သည်။” သူကထပ်၍ဤသို့ရေးသားခဲ့သည်– “ဧဝံဂေလိတရားဟောပြောခြင်းသည် အစောပိုင်းခရစ်ယာန်များ၏ အသက်သွေးကြောပင်တည်း။” ယနေ့ စစ်မှန်သောခရစ်ယာန်များအတွက်ပါ အလားတူပင်ဖြစ်သည်။
နယ်မြေကျယ်ပြန့်တိုးပွားခြင်း
၁၁။ တမန်တော် ၁၂:၂၄ တွင် အဘယ်တိုးပွားမှုမျိုးကို ဖော်ပြထားသနည်း၊ ယင်းသည် မည်သို့ဖြစ်ပျက်လာခဲ့သနည်း။
၁၁ ဘုရားသခင့်စကားတော် တိုးပွားခြင်းနှင့်ပတ်သက်သော ဒုတိယရည်ညွှန်းချက်ကို တမန်တော် ၁၂:၂၄ [သမ္မာ] တွင် ဤသို့တွေ့ရှိရသည်– “ဘုရားသခင်၏နှုတ် [မြွက်စကား] တော်မူကား တိုးတက်နှံ့ပြားလေ၏။” ဤတွင် ယင်းစကားစုသည် နယ်မြေကျယ်ပြန့်တိုးပွားခြင်းနှင့် ဆက်နွှယ်လျက်ရှိသည်။ အုပ်ချုပ်မှု၏ဆန့်ကျင်မှုကြား လုပ်ငန်းတော် ဆက်လက်အောင်မြင်တိုးပွားခဲ့သည်။ ယေရုရှလင်မြို့တွင် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းကိုဦးဆုံးခံခဲ့ရပြီး ထိုနေရာမှတစ်ဆင့် သတင်းတရားသည်အလျင်အမြန်ပျံ့နှံ့ခဲ့၏။ ယေရုရှလင်၌ နှိပ်စက်ညှဉ်းပန်းမှုကြောင့် တပည့်တော်များသည် ယုဒနယ်နှင့် ရှမာရိနယ်တစ်လျှောက် ကွဲလွင့်ပျံ့နှံ့သွားခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ “အရပ်ရပ်သို့ကွဲပြားသောသူတို့သည် လှည့်လည်၍ နှုတ် [မြွက်စကား] တော်တည်းဟူသော ဧဝံဂေလိတရားကိုဟောပြောကြ၏။” (တမန်တော် ၈:၁၊ ၄) နှစ်ခြင်းခံပြီးနောက် အဲသယောပိပြည်သို့ သတင်းကောင်းကို သယ်ဆောင်သွားခဲ့သူထံ သက်သေခံရန် ဖိလိပ္ပုညွှန်ကြားခံခဲ့ရ၏။ (တမန်တော် ၈:၂၆-၂၈၊ ၃၈၊ ၃၉) လုဒ္ဒမြို့၊ ရှာရုန်လွင်ပြင်နှင့် ယုပ္ပေမြို့တို့တွင် အမှန်တရားသည် လျင်မြန်စွာအမြစ်တွယ်ခဲ့သည်။ (တမန်တော် ၉:၃၅၊ ၄၂) နောက်ပိုင်းတွင် တမန်တော်ပေါလုသည် မိုင်ပေါင်းထောင်နှင့်ချီ၍ ရေလမ်းနှင့် ကုန်းလမ်းဖြင့် ခရီးလှည့်လည်ခဲ့ပြီး မြေထဲပင်လယ်တစ်လျှောက်ရှိ နယ်မြေဒေသများစွာတွင် အသင်းတော်များကိုတည်ထောင်ခဲ့သည်။ တမန်တော်ပေတရုသည် ဗာဗုလုန်မြို့သို့ သွားရောက်ခဲ့၏။ (၁ ပေတရု ၅:၁၃) ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း သတင်းကောင်းကို ထိုအချိန်က သိထားကြသောကမ္ဘာဟု ရည်ညွှန်းခြင်းဖြစ်နိုင်သည့် “ကောင်းကင်အောက်၌ရှိသမျှသော . . . သတ္တဝါတို့အား ဟောပြော” ခဲ့ပြီးဖြစ်ကြောင်း ပေါလုကရေးသားခဲ့သည်။—ကောလောသဲ ၁:၂၂၊ ၂၃။
၁၂။ ခရစ်ယာန်ဘာသာတရားကို ဆန့်ကျင်သူတို့က ဘုရားသခင့်စကားတော်၏ နယ်မြေကျယ်ပြန့်တိုးပွားခြင်းနှင့်ပတ်သက်၍ မည်သို့အသိအမှတ်ပြုခဲ့ကြသနည်း။
၁၂ ခရစ်ယာန်ဘာသာတရားကို ဆန့်ကျင်သူများကပင် ရောမအင်ပါယာတစ်လျှောက်၌ ဘုရားသခင်၏စကားတော်သည် အမြစ်တွယ်နေတမန်တော် ၁၇:၆ တွင် ဂရိနိုင်ငံမြောက်ပိုင်း၊ သက်သာလောနိတ်မြို့နေ ဆန့်ကျင်သူတို့က ဤသို့ဟစ်အော်ခဲ့ကြောင်းကို ဖော်ပြထားသည်– “လော [က] နိုင်ငံကိုမှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင်ရောက်ကြပါပြီ။” ထို့ပြင် ဒုတိယရာစု၏အစပိုင်းတွင် ပလင်နီအငယ်သည် ခရစ်ယာန်ဘာသာတရားနှင့်ပတ်သက်၍ ဗိသုန်ပြည်မှ ဧကရာဇ်ထရာဂျင်ထံစာရေးခဲ့သည်။ သူက ဤသို့တင်ပြခဲ့သည်– “[ယင်းသည်] မြို့များ၌သာ မဟုတ်၊ အိမ်နီးချင်းရွာများနှင့် နိုင်ငံများအထိ ကူးစက်ပျံ့နှံ့လျက်ရှိသည်။”
ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ဥပမာ၊၁၃။ နယ်မြေကျယ်ပြန့်တိုးပွားမှုက လူသားတို့အပေါ် ဘုရားသခင့်မေတ္တာတော် ရောင်ပြန်ဟပ်ခြင်း အဘယ်နည်းဖြင့်ဖြစ်သနည်း။
၁၃ ဤသို့နယ်မြေကျယ်ပြန့်တိုးပွားခြင်းမှာ ရွေးနုတ်ခံထိုက်သောလူသားများအပေါ် ယေဟောဝါ၏နက်ရှိုင်းသည့်မေတ္တာ ထင်ရှားခြင်းဖြစ်သည်။ တစ်ပါးအမျိုးသားဖြစ်သူ ကော်နေလိအပေါ် သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ကြောင်းကို ပေတရုသတိပြုမိသောအခါ သူကဤသို့ပြောခဲ့သည်– “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်ကို ငါသိမြင်၏။” (တမန်တော် ၁၀:၃၄၊ ၃၅) မှန်ပါသည်၊ သတင်းကောင်းသည် အမြဲတစေပင် လူသားအားလုံးအတွက်ဖြစ်ခဲ့ပြီး ဘုရားသခင့်စကားတော်၏ နယ်မြေကျယ်ပြန့်တိုးပွားမှုက ဘုရားသခင့်မေတ္တာတော်ကို တုံ့ပြန်ရန် နေရာတိုင်းတွင်ရှိသောလူတို့အား အခွင့်အရေးရရှိစေသည်။ ဤ ၂၁ ရာစုတွင် ဘုရားသခင့်စကားတော်သည် အမှန်တကယ်ပင် ကမ္ဘာအနှံ့အပြား ရောက်ရှိခဲ့ပြီးဖြစ်သည်။
အနိုင်ရအောင်မြင်စေသောတိုးပွားမှု
၁၄။ တမန်တော် ၁၉:၂၀ တွင် အဘယ်တိုးပွားမှုအကြောင်း ဖော်ပြထားသနည်း၊ ဘုရားသခင့်စကားတော်သည် အဘယ်အရာအပေါ် အနိုင်ယူအောင်မြင်ခဲ့သနည်း။
၁၄ ဘုရားသခင့်စကားတော် တိုးပွားခြင်း၏တတိယရည်ညွှန်းချက်ကို တမန်တော် ၁၉:၂၀ တွင် ဤသို့တွေ့ရှိရသည်– “ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။” “အောင်မြင်” ဟုဘာသာပြန်ဆိုခဲ့သော မူလဂရိအသုံးအနှုန်းမှာ “ခွန်အားစိုက်ထုတ်” ဟူသောသဘောသက်ရောက်သည်။ ရှေ့အခန်းငယ်များက ဧဖက်မြို့တွင်ရှိသူများစွာမှာ ယုံကြည်သူများဖြစ်လာကြောင်းနှင့် နတ်ဝိဇ္ဇာအတတ်ကိုကျင့်သုံးခဲ့သူ အတော်များများသည် လူတိုင်းရှေ့တွင် သူတို့၏စာအုပ်များကို မီးရှို့ပစ်ခဲ့ကြကြောင်းဖော်ပြသည်။ သို့နှင့် ဘုရားသခင့်စကားတော်သည် မှားယွင်းသောဘာသာရေးယုံကြည်ချက်များအပေါ် အနိုင်ယူလွှမ်းမိုးခဲ့သည်။ သတင်းကောင်းက နှိပ်စက်ညှဉ်းပန်းမှုကဲ့သို့သော အခြားအတားအဆီးများအပေါ်လည်း အနိုင်ယူခဲ့သည်။ အဘယ်အရာကမျှ ၎င်းကို မဟန့်တားနိုင်ချေ။ ဤတွင်တစ်ဖန် ကျွန်ုပ်တို့အချိန်၏ ခရစ်ယာန်ဘာသာတရားစစ်နှင့်သက်ဆိုင်သည့် ထူးခြားသောနှိုင်းယှဉ်ချက်ကို တွေ့ရှိရ၏။
၁၅။ (က) သမ္မာကျမ်းစာသမိုင်းပညာရှင်တစ်ဦးက အစောပိုင်းခရစ်ယာန်များအကြောင်း အဘယ်အရာရေးသားခဲ့သနည်း။ (ခ) တပည့်တော်များသည် မိမိတို့၏အောင်မြင်မှုအတွက် မည်သူ့ကို ဂုဏ်တင်ချီးမွှမ်းခဲ့သနည်း။
၁၅ တမန်တော်များနှင့် အစောပိုင်းမှအခြားခရစ်ယာန်များသည် ဘုရားသခင့်စကားတော်ကို ဇွဲဖြင့်ကြေညာခဲ့၏။ သူတို့နှင့်ပတ်သက်၍ ကျမ်းစာသမိုင်းပညာရှင်တစ်ဦးက ဤသို့သတိပြုမိခဲ့သည်– “လူတို့သည် မိမိတို့၏သခင်အကြောင်း ပြောဆိုလိုစိတ်ရှိသောအခါ ထိုသို့ပြုလုပ်ရန် နည်းလမ်းများကို မပြတ်မလပ်ရှာဖွေကြသည်။ အမှန်မှာ သူတို့၏နည်းလမ်းများထက် ကျွန်ုပ်တို့ကို သာ၍စိတ်စွဲမှတ်စေသည်ကား ထိုအမျိုးသား၊ အမျိုးသမီးများ၏ စိတ်လှုံ့ဆော်မှုပင်ဖြစ်သည်။” သို့တိုင် ထိုအစောပိုင်းခရစ်ယာန်များသည် မိမိတို့၏ခရစ်ယာန်ဓမ္မအမှု အောင်မြင်ရခြင်းမှာ သူတို့၏ကြိုးစားအားထုတ်မှုကြောင့်သာ မဟုတ်ကြောင်း အသိအမှတ်ပြုခဲ့ကြ၏။ သူတို့၏လုပ်ငန်းကိုဆောင်ရွက်ရန် ဘုရားသခင်ပေးသည့်တာဝန်ရရှိထားပြီး ယင်းကို ပြီးမြောက်စေရန် ဘုရားသခင့်ထောက်မမှုကို ရရှိကြသည်။ ဝိညာဉ်ရေးရာ တိုးတက်ကြီးပွားမှုသည် ဘုရားသခင့်ထံတော်မှဖြစ်သည်။ တမန်တော်ပေါလုက ကောရိန္သုအသင်းတော်သို့ရေးသော သူ၏စာတွင် ၎င်းကို အသိအမှတ်ပြုခဲ့သည်။ သူကဤသို့ရေးသားခဲ့သည်– “ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။ ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်းဖြစ်ကြ၏။”—၁ ကောရိန္သု ၃:၆၊ ၉။
သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးသက်ရောက်
၁၆။ သန့်ရှင်းသောဝိညာဉ်တော်သည် တပည့်တော်များကို ရဲစွမ်းသတ္တိရှိရှိဟောပြောရန် တန်ခိုးပေးခဲ့ကြောင်း အဘယ်အရာကဖော်ပြသနည်း။
၁၆ ဘုရားသခင့်စကားတော် တိုးပွားမှုတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အခန်းကဏ္ဍတစ်ရပ်၌ပါဝင်လိမ့်ဟု မိမိ၏တပည့်တော်များကို ယေရှုအာမခံခဲ့ကြောင်းနှင့် ထိုသန့်ရှင်းသောဝိညာဉ်တော်သည် တပည့်တော်များ၏ဟောပြောခြင်းလုပ်ငန်း၌ သူတို့ကိုခွန်အားပေးမည်ဖြစ်ကြောင်း သတိရပါ။ (တမန်တော် ၁:၈) မည်သို့ဖြစ်လာသနည်း။ ပင်တေကုတ္တေပွဲနေ့တွင် တပည့်တော်များအပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခဲ့ပြီးနောက် များမကြာမီ ပေတရုနှင့် ယောဟန်တို့သည် ထိုနိုင်ငံရှိ အမြင့်ဆုံးသောတရားရုံး၊ ယေရှုအား ကွပ်မျက်ခြင်းအတွက် တာဝန်ခံများဖြစ်သည့် တရားသူကြီးများနှင့်ဖွဲ့ထားသော ဂျူးဆဲန်ဟီဒရင်ရှေ့မှောက်သို့ ဆင့်ခေါ်ခံခဲ့ကြရ၏။ အလွန်ခန့်ညား၍ ရန်လိုနေသောလွှတ်တော်ရှေ့တွင် တမန်တော်များသည် ကြောက်ရွံ့တုန်လှုပ်ကြမည်လော။ လုံးဝမကြောက်ခဲ့ပါ! ရဲစွမ်းသတ္တိဖြင့် ပြောဆိုရန် ပေတရုနှင့် ယောဟန်ကို သန့်ရှင်းသောဝိညာဉ်တော်က တန်ခိုးပေးခဲ့သောကြောင့် သူတို့အား ဆန့်ကျင်သူတို့သည် အံ့အားသင့်ခဲ့ကြကာ “ထိုသူနှစ်ယောက်တို့သည် အထက်က ယေရှုနှင့်အတူရှိသည်ကိုသတိရ” လာခဲ့ကြသည်။ (တမန်တော် ၄:၈၊ ၁၃) သန့်ရှင်းသောဝိညာဉ်တော်သည် သတေဖန်ကိုလည်း ဂျူးဆဲန်ဟီဒရင်ရှေ့တွင် ရဲရင့်စွာသက်သေခံရန် လှုံ့ဆော်ပေးခဲ့သည်။ (တမန်တော် ၆:၁၂; ၇:၅၅၊ ၅၆) အစောပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ရဲစွမ်းသတ္တိရှိရှိဖြင့် ဟောပြောရန် တပည့်တော်များကိုလှုံ့ဆော်ပေးခဲ့သည်။ လုကာက ဤသို့မှတ်တမ်းတင်သည်– “ထိုသို့ဆုတောင်း . . . ပြီးမှ၊ စုဝေးသောအရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်၊ ဘုရားသခင်၏နှုတ် [မြွက်] တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။”—တမန်တော် ၄:၃၁။
၁၇။ သန့်ရှင်းသောဝိညာဉ်တော်သည် တပည့်တော်များ၏ခရစ်ယာန်ဓမ္မအမှုတွင် အခြားမည်သည့်နည်းများဖြင့် သူတို့ကိုထောက်ပံ့ကူညီပေးခဲ့သနည်း။
၁၇ ယေဟောဝါနှင့် ရှင်ပြန်ထမြောက်ခဲ့သောယေရှုခရစ်တို့သည် တန်ခိုးပါသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားခဲ့သည်။ (ယောဟန် ၁၄:၂၈; ၁၅:၂၆) ကော်နေလိနှင့်အတူ သူ၏ဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများအပေါ် သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခဲ့သောအခါ အရေဖျားလှီးခြင်းမခံသည့် တစ်ပါးအမျိုးသားတို့သည် ယေရှုခရစ်၏နာမတော်၌ နှစ်ခြင်းခံယူရန် အရည်အချင်းပြည့်မီကြောင်း တမန်တော်ပေတရု အသိအမှတ်ပြုခဲ့၏။ (တမန်တော် ၁၀:၂၄၊ ၄၄-၄၈) နောက်ပိုင်းတွင် ဝိညာဉ်တော်က ဗာနဗနှင့် ရှောလု (တမန်တော်ပေါလု) ကို ခရစ်ယာန်သာသနာပြုလှုပ်ရှားမှုအတွက် တာဝန်ခန့်အပ်ပေးခြင်း၊ သူတို့သွားသင့်သောနေရာနှင့် မသွားသင့်သောနေရာကို ညွှန်ကြားပေးရာတွင် အဓိကအခန်းကဏ္ဍတစ်ရပ်၌ ပါဝင်ဆောင်ရွက်ခဲ့သည်။ (တမန်တော် ၁၃:၂၊ ၄; ၁၆:၆၊ ၇) ၎င်းက ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အသက်ကြီးသူများကို ဆုံးဖြတ်ချက်ချကြရာတွင် ညွှန်ကြားခဲ့သည်။ (တမန်တော် ၁၅:၂၃၊ ၂၈၊ ၂၉) သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်အသင်းတော်တွင် ကြီးကြပ်မှူးများ ခန့်အပ်ခြင်းကိုလည်း ညွှန်ကြားပေးသည်။—တမန်တော် ၂၀:၂၈။
၁၈။ အစောပိုင်းခရစ်ယာန်များသည် မေတ္တာကို မည်သို့ဖော်ပြခဲ့ကြသနည်း။
၁၈ ထိုအပြင် ခရစ်ယာန်များ၌လည်း သန့်ရှင်းသောဝိညာဉ်တော်ရှိကြောင်း ထင်ရှားခဲ့သည်၊ သူတို့တွင် မေတ္တာကဲ့သို့သော ဘုရားသခင့်ရေးရာအရည်အသွေးများကို ပေါ်ထွက်စေ၏။ (ဂလာတိ ၅:၂၂၊ ၂၃) မေတ္တာက အချင်းချင်းမျှဝေကြရန် တပည့်တော်များကိုလှုံ့ဆော်ပေးခဲ့သည်။ ဥပမာ၊ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့ပြီးနောက် ယေရုရှလင်မြို့ရှိ တပည့်တော်များ၏ကာယရေးလိုအပ်ရာများကို ထောက်ပံ့ပေးရန် ရန်ပုံငွေတစ်ရပ်ကို စီစဉ်ခဲ့ကြ၏။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ထိုသူတို့တွင် ဆင်းရဲသောသူတစ်ယောက်မျှမရှိ။ အကြောင်းမူကား၊ အိမ်၊ မြေကွက်ကိုပိုင်သောသူရှိသမျှတို့သည် ရောင်းပြီးလျှင်၊ ရသောအဖိုးကိုယူဆောင်ခဲ့၍၊ တမန်တော်တို့၏ခြေရင်း၌ထားကြသဖြင့်၊ လူများဆင်းရဲသည်အတိုင်း အသီးအသီးတို့အား ဝေငှပေးကမ်းကြ၏။” (တမန်တော် ၄:၃၄၊ ၃၅) ဤမေတ္တာကို ယုံကြည်သူချင်းတို့အားသာပြသည်မဟုတ်ဘဲ အခြားသူတို့အားလည်း သတင်းကောင်းပေးဝေခြင်းနှင့် အခြားကြင်နာမှုလုပ်ရပ်များပြုလုပ်ခြင်းဖြင့် ဖော်ပြခဲ့ကြ၏။ (တမန်တော် ၂၈:၈၊ ၉) ကိုယ်ကျိုးစွန့်မေတ္တာက ယေရှု၏နောက်တော်လိုက်များဖြစ်ကြောင်း ထင်ရှားစေလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) အရေးကြီးသည့်အရည်အသွေးဖြစ်သော မေတ္တာက ဘုရားသခင်ထံ လူတို့ကိုဆွဲဆောင်ပြီး ပထမရာစု၌ တိုးပွားလာစေသကဲ့သို့ ယနေ့လည်း ထို့အတူဖြစ်သည်မှာ အမှန်ပင်။—မဿဲ ၅:၁၄၊ ၁၆။
၁၉။ (က) ပထမရာစုတွင် ယေဟောဝါ၏စကားတော်သည် အဘယ်နည်းလမ်းသုံးရပ်ဖြင့် တိုးပွားခဲ့သနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အရာကို ကျွန်ုပ်တို့ ဆန်းစစ်ကြည့်ကြမည်နည်း။
၁၉ “သန့်ရှင်းသောဝိညာဉ်တော်” ဟူသောအသုံးအနှုန်းကို တမန်တော်ဝတ္ထုတွင် ၄၁ ကြိမ်တွေ့ရှိရသည်။ ထင်ရှားနေသည်ကား ပထမရာစု၌ ခရစ်ယာန်တိုးပွားမှု အစစ်အမှန်ဖြစ်ပေါ်လာခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်နှင့် ညွှန်ကြားမှုကြောင့်ဖြစ်သည်။ တပည့်တော်များ၏အရေအတွက် တိုးများလာကာ ဘုရားသခင့်စကားတော်သည် နေရာအနှံ့ကျယ်ပြန့်သွားပြီး ထိုဒေသရှိ ဘာသာရေးများနှင့် အတွေးအခေါ်များအပေါ် အနိုင်ယူလွှမ်းမိုးခဲ့သည်။ ဤပထမရာစုရှိ တိုးပွားမှုသည် ယနေ့ ယေဟောဝါသက်သေများ၏လုပ်ငန်းနှင့် တူညီကြောင်း တွေ့ရှိရသည်။ နောက်ဆောင်းပါးတွင် မျက်မှောက်ခေတ်၌ ဘုရားသခင့်နှုတ်မြွက်စကားတော် ထပ်တူနည်းဖြင့် အထင်အရှားတိုးပွားနေခြင်းကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြမည်။
သင်မှတ်မိသလော
• အစောပိုင်းတပည့်တော်များသည် အရေအတွက်အားဖြင့် မည်သို့တိုးပွားခဲ့သနည်း။
• ဘုရားသခင့်စကားတော်သည် မည်သည့်နည်းဖြင့် ပျံ့နှံ့သွားသနည်း။
• ပထမရာစုတွင် ဘုရားသခင့်စကားတော်သည် မည်သို့လွှမ်းမိုးခဲ့သနည်း။
• ဘုရားသခင့်စကားတော်၏ တိုးပွားခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်သည် အဘယ်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဖိလိပ္ပုသည် အဲသယောပိပြည်သားအား ဟောပြောခဲ့ရာ နေရာအနှံ့ သတင်းကောင်းပျံ့နှံ့စေခဲ့
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
သန့်ရှင်းသောဝိညာဉ်တော်သည် ယေရုရှလင်မြို့ရှိ တမန်တော်များနှင့် အသက်ကြီးသူများကို ညွှန်ကြားခဲ့
[Picture Credit Line on page 10]
အပေါ်ညာဘက်ထောင့်– Reproduction of the City of Jerusalem at the time of the Second Temple - located on the grounds of the Holyland Hotel, Jerusalem