မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နတ်ဆိုးပညာနှင့် စစ်မှန်သော ဝိညာဉ်ရေး ရှာဖွေမှု

နတ်ဆိုးပညာနှင့် စစ်မှန်သော ဝိညာဉ်ရေး ရှာဖွေမှု

နတ်ဆိုး​ပညာ​နှင့် စစ်မှန်သော ဝိညာဉ်​ရေး ရှာဖွေမှု

ကျွန်ုပ်​တို့အားလုံး​တွင် ကာယရေး​လိုအပ်ရာ​များ​အပြင် ဝိညာဉ်​ရေး​လိုအပ်ရာ​များ ရှိကြသည်။ ထို့​ကြောင့် လူများစွာက ဘဝ​ရည်ရွယ်ချက်ကား အဘယ်နည်း၊ အဘယ်ကြောင့် လူ​တို့​ဆင်းရဲခံ​ရ​ကြ​သနည်း၊ ကျွန်ုပ်​တို့​သေ​သောအခါ မည်သို့​ဖြစ်သွား​သနည်း အစ​ရှိသော​မေးခွန်းများကို မေး​ကြ​ခြင်း​ဖြစ်သည်။ စိတ်​ရိုး​မှန်​သူများစွာ​တို့သည် သေလွန်သူ​တို့၏​ဝိညာဉ်​များနှင့် အဆက်အသွယ်​ရ​ရန်​မျှော်လင့်​လျက် နတ်ဝင်​သည်​များနှင့် တိုင်ပင်​ဆွေးနွေး​သည့်​နေရာများ (ဆက်သွယ်​ရာ​လမ်းကြောင်း​ဟု​လည်း​ခေါ်) တွင် ဤ​မေးခွန်းများ​နှင့် အလားတူ​မေးခွန်းများ​၏​အဖြေ​ရ​ရန် ကြိုးစား​ကြသည်။ ဤ​လုပ်ရပ်​ကို နတ်​ဝိဇ္ဇာ​ပညာ​ဟု ခေါ်​သည်။

နတ်​ဝိဇ္ဇာ​ပညာ​လိုက်စားမှု​များ​ကို နိုင်ငံ​များစွာ​တွင် တွေ့ရှိ​ရပြီး အသင်းအဖွဲ့​များနှင့် ချာ့ခ်ျ​များ​တွင် သူတို့​စုရုံး​ကြသည်။ ဥပမာ​အနေ​နှင့် ဘရာဇီး​တွင် အဲလ်​လ​န် ကား​ဒက် အမည်​ဖြင့် ရေးသားခဲ့​သော ၁၉ ရာစု​မှ ပြင်သစ်​ကျောင်း​ဆရာ​နှင့် အတွေး​ခေါ်​ပညာရှင် ဟီ​ပိုလိုက် လီယွန် ဒီ​နစ်​ဇာ​ဒ် ရီ​ဗေ​လ် ပြုစု​ပြဋ္ဌာန်း​ခဲ့​သည့် သွန်သင်ချက်​များ​ကို လိုက်လျှောက်​သူ​နတ်ဝင်​သည် ၄,၀၀၀,၀၀၀ ရှိသည်​ဟု ခန့်မှန်း​ရသည်။ ကား​ဒက်​သည် နတ်​ဝိဇ္ဇာ​ပညာ​ဆိုင်ရာ အံ့မခန်းဖွယ်​တို့ကို ၁၈၅၄ တွင်​စတင်​စိတ်ဝင်စား​ခဲ့​သည်။ ၎င်းနောက် သူသည် နေရာများ​စွာ​ရှိ နတ်ဝင်​သည်​များ​ကို မေးခွန်းများ​ထုတ်ခဲ့​ပြီး အဖြေ​များ​ကို ၁၈၅၇ ခုနှစ်​ထုတ် နာမ်ဝိညာဉ်​များ​ဆိုင်ရာ​စာအုပ် တွင်​မှတ်တမ်းတင်​ခဲ့​သည်။ သူ​ရေးသားခဲ့​သည့် အခြား​စာအုပ်​နှစ်အုပ်​မှာ နတ်ဝင်​သည်​များ​စာအုပ် နှင့် နတ်​ဝိဇ္ဇာ​ပညာ​အရ အမှန်တရား တို့​ဖြစ်သည်။

နတ်​ဝိဇ္ဇာ​ပညာ​သည် ဝူး​ဒူး၊ စုန်းကဝေ​အတတ်၊ သဘာဝ​ထက်​ထူးကဲ​သော​ပညာရပ် သို့​မဟုတ် စာတန်​ဝါဒ​တို့​ကဲ့သို့​သော ဘာသာရေး​အလေ့အထ​များနှင့် ဆက်နွှယ်​လျက်​ရှိသည်။ သို့ရာတွင် အဲလ်​လ​န် ကား​ဒက်​၏​သွန်သင်ချက်​တို့ကို လိုက်​ကြ​သူများ​က သူတို့၏​ယုံကြည်ချက်​မှာ ကွဲပြား​ခြားနား​သည်​ဟု​ဆို​ကြသည်။ သူတို့၏​စာပေ​များသည် သမ္မာကျမ်းစာ​ကို မကြာခဏ​ကိုးကား​လေ့​ရှိပြီး ယေရှုကို “လူ​ခပ်သိမ်း​တို့၏ လမ်းပြ​နှင့် စံနမူနာ” အဖြစ်​ရည်ညွှန်း​ကြသည်။ ယေရှု၏​သွန်သင်ချက်​များသည် “မြင့်မြတ်​သော​ပညတ်တရား​၏ အစင်​ကြယ်​ဆုံး​ဖော်ပြချက်” ဖြစ်သည်ဟု သူတို့​ဆို​ကြသည်။ အဲလ်​လ​န် ကား​ဒက် က နတ်​ဝိဇ္ဇာ​ပညာ​ဆိုင်ရာ ရေးသားချက်​များ​ကို လူသားတို့​အတွက် ဘုရားသခင့်​ပညတ်တရား​၏ တတိယ​ဖွင့်ပြချက်​အဖြစ် ရှုမြင်​၏၊ ပထမ​နှစ်ခု​မှာ မောရှေ၏​သွန်သင်ချက်​များနှင့် ယေရှု၏​သွန်သင်ချက်​များ​ဖြစ်သည်ဟု​ဆို​၏။

နတ်​ဝိဇ္ဇာ​ပညာ​သည် ကိုယ်​နှင့်​စပ်ဆိုင်​သူကို​ချစ်ခြင်း​နှင့် ကောင်းမှု​ပြုခြင်း​ကို ယင်းက ပေါ်လွင်​စေသော​ကြောင့် လူများစွာ​ကြိုက်​နှစ်သက်​ကြသည်။ နတ်​ဝိဇ္ဇာ​ပညာ​ခံယူ​ချက်​တစ်ခု​ကား ဤသို့– “ကောင်းမှု​မပြု​ပါ​က ကယ်တင်ခြင်း​မရှိ။” နတ်​ဝိဇ္ဇာ​ပညာ​သည်​အများ​သည် လူမှုရေး​လုပ်ငန်း၊ ဆေးရုံ၊ စာသင်​ကျောင်း​နှင့် အခြား​လူမှု​အဖွဲ့အစည်း​များ​ကို မြေ​တောင်​မြှောက်​ပေးခြင်း​တွင် တက်ကြွ​စွာ​ပါဝင်​ကြသည်။ ထိုသို့​သော​ကြိုးစား​မှုများ​သည် ချီးမွမ်းဖွယ်​ဖြစ်ပါ​သည်။ သို့သော် နတ်​ဝိဇ္ဇာ​ပညာ​ဆိုင်ရာ​ခံယူ​ချက်​များ​ကို သမ္မာကျမ်းစာ​တွင်​မှတ်တမ်း​တင်ထားသော ယေရှု၏​သွန်သင်ချက်​များနှင့် နှိုင်းယှဉ်​လိုက်​သော် မည်သို့​နည်း။ ဥပမာ​နှစ်ခု​ကို ကြည့်​ကြ​စို့– ၎င်းမှာ သေလွန်သူ​တို့အတွက် မျှော်လင့်ချက်​နှင့် ဆင်းရဲခံ​ရသည့်​အကြောင်းရင်း​တို့​ဖြစ်သည်။

သေလွန်သူ​တို့အတွက် မျှော်လင့်ချက်​ကား အဘယ်နည်း

နတ်​ဝိဇ္ဇာ​ပညာ​သည်​များစွာတို့သည် ပြန်ဝင်စားခြင်း​ကို ယုံကြည်​ကြသည်။ နတ်​ဝိဇ္ဇာ​ပညာ​ဆိုင်ရာ စာပေ​တစ်ခု​က ဤသို့​ဖော်ပြ​သည်– “မြင့်မြတ်​သော တရား​မျှတခြင်း​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့၏​အယူအဆ​နှင့်​ကိုက်ညီ​သည့် တစ်ခု​တည်း​သော အယူဝါဒ​မှာ ပြန်ဝင်စားခြင်း​ဖြစ်သည်; ၎င်း​သည် အနာဂတ်​ကို​ရှင်းပြ​ပေး​နိုင်​ပြီး ကျွန်ုပ်​တို့၏​မျှော်လင့်ချက်ကို ခိုင်ခံ့​စေသည့် တစ်ခု​တည်း​သော​အယူဝါဒ​ဖြစ်သည်။” နတ်​ဝိဇ္ဇာ​ပညာ​သည်​များ​က လူသေ​သော​ခါ စိုးလ်၊ သို့​မဟုတ် “ပြန်ဝင်​စား​သော ဝိညာဉ်​စပီးရစ်” သည် ပိုးတုံးလုံး​မှ လိပ်ပြာ​တစ်ကောင်​ထွက်​လာ​သည့်​ပ​မာ ခန္ဓာကိုယ်​ကို​စွန့်ခွာ​သည်​ဟူ၍ ရှင်းပြ​ကြသည်။ ဤ​ဝိညာဉ်​များသည် အရင်​ဘဝက အပြစ်​များ​ကို ဆေးကြော​ရန်​အတွက် လူသားများ​အဖြစ် ပြန်ဝင်​စား​လာ​ကြသည်​ဟု ယုံကြည်​ကြ​၏။ သို့သော် ယခင်​က​ပြု​ခဲ့​ဖူး​သော​အပြစ်​များ​ကို သူတို့​ပြန်​အမှတ်မရ​ကြ​ချေ။ “အတိတ်ကို ပြည်ဖုံးကား​ချရန် လျောက်ပတ်​သည်​ဟု ဘုရားသခင်​ယူမှတ်​သည်” ဟူ၍ နတ်​ဝိဇ္ဇာ​ပညာ​အရ အမှန်တရား​စာအုပ်​က​ဆို​၏။

“ပြန်ဝင်စားခြင်း​ကို ငြင်းပယ်​ခြင်း​သည် ခရစ်တော်​၏​စကား​ကိုလည်း ငြင်းပယ်​ရာ​ရောက်​သည်” ဟု​အဲလ်​လ​န် ကား​ဒက်​က ရေးသားခဲ့​သည်။ သို့သော် ယေရှုသည် “ပြန်ဝင်စားခြင်း” ဟူသော​စကားလုံး​ကို ဘယ်​သောအခါ​မျှ မ​မိန့်မြွက်​ခဲ့​ချေ၊ ထိုသို့​သော​အယူအဆကို​လည်း ဘယ်​သောအခါ​က​မျှ မဖော်​ပြ​ခဲ့​ပါ။ (“သမ္မာကျမ်းစာ​သည် ပြန်ဝင်စားခြင်း​ကို သွန်သင်​သလော” စာမျက်နှာ ၂၂ ကို​ရှု။) ယင်းအစား၊ ယေရှုသည် သေလွန်သူ​တို့၏​ထမြောက်ခြင်း​အကြောင်းကို သွန်သင်​ပေး​ခဲ့​သည်။ ကိုယ်တော်​၏​မြေကြီးဆိုင်ရာ အမှုတော်​ဆောင်​ချိန်​အတွင်း လူ​ပုဂ္ဂိုလ်​သုံးဦး—နာဣန​မြို့မှ မုဆိုးမ​၏​သား၊ တရား​ဇရပ်မှူး​၏​သမီး​နှင့် သူ၏ ရင်းနှီးသော​မိတ်ဆွေ လာဇရု—ကို​ထမြောက်​စေတော်မူ​ခဲ့သည်။ (မာကု ၅:၂၂-၂၄၊ ၃၅-၄၃; လုကာ ၇:၁၁-၁၅; ယောဟန် ၁၁:၁-၄၄) ထို​မှတ်သားဖွယ်​အဖြစ်အပျက်​များ​မှ တစ်ခု​ကို​သုံးသပ်​ကာ “ရှင်ပြန်ထမြောက်ခြင်း” ဟု​ဆို​ရာ​တွင် အဘယ်အရာကို ယေရှု​ဆိုလို​ကြောင်း ကြည့်​ကြ​စို့။

လာဇရု​၏​ရှင်ပြန်ထမြောက်ခြင်း

ယေရှုသည် မိမိ၏​အဆွေ လာဇရု​ဖျားနေ​ကြောင်း ကြား​တော်​မူ​၏။ နှစ်​ရက်​ကြာပြီးနောက် တပည့်​များ​ကို ဤသို့​မိန့်ဆိုခဲ့သည်– “ငါ​တို့​အဆွေ​လာဇရု​သည် အိပ်ပျော်​၏။ သူ့ကို​နှိုး​ခြင်း​အလို​ငှာ ငါ​သွား​မည်။” ယေရှု​အဘယ်အရာကို​ဆိုလို​ကြောင်း တပည့်တော်​များ​နားမလည်​ခဲ့​ကြ​သဖြင့် ရှင်းလင်းစွာ ဤသို့​မိန့်ဆို​လေ​သည်– “လာဇရု​သေ​ပြီ။” နောက်ဆုံး​တွင် ယေရှုသည် လာဇရု​၏​သင်္ချိုင်း​သို့​ရောက်သွား​သောအခါ ထို​သူ သေနေ​သည်​မှာ လေး​ရက်​ရှိနေ​ပေ​ပြီ။ သို့​တိုင် သင်္ချိုင်း​အဝင်ဝ​ကို​ပိတ်​ထားသော​ကျောက်တုံး​ကို ရွှေ့လိုက်​ရန် ယေရှု​အမိန့်ပေး​လိုက်​သည်။ ထို့နောက် “လာဇရု ထွက်၍​လာ​လော့!” ဟု​ဟစ်ခေါ်​တော်​မူ​၏။ သို့​နှင့် အံ့ဖွယ်ရာ​တစ်ခု​ဖြစ်ပျက်​ခဲ့​သည်။ “သေလွန်​သော​သူသည် မိမိ​ခြေလက်​၌ ပုဆိုးနံငယ်​နှင့်​ရစ်ပတ်​လျက်၊ မျက်နှာကို​လည်း ပဝါ​နှင့်​စည်း​လျက် ထွက်​လာ​၏။ ယေရှုကလည်း၊ ‘သူ့ကို​ဖြေ​၍​လွှတ်​ကြလော့’ ဟု မိန့်တော်မူ၏။”—ယောဟန် ၁၁:၅၊ ၆၊ ၁၁-၁၄၊ ၄၃၊ ၄၄

ယင်းသည် ပြန်ဝင်စားခြင်း​မဟုတ်​သည်​မှာ ရှင်းနေပါသည်။ ယေရှု​က သေသွား​သော​လာဇရု​သည် အိပ်ပျော်​နေကြောင်း၊ အသိစိတ်​မရှိကြောင်း မိန့်ဆိုခဲ့သည်။ သမ္မာကျမ်းစာ​ဖော်ပြ​သည့်​အတိုင်း ‘သူ၏​အကြံအစည်​တို့သည် ပျက်စီး​ကြ​၏။’ သူသည် “အဘယ်အရာကို​မျှ​မသိ။” (ဆာလံ ၁၄၆:၄; ဒေ. ၉:၅) ရှင်ပြန်ထမြောက်​ခံရ​သော လာဇရု​သည် ဝိညာဉ်​ပြန်ဝင်​စား​သည့် အခြား​လူ​ပုဂ္ဂိုလ်​တစ်ဦး​မဟုတ်​ချေ။ သူသည် ထပ်တူ​အသက်အရွယ်၊ ထပ်တူ​မှတ်ဉာဏ်​နှင့် ထပ်တူ​ဥပဓိရုပ်​ရှိသူ​ဖြစ်သည်။ သူသည် အချိန်မတန်​ဘဲ အသက်​ကြွေ​ခဲ့​ရသည့်​အချိန်​မတိုင်မီ အသက်တာ​ဘဝမျိုးကို​ပြန်​ဆက်​ကာ သူ့​သေဆုံးမှု​ကြောင့် ဝမ်းနည်းပူဆွေး​ခဲ့​ကြ​သည့် ချစ်​မြတ်နိုး​ရသူ​များ​ထံ ပြန်သွား​ခဲ့​သည်။—ယောဟန် ၁၂:၁၊ ၂

နောက်ပိုင်း​တွင် လာဇရု​ပြန်​သေဆုံး​သွား​သည်။ သို့​ဖြစ်​လျှင် အဘယ်​ရည်ရွယ်ချက်​အတွက် သူ​ထမြောက်​ခဲ့​သနည်း။ ယေရှု​ပြုလုပ်​ခဲ့​သည့် အခြား​ရှင်ပြန်ထမြောက်ခြင်း​များနှင့်​အတူ ၎င်း​က ဘုရားသခင်​သတ်မှတ်​ထားချိန်​တွင် ကိုယ်တော်​၏​သစ္စာရှိ​ကျေးကျွန်​များ​ကို သေခြင်း​မှ​ထမြောက်​စေ​လိမ့်​မည်​ဟူသော ဘုရားသခင့်​ကတိတော်​အပေါ် ယုံကြည်​စိတ်ချမှု​တိုးပွား​စေ​သည်။ ယေရှု၏​၎င်း​အံ့ဖွယ်အမှု​များ​က ကိုယ်တော်​၏ ဤ​စကား​များ​ကို ပို​၍​အလေးသာ​စေ​၏– “ငါသည်​ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။ ငါ့ကို​ယုံကြည်​သော​သူသည် သေလွန်​သော်လည်း​ရှင်​လိမ့်​မည်။”—ယောဟန် ၁၁:၂၅

ထို​အနာဂတ်​ထမြောက်ခြင်း​နှင့်​စပ်လျဉ်း၍ ယေရှု​က ဤသို့​မိန့်ဆိုခဲ့သည်– “ဤ​အမှုအရာ​ကို​အံ့သြခြင်း​မရှိကြ​နှင့်။ သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော်​၏​စကားသံ​ကို​ကြား​၍၊ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့။ ကောင်းသော​အကျင့်ကို​ကျင့်​သော​သူတို့သည် အသက်ရှင်​ရာ​ထမြောက်ခြင်း​သို့​လည်းကောင်း၊ ဆိုးယုတ်​သော​အကျင့်ကို​ကျင့်​သော​သူတို့သည် အပြစ်စီရင်​ရာ​ထမြောက်ခြင်း​သို့​လည်းကောင်း ထွက်​ရ​ကြ​လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) လာဇရု​အဖြစ်​၌​ကဲ့သို့ သေလွန်သူ​တို့၏​ထမြောက်ခြင်း​လည်း ဖြစ်ပျက်​ပါ​လိမ့်​မည်။ ၎င်း​သည် ပျက်စီး​ယိုယွင်း​ခဲ့​ပြီး​၍ အခြား​သက်ရှိ​ဇီဝရုပ်​များ​တွင်​ပင် ပါဝင်​သွားခဲ့​သော ထမြောက်​ခံရ​သည့်​ခန္ဓာကိုယ်​များနှင့် အသိစိတ်​ရှိ​နာမ်ဝိညာဉ်​များ ပြန်ပေါင်း​စပ်​ခြင်း​ဖြင့် ဖြစ်​မည်​မဟုတ်ပါ။ သေလွန်သူ​တို့ကို​ထမြောက်​စေခြင်း​သည် အတိုင်းအဆမဲ့ ဉာဏ်ပညာ​နှင့် တန်ခိုး​ရှိတော်မူသော ကောင်းကင်​မြေကြီး​ဖန်ဆင်း​ရှင်​၏ စွမ်းဆောင်​နိုင်​သည့်​အမှု​ဖြစ်သည်။

ယေရှု​ခရစ်​သင်ကြား​ပေး​ခဲ့​သော ရှင်ပြန်ထမြောက်ခြင်း​အယူဝါဒ​က တစ်ဦးချင်း​စီ​ကို​ချစ်တော်မူ​သည့် ဘုရားသခင်​၏​နက်ရှိုင်း​သော​မေတ္တာတော်ကို​ဖော်ပြ​သည် မဟုတ်ပေ​လော။ သို့သော် အစောပိုင်းက​ဖော်ပြ​ခဲ့​သည့် ဒုတိယ​မေးခွန်း​နှင့်​ပတ်သက်​၍​ကော မည်သို့​နည်း။

ဆင်းရဲခံ​ရသည့်​အကြောင်းရင်း​ကား အဘယ်နည်း

ဉာဏ်ပညာ​မရှိ၊ အတွေ့အကြုံ​နည်းသော သို့​မဟုတ် ဆိုးသွမ်း​သော​လူတို့၏​လုပ်ဆောင်ချက်​တို့​ကြောင့် လူများစွာ​တို့သည် ဆင်းရဲခံ​ရ​ကြ​၏။ သို့သော် လူကို​အပြစ်​ပုံချ​၍​မရ​သော ကြေကွဲဖွယ်​အဖြစ်အပျက်​များနှင့်​ပတ်သက်​၍​ကော မည်သို့​နည်း။ ဥပမာ၊ မတော်တဆ​ဖြစ်မှု​များနှင့် သဘာဝဘေး​အန္တရာယ်များ အဘယ်ကြောင့် ကျရောက်​ရသနည်း။ ကလေးငယ်​အချို့​သည် မွေးရာပါ​ချွတ်ယွင်းချက်​များ​ဖြင့် အဘယ်ကြောင့် မွေးဖွား​လာ​ကြ​ရသနည်း။ အဲလ်​လ​န်​ကား​ဒက်​သည် ထိုသို့​သော​အရာများ​ကို ပြစ်ဒဏ်​များ​အဖြစ်​ရှုမြင်​၏။ သူက ဤသို့​ရေးသားခဲ့​သည်– “ကျွန်ုပ်​တို့သည် အပြစ်ပေး​ခံ​နေရ​လျှင် အမှား​ကျူးလွန်​ခဲ့​ကြ​၍​ဖြစ်သည်။ ထို​အမှား​သည် လက်ရှိ​အသက်တာတွင်​ပြုသော အမှား​မဟုတ်ပါ​က ယခင်​ဘဝ​မှ​ဖြစ်​ရမည်။” နတ်​ဝိဇ္ဇာ​ပညာ​သည်​များသည် ဤသို့​သင်ကြား​ခံရ​ကြ​၏– “သခင်၊ ကိုယ်တော်​သည် အရာရာ၌​တရား​မျှတပါ​၏။ အကျွန်ုပ်​အား ခံစေ​သည့်​ရောဂါ​သည် အကျွန်ုပ်​နှင့်​ထိုက်တန်​၍​ဖြစ်ပါ​၏ . . . ၎င်းကို အကျွန်ုပ်၏​အတိတ်​ဘဝ​အတွက် ပြစ်ဒဏ်​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​၏​အလိုတော်ကို အကျွန်ုပ်​ယုံကြည်၍ လက်အောက်ခံ​သည့် သက်သေ​အထောက်အထား​အဖြစ် အကျွန်ုပ်​လက်ခံပါ​မည်။”—နတ်​ဝိဇ္ဇာ​ပညာ​အရ အမှန်တရား။

ထိုသို့ ယေရှု​သွန်သင်​ခဲ့​ပါသလော။ မသွန်သင်​ခဲ့​ပါ။ ဤ​ကျမ်းချက်​ကို ယေရှု​ကောင်းစွာ​သိထား​သည်– “ခပ်သိမ်း​သော​သူတို့၌ ကာလ​အချိန်စေ့​ခြင်း၊ အဆင်သင့်​ခြင်း​ရှိသည်​အတိုင်း [“အချိန်​နှင့် ကြိုတင်​မမြင်​ရသော​အမှု၊” က​ဘ] ဖြစ်တတ်​သည်။” (ဒေ. ၉:၁၁) ရံဖန်ရံခါ ဆိုးဝါး​သည့်​အရာများ ဖြစ်ပျက်​တတ်​ကြောင်း ကိုယ်တော်​သိရှိ​တော်​မူ​၏။ အပြစ်​အတွက် ဒဏ်​ခံရ​ခြင်း​ဖြစ်စရာ​မလို​ချေ။

ယေရှု၏​အသက်တာတွင် ဖြစ်​ခဲ့​သော ဤ​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ– “လမ်း၌​သွား​တော်​မူ​စဉ်၊ အမိ​ဝမ်း​တွင်း​က​ပင် မျက်စိကန်း​သော​သူတစ်ယောက်ကို [ယေရှု] တွေ့မြင်​တော်​မူ​၏။ တပည့်တော်​တို့​က၊ ‘အရှင်​ဘုရား၊ ဤ​သူသည် အဘယ်သူ​၏​အပြစ်​ကြောင့် မျက်စိကန်း​သနည်း။ ကိုယ်​အပြစ်​ကြောင့်​ကန်း​သလော။ မိဘ​အပြစ်​ကြောင့်​ကန်း​သလော’ ဟု မေးလျှောက်​ကြ​၏။” ယေရှု၏​အဖြေ​သည် အလွန်​မှတ်သားထိုက်​ပေ​သည်– “ကိုယ်​အပြစ်​ကြောင့်​မဟုတ်။ မိဘ​အပြစ်​ကြောင့်​လည်း​မဟုတ်။ ဘုရားသခင်​၏​အမှုတော်ကို သူ၌​ထင်ရှားစေ​မည်​အကြောင်း​တည်း။ မြေပေါ်မှာ​ထွေး​၍ တံတွေး​နှင့်​ရွှံ့​လုပ်ပြီး​မှ၊ ကန်း​သော​သူ၏​မျက်စိ​ကို​ရွှံ့​နှင့်​လူး၍၊ ‘သင်​သွားလော့။ ရှိ​လောင်​ရေကန်​၌ မျက်စိ​ကို​ဆေး​လော့’ ဟု မိန့်တော်မူ၏။ . . . ထို​သူသည်​သွား​၍​ဆေး​ပြီး​မှ၊ မျက်စိ​မြင်​လျက်​ပြန်​လေ​၏။”—ယောဟန် ၉:၁-၃၊ ၆၊ ၇

ထို​သူ၏​မွေးရာပါ​မျက်စိကန်း​မှု​သည် ထို​သူ​ကြောင့်​လည်းကောင်း၊ မိဘတို့​ကြောင့်​လည်းကောင်း မဟုတ်​ကြောင်း ယေရှု၏​စကား​များ​က ဖော်ပြ​သည်။ ထို့​ကြောင့် ယခင်​ဘဝတွင် ကျူးလွန်​ခဲ့​သော​အပြစ်​အတွက် ပြစ်ဒဏ်​ခံ​နေရ​သည်​ဟူသော အယူအဆကို ယေရှု​မထောက်ခံ​ပါ။ မှန်ပါသည်၊ လူသား​အားလုံး​သည် အပြစ်​၏​အမွေ​ကို​ခံရ​ကြ​ကြောင်း ယေရှု​သိတော်မူ၏။ သို့သော် သူတို့​မမွေး​မီ​က ကျူးလွန်​ခဲ့​သည့်​အပြစ်​မဟုတ်ဘဲ အာဒံ​၏​အပြစ်ကို​အမွေ​ရ​ကြ​ခြင်း​ဖြစ်သည်။ အာဒံ​၏​အပြစ်​ကြောင့် လူသား​အားလုံး​သည် ကိုယ်ကာယ​မစုံလင်မှု​ဖြင့် မွေး​ဖွားလာ​ကြ​ပြီး ဖျားနာ၊ သေဆုံး​ကြ​ရသည်။ (ယောဘ ၁၄:၄; ဆာလံ ၅၁:၅; ရောမ ၅:၁၂; ၉:၁၁) အမှန်​မှာ ထို​အခြေအနေ​ကို ပြန်​ကုစား​ရန် ယေရှု​စေလွှတ်​ခံရ​ခြင်း​ဖြစ်သည်။ နှစ်ခြင်း​ဆရာ​ယောဟန်​က ယေရှုသည် “ဤ​လောက​၏​အပြစ်ကို​ဆောင်​သွားသော ဘုရားသခင်​၏​သိုးသငယ်” ဖြစ်သည်ဟု ဆို​ခဲ့​သည်။—ယောဟန် ၁:၂၉ *

တစ်နေ့​နေ့တွင် ယေရှု​ကြွလာ​ကာ ကုသ​ပေး​နိုင်​ရန်​အတွက် ဘုရားသခင်သည် ထို​သူအား မျက်​ကန်း​အဖြစ် တမင်တကာ​မွေးလာ​စေ​သည်​ဟု ယေရှု​မပြော​ဆို​ခဲ့​ကြောင်းကို​လည်း သတိပြုပါ။ ထိုသို့​သာ​ဆိုလျှင် အလွန်​ရက်စက်​ကြမ်းကြုတ်​သည့် လုပ်ရပ်​ဖြစ်ပါ​မည်​တကား! သို့​ဖြစ်​ခဲ့​လျှင် ဘုရားသခင်​ကို ဂုဏ်တင်​ချီးမွမ်းမှု​ဖြစ်စေ​မည်​လော။ ဖြစ်စေ​မည်​မဟုတ်။ ယင်းအစား မျက်စိကန်း​သူကို အံ့ဖွယ်​နည်းဖြင့်​ကုသ​ပေး​ခဲ့​ခြင်း​က ‘ဘုရားသခင်​၏​အမှုတော်ကို ထင်ရှားစေ​၏။’ ယေရှု​ပြုလုပ်​ခဲ့​သည့် များစွာသော အခြား​ကုသမှု​များ​နည်းတူ ယင်းသည် ဆင်းရဲခံ​နေရ​သော လူသားထု​အတွက် ဘုရားသခင်​၏​ဖြူစင်​သော​မေတ္တာတော်ကို ပေါ်လွင်​စေ​ကာ ကိုယ်တော်​သတ်မှတ်​ထား​သည့်​အချိန်တွင် လူသား​အပေါင်း​၏​ဖျားနာ​မှု​နှင့် ဆင်းရဲခြင်း​ကို အဆုံးတိုင်​စေမည်​ဟူသော ကိုယ်တော့်​ကတိတော်​အပေါ် ယုံကြည်​စိတ်ချ​ထိုက်​မှု​ကို ထောက်ခံ​သည်။—ဟေရှာယ ၃၃:၂၄

ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​သည် ဆင်းရဲခြင်း​ကို​ဖြစ်ပေါ်​စေ​မည့်​အစား “ဆုတောင်း​သော​သူတို့အား ကောင်းသော​အရာ​ကို” ပေး​ကြောင်း​သိရှိ​ရခြင်း​သည် နှစ်သိမ့်မှု​ပေး​သည်မဟုတ်​ပေ​လော။ (မဿဲ ၇:၁၁) မျက်စိကန်း​သူများ​ပြန်မြင်​ကာ နားပင်း​သူများ​နား​ကြား​လျက် ခြေဆွံ့သူ​များ လမ်းလျှောက်၊ ကခုန်​ပြေးလွှား​ကြသောအခါ အကြီးမြတ်ဆုံး​အရှင်​၏​ဘုန်း​အသရေ​မှာ ထင်ရှား​လိုက်​မည်​ဖြစ်​ခြင်း!—ဟေရှာယ ၃၅:၅၊ ၆

ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေးခြင်း

ယေရှု​က ဤသို့​ကြေညာ​ခဲ့​သည်– “လူသည် မုန့်​အားဖြင့်​သာ အသက်ကို​မွေး​ရမည်​မဟုတ်။ ဘုရားသခင်​မိန့်တော်မူ​သမျှ​အားဖြင့် အသက်ကို​မွေး​ရမည်။” (မဿဲ ၄:၄) မှန်ပါသည်၊ ကျွန်ုပ်​တို့သည် ဘုရားသခင့်​စကားတော်၊ သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ကြ​ကာ ၎င်းနှင့်​အညီ အသက်ရှင်နေ​ထိုင်​ကြ​သည့်​အခါ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​များ ဖြည့်ဆည်း​ခံရ​သည်။ နတ်ဝင်​သည်​များနှင့် တိုင်ပင်​နှီးနှော​ခြင်း​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​လိုအပ်ရာ​တို့ကို အမှန်တကယ်​ဖြည့်ဆည်း​မပေးနိုင်ပါ။ အမှန်​မှာ ထိုသို့​သော​လုပ်ရပ်​ကို ဘုရားသခင်​၏ ပညတ်တရား​ဆိုင်ရာ ပထမဦးဆုံး​ဖွင့်ပြချက်​အဖြစ် အဲလ်​လ​န် ကား​ဒက် ရည်ညွှန်းခဲ့​သည့်​ကျမ်း​တွင် ရှင်းလင်း​ပြတ်သား​စွာ ပြစ်တင်​ရှုတ်ချ​ထား​သည်။—တရားဟောရာ ၁၈:၁၀-၁၃

နတ်​ဝိဇ္ဇာ​ပညာ​သည်​များ​အပါအဝင် လူများစွာ​သည် ဘုရားသခင်​အား အမြင့်မြတ်ဆုံး​အရှင်၊ ထာဝရ​ဖြစ်၍ အတိုင်းမသိ စုံလင်သော၊ ကြင်နာ​သော၊ ကောင်းမြတ်သော၊ တရား​မျှတသော​အရှင်​အဖြစ် အသိအမှတ်ပြု​ကြသည်။ သို့သော် သမ္မာကျမ်းစာ​က ထို​ထက်မက ဖော်ပြ​သည်။ ကိုယ်တော်၌​ကိုယ်ပိုင်​အမည်​နာမ​ရှိ၍ ၎င်းမှာ ယေဟောဝါ​ဖြစ်​ကြောင်း၊ ယေရှု​ကဲ့သို့ ကျွန်ုပ်​တို့​လည်း ၎င်းကို​ဂုဏ်တင်​ရမည်​ဖြစ်​ကြောင်း ဖော်ပြ​ထား​သည်။ (မဿဲ ၆:၉; ယောဟန် ၁၇:၆) ဘုရားသခင်​သည် လူသားများ ရင်းနှီး​စွာ​ဆက်ဆံ​နိုင်​သည့် တကယ်​တည်ရှိ​သော ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်​ကြောင်း ၎င်း​က ပုံဖော်​ထား​သည်။ (ရောမ ၈:၃၈၊ ၃၉) သမ္မာကျမ်းစာ​ကို​ဖတ်ရှု​သည့်​အခါ ဘုရားသခင်​သည် ကရုဏာရှင်​ဖြစ်​ကာ “ငါ​တို့​ပြစ်မှားခြင်း​နှင့်​အလျောက် ငါ​တို့​၌​ပြု​တော်​မ​မူ​တတ်။ ငါ​တို့​၌​ဒုစရိုက် [မကောင်းမှု] ရှိသည်​အတိုင်း အပြစ်ကို​ပေး​တော်​မ​မူ​တတ်” ကြောင်း​သိရှိ​ရသည်။ (ဆာလံ ၁၀၃:၁၀) ကိုယ်တော်​၏ ရေးသား​ထားသော စကားတော်​အားဖြင့် ပိုင်သ​အုပ်စိုးရှင်​ယေဟောဝါ​သည် မိမိ၏​မေတ္တာတော်၊ အမြင့်မြတ်ဆုံး​အရှင်ဖြစ်​မှု​နှင့် အကျိုးသင့်အကြောင်းသင့်​ဖြစ်မှု​တို့ကို ဖော်ပြ​သည်။ ကိုယ်တော်​သည် နာခံမှု​ရှိသော​လူသားများ​ကို လမ်းပြ​သည့်​အရှင်၊ ကာကွယ်​တော်​မူ​သော​အရှင်ဖြစ်​တော်​မူ​၏။ ယေဟောဝါ​နှင့် သားတော်​ယေရှု​ခရစ်​ကို​သိကျွမ်းခြင်း​သည် “ထာဝရ​အသက်​ဟူ [၏]။”—ယောဟန် ၁၇:၃

သမ္မာကျမ်းစာ​သည် ဘုရားသခင့်​ရည်ရွယ်ချက်​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​သိသင့်သိအပ်​သည့်​အရာအားလုံးကို ဖော်ပြ​ပေး​သည်၊ ထို့​ပြင် ကိုယ်တော့်​အလိုတော်နှင့်​တွေ့​လို​ပါ​က အဘယ်အရာ​ပြုလုပ်​ရမည်ကို ဖော်ပြ​ထား​သည်။ သမ္မာကျမ်းစာ​ကို ဂရုတစိုက်​ကြည့်ရှု​လေ့လာခြင်း​က ကျွန်ုပ်​တို့​မေးခွန်းများကို မှန်ကန်​စွာ​နှင့် ကျေနပ်​လောက်​အောင် ဖြေကြား​ပေး​သည်။ ထို့​ပြင် သမ္မာကျမ်းစာ​သည် အမှားအမှန်​ကိုလည်း ပြသ​ပေး​ကာ ခိုင်ခံ့​သော​မျှော်လင့်ချက်​ရှိစေသည်။ နီးကပ်​သော​အနာဂတ်​တွင် ဘုရားသခင်​သည် “သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား” လိမ့်​မည်​ဖြစ်​ကြောင်း စိတ်ချ​စေ​သည်။ (ဗျာဒိတ် ၂၁:၃၊ ၄) ယေရှု​ခရစ်​အားဖြင့် လူတို့သည် အပြစ်​နှင့် မစုံလင်မှု​အမွေ​မှ လွတ်မြောက်ပြီး နာခံမှု​ရှိသော​လူသားများ​သည် ပရဒိသု​မြေကြီးပေါ်​တွင် ထာဝရ​အသက်​အမွေ​ကို ယေဟောဝါ ရရှိစေ​ပါ​လိမ့်​မည်။ ထို​အခါ သူတို့၏​ကာယ​နှင့် ဝိညာဉ်​ရေး​လိုအပ်ရာ​များသည် အပြည့်အဝ​ဖြည့်ဆည်း​ခံရ​ပါ​လိမ့်​မည်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; သု. ၂:၂၁၊ ၂၂; မဿဲ ၅:၅

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 19 အပြစ်​နှင့် သေခြင်း​ဖြစ်ပေါ်​လာပုံ ဆွေးနွေးချက်​အတွက် ယေဟောဝါသက်သေ​များ ထုတ်ဝေ​သော ထာဝရ​အသက်​ရစေသော အသိပညာ စာအုပ် အခန်း ၆ ကို​ရှု။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

ပြန်ဝင်စားခြင်း​ကို သမ္မာကျမ်းစာ သွန်သင်ပါ​သလော

ပြန်ဝင်စားခြင်း​အယူဝါဒ​ကို ထောက်ခံ​သည့် ကျမ်းချက်​တစ်စုံတစ်ရာ​ရှိပါ​သလော။ ဤ​အယူဝါဒ​ကို​ယုံကြည်​ကြ​သူများ အသုံးပြု​ကြ​သည့် ကျမ်းချက်​အချို့​ကို သုံးသပ်ကြည့်​ပါ–

“ယောဟန်​မရောက်မီ​တိုင်အောင် ပညတ္တိကျမ်း၊ အနာဂတ္တိ​ကျမ်း​ရှိသမျှ​တို့သည် ဆုံးမ [သွန်သင်] ပေး​ကြ​၏။ . . . ဤ​သူ​ကား ‘လာ​လတ္တံ့​သော​ဧလိယ​ဖြစ်​သတည်း။’”—မဿဲ ၁၁:၁၃၊ ၁၄

နှစ်ခြင်း​ဆရာ​ယောဟန်​သည် ပြန်၍​မွေးဖွား​ခံရ​သော ဧလိယ​လော။ “သင်သည် . . . ဧလိယ​ဖြစ်သလော” ဟု​အမေး​ခံရ​သည့်​အခါ ယောဟန်​က “ငါသည် ဧလိယ​မဟုတ်” ဟု​ရှင်းလင်းစွာ​ဖြေကြား​ခဲ့​သည်။ (ယောဟန် ၁:၂၁) သို့ရာတွင် ယောဟန်​သည် “ဧလိယ​၏​စိတ်​ဝိညာဉ်​တန်ခိုး​နှင့်​ပြည့်စုံ​လျက်” မေရှိယ​ထက် အလျင်​ကျ​လိမ့်​မည်​ဟု တင်ကူး​ဟောထား​သည်။ (လုကာ ၁:၁၇; မာလခိ ၄:၅၊ ၆) တစ်နည်း​အားဖြင့်​ဆို​ရ​သော် နှစ်ခြင်း​ဆရာ​ယောဟန်​သည် ဧလိယ​၏​အလုပ်​နှင့်​ဆင်​တူသော​တာဝန်​ကို ထမ်းဆောင်​ခဲ့​ရာ ထို​သဘော​အရ ဧလိယ​ဖြစ်​ခဲ့​သည်။

“ဒုတိယ​မွေးခြင်း​ကို​မခံ​သော​သူ​မည်​သည်​ကား၊ ဘုရားသခင်​၏​နိုင်ငံတော်​ကို​မမြင်​ရ . . . ဒုတိယ​မွေးခြင်း​ကို​ခံရ​မည်​ဟု ငါ​ဟောပြော​သည်ကို​အံ့သြခြင်း​မရှိ​နှင့်။”—ယောဟန် ၃:၃၊ 

တမန်​တော်​တစ်ပါး​က နောက်ပိုင်း​တွင် ဤသို့​ရေးသားခဲ့​သည်– “ယေရှု​ခရစ်​ကို သေခြင်း​မှ​ထမြောက်​စေတော်မူ​သော​အားဖြင့်၊ ကြီးစွာ​သော​ကရုဏာတော်​နှင့်​အညီ ငါ​တို့ကို တစ်ဖန်​ဖြစ်ပွား [“အသစ်​မွေးဖွား၊” စံတင်​ဘာသာပြန်​ကျမ်း] စေတော်မူ​သော၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏ ခမည်းတော်​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​တော်​မူ​စေ​သတည်း။” (၁ ပေတရု ၁:၃၊ ၄; ယောဟန် ၁:၁၂၊ ၁၃) ရှင်း​နေသည်​ကား ထို​တွင် ယေရှု​ရည်ညွှန်းသော ပြန်​မွေးဖွားခြင်း​သည် ကိုယ်တော့်​နောက်လိုက်​များ အသက်ရှင်​ဆဲ​အချိန်တွင်​ဖြစ်ပျက်​သော ဝိညာဉ်​ရေး​အတွေ့အကြုံ​ဖြစ်သည်၊ အနာဂတ်​ပြန်ဝင်စားခြင်း​မဟုတ်ပေ။

“လူတစ်ဦး​သေဆုံးသော​အခါ သူသည် ထာဝစဉ်​အသက်ရှင်​သည်– ကျွန်ုပ်​၏ မြေကြီးပေါ်​နေရ​သော နေ့ရက်​များ​ကုန်ဆုံး​သောအခါ နောက်ထပ်​ပြန်လာ​မည်​ကို ရှုမျှော်​လျက် စောင့်နေ​ပါ​မည်။”နတ်ဆိုး​ပညာ​အရ အမှန်တရား တွင်​ကိုးကား​ထားသော ယောဘ ၁၄:၄ ၏ “ဂရိ​ဘာသာပြန်​ဆို​ချက်​တစ်ခု။”

ဤ​ကျမ်းချက်​ကို စံတင်​ဘာသာပြန်​ကျမ်း​က ဤသို့​ပြန်ဆို​ထား​သည်– “လူတစ်ဦး​သေ​လျှင် ပြန်ရှင်​လိမ့်​မည်​လော။ အကျွန်ုပ်​လွတ်မြောက်​သည့်​တိုင်အောင် အမှုထမ်း​ရသော​နေ့ရက်​ကာလ​တစ်လျှောက် စောင့်နေ​ပါ​မည်။” ကျမ်းချက်​၏​ရှေ့နောက်စကား​ကို ဖတ်ပါ​လေ။ သေလွန်သူ​တို့သည် “လွတ်မြောက်မှု” အတွက် သင်္ချိုင်းတွင်း​မှာ စောင့်​နေကြ​ကြောင်း တွေ့ရ​ပါ​လိမ့်​မည်။ (အခန်းငယ် ၁၃) စောင့်မျှော်​နေကြ​စဉ် သူတို့​မတည်ရှိ​ကြ​ချေ။ “သေလွန်သူ​သည် လုံးလုံး​မရှိတော့​ပေ; လူသေ​သောအခါ မတည်ရှိ​တော့​ပေ။”—ယောဘ ၁၄:၁၀၊ ဘက်​စ​တား​၏ စက်ပ်တွားဂျင့် ဘာသာပြန်​ကျမ်း။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ရှင်ပြန်ထမြောက်ခြင်း​မျှော်လင့်ချက်​က ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​ကို ဘုရားသခင် နက်နက်ရှိုင်းရှိုင်း စိတ်ဝင်စား​တော်​မူ​ကြောင်း ဖော်ပြ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘုရားသခင်​သည် လူသား​၏ ဆင်းရဲခြင်း​အားလုံး​ကို အဆုံးတိုင်​စေပါ​လိမ့်​မည်