မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အပျက်သဘောထားများကို ကိုင်တွယ်ဖြေရှင်းပုံ

အပျက်သဘောထားများကို ကိုင်တွယ်ဖြေရှင်းပုံ

အပျက်​သဘောထားများကို ကိုင်တွယ်​ဖြေရှင်းပုံ

အာသပ်​က ဤသို့​ညည်းညူ​ခဲ့​သည်– “အကယ်စင်စစ် ငါ့​နှလုံးကို​ငါ​သန့်ရှင်း​စေ​သော်လည်း အကျိုးမရှိ။ အပြစ်ကင်း​ခြင်း​နှင့် ငါ့​လက်ကို​ဆေးကြော​သော်လည်း အကျိုးမရှိ။ နေ့တိုင်း​နှောင့်ယှက်ခြင်း​နှင့် နံနက်​တိုင်း​ဆုံးမခြင်း​ကို ငါ​ခံရ​၏။”—ဆာလံ ၇၃:၁၃၊ ၁၄

ဗာရုတ်​က ဤသို့​ညည်းတွား​ခဲ့​သည်– “ငါသည် အမင်္ဂလာ​ရှိ [ဝမ်းနည်းစရာ​အကြောင်း​ဖြစ်] ၏။ ထာဝရ​ဘုရား​သည် ငါ​ဝမ်းနည်းစရာ​အကြောင်း တစ်ပါး​အပေါ်မှာ​တစ်ပါး​ကို ထပ်ဆင့်​တော်​မူ​သောကြောင့် ငါသည် သက်သာ​မရ။”—ယေရမိ ၄၅:၂

နောမိ​က ဤသို့​မြည်တမ်း​ခဲ့​သည်– “[အဆုံးမဲ့]တန်ခိုးရှင်​သည် ငါ့​အား အလွန်​ခါး​သော​အရာ​ကို​ပေး​တော်​မူ​ပြီ။ ငါသည် ကြွယ်ဝ​ပြည့်စုံ​လျက်​ထွက်သွား​၏။ ယခု​မူ​ကား ဆင်းရဲ​လျက်​တစ်ကိုယ်တည်း​ရှိ​မှ ထာဝရ​ဘုရား​သည် ငါ့ကို​ပို့​ပြန်​တော်​မူ​ပြီ။ ထာဝရ​ဘုရား​သည် ငါ့ကို​နှိမ့်ချ၍ [အဆုံးမဲ့]တန်ခိုးရှင်​သည် ငါ့ကို​ဆင်းရဲ​စေတော်မူ​သည်​ဖြစ်၍ နောမိ​အမည်​ဖြင့် အဘယ်ကြောင့်​ငါ့ကို​ခေါ်​ကြ​သနည်း။”—ရုသ ၁:၂၀၊ ၂၁

တစ်ခါတစ်ရံ စိတ်ဓာတ်ကျ​ခဲ့​ကြသော ယေဟောဝါ​၏​သစ္စာရှိ​ဝတ်ပြုသူ​များ​၏ ပုံ​နမူနာ​များစွာ သမ္မာကျမ်းစာ​တွင်​ပါရှိ​သည်။ အမှန်​မှာ မစုံလင်သူ​များ​အနေ​နှင့် ကျွန်ုပ်​တို့အားလုံး​သည် အခါ​အား​လျော်​စွာ ဤသို့​သော​ခံစားချက်​များ​ကို​ခံစားရ​သည်။ အချို့​သည် ဝမ်းနည်းဖွယ်​ဖြစ်ရပ်​များ​ကို ကြုံတွေ့​ခဲ့​ရသော​ကြောင့် အခြားသူများ​ထက်​ပင် ပို​၍​စိတ်ဓာတ်ကျ—မိမိကိုယ်ကို​သနားခြင်း​ဖြစ်​ကောင်း​ဖြစ်—နိုင်​ပေမည်။

အဆိုပါ​ခံစားချက်​များ​ကို ထိန်းချုပ်​မထား​လျှင် သူတစ်ပါး​နှင့်​လည်းကောင်း၊ ယေဟောဝါ​ဘုရားသခင်​နှင့်​လည်းကောင်း သင်၏​ဆက်ဆံ​ရေး ပျက်စီး​သွား​နိုင်​သည်။ မိမိကိုယ်ကို​သနားတတ်​သော ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​က ဤသို့​ဝန်ခံ​၏– “ကျွန်မ​ဟာ အသင်းတော်က​လူတွေ​အတွက် မထိုက်တန်​တဲ့​အပေါင်းအသင်း​လို့ ခံစား​နေရ​တာ​ကြောင့် လူမှုရေး​ဖိတ်ခေါ်ချက်​အတော်များများကို ကျွန်မ​ငြင်း​ခဲ့တယ်။” ဤသို့​သော​ခံစားချက်​များသည် လူတစ်ဦး​၏​အသက်တာကို အကြီးအကျယ်​ပျက်စီး​သွား​စေနိုင်​ပါ​သည်​တကား! ထို​ခံစားချက်​များ ပျောက်ပျက်​သွားစေရန် သင်​မည်သို့​ပြုလုပ်​နိုင်​မည်​နည်း။

ယေဟောဝါ​ထံ ချဉ်းကပ်​ပါ

အာသပ်​သည် ဆာလံ ၇၃ တွင်​သူ၏​စိတ်​ရှုပ်ထွေးမှု​ကို ပွင့်ပွင့်လင်းလင်း​ရေးခဲ့​၏။ သူသည် မတရားသော​သူတို့၏ ကြီးပွား​ချမ်းသာ​သော​အသက်တာ​နှင့် မိမိ၏​အခြေအနေ​ကို နှိုင်းယှဉ်​သောအခါ မနာလို​ငြူစူ​မိ​လေ​သည်။ ဘုရားတရား​မဲ့​သူတို့သည် မာန​ထောင်လွှား​ကာ အကြမ်းဖက်​ခဲ့​ကြသော်လည်း အပြစ်ပေး​ခံရ​ဖွယ်​မရှိကြောင်း​ကို သူ​သတိပြုမိ​ခဲ့​သည်။ ထို့​ကြောင့် အာသပ်​သည် မိမိ၏​ဘဝတွင် ဖြောင့်မတ်​သော​လမ်းစဉ် လိုက်လျှောက်​ရခြင်း​၏​တန်ဖိုး​ကို သံသယ​ဖြစ်လာ​ကြောင်း ထုတ်ဖော်​ပြော​ခဲ့​သည်။—ဆာလံ ၇၃:၃-၉၊ ၁၃၊ ၁၄

အာသပ်​နည်းတူ သင်သည် အမှား​များ​ပြုလုပ်​၍​ဝ​င့်​ဝါ​နေကြ​သော မတရားသော​သူတို့၏​လက်ရှိ​အောင်မြင်မှု​ကို သတိပြုမိ​သလော။ အာသပ်​သည် သူ၏​အပျက်​သဘောထားကို မည်သို့​ကိုင်တွယ်​ခဲ့​သနည်း။ “ထို​အမှုကို နားလည်​ရအောင်​ဆင်ခြင်​သောအခါ အလွန်​ခက်​သည်​ဟု ထင်​ပါ​၏။ နောက်​မှ ဘုရားသခင်​၏ သန့်ရှင်း​ရာ​ဌာန​ထဲ​သို့​ဝင်၍ သူတို့၏​အဆုံးကို နားလည်​ရ​ပါ​၏” ဟူ၍ အာသပ်​ဆက်​ပြော​ခဲ့​သည်။ (ဆာလံ ၇၃:၁၆၊ ၁၇) အာသပ်​သည် ဆုတောင်း၍ ယေဟောဝါ​ထံ​သို့​လှည့်လာခြင်း​ဖြင့် အပြုသဘော​ပါ​ခြေလှမ်း​များ​လှမ်း​ခဲ့​သည်။ နောက်ပိုင်း၌ တမန်​တော်​ပေါလု​အသုံးပြု​ခဲ့​သော စကား​ဖြင့်​ပြော​ရ​လျှင် အာသပ်​သည် မိမိ​အတွင်းမှ “ဝိညာဉ်​လူ” ကို​နှိုး​ထ​စေခြင်း​ဖြင့် “ဇာတိ​ပကတိ​လူ” ကို​ချိုးနှိမ်​ခဲ့​သည်။ အားသစ်လန်း​သော​အမြင်​အာရုံ​ဖြင့် ယေဟောဝါ​သည် မကောင်းမှုကို​မုန်းတီး​၍ မတရားသော​သူတို့ကို အချိန်တန်လျှင် ဒဏ်ခတ်​လိမ့်​မည်​ကို သူ​နားလည်ခဲ့​သည်။—၁ ကောရိန္သု ၂:၁၄၊ ၁၅

ဘဝ​မှန်​ကို​အာရုံစိုက်ရန် သမ္မာကျမ်းစာ​အကူအညီကို​ယူခြင်း​သည် အမှန်ပင်​အရေးကြီး​ပါ​သည်​တကား! မတရားသော​သူတို့၏လုပ်ရပ်​ကို ယေဟောဝါ​မသိဘဲ​မနေ​ဟု ကျွန်ုပ်​တို့ကို​သတိ​ရစေသည်။ ကျမ်းစာ​က ဤသို့​သွန်သင်ပေး​၏– “အ​လွဲ​မယူ​ကြ​နှင့်။ ဘုရားသခင်​သည် မထီမဲ့မြင်​ပြုခြင်း​ကို​ခံ​တော်​မ​မူ။ လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်။ . . . ငါ​တို့သည် အား​မ​လျော့၊ စိတ်မပျက်​ဘဲ ကောင်းသော​အကျင့်ကို​ကျင့်​ကြ​ကုန်​အံ့။” (ဂလာတိ ၆:၇-၉) ယေဟောဝါ​သည် မတရားသော​သူတို့ကို “ချော​သော​အရပ်၌” ထား​တော်​မူ​လိမ့်​မည်; “ဖျက်ဆီး​ရာ​အရပ်သို့ ချ​တော်​မူ” မည်။ (ဆာလံ ၇၃:၁၈) အဆုံး​၌ ဘုရားသခင့်​တရား​မျှတခြင်း​သည် အောင်ပွဲခံ​ရ​လိမ့်​မည်။

ယေဟောဝါ​၏​စားပွဲတော်​၌ ဝိညာဉ်​အစာ​ကျွေးမွေးခြင်း​အစီအစဉ်ကို အဆက်မပြတ်​သုံးဆောင်ခြင်း​နှင့် ဘုရားသခင်​၏​လူမျိုးတော်​နှင့် အကျိုးရှိရှိ​ပေါင်းသင်း​ခြင်း​တို့သည် သင်၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေပြီး စိတ်ဓာတ်ကျ​ခြင်း သို့​မဟုတ် အခြား​အပျက်​သဘောထားများကို ကျော်လွှား​အောင်မြင်​ရန် အထောက်အကူ​ရ​လိမ့်​မည်။ (ဟေဗြဲ ၁၀:၂၅) သင်သည် အာသပ်​နည်းတူ ဘုရားသခင်​ထံ ချဉ်းကပ်​ခြင်း​ဖြင့် ကိုယ်တော်​၏​မေတ္တာပါ​သော ထောက်ပံ့​ကူညီ​မှု​ကို​ရနိုင်​မည်။ အာသပ်​က ဤသို့​ဆက်၍​ဆို​သည်– “အကျွန်ုပ်သည် ကိုယ်တော်​ထံ​မှာ​အစဉ်​ရှိ၍ အကျွန်ုပ်၏​လက်ယာလက်​ကို ဆွဲကိုင်​တော်​မူ​၏။ အကျွန်ုပ်​ကို ဉာဏ်​ပေး​၍ ပဲ့ပြင်​တော်​မူ​မည်။ နောက်​တစ်ဖန် ဘုန်း​အသရေ​၌ သိမ်းယူ​တော်​မူ​မည်။” (ဆာလံ ၇၃:၂၃၊ ၂၄) အဆိုပါ​စကား​များ​၌ ဉာဏ်ပညာ​ရှိကြောင်းကို ငယ်​စဉ်​က မတော်မတရား​ပြု​ခံရ​သော ခရစ်ယာန်​တစ်ဦး​သိရှိ​ခဲ့​သည်။ “အသင်းတော်​နဲ့ ဆက်​ပြီး​အနီးကပ်​ပေါင်းသင်း​တဲ့​အတွက် ဘဝဟာ ကျွန်မ​ထင်သလို​မဟုတ်ဘူးဆိုတာ​ကို သိလာတယ်။ ခရစ်ယာန်​အကြီးအကဲ​တွေ​ဟာ မေတ္တာ​ရှိကြတယ်၊ ရဲသား​တွေ​မဟုတ်​ကြ​ဘဲ သိုးထိန်း​တွေ​ဖြစ်တယ်​ဆိုတာ​ကို ကွင်းကွင်းကွက်ကွက်​သိမြင်​လာတယ်” ဟု​သူ​ပြောပြ​သည်။ မှန်သည်၊ ထောက်ထား​စာနာ​တတ်သော ခရစ်ယာန်​အကြီးအကဲ​များသည် အကျိုး​နည်းစေ​သော​စိတ်ထား​များ ပပျောက်​သွားစေရန် အရေးကြီး​ကဏ္ဍ​မှ ပါဝင်​ထမ်းဆောင်​နေကြ​သည်။—ဟေရှာယ ၃၂:၁၊ ၂; ၁ သက်သာလောနိတ် ၂:၇၊ ၈

ယေဟောဝါ​၏​ဆုံးမမှု​ကို ခံယူ​လော့

ပရောဖက်​ယေရမိ​၏ အတွင်းရေးမှူး​ဗာရုတ်​သည် သူ၏​တာဝန်ပိုင်း​ဆိုင်ရာ​စိတ်ဖိစီးမှု​ကြောင့် ညည်းတွား​ခဲ့​သည်။ သို့သော် ယေဟောဝါ​သည် ကြင်နာ​စွာ​ဖြင့် အဖြစ်မှန်​အပေါ် ဗာရုတ်​အား အာရုံစိုက်​စေ​ခဲ့​သည်။ “‘သင်သည် ကြီးစွာ​သော​အရာ​တို့ကို ကိုယ်​အဖို့​ရှာ​သလော။ မ​ရှာ​နှင့်။ အကြောင်း​မူ​ကား ငါသည် ခပ်သိမ်း​သော​သတ္တဝါ​တို့​အပေါ်​သို့ ဘေးရောက်​စေမည်။ သို့ရာတွင် သင်​ရောက်​လေ​ရာ​ရာ​အရပ်​တို့​၌ သင်၏​အသက်ကို လက်ရဥစ္စာ​ကဲ့သို့ သင့်​အား​ငါ​ပေး​မည်’ ဟု​ထာဝရ​ဘုရား​မိန့်တော်မူ၏။”—ယေရမိ ၄၅:၂-၅

ဗာရုတ်​စိတ်ဓာတ်ကျ​ခြင်း​သည် သူ၏​ကိုယ်ကျိုးရှာ​အတ္တကြီး​ခြင်း​ကြောင့်​ဖြစ်သည်ဟု ပွင့်လင်း​စွာ ယေဟောဝါ​ရှင်းပြ​ခဲ့​၏။ ဗာရုတ်​သည် သူ့​အဖို့ ကြီးစွာ​သော​အရာ​တို့ကို ရှာဖွေ​နေစဉ် တစ်ချိန်တည်း​တွင် ဘုရားသခင်​ပေး​အပ်သော​တာဝန်​ကို​ထမ်းဆောင်​ရာ​၌ ပျော်ရွှင်မှု​မရနိုင်​ပေ။ စိတ်ဓာတ်ကျ​ခြင်း​ကို အောင်မြင်စွာ​အနိုင်ယူ​ခြင်း​ငှာ အပြုသဘော​ပါ​သော​ခြေလှမ်း​မှာ စိတ်​ပျံ့လွင့်​မှုများ​ကို​ရှောင်ရှား​ပြီး ဘုရားသခင့်​ရေးရာ​ရောင့်ရဲခြင်း​မှ​ဖြစ်ပေါ်​လာသော စိတ်​ငြိမ်သက်မှု​ရှိ​ခြင်း​ဖြစ်​ကြောင်း အသင်​လည်း​တွေ့ရှိ​ပေမည်။—ဖိလိပ္ပိ ၄:၆၊ ၇

မုဆိုးမ​နောမိ​သည် မောဘ​ပြည်​တွင် သူ၏​ခင်ပွန်း​နှင့်​သား​နှစ်ယောက် ဆုံးသွား​သောအခါ ထီး​ထီး​ကြီး​ဖြစ်သွား​ရန် ဝမ်းနည်း​ကြေကွဲမှု​ကို ခွင့်​မပြု​ခဲ့​ချေ။ သို့သော် အတန်ကြာ​သည့်​အထိ မိမိ​နှင့်​မိမိ၏​ချွေး​မ​နှစ်ဦး​အတွက် နာကြည်း​စွာ​ခံစား​ခဲ့​ရ​ပုံ​ရှိသည်။ သူတို့ကို​စေလွှတ်​ချိန်​၌ နောမိ​က “ထာဝရ​ဘုရား​လက်တော်​သည် ငါ့​အပေါ်​သို့​ရောက်ရှိ​သည်ကို သင်တို့​အတွက် ငါ​အလွန်​ဝမ်းနည်း​သော​စိတ်​ရှိသည်” ဟု​ပြော​ခဲ့​သည်။ တစ်ဖန် ဗက်လင်မြို့​သို့​ရောက်​သောအခါ သူ​ဤသို့​လေးနက်​စွာ​ပြော​လေ​သည်– “နောမိ [“ကျွန်ုပ်​၏​သာယာခြင်း”] ဟူ၍​မ​ခေါ်​ပါ​နှင့်။ မာ​ရ [“ခါးသီး​ခြင်း”] ဟူ၍​ခေါ်​ပါ။ [အဆုံးမဲ့]တန်ခိုးရှင်​သည် ငါ့​အား အလွန်​ခါး​သော​အရာ​ကို ပေး​တော်​မူ​ပြီ။”—ရုသ ၁:၁၃၊ ၂၀သမ္မာ။

သို့သော် နောမိ​သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​လူမျိုးတော်​ထံ​မှ သီးခြား​ကြေကွဲ​စွာ​မနေခဲ့ပါ။ မောဘ​ပြည်​၌​ရှိ​စဉ် “ထာဝရ​ဘုရား​သည် မိမိလူ​တို့ကို အကြည့်​အ​ရှု​ကြွ​၍ မုန့်ကို​ပေးသနား​တော်​မူ​ကြောင်း” သူ​ကြား​ခဲ့​သည်။ (ရုသ ၁:၆) မိမိ​အတွက်​အကောင်းဆုံး​နေရာ​သည် ယေဟောဝါ​လူမျိုးတော်​နှင့် အတူ​ရှိနေခြင်း​ဖြစ်သည်​ကို သူ​သဘောပေါက်ခဲ့​၏။ ထို့နောက် ချွေး​မ​ရုသ​နှင့်အတူ ယုဒပြည်​သို့ နောမိ​ပြန်လာ​ကာ ရုသ​ကို​ပြန်​ယူ​ခဲ့​သည့် ဆွေမျိုး​ပေါက်​ဖော်​ဗောဇ​အား မည်သို့​ပြုမူ​သင့်​သည်​နှင့်​ပတ်သက်​၍ ကျွမ်းကျင်​လိမ္မာ​စွာ​လမ်းညွှန်​ပေး​ခဲ့​သည်။

အလားတူ ယနေ့လည်း မိမိတို့၏​အိမ်ထောင်ဖက်​များ သေဆုံး​သွားခဲ့​သော သစ္စာစောင့်သိ​သူများ​သည် ခရစ်ယာန်​အသင်းတော်တွင် ဆက်၍​အလုပ်​များနေ​ခြင်း​အားဖြင့် စိတ်​ဖိစီးမှုကို အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်း​လျက်​ရှိကြသည်။ နောမိ​နည်းတူ သူတို့သည် ဝိညာဉ်​ရေးရာ​များ​တွင် အလုပ်​များနေ​ကြ​ပြီး ဘုရားသခင့်​စကားတော်​ကို နေ့စဉ်​ဖတ်ရှု​လျက်​ရှိသည်။

ဘုရားသခင့်​ဉာဏ်ပညာ​ကို ကျင့်သုံး​ခြင်း​မှ အကျိုးကျေးဇူးများ

အဆိုပါ​ကျမ်းစာ​မှတ်တမ်းများ​က အပျက်သဘောထား​များ​၏ ဆိုးကျိုး​များ​ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​ကြောင်း ထိုးထွင်း​သိမြင်​စေ​သည်။ အာသပ်​သည် ယေဟောဝါ​၏​သန့်ရှင်း​ရာ​ဌာန​ထဲ​ဝင်၍ အကူအညီ​တောင်းခံ​ပြီး ယေဟောဝါ​အား စိတ်ရှည်​စွာ​စောင့်မျှော်​ခဲ့​၏။ ဗာရုတ်​သည် ဆုံးမမှု​ကို​လက်ခံ​ကာ ကြွယ်ဝ​ချမ်းသာ​ရန် စိတ်​ပျံ့လွင့်​စ​ရာ​များ​ကို ရှောင်ရှား​ခဲ့​သည်။ နောမိ​သည် စစ်မှန်သော​ဘုရားသခင်​၏​ဝတ်ပြုရေးတွင် အမျိုးသမီးငယ်​ရုသ အခွင့်အရေး​များ​ရဖို့​အတွက် သူ့ကို​အသင့်ပြင်​ဆင်​ပေးခြင်း​၌ ယေဟောဝါ​၏​လူမျိုးတော်​အလယ် အလုပ်များ​နေခဲ့​သည်။—၁ ကောရိန္သု ၄:၇; ဂလာတိ ၅:၂၆; ၆:၄

ယေဟောဝါ​သည် မိမိ​လူမျိုးတော်ကို တစ်ဦးချင်း​စီ​အနေ​နှင့်​လည်းကောင်း၊ အုပ်စု​လိုက်​အနေ​နှင့်​လည်းကောင်း ဘုရားသခင့်​ရေးရာ​အောင်ပွဲ​များ​ရစေ​ခဲ့​သည်ကို ဆင်ခြင်​သုံးသပ်ခြင်း​အားဖြင့် စိတ်ဓာတ်ကျ​ခြင်း​နှင့် အခြား​အပျက်​သဘောထားများကို ကျော်လွှား​အောင်မြင်​နိုင်​မည်​ဖြစ်သည်။ ထိုသို့​ဖြစ်စေ​ရန် သင့်အတွက် ရွေးနုတ်ဖိုး​စီစဉ်​ပေး​ထားခြင်း​ဖြစ်သည့် ယေဟောဝါ​၏​အမြင့်မြတ်ဆုံး မေတ္တာပါ​လုပ်ရပ်​ကို ဆင်ခြင်​တွေးတောပါ။ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏ စစ်မှန်သော​မေတ္တာကို တန်ဖိုး​ထား​လေးမြတ်ပါ။ ရှေ့​နား​လေး​တွင်​ရှိသည့် ဘုရားသခင့်​ကမ္ဘာသစ်​၌ သင့်​အသက်တာ​ဘဝ​အပေါ် အာရုံစိုက်ပါ။ ထို့​ပြင် အာသပ်​ကဲ့သို့ ဤသို့​တုံ့ပြန်​ပါ​လေ– “အကျွန်ုပ်​မူ​ကား ဘုရားသခင့်​ထံ​တော်​သို့​ချဉ်းကပ်​၍ အကျိုးရှိ​ပါ​၏။ အမှုတော်​ရှိသမျှ​တို့ကို ကြား​ပြော​ခြင်း​အလို​ငှာ အရှင်​ထာဝရ​ဘုရား​၌ ခိုလှုံ​လျက်​နေပါ​၏။”—ဆာလံ ၇၃:၂၈