သင့်အားနားလည်မှုလွဲနေသည်ဟု ခံစားရပါသလော
သင့်အားနားလည်မှုလွဲနေသည်ဟု ခံစားရပါသလော
အဲန်တိုနီယိုသည် စိတ်အနှောင့်အယှက်ဖြစ်နေသည်။ သူ့သူငယ်ချင်းကောင်း လီအိုနာဒိုသည် ရုတ်တရက် နားမလည်နိုင်လောက်အောင် သူ့အပေါ်အေးတိအေးစက်ဖြစ်လာသည်။ * အဲန်တိုနီယို၏နှုတ်ဆက်ခြင်းကို အကြိမ်ကြိမ်အသိအမှတ်မပြု၊ အတူတူရှိနေကြချိန်တွင်လည်း နံရံတစ်ခုခြားထားသည့်အလားဖြစ်နေသည်။ မိမိသူငယ်ချင်းကို နားလည်မှုလွဲစေခဲ့သော အလုပ်တစ်ခုခု၊ စကားတစ်ခွန်းခွန်း လုပ်မိ၊ ပြောမိခဲ့ပြီဟု အဲန်တိုနီယို စိုးရိမ်လာသည်။ သို့သော် အဘယ်အရာနည်း။
နားလည်မှုလွဲမှားခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ အများမှာ အသေးအမွှားဖြစ်ပြီး အလွယ်တကူဖြေရှင်း၍ရသည်။ အခြားအရာတို့မူ အလွန်စိတ်ရှုပ်ထွေးစရာဖြစ်နိုင်သည်၊ အထူးသဖြင့် အထင်လွဲမှားမှုတို့ကိုဖြေရှင်းရန်ကြိုးပမ်းသော်လည်း ရှိမြဲရှိနေသည့်အခါမျိုးတွင်ဖြစ်သည်။ နားလည်မှုလွဲမှားခြင်းများ အဘယ်ကြောင့်ဖြစ်ပေါ်ရသနည်း။ ပါဝင်ပတ်သက်သူတို့အား မည်သို့အကျိုးသက်ရောက်စေသနည်း။ သင်လုပ်သည့်အလုပ်တစ်ခုခုကို အခြားသူများက နားလည်မှုလွဲမှားလျှင် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ အခြားသူတို့ သင့်အားမည်သို့ယူမှတ်စေကာမူ အကြောင်းလော။
ရှောင်လွှဲ၍မရနိုင်သော အမှန်တရား
သူတစ်ပါးသည် ကျွန်ုပ်တို့၏သဘောထားနှင့် ကြံရွယ်ချက်များကို မသိနိုင်ကြသောကြောင့် ကျွန်ုပ်တို့၏စကား၊ ကျွန်ုပ်တို့၏လုပ်ဆောင်မှုများကို တစ်ယောက်ယောက်က အနှေးနှင့်အမြန် တလွဲယူမှတ်ပေလိမ့်မည်။ နားလည်မှုလွဲမှားနိုင်စရာအကြောင်း များစွာရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏သဘောထားကို ရှင်းလင်းပြတ်သား၊ တိကျစွာ မဖော်ပြတတ်၍ဖြစ်သည်။ နောက်ခံဆူညံသံနှင့် အခြားစိတ်ပျံ့လွင့်စရာများသည် ကျွန်ုပ်တို့အပေါ် အခြားသူများ အပြည့်အဝအာရုံမစိုက်နိုင်ဘဲ ဖြစ်စေနိုင်သည်။
အချို့သောနည်းလမ်းများနှင့်အပြုအမူများကြောင့်လည်း တလွဲယူမှတ်စေနိုင်သည်။ ဥပမာအနေနှင့် ရှက်ကြောက်တတ်သောလူတစ်ယောက်သည် အေးတိအေးစက်နိုင်သည်၊ ဘာသိဘာသာနိုင်သည်၊ သို့မဟုတ် ဘဝင်မြင့်သည်ဟု မှားယွင်းစွာဝေဖန်ခံရနိုင်သည်။ အတိတ်မှကိုယ်ရေးကိုယ်တာအတွေ့အကြုံများသည် အခြေအနေအချို့ကို ကျိုးကြောင်းညီညွတ်စွာ တုံ့ပြန်သည်ထက် စိတ်လှုပ်ရှားမှုဖြင့် တုံ့ပြန်ပေမည်။ ယဉ်ကျေးမှုနှင့် ဘာသာစကား ကွာခြားမှုများရှိခြင်းကြောင့် နားလည်သဘောပေါက်မှာပါဟု လွယ်လွယ်နှင့်မယူမှတ်နိုင်ပေ။ ယင်းအပေါ် မမှန်ကန်မတိကျသောသတင်းလွှင့်ခြင်းနှင့် အတင်းအဖျင်းကို ထပ်ဆင့်လိုက်ပါမူ ပြောဆိုခဲ့သည့်စကား၊ ပြုလုပ်ခဲ့သည့်အလုပ်ကို အနက်ကောက်ခြင်းသည် တစ်ခါတစ်ရံ အရင်းခံရည်ရွယ်ချက်နှင့် ကွဲပြားနေသည်မှာ အံ့ဩစရာမဖြစ်သင့်ချေ။ မှန်ပါသည်၊ မိမိတို့၏ကြံရွယ်ချက်များကို တလွဲယူမှတ်သွားပြီဟု ရိပ်မိသူတို့အတွက် အဆိုပါအရာအားလုံးက စိတ်ချမ်းသာစေမည်မဟုတ်ပေ။
ဥပမာ၊ အဲန်နာသည် သူ၏သူငယ်ချင်းတစ်ဦးမရှိခိုက် ထိုသူ၏ ရေပန်းစားမှုအကြောင်း သဘောရိုးနှင့် မှတ်ချက်ချခဲ့သည်။ ထိုမှတ်ချက်ကို အခြားသူတစ်ဦးက အမှန်အတိုင်းပြန်မပြောခဲ့သည့်အတွက် နောက်ပိုင်းတွင် ထိုသူငယ်ချင်းက ယောက်ျားလေးအဖော်တစ်ယောက်၏ဂရုစိုက်မှုကို မိမိရရှိခဲ့၍ အဲန်နာ မနာလိုဝန်တိုဖြစ်နေကြောင်း လူရှေ့သူရှေ့တွင် စိတ်ဆိုးမာန်ဆိုး စွပ်စွဲလိုက်သည့်အခါ အဲန်နာသည် အံ့သြစိတ်ပျက်သွားခဲ့ရသည်။ အဲန်နာ၏စကားကို လုံးဝအနက်ကောက်လွဲခဲ့ကြောင်းနှင့် ထိုသို့မရည်ရွယ်ပါဟု သူငယ်ချင်းအား သေသေချာချာ ကြိုးစားရှင်းပြသော်လည်း မအောင်မြင်ခဲ့ချေ။ ထိုအခြေအနေကြောင့် အတော်လေးဝမ်းနည်းစရာဖြစ်ခဲ့ပြီး ထိုနားလည်လွဲမှားမှုကို ကာလအတန်ကြာကုန်လွန်ပြီးနောက်မှသာ အဲန်နာ ဖြေရှင်းတင်ပြနိုင်ခဲ့သည်။
သင့်အား သူတစ်ပါးဝေဖန်ပုံသည် သင့်ကြံရွယ်ချက်ကို သူတို့သဘောပေါက်ပုံအပေါ် မူတည်လေ့ရှိသည်။ ထို့ကြောင့် သင့်သဘောထားကို လူတို့က မမှန်မကန်အနက်ကောက်သည့်အခါ စိတ်ထိခိုက်စရာဖြစ်သည်မှာ ဓမ္မတာပင်။ တစ်စုံတစ်ယောက်သည် မိမိကို နားလည်မှုလွဲမှားစရာအကြောင်းမရှိသင့်ဟု သင်ခံစားရပြီး ခံပြင်း၍ဒေါသထွက်ပေမည်။ အထူးသဖြင့် အကျိုးသင့်အကြောင်းသင့်မရှိ ဝေဖန်ခန့်မှန်းမှုပြုနေသူတို့၏ ထင်မြင်ချက်ကို တန်ဖိုးထားသူဖြစ်လျှင် ထိုသို့သောဝေဖန်ချက်များသည် သင့်အမြင်တွင် တစ်ဖက်စောင်းနင်းဖြစ်၍ အပြစ်ရှာခြင်း၊ သို့မဟုတ် လုံးဝမှားနေခြင်းဖြစ်ပေမည်။
သင့်ကိုလူတို့စီရင်ဆုံးဖြတ်ပုံကြောင့် စိတ်အနှောင့်အယှက်ဖြစ်နိုင်သော်လည်း အခြားသူများ၏ထင်မြင်ချက်ကို အလေးဂရုပြုရန် လျောက်ပတ်ပေသည်။ သူတစ်ပါးစဉ်းစားတွေးတောရာကို ဥပေက္ခာပြုခြင်းသည် ခရစ်ယာန်မဆန်ပါ၊ ကျွန်ုပ်တို့၏စကား၊ ကျွန်ုပ်တို့၏ လုပ်ရပ်များကြောင့် အခြားသူတို့ကို အဘယ်နည်းဖြင့်မျှဆိုးကျိုးမပေးလိုပါ။ (မဿဲ ၇:၁၂; ၁ ကောရိန္သု ၈:၁၂) ထို့ကြောင့် တစ်ခါတစ်ရံ သင်နှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က အထင်မှားနေလျှင် ကြိုးစားပြုပြင်ပေးရန် လိုအပ်ပေမည်။ သို့ရာတွင် မျက်နှာသာရရန် အလွန်အမင်းအလေးပေးခြင်းသည် မလိုလားဖွယ်သောရလဒ်ပေါ်စေ၍ ကိုယ့်သိက္ခာကိုယ်လေးစားမှု လျော့ပါးခြင်း၊ သို့မဟုတ် ငြင်းပယ်ခံရ၏ဟု ခံစားရခြင်းတို့ ဖြစ်ပွားစေသည်။ အမှန်မှာ၊ သင်၏တန်ဖိုးအစစ်အမှန်သည် အခြားသူများ၏အထင်အမြင်အပေါ် မူမတည်ချေ။
အခြားတစ်ဖက်တွင်မူ၊ သင့်ကိုအတိုက်အခံပြုဝေဖန်ခဲ့ခြင်းသည် ခြေမြစ်နေကြောင်း သင်အသိအမှတ်ပြုပေမည်။ ယင်းသည်လည်း နာကြည်းစရာဖြစ်စေနိုင်သည်၊ သို့သော် သင်၏မစုံလင်မှုကို လိုလိုလားလားနှင့် ရိုးရိုးသားသားအသိအမှတ်ပြုလျှင် ထိုသို့သောတွေ့ကြုံမှုများက လိုအပ်သောပြောင်းလဲမှုများပြုလုပ်ရန် သင့်အားလှုံ့ဆော်ပေး၍ အကျိုးပြုနိုင်သည်။
အပြုသဘောမပါသော အကျိုးဆက်များ
နားလည်မှုလွဲမှားခြင်းများသည် ဆိုးရွားသောအကျိုးရလဒ်များ ဖြစ်စေနိုင်သည် သို့မဟုတ် ဖြစ်ချင်မှလည်းဖြစ်မည်။ ဥပမာ၊ စားသောက်ဆိုင်တစ်ဆိုင်တွင် လူတစ်ယောက်က စကားကျယ်လောင်စွာပြောဆိုနေသည်ကို သင်ကြားရလျှင် ထိုသူသည် ပွင့်လင်းဖော်ရွေသူ သို့မဟုတ် ဟိတ်ဟန်ထုတ်သူဖြစ်သည်ဟု သင်ကောက်ချက်ချပေမည်။ သင်မှားကောင်းမှားနိုင်သည်။ ထိုပုဂ္ဂိုလ်နှင့်စကားပြောနေသူသည် နားလေးပေမည်။ သို့မဟုတ် အရောင်းစာရေးတစ်ယောက်သည် မနှစ်သက်ဖွယ်ကောင်းပုံရနိုင်ဖွယ်ရှိသော်လည်း သူသည် နေထိုင်မကောင်းဖြစ်နေနိုင်သည်။ ထိုကဲ့သို့သောနားလည်မှုလွဲမှားခြင်းများသည် အပျက်သဘောသက်ရောက်သွားနိုင်သော်လည်း ယင်းတို့သည် အရေးပါသော သို့မဟုတ် ရေရှည်ကြာသောအကျိုးဆက်များ ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ပါ။ သို့ဖြစ်စေကာမူ နားလည်မှုလွဲမှားခြင်းများသည် တစ်ခါတစ်ရံ ဘေးသင့်စေနိုင်သည်။ ရှေးဣသရေလလူမျိုး၏ သမိုင်းဖြစ်ရပ်နှစ်ခုကို သုံးသပ်ကြည့်ပါ။
အမ္မုန်ဘုရင်နာဟတ် သေဆုံးသွားသည့်အခါ ဖခင်၏ရိုက်ရာကိုခံယူသူ သားတော်ဟာနုန်ကိုနှစ်သိမ့်ရန် တမန်များကို ဒါဝိဒ်စေလွှတ်လိုက်သည်။ သို့သော်၊ တမန်များရောက်လာခြင်းသည် အမ္မုန်နယ်မြေတွင် ရန်လိုစွာထောက်လှမ်းရန်အတွက်ဖြစ်သည်ဟု တလွဲယူမှတ်ကာ ဟာနုန်သည် တမန်များကို ဦးစွာအရှက်ခွဲပြီးနောက် ဣသရေလနိုင်ငံကိုစစ်တိုက်လေ၏။ ရလဒ်အနေနှင့်၊ အနည်းဆုံး လူပေါင်း ၄၇,၀၀၀ သေဆုံးခဲ့ရသည်—စိတ်ရင်းစေတနာကောင်းဖြင့်ပြုသော အမှုအပေါ် နားလည်မှုလွဲမှားသွား၍သာဖြစ်သည်။—၁ ရာဇဝင်ချုပ် ၁၉:၁-၁၉။
ဣသရေလသမိုင်း အစောပိုင်းတွင် နားလည်မှုလွဲမှားခဲ့သည့် ယောရှု ၂၂:၁၀-၃၄။
အခြားကိစ္စတစ်ခုကို အတော်ကလေးကွဲပြားခြားနားစွာ ဖြေရှင်းခဲ့သည်။ ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်တို့သည် ထင်ရှားသောယဇ်ပလ္လင်တစ်ခုကို ယော်ဒန်မြစ်နားမှာ တည်ကြ၏။ ထိုအမှုကို သစ္စာဖျက်မှု၊ ယေဟောဝါကို ပုန်ကန်ခြင်းအဖြစ် ကျန်ဣသရေလလူတို့မြင်ကြသည်။ ထို့ကြောင့် စစ်ချီတက်ဖို့ သူတို့စုရုံးကြလေသည်။ သို့သော် ပြင်းပြင်းထန်ထန်အရေးမယူမီ အခြားဣသရေလလူများသည် သစ္စာဖျက်ပုံရသည့် ဤအမှုကြောင့် အမျက်ထွက်ကြောင်းတင်ပြရန် တမန်များကိုစေလွှတ်ခဲ့သည်။ သူတို့ ထိုသို့ပြုခဲ့ခြင်းသည် တော်မှန်၏၊ အကြောင်းမူကား ယဇ်ပလ္လင်ကိုတည်ဆောက်ကြသူများက မိမိတို့သည် စင်ကြယ်သောဝတ်ပြုရေးမှလွဲသွားရန် မရည်ရွယ်ကြောင်း ရှင်းပြခဲ့သည်။ ထိုသို့ဖြစ်မည့်အစား ယဇ်ပလ္လင်သည် ယေဟောဝါအပေါ် မိမိတို့သစ္စာရှိခြင်း၏ အထိမ်းအမှတ်သက်သေအဖြစ် တည်ခြင်းဖြစ်သည်။ ဤနားလည်မှုလွဲမှားခြင်းသည် သွေးချောင်းစီးသတ်ဖြတ်မှုကို ဖြစ်ပေါ်စေနိုင်သည်၊ သို့သော် ဉာဏ်ပညာက ကြောက်မက်ဖွယ်ဆိုးကျိုးများကို ရှောင်လွှဲပေးခဲ့သည်။—မေတ္တာစိတ်ဖြင့် ကိစ္စရပ်များကိုဖြေရှင်းပါ
ဤမှတ်တမ်းများကို နှိုင်းယှဉ်ကြည့်ခြင်းက ပညာပေးသည်။ ကိစ္စတစ်ရပ်ကိုရှင်းလင်းခြင်းသည် ပညာရှိသောလုပ်ရပ်ဖြစ်သည်မှာ အထင်အရှားပင်။ နောက်ဆုံးဆွေးနွေးခဲ့သည့်ဖြစ်ရပ်တွင် နှစ်ဦးနှစ်ဖက်စကားပြောဆိုခဲ့ခြင်းကြောင့်သာ မည်မျှလောက်အသက်ချမ်းသာရသွားခဲ့ကြောင်းကို မည်သူသိမှာနည်း။ ကိစ္စရပ်အများစုတွင် တစ်ဦးတစ်ယောက်၏စိတ်ရင်းကို သင်မသိလိုက်သဖြင့် သေရေးရှင်ရေးကိစ္စဖြစ်သွားမည်မဟုတ်သော်လည်း၊ ခင်မင်မှု ပြတ်စဲသွားနိုင်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် သင့်အပေါ် မတော်မလျော်ပြုမူခဲ့သည်ဟု သင်ခံစားရလျှင်၊ အရှိကိုအရှိအတိုင်း သင်တကယ်နားလည်ပါသလော သို့မဟုတ် တလွဲထင်မှတ်နေပါသလော။ သူတစ်ဖက်သား၏ ရည်ရွယ်ချက်များကားအဘယ်နည်း။ သူ့ကိုမေးမြန်းပါ။ နားလည်မှုလွဲမှားနေသည်ဟု သင်ခံစားရပါသလော။ ယင်းကိစ္စကို တင်ပြပြောဆိုပါ။ မာနစိတ်၏ ဟန့်တားမှုကို မခံပါနှင့်။
ယေရှုသည် နားလည်မှုလွဲမှားခြင်းများကို ဖြေရှင်းရန် ဤအကောင်းဆုံးလှုံ့ဆော်ချက်ပေးခဲ့သည်– “သင်သည် ပူဇော်သကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့ မှာ ပူဇော်သကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သကာကိုတင်လော့။” (မဿဲ ၅:၂၃၊ ၂၄) ထို့ကြောင့် ပြုလုပ်ရန် သင့်တင့်လျောက်ပတ်သောအရာမှာ အခြားသူများမပါဘဲ ထိုသူထံသီးသန့်ချဉ်းကပ်ခြင်းဖြစ်သည်။ အကယ်၍ သင်၏မကျေနပ်မှုကို ပြစ်မှားသူက သူတစ်ပါးထံမှ အရင်ကြားလျှင် အခြေအနေပိုဆိုးသွားပေလိမ့်မည်။ (သု. ၁၇:၉) သင့်ပန်းတိုင်မှာ မေတ္တာစိတ်ဖြင့် သင့်မြတ်ပြေငြိမ်းစေရန် ဖြစ်သင့်သည်။ ပြဿနာကို ပီပြင်ပြတ်သားစွာ ရိုးရှင်းပြီးအပြစ်မတင်သောစကားဖြင့် အေးအေးဆေးဆေးရှင်းပြပါ။ ယင်းအခြေအနေက သင့်အား မည်သို့ခံစားစေကြောင်း ရှင်းပြပါ။ သည့်နောက် တစ်ဖက်သား၏ရှုထောင့်ကို အရှိအတိုင်းနားထောင်ပေးပါ။ ရည်ရွယ်ချက်မှားသည်ဟု အလျင်စလိုမယိုးစွပ်ပါနှင့်။ တစ်ဖက်သားတွင် အပျက်သဘောမရှိပါဟု ယုံကြည်ပါ။ မေတ္တာသည် “ခပ်သိမ်းသောအရာကိုယုံတတ်” ကြောင်းသတိရပါ။—၁ ကောရိန္သု ၁၃:၇။
နားလည်မှုလွဲမှားခြင်းများကို ဖြေရှင်းပြီးသည့်တိုင် စိတ်နာကြည်းမှုများ သို့မဟုတ် အပျက်သဘောဆောင်သောဆိုးကျိုးများ ရှိမြဲရှိနေပေမည်။ အဘယ်အရာပြုလုပ်နိုင်သနည်း။ ကိစ္စရပ်များဖြေရှင်းရာတွင် လိုအပ်မည်ဆိုလျှင် အကျိုးသင့်အကြောင်းသင့်ရှိရှိ ပြုလုပ်နိုင်သည့် မည်သည့်လုပ်ရပ်နှင့်မဆိုတွဲ၍ စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်ခြင်းသည် အမှန်ပင်လျောက်ပတ်ပေသည်။ ထိုသို့သောအခြေအနေများအားလုံးတွင် တလွဲထင်မှတ်ခံရသူသည် ဤမှုတ်သွင်းခံသွန်သင်ချက်ကို လိုက်နာသင့်သည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၃၊ ၁၄; ၁ ပေတရု ၄:၈။
ကျွန်ုပ်တို့မစုံလင်သမျှကာလပတ်လုံး နားလည်မှုလွဲခြင်းနှင့် စိတ်နာကြည်းခြင်းတို့ရှိမည်ဖြစ်သည်။ မည်သူမဆို အမှားပြုနိုင်သည်၊ သို့မဟုတ် စာနာထောက်ထားမှုမရှိ၊ ကြင်နာမှုမရှိ ပြောဆိုပြုမူနိုင်သည်။ ကျမ်းစာကဤသို့ထောက်ပြသည်– “ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။” (ယာကုပ် ၃:၂) ယေဟောဝါဘုရားသခင်သည် ယင်းကိုကောင်းစွာသိသောကြောင့် ကျွန်ုပ်တို့အတွက် ဤလမ်းညွှန်ချက်များကို ပေးခဲ့သည်– “အမျက်ထွက်သည်တိုင်အောင် စိတ်မတိုနှင့်။ အမျက်သည် မိုက်သောသူ၏စိတ်နှလုံး၌ နေရာကျတတ်၏။ သူတစ်ပါး ပြောသမျှသောစကားတို့ကို မမှတ်နှင့်။ သို့ပြုလျှင် ကိုယ်ကျွန် ကျိန်ဆဲသောစကားကို ကြားလိမ့်မည်။ သင်သည် ကိုယ်တိုင်သူတစ်ပါးတို့ကို အ ဖန်ဖန်ကျိန်ဆဲကြောင်းကို ကိုယ်စိတ်နှလုံးထဲမှာသိ၏။”—ဒေ. ၇:၉၊ ၂၁၊ ၂၂။
‘ယေဟောဝါမူကား စိတ်နှလုံးတို့ကို ချိန်တော်မူ၏’
သင့်အား အထင်အမြင်လွဲနေသူ၏စိတ်ကို ပြုပြင်ပြောင်းလဲ၍မရကြောင်းထင်ရှားပါက အသို့နည်း။ စိတ်မပျက်ပါနှင့်။ သင်တတ်နိုင်သမျှ ခရစ်ယာန်အရည်အသွေးများကို ဆက်၍ပြုစုပျိုးထောင်ပေးပါ။ လိုအပ်သည့်နေရာတွင် တိုးတက်စေရန် သင့်ကိုကူညီပေးဖို့ ယေဟောဝါအားဆုတောင်းပါ။ ပုဂ္ဂိုလ်တစ်ဦးအဖြစ် သင်၏စစ်မှန်သောတန်ဖိုးသည် အဆုံးတွင် အခြားသူတို့၏ဆုံးဖြတ်ချက်အပေါ် မမူတည်ချေ။ ယေဟောဝါတစ်ပါးတည်းသာလျှင် “စိတ်နှလုံးတို့ကိုချိန်” နိုင်တော်မူသည်။ (သု. ၂၁:၂) ယေရှုကိုယ်တော်တိုင်ပင်လျှင် လူတို့၏မထီမဲ့မြင်ပြုမှုနှင့် အထင်အမြင်သေးခြင်းကိုခံခဲ့ရသည်၊ သို့သော် ယင်းက ကိုယ်တော့်အား ယေဟောဝါရှုမြင်ပုံကို မထိခိုက်ခဲ့ပါ။ (ဟေရှာယ ၅၃:၃) သင့်အား လူအချို့တလွဲယူမှတ်မည်ဖြစ်သော်လည်း သင့်ကိုယေဟောဝါနားလည်ကြောင်း ယုံကြည်စိတ်ချစွာ ကိုယ်တော်အား “[သင့်] စိတ်နှလုံးကိုဖွင့်ပြ” နိုင်သည်၊ အကြောင်းမူကား “ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (ဆာလံ ၆၂:၈; ၁ ဓမ္မရာဇဝင် ၁၆:၇) အကယ်၍ ကောင်းသောအမှုကို သင်အမြဲပြုလုပ်နေပါက သင့်အားအထင်သေးသူတို့သည် အချိန်တန်သော် သူတို့၏အမှားကိုသိမြင်လာကြပြီး သူတို့၏ထင်မြင်ချက်ကို ပြောင်းလဲကြပေမည်။—ဂလာတိ ၆:၉; ၂ တိမောသေ ၂:၁၅။
ဤဆောင်းပါး၏အစပိုင်းတွင်ဖော်ပြထားသည့် အဲန်တိုနီယိုကို သင်မှတ်မိပါသလော။ သူသည် ကျမ်းစာမှအကြံပေးချက်ကိုလိုက်နာရန် သတ္တိမွေးပြီး သူ့သူငယ်ချင်းလီအိုနာဒိုအား စိတ်အနှောင့်အယှက်ဖြစ်အောင် မိမိအဘယ်အရာပြုလုပ်မိသနည်းဟု မေးမြန်းခဲ့သည်။ ရလဒ်ကားအဘယ်နည်း။ လီအိုနာဒိုသည် အလွန်အံ့သြသွားခဲ့သည်။ အဲန်တိုနီယိုသည် မိမိအား လုံးဝစိတ်အနှောင့်အယှက်မဖြစ်စေခဲ့ကြောင်းနှင့် သူ့အားခွဲခွဲခြားခြားဆက်ဆံရန် မရည်ရွယ်ခဲ့ကြောင်း ပြန်ဖြေဆိုခဲ့သည်။ အကယ်၍ သူသည် အေးတိအေးစက်ဖြစ်ခဲ့ပုံရှိပါက အတွေးလွန်နေ၍ဖြစ်နိုင်သည်။ လီအိုနာဒိုသည် သူ့သူငယ်ချင်း၏စိတ်ကို အမှတ်မထင်ထိခိုက်မိသည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပြီး ဤကိစ္စကို သူ့အားတင်ပြပြောဆိုသည့်အတွက် ကျေးဇူးတင်စကားပြောခဲ့သည်။ နောင်တွင် အခြားသူများအား ထပ်တူတလွဲမထင်စေရန် သူပို၍ဂရုစိုက်တော့မည်ဖြစ်ကြောင်း ထပ်လောင်း၍ပြောဆိုခဲ့သည်။ တင်းမာမှုရှိသမျှ လုံးလုံးပျောက်ကွယ်သွားခဲ့ရာ သူငယ်ချင်းနှစ်ယောက်သည် ယခင်ကဲ့သို့ပြန်ရင်းနှီးချစ်ခင်ကြလေသည်။
နားလည်မှုလွဲခံရလျှင် ဘယ်တော့မျှမပျော်နိုင်ပါ။ သို့သော်၊ ကိစ္စရပ်များကို အတတ်နိုင်ဆုံးဖြေရှင်း၍ ချစ်ခြင်းမေတ္တာနှင့် ခွင့်လွှတ်ခြင်းဆိုင်ရာ ကျမ်းစာမူများကို ကျင့်သုံးလိုက်ပါက အသင်သည်လည်း ထပ်တူရလဒ်ကောင်းများကို ရရှိပေလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 ဤဆောင်းပါး၌ အစားထိုးနာမည်အချို့ကို အသုံးပြုထားသည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကိစ္စရပ်များကို မေတ္တာစိတ်နှင့် ခွင့်လွှတ်မှုဖြင့် ဖြေရှင်းခြင်းသည် ပျော်ရွှင်ဖွယ် ရလဒ်များ ဖြစ်ပေါ်စေနိုင်