မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်သို့ပင် ပြုစုပျိုးထောင်ခံခဲ့ရပါစေ အောင်မြင်နိုင်

သင်မည်သို့ပင် ပြုစုပျိုးထောင်ခံခဲ့ရပါစေ အောင်မြင်နိုင်

သင်​မည်သို့​ပင် ပြုစု​ပျိုးထောင်​ခံ​ခဲ့​ရ​ပါစေ အောင်မြင်​နိုင်

နီ​ကို​လ​ပ်စ်​သည် ငယ်​စဉ်​ကတည်းက ကလန်ကဆန်​လုပ်​လို​သော​ဉာဉ်​ရှိခဲ့​သည်။ * အတန်ကြာ​လေ​သော် သူ၏​အာခံ​လို​စိတ်​က သူ့​အား မူးယစ်​ဆေးဝါး​စွဲ​ကာ အလွန်အကျွံ​အရက်သောက်​စေ​သည်။ “ကျွန်တော့်​အဖေက အရက်သမား၊ ကျွန်တော့်​ညီမ​နဲ့​ကျွန်တော့်​ကို အရမ်း​နှိပ်စက်​ခဲ့တယ်” ဟူ၍ နီ​ကို​လ​ပ်စ်​က ရှင်းပြသည်။

မ​လီန်​ဒါ​၏​မိဘများသည် သူတို့​ရပ်ကွက်​ထဲ​၌ ဂုဏ်​အသရေ​ရှိ ချာ့ခ်ျ​တက်​သူများ​ဖြစ်​ပုံ​ရှိသည်။ သို့သော် သူတို့သည် ဂိုဏ်း​တစ်ခု​တွင်​လည်း အလွန်​ပါဝင်​ပတ်သက်​နေကြ၏။ ယခု အသက် ၃၀ ကျော်​ရှိသော မ​လီန်​ဒါက “သူတို့​ဂိုဏ်း​ရဲ့​ဓလေ့​ထုံးစံ​အချို့​က ကျွန်မ​အပေါ်​မတော်မတရား​ဖြစ်စေ​တဲ့​အတွက် ကလေး​တစ်ယောက်​အနေ​နဲ့ ကျွန်မ​ရဲ့​စိတ်​ကို ကြေမွ​ပျက်စီး​စေ​ခဲ့တယ်” ဟူ၍​မြည်တမ်း​လေ​သည်။ “ကျွန်မ​စိတ်ထဲ​သွင်းထား​ပေး​တဲ့ မျှော်လင့်ချက်​ကင်းမဲ့​ပြီး တန်ဖိုး​မရှိတဲ့​စိတ်​ဟာ ကျွန်မ​မှတ်မိ​နိုင်​တဲ့​ကာလပတ်လုံး ကျွန်မ​ကို​အဆက်မပြတ်​ထိုးနှက်​နေတယ်” ဟူ၍​သူ​ဆက်ဆို​သည်။

လူများစွာ​၏​ကလေး​ဘဝ​သည် အကြမ်းဖက်မှု၊ မတော်မတရား​ပြု​ခံရ​မှု၊ မိဘ​ဝတ္တရား​ပျက်ကွက်မှု​နှင့် အခြား​အကျိုး​နည်းစေ​သော​အရာများ​ကြောင့် ပျက်စီး​နေသည်​ကို မည်သူ​ငြင်းဆို​နိုင်​မည်​နည်း။ စိတ်​ဆင်းရဲ​ခဲ့​ရသော ကလေး​ဘဝ၏ ဒဏ်ချက်​များသည် လွန်​စွာ​နက်ရှိုင်း​နိုင်​သည်။ သို့ရာတွင် ဤသို့​သော​ဒဏ်ချက်​များသည် ဘုရားသခင့်​စကားတော်​အမှန်တရားကို သက်ဝင်​ယုံကြည်ဖို့​နှင့် ပျော်ရွှင်မှု​အတော်အတန်​ရှာတွေ့နိုင်​ခြင်း​ကို လုံးဝ​ဆုံးရှုံး​သွား​စေ​ရမည်​လော။ နီ​ကို​လ​ပ်စ်​နှင့် မ​လီန်​ဒါ​တို့ ကြီးပြင်း​လာပုံ​သည် မည်သို့​ပင်​ဖြစ်ပါစေ သမာဓိ​စောင့်သိ​သူများ​အဖြစ် အောင်မြင်​ခဲ့​ကြ​သလော။ ဦးစွာ ယုဒဘုရင်​ယောရှိ​၏​ပုံသက်သေ​ကို သုံးသပ်ကြည့်​ပါ။

ကျမ်း​ဆိုင်ရာ​ပုံသက်သေ​တစ်ခု

ယောရှိ​သည် ဘီ.စီ.အီး. သတ္တမ​ရာစု (ဘီ.စီ.အီး. ၆၅၉-၆၂၉) တွင်​ယုဒပြည်​ကို ၃၁ နှစ်​ထိ​တိုင် အုပ်ချုပ်​ခဲ့​၏။ ဖခင်​လုပ်ကြံခံ​ရပြီး​နောက် ယောရှိ​နန်းတက်​ချိန်​၌ ယုဒပြည်​၏​အခြေအနေ​မှာ လွန်​စွာ​ဆိုးဝါး​လျက်​ရှိသည်။ ယုဒ​နှင့်​ယေရုရှလင်​မြို့တွင် ဗာလ​ဝတ်ပြုသူ​များနှင့် အမ္မုန်​တို့၏ အဓိက​ဘုရား​မာ​လ​ခံ​ကို တိုင်တည်​ကိုးကွယ်​သူများ ပြည့်နှက်​နေသည်။ ယုဒ​မင်းတို့​သည် “ဟောက်​သော​ခြင်္သေ့” များ​ဖြစ်​ကြ​၍ တရားသူကြီး​တို့သည် “ည​၌​လှည့်လည်​တတ်သော တောခွေး” များ​ဖြစ်​ကြသည်​ဟု ထို​ခေတ်​က ဘုရားသခင်​၏​ပရောဖက်​ဇေဖနိ​ဟောခဲ့​သည်။ သို့ဖြင့် တိုင်းပြည်​တွင် အကြမ်းဖက်မှု​နှင့်​လှည့်ဖြားမှု​တို့ နှံ့ပြား​လေ​သည်။ လူအများ​က “ထာဝရ​ဘုရား​သည် ကျေးဇူး​ကိုလည်း​မပြု၊ အပြစ်ကို​လည်း​မပေး” ဟု​အောက်မေ့​ကြသည်။—ဇေဖနိ ၁:၃–၂:၃; ၃:၁-၅

ယောရှိ​သည် မည်သို့သော​ဘုရင်​ဖြစ်​ကြောင်း ထင်ရှား​လာ​သနည်း။ ကျမ်းစာ​ရာဇဝင်​ရေးသူ ဧဇရ​က ဤသို့​ရေး​သည်– “[ယောရှိ] သည်​ထာဝရ​ဘုရား​ရှေ့တော်၌ တရားသော​အမှုကိုပြု​၍ လက်ယာဘက်၊ လက်ဝဲဘက်​သို့​မလွှဲ အဘ​ဒါဝိဒ်​လိုက်​သော​လမ်း​သို့ လိုက်​လေ​၏။” (၂ ရာဇဝင်ချုပ် ၃၄:၁၊ ၂) ယောရှိ​သည် ဘုရားသခင့်​ရှေ့မှောက်၌ မှန်ကန်​ရာ​ကို အောင်မြင်စွာ​ပြုလုပ်​ခဲ့​ကြောင်း​ထင်ရှား​၏။ သို့​တိုင် သူ၏​မိသားစု​နောက်ခံ​ကား အဘယ်နည်း။

ဆုံးမ​သွန်သင်ခံ​ရသော​ကလေး​ဘဝ​လော၊ မတော်မလျော်​သောက​လေး​ဘဝ​လော

ဘီ.စီ.အီး. ၆၆၇ တွင်​ယောရှိ​မွေးဖွားချိန်​၌ ဖခင်​ဖြစ်သူ​အာမုန်​အသက်​မှာ ၁၆ နှစ်​သာ​ရှိပြီး အဖိုး​ဖြစ်သူ​မနာရှေ​သည် ယုဒပြည်​ကို အုပ်ချုပ်​လျက်​ရှိ၏။ မနာရှေ​သည် ယုဒပြည်​ကို​အုပ်ချုပ်​ခဲ့​သမျှ အဆိုးဆုံး​ဘုရင်​များ​တွင် တစ်ဦး​ပါဝင်​သည်။ သူသည် ဗာလ​ယဇ်​ပလ္လင်​များ​ကို တည်ဆောက်​ကာ “ထာဝရ​ဘုရား​၏​အမျက်တော်ကို နှိုးဆော်ခြင်း​ငှာ ရှေ့တော်၌​များစွာသော​ဒုစရိုက် [မကောင်းမှု] ကို​ပြု​၏။” သူသည် မိမိ၏​သားများ​ကို​မီး​ဖြင့်​ပူဇော်​ခြင်း၊ မှော်အတတ်​ပညာ​လိုက်စားခြင်း၊ အနာဂတ်​ဟောခြင်း၊ နတ်​ဝိဇ္ဇာ​အတတ်ကို​အားပေးခြင်း​နှင့် အပြစ်​မရှိသူ​များစွာကို သတ်ပစ်​ခြင်း​တို့​ပြုလုပ်​ခဲ့​သည်။ မနာရှေ​သည် အာရှရပင်ရုပ်ကိုထုလုပ်​ကာ ယေဟောဝါ​၏​အိမ်တော်​သို့​လည်း ဆောင်​သွင်း​ခဲ့​သည်။ သူသည် “ဣသရေလ​အမျိုးသား​တို့​ရှေ့မှာ ထာဝရ​ဘုရား​ဖျက်ဆီး​တော်​မူ​သော လူမျိုး​တို့​ပြု​သည်ထက် သာ၍​ဆိုးသော​အမှုကိုပြု​စေ” ရန်​ယုဒပြည်​သူနှင့် ယေရုရှလင်​မြို့သား​တို့ကို လမ်းလွဲ​စေ​ခဲ့​၏။—၂ ရာဇဝင်ချုပ် ၃၃:၁-၉

မနာရှေ​သည် အလွန်​ဆိုးသွမ်း​သောကြောင့် ယေဟောဝါ​သည် အာရှုရိဘုရင်​၏​မြို့တော်​တစ်ခု​ဖြစ်သည့် ဗာဗုလုန်​သို့ သူ့ကိုခြေချင်း​ခတ်​ခေါ်သွား​စေ​ခဲ့​သည်။ မနာရှေ​သည် သုံ့ပန်း​ဘဝတွင် နောင်တ​ရသောအခါ ကိုယ်ကို​နှိမ့်ချ၍ ခွင့်လွှတ်​ပါ​ရန် ယေဟောဝါ​အား အသနားခံ​တောင်းပန်​လေ​သည်။ ထို​အခါ ဘုရားသခင်​၏​မျက်နှာသာ​ရရှိရန် သူ၏​အသနားခံချက်​ကို ကိုယ်တော်​နားညောင်း​တော်​မူ​ပြီး ယေရုရှလင်​မင်းရိုက်ရာ​ကို ပြန်လည်​ရရှိစေ​တော်​မူ​သည်။ ထို​နောက် မနာရှေ​သည် အတော်အတန်​အောင်မြင်စွာ​ဖြင့် ပြုပြင်​ပြောင်းလဲမှု​များ​ပြု​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၃၃:၁၀-၁၇

မနာရှေ​၏​ဆိုးသွမ်းမှု​နှင့် နောက်ပိုင်း၌ သူ၏​နောင်တ​တရား​က သူ၏​သား​အာမုန်​အပေါ် အဘယ်​အကျိုး​သက်ရောက်​ခဲ့​သနည်း။ သူသည် အလွန်​ဆိုးသွမ်း​ခဲ့​၏။ မနာရှေ​သည် နောင်တ​ယူပြီး မိမိ​ကိုယ်တိုင်​ပြုလုပ်​သည့် ညစ်ညမ်းမှု​များ​ကင်းစင်​စေရန် ကြိုးစား​အားထုတ်​ပြုလုပ်​သောအခါ အာမုန်​သည် တုံ့ပြန်​လုပ်ဆောင်ခြင်း​မရှိခဲ့​ချေ။ အာမုန်​သည် အသက် ၂၂ နှစ်​တွင် နန်းတက်​သောအခါ “ခမည်းတော်​မနာရှေ​ပြု​သကဲ့သို့ ထာဝရ​ဘုရား​ရှေ့တော်၌ ဒုစရိုက် [မကောင်းမှု] ကို​ပြု​၏။” ယေဟောဝါ​ရှေ့မှောက်​တွင် မိမိကိုယ်ကို​နှိမ့်ချ​မည့်​အစား ‘အာမုန်​သည် အပြစ်​များစွာ​ပြုလုပ်​သည်။’ (၂ ရာဇဝင်ချုပ် ၃၃:၂၁-၂၃) အာမုန် ယုဒဘုရင်​ဖြစ်လာ​သော​အချိန်၌ ယောရှိ​သည် ခြောက်​နှစ်​သာ​ရှိသေး၏။ ယောရှိ​၏​ငယ်​စဉ်​ဘဝ​သည် အလွန်​ဆိုးဝါး​လိုက်​မည်​ဖြစ်​ခြင်း!

အာမုန်​၏​ကျွန်​တို့သည် သင်း​ဖွဲ့​၍ သူ့ကို​လုပ်ကြံ​လိုက်​သောအခါ နှစ်နှစ်​အကြာတွင် သူ၏​ဆိုးညစ်သော​နန်းသက် ကုန်ဆုံး​လေ​သည်။ သို့သော် ပြည်သူပြည်သား​တို့သည် အာမုန်​ကို သင်း​ဖွဲ့​လုပ်ကြံ​သူများကို​ကွပ်မျက်​၍ သားတော်​ယောရှိ​ကို နန်းတင်​လိုက်​သည်။—၂ ရာဇဝင်ချုပ် ၃၃:၂၄၊ ၂၅

ယောရှိ​၏​ငယ်​စဉ်​တောင်​ကျေး​ဘဝ​သည် မကောင်း​ခဲ့​သော်လည်း ယေဟောဝါ​၏​ရှေ့မှောက်​တွင် သူ​ကောင်းမှု​ပြု​ခဲ့​၏။ သူ၏​နန်းသက်​သည် အလွန်​အောင်မြင်​သောကြောင့် ကျမ်းစာ​က​ဤသို့​ဖော်ပြ​သည်– “မောရှေ​တရား၌​ပါ​သမျှ​ကို​ကျင့်​သဖြင့် စိတ်နှလုံး​အကြွင်းမဲ့ အစွမ်း​သတ္တိ​ရှိသမျှ​နှင့် ထာဝရ​ဘုရား​အထံတော်​သို့​ပြောင်းလဲ​၍ ယောရှိ​မင်း​နှင့်​တူသော ရှင်ဘုရင်​တစ်ယောက်မျှ​မဖြစ်​စ​ဖူး။ နောင်​ကာလ​၌​လည်း​မ​ပေါ်​မရှိ။”—၄ ဓမ္မ​ရာဇဝင် ၂၃:၁၉-၂၅

ကလေး​ဘဝတွင် ဆိုးဆိုးဝါးဝါး​ခံစား​ခဲ့​ရ​ဖွယ်​ရှိ​သူများ​အတွက် ယောရှိ​၏​ပုံသက်သေ​သည် အားရှိစရာ​ပါ​တကား! သူ၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။ ဖြောင့်မတ်​သော​လမ်းစဉ်​ကို​ရွေးချယ်​၍ ဆက်လက်​လျှောက်လှမ်း​နေ​ရန် ယောရှိ​ကို အဘယ်အရာက ထောက်ကူ​ပေး​ခဲ့​သနည်း။

ယေဟောဝါ​အား​သိကျွမ်း​ရန် ကြိုးစား​အားထုတ်ခြင်း

ယောရှိ​၏​ငယ်​စဉ်​ဘဝ​အတွင်း သူ့ကို​လွှမ်းမိုး​ခဲ့​သော အပြုသဘော​ပါ​သြဇာ​မှာ အဖိုး​ဖြစ်သူ မနာရှေ​၏​နောင်တ​တရား​ပင်​ဖြစ်သည်။ မနာရှေ​သည် သူ၏​လမ်းစဉ်​ကို​ပြုပြင်​ချိန်​၌ သူတို့​နှစ်ဦး​မည်မျှ​ထိတွေ့မှု​ရှိခဲ့​ကြောင်း၊ ယောရှိ​အသက်​မည်မျှ​ရှိကြောင်း ကျမ်းစာ​က​မဖော်​ပြ​ထား​ချေ။ ဂျူး​မိသားစု​များသည် ရင်းနှီးမှု​ရှိကြ​သောကြောင့် မနာရှေ​သည် စစ်မှန်သော​ဘုရားသခင်​ယေဟောဝါ​နှင့် ကိုယ်တော်​၏​စကားတော်​ကို ရိုသေ​လေးစားရန် မိမိ​မြေး​၏​နှလုံး​ထဲ​သို့ ရိုက်သွင်း​ပေးခြင်း​ဖြင့် ပတ်ဝန်းကျင်​၏​ယိုယွင်းသော​သြဇာ​မှ ကြိုးစား​ကာကွယ်​ပေး​ခဲ့​ပေမည်။ ယောရှိ​၏​နှလုံး​တွင် မနာရှေ​စိုက်​ပျိုး​နိုင်​ခဲ့​သော အမှန်တရား​မျိုးစေ့​များ​အပါအဝင် အခြား​အပြုသဘော​ပါ​သြဇာ​များ​က နောက်ဆုံး​တွင် သီးပွင့်​လာ​လေ​သည်။ ယုဒ​ပလ္လင်​ပေါ်​နန်းသက်​ရှစ်နှစ်မြောက်​တွင် ၁၅ နှစ်​သား​ယောရှိ​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​အလိုတော်ကို​သိကျွမ်း​ရန် ကြိုးစား​ခဲ့​ပြီး လုပ်ဆောင်ခဲ့​၏။—၂ ရာဇဝင်ချုပ် ၃၄:၁-၃

လူ​အချို့​၏​ငယ်​စဉ်​ဘဝက ဝိညာဉ်​ရေး​အဆက်အသွယ်​မှာ ရပ်​ဝေး​ဆွေမျိုး၊ အသိ​မိတ်ဆွေ သို့​မဟုတ် အိမ်နီးချင်း​တစ်ဦး​သာ​ဖြစ်သည်။ သို့သော် ပြုစု​ပျိုးထောင်​ပေး​လျှင် စိုက်​ပျိုး​ထားသော​မျိုးစေ့​များသည် နောက်ပိုင်း​တွင် ကောင်းစွာ​သီးပွင့်​နိုင်​သည်။ အစပိုင်း​တွင်​ဖော်ပြ​ထား​သည့် မ​လီန်​ဒါ​၌ သူ၏​အိမ်​သို့ ကင်းမျှော်စင် နှင့် နိုးလော့!ကို မှန်မှန်​ယူလာ​ပေး​သော အဘိုး​အရွယ်​အိမ်နီးချင်း​တစ်ဦး​ရှိခဲ့​သည်။ သူ့ကို တမ်းတ​သတိရ​ကာ မ​လီန်​ဒါက ဤသို့​ဆို​သည်– “ကျွန်မ​ရဲ့​အိမ်နီးချင်း​က အခါကြီးရက်ကြီး​တွေ​မ​ကျင်းပ​တာ​ဟာ ကျွန်မ​အတွက်​စိတ်​စွဲမှတ်စရာ​ပဲ။ ကျွန်မ​မိဘတွေရဲ့​ကိုးကွယ်​နည်း​မှာ ဘာသာရေး​ထုံးတမ်း​စဉ်​လာ​တွေ​ဖြစ်​တဲ့ ဟ​ယ်​လို​ဝီန်း​နဲ့ အခြား​အခါကြီးရက်ကြီး​အချို့​ကို ကျင်းပ​တာ​ကြောင့် အဲဒါတွေဟာ ကျွန်မ​အတွက်​အရေးပါ​ခဲ့တယ်။” နောက်​ဆယ်နှစ်​အကြာတွင် မိတ်ဆွေ​တစ်ဦး​က မ​လီန်​ဒါကို ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၌ ခရစ်ယာန်​အစည်းအဝေး​တစ်ခု​ကို တက်ရောက်​ရန် ဖိတ်ခေါ်​သောအခါ သူသည် အဆိုပါ​အိမ်နီးချင်း​ကို သတိရ​ကာ ထို​ဖိတ်ခေါ်ချက်​ကို တလိုတလား​လက်ခံ​လိုက်​သည်။ ယင်းက အမှန်တရားကို သူ​ရှာဖွေ​ရာ​တွင် ထောက်ကူ​ပေး​ခဲ့​၏။

ဘုရားသခင်​ရှေ့ နှိမ့်ချမှု​ရှိပါ

ယောရှိ​၏​နန်းသက်​အတွင်း ယုဒပြည်​တွင် ဘာသာရေး​ပြုပြင်​ပြောင်းလဲမှု​များစွာ ပြုလုပ်​ခဲ့​သည်။ ယောရှိ​သည် ရုပ်ပုံ​တိုက်ဖျက်ရေး​နှင့် ယုဒပြည်​သန့်ရှင်း​စင်ကြယ်​ရေး​တို့ကို ခြောက်​နှစ်​ကြာ ရဲဝံ့​စွာ​လုပ်ဆောင်​ပြီး​နောက် ယေဟောဝါ​၏​အိမ်တော်ကို ပြန်လည်​မွမ်းမံ​ခဲ့​လေ​သည်။ ထို​လုပ်ငန်း​ကို​ဆောင်ရွက်​နေစဉ် တကယ်​အဖိုးတန်​သော​အရာတစ်ခု​ကို ယဇ်ပုရောဟိတ်မင်း​ဟိလခိ​တွေ့ရှိ​ခဲ့​သည်! ‘ယေဟောဝါ​၏​ပညတ္တိကျမ်း’ မူရင်း​ကို သူ​တွေ့ရှိ​ခဲ့​၏။ ဟိလခိ​ပေးအပ်​သော ဤ​စိတ်​လှုပ်ရှား​ဖွယ်​တွေ့ရှိချက်​ကို​ရသူ စာရေးတော်​ရှာဖန်​သည် ဖြစ်ပျက်​သမျှ​ကို ရှင်ဘုရင်​အား ကြားလျှောက်​လေ​သည်။ ထိုသို့​သော​ဖြစ်မြောက်အောင်​မြင်​မှုများ​ကြောင့် ၂၅ နှစ်အရွယ်​ယောရှိ​သည် မိမိကိုယ်ကို​အထင်ကြီး​ခဲ့​သလော။—၂ ရာဇဝင်ချုပ် ၃၄:၃-၁၈

“ရှင်ဘုရင်​သည် တရား​စကား​ကို​ကြား​လျှင် မိမိ​အဝတ်ကို​ဆုတ်” လေ​သည်​ဟု ဧဇရ​က​ရေးသား​သည်။ ဘိုးဘေး​များသည် ဘုရားသခင်​၏​ပညတ်တော်​ရှိရှိသမျှကို မလိုက်နာ​ခဲ့​သည့်​အတွက် အလွန်​ဝမ်းနည်း​ကြောင်း ဖော်ပြချက်​ဖြစ်သည်။ အမှန်ပင် စိတ်​နှိမ့်ချမှု​အမှတ်လက္ခဏာ​တစ်ခု​ပါ​တကား! ရှင်ဘုရင်​သည် ပရောဖက်မ​ဟု​လ​ဒ​မှ​တစ်ဆင့် ယေဟောဝါ​အား​မေးမြန်း​ရန် ကိုယ်စားလှယ်​ငါး​ဦး​ကို ချက်ချင်း​ခန့်အပ်​လိုက်​သည်။ ကိုယ်စားလှယ်​အဖွဲ့က ဤ​သတင်းကို ပြန်ပို့​ပေး​ပုံ​ရှိသည်– ‘ယေဟောဝါ​၏​ပညတ်တော်​ကို မလိုက်လျှောက်​သောကြောင့် ဘေးရောက်​မည်။ သို့သော် အသင်​ရှင်ဘုရင်​ယောရှိ​သည် နှိမ့်ချမှု​ရှိသောကြောင့် ငြိမ်​ဝပ်​စွာ​သင်္ချိုင်း​သို့​ရောက်​ရမည်။ ကျရောက်​သော​ဘေး​ကို မတွေ့မမြင်​ရ​ချေ။’ (၂ ရာဇဝင်ချုပ် ၃၄:၁၉-၂၈) ယောရှိ​၏​စိတ်ထား​ကို ယေဟောဝါ​နှစ်သက်​တော်​မူ​ခဲ့​သည်။

ကျွန်ုပ်​တို့၏​နောက်ခံ​မည်သို့​ပင်​ဖြစ်ပါစေ၊ ကျွန်ုပ်​တို့သည်​လည်း စစ်မှန်သော​ဘုရားသခင်​ယေဟောဝါ​ရှေ့တွင် မိမိကိုယ်ကို​နှိမ့်ချ​ပြီး ကိုယ်တော်​နှင့် ကိုယ်တော်​၏​စကားတော် သမ္မာကျမ်းစာ​အပေါ် လေးစား​သည့်​သဘော ပြသ​နိုင်​ပါ​သည်။ အစ​တွင်​ဖော်ပြ​ထားသော နီ​ကို​လ​ပ်စ်​သည် ထိုသို့​ပင်​ပြုလုပ်​ခဲ့​၏။ “ကျွန်တော့်​ဘဝဟာ ဆေးစွဲ​ပြီး အရက်​အလွန်အကျွံ​သောက်​တာ​ကြောင့် ပြဿနာ​ပေါင်း​သောင်း​ခြောက်​ထောင်​တက်​နေပေမဲ့ ကျမ်းစာ​ကို ကျွန်တော်​စိတ်ဝင်စား​ပြီး ဘဝမှာ ရည်ရွယ်ချက်​ရှိ​ချင်​လာတယ်။ နောက်ဆုံး ယေဟောဝါသက်သေ​တွေ​နဲ့ အဆက်အသွယ်​ရပြီး ကျွန်တော့်​ဘဝ​ပုံစံ​ကို​ပြောင်းလဲ​လိုက်​ရုံ​မ​က အမှန်တရားကို​သက်ဝင်​ယုံကြည်​လာတယ်” ဟူ၍ သူ​ပြောပြ​၏။ မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဝန်းကျင်​အခြေအနေ မည်သို့​ပင်​ဖြစ်ပါစေ ဘုရားသခင်​နှင့် ကိုယ်တော်​၏​စကားတော်​ကို လေးမြတ်​သည့်​သဘောထား​ရှိ​နိုင်​ပါ​သည်။

ယေဟောဝါ​၏​အစီအစဉ်​မှ အကျိုး​ခံစား​ပါ​လေ

ယောရှိ​သည် ယေဟောဝါ​၏​ပရောဖက်​များ​ကိုလည်း အလွန်​လေးစား​သည်။ ပရောဖက်မ​ဟု​လ​ဒ​ကို​သာ သူ​မေးမြန်း​သည်​မ​က သူ့​ခေတ်​သူ့​အခါ​မှ အခြား​ပရောဖက်​များ​၏​သြဇာ​လည်း အလွန်​လွှမ်းမိုး​ခံ​ခဲ့​သည်။ ပ​မာ​ဆို​ရ​သော်၊ ယုဒပြည်​တွင်​ပြု​နေကြ​သော ရုပ်ပုံ၊ ကိုးကွယ်​မှု​အပေါ်၊ ရှုတ်ချ​ကြွေးကြော်​မှု​၌ ယေရမိ​နှင့် ဇေဖနိ​ပါ အလုပ်များ​ခဲ့​ကြသည်။ ယောရှိ​သည် မှားယွင်းသော​ဝတ်ပြုရေးကို တိုက်ဖျက်​ရာ​တွင် သူတို့၏​သတင်းတရားကို​သတိပြု​ခြင်း​ကား သူ့ကို တကယ်အားရှိစေ​ခဲ့​မည်​ဖြစ်​ခြင်း!—ယေရမိ ၁:၁၊ ၂; ၃:၆-၁၀; ဇေဖနိ ၁:၁-၆

“အရှင်” ယေရှု​ခရစ်​သည် အချိန်တန်​ဝိညာဉ်​အစာ​ကျွေးမွေး​ရန် ကိုယ်တော်​၏​ဘိသိက်ခံ​နောက်လိုက်​များ—‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’—အဖွဲ့ကို ခန့်အပ်​ထား​သည်။ (မဿဲ ၂၄:၄၅-၄၇) ကျမ်းစာ​အခြေပြု​စာပေ​များနှင့် အသင်းတော်​အစီအစဉ်​အားဖြင့် ကျေးကျွန်​အတန်းအစား​သည် သမ္မာကျမ်းစာ​သွန်သင်ချက်​ကို​လိုက်နာခြင်း​၏ အကျိုးကျေးဇူးများ​ကို သိမြင်​စေပြီး ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာတွင် ယင်းကို​ကျင့်သုံး​ခြင်း​နှင့်​ပတ်သက်​၍ လက်တွေ့​အကြံပြုချက်များ​ကို ပေး​သည်။ အမြစ်စွဲ​နေသော မကောင်း​သည့်​စိတ်ထား​ဟူ​သမျှ​ကို အနိုင်​ယူဖို့ အကူအညီ​ရ​ရန် ယေဟောဝါ​၏​အစီအစဉ်ကို အသုံးပြုခြင်း​သည် တကယ်​လျောက်ပတ်​လိုက်​လေ​ခြင်း! နီ​ကို​လ​ပ်စ်​သည် ငယ်​စဉ်​ကတည်းက အခွင့်အာဏာကို ခါးခါးသီးသီး​မုန်းတီး​ခဲ့​သည်။ ဘုရားသခင်​၏​စကားတော် အမှန်တရားကို သိရှိပြီး​နောက်​၌​ပင် ဤ​အားနည်းချက်​ကြောင့် ယေဟောဝါ​၏​အမှုတော်ကို အပြည့်အဝ​ထမ်းဆောင်ခြင်း​မှ တွန့်ဆုတ်​နေခဲ့​သည်။ ၎င်း​စိတ်ထား​ကို​ပြောင်းလဲခြင်း​သည် သူ့​အတွက် မလွယ်ကူ​ချေ။ သို့​တိုင် အချိန်တန်သော် သူ​အောင်မြင်​ခဲ့​၏။ မည်သို့​အားဖြင့်​နည်း။ “စာနာ​တတ်​တဲ့​အကြီးအကဲ​နှစ်ယောက်​ရဲ့​အကူအညီ​ကြောင့် ကျွန်တော့်​အခက်အခဲ​ကို​ဝန်ခံ​ပြီး သူတို့ရဲ့​မေတ္တာပါ​ကျမ်းစာ​အကြံပြုချက်တွေကို စ​ကျင့်သုံး​ခဲ့တယ်” ဟူ၍ နီ​ကို​လ​ပ်စ်​က ရှင်းပြသည်။ “တစ်ခါ​တ​လေ မခံ​ချင်​တဲ့​စိတ်​ပေါ်လာ​တတ်​ပေမဲ့ အခု​ဆိုရင် ကျွန်တော့်​ရဲ့​ပုန်ကန်​တတ်​တဲ့​သဘောကို ထိန်းချုပ်​နိုင်​ပါ​ပြီ” ဟု​ဆက်၍​ရှင်းပြသည်။

မ​လီန်​ဒါ​သည်လည်း သူ၏​ဘဝ​အသက်တာတွင် အရေးကြီး​ဆုံးဖြတ်ချက်​များ​ချ​သောအခါ အကြီးအကဲ​များ​၏​အကြံပြုချက်ကို တောင်းဆို​သည်။ သူ၏​ကလေး​ဘဝတွင်​စ​ဖြစ်ပေါ်​ခဲ့​သည့် မျှော်လင့်ချက်​ကင်းမဲ့​ခြင်း​နှင့် တန်ဖိုး​မရှိ​ဟူသော​ခံစားချက်​များ​ကို ကိုင်တွယ်​ဖြေရှင်း​ရာ​တွင် အဖိုး​မ​ဖြတ်​နိုင်အောင် အထူးသဖြင့် အကူအညီ​ဖြစ်​ခဲ့​သည်​ကား ကင်းမျှော်စင် နှင့် နိုးလော့! ဆောင်းပါး​အမျိုးမျိုး​ဖြစ်သည်။ သူက​ဤသို့​ဆို​၏– “တစ်ခါ​တ​လေ ကျွန်မ​နှလုံးကို​ထိမိ​ခဲ့​တာ ဆောင်းပါး​တစ်ပုဒ်​ထဲ​က စာပိုဒ်​တစ်​ပိုဒ် ဒါမှ​မဟုတ် စာ​ကြောင်း​တစ်​ကြောင်း—တစ်ပိုင်း​တစ်စ—လေး​သာ​ဖြစ်တယ်။ လွန်ခဲ့တဲ့​ကိုးနှစ်​လောက်​က အဲဒီ​ဆောင်းပါး​တွေ​ကို အလွယ်တကူ​ပြန်​ကြည့်​နိုင်​ဖို့​အတွက် ထုတ်​သွင်း​လုပ်နိုင်တဲ့​မှတ်စု​စာအုပ်​ဖိုင်​တစ်အုပ်​ထဲမှာ ကျွန်မ​စပြီး​စုဆောင်း​ခဲ့တယ်။” ယနေ့ သူ၏​မှတ်စု​သုံး​အုပ်​တွင် ဆောင်းပါး​ပေါင်း ၄၀၀ ခန့်​ရှိနေပြီ!

လူတို့သည် ဆိုးသွမ်း​သော​မိသားစု​ဘဝ၏​သားကောင်​များ​အဖြစ် အစဉ်အမြဲ​ဖြစ်နေ​စ​ရာ​မလို​ချေ။ သူတို့သည် ယေဟောဝါ​၏​အကူအညီ​ဖြင့် ဝိညာဉ်​ရေး​ဘက်​အောင်မြင်​နိုင်​ကြ​ပါ​သည်။ ကောင်းစွာ​ဆုံးမ​သွန်သင်ခံ​ခဲ့​ရခြင်း​က လူတစ်ဦး​၏​သမာဓိကို အာမ,မခံနိုင်​သကဲ့သို့ ဆိုးဝါး​သောက​လေး​ဘဝ​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​လာ​သူ​အဖြစ်​မှ မတားဆီး​ချေ။

ဗိမာန်တော်ကို ပြန်လည်​မွမ်းမံ​နေစဉ် ပညတ္တိကျမ်း​ကို​တွေ့​ရှိခဲ့​ပြီး​နောက် ယောရှိ​သည် ‘စိတ်နှလုံး​အကြွင်းမဲ့ ယေဟောဝါ​နောက်​တော်​သို့​လိုက်၍ နာခံ​ပါ​မည်​အကြောင်း ယေဟောဝါ​မျက်မှောက်​တော်​တွင် ပဋိညာဉ်​ပြု​လေ​သည်။’ (၂ ရာဇဝင်ချုပ် ၃၄:၃၁) ထို့​ပြင် သူ၏​အသက်​ကုန်ဆုံး​သည်​အထိ အဆိုပါ​သန္နိ​ဋ္ဌာန်​မှ မယိမ်းယိုင်​ခဲ့​ချေ။ မ​လီန်​ဒါ​နှင့်​နီ​ကို​လ​ပ်စ်​တို့​လည်း သမာဓိ​ရှိ​သူများ​အဖြစ် အောင်မြင်​ကြ​ရန် ယေဟောဝါ​ဘုရားသခင်​အပေါ် ဆက်၍​သစ္စာ​စောင့်သိ​ဖို့ သန္နိ​ဋ္ဌာန်​ချထား​ကြပြီ။ အသင်​လည်း ဘုရားသခင်​နှင့်​နီးကပ်​စွာ​ရှိပြီး ကိုယ်တော့်​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​ရန် သန္နိ​ဋ္ဌာန်​ချ​နိုင်​ပါစေ။ ယေဟောဝါ​၏​ဤ​ကတိတော်​ကြောင့် သင်သည် အောင်မြင်​မည်​ဟု ယုံကြည်​စိတ်ချ​နိုင်​သည်– “မစိုးရိမ်​နှင့်။ ငါသည် သင့်​ဘက်မှာ​ရှိ၏။ မကြောက်​နှင့်။ သင်၏​ဘုရားသခင် ငါသည် သင့်ကို​ခိုင်ခံ့​စေမည်။ သင့်ကို​စောင့်မ​မည်။ ငါ့​သစ္စာ​လက်ယာလက်​ဖြင့် ထောက်ပင့်​မည်။”—ဟေရှာယ ၄၁:၁၀၊ ၁၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 အမည်​အချို့ ပြောင်း​ထား​သည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကလေး​ဘဝ​အခြေအနေ​သည် ဆိုးဝါး​လင့်​ကစား ယောရှိ​သည် ယေဟောဝါ​အား သိကျွမ်း​ရန် ကြိုးစား​အားထုတ်​ခဲ့​ရာ သူ၏​အသက်တာ​ဘဝ အောင်မြင်​ခဲ့

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အမြစ်စွဲ​နေသော ပင်ကို​ဉာဉ်​ကို အနိုင်ယူ​နိုင်​ရန် အကြီးအကဲ​များ​က သင့်ကို​ကူညီပေး​နိုင်

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

“ကင်းမျှော်စင်” နှင့် “နိုးလော့!” တို့​က သင့်ကို သမာဓိ​စောင့်သိ​ရန် ကူညီပေး​နိုင်