မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဦးကိုတစ်ဦး ဂရုစိုက်သော ကမ္ဘာချီ အသင်းအပင်း

တစ်ဦးကိုတစ်ဦး ဂရုစိုက်သော ကမ္ဘာချီ အသင်းအပင်း

တစ်ဦး​ကိုတစ်​ဦး ဂရုစိုက်သော ကမ္ဘာချီ အသင်းအပင်း

လူများ​ကို မျက်စိ​တစ်​ဆုံး​မြင်​နေရ​သည်။ အများစုမှာ သက်ကြီးရွယ်အို​များ​ဖြစ်​ကြ​ပြီး အချို့​မှာ​မူ လမ်း​ပင်မ​လျှောက်​နိုင်​သည်​အထိ မသန်မစွမ်း​ဖြစ်နေ​ကြသည်။ ကိုယ်ဝန်ဆောင်​အမျိုးသမီးများနှင့် ကလေးငယ်​ရှိ ငယ်ရွယ်​သော​မောင်နှံစုံ​များလည်း​ပါ​သည်။ ဤ​သူအား​လုံး​သည် အိုးအိမ်​မဲ့​သူ—အမျိုးသား၊ အမျိုးသမီးနှင့် ကလေး—များ​ဖြစ်​ကြ​ပြီး ပြည်တွင်းစစ်၊ သဘာဝဘေးဒဏ်​များ သို့​မဟုတ် အခြား​အခြေအနေ​များ​ကြောင့် အိမ်နီးချင်း​နိုင်ငံ​တစ်ခုခု​သို့ ထွက်ပြေး​ခိုလှုံ​နေရ​ကြ​သူများ​ဖြစ်သည်။ အချို့​သူတို့မှာ မိမိတို့၏​နေအိမ်များ​မှ အကြိမ်ကြိမ် ထွက်ပြေး​ခဲ့​ရ​ကြပြီ။ ဤ​သူတို့သည် ပြည်တွင်း​ဆူပူအုံကြွ​မှု သို့​မဟုတ် သဘာဝဘေးဒဏ်​၏​အရိပ်​အ​ခြည်​စ​တွေ့​သည်​နှင့် အိမ်​အသုံးအဆောင်​ပစ္စည်း​အနည်းငယ်​စုသိမ်း​၍ ကလေး​များ​ကို​ဆွဲ​ပြီး ပို​လုံခြုံ​သော​အရပ်သို့ ဦးတည်​သွား​ကြ​ရသည်။ ထို့နောက် အခြေအနေ​ပုံမှန်​ပြန်​ဖြစ်လာ​သောအခါ ဤသို့​ခိုလှုံ​သူများစွာ​သည် ကိုယ့်​အိမ်​ကိုယ်​ပြန်​ဆောက်​ကာ ဘဝ​ပြန်​စ​ကြသည်။

ဗဟို​အာဖရိက​သမ္မတနိုင်ငံ​သည် နှစ်များ​တစ်လျှောက် နိုင်ငံ​အသီးသီး​မှ လာရောက်​ခိုလှုံ​သူများကို လက်ခံခဲ့သည်။ မကြာမီ​က ယေဟောဝါသက်သေ​များစွာ​အပါအဝင် ထောင်နှင့်ချီ​သော​သူများ​သည် စစ်ဒဏ်​ခံ​နေရ​သည့်​ကွန်ဂို​ဒီမိုကရက်တစ်​သမ္မတနိုင်ငံ​မှ လုံခြုံမှု​ရှိရာ ဗဟို​အာဖရိက​သမ္မတနိုင်ငံ​သို့​ထွက်ပြေး​တိမ်းရှောင်​ခဲ့​ကြ​ရသည်။

ညီအစ်ကို​များ ကယ်ဆယ်​ကြ

ဗဟို​အာဖရိက​သမ္မတနိုင်ငံ​မှ သက်သေခံ​များသည် လူ့​အကျိုးဆောင်​ရန် စီစဉ်​ရခြင်း​ကို အခွင့်ထူး​အဖြစ် ယူမှတ်ခဲ့​ကြသည်။ ရောက်ရှိ​လာ​ကြသော ခရစ်ယာန်​ညီအစ်ကို​များ​အတွက် နေရာ​ထိုင်​ခင်း​များ စီစဉ်​ပေး​ခဲ့​ကြသည်။ အစအဦး​၌ ကိုယ်ပိုင်​အိမ်များတွင် အခန်း​များ​ဖွဲ့​ပေး​ခဲ့​သော်လည်း ခိုလှုံ​သူ​အရေအတွက်​တိုးများ​လာ​သည်​နှင့်​အမျှ ပို​၍​အခိုင်အမာ​ဖြစ်သော အစီအစဉ်များ​ပြုလုပ်​ပေး​ရန်လို​ကြောင်း ထင်ရှား​လာ​ခဲ့​သည်။ သို့​ဖြစ်၍ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အချို့​ကို ယာယီ​ညအိပ်​ဆောင်​များ​အဖြစ်​စီစဉ်​ကြသည်။ ဒေသခံ​သက်သေခံ​များသည် ထို​တွင် နေထိုင်ကြ​မည့်​သူများ သက်သောင့်သက်သာ​ရှိစေရန် မီး​များ​ထပ်၍​တပ်ဆင်​ပြီး ရေပိုက်​များ ဆက်သွယ်​ပေး​ကာ ကြမ်းပြင်​များ​ကို အင်္ဂတေ​ကိုင်​ပေး​ခဲ့​ကြ​လေ​သည်။ ထို​ဘုံ​အိပ်ဆောင်​များ​ကို ဆောက်လုပ်​ကြ​ရာ​တွင် ဒေသခံ​ညီအစ်ကို​များနှင့်​အတူ လာရောက်​ခိုလှုံ​သူများ​က​လည်း လက်တွဲ​ညီ​ညီ​လုပ်ကိုင်​ခဲ့​ကြသည်။ ဤ​သူတို့သည် အသက်ပေး​ဝိညာဉ်​အစာကို​ရရှိ​စေနိုင်​ရန် လ​င်္ဂါ​လာ​စကား​ဖြင့် ခရစ်ယာန်​အစည်းအဝေး​အားလုံး​ကို စီစဉ်​ပြုလုပ်​ပေး​ခဲ့​သည်။ ဒေသခံ​သက်သေခံ​များနှင့် ဧည့်သည်​များ​၏ ရင်းနှီးသော​ပူးပေါင်း​ဆောင်ရွက်မှု​က အပြည်ပြည်ဆိုင်ရာ​ညီအစ်ကို​များ​အသင်းအပင်း အမှန်တကယ်​ရှိကြောင်း ထင်ရှားစေ​သည်။

ခိုလှုံ​သူ​မိသားစု​များသည် အမြဲတစေ အတူတကွ​ရောက်ရှိ​လာ​ကြသည်​မဟုတ်ပေ။ တစ်ခါတစ်ရံ တ​ကွဲ​တ​ပြား​ဖြစ်​ခဲ့​ကြ​သည့် မိသားစု​များသည် ခရီးလမ်း​ဆုံး​၌​သာ ပြန်တွေ့​ဆုံ​ပေါင်းစည်း​ခဲ့​ကြ​ရသည်။ ဘေးမ​သီ​ရန်​မ​ခ ရောက်ရှိ​လာ​ကြ​သူများ​၏​နာမည်​စာရင်း​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခုစီ​၌ စာရင်း​ယူ​ထား​သည်။ ပျောက်​နေ​သေး​သူများကို ပြန်​ရှာတွေ့​ရန် အစီအစဉ်များ​ပြုလုပ်​ကြ​ပါ​သည်။ ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း​ကို ထို​နိုင်ငံ​တွင် ဦးစီး​ညွှန်ကြား​သည့်​ဌာနခွဲရုံး​က လမ်းခရီး​၌​ရှိနေဆဲ​သက်သေခံ​များ​ကို ကူညီပေး​ရန်​နှင့် ပျောက်​နေသော​သူများကို​ရှာဖွေ​ရန်​အတွက် ကား​သုံး​စီး​ကို နေ့စဉ်​လွှတ်​ပေး​သည်။ “ကင်းမျှော်စင်—ယေဟောဝါသက်သေ​များ” ဟူ​သည့် စာတမ်း​တို့​ဖြင့် ထို​ကား​များ​ကို ခွဲခြား​သိမြင်​နိုင်​သည်။

မိဘများနှင့်​တ​ကွဲ​တ​ပြား​ဖြစ်​ခဲ့​ကြသော ကလေးငယ်​ခု​နစ်​ယောက်​အုပ်စု​သည် ယေဟောဝါသက်သေ​များ​ပိုင် ကား​တစ်စီး​ကို​တွေ့​လိုက်​သောအခါ မည်မျှ​ပျော်ရွှင်​ခဲ့​ကြ​မည်​ကို မြင်ယောင်​ကြည့်​ပါ။ သူတို့သည် ကား​ရှိရာသို့ ချက်ချင်း​ပြေး​သွား​ကြ​ပြီး မိမိတို့သည် ယေဟောဝါသက်သေ​များ​ဖြစ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ ညီအစ်ကို​များ​က​လည်း သူတို့ကို​ကား​ပေါ်​တင်ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​သို့ ခေါ်ဆောင်​လာ​ခဲ့​ကြ​ရာ နောက်ဆုံး​တွင် သူတို့၏​မိသားစု​များနှင့် ပြန်လည်​တွေ့ဆုံ​ကြ​လေ​သည်။

တစ်ကြိမ်​တစ်ခါ​သာ​မဟုတ်ဘဲ ကြိမ်ဖန်​များစွာ​ဖြစ်ပေါ်​နေသော ယင်း​အခြေအနေ​များ​ကို ဤ​စိတ်ရင်းမှန်​ခရစ်ယာန်​များ ရင်ဆိုင်​ဖြေရှင်း​နိုင်​ကြ​ရန် အဘယ်အရာက ကူညီပေး​သနည်း။ ကျွန်ုပ်​တို့သည် နောက်ဆုံးသော​ကာလ​တွင်​အသက်ရှင်နေ​ရ​ကြ​ကြောင်း သမ္မာကျမ်းစာ​တွင် ကြိုတင်​ဟောထား​သည့်​စကား​ကို သူတို့​အပြည့်အဝ​လက်ခံ​ယုံကြည်​ကြသည်။—၂ တိမောသေ ၃:၁-၅; ဗျာဒိတ် ၆:၃-၈

ထို့​ကြောင့် ယေဟောဝါ​ဘုရားသခင်​သည် စစ်၊ မုန်းတီးမှု၊ အကြမ်းဖက်မှု​နှင့် ပဋိပက္ခ​များ​ကို မကြာမီ​အဆုံးတိုင်​စေ​မည့်​အကြောင်း သူတို့​သိရှိ​ကြသည်။ ထို​အခါ အိုးအိမ်​မဲ့​ရခြင်း​ပြဿနာ​သည် အတိတ်​တွင်​ကျန်ရစ်​ပေ​လိမ့်​မည်။ ဤ​အတောအတွင်း ၁ ကောရိန္သု ၁၂:၁၄-၂၆ ၌​တမန်​တော်​ပေါလု​၏ သတိပေး​ချက်​နှင့်​အညီ ယေဟောဝါသက်သေ​များသည် တစ်ဦး​ကိုတစ်​ဦး ကြိုးစား​ဂရုစိုက်​ကြည့်ရှု​ကြသည်။ သူတို့သည် မြစ်များ၊ နယ်နိမိတ်​များ၊ ဘာသာ​စကား​များနှင့် ကွာဝေး​မှုများ​ကြောင့် ကွဲကွာ​နေကြ​ရ​သော်လည်း တစ်ဦး​ကိုတစ်​ဦး စိတ်ဝင်စား​ကြသော​ကြောင့် တစ်စုံ​တစ်ယောက် အကူအညီ​လို​သောအခါ ချက်ချင်း​ကူညီပေး​ကြသည်။—ယာကုပ် ၁:၂၂-၂၇

[စာမျက်နှာ ၃၀ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

အာဖရိက

ဗဟို​အာဖရိက သမ္မတနိုင်ငံ

ကွန်ဂို​ဒီမိုကရက်တစ် သမ္မတနိုင်ငံ

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဧည့်​လက်ခံ​ဌာန​များ​အဖြစ် အသုံးပြု​ခဲ့​ကြသော ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သုံးခု

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

မီးဖိုချောင်​အသုံးအဆောင်​များ​ကို ချက်ချင်း​တပ်ဆင်​ပေး​ခဲ့

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ရောက်ရှိ​လာ​ခဲ့​ကြ​သူ များသည်ထက်​များ​လာ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဖွား​ခါ​စ​သာ​ဖြစ်​ကာ အိုးအိမ်​မဲ့​ဘဝ​ရောက်​ခဲ့​ရ​ကြ