ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို အာရုံစိုက်လော့
ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို အာရုံစိုက်လော့
“အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဖော်ကြားပြောမည်ဟုဆိုသော် ရေတွက်၍မကုန်နိုင်အောင် များလှပါ၏။”—ဆာလံ ၄၀:၅။
၁၊ ၂။ ကျွန်ုပ်တို့တွင် ဘုရားသခင့်အံ့ဖွယ်အမှုတော်များဆိုင်ရာ အဘယ်အထောက်အထားရှိသနည်း၊ ယင်းက ကျွန်ုပ်တို့ကို အဘယ်အရာပြုရန် လှုံ့ဆော်ပေးသင့်သနည်း။
သမ္မာကျမ်းစာကို သင်ဖတ်ရှုသောအခါ ဘုရားသခင်သည် မိမိ၏ရှေးခေတ်လူမျိုးတော် ဣသရေလလူမျိုးအတွက် အံ့ဖွယ်အမှုများစွာပြုလုပ်ခဲ့ကြောင်း လွယ်လင့်တကူတွေ့ရှိနိုင်သည်။ (ယောရှု ၃:၅; ဆာလံ ၁၀၆:၇၊ ၂၁၊ ၂၂) ယေဟောဝါသည် ယခုအခါ လူ့ကိစ္စရပ်များတွင် ထိုနည်းအတိုင်း ကြားဝင်ဆောင်ရွက်ခြင်းမရှိသည့်တိုင် ကျွန်ုပ်တို့ဝန်းကျင်တွင် ကိုယ်တော်၏အံ့ဖွယ်အမှုတော် မြောက်မြားစွာတွေ့ရှိရသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် “အိုထာဝရဘုရား ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့်ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့်ကြွယ်ဝပါ၏” ဟုဆာလံဆရာနှင့်အတူ ဆိုနိုင်သောအကြောင်းရှိ၏။—ဆာလံ ၁၀၄:၂၄; ၁၄၈:၁-၅။
၂ ယနေ့ များစွာသောသူတို့သည် ဖန်ဆင်းရှင်၏စီရင်ချက်များဆိုင်ရာ ရောမ ၁:၂၀) သို့ရာတွင် ကျွန်ုပ်တို့သည် ၎င်းတို့ကိုပြန်ပြောင်းသုံးသပ်ကာ ဖန်ဆင်းရှင်ရှေ့မှောက် ကျွန်ုပ်တို့၏အနေအထားနှင့် ကိုယ်တော့်အပေါ် ကျွန်ုပ်တို့၏တာဝန်ကို ကောက်ချက်ချသင့်သည်။ ဤကဏ္ဍတွင် ယောဘအခန်းကြီး ၃၈ မှ ၄၁ တို့သည် အကောင်းဆုံးအထောက်အကူများဖြစ်၏၊ အကြောင်းမှာ ထိုတွင် ယေဟောဝါသည် ကိုယ်တော့်အံ့ဖွယ်အမှုတော်များ၏ သွင်ပြင်အချို့ကို ယောဘအား အာရုံစိုက်စေခဲ့သောကြောင့်ပင်။ ဘုရားသခင်တင်ပြတော်မူသော လက်ခံထိုက်သည့် ကိစ္စရပ်အချို့ကို သုံးသပ်ကြည့်ပါ။
ထင်ရှားသောအထောက်အထားကို လျစ်လျူရှုကြ၏ သို့မဟုတ် ငြင်းပယ်ကြ၏။ (တန်ခိုးကြီး၍ အံ့ဖွယ်ကောင်းသော အမှုတော်များ
၃။ ယောဘ ၃၈:၂၂၊ ၂၃၊ ၂၅-၂၉ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင်သည် အဘယ်အရာများအကြောင်း မေးမြန်းခဲ့သနည်း။
၃ တစ်ကြိမ်က ယောဘကို ဘုရားသခင်ဤသို့မေးမြန်းခဲ့သည်– “သင်သည်မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော။ ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍တိုက်ရာအချိန်ကာလဖို့ ငါသိုထားသောမိုးသီးဘဏ္ဍာများကို မြင်ဖူးသလော။” ဆီးနှင်းနှင့် မိုးသီးသည် ကျွန်ုပ်တို့ကမ္ဘာမြေကြီး၏ နေရာဒေသများစွာတွင် ဘဝ၏ကဏ္ဍတစ်ခုဖြစ်သည်။ ဘုရားသခင်ကဤသို့ဆက်ပြောသည်– “လူမရှိသောမြေနှင့် လူမနေသောတော၌ မိုးရွာစေခြင်းငှာလည်းကောင်း၊ လွတ်လပ်သောလွင်ပြင်ကိုရေနှင့်ဝစေ၍၊ နုသောမြက်ပင် အညှောက်ကိုထွက်စေခြင်းငှာလည်းကောင်း လျှံသောမိုးရေစီးရာလမ်း၊ မိုးကြိုးနှင့်ဆိုင်သောလျှပ်စီးလက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။ မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူဖြစ်ပွားစေသနည်း။ ရေခဲသည် အဘယ်သူ၏ဝမ်းထဲကထွက်လာသနည်း။ မိုးကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။”—ယောဘ ၃၈:၂၂၊ ၂၃၊ ၂၅-၂၉။
၄-၆။ ဆီးနှင်းနှင့်ပတ်သက်သော လူ့အသိပညာသည် အဘယ်သဘောဖြင့် မပြည့်စုံသနည်း။
၄ အပြေးအလွှားသွားလာလှုပ်ရှားရသော လူ့ဘောင်အဖွဲ့အစည်းတွင်နေထိုင်ပြီး ခရီးသွားကြရသူအချို့သည် ဆီးနှင်းကို အဆီးအတားတစ်ခုအဖြစ်သာ မြင်ပေမည်။ သို့တိုင် မရေတွက်နိုင်သော အခြားသူတို့မူ ဆီးနှင်းကို အထူးလုပ်ဆောင်မှုများအတွက် အခွင့်အလမ်းရှိစေသော ဆောင်းရာသီအံ့ဖွယ်ရာမြေကို ဖြစ်ပေါ်စေသည့် နှစ်သက်ဖွယ်ရာတစ်ခုအဖြစ် ရှုမြင်ကြသည်။ ဘုရားသခင့်မေးခွန်းကိုစိတ်ထဲထားကာ ဆီးနှင်းအကြောင်း နှံ့စပ်စွာသိသလော၊ ၎င်းသည် အဘယ်အရာနှင့်တူကြောင်းကိုပါ သိပါသလော။ ဆီးနှင်းအစုအပုံဓာတ်ပုံများမှဖြစ်စေ၊ ဆီးနှင်းများစွာကို ကိုယ်တိုင်မြင်ဖူး၍ဖြစ်စေ ဆီးနှင်းများစွာသည် အဘယ်အရာနှင့်တူကြောင်း ကျွန်ုပ်တို့သိကြပေမည်။ သို့ရာတွင် ဆီးနှင်းပွင့်တစ်ပွင့်စီကော။ ၎င်းတို့သည် အဘယ်အရာနှင့်တူကြောင်း သင်သိသလော၊ ၎င်းတို့စဖြစ်ပွားသည့်နေရာတွင် ၎င်းတို့ကို ဆန်းစစ်ကြည့်ဖူးသလော။
၅ လူအချို့သည် ဆီးနှင်းပွင့်များကို ဆယ်စုနှစ်ချီ လေ့လာ၍ ဓာတ်ပုံများရိုက်ခဲ့ကြပြီ။ ဆီးနှင်းတစ်ပွင့်သည် လှပသောပုံစံအမျိုးမျိုးရှိသည့် အနုစိတ်ရေခဲပွင့်တစ်ရာဖြင့် ဖွဲ့စည်းထားပေမည်။ ကမ္ဘာ့လေထုဟူသောစာအုပ်က ဤသို့ဆို၏– “အတောမသတ်နိုင်အောင်များပြားသော ဆီးနှင်းပွင့်အမျိုးမျိုးရှိခြင်းသည် ထင်ရှားကျော်ကြား၏၊ ဆီးနှင်းပွင့်များ ပုံတူပွားလာခြင်းကို တားဆီးသည့် သဘာဝနိယာမတရားမရှိဟု သိပ္ပံပညာရှင်များက အခိုင်အမာပြောဆိုကြသော်လည်း ချွတ်စွပ်တူသော ဆီးနှင်းပွင့်နှစ်ပွင့်ကို တစ်ခါမျှမတွေ့ဖူးခဲ့သေးချေ။ အဏုကြည့်ကိရိယာဖြင့် အနှစ် ၄၀ ကျော် ဆီးနှင်းပွင့်အကြောင်းလေ့လာ၍ ဓာတ်ပုံရိုက်ခဲ့သူ . . . ဝေလ်စင် အေ. ဘဲန်တ်လေသည် အထူးသုတေသနပြုခဲ့ရာ တစ်ထေရာတည်းတူသော ဆီးနှင်းပွင့်နှစ်ခုကို ရှာမတွေ့သေးပေ။” ရှားရှားပါးပါးကိစ္စရပ်တွင် ဆီးနှင်းပွင့်နှစ်ခုသည်အမြွှာဖြစ်နေပုံရလျှင်ပင် မျိုးပေါင်းများပြားလှသည့် ဆီးနှင်းပွင့်တို့၏အံ့ဖွယ်ရာကို ၎င်းက အမှန်ပင်ပြောင်းလဲပစ်နိုင်မည်လော။
၆ “သင်သည် မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော” ဟူသော ဘုရားသခင့်မေးခွန်းကို ပြန်သတိရပါ။ မိုးတိမ်တို့ကို ဆီးနှင်းတိုက်များဟု ထင်မှတ်သူများစွာရှိ၏။ အတောမသတ်နိုင်အောင်မျိုးပေါင်းစုံသော ဆီးနှင်းပွင့်များကို စာရင်းပြုစုဖို့နှင့် ၎င်းတို့ဖြစ်ပွားလာပုံကိုလေ့လာဖို့ ထိုတိမ်တိုက်များထဲသို့သွားခြင်းကို သင်မြင်ယောင်ကြည့်နိုင်ပါသလော။ သိပ္ပံစွယ်စုံကျမ်းတစ်စောင်က ဤသို့ဆို၏– “အပူချိန် -၄၀° ဖာရင်ဟိုက် (-၄၀° စင်တီဂရိတ်) ခန့်တွင် တိမ်ထဲမှ ရေစက်ရေပေါက်ငယ်များကို အေးခဲစေရန် မရှိမဖြစ်လိုအပ်သည့် ရေခဲပွင့်အဆန်၏ သဘောတရားနှင့် မူလအစကို အပြည့်အဝမသိရသေးချေ။”—ဆာလံ ၁၄၇:၁၆၊ ၁၇; ဟေရှာယ ၅၅:၉၊ ၁၀။
၇။ မိုးရေအကြောင်း လူ့အသိပညာသည် မည်မျှနှံ့စပ်ပြည့်စုံသနည်း။
၇ တစ်ဖန် မိုးရေနှင့်ပတ်သက်၍ကော။ “မိုးရေ၏အဘကား အဘယ်သူနည်း။ နှင်းပေါက်တို့ကို အဘယ်သူဖြစ်ပွားစေသနည်း” ဟုယောဘကိုဘုရားသခင်မေးခဲ့သည်။ အဆိုပါသိပ္ပံစွယ်စုံကျမ်းကပင် ဤသို့ဆို၏– “လေထုရွှေ့လျားမှု၏ ရှုပ်ထွေးမှု၊ လေထဲတွင်ပါသော ရေခိုးရေငွေ့နှင့် ရေမှုန်များအကြီးအကျယ်ပြောင်းလဲမှုတို့ကြောင့် မိုးတိမ်နှင့်မိုးရေ အဆင့်ဆင့်ဖြစ်ပေါ်လာပုံ၏ အသေးစိတ်ကျသည့် ယေဘုယျသီအိုရီတစ်ခုထုတ်လုပ်ရန် မဖြစ်နိုင်ပုံရှိသည်။” ရိုးရိုးစကားဖြင့်ပြောရလျှင် သိပ္ပံပညာရှင်များသည် အသေးစိတ်ကျသည့်သီအိုရီများကို ကမ်းလှမ်းခဲ့ကြသော်လည်း အမှန်မှာ မိုးရေအကြောင်း သူ
တို့အပြည့်အစုံ မရှင်းပြနိုင်ကြချေ။ သို့ရာတွင် မရှိလျှင်မဖြစ်သောမိုးသည် ရွာပြီး မြေကြီးကိုစွတ်စိုစေရာ အပင်များကိုရှင်သန်စေသည့်အတွက် အသက်ရှင်သန်မှုကိုဖြစ်ပေါ်စေပြီး သာယာပျော်မွေ့စေကြောင်းကို သင်သိထားသည်။၈။ တမန်တော် ၁၄:၁၇ ၌မှတ်တမ်းတင်ထားသော ပေါလု၏စကားများကား အဘယ်ကြောင့်သင့်လျော်သနည်း။
၈ တမန်တော်ပေါလု၏ကောက်ချက်နှင့် သင်သဘောမတူပေလော။ ယင်းအံ့ဖွယ်အမှုတော်များနောက်ကွယ်ရှိပုဂ္ဂိုလ်အား ၎င်းတို့ကသက်သေထူကြောင်းကို သဘောပေါက်ကြဖို့ သူတိုက်တွန်းခဲ့သည်။ ယေဟောဝါအကြောင်း ပေါလုက ဤသို့ဆိုသည်– “သင်တို့အားကျေးဇူးပြုလျက် အစာအာဟာရနှင့် ဝပြော၍ဝမ်းမြောက်စေခြင်းငှာ မိုးကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံတို့ကိုသီးစေတတ်သောဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော်ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူ။”—တမန်တော် ၁၄:၁၇; ဆာလံ ၁၄၇:၈။
၉။ ဘုရားသခင့်အံ့ဖွယ်အမှုတော်များက ကိုယ်တော်၏ကြီးမားသောတန်ခိုးတော်ကို မည်သို့ထင်ရှားစေသနည်း။
၉ ဤကဲ့သို့အံ့ဖွယ်ကောင်းပြီး အကျိုးဖြစ်ထွန်းသော အမှုတော်များကို ပြုသောအရှင်၌ အဆုံးမဲ့ဉာဏ်ပညာနှင့် ကြီးမားလှသောတန်ခိုးတော်ရှိကြောင်း ယုံမှားဖွယ်မရှိနိုင်ချေ။ ကိုယ်တော့်တန်ခိုးနှင့်ပတ်သက်၍ ဤအချက်ကိုစဉ်းစားကြည့်ပါ– နေ့စဉ် မိုးကြိုးမုန်တိုင်း ၄၅,၀၀၀ ခန့်၊ တစ်နှစ်လျှင် ၁၆ သန်းကျော်ရှိသည်ဟုဆိုသည်။ ယင်းကြောင့် ယခုလောလောဆယ်၌ပင် အကြိမ်ပေါင်း ၂,၀၀၀ ခန့်ဖြစ်ပေါ်နေသည်ဟုဆိုလိုသည်။ မိုးကြိုးမုန်တိုင်းတစ်ခုတည်း၏ ရှုပ်ထွေးနက်နဲသော တိမ်တိုက်များရှိ စွမ်းအင်သည် ဒုတိယကမ္ဘာစစ်အတွင်း ကြဲချခဲ့သော နျူကလီးယားဗုံးဆယ်ခု သို့မဟုတ် ယင်းထက်မကသောဗုံးများ၏စွမ်းအင်နှင့် ညီမျှသည်။ ထိုစွမ်းအင်အချို့အဝက်ကို လျှပ်စီးလက်ခြင်းအဖြစ် သင်မြင်ရသည်။ လျှပ်စီးလက်ခြင်းသည် စိုးရွံ့ထိတ်လန့်ဖွယ်ကောင်းရုံမက မြေဆီလွှာသို့ရောက်သွားသော နိုက်ထရိုဂျင်ပုံစံများထုတ်လုပ်ပေးရန် အမှန်ပင်ထောက်ကူပြီး အပင်များက သဘာဝမြေသြဇာအဖြစ် ၎င်းတို့ကိုစုပ်ယူသည်။ ထို့ကြောင့် လျှပ်စီးလက်ခြင်းသည် စွမ်းအင်ပြသမှုဖြစ်သည့်အပြင် အမှန်အကျိုးပြု၏။—ဆာလံ ၁၀၄:၁၄၊ ၁၅။
သင့်ကိုမည်သို့အကျိုးသက်ရောက်သနည်း
၁၀။ ယောဘ ၃၈:၃၃-၃၈ ၌တွေ့ရသောမေးခွန်းများကို သင်မည်သို့ဖြေဆိုမည်နည်း။
၁၀ သင်သည် ယောဘနည်းတူ တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏ မေးမြန်းခြင်းကိုခံနေရသည်ဆိုပါစို့။ လူအများစုသည် ဘုရားသခင့်အံ့ဖွယ်အမှုတော်များအား အာရုံမစိုက်ကြသည်ကို သင်သဘောတူပေမည်။ ယောဘ ၃၈:၃၃-၃၈ ၌ဖတ်ရသည့် ဤမေးခွန်းများကို ကျွန်ုပ်တို့အားယေဟောဝါမေးတော်မူသည်– “မိုးကောင်းကင်တရားတို့ကို နားလည်သလော။ ထိုတရားတို့သည် မြေကြီးကိုအုပ်စိုးမည်အ ကြောင်း အခွင့်ပေးနိုင်သလော။ များစွာသောမိုးရေသည် သင့်ကိုလွှမ်းမိုးစေခြင်းငှာ မိုးတိမ်တို့ကိုအသံလွှင့်နိုင်သလော။ လျှပ်စစ်တို့ကိုလွှတ်နိုင်သလော။ သူတို့က ‘ကျွန်တော်တို့ရှိပါ၏’ ဟု သင့်ကိုလျှောက်လျက်သွားကြလိမ့်မည်လော။ [“တိမ်ပုပ်များထဲသို့ ပညာကို အဘယ်သူသွင်းသနည်း။ နားလည်နိုင်သောဉာဏ်ကို ဥက္ကာကြယ်အား၊” သမ္မာ] အဘယ်သူပေးသနည်း။ ပညာရှိ၍မိုးတိမ်တို့ကို အဘယ်သူရေတွက်နိုင်သနည်း။ မြေမှုန့်သည်လုံးထွေး၍ မြေစိုင်တို့သည်ကပ်လျက်နေသောအခါ၊ မိုးကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။”
၁၁၊ ၁၂။ ဘုရားသခင်သည် အံ့ဖွယ်အမှုတော်များကိုပြုသူဖြစ်ကြောင်း ထင်ရှားသည့်အရာအချို့ကား အဘယ်နည်း။
၁၁ ယောဘနှင့် ဧလိဟုဆွေးနွေးခဲ့သော အချက်အနည်းငယ်မျှကိုသာ ကျွန်ုပ်တို့သုံးသပ်ခဲ့ပြီး “လူယောက်ျားကဲ့သို့” ယောဘဖြေဆိုရန် ယေဟောဝါမေးခဲ့သော မေးခွန်းအချို့ကိုသာ ကျွန်ုပ်တို့သတိပြုခဲ့ကြပြီ။ (ယောဘ ၃၈:၃) “အချို့” ဟုဆိုရခြင်းမှာ အခန်းကြီး ၃၈ နှင့် ၃၉ တွင် ဖန်ဆင်းခြင်းဆိုင်ရာ အခြားမှတ်သားဖွယ်အသွင်အပြင်များကို ဘုရားသခင်အာရုံစိုက်စေခဲ့သောကြောင့်ဖြစ်သည်။ ဥပမာ၊ ကောင်းကင်ရှိ ကြယ်တာရာစုများဖြစ်၏။ ၎င်းတို့၏ နိယာမတရား သို့မဟုတ် ဥပဒေသအားလုံးကို မည်သူသိသနည်း။ (ယောဘ ၃၈:၃၁-၃၃) ယေဟောဝါသည် တိရစ္ဆာန်အချို့ဖြစ်သည့် ခြင်္သေ့နှင့် ကျီးနက်ကြီး၊ တောင်ဆိတ်နှင့် မြင်းကျား၊ ကြံ့နှင့် ကုလားအုတ်ငှက်၊ ခွန်အားကြီးသောမြင်းနှင့် ရွှေလင်းတတို့ကို ယောဘအား အာရုံစိုက်စေခဲ့သည်။ တစ်နည်းအားဖြင့် ယောဘအနေနှင့် ဤတိရစ္ဆာန်အမျိုးမျိုးကို ၎င်းတို့၏ ထူးခြားသည့်စရိုက်လက္ခဏာများပေးပြီး ဆက်အသက်ရှင်ကြီးထွားစေခဲ့ပြီလောဟု ဘုရားသခင်မေးခဲ့သည်။ အသင်သည် အထူးသဖြင့် မြင်း သို့မဟုတ် အခြားတိရစ္ဆာန်တစ်မျိုးမျိုးကို နှစ်သက်မည်ဆိုလျှင် ဤအခန်းကြီးများကို လေ့လာခြင်းမှ ပျော်ရွှင်မှုရပေမည်။—ဆာလံ ၅၀:၁၀၊ ၁၁။
၁၂ ယောဘအခန်းကြီး ၄၀ နှင့် ၄၁ ကိုလည်း သင်စစ်ဆေးကြည့်နိုင်သည်၊ ထိုတွင် ထူးခြားသောတိရစ္ဆာန်နှစ်ကောင်နှင့် ပတ်သက်သည့်မေးခွန်းများကိုဖြေဆိုရန် ယောဘအားယေဟောဝါမှာကြားသည်။ ၎င်းတို့မှာ ကြီးမားသောအရွယ်အစားနှင့် တုတ်ခိုင်သန်စွမ်းသော ကိုယ်ခန္ဓာရှိသည့် ရေမြင်း (ဗေဟမုတ်) နှင့် ကြောက်စရာကောင်းသော နိုင်းလ်မြစ်မှမိကျောင်း (လဝိသန်) တို့ဖြစ်ကြောင်း ကျွန်ုပ်တို့နားလည်ကြရသည်။ ၎င်းတို့သည် သူ့နည်းသူ့ဟန်ဖြင့် ကျွန်ုပ်တို့အာရုံစိုက်ထိုက်သော ဖန်ဆင်းခြင်း၏အံ့ဖွယ်ရာဖြစ်သည်။ ကျွန်ုပ်တို့မည်သို့ကောက်ချက်ချသင့်ကြောင်း ယခုကြည့်ကြပါစို့။
၁၃။ ဘုရားသခင့်မေးမြန်းခြင်းက ယောဘကို အဘယ်အကျိုးသက်ရောက်ခဲ့သနည်း၊ ဤကိစ္စရပ်များက ကျွန်ုပ်တို့ကိုမည်သို့အကျိုးသက်ရောက်သင့်သနည်း။
၁၃ ဘုရားသခင်မေးမြန်းခဲ့ခြင်းသည် ယောဘအပေါ် အဘယ်အကျိုးသက်ရောက်ကြောင်း ယောဘအခန်းကြီး ၄၂ ကဖော်ပြသည်။ အစပိုင်းတွင် ယောဘသည် သူ့ကိုယ်သူနှင့် အခြားသူများကို အလွန်အမင်းအာရုံစိုက်ခဲ့သည်။ သို့သော် ဘုရားသခင့်မေးခွန်းများ၌ ပေါ်လွင်သောပဲ့ပြင်မှုကိုလက်ခံကာ ယောဘသည် မိမိ၏အတွေးအခေါ်ကို ပြောင်းလဲခဲ့သည်။ သူဤသို့ဝန်ခံခဲ့၏– “ကိုယ်တော် [ယေဟောဝါ] သည်အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှမဆီးတားနိုင်ကြောင်းကိုလည်းကောင်း အကျွန်ုပ်သိပါ၏။ ‘ပညာမရှိဘဲ အကြံအစည်တော်ကိုမိုက်စေသောသူကား အဘယ်သူနည်း။’ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ အံ့ဩ၍မကုန်နိုင်သောအရာတို့ကိုလည်းကောင်း ပြောမိပါပြီ။” (ယောဘ ၄၂:၂၊ ၃) မှန်ပါသည်၊ ဘုရားသခင့်အမှုတော်များကိုအာရုံစိုက်ပြီးနောက် ထိုအရာများသည် မိမိအတွက် အလွန်အံ့ဖွယ်ရာဖြစ်သည်ဟု ယောဘဆိုခဲ့သည်။ ဤဖန်ဆင်းခြင်းအံ့ဖွယ်ရာများကို ပြန်ပြောင်းဆင်ခြင်ပြီးနောက် ကျွန်ုပ်တို့လည်း ဘုရားသခင့်ဉာဏ်ပညာနှင့် တန်ခိုးတော်ကို ထပ်တူစွဲမှတ်သင့်သည်။ အဘယ်အတွက်နည်း။ ယေဟောဝါ၏ကြီးမားလှသော တန်ခိုးတော်နှင့်စွမ်းရည်ကို စွဲမှတ်ရုံသက်သက်အတွက်လော။ သို့မဟုတ် ထိုထက်မက လှုံ့ဆော်ခံရသင့်သလော။
၁၄။ ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို ဒါဝိဒ်မည်သို့တုံ့ပြန်ခဲ့သနည်း။
၁၄ ဆာလံ ၈၆ တွင် ၎င်းမတိုင်မီဆာလံတစ်ပုဒ်၌ ဤသို့ဒါဝိဒ်ဖော်ပြခဲ့သော ယင်းနှင့်ဆက်နွှယ်သည့် အသုံးအနှုန်းများကို ကျွန်ုပ်တို့တွေ့ရသည်– “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။ တစ်နေ့ကိုတစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ညသွန်သင်၏။” (ဆာလံ ၁၉:၁၊ ၂) သို့သော် ထို့ထက်မက ဒါဝိဒ်ဆိုသေးသည်။ ဆာလံ ၈၆:၁၀၊ ၁၁ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ကိုယ်တော်သည်ကြီးမြတ်၍ အံ့သြဖွယ်တို့ကိုပြုတော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဖြစ်တော်မူ၏။ အိုထာဝရဘုရား ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြညွှန်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားလမ်းသို့ လိုက်သွားပါမည်။ နာမတော်ကိုကြောက်ရွံ့မည်အကြောင်း အကျွန်ုပ်၏နှလုံးကို စေ့စပ်စေတော်မူပါ။” ဖန်ဆင်းရှင်၏အံ့ဖွယ်အမှုတော်များအားလုံးကြောင့် ကိုယ်တော်အား ဒါဝိဒ်စိုးရွံ့ထိတ်လန့်ခြင်းတွင် ထိုက်သင့်သောလေးစားမှုနှင့် ကြောက်ရွံ့ခြင်းပါဝင်သည်။ အဘယ်ကြောင့်ဖြစ်သည်ကို သင်သဘောပေါက်နိုင်သည်။ ဒါဝိဒ်သည် ဤအံ့ဖွယ်အမှုတော်များကို ဖန်ဆင်းနိုင်သောအရှင်၏အလိုတော်မကျ မဖြစ်လိုခဲ့ပါ။ ကျွန်ုပ်တို့လည်း အလားတူဖြစ်သင့်သည်။
၁၅။ ဘုရားသခင်အား ဒါဝိဒ်ကြည်ညိုကြောက်ရွံ့ခြင်းသည် အဘယ်ကြောင့်သင့်လျော်သနည်း။
၁၅ ဘုရားသခင်၌ ကြီးမားလှသောတန်ခိုးတော်ရှိပြီး ၎င်းကို ထိန်းချုပ်နိုင်သောကြောင့် ကိုယ်တော့်မျက်နှာသာမခံစားထိုက်သူ မည်သူမဆိုကိုဖျက်ဆီးဖို့ ကိုယ်တော်ညွှန်ကြားနိုင်ကြောင်း ဒါဝိဒ်သိခဲ့ရပေမည်။ မျက်နှာသာမခံစားထိုက်သူတို့အတွက် ယင်းသည် နိမိတ်မကောင်းပါ။ ယောဘကို ဘုရားသခင်ဤသို့မေးခဲ့သည်– “သင်သည်မိုးပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဖူးသလော။ ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍တိုက်ရာအချိန်ကာလဖို့ ငါသိုထားသောမိုးသီးဘဏ္ဍာများကို မြင်ဖူးသလော။” ကိုယ်တော့်လက်နက်တိုက်အတွင်း ဆီးနှင်း၊ မိုးသီး၊ မိုးသက်ယောဘ ၃၈:၂၂၊ ၂၃။
မုန်တိုင်း၊ လေနှင့် လျှပ်စီးပြက်ခြင်းတို့အားလုံးရှိသည်။ ၎င်းတို့သည် အံ့သြတုန်လှုပ်ဖွယ် တန်ခိုးကြီးမားသည့် သဘာဝစွမ်းအင်များပါတကား!—၁၆၊ ၁၇။ ဘုရားသခင်၌ရှိသော စိုးရွံ့ထိတ်လန့်ဖွယ်တန်ခိုးတော်ကို အဘယ်အရာကသရုပ်ဖော်ပြသနည်း၊ ကိုယ်တော်သည် အဆိုပါတန်ခိုးတော်ကို အတိတ်က မည်သို့အသုံးပြုခဲ့သနည်း။
၁၆ ဟာရီကိန်း၊ တိုင်ဖွန်း၊ ဆိုင်ကလုန်း၊ မိုးသက်မုန်တိုင်း သို့မဟုတ် ရုတ်တရက်ရေလွှမ်းမိုးခြင်း တစ်ခုခုကြောင့်ဖြစ်ပေါ်ခဲ့သော ဒေသန္တရကပ်ဘေးအချို့ကို သင်သတိရကောင်းရပေမည်။ သာဓကအနေနှင့် ၁၉၉၉ ခုနှစ်အဆုံးပိုင်း၌ ဥရောပအနောက်တောင်ဘက်တွင် လေပြင်းမုန်တိုင်းကြီးတစ်ခုတိုက်ခတ်ခဲ့သည်။ ၎င်းသည် မိုးလေဝသကျွမ်းကျင်သူများကိုပင် အံ့အားသင့်စေခဲ့သည်။ တစ်နာရီ ၁၂၅ မိုင်ရှိသောလေပြင်းသည် ထောင်ပေါင်းများစွာသော ခေါင်မိုးများကို ပြုတ်ထွက်စေ၍ လျှပ်စစ်ဓာတ်ကြိုးထိန်းသံတိုင်များကိုလဲစေပြီး ကုန်တင်ယာဉ်များကိုမှောက်စေခဲ့သည်။ ဤအရာကို စိတ်ထဲမြင်ယောင်ကြည့်ပါ– အဆိုပါမုန်တိုင်းတိုက်ခတ်ချိန်အတွင်း အပင်သန်း ၂၇၀ ခန့် ဆွဲနုတ်ခံရ သို့မဟုတ် ထက်ပိုင်းချိုးခံခဲ့ရသည်၊ ပါရီမြို့ပြင်ရှိ ဗာဆေးလ်စ်ဥယျာဉ်တစ်ခုတည်းတွင် အပင် ၁၀,၀၀၀ ပျက်စီးခဲ့သည်။ အိမ်ထောင်စုသန်းပေါင်းများစွာသည် လျှပ်စစ်မီးမရကြတော့ချေ။ လူ ၁၀၀ နီးပါးသေဆုံးခဲ့သည်။ ၎င်းတို့အားလုံးသည် အချိန်တိုလေးအတွင်းဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ တကယ်ပြင်းထန်သော စွမ်းအားပါတကား!
၁၇ မုန်တိုင်းများကို သဘာဝဖောက်ပြန်မှု၊ ညွှန်ကြားမှု၊ ထိန်းချုပ်မှုမရှိသည့်ဖြစ်ရပ်များဟု ခေါ်ဆိုကြပေမည်။ သို့သော် တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်က အဆိုပါစွမ်းအားစုများကို ထိန်းချုပ်၊ ညွှန်ကြားပြီး အံ့ဖွယ်အမှုတော်များကို ပြုလုပ်သည့်အခါ မည်သို့ဖြစ်ပျက်နိုင်မည်နည်း။ မြေကြီးတစ်ပြင်လုံးကို စီရင်တော်မူသောသခင်သည် သောဒုံနှင့် ဂေါမောရမြို့နှစ်မြို့၏ ဆိုးသွမ်းမှုများကို အကဲဖြတ်ခဲ့ပြီဖြစ်ကြောင်းသိရှိလာသူ အာဗြဟံ၏ခေတ်တွင် ကိုယ်တော်သည် ထိုနည်းထပ်တူပြုခဲ့သည်။ ၎င်းမြို့သားများသည် အလွန်ယိုယွင်းဖောက်ပြန်ခဲ့ကြသောကြောင့် သူတို့အတွက်နှင့် မကျေမချမ်းအော်ဟစ်သံများသည် ဘုရားသခင့်ထံတော်သို့ရောက်ခဲ့၏၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူအားလုံးကို ပြစ်ဒဏ်စီရင်ခံရသည့် ၎င်းမြို့များမှလွတ်မြောက်ဖို့ကူညီပေးခဲ့သည်။ သမိုင်းကဤသို့မှတ်တမ်းတင်သည်– “ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ” ထိုမြို့များအပေါ်သို့ “ကန့်နှင့်မီးမိုးကိုရွာစေတော်မူ၏။” ၎င်းသည် ဖြောင့်မတ်သောသူတို့ကိုကာကွယ်ပြီး မျှော်လင့်ချက်မရှိဆိုးသွမ်းသူများကို ဖျက်ဆီးတော်မူခဲ့သည့် အံ့ဖွယ်အမှုတော်ပင်။—ကမ္ဘာဦး ၁၉:၂၄။
၁၈။ ဟေရှာယအခန်းကြီး ၂၅ က အဘယ်အံ့ဖွယ်အမှုကို ဖော်ပြသနည်း။
၁၈ နောက်ပိုင်းတွင် ဟေရှာယအခန်းကြီး ၂၅ ၌ရည်ညွှန်းထားခြင်းဖြစ်နိုင်သည့် ရှေးခေတ်ဗာဗုလုန်မြို့အပေါ် ဘုရားသခင်တရားစီရင်ချက်ချခဲ့သည်။ ထိုမြို့ပျက်စီးသွားမည့်အကြောင်း ဘုရားသခင်က ဤသို့ကြိုဟောခဲ့သည်– “မြို့ကိုအမှိုက်ပုံ၊ ခိုင်ခံ့သောမြို့ကို ဖြိုဖျက်ရာဖြစ်စေတော်မူပြီ။ တစ်ကျွန်းတစ်နိုင်ငံသားတို့၏ နေရာဘုံဗိမာန်သည် မြို့မဖြစ်၊ နောက်တစ်ဖန် မတည်မဆောက်ရမည်အကြောင်း စီရင်တော်မူပြီ။” (ဟေရှာယ ၂၅:၂) ထိုသို့အမှန်ဖြစ်ပျက်ခဲ့ကြောင်းကို ဗာဗုလုန်မြို့စိုက်တည်ခဲ့ရာနေရာသို့ ယနေ့လည်ပတ်သွားသူများက ထောက်ခံနိုင်ကြသည်။ ဗာဗုလုန်မြို့ပျက်စီးခဲ့ခြင်းသည် မတော်တဆမှုမျှသာဖြစ်သလော။ မဟုတ်ပါ၊ ယင်းအစား ဟေရှာယ၏ ဤပိုင်းဖြတ်ချက်ကို ကျွန်ုပ်တို့လက်ခံနိုင်သည်– “အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကိုမြှောက်စားပါမည်။ နာမတော်ကိုချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ။ ရှေးအကြံတော်သည်မရွေ့၊ သစ္စာနှင့်မြဲမြံကြပါ၏။”—ဟေရှာယ ၂၅:၁။
အနာဂတ်အံ့ဖွယ်အမှုတော်များ
၁၉၊ ၂၀။ ဟေရှာယ ၂၅:၆-၈ ၏အဘယ်ပြည့်စုံချက်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်သနည်း။
၁၉ ဘုရားသခင်သည် အထက်ပါပရောဖက်ပြုချက်ကို အတိတ်ကပြည့်စုံစေတော်မူသကဲ့သို့ အနာဂတ်တွင်လည်း အံ့ဖွယ်ကောင်းစွာ ပြုလုပ်တော်မူလိမ့်မည်။ ဘုရားသခင့် “အံ့ဖွယ်သောအမှုတို့” အကြောင်း ဟေရှာယဖော်ပြသောကျမ်းချက်၏ ရှေ့နောက်စကားတွင် ဗာဗုလုန်မြို့အပေါ် တရားစီရင်ချက်ပြည့်စုံခဲ့သကဲ့သို့ ပြည့်စုံရန်ရှိသေးသော ယုံကြည်စိတ်ချနိုင်သည့် ပရောဖက်ပြုချက်တစ်ခုကို ကျွန်ုပ်တို့တွေ့ရသည်။ အဘယ် ‘အံ့ဖွယ်အမှု’ ကိုကတိပြုထားသနည်း။ ဟေရှာယ ၂၅:၆ ကဤသို့ဆို၏– “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ခဲဖွယ်စားဖွယ်ပွဲ၊ ဟောင်းသောစပျစ်ရည်ပွဲတည်းဟူသော ဆူသောခဲဖွယ်စားဖွယ်၊ ကောင်းမွန်စွာစစ်သောစပျစ်ရည်ဟောင်းကို လူခပ်သိမ်းတို့အဖို့ ဤတောင်ပေါ်မှာစီရင်တော်မူလိမ့်မည်။”
၂၀ ထိုပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ရှေ့တွင်ရှိသော ဘုရားသခင်ကတိထားရာကမ္ဘာသစ်တွင် မလွဲဧကန်ပြည့်စုံလာပါလိမ့်မည်။ ထိုအချိန်တွင် လူသားတို့သည် ယနေ့ လူများစွာကိုဝန်လေးစေသော ပြဿနာများမှကင်းလွတ်ကြလိမ့်မည်။ အမှန်မှာ ဟေရှာယ ၂၅:၇၊ ၈ မှပရောဖက်ပြုချက်က ဘုရားသခင်သည် ခေတ်တစ်လျှောက်လုံးတွင် အံ့ဖွယ်အကောင်းဆုံးအမှုကိုပြုရန် မိမိ၏ဖန်ဆင်းခြင်းတန်ခိုးတော်ကို အသုံး ပြုမည်ဟု ဤသို့အာမခံထားသည်– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။ ကိုယ်တော်၏လူတို့သည် ခံရသောကဲ့ရဲ့ခြင်းကိုလည်း မြေကြီးတစ်ပြင်လုံး၌ ပယ်ရှင်းတော်မူလိမ့်မည်ဟု ထာဝရဘုရားအမိန့်တော်ရှိ၏။” တမန်တော်ပေါလုသည် ထိုကျမ်းချက်ကို နောက်ပိုင်းတွင်ကိုးကားပြီး သေလွန်သူများကို ဘုရားသခင်အသက်ပြန်ရှင်စေမည့်အမှုနှင့် သက်ဆိုင်ကြောင်းတင်ပြခဲ့သည်။ တကယ့်အံ့ဖွယ်အမှုဖြစ်လိမ့်မည်တကား!—၁ ကောရိန္သု ၁၅:၅၁-၅၄။
၂၁။ သေလွန်သူများအတွက် အဘယ်အံ့ဖွယ်အမှုကို ဘုရားသခင်ပြုတော်မူမည်နည်း။
၂၁ ဝမ်းနည်းမျက်ရည်များ ကျတော့မည်မဟုတ်သည့် အခြားအကြောင်းရင်းတစ်ခုမှာ လူသားတို့၏ကာယရေးရောဂါဝေဒနာများ ဖယ်ရှားခံရမည်ဖြစ်သောကြောင့်ပင်။ ယေရှုမြေကြီးပေါ်ရှိစဉ်က များစွာသောသူတို့ကို ကိုယ်တော်ကုသပေးခဲ့သည်၊ မျက်စိကန်းသောသူတို့ကိုပြန်မြင်စေခဲ့၊ နားပင်းသောသူတို့ကိုနားကြားစေခဲ့၊ ကိုယ်အင်္ဂါချို့တဲ့သူကို ပြန်သန်စွမ်းစေခဲ့သည်။ ယောဟန် ၅:၅-၉ က ၃၈ နှစ်တိုင်တိုင် မသန်မစွမ်းဖြစ်နေသူတစ်ဦးကို ကိုယ်တော်ကုသပေးခဲ့ကြောင်း ဖော်ပြသည်။ တွေ့မြင်သူများက ယင်းကို အံ့အားသင့်ပြီး အံ့ဖွယ်အမှုဟု ယူမှတ်ခဲ့ကြသည်။ အမှန်လည်း အံ့ဖွယ်ဖြစ်ခဲ့ပါသည်! သို့သော် ယေရှုက သေလွန်သူများကို မိမိရှင်ပြန်ထမြောက်စေခြင်းသည် ပို၍အံ့ဖွယ်ကောင်းလိမ့်မည်ဟု ဤသို့ဖော်ပြခဲ့သည်– “ဤအမှုအရာကိုအံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍၊ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့ . . . ထွက်ရကြလတ္တံ့။”—ယောဟန် ၅:၂၈၊ ၂၉။
၂၂။ ဆင်းရဲသူများနှင့် ဝေဒနာခံစားရသူများသည် အဘယ်ကြောင့်အနာဂတ်ကို မျှော်လင့်ချက်ဖြင့်ရှုမြင်နိုင်ကြသနည်း။
၂၂ ၎င်းကိုကတိပြုသောပုဂ္ဂိုလ်မှာ ယေဟောဝါဖြစ်တော်မူသောကြောင့် ကျိန်းသေဖြစ်ရပါလိမ့်မည်။ ကိုယ်တော်၏ကြီးမားလှသော ပြန်လည်ပြုပြင်ပေးမည့်တန်ခိုးတော်ကို အသုံးချပြီး စေ့စေ့စပ်စပ်ညွှန်ကြားသောအခါ အကျိုးရလဒ်အံ့ဖွယ်ကောင်းမည်ကို စိတ်ချပါလေ။ မိမိ၏သားတော်ဘုရင်အားဖြင့် ကိုယ်တော်ပြုတော်မူမည့်အမှုကို ဆာလံ ၇၂ ကဖော်ပြသည်။ ထိုအခါ ဖြောင့်မတ်သူများပွင့်လန်းလိမ့်မည်။ များစွာသောငြိမ်သက်ခြင်းကိုခံစားကြရလိမ့်မည်။ ဆင်းရဲသူများနှင့် ဝေဒနာခံစားရသူများကို ဘုရားသခင်ကယ်လွှတ်တော်မူမည်။ ကိုယ်တော်ဤသို့ကတိပြုသည်– “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာလှုပ်ရှားလိမ့်မည်။ မြို့သူမြို့သားတို့သည်လည်း မြေ၏မြက်ပင်ကဲ့သို့ စည်ပင်ကြလိမ့်မည်။”—ဆာလံ ၇၂:၁၆။
၂၃။ ဘုရားသခင့်အံ့ဖွယ်အမှုတော်များက အဘယ်အရာပြုလုပ်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသင့်သနည်း။
၂၃ ရှင်းနေသည်မှာ၊ ယေဟောဝါ၏အံ့ဖွယ်အမှုတော်များဖြစ်သည့် အတိတ်ကကိုယ်တော်ပြုခဲ့ရာများ၊ မျက်မှောက်ခေတ်၌ ကိုယ်တော်ပြုလုပ်နေရာများနှင့် မဝေးတော့သည့်အနာဂတ်တွင် ကိုယ်တော်ပြုလုပ်ပေးမည့်အရာအားလုံးကို ကျွန်ုပ်တို့အာရုံစိုက်စရာအကြောင်းရှိသည်။ “အံ့ဖွယ်သောအမှုတို့ကို တစ်ပါးတည်းသာစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်၊ ဣသရေလအမျိုး၏ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။ ဘုန်းကြီးသောနာမတော်သည်လည်း အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်း။ မြေကြီးတစ်ပြင်လုံးသည် ဘုန်းတော်နှင့်ပြည့်ပါစေသတည်း။ အာမင်နှင့်အာမင်။” (ဆာလံ ၇၂:၁၈၊ ၁၉) ကျွန်ုပ်တို့၏ဆွေမျိုးများ၊ အခြားသူများနှင့် အားတက်သရော စကားစမြည်ပြောဆိုရာ၌ ၎င်းကိုပြောဆိုနေကျအကြောင်းဖြစ်သင့်သည်။ မှန်ပါသည်၊ “ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြကြ” ပါစို့။—ဆာလံ ၇၈:၃၊ ၄; ၉၆:၃၊ ၄။
သင်မည်သို့ ပြန်ဖြေမည်နည်း
• ယောဘအားမေးခဲ့သည့်မေးခွန်းများက လူ့အသိပညာသည် အကန့်အသတ်မျှဖြစ်ကြောင်းကို မည်သို့သိသာထင်ရှားစေသနည်း။
• ယောဘအခန်းကြီး ၃၇-၄၁ တွင်မီးမောင်းထိုးပြသော ဘုရားသခင့်အံ့ဖွယ်အမှုတော်များမှ အဘယ်နမူနာများသည် သင့်အတွက်စွဲမှတ်စရာဖြစ်ခဲ့သနည်း။
• ဘုရားသခင့်အံ့ဖွယ်အမှုတော်အချို့ကို ဆင်ခြင်သုံးသပ်ပြီးနောက် ကျွန်ုပ်တို့မည်သို့တုံ့ ပြန်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အံ့ဖွယ်ဆီးနှင်းပွင့်အမျိုးမျိုးနှင့် လျှပ်စီးလက်ခြင်းဆိုင်ရာ စိုးရွံ့ထိတ်လန့် ဖွယ်တန်ခိုးတော်နှင့်ပတ်သက်၍ သင်မည်သို့နားလည်သနည်း
[Credit Line]
snowcrystals.net
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
စကားစမြည်ပြောဆိုရာ၌ ဘုရားသခင့် အံ့ဖွယ်အမှုတော်များသည် ပြောဆိုနေကျအကြောင်းဖြစ်ပါစေ