မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ သင့်အတွက်ဖြစ်နိုင်

ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ သင့်အတွက်ဖြစ်နိုင်

ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ သင့်အတွက်​ဖြစ်​နိုင်

ခရစ်ယာန်​တမန်​တော်​ပေါလု​သည် သူ့​ခေတ်​မှ အဓိက​ဘာသာ​စကား​အချို့​ကို တတ်ကျွမ်း​ခဲ့​သည်။ သူသည် မျက်မှောက်ခေတ်​တက္ကသိုလ်​ပညာ​နှင့် တူညီသော​ပညာ​ကို​ရရှိခဲ့သည်။ ရောမ​နိုင်ငံသား​တစ်ဦး၏ အခွင့်အရေး​နှင့် ရပိုင်ခွင့်​အားလုံး​ကို သူ​ခံစား​ခဲ့​ရသည်။ (တမန်​တော် ၂၁:၃၇-၄၀; ၂၂:၃၊ ၂၈) ဤ​အထောက်အထား​များ​က သူ့ကို​ချမ်း​သာ၍ ထင်ရှား​ကျော်ကြား​စေနိုင်​ခဲ့​သည်။ သို့​တိုင် သူက​ဤသို့​ဆို​ခဲ့​သည်– “ငါ​၏​အကျိုး​စီးပွား​ကို​ပြုစု​သော​အရာရှိသမျှ​တို့ကို ရှုံး​စေသော​အရာ​ကဲ့သို့ ခရစ်တော်​ကြောင့်​ငါ​ထင်မှတ်​၏။ . . . ထို​သခင်၌​တည်​ပါ​မည်​အကြောင်း၊ ခပ်သိမ်း​သော​အရာ​တို့ကို မ​စင် [“အမှိုက်​သ​ရိုက်၊” က​ဘ] ကဲ့သို့​ငါ​ထင်မှတ်​၏။” (ဖိလိပ္ပိ ၃:၇၊ ၁၁) ပေါလု​သည် ထိုသို့​အဘယ်ကြောင့်​ပြောဆို​ခဲ့​ရသနည်း။

တာရှု​မြို့သား​ရှောလု​ဟု​အမည်တွင်​ခဲ့​ပြီး “ထို​ဘာသာဝင်​သော” သူတို့ကို​နှိပ်စက်​ညှဉ်းပန်း​သူ​တစ်ဦး​အဖြစ် လူအများ​သိ​သူ ပေါလု​သည် ရှင်ပြန်ထမြောက်​၍ ဘုန်းဝင်စား​ခဲ့​သော ယေရှု၏​အမြင်​အာရုံ ပေးအပ်​ခံရ​ပြီး​နောက် ယုံကြည်သူ​တစ်ဦး​ဖြစ်လာ​ခဲ့​သည်။ (တမန်​တော် ၉:၁-၁၉) ဒမာသက်​မြို့​သို့​အသွား လမ်းပေါ်တွင်​ဖြစ်ပျက်​ခဲ့​သော ဤ​အတွေ့အကြုံ​က ယေရှုသည် ဘုရားသခင်​ကတိထားရာ​နိုင်ငံတော်​၏ အနာဂတ်​အုပ်စိုးရှင်၊ ကတိထားရာ​မေရှိယ၊ သို့​မဟုတ် ခရစ်တော်​ဖြစ်​ကြောင်း ပေါလု​ကို သံသယ​မရှိ စိတ်ချ​စေ​ခဲ့​သည်။ အထက်ပါ သူ၏​အားမာန်ပါ​သော ပြောဆိုချက်​က​ဖော်ပြ​သကဲ့သို့ ပေါလု​၏​ဘဝ​လမ်းစဉ်​ကိုလည်း ၎င်း​အတွေ့အကြုံ​က အကြီးအကျယ်​ပြောင်းလဲ​စေ​ခဲ့​သည်။ တစ်နည်း​အားဖြင့်​ဆိုလျှင် ပေါလု​သည် စိတ်ရင်းမှန်​ပြီး ရိုးသား​သော​နှလုံး​ရှိသဖြင့် နောင်တ​ယူ​ခဲ့​သည်။—ဂလာတိ ၁:၁၃-၁၆

သမ္မာကျမ်းစာ​တွင် “နောင်တ​ရသည်” ဟူသော​ကြိယာ​ကို “ကြိုသိ​နှင့်​သည်” နှင့်ဆန့်ကျင်​သော စာသား​အရ “နောက်​မှ​သိ​သည်” ဟု​အဓိပ္ပာယ်​ရှိသည့် ဂရိ​စကားလုံး​မှ​ပြန်ဆို​ထား​သည်။ ထို့​ကြောင့် နောင်တ​ရခြင်း​တွင် လူတစ်ဦး​၏​စိတ်၊ သဘောထား၊ သို့​မဟုတ် ရည်ရွယ်ချက်​ပြောင်းလဲခြင်း၊ ယခင်​လမ်းစဉ်​ကို မနှစ်မြို့​တော့​ဘဲ ပစ်ပယ်​ခြင်း​ပါဝင်​သည်။ (တမန်​တော် ၃:၁၉၊ ၂၀; ဗျာဒိတ် ၂:၅) ပေါလု​၏​အဖြစ်​တွင် ဒမာသက်​မြို့​အသွား လမ်းပေါ်​မှ ထို​အရေးပါသော​ဖြစ်ရပ်​ကို စိတ်​လှုပ်ရှား​ဖွယ်​ရာ သို့​မဟုတ် ဝိညာဉ်​ရေးရာ​အတွေ့အကြုံ​ဟု ခေါ်ဆို​ကြ​ရာ​တစ်ခု​အဖြစ်​သာ သူ​သဘော​မထား​ခဲ့​ပေ။ ခရစ်တော်​ကို​မသိ​ခဲ့​သော သူ၏​ယခင်​ဘဝ​လမ်းစဉ်သည် အချည်းနှီး​ဖြစ်သည်ဟု ယခု​သူသိ​မြင်လာ​ခဲ့​ခြင်း​ဖြစ်သည်။ ခရစ်တော်​နှင့်​ပတ်သက်​၍ တတ်သိလာ​ခါ​စ​အသိပညာ​မှ အကျိုး​ရယူဖို့​အတွက် သူ၏​ဘဝ​လမ်းစဉ်​ကို ပြုပြင်​ပြောင်းလဲ​ရမည်ကို​လည်း သူသိ​ရှိခဲ့​သည်။—ရောမ ၂:၄; ဧဖက် ၄:၂၄

ကောင်းချီး​များ​ရစေ​သည့်​ပြောင်းလဲမှု

ပေါလု​သည် ဘုရားသခင်​နှင့်​ဆိုင်သော​အသိပညာကို ယခင်​က သူ​အဖွဲ့ဝင်​တစ်ဦး​ဖြစ်​ခဲ့​ဖူး​သည့် ဖာရိရှဲ​ဂိုဏ်း​မှ အများအားဖြင့်​ရရှိခဲ့သည်။ သူတို့၏​ယုံကြည်ချက်များ​တွင် လူ့​အတွေးအခေါ်​ပညာ​နှင့် ရိုးရာ​ထုံးတမ်း များစွာ​ပါဝင်​သည်။ ဘာသာရေး​စိတ်​စွန်းကွက်​မှုများ​ကြောင့် ပေါလု​၏​ဇွဲ​နှင့် ကြိုးပမ်းမှု​တို့သည် လမ်းလွဲ​နေခဲ့​သည်။ မိမိသည် ဘုရားသခင့်​အမှုတော်ထမ်း​နေသည်​ဟု သူ​ယူမှတ်ခဲ့​သော်လည်း အမှန်​မှာ ကိုယ်တော်​အားတိုက်​ခိုက်​နေခဲ့​သည်။—ဖိလိပ္ပိ ၃:၅၊ ၆

ခရစ်တော်​အကြောင်း​နှင့် ဘုရားသခင့်​ရည်ရွယ်ချက်​၌ ကိုယ်တော်​၏​အခန်းကဏ္ဍ​အကြောင်းကို တိကျ​မှန်ကန်​စွာ​သိရှိ​လာပြီး​နောက် ရွေးချယ်မှု​တစ်ခု​ပြု​ရမည်ကို ပေါလု​သိမြင်ခဲ့​သည်– မိမိသည် ဖာရိရှဲ​တစ်ဦး​အဖြစ် ရာထူး​နှင့်​လေးစားမှုကို ဆက်ခံ​ယူ​သင့်​သလော၊ သို့​မဟုတ် မိမိ​ဘဝ​လမ်းစဉ်​ကို​ပြောင်းလဲ​ကာ ဘုရားသခင့်​မျက်နှာသာ​ရဖို့ လိုအပ်သမျှ​ကို စ​ပြုလုပ်​သင့်​သလော။ ဝမ်းသာစရာ​မှာ ပေါလု​သည် မှန်ကန်​စွာ​ရွေးချယ်​ပြုမူ​ခဲ့​သည်၊ ထို့​ကြောင့် သူက​ဤသို့​ဆို​ခဲ့​သည်– “ငါသည် ခရစ်တော်​၏​ဧဝံဂေလိတရား​ကြောင့်၊ ရှက်ကြောက်ခြင်း​မရှိ။ အကြောင်း​မူ​ကား၊ ထို​တရားသည် ရှေးဦး​စွာ​၌​ယုဒ​လူ၊ နောက်​၌ ဟေ​လ​သ​လူ၊ ယုံကြည်​သမျှ​သော​သူအပေါင်း​တို့ကို ကယ်တင်​စေသော ဘုရားသခင်​၏​တန်ခိုးတော်​ဖြစ်၏။” (ရောမ ၁:၁၆) ပေါလု​သည် ခရစ်တော်​နှင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို စိတ်အား​ထက်သန်​စွာ​ဟောပြောသူ​တစ်ဦး ဖြစ်လာ​ခဲ့​သည်။

နှစ်များ​စွာ​လွန်ပြီး​နောက် ခရစ်ယာန်​ချင်း​များ​အား ပေါလု​ဤသို့​စာရေး​ခဲ့​သည်– “ငါ​ကိုင်​မိ​ပြီ​ဟု ကိုယ်ကို​ကိုယ်​မထင်​သော်လည်း၊ ငါ​ပြုသော​အမှု​တစ်ခု​ဟူ​မူ​ကား၊ နောက်ကျ​သော​အရာ​တို့ကို​မ​မှတ်​ဘဲ၊ ရှေ့၌​ရှိသော​အရာ​တို့ကို​လှမ်း​ကမ်း​၍၊ ယေရှု​ခရစ်​အားဖြင့် ဘုရားသခင်​သည် အထက်​အရပ်မှ​ခေါ်တော်မူ​ခြင်း​နှင့်​ဆိုင်သော​ဆု​ကို​ရခြင်း​ငှာ၊ ပန်း​တုံး​တိုင်​သို့​ငါ​လိုက်​ပြေး​၏။” (ဖိလိပ္ပိ ၃:၁၃၊ ၁၄) ပေါလု​သည် ဘုရားသခင်​ထံ​မှ သူ့ကို​လမ်းလွဲ​စေ​ခဲ့​သည့်​အရာ​ကို မဆိုင်းမတွ​စွန့်ပယ်​ခဲ့​ပြီး ဘုရားသခင့်​ရည်ရွယ်ချက်​နှင့်​ညီသော​ပန်းတိုင်​များ​ကို နှလုံး​အကြွင်းမဲ့​လိုက်စား​ခဲ့​သောကြောင့် သတင်းကောင်း​မှ အကျိုးကျေးဇူး​ခံစား​ခဲ့​ရသည်။

သင်​ဘာလုပ်​မည်​နည်း

အသင်​သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို မကြာသေးမီ​ကမှ ကြားဖူး​ခြင်း​ဖြစ်​ကောင်း​ဖြစ်​မည်။ စုံလင်သော​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်ခြင်း​မျှော်လင့်ချက်​သည် သင့်အတွက်​စွဲမက်​စ​ရာ​ဖြစ်သလော။ စွဲမက်​စ​ရာ​ဖြစ်​သင့်​သည်၊ အကြောင်း​မှာ ကျွန်ုပ်​တို့အားလုံး​၌ ငြိမ်သက်၊ လုံခြုံစွာ​အသက်ရှင်​၍ ဘဝကို​မွေ့လျော်​လို​သည့် မွေးရာပါ​ဆန္ဒရှိ​ကြသော​ကြောင့်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဘုရားသခင်​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​တွင် “[အဆုံးမရှိ] ကာလ” ၌​စွဲလမ်း​စေ​သည်​ဟု​ဖော်ပြ​သည်။ (ဒေ. ၃:၁၁) ထို့​ကြောင့် ငြိမ်သက်​ပျော်ရွှင်စွာ လူ​တို့​ထာဝစဉ်​အသက်ရှင်​နိုင်သော​အချိန်ကို မျှော်လင့်ခြင်းသည် ကျွန်ုပ်​တို့အတွက်​သဘာဝ​ကျ​ပါ​သည်။ ယင်းကို ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​က ကမ်း​လှမ်း​နေသည်။

သို့သော် ထို​မျှော်လင့်ချက်ကို တကယ်​ဖြစ်လာ​စေဖို့ သတင်းကောင်း​ကား အဘယ်အရာ​ဖြစ်​ကြောင်း စူးစမ်း​ရှာဖွေ​ဖို့​လို​သည်။ တမန်​တော်​ပေါလု​က​ဤသို့​တိုက်တွန်း​ခဲ့​သည်– “ကောင်းမြတ်သော၊ လက်ခံဖွယ်​ဖြစ်သော၊ ဘုရားသခင်​၏​စုံလင်သော​အလိုတော် . . . ဖြစ်​ကြောင်း [သင့်ကို​သင်] သက်သေထူ . . . လော့။” (ရောမ ၁၂:၂က​ဘ) ထို့​ကြောင့် ပေါလု​ကဲ့သို့ သင်သည် အသိပညာနှင့် သိ​နားလည်ခြင်း​ရရှိ​ပြီး​နောက် ရွေးချယ်မှု​ပြု​ရ​ပေမည်။

တစ်ဖက်​တွင်​မူ သင့်​အနာဂတ်​နှင့်​ပတ်သက်​၍ ယုံကြည်ချက်​အချို့​ရှိ​ထား​နှင့်​ပြီး​ဖြစ်​နိုင်​သည်။ ရှောလုသည် တမန်​တော်​ပေါလု​ဖြစ်​မလာ​မီ ဘုရားသခင့်​အလိုတော်​ဆိုင်ရာ ကိုယ်ပိုင်​ယူဆချက်များ​ရှိ​ထားပြီး​ဖြစ်​ကြောင်း သတိရပါ။ သို့သော် ဘုရားသခင်​ထံ​မှ အံ့ဖွယ်​ဖွင့်ပြချက်​တစ်ခု​ကို မျှော်လင့်​နေ​မည့်​အစား ကိစ္စရပ်​ကို အရှိအတိုင်း​ကြည့်မြင်​ပါ။ သင့်ကိုယ်​သင်​ဤသို့​မေးပါ– ‘လူသား​နှင့် မြေကြီး​အတွက် ဘုရားသခင့်​အလိုတော်​မှာ အဘယ်အရာ​ဖြစ်​ကြောင်း ကျွန်ုပ်​အမှန်​သိ​သလော။ ကျွန်ုပ်​၏​ခံယူ​ချက်​များ​ကို အဘယ်​သက်သေ​အထောက်အထား​ဖြင့် အ​ခိုင်​အ​လုံ​တင်ပြ​နိုင်​သနည်း။ ကျွန်ုပ်​၏​သက်သေ​အထောက်အထား​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​၏​အလင်း​၌ စစ်ဆေး​ကြည့်​ရာ​တွင် ကြံ့ကြံ့ခံ​နိုင်​သလော။’ သင်၏​ဘာသာရေး​ယုံကြည်ချက်များ​ကို ဤသို့​ဆန်းစစ်​ကြည့်​ခြင်း​ကြောင့် အရှုံး​မရှိပါ။ အမှန်​မှာ သမ္မာကျမ်းစာ​က “ခပ်သိမ်း​သော​အရာ​ကို​စုံစမ်း​၍၊ ကောင်းသော​အရာ​ကို အမြဲ​ကိုင်စွဲ​ကြလော့” ဟူ၍​ကျွန်ုပ်​တို့ကို​တိုက်တွန်း​ထားသော​ကြောင့် ထိုသို့​ဆန်းစစ်​ကြည့်​လိုစိတ်​ရှိ​သင့်​သည်။ (၁ သက်သာလောနိတ် ၅:၂၁) အမှန်​တွင် ဘုရားသခင့်​မျက်နှာသာ​ရခြင်း​သည် အဓိက​မဟုတ်ပေ​လော။—ယောဟန် ၁၇:၃; ၁ တိမောသေ ၂:၃၊ ၄

ဘာသာရေး​ခေါင်းဆောင်​များ​က ထာဝရ​အနာဂတ်​ကို ကျွန်ုပ်​တို့အား​ကတိပြု​ကြ​ပေမည်။ သို့ရာတွင် ထို​ကတိ​သည် သမ္မာကျမ်းစာ​သွန်သင်ချက်​များ​အပေါ် အခြေ​မပြုလျှင် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​ရရှိဖို့ ကျွန်ုပ်​တို့ကို​မ​ထောက်ကူ​နိုင်​ချေ။ ယေရှု၏​တောင်ပေါ်​တရားတော်​၌ ကိုယ်တော်​က​ဤသို့​အခိုင်အမာ​သတိပေး​ခဲ့​သည်– “သခင်၊ သခင်​ဟု ငါ့ကို​လျှောက်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံတော်​သို့ ဝင်​ရ​လိမ့်​မည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​ခမည်းတော်​၏​အလိုကို​ဆောင်သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။”—မဿဲ ၇:၂၁

ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​ရရှိဖို့ ဆုံးဖြတ်​ပေး​သော​မူ​ကား ခမည်းတော်​၏​အလိုကို​ဆောင်ခြင်း​ဖြစ်သည်​ကို ယေရှု​အလေးပေး​ပြောဆို​ခဲ့​ကြောင်း သတိပြုပါ။ တစ်နည်း​အားဖြင့် ဘုရားဝတ်​၌​မွေ့လျော်​သည့်​ပုံပန်း​သည် ဘုရားသခင့်​နှစ်သက်မှု​ကို ရ​ချင်​မှ​ရ​ပေမည်။ အမှန်​မှာ ယေရှု​က​ဤသို့​မိန့်ဆိုခဲ့သည်– “ထို​နေ့၌​ကား၊ ‘သခင်၊ သခင်၊ အကျွန်ုပ်​တို့သည် ကိုယ်တော်​အခွင့်​နှင့် နတ်ဆိုး​တို့ကို​နှင်ထုတ်​ပါ​ပြီ​မဟုတ်လော။ ကိုယ်တော်​အခွင့်​နှင့် များစွာသော​တန်ခိုး​တို့ကို​ပြ​ပါ​ပြီ​မဟုတ်လော’ ဟု အများ​သော​သူတို့သည် လျှောက်​ကြလိမ့်မည်။ ထိုသို့​လျှောက်​ကြသောအခါ သင်တို့ကို ငါ​အလျှင်း​မသိ။ အဓမ္မအမှု​ကို​ပြုသော​သူတို့၊ ငါ့​ထံ​မှ​ဖယ်​ကြ​ဟု ထို​သူတို့အား အ​တည့်​အလင်း​ငါ​ပြော​မည်။” (မဿဲ ၇:၂၂၊ ၂၃) ရှင်း​နေသည်​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ကား အမှန်​အားဖြင့် အဘယ်အရာ​ဖြစ်သည်​ကို အတိအကျ​နားလည်​ကြောင်း​သေချာ​အောင်​ပြု​ကာ ၎င်းနှင့်​အညီ​လုပ်ဆောင်ခြင်း​သည် အရေးကြီးကြောင်း​ဖြစ်သည်။—မဿဲ ၇:၂၄၊ ၂၅

အကူအညီ​ရနိုင်

ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ယေဟောဝါသက်သေ​များ​ဟောပြောခဲ့​သည်​မှာ နှစ်ပေါင်း ၁၀၀ ကျော်​ခဲ့ပြီ။ ဘုရားသခင့်​နိုင်ငံတော်​ဟူသည် အဘယ်အရာ​ဖြစ်​ကြောင်း၊ ၎င်း​က အဘယ်​ကောင်းချီး​များ ယူဆောင်​လာ​မည်​ဖြစ်​ကြောင်း​နှင့် ၎င်း​ကောင်းချီး​များ​ခံစား​ရဖို့ အဘယ်အရာ​ပြုလုပ်​ရမည်​ဖြစ်​ကြောင်း တိကျ​မှန်ကန်သော​အသိပညာကို​ရရှိရန် သူတို့သည် ကမ္ဘာ​တစ်ဝန်း​ရှိ​လူ​တို့ကို ပုံနှိပ်​စာပေ​ဖြင့်​လည်းကောင်း၊ နှုတ်ဖြင့်​လည်းကောင်း ကူညီပေး​နေကြ​သည်။

ယေဟောဝါသက်သေ​များ ဟောပြော​နေကြ​သော​သတင်းကို တုံ့ပြန်​လက်ခံရန် သင့်​အား​ကျွန်ုပ်​တို့​တိုက်တွန်း​ပါ​သည်။ သတင်းကောင်းကို​လက်ခံ​၍ ကျင့်သုံး​ခြင်း​အားဖြင့် အသင်​သည် ယခု​အချိန်၌​သာမက အနာဂတ်​တွင်​ပါ ဘုရားသခင့်​နိုင်ငံတော် မြေတစ်ပြင်လုံး​ကို​အုပ်ချုပ်​သောအခါ ကြီးမြတ်သော​ကောင်းချီး​များ​ကို ခံစား​နိုင်​သည်။—၁ တိမောသေ ၄:၈

ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​ကို ခံစားရ​လု​နီးပြီ​ဖြစ်၍ ယခု​ပင်​လုပ်ဆောင်ပါ​လေ!

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ပုံနှိပ်​စာပေ​ဖြင့်​လည်းကောင်း၊ နှုတ်ဖြင့်​လည်းကောင်း ဟောပြော​ကြသည်