အံ့ဖွယ်အမှုများပြုသူကို ရှုစားလော့!
အံ့ဖွယ်အမှုများပြုသူကို ရှုစားလော့!
“ဘုရားသခင်၏အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။”—ယောဘ ၃၇:၁၄။
၁၊ ၂။ ၁၉၂၂ တွင် အဘယ်အံ့ဖွယ်ကောင်းသောအရာကို ရှာဖွေတွေ့ရှိခဲ့ကြသနည်း၊ အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။
ရှေးဟောင်းသုတေသနပညာရှင်နှင့် အင်္ဂလိပ်မှူးမတ်သည် နှစ်ပေါင်းများစွာပူးပေါင်း၍ ရတနာရှာဖွေခဲ့ကြသည်။ နောက်ဆုံးသော် ၁၉၂၂၊ နိုဝင်ဘာ ၂၆ တွင် ရှေးဟောင်းသုတေသနပညာရှင် ဟာဝပ်ဒ်ကာတာနှင့် လော့ဒ်ကာနာဗောန်တို့သည် ကျော်ကြားသည့် ဘုရင်တို့၏ချိုင့်ဝှမ်း၌ အီဂျစ်ဖာရောဘုရင်တို့၏သင်္ချိုင်းဖြစ်သော ဖာရောတူတန်ခါမန်၏ဂူကိုတွေ့ရှိခဲ့ကြသည်။ ချိပ်ပိတ်ထားသောတံခါးသို့သူတို့ရောက်သောအခါ စူးနှင့်အပေါက်ဖောက်ကြသည်။ ကာတာသည် ဖယောင်းတိုင်တစ်တိုင်ကိုသွင်းပြီးအထဲသို့ချောင်းကြည့်လိုက်၏။
၂ နောက်ပိုင်းတွင် ကာတာဤသို့ပြန်ပြောပြသည်– “လော့ဒ် ကာနာဗောန်ဟာ မစောင့်နိုင်တော့ဘဲ သိချင်ဇောနဲ့ ‘ဘာတွေ့ရသလဲ’ လို့မေးတယ်။ ‘အံ့ဖွယ်ကောင်းတဲ့အရာတွေ’ လို့ ကျွန်တော်မနည်းထုတ်ပြောခဲ့ရတယ်။” ဂူထဲမှရတနာအမြောက်အမြားကြားတွင် ရွှေသားစစ်စစ် ခေါင်းတလားတစ်လုံးရှိသည်။ ထို “အံ့ဖွယ်ကောင်းသောအရာ” အချို့ကို ဓာတ်ပုံများ သို့မဟုတ် အထူးအဆန်းပြပွဲတစ်ခု၌ သင်မြင်ဖူးကောင်းမြင်ဖူးပေမည်။ ထိုပစ္စည်းအထူးအဆန်းများသည် အလွန်အံ့ဖွယ်ကောင်းဦးတော့ သင့်ဘဝနှင့် သက်ဆိုင်မှုရှိချင်မှရှိမည်။ ထို့ကြောင့် သင်နှင့်အမှန်ပင်သက်ဆိုင်ပြီး သင့်အတွက်တန်ဖိုးရှိသော အံ့မခန်းဖွယ်ရာများကို ပြောင်းလဲသုံးသပ်ကြည့်ကြစို့။
၃။ ကျွန်ုပ်တို့အတွက်တန်ဖိုးရှိနိုင်သော အံ့ဖွယ်အရာများအကြောင်းကို အဘယ်နေရာတွင်တွေ့ရသနည်း။
၃ သာဓကအနေနှင့် လွန်ခဲ့သောရာစုနှစ်များစွာက အသက်ရှင်ခဲ့သူ၊ အဘယ်နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်၊ အဘယ်အားကစားအကျော်အမော်၊ အဘယ်မင်းမျိုးမင်းနွယ်ပုဂ္ဂိုလ်တစ်ဦးထက်မဆို ထူးခြားသူတစ်ဦးကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ သူ့ကို အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဟုခေါ်ဆိုခဲ့ကြသည်။ ယောဘဟူသော သူ၏အမည်ကို သင်မှတ်မိပါလိမ့်မည်။ ကျမ်းစာစောင်တစ်စောင်လုံးတွင် သူ့အကြောင်းဖော်ပြထားသည်။ သို့တိုင် ယောဘနှင့်တစ်ခေတ်တည်းသားဖြစ်သော လူငယ်ဧလိဟုက သူ့ကိုမိမိဆုံးမပဲ့ပြင်ပေးရန်လိုသည်ဟု ခံစားခဲ့ရသည်။ တစ်နည်းအားဖြင့် ဧလိဟုက ယောဘသည် သူ့ကိုယ်သူနှင့် သူ့ပတ်ဝန်းကျင်ကို အလွန်အာရုံစိုက်သည်ဟု ပြောဆိုခဲ့သည်။ ယောဘအခန်းကြီး ၃၇ တွင် ကျွန်ုပ်တို့တစ်ဦးစီအတွက် အမှန်တန်ဖိုးရှိနိုင်သော ပညာရှိအကြံပေးချက်အချို့ကိုတွေ့ရသည်။—ယောဘ ၁:၁-၃; ၃၂:၁–၃၃:၁၂။
၄။ ယောဘ ၃၇:၁၄ ၌မှတ်တမ်းတင်ထားသော ဧလိဟု၏နှိုးဆော်ချက်ကို အဘယ်အရာကလမ်းခင်းပေးခဲ့သနည်း။
၄ ယောဘ၏မိတ်ဆွေဆိုသူ သုံးဦးတို့သည် အတွေးအခေါ် သို့မဟုတ် အပြုအမူတွင် ယောဘမှားယွင်းခဲ့ပြီဟု သူတို့ယူမှတ်ကြသောကိစ္စများကို ရှည်လျားစွာထောက်ပြခဲ့ကြသည်။ (ယောဘ ၁၅:၁-၆၊ ၁၆; ၂၂:၅-၁၀) ဧလိဟုသည် ထိုအပြန်အလှန်ပြောဆိုမှု ပြီးဆုံးသည်အထိ စိတ်ရှည်ရှည်စောင့်ခဲ့သည်။ ထို့နောက် ထိုးထွင်းသိမြင်မှုရှိရှိ၊ ဉာဏ်ပညာရှိရှိ စကားပြောဆိုခဲ့သည်။ အဖိုးတန်သောအချက်များစွာကို သူပြောခဲ့သည်၊ သို့သော် ဤအဓိကအချက်ကို သတိပြုပါ– “အိုယောဘ ဤစကားကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့ကို ငြိမ်သက်စွာနေ၍ ဆင်ခြင်လော့။”—ယောဘ ၃၇:၁၄။
အမှုတော်များကိုလုပ်ဆောင်သူ
၅။ ဧလိဟုကိုးကားခဲ့သည့် “ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့” တွင် အဘယ်အရာပါဝင်သနည်း။
၅ ဧလိဟုသည် ယောဘအား ဧလိဟု သို့မဟုတ် အခြားလူသားတို့ကို ဂရုစိုက်ရန် အကြံမပေးခဲ့ကြောင်း သတိပြုပါ။ ဧလိဟုက ယေဟောဝါဘုရားသခင်၏ အံ့ဖွယ်အမှုတော်များကိုအာရုံစိုက်ရန် ယောဘ—နှင့်ကျွန်ုပ်တို့—ကိုပညာရှိစွာတိုက်တွန်းခဲ့သည်။ “ဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်တို့” ဟူသောစကားစုတွင် အဘယ်အရာပါဝင်သည်ဟု သင်ထင်သနည်း။ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အနာဂတ်၊ သင့်မိသားစု၊ လုပ်ဖော်ဆောင်ဖက်များနှင့် အိမ်နီးချင်းများစသည့် ပူပန်စရာများရှိထားပြီးဖြစ်ရာ ဘုရားသခင့် အံ့ဖွယ်အမှုတော်များကို အဘယ်ကြောင့်အာရုံစိုက်သင့်သနည်း။ ရှင်းနေသည်မှာ ယေဟောဝါဘုရားသခင်၏ အံ့ဖွယ်သောအမှုတော်များတွင် ကိုယ်တော်၏ဉာဏ်ပညာတော်နှင့် ကျွန်ုပ်တို့ဝန်းကျင်ရှိ ရူပဖန်ဆင်းရာများအပေါ် ကိုယ်တော်၏အာဏာတော် ပါဝင်ပါသည်။ (နေဟမိ ၉:၆; ဆာလံ ၂၄:၁; ၁၀၄:၂၄; ၁၃၆:၅၊ ၆) ယင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်ရန် ယောရှုမှတ်စာမှအချက်တစ်ချက်ကို သတိပြုပါ။
၆၊ ၇။ (က) မောရှေနှင့်ယောရှုလက်ထက်တွင် အဘယ်အံ့ဖွယ်အမှုများကို ယေဟောဝါစီရင်တော်မူခဲ့သနည်း။ (ခ) မောရှေနှင့်ယောရှုလက်ထက်မှ ထိုအံ့ဖွယ်အမှုတစ်ခုခုကို သင်တွေ့ကြုံခဲ့ရလျှင် မည်သို့တုံ့ပြန်ခဲ့မည်နည်း။
၆ ယေဟောဝါသည် ရှေးဣသရေလလူမျိုးကို လွတ်မြောက်ခြင်းသို့ မောရှေဦးဆောင်သွားနိုင်စေရန် ရှေးခေတ်အီဂျစ်ပြည်အပေါ် ကပ်ဘေးများကျရောက်စေခဲ့ပြီး ပင်လယ်နီကိုနှစ်ခြမ်းကွဲစေခဲ့သည်။ (ထွက်မြောက်ရာ ၇:၁–၁၄:၃၁; ဆာလံ ၁၀၆:၇၊ ၂၁၊ ၂၂) ယောရှုအခန်းကြီး ၃ တွင် အလားတူအဖြစ်အပျက်တစ်ခုရှိသည်။ မောရှေ၏အရာကိုဆက်ခံသူ ယောရှုသည် အခြားရေလွှာထုတစ်ခုကိုဖြတ်ကျော်ကာ ကတိထားရာပြည်ထဲသို့ ဘုရားသခင့်လူမျိုးတော်ကို ဦးဆောင်ခေါ်သွားဖို့ဖြစ်သည်။ ယောရှုကဤသို့ဆိုသည်– “သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။ အကြောင်းမူကား နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို သင်တို့တွင်ပြုတော်မူမည်။” (ယောရှု ၃:၅) အဘယ်အံ့ဖွယ်အမှုများနည်း။
၇ ထောင်နှင့်ချီသောယောက်ျား၊ မိန်းမနှင့် ကလေးများ ခြောက်သွေ့နေသောမြေကြီးပေါ် ဖြတ်လျှောက်သွားနိုင်ဖို့ ယေဟောဝါသည် တားဆီးလျက်ရှိသော ယော်ဒန်မြစ်ကိုဖွင့်ပေးခဲ့ကြောင်း မှတ်တမ်းကဖော်ပြသည်။ (ယောရှု ၃:၇-၁၇) ကျွန်ုပ်တို့သည် ထိုအချိန်တွင်ရှိပြီး မြစ်ထဲ၌လမ်းပေါ်လာ၍ လူအားလုံးဘေးမသီရန်မခ ဖြတ်ကူးသွားကြသည်ကို တွေ့ခဲ့မည်ဆိုလျှင် ယင်းအမှုကို အံ့အားသင့်နေကြပေမည်! ယင်းအမှုက ဖန်ဆင်းရာအပေါ် ဘုရားသခင်တန်ခိုးတော်လွှမ်းမိုးကြောင်း ထင်ရှားပြသည်။ သို့သော် ယခု—ကျွန်ုပ်တို့အသက်ရှင်စဉ်ပင်—အလားတူအံ့ဖွယ်အမှုများ ဖြစ်ပျက်နေပါသည်။ ဤအံ့ဖွယ်အမှုအချို့မှာ အဘယ်အရာများဖြစ်ကြောင်းနှင့် ၎င်းတို့ကိုအဘယ်ကြောင့်အာရုံစိုက်သင့်ကြောင်းသိနိုင်ဖို့ ယောဘ ၃၇:၅-၇ ကိုသုံးသပ်ကြည့်ပါ။
၈၊ ၉။ ယောဘ ၃၇:၅-၇ ကအဘယ်အံ့ဖွယ်အမှုတော်များကို ဖော်ပြသနည်း၊ ယင်းတို့ကိုကျွန်ုပ်တို့ အဘယ်ကြောင့်စဉ်းစားသင့်သနည်း။
၈ ဧလိဟုကဤသို့ကြေညာခဲ့သည်– “အံ့ဖွယ်သောအခြင်းအရာပါလျက် ဘုရားသခင်သည် အသံတော်နှင့် မိုးချုန်းတော်မူ၏။ ကြီးသောအမှု ငါတို့နားမလည်နိုင်သောအမှုတို့ကို ပြုတော်မူ၏။” “အံ့ဖွယ်သောအခြင်းအရာပါလျက်” ဘုရားသခင်စီရင်၏ဟု ဧလိဟုဆိုရာတွင် အဘယ်အရာကိုဆိုလိုသနည်း။ သူက ဆီးနှင်းနှင့် မိုးသည်းထန်စွာရွာခြင်းအကြောင်း ဖော်ပြသည်။ ယင်းတို့သည် လယ်သမားတစ်ဦး၏ လယ်ယာလုပ်ငန်းကို ဟန့်တားစေပြီး ဘုရားသခင့်အမှုတော်များကို ဆင်ခြင်သုံးသပ်ဖို့ သူ့အတွက်အချိန်ရရုံမက အကြောင်းပေါ်လာစေပေမည်။ ကျွန်ုပ်တို့ လယ်သမားများမဟုတ်ကြသော်လည်း မိုးနှင့်ဆီးနှင်းဒဏ်ကို ကျွန်ုပ်တို့ခံရနိုင်သည်။ ကျွန်ုပ်တို့နေထိုင်သည့်နေရာဒေသပေါ်မူတည်ပြီး ဆီးနှင်းနှင့်မိုးသည် ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာများကို အနှောင့်အယှက်ပေးနိုင်သည်။ ဤအံ့ဖွယ်ရာများ၏နောက်ကွယ်တွင် အဘယ်သူရှိကြောင်းနှင့် ယင်းကအဘယ်အဓိပ္ပာယ်ရှိကြောင်း သင်အချိန်ယူစဉ်းစားပါသလော။ ထိုသို့သင်ပြုဖူးပါသလော။
၉ ယောဘအခန်းကြီး ၃၈ တွင် ကျွန်ုပ်တို့ဖတ်ရသည့်အတိုင်း ယေဟောဝါဘုရားသခင်ကိုယ်တော်တိုင်သည် ယောဘကို အဓိပ္ပာယ်ရှိသောမေးခွန်းများ မေးခဲ့ရာတွင် အလားတူသဘောထားတင်ပြသည်။ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် ဤမေးခွန်းများကို ယောဘအားတိုက်ရိုက်မေးခဲ့သော်လည်း ၎င်းတို့သည် ကျွန်ုပ်တို့၏သဘောထား၊ ကျွန်ုပ်တို့၏ဘဝအသက်တာ၊ ကျွန်ုပ်တို့၏အနာဂတ်နှင့်လည်း သက်ဆိုင်ကြောင်းထင်ရှား၏။ ထို့ကြောင့် ဘုရားသခင်အဘယ်သို့မေးမြန်းခဲ့ကြောင်းကြည့်ကာ သက်ဆိုင်ပုံများကို စဉ်းစားကြည့်ကြစို့၊ ယောဘ ၃၇:၁၄ တိုက်တွန်းသည့်အတိုင်း ပြုလုပ်ကြပါစို့။
၁၀။ ယောဘအခန်းကြီး ၃၈ သည် ကျွန်ုပ်တို့အပေါ် အဘယ်အကျိုးသက်ရောက်သင့်သနည်း၊ အဘယ်မေးခွန်းများ ပေါ်ပေါက်စေသနည်း။
၁၀ အခန်းကြီး ၃၈ ကဤသို့အစပြုသည်– “ထာဝရဘုရားသည် ယောဘစကားကိုလှန်ပြန်၍ မိုးသက်မုန်တိုင်းထဲကမိန့်တော်မူသည်ကား၊ ‘ပညာမရှိဘဲ စကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကားအဘယ်သူနည်း။ လူယောက်ျားကဲ့သို့သင့်ခါးကိုစည်းလော့။ ငါမေးမြန်းသောပြဿနာတို့ကို ဖြေလော့။’” (ယောဘ ၃၈:၁-၃) ယင်းက သဘောထားကို တည့်မတ်ပေးသည်။ ယင်းကြောင့် ယောဘသည် စာရင်းရှင်းဖို့ စကြဝဠာဖန်ဆင်းရှင်ရှေ့ မိမိအမှန်တကယ်ရောက်ရှိနေကြောင်း အသိအမှတ်ပြုရန် သူ၏အတွေးအခေါ်ကို ပြုပြင်ပြောင်းလဲဖို့ အထောက်အကူရခဲ့သည်။ ၎င်းသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏တစ်ခေတ်တည်းသားများ ပြုလုပ်ဖို့ကောင်းသောအမှုဖြစ်သည်။ ထို့နောက် ဘုရားသခင်သည် ဧလိဟုဖော်ပြခဲ့သောအရာများ ကို အာရုံစိုက်စေတော်မူခဲ့သည်။ “မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖော်ပြလော့။ မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူစီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌စွဲစေသနည်း။”—ယောဘ ၃၈:၄-၆။
၁၁။ ယောဘ ၃၈:၄-၆ ကအဘယ်အရာများကို ကျွန်ုပ်တို့အား အသိအမှတ်ပြုစေသင့်သနည်း။
၁၁ ကမ္ဘာမြေကြီးဖြစ်ပေါ်စဉ်က ယောဘသာမက ကျွန်ုပ်တို့ထဲမှ မည်သူမဆိုသည် အဘယ်မှာရှိခဲ့သနည်း။ ကျွန်ုပ်တို့သည် ကမ္ဘာမြေကြီးကိုပုံစံပြုသော ဗိသုကာများဖြစ်ခဲ့သလော၊ ထိုပုံစံဖြင့် အရွယ်ပမာဏတို့ကို ပေကြိုးနှင့်တိုင်းတာခဲ့သလော။ ဝေးလေစွ! ထိုစဉ်က လူသားများပင် မရှိသေးချေ။ ကျွန်ုပ်တို့၏ကမ္ဘာမြေကြီးသည် အဆောက်အအုံတစ်ခုဖြစ်သည့်အလား ဘုရားသခင်က “တိုက်ထောင့်အထွတ်ကျောက်ကို အဘယ်သူတင်ထားသနည်း” ဟုမေးလေသည်။ ကမ္ဘာမြေကြီးပေါ် ကျွန်ုပ်တို့နေထိုင်ပြီး အသက်ဆက်ရှင်နိုင်ဖို့ ၎င်းသည် နေနှင့်အလောတော်အကွာအဝေးတွင် တည်ရှိကြောင်း ကျွန်ုပ်တို့သိကြသည်။ အရွယ်အစားမှာလည်း အလောတော်ပင်။ ကမ္ဘာကြီးပိုကြီးမည်ဆိုပါက လေထုအတွင်းမှ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ မလွတ်ထွက်နိုင်ဘဲနေမည်ဖြစ်ရာ ကျွန်ုပ်တို့၏ဂြိုဟ်သည် သက်ရှိမရှင်သန်နိုင်သောနေရာ ဖြစ်သွားပေမည်။ ၎င်း၏ “တိုက်ထောင့်အထွတ်ကျောက်ကို” တစ်ဦးတစ်ယောက်က နေရာမှန်၌ “တင်ထား” ကြောင်းထင်ရှားပေသည်။ ဂုဏ်တင်ခံထိုက်သူမှာ ယောဘလော။ ကျွန်ုပ်တို့လော။ သို့မဟုတ် ယေဟောဝါဘုရားသခင်လော။—သု. ၃:၁၉; ယေရမိ ၁၀:၁၂။
မည်သူဖြေဆိုနိုင်မည်နည်း
၁၂။ ယောဘ ၃၈:၆ ၌တွေ့ရသောမေးခွန်းက ကျွန်ုပ်တို့ကို အဘယ်အကြောင်း စဉ်းစားစေသနည်း။
၁၂ “မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌စွဲစေသနည်း” ဟူ၍လည်း ဘုရားသခင်မေးတော်မူခဲ့၏။ ယင်းသည် မေးခွန်းကောင်းတစ်ခု မဟုတ်ပေလော။ ကျွန်ုပ်တို့သည် ယောဘမသိခဲ့သော ဆွဲငင်အားဟူသည့် ဝေါဟာရနှင့် အကျွမ်းတဝင်ရှိနိုင်ပါသည်။ နေ၏အလွန်ကြီးမားသောဒြပ်ထုဆွဲငင်အားက မြေကြီးကိုသူ့နေရာ၌သူ တည်ရှိစေကြောင်း၊ ပုံဆောင်စကားအရ မြေကြီးတိုက်မြစ်စွဲနေကြောင်း ကျွန်ုပ်တို့အများစုနားလည်ကြသည်။ သို့တိုင် ဆွဲငင်အားကို မည်သူအပြည့်အဝနားလည်သနည်း။
၁၃၊ ၁၄။ (က) ဆွဲငင်အားနှင့်ပတ်သက်၍ အဘယ်အရာကိုဝန်ခံရမည်နည်း။ (ခ) ယောဘ ၃၈:၆ ကပေါ်လွင်စေသော အခြေအနေကို ကျွန်ုပ်တို့မည်သို့တုံ့ပြန်သင့်သနည်း။
၁၃ မကြာသေးမီကထုတ်ဝေခဲ့သော စကြဝဠာအကြောင်း ရှင်းသွားလေပြီဟူသောစာအုပ်က ‘သဘာဝစွမ်းအားစုများအနက် ဒြပ်ဆွဲအားသည် အကျွမ်းတဝင်အရှိဆုံးဖြစ်သော်လည်း နားမလည်နိုင်ဆုံးအရာဖြစ်သည်’ ဟုဝန်ခံထားသည်။ ယင်းကဤသို့ဖြည့်စွက်ဆိုသည်– “ဒြပ်ဆွဲအားသည် အာကာသဟင်းလင်းပြင်တွင် အဆက်မပြတ်ဖြတ်သွားနေပုံရသည်၊ ထိုသို့သွားနေသည်ကို သွားမှန်းမသိရပေ။ သို့ရာတွင် ဒြပ်ဆွဲအားသည် ဂရပ်ဗီတန်ဟုခေါ်သည့် အမှုန်များဖြင့်ဖွဲ့စည်းထားသော လှိုင်းများအဖြစ်သွားလာနိုင်သည်ဟု မကြာသေးမီနှစ်များက ရူပဗေဒပညာရှင်များက ယူဆခဲ့ကြပေပြီ။ . . . သို့သော် ယင်းတို့တည်ရှိကြောင်းကို မည်သူမျှ တပ်အပ်သေချာမပြောနိုင်ပေ။” ၎င်းက အဘယ်သဘောသက်ရောက်ကြောင်း စဉ်းစားကြည့်ပါ။
၁၄ သိပ္ပံပညာသည် ယောဘကို ယေဟောဝါထိုမေးခွန်းများမေးခဲ့ချိန်မှ နှစ်ပေါင်း ၃,၀၀၀ တိုးတက်ခဲ့ပြီ။ သို့ဖြစ်စေကာမူ ကမ္ဘာပေါ်တွင် ကျွန်ုပ်တို့ပျော်မွေ့နိုင်ဖို့ ကမ္ဘာမြေကြီးကို ၎င်း၏ပတ်လမ်းကြောင်းအတိုင်း၊ ရှိသင့်သောအနေအထားအတိအကျတွင် တည်ရှိစေသည့် ဒြပ်ဆွဲအားအကြောင်းကို ကျွန်ုပ်တို့ဖြစ်စေ၊ ကျွမ်းကျင်လှသော ရူပဗေဒပညာရှင်များဖြစ်စေ အပြည့်အစုံမရှင်းပြနိုင်သေးချေ။ (ယောဘ ၂၆:၇; ဟေရှာယ ၄၅:၁၈) ယင်းကြောင့် ကျွန်ုပ်တို့အားလုံးသည် ဆွဲငင်အားနှင့်ဆိုင်သော နက်နဲရှုပ်ထွေးရာများကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့လိုသည်ဟု အကြံပေးနေခြင်းမဟုတ်ပါ။ ယင်းအစား ဘုရားသခင့်အံ့ဖွယ်အမှုတော်များထဲမှ ဤကဏ္ဍတစ်ခုတည်းကိုသာ အာရုံစိုက်ခြင်းက ကိုယ်တော်အား ကျွန်ုပ်တို့ရှုမြင်ပုံကို အကျိုးပြုစေသင့်သည်။ ကိုယ်တော်၏ဉာဏ်ပညာနှင့် အသိပညာကို သင်စိုးရွံ့ထိတ်လန့်သလော၊ ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်ပိုမိုသိရှိဖို့လိုကြောင်း သိနားလည်ပါသလော။
၁၅-၁၇။ (က) ယောဘ ၃၈:၈-၁၁ ကအဘယ်အရာကို အာရုံစိုက်သနည်း၊ အဘယ်မေးခွန်းများကိုပေါ်ပေါက်စေသနည်း။ (ခ) အဏ္ဏဝါပြင်များနှင့် ကမ္ဘာပေါ် ၎င်းတို့၏ဖြန့်ဖြူးထားခြင်းဆိုင်ရာ အသိပညာနှင့်ပတ်သက်၍ အဘယ်အရာကိုဝန်ခံရမည်နည်း။
၁၅ ဖန်ဆင်းရှင်က ဤသို့ဆက်မေးမြန်းခဲ့သည်– “သမုဒ္ဒရာသည်အမိဝမ်းထဲကဖွား၍ ထွက်လာသောအခါ အဘယ်သူသည်တံခါးပိတ်နှင့် ပိတ်ထားသနည်း။ သမုဒ္ဒရာကိုမိုးတိမ်နှင့်ငါခြုံ၍ ထူထပ်သောမှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌လည်းကောင်း၊ ‘သင်သည် ဤအရပ်တိုင်အောင်လာရ၏။ တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏’ ဟု ပညတ်လျက် သမုဒ္ဒရာအပိုင်းအခြားကိုငါစီရင်၍ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌လည်းကောင်း အဘယ်သူသည်ဝိုင်း၍ ကူညီသနည်း။”—၁၆ သမုဒ္ဒရာကိုတံခါးပိတ်နှင့်ပိတ်ခြင်းတွင် တိုက်ကြီးများ၊ အဏ္ဏဝါပြင်များနှင့် ဒီရေအတက်အကျတို့ပါဝင်သည်။ ၎င်းတို့ကို လူတို့မည်မျှကြာကြာ ဆန်းစစ်လေ့လာပြီးပြီနည်း။ နှစ်ပေါင်းထောင်နှင့်ချီခဲ့ပြီး လွန်ခဲ့သောရာစုနှစ်အတွင်း၌ပင် တိုး၍ပြင်းထန်စွာလေ့လာခဲ့ကြပြီ။ ၎င်းတို့နှင့်ပတ်သက်၍ သိရှိရမည့်အရာအများစုကို ယခုသိရှိပြီးဖြစ်မည်ဟု သင်ယူမှတ်ပေမည်။ သို့သော် ဤ ၂၀၀၁ ခုနှစ်တွင် နောက်ဆုံးအချက်အလက်များကို ရှာဖွေသိရှိနိုင်ဖို့ စာကြည့်တိုက်ကြီးများ သို့မဟုတ် အကြီးအကျယ်သုတေသနပြုနိုင်သော အင်တာနက်ကိုအသုံးပြုကာ ထိုအကြောင်းကို စိစစ်ရှာဖွေမည်ဆိုပါက သင်အဘယ်အရာကိုတွေ့ရမည်နည်း။
၁၇ ကျယ်ပြန့်စွာလက်ခံထားသော အကိုးအကားစာအုပ်တစ်အုပ်တွင် ဤဝန်ခံချက်ကို သင်တွေ့ရှိနိုင်သည်– “ကမ္ဘာမြေပြင်ပေါ်တွင် ကုန်းပြင်မြင့်များနှင့် သမုဒ္ဒရာချိုင့်ဝှမ်းများကို ဖြန့်ဖြူးထားပုံနှင့် အဓိကမြေမျက်နှာသွင်ပြင်တို့ကို ဖြန့်ဖြူးထားပုံတို့သည် သိပ္ပံနည်းကျကျ စူးစမ်းလေ့လာမှုနှင့် သီအိုရီထုတ်ရန်အတွက် အဆန်းကြယ်ဆုံး ပြဿနာများတွင် ပါဝင်ခဲ့သည်မှာ ကြာပေပြီ။” ထိုသို့ဆိုပြီးနောက် အဆိုပါစွယ်စုံကျမ်းက ဖြစ်နိုင်ခြေရှိသောရှင်းလင်းချက်လေးခုကို တင်ပြပြီး ယင်းတို့သည် “ယူဆချက်အများတွင် အပါအဝင်ဖြစ်သည်” ဟုဆို၏။ ယူဆချက်ဟူသည် “အစမ်းသဘောရှင်းပြခြင်းထက်မကသော မလုံလောက်သည့် အထောက်အထားကိုဆိုလိုကြောင်း” သင်သိရှိပေမည်။
၁၈။ ယောဘ ၃၈:၈-၁၁ ကအဘယ်ကောက်ချက်များချစေသနည်း။
၁၈ ယင်းက ယောဘ ၃၈:၈-၁၁ ၌ကျွန်ုပ်တို့ဖတ်ရသော မေးခွန်းများ၏ အခန့်သင့်ဖြစ်မှုကို မပေါ်လွင်စေပေလော။ ကမ္ဘာဂြိုဟ်၏ ဤသွင်ပြင်လက္ခဏာအားလုံး စနစ်ကျအောင်စီစဉ်ထားပေးခြင်းသည် ကျွန်ုပ်တို့ကြောင့်မဟုတ်သည်မှာ သေချာသည်။ ကမ်းရိုးတန်းများ သို့မဟုတ် ကျွန်ုပ်တို့ကို လွှမ်းမိုးလေ့မရှိသည့် ဒီရေအတက်အကျဖြစ်ပေါ်စေသော ဆွဲငင်အားရှိသည့်လကို ကျွန်ုပ်တို့နေရာမချပေးခဲ့ပါ။ ကိုယ်တော်တိုင် နေရာချထားကြောင်း သင်သိပေမည်။—ဆာလံ ၃၃:၇; ၈၉:၉; သု. ၈:၂၉; တမန်တော် ၄:၂၄; ဗျာဒိတ် ၁၄:၇။
ဂုဏ်တင်ခံထိုက်သူ ယေဟောဝါအား ဂုဏ်တင်လော့
၁၉။ ယောဘ ၃၈:၁၂-၁၄ မှကဗျာဆန်သောအသုံးအနှုန်းများက အဘယ်ရူပဖြစ်ရပ်မှန်များကို အာရုံစိုက်စေသနည်း။
၁၉ ယောဘ ၃၈:၁၂-၁၄ တွင်ဖော်ပြထားသော ကမ္ဘာမြေကြီးလည်ပတ်မှုသည် လူသားများကြောင့်မဟုတ်ပါ။ ဤလည်ပတ်မှုကြောင့် အံ့မခန်းဖွယ်အလှပါလေ့ရှိသော မိုးသောက်ရောင်နီပေါ်လာသည်။ နေထွက်လာသည်နှင့်အမျှ ကမ္ဘာမြေကြီး၏ပုံပန်းသဏ္ဌာန်များသည် ရိုက်နှိပ်ခံရသော ရွှံ့စေးကဲ့သို့ ပုံစံပြောင်းလဲ ပီပြင်သဲကွဲလာသည်။ ကမ္ဘာမြေကြီးရွှေ့လျားနေခြင်းကို အနည်းငယ်မျှသာ သတိပြုကြည့်လျှင်ပင် အလွန်လျင်မြန်စွာလှည့်ပတ်မနေခြင်းကို ကျွန်ုပ်တို့အံ့သြရကြပေမည်၊ ထိုသို့သာလည်ပတ်ပါက ဘေးသင့်နိုင်ကြောင်း ကျွန်ုပ်တို့အလွယ်တကူသိနိုင်သည်။ နေ့တာညတာရှည်လွန်းပြီး လူတို့အသက်ရှင်ရန် မဖြစ်နိုင်လောက်အောင် အလွန်ပူခြင်းအေးခြင်းတို့ဖြစ်လာစေရန် အလွန်နှေးကွေးစွာလည်ခြင်းလည်းမရှိပါ။ ပွင့်ပွင့်လင်းလင်းဆိုရလျှင် လည်ပတ်နှုန်းကို အဘယ်လူသားစုမျှမဟုတ်ဘဲ ဘုရားသခင်သတ်မှတ်ပေးသည့်အတွက် ကျွန်ုပ်တို့ဝမ်းသာသင့်သည်။—ဆာလံ ၁၄၈:၁-၅။
၂၀။ ယောဘ ၃၈:၁၆၊ ၁၈ မှမေးခွန်းများကို သင်မည်သို့တုံ့ပြန်မည်နည်း။
၂၀ ယခု ဘုရားသခင်က သင့်ကို ဤမေးခွန်းများထပ်မေးသည်ဟု ဆိုပါစို့– “သင်သည်သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ ဝင်ဖူးသလော။ နက်နဲသောအောက်ဆုံးအရပ်၌ လှည့်လည်ဖူးသလော။” အဏ္ဏဝါဗေဒပညာရှင်တစ်ဦးပင်လျှင် ပြည့်စုံသောအဖြေပေးနိုင်မည်မဟုတ်! “မြေကြီးမျက်နှာတစ်ပြင်လုံးကို ကြည့်ရှုဖူးသလော။ အလုံးစုံကိုသိမြင်လျှင်ဖော်ပြလော့။” (ယောဘ ၃၈:၁၆၊ ၁၈) ကမ္ဘာ့ဒေသအရပ်အားလုံး သို့မဟုတ် နေရာအများအပြားသို့ သင်လည်ပတ်၊ စူးစမ်းလေ့လာပြီးပြီလော။ ကျွန်ုပ်တို့ကမ္ဘာမြေကြီးပေါ်ရှိ လှပသောနေရာဒေသများနှင့် အံ့ဖွယ်ရာများကို အာရုံစိုက်လေ့လာလျှင် သတ်တမ်းမည်မျှတိုင်ကုန်သွားနိုင်သနည်း။ ယင်းတို့သည် အမှန်တကယ်ပျော်ရွှင်ဖွယ်အချိန်များဖြစ်လိမ့်မည်တကား!
၂၁။ (က) ယောဘ ၃၈:၁၉ မှမေးခွန်းများက အဘယ်သိပ္ပံဆိုင်ရာရှုမြင်ချက်များကို ပေါ်ပေါက်စေမည်နည်း။ (ခ) အလင်းနှင့်ပတ်သက်သောအဖြစ်မှန်များက အဘယ်အရာကိုပြုလုပ်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသင့်သနည်း။
ယောဘ ၃၈:၁၉ မှနက်နဲသော ဤမေးခွန်းများကိုလည်းကြည့်ပါ– “အလင်းနေရာသို့ အဘယ်မည်သောလမ်းဖြင့်ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာရှိသနည်း။” အလင်းသည် လှိုင်းကဲ့သို့၊ ကန်ရေပြင်ပေါ်တွင် ကျွန်ုပ်တို့တွေ့နိုင်သော လှိုင်းဂယက်ကဲ့သို့ ဖြတ်သွားသည်ဟု အတန်ကြာရှုမြင်ခဲ့ကြကြောင်း သင်သိပါလိမ့်မည်။ သို့သော် ၁၉၀၅ ခုနှစ်တွင် အဲလဘတ် အိုင်စတိုင်းက အလင်းသည် စွမ်းအင်ထုပ်များ သို့မဟုတ် စွမ်းအင်အမှုန်များကဲ့သို့ လှုပ်ရှားကြောင်းရှင်းပြခဲ့သည်။ ယင်းက ကိစ္စပြီးပြတ်စေခဲ့သလော။ စွယ်စုံကျမ်းတစ်စောင်က “အလင်းသည် လှိုင်းလော၊ အမှုန်လော” ဟုမကြာသေးမီကမေးကာ “[အလင်း] သည် ယင်းတို့နှစ်ခုစလုံး မဖြစ်နိုင်ပုံပေါ်သည်၊ အကြောင်းမှာ ဤပုံစံ [လှိုင်းနှင့်အမှုန်] နှစ်ခုသည် အလွန်ကွာခြားသောကြောင့်ဖြစ်၏၊ အကောင်းဆုံးအဖြေမှာ အလင်းသည် ၎င်းတို့နှစ်ခုစလုံးနှင့် လုံးဝမတူဟူ၍ဖြစ်သည်” ဟုဖြေဆို၏။ သို့တိုင် ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်အမှုတော်ကို မည်သူမျှအပြည့်အဝမရှင်းပြနိုင်သေးသော်လည်း ကျွန်ုပ်တို့သည် နေရောင်ခြည်ဖြင့် (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ) အပူဓာတ်ရနေကြဆဲပင်။ အပင်များသည် အလင်းထိတွေ့မှုမှ ထွက်ပေါ်လာသော အစားအစာနှင့် အောက်စီဂျင်တို့ကို ကျွန်ုပ်တို့သုံးစွဲကြရသည်။ ကျွန်ုပ်တို့ စာဖတ်နိုင်ကြသည်၊ ကျွန်ုပ်တို့ချစ်မြတ်နိုးရသူတို့၏ မျက်နှာများကိုမြင်နိုင်သည်၊ နေဝင်ဆည်းဆာနှင့် အခြားအခြားသောအရာတို့ကို ရှုစားနိုင်ကြသည်။ ထိုသို့ပြုကြစဉ် ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို ကျွန်ုပ်တို့အသိအမှတ်မပြုသင့်ပေလော။—ဆာလံ ၁၀၄:၁၊ ၂; ၁၄၅:၅; ဟေရှာယ ၄၅:၇; ယေရမိ ၃၁:၃၅။
၂၁၂၂။ ရှေးခေတ်မှဒါဝိဒ်သည် ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို မည်သို့တုံ့ပြန်ခဲ့သနည်း။
၂၂ ယေဟောဝါ၏အံ့ဖွယ်အမှုတော်များကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်ကြသည့် ရည်ရွယ်ချက်မှာ ယင်းတို့ကြောင့် စိုးရွံ့ထိတ်လန့်၊ မိန်းမောတွေဝေပြီး စွဲမှတ်သွားဖို့အတွက်သာလော။ ဝေးလေစွ။ ရှေးခေတ်မှ ဆာလံဆရာက ဘုရားသခင့်အမှုတော်အားလုံးကို သဘောပေါက်ပြီး ထုတ်ဖော်ပြောဆိုဖို့ မဖြစ်နိုင်ကြောင်းဝန်ခံခဲ့သည်။ ဒါဝိဒ်က ဤသို့ရေးသားခဲ့၏– “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား အကျွန်ုပ်တို့အဖို့ပြုတော်မူသော အံ့သြဖွယ်အမှုတို့ . . . သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဖော်ကြားပြောမည်ဟုဆိုသော် ရေတွက်၍မကုန်နိုင်အောင်များလှပါ၏။” (ဆာလံ ၄၀:၅) သို့သော် ဤကြီးကျယ်ခမ်းနားလှသော အမှုတော်များနှင့်ပတ်သက်၍ တိတ်ဆိတ်စွာနေမည်ဟု သူဆိုလိုခြင်းမဟုတ်သည်မှာ သေချာသည်။ ယင်းကို ဆာလံ ၉:၁ ၌ဖော်ပြထားသော ဤစိတ်ပိုင်းဖြတ်ချက်ဖြင့် ဒါဝိဒ်ထင်ရှားစွာပြခဲ့သည်– “အိုထာဝရဘုရား အကျွန်ုပ်သည် စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကိုချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။”
၂၃။ ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို သင်မည်သို့တုံ့ပြန်သနည်း၊ အခြားသူများကို သင်မည်သို့ကူညီပေးနိုင်သနည်း။
ဆာလံ ၉၆:၃-၅) မှန်ပါသည်၊ ကိုယ်တော်အကြောင်း ကျွန်ုပ်တို့သိရှိထားရာများကို သူတစ်ပါးအား ဝေမျှပြောဆိုခြင်းဖြင့် ဘုရားသခင့်အံ့ဖွယ်အမှုတော်များကို ကျွန်ုပ်တို့နှိမ့်ချစွာ တန်ဖိုးထားလေးစားကြောင်းတင်ပြနိုင်ပါသည်။ ဖန်ဆင်းရှင်ကိုငြင်းပယ်သည့်အသိုင်းအဝိုင်း၌ သူတို့ကြီးပြင်းလာခဲ့ကြလျှင်ပင် ကျွန်ုပ်တို့၏အပြုသဘောပါသော၊ ပိုမိုသိရှိစေသော ဖော်ပြချက်များက ဘုရားသခင်အား သိမြင်လာစေနိုင်သည်။ ထို့ထက်ကား “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း” တော်မူသော၊ အံ့ဖွယ်အမှုတော်များကိုပြုလုပ်သူ ယေဟောဝါအကြောင်းသင်ယူ၍ ကိုယ်တော်အားဝတ်ပြုလိုစိတ်ရှိအောင် ၎င်းက သူတို့ကိုလှုံ့ဆော်ပေးပေလိမ့်မည်။—ဗျာဒိတ် ၄:၁၁။
၂၃ ကျွန်ုပ်တို့လည်း အလားတူလှုံ့ဆော်မခံရသင့်ပေလော။ ဘုရားသခင့်ကြီးကျယ်ခမ်းနားသောအမှုတော်များကို အံ့အားသင့်ခြင်းက ကိုယ်တော့်အကြောင်း၊ ကိုယ်တော်ပြုလုပ်ခဲ့ရာများနှင့် ပြုလုပ်တော်မူမည့်အရာများအကြောင်းပြောဆိုရန် လှုံ့ဆော်မခံရသင့်ပေလော။ အဖြေမှာ ရှင်းနေပါသည်—ကျွန်ုပ်တို့သည် “တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံ့ဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြ” သင့်၏။ (သင်မည်သို့ပြန်ဖြေမည်နည်း
• ယောဘ ၃၇:၁၄ ၌မှတ်တမ်းတင်ထားသော တိုက်တွန်းနှိုးဆော်ချက်က ဘုရားသခင်၏အဘယ်အမှုတော်များအကြောင်း သင့်ကိုစဉ်းစားစေသနည်း။
• သိပ္ပံပညာ အပြည့်အစုံမရှင်းပြနိုင်သော အဘယ်အရာအချို့ကို ယောဘအခန်းကြီး ၃၇ နှင့် ၃၈ တွင်မီးမောင်းထိုးပြထားသနည်း။
• ဘုရားသခင့်အံ့ဖွယ်အမှုတော်များနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း၊ အဘယ်အရာပြုလုပ်ရန် သင်လှုံ့ဆော်ခံရသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမုဒ္ဒရာကို သူ့နေရာနှင့်သူဖြစ်စေရန် မည်သူတံခါးပိတ်ထားသနည်း
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်ဖန်ဆင်းထားသော ကမ္ဘာပေါ်ရှိ လှပသောနေရာအားလုံးသို့ မည်သူလည်ပတ်ခဲ့ပြီနည်း