မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင်​စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ရောမ ၅:၃-၅ တွင်​တမန်​တော်​ပေါလု​သည် မျှော်လင့်ခြင်း​ကို အစဉ်လိုက်​စာရင်း​၏​အဆုံး​၌ အဘယ်ကြောင့်​ဖော်ပြ​ခဲ့​သနည်း။

ခက်ခဲ​ဆင်းရဲခြင်း၊ ခံနိုင်ရည်၊ မျက်နှာသာ​ရသော​အခြေအနေ​နှင့် မျှော်လင့်ခြင်း​စ​သော ခရစ်ယာန်​များ​တွေ့ ကြုံ​ရသည့်​အရာများ​ကို ပေါလု အစဉ်လိုက်​ဖော်ပြ​ခဲ့​သည်။ ထို “မျှော်လင့်ခြင်း” သည် သမ္မာကျမ်းစာ​မှ တစ်စုံ​တစ်ယောက် အစ​ဦးဆုံး​က​ရရှိ​လာ​သည့်​မျှော်လင့်ခြင်း​ကို မဆိုလို​ဘဲ အချိန်​ကြာ​လာ​သည်​နှင့်​အမျှ ခရစ်ယာန်​တစ်ဦး​ရလာ​နိုင်​သည့် ခိုင်ခံ့​မြဲမြံ နက်ရှိုင်း​ပြီး စိမ့်ဝင်​ပျံ့နှံ့​သွားသော မျှော်လင့်ခြင်း​ဖြစ်သည်။—၁၂/၁၅၊ စာမျက်နှာ ၂၂-၃။

မျက်မှောက်ခေတ်​ခရစ်ယာန်​တစ်ဦး​သည် ရှေး​ဂရိ​နိုင်ငံ​တွင်​ကျင်းပ​ခဲ့​သည့် အားကစားပွဲ​များ​ကို အဘယ်ကြောင့်​စိတ်ဝင်စား​မည်​နည်း။

ထို​အားကစားပွဲ​များ​၏ သဘော​သ​ကန်​နှင့် ထုံးစံ​များ​ကို​နားလည်​ထားခြင်း​က ကျမ်းချက်​အတော်များများကို ရှင်းပြ​ပေး​နိုင်​သည်။ ယင်း​တို့​မှ​အချို့​သည် ‘စည်းကမ်း​အတိုင်း​ပြိုင်​ခြင်း၊’ ‘ခပ်သိမ်း​သော​ဝန်​တို့ကို​ပယ်ရှား​၍ ယေရှုကို​စေ့စေ့​ကြည့်ရှု​ခြင်း၊’ ‘အဆုံးတိုင်အောင်​ပြေး​ခြင်း’ နှင့် သရဖူ သို့​မဟုတ် ဆု​ရရှိ​ခြင်း​ကို​ရည်ညွှန်း​သည်။ (၂ တိမောသေ ၂:၅; ၄:၇၊ ၈; ဟေဗြဲ ၁၂:၁၊ ၂; ၁ ကောရိန္သု ၉:၂၄၊ ၂၅; ၁ ပေတရု ၅:၄)—၁/၁၊ စာမျက်နှာ ၂၈-၃၀။

၁၉၁၄ ဇန်နဝါရီ​တွင် သတင်းကောင်း​ကြေညာ​ရန် အဘယ်နည်း​လမ်းသစ်​တစ်ခု ပေါ်ထွက်​လာ​ခဲ့​သနည်း။

ထို​အချိန်​က “ဖန်ဆင်း​ခြင်း​ဓာတ်​ပုံ​ပြဇာတ်” ကို​ထုတ်ဝေ​ခဲ့​သည်။ ၎င်း​တွင် အပိုင်း​လေး​ပိုင်း​ရှိ ရုပ်ရှင်​အပိုင်း​များ​ပါဝင်သော တင်ဆက်မှု​တစ်ခု​နှင့် ရာ​နှင့်​ချီ​သော ရောင်စုံ​မှန်​ဆ​လိုက်​ပုံ​များ​ပါရှိ​ကာ ယင်း​တို့​အများစုကို ရှင်းလင်း​ဟောပြောချက်​များ အသံသွင်း​ထားသော​ဓာတ်စက်​နှင့် ကိုက်ညှိ​တင်ဆက်​ပြသ​ခဲ့​ကြသည်။ ထို​ပြဇာတ်​အစုံ​နှစ်​ဆယ်​ကို​ပြင်ဆင်​ခဲ့​၍ လူများ​အား သမ္မာကျမ်းစာ​သတင်းတရား​သင်ကြား​ပေး​ရန် ကျယ်ကျယ်ပြန့်ပြန့်​အသုံးပြု​ခဲ့​သည်။—၁/၁၅၊ စာမျက်နှာ ၈-၉။

အုပ်ချုပ်ရေး​အဖွဲ့ နှင့် တရားဝင်​ကော်ပိုရေးရှင်း မည်သို့​ကွာခြား​သနည်း။

တရားဝင်​ကော်ပိုရေးရှင်း​၏ ဒါရိုက်တာ​များ​ကို ၎င်း​၏​အဖွဲ့ဝင်​များ​က မဲ​ဆန္ဒ​ပေး ရွေးကောက်​ခဲ့​ကြသော်လည်း အုပ်ချုပ်ရေး​အဖွဲ့​သည် မည်သည့်​လူသားက​မျှ ခန့်အပ်​ခြင်း​မဟုတ်ဘဲ ယေရှု​ခရစ်တော်​က ခန့်အပ်​ထားခြင်း​ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်​ရန် ယေဟောဝါသက်သေ​များ​အသုံးပြု​နေသော ကော်ပိုရေးရှင်း​အသီးသီး​၏ ဒါရိုက်တာ​များ​ဖြစ်​ဖို့ မလို​ပေ။ ပဲ​င်​စီ​လ်​ဘေး​နီး​ယား ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​၏ မကြာသေးမီ​က နှစ်ပတ်လည်​အစည်းအဝေး​၌ အုပ်ချုပ်ရေး​အဖွဲ့​၏ ဒါရိုက်တာ​များနှင့် တာဝန်ခံ​များ​အဖြစ် အမှုဆောင်​နေသည့် ယင်း​၏​အဖွဲ့ဝင်​များသည် မိမိတို့​ရာထူးကို ဆန္ဒ​အလျောက်​စွန့်လွှတ်​ခဲ့​ကြသည်။ လစ်လပ်​နေသော​နေရာများ​ကို “အခြားသိုး” မှ ရင့်ကျက်သော​ညီအစ်ကို​များ​က ဖြည့်စွက်​ခဲ့​ကြသည်။ (ယောဟန် ၁၀:၁၆) ယင်းကြောင့် အုပ်ချုပ်ရေး​အဖွဲ့​သည် ကမ္ဘာချီ​ညီအစ်ကို​များ​၏ ဝိညာဉ်​အစာ​ပြင်ဆင်​ပေးခြင်း​နှင့် ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို တစ်နည်း​နည်းဖြင့် ကြည့်ရှု​စောင့်ရှောက်​ရာ​တွင် အချိန်ပို​၍​အသုံးပြုနိုင်​ကြသည်။—၁/၁၅ စာမျက်နှာ ၂၉၊ ၃၁။

စိတ်ပျက်​အားလျော့​မှု​ကို တွန်းလှန်​တတ်​ရန် အဘယ်​ကျမ်းစာ​ပုံ​နမူနာ​နှစ်ခု​ကို ကျွန်ုပ်​တို့​ဆန်းစစ်​နိုင်​သနည်း။

တစ်ဦး​မှာ ရှမွေလ​၏​မိခင်​ဟန္န​ဖြစ်သည်။ ဣသရေလ​ယဇ်ပုရောဟိတ်မင်း​ဧလိ​က သူ့​အား​မှားယွင်းစွာ​ဝေဖန်​ခဲ့​စဉ် သူသည် စိတ်ဓာတ်ကျ​သွား​နိုင်​သည်။ ယင်းအစား သူသည်​ပွင့်ပွင့်လင်းလင်း​ဖြစ်သော်လည်း ရိုသေ​လေးစားမှု​ဖြင့် အဖြစ်မှန်​ကို​ပြောပြ​ခဲ့​သည်။ ထို့​ပြင် ဟန္န​သည် ဧလိ​အပေါ် အငြိုး​သို​မထား​ခဲ့​ချေ။ ဒုတိယ​တစ်ဦး​မှာ မာကု​ဖြစ်သည်၊ တမန်​တော်​ပေါလု​က သာသနာပြု​ခရီးစဉ်​တွင် သူ့​အား​မလိုက်​ပါစေ​လို​သောအခါ စိတ်ဓာတ်ကျ​ခဲ့​ပေမည်။ ထို​အခွင့်အရေး​ဆုံးရှုံး​ခဲ့​သောကြောင့် စိတ်ဓာတ်ကျ​နေ​မည့်​အစား သူသည် ဗာနဗ​နှင့်​ခရီး​သွား​၍ အမှုတော်တွင်​တက်ကြွ​စွာ ဆက်​ပါဝင်​ခဲ့​သည်။—၂/၁၊ စာမျက်နှာ ၂၀-၂။

ကွန်ပျူတာ​ဆော့ဖ်ဝဲ​ပရိုဂရမ်​များ​ကို မိတ္တူ​ပွား​၍ အခြားသူများ​အားပေးခြင်း သို့​မဟုတ် သူတို့​ထံ​မှ​လက်ခံ​ယူခြင်း​နှင့်​ပတ်သက်​၍ ခရစ်ယာန်​များ အဘယ်ကြောင့်​သတိပြု​သင့်​သနည်း။

(ကစား​နည်း​များ​အပါအဝင်) ကွန်ပျူတာ​ပရိုဂရမ်​အများစု​သည် ကွန်ပျူတာ​တစ်လုံး​၌​သာ ပရိုဂရမ်​ကို တပ်ဆင်​အသုံးပြုရန် ပိုင်ရှင်/အသုံးပြုသူ​ကို သတ်မှတ်​ထား​သည့် လိုင်စင်​ပါရှိ​သည်။ ယေဘုယျ​အားဖြင့် အခြားသူများ​အတွက် မိတ္တူ​ပွား​ကာ အခမဲ့​ပေး​သည့်​တိုင်အောင် မူပိုင်​ဥပဒေ​ကို​ချိုးဖောက်​ရာ​ရောက်​သည်။ ခရစ်ယာန်​များသည် ‘ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားပေး​ကြလော့’ ဟူ​သည့်​ပညတ်​ကို လိုက်နာ​လို​ကြသည်။ (မာကု ၁၂:၁၇)—၂/၁၅၊ စာမျက်နှာ ၂၈-၉။

စိရယ်လ်​နှင့် မီသိုဒီယက်စ်​တို့သည် မည်သူ​များ​ဖြစ်​ပြီး ကျမ်းစာ​လေ့လာ​ရန် အဘယ်​အထောက်အကူ​ကို သူတို့​ပြုလုပ်​ခဲ့​ကြ​သနည်း။

သူတို့သည် ကိုး​ရာစု​အတွင်း ဂရိ​နိုင်ငံ၊ သက်​စ​လို​နီ​ကာ​မြို့တွင် ဖွားမြင်​ခဲ့​ကြ​သည့် ညီနောင်​နှစ်ဦး​ဖြစ်သည်။ သူတို့သည် ဆ​လာ​ဗစ်​ဘာသာ​စကား​အတွက် အရေးအသား​အက္ခရာ​ကို​တီထွင်​ပေး​ပြီး ကျမ်းစာ​မြောက်မြားစွာ​ကို ဆလာဗိုနစ်​စကား​သို့ ဘာသာ​ပြန်ဆို​ပေး​ခဲ့​ကြသည်။—၃/၁၊ စာမျက်နှာ ၂၈-၉။

“ဝိညာဉ်​ပကတိ​စိတ်သဘော” ၏​ဆိုလိုချက်​ကား​အဘယ်နည်း။—ရောမ ၈:၆

ယေဟောဝါ​၏​လှုပ်ရှား​တတ်သော​စွမ်းအား​ဖြင့် ထိန်းချုပ်မှု၊ လွှမ်းမိုးမှု​နှင့် လှုံ့ဆော်မှု​ခံရ​ခြင်း​ကို​ဆိုလို​သည်။ သမ္မာကျမ်းစာ​ကို ဖတ်ရှု​လေ့လာခြင်း၊ ဘုရားသခင့်​ပညတ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​နာခံခြင်း​နှင့် ဘုရားသခင့်​ဝိညာဉ်​တော်​အတွက် ဆုတောင်းခြင်း​အားဖြင့် ကျွန်ုပ်​တို့​အပေါ် ဘုရားသခင့်​ဝိညာဉ်​တော် သက်ရောက်​စေနိုင်​သည်။—၃/၁၅၊ စာမျက်နှာ ၁၅။

နားလည်မှု​လွဲမှား​နေသည်​ဟု ကျွန်ုပ်​တို့​ခံစားရ​လျှင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

မေတ္တာ​စိတ်ဖြင့် ထို​ကိစ္စ​ကို​ဖြေရှင်းရန် ကြိုးစား​အားထုတ်​ဖို့​အရေးကြီး​သည်။ ယင်းသည် အောင်မြင်​ပုံ​မရ​လျှင် စိတ်မပျက်​ပါ​နှင့်။ “စိတ်နှလုံး​တို့ကို​ချိန်​တော်​မူ” သည့်​ယေဟောဝါ​ထံ​မှ နားလည်မှု​နှင့်​အကူအညီ​ရဖို့​အတွက် ဆုတောင်း​ပါ။ (သု. ၂၁:၂; ၁ ဓမ္မ​ရာဇဝင် ၁၆:၇)—၄/၁၊ စာမျက်နှာ ၂၁-၃။