မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ယင်းကားအဘယ်နည်း

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ယင်းကားအဘယ်နည်း

ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ယင်း​ကား​အဘယ်နည်း

ယ​မ​န်​နှစ်​က ကမ္ဘာ​တစ်ဝန်း​နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် လူကြီးလူငယ် ၆,၀၃၅,၅၆၄ ဦး​တို့သည် ၎င်း​အကြောင်းကို အခြား​သူတို့အား ပြောပြ​ရာ​၌ ၁,၁၇၁,၂၇၀,၄၂၅ နာရီ​အသုံးပြု​ခဲ့​ကြသည်။ သူတို့သည် ၎င်းကို နှုတ်ဖြင့်​ကြားသိ​စေသည့်​အပြင် ၎င်းကို​ကြေညာ​၍ ရှင်းပြ​ပေးဖို့ ပုံနှိပ်​စာစောင်​သန်းပေါင်း ၇၀၀ ကျော်​ကို လူထု​လက်​သို့ ဝေငှ​ခဲ့​ကြသည်။ ၎င်းကို​ပျံ့နှံ့​စေဖို့ ထောင်နှင့်ချီ​သောက​က်​ဆက်​ခွေ​များနှင့် ဗီဒီယို​ခွေ​များ​ကိုလည်း သူတို့​ဖြန့်ဝေ​ခဲ့​ကြသည်။ “၎င်း” ကား​အဘယ်နည်း။

“၎င်း” မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ဖြစ်၏။ လူ့​သမိုင်း​တွင် “[ဘုရားသခင့်] နိုင်ငံတော်​နှင့်​ဆိုင်သော ဤ​သတင်းကောင်း” ကို ယနေ့​ကျွန်ုပ်​တို့​တွေ့မြင်​နေရ​သည့် အတိုင်းအတာ​အထိ ယခင်​က​တစ်ခါမျှ​မဟောပြော​ခဲ့​ဖူး​သည်​မှာ အမှန်ပင်။—မဿဲ ၂၄:၁၄က​ဘ။

ဤ​ကမ္ဘာချီ​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​ကို လုပ်ဆောင်နေ​ကြ​သူတို့​အားလုံး​မှာ စေတနာ့​ဝန်ထမ်း​များ​ဖြစ်​ကြ​၏။ လောက​အမြင်​မှ​ကြည့်​လျှင် သူတို့သည် လုပ်ငန်း​အတွက် အရည်အချင်း​မပြည့်​ပုံ​ပေါ်​ပေမည်။ သို့​ဖြစ်​လျှင် သူတို့​ရဲစွမ်းသတ္တိ​ရှိပြီး အောင်မြင်​ရသည့် အကြောင်းရင်း​ကား​အဘယ်နည်း။ အဓိက​အကြောင်းရင်း​မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​၏​တန်ခိုး​ဖြစ်၏၊ အကြောင်း​မှာ ၎င်း​သည် လူသား​တို့​ထံ​ရောက်ရှိ​လာ​မည့် ကောင်းချီး​မင်္ဂလာ​သတင်း​ဖြစ်သော​ကြောင့်​တည်း။ လူအားလုံး​လိုချင်​တမ်းတ​ကြသော ဤ​ကောင်းချီး​များ​မှာ ပျော်ရွှင်မှု၊ စီးပွားရေး​ကျပ်တည်း​မှု​မှ​လွတ်ကင်း​ခြင်း၊ ကောင်းသော​အစိုးရ၊ ငြိမ်သက်မှု၊ လုံခြုံမှု​နှင့် လူအများ​စဉ်း​ပင်​မစဉ်း​စား​ဝံ့​သည့်—ထာဝစဉ်​အသက်ရှင်ခြင်း​တို့​ဖြစ်သည်! ယင်းသည် ဘဝ​ရည်ရွယ်ချက်ကို ရှာဖွေ​နေကြ​သူတို့​အတွက် အမှန်ပင်​သတင်းကောင်း​ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ကြေညာ​ခြင်း​ကို အသင်​တလိုတလား​တုံ့ပြန်​မည်​ဆိုလျှင် ဤ​ကောင်းချီး​များ​မ​က သာ၍​များသော​ကောင်းချီး​များ​ကို သင်​ရရှိနိုင်​မည်။

ဘုရားသခင့်​နိုင်ငံတော်​ဟူသည် အဘယ်နည်း

သို့သော် သတင်းကောင်း​အဖြစ် ကြေညာ​နေကြ​သော ဘုရားသခင့်​နိုင်ငံတော်​ဟူသည် အဘယ်နည်း။ ၎င်း​သည် ရင်းနှီး​ပြီး​သား​ဖြစ်သည့် ဤ​စကား​များ​ဖြင့် သန်းပေါင်း​များစွာသော​သူတို့ ဆုတောင်း​ရန် သွန်သင်ခံ​ခဲ့​ရသည့် ဘုရားသခင့်​နိုင်ငံတော်​ဖြစ်သည်– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော။”—မဿဲ ၆:၉၊ ၁၀

၎င်း​သည် လွန်ခဲ့သော ၂၅ ရာစု​ကျော်​ကျော်​က ဟေဗြဲ​ပရောဖက်​ဒံယေလ ဤသို့​ရေးသား​ပြောဆို​ခဲ့​သော ဘုရားသခင့်​နိုင်ငံတော်​ပင်​ဖြစ်၏– “ပျက်စီးခြင်း​သို့​မ​ရောက်​နိုင်သော​နိုင်ငံ​ကို ထို​ဘုရင်​များ​လက်ထက်​၌ ကောင်းကင်ဘုံ​ရှင်​ဘုရားသခင်​သည် တည်ထောင်​တော်​မူ​မည်။ ထို​နိုင်ငံ​သည်လည်း အခြား​အဘယ်​လူမျိုး၏​လက်​သို့​မျှ​မ​ရောက်​ဘဲ အထက်​ဆို​ခဲ့​ပြီး​သော​နိုင်ငံ​ရှိသမျှကို​ချိုးဖဲ့​ဖျက်ဆီး​၍ အစဉ်အမြဲ​တည်​လိမ့်​မည်။”—ဒံယေလ ၂:၄၄က​ဘ။

ထို့​ကြောင့် သတင်းကောင်း​ဆို​သည်​မှာ ဆိုးသွမ်းမှု​အားလုံး​ကို ဖယ်ရှားပစ်​ပြီး​နောက် မြေတစ်ပြင်လုံး​ကို ငြိမ်းချမ်း​စွာ​အုပ်ချုပ်​မည့် ဘုရားသခင့်​နိုင်ငံတော် သို့​မဟုတ် အစိုးရ​ဖြစ်သည်။ ၎င်း​သည် လူသားများ​နှင့် မြေကြီး​အတွက် ဖန်ဆင်း​ရှင်​၏​မူလ​ရည်ရွယ်ချက်ကို အမှန်​အကောင်အထည်​ပေါ်​စေပါ​လိမ့်​မည်။—ကမ္ဘာဦး ၁:၂၈

“ကောင်းကင်​နိုင်ငံတော်​သည် တည်​လု​နီးပြီ”

လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ နီးပါး​က ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ဆက်ကပ်​အပ်နှံထားသူ​တစ်ဦး ဦးဆုံး​ကြေညာ​ခဲ့​သည်။ ထို​သူ၏​ပုံပန်း​သဏ္ဌာန်​နှင့် မူပိုင်​အကျင့်​တို့ကို လူများစွာ​အာရုံစိုက်ခဲ့​ရသည်။ သူသည် ဂျူး​ယဇ်ပုရောဟိတ်​ဇာခရိ​နှင့် သူ၏​ဇနီး​ဧလိရှဗက်​တို့၏​သား နှစ်ခြင်း​ဆရာ​ယောဟန်​ဖြစ်၏။ ယောဟန်​သည် သူ့ကို​ပုံဆောင်​ခဲ့​သည့် ပရောဖက်​ဧလိယ​၏​ပုံပန်း​အရ ခါး​၌ သားရေ​ခါးပန်း​ကို​စည်း​ကာ ကုလားအုတ်​အမွေး​နှင့်​ရက်​သော​အဝတ်​အထည်​ကို ဝတ်ဆင်​ခဲ့​သည်၊ သို့သော် လူအများ​၏​အာရုံ​ကို​ဆွဲဆောင်​ခဲ့​သည်​မှာ သူ၏​သတင်း​ဖြစ်၏။ သူက “ကောင်းကင်​နိုင်ငံတော်​သည် တည်​လု​နီးပြီ။ ထို့​ကြောင့် နောင်တ​ရ​ကြလော့” ဟု​ကြေညာ​ခဲ့​သည်။—မဿဲ ၃:၁-၆

ယောဟန်​ကို​နားဆင်​သူတို့မှာ စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​အား​ဝတ်ပြု​သည်​ဟု​ဆို​ကြသော ဂျူး​များ​ဖြစ်​ကြသည်။ လူမျိုးတစ်မျိုး​အနေ​နှင့် သူတို့သည် အစောပိုင်း​အနှစ် ၁,၅၀၀ ခန့်​က​မောရှေ​မှ​တစ်ဆင့် ပညတ်ပဋိညာဉ်​ကို​ရရှိခဲ့​ကြသည်။ ယေရုရှလင်​မြို့တွင် ကြီးကျယ်​ခမ်းနား​သော​ဗိမာန်တော်​တစ်ခု တည်ရှိ​ဆဲ​ဖြစ်​ပြီး ထို​တွင် ပညတ်တရား​နှင့်​အညီ ယဇ်များ​ကို​ပူဇော်​ခဲ့​ကြသည်။ မိမိတို့၏​ဝတ်ပြု​ကိုးကွယ်​မှု​သည် ဘုရားသခင့်​မျက်မှောက်တွင် မှန်ကန်​သည်​ဟု ဂျူး​များ​အခိုင်အမာ​ယူမှတ်ခဲ့​ကြသည်။

သို့သော် ယောဟန်​အား​နားထောင်​ကြ​ရာ​၌ မိမိတို့၏​ဘာသာရေး​သည် မိမိတို့​ထင်​ခဲ့​သည့်​အတိုင်း​မဟုတ်​ကြောင်း လူ​အချို့​စ​သိရှိ​လာ​ကြ​၏။ ဂရိ​ယဉ်ကျေးမှု​နှင့် အတွေးအခေါ်​သည် ဂျူး​ဘာသာရေး​သွန်သင်ချက်​များ​သို့ စိမ့်ဝင်​လာ​ခဲ့ပြီ။ မောရှေ​မှ​တစ်ဆင့် ဘုရားသခင်​ထံ​တော်​မှ​ရရှိခဲ့​သော​ပညတ်တော်​မှာ ယခု​ရောနှော​ခံရ​ပြီး လူ့​ယုံကြည်ချက်​နှင့် ရိုးရာ​ထုံးတမ်းများ​ဖြင့် အချည်းနှီး​ပင်​ဖြစ်စေ​ခဲ့ပြီ။ (မဿဲ ၁၅:၆) စိတ်နှလုံး​ခိုင်မာ​၍ ကြင်နာ​မှု​ကင်းမဲ့​သော ဘာသာရေး​ခေါင်းဆောင်​များ​က လူ​တို့ကို​လမ်းလွဲ​စေ​ခဲ့​ကြ​ရာ အများ​သော​သူတို့သည် ဘုရားသခင်​နှစ်သက်​လက်ခံ​နိုင်သော​နည်းဖြင့် ဝတ်မပြု​ကြ​တော့​ချေ။ (ယာကုပ် ၁:၂၇) သူတို့သည် ဘုရားသခင်​နှင့် ပညတ်ပဋိညာဉ်​ကို​ဆန့်ကျင်​သည့်​အပြစ်​များ​မှ နောင်တ​ယူဖို့​လို​လာ​ခဲ့​ကြသည်။

ထို​အချိန်တွင် ဂျူး​များစွာတို့သည် ကတိထားရာ​မေရှိယ သို့​မဟုတ် ခရစ်တော်​၏​ပေါ်ထွန်းခြင်း​ကို မျှော်လင့်​နေခဲ့​ကြ​ပြီး အချို့​က ယောဟန်​သည် ‘ခရစ်တော်​ဖြစ်​ကောင်း​ဖြစ်​မည်​လော’ ဟု​တွေးတော​ဆင်ခြင်​နေခဲ့​ကြသည်။ သို့ရာတွင် ယောဟန်​က မိမိ​မဟုတ်​ကြောင်း​ငြင်းဆို​ခဲ့​ပြီး ယင်းအစား “ထို​သူ၏​ခြေနင်း​တော်​ကြိုး​ကို​မျှ ဖြေခြင်း​ငှာ​မထိုက်” ဟု​သူ​ဆို​ခဲ့​သူ​တစ်ဦးထံ သူတို့ကို​လမ်းညွှန်​ပေး​ခဲ့​သည်။ (လုကာ ၃:၁၅၊ ၁၆) ယေရှုကို မိမိ၏​တပည့်တော်​များနှင့်​မိတ်ဆက်​ပေး​ကာ ယောဟန်​က ဤသို့​ကြေညာ​ခဲ့​သည်– “ဤ​လောက​၏​အပြစ်ကို​ဆောင်​သွားသော ဘုရားသခင်​၏​သိုးသငယ်​ကို​ကြည့်​လော့။”—ယောဟန် ၁:၂၉

၎င်း​သည် အမှန်ပင်​သတင်းကောင်း​ဖြစ်၏၊ အမှန်​မှာ ယောဟန်​သည် အသက်ရှင်ခြင်း​နှင့်​ပျော်ရွှင်မှု​သို့​ပို့ဆောင်သော​လမ်း၊ “ဤ​လောက​၏​အပြစ်ကို​ဆောင်​သွားသော” သူ၊ ယေရှု​ထံ လူအားလုံးကို​ညွှန်ပြ​နေသော​ကြောင့်​ဖြစ်သည်။ အာဒံ​နှင့်​ဧဝ​တို့၏​မျိုးဆက်​များ​အနေ​နှင့် လူသား​အားလုံး​တို့သည် အပြစ်​နှင့်​သေခြင်း စိုးမိုးမှု​အောက် မွေးဖွား​လာ​ခဲ့​ကြသည်။ ရောမ ၅:၁၉ က​ဤသို့​ရှင်းပြသည်– “တစ်ယောက်​သော​သူ [အာဒံ] သည် နားမထောင်​သော​အားဖြင့်၊ လူများ​တို့သည် အပြစ်ရောက်​သည်​နည်းတူ၊ တစ်ယောက်​သော​သူ [ယေရှု] သည် နားထောင်​သော​အားဖြင့်၊ လူများ​တို့သည် ဖြောင့်မတ်​ရာ​သို့​ရောက်​ကြ​၏။” ယဇ်​သကာ​ဆိုင်ရာ​သိုးသငယ်​ကဲ့သို့ ယေရှုသည် ‘အပြစ်ကို​ယူဆောင်​သွား’ ကာ လူ့​ရေးရာ​များ​၏​ဝမ်းနည်းဖွယ်​အခြေအနေ​ကို ပြောင်းပြန်​လှန်ပစ်​လိမ့်​မည်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဤသို့​ရှင်းပြသည်– “အပြစ်​တရား​၏​အ​ခ​ကား သေခြင်း​ပေ​တည်း။ ဘုရားသခင်​ပေး​တော်​မူ​သော ဆုကျေးဇူး​တော်​ကား၊ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ထာဝရ​အသက်​ပေ​တည်း။”—ရောမ ၆:၂၃

စုံလင်သူ—အမှန်​မှာ အသက်ရှင်ခဲ့သမျှ​တွင် အကြီးမြတ်ဆုံး​လူသား—တစ်ဦး​အနေ​နှင့် ယေရှုသည် သတင်းကောင်းကို​ဟောပြောခဲ့​သည်။ မာကု ၁:၁၄၊ ၁၅ မှ​ကျမ်းစာ​မှတ်တမ်းက ဤသို့​ပြောပြ​သည်– “ယောဟန်​သည် ထောင်ထဲသို့​ရောက်​သည်​နောက်၊ ယေရှုသည် ဂါလိလဲ​ပြည်​သို့​ကြွတော်မူ​လျှင်၊ ‘အချိန်ပြည့်​စုံ​ပြီ၊ ဘုရားသခင်​၏​နိုင်ငံတော်​သည်​တည်​လု​နီးပြီ၊ နောင်တ​ရ​ကြလော့။ ဧဝံဂေလိတရား​ကို​ယုံကြည်​ကြလော့’ ဟူသော ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို​ဟော​တော်​မူ​၏။”

ယေရှု၏​သတင်းကို​တုံ့ပြန်​ပြီး သတင်းကောင်းကို ယုံကြည်သူ​တို့သည် ကောင်းချီး​များစွာ​ခံစား​ခဲ့​ရ​ကြသည်။ ယောဟန် ၁:၁၂ က “ထို​သူ [ယေရှု] ကို​လက်ခံ​သမျှ​သော​သူ​တည်း​ဟူသော ကိုယ်တော်​ကို​ယုံကြည်​သော​သူတို့အား၊ ဘုရားသခင်​၏​သား​ဖြစ်​ရသော​အခွင့်​ကို ပေး​တော်​မူ​၏” ဟု​ဆို​သည်။ ဘုရားသခင်​၏​သားသမီး​များ သို့​မဟုတ် သားများ​ဖြစ်​ကြ​ရာ သူတို့သည် ထာဝရ​အသက်ဆု​ကျေးဇူး​ကို ရရှိကြ​မည်​ဖြစ်သည်။—၁ ယောဟန် ၂:၂၅

သို့သော် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ ရရှိ​မည့်​အခွင့်ထူး​သည် ပထမ​ရာစု​မှ​လူ​တို့အတွက်​သာ ကန့်သတ်​ထားခြင်း​မဟုတ်ပါ။ အစောပိုင်း​၌​ဖော်ပြ​ခဲ့​သကဲ့သို့ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ယနေ့ မြေတစ်ပြင်လုံး၌ ကြေညာ​၍​သွန်သင်​လျက်​ရှိသည်။ ထို့​ကြောင့် ဘုရားသခင့်​နိုင်ငံတော်​ကောင်းချီး​များ​ကို ရနိုင်​ဆဲ​ဖြစ်သည်။ ထိုသို့​သော​ကောင်းချီး​များ​ကို​ခံစား​ရဖို့ အသင် အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။ နောက်​ဆောင်းပါး​က​ရှင်းပြပါ​မည်။