မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပျော်ရွှင်သော ဘုရားသခင်နှင့်အတူ ရွှင်လန်းပါ

ပျော်ရွှင်သော ဘုရားသခင်နှင့်အတူ ရွှင်လန်းပါ

ပျော်ရွှင်သော ဘုရားသခင်​နှင့်အတူ ရွှင်လန်း​ပါ

“အဆုံး​စကား​မှာ ညီအစ်ကို​တို့ အစဉ်မပြတ်​သက်သာ​ဝမ်းမြောက် . . . ကြလော့။ သို့ပြုလျှင် ချစ်ခြင်း၊ ငြိမ်သက်ခြင်း​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ တည်​နေ​တော်​မူ​လိမ့်​မည်။”—၂ ကောရိန္သု ၁၃:၁၁၊ က​ဘ။

၁၊ ၂။ (က) လူအများသည် ဘဝတွင် ရွှင်လန်းမှု​အဘယ်ကြောင့်​မရှိကြ​သနည်း။ (ခ) ရွှင်လန်းမှု​ဟူသည် အဘယ်နည်း၊ ယင်းကို ကျွန်ုပ်​တို့​မည်သို့​မွေးမြူ​နိုင်​သနည်း။

အမှောင်​လွှမ်းသော ဤ​ခေတ်တွင် လူအများ​အဖို့ ပျော်စရာ​အကြောင်း​မရှိသလောက်​ပင်။ မိမိတို့​ကိုယ်တိုင်၊ မိမိတို့​ချစ်​မြတ်နိုး​ရသူ​တစ်ဦးဦး၊ ကြေကွဲဖွယ်​ဖြစ်ရပ်ဆိုး​နှင့်​ကြုံ​ရသည့်​အခါ ရှေးခေတ်​က ယောဘ​ပြော​သကဲ့သို့ ‘လူသည် မိန်းမ​ဖွား​သော​သူ​ဖြစ်​သဖြင့် အသက်​တို​၍ ဆင်းရဲခြင်း​နှင့်​ပြည့်စုံ​ပါ​၏’ ဟု​ခံစားရ​ပေမည်။ (ယောဘ ၁၄:၁) ခရစ်ယာန်​တို့သည် “ခဲယဉ်း​သော​ကာလ” ၏ ဖိစီးမှု​သောက​များနှင့် မလွတ်ကင်း​နိုင်​ကြ​ရာ ယေဟောဝါ​၏​သစ္စာရှိ​ကျေးကျွန်​များ ရံဖန်ရံခါ စိတ်ပျက်​အားလျော့​ကြ​ခြင်း​မှာ အံ့ဩစရာ​မဟုတ်ပေ။—၂ တိမောသေ ၃:၁

သို့သော် ခရစ်ယာန်​များသည် စုံစမ်းမှု​ခံ​နေရ​ချိန်​တွင်​ပင် ရွှင်လန်း​နိုင်​ကြသည်။ (တမန်​တော် ၅:၄၀၊ ၄၁) ယင်း​သို့​ရွှင်လန်း​နေနိုင်ပုံ​ကို​နားလည်​ရန် ရွှင်လန်းမှု​၏​အဓိပ္ပာယ်​ကို ဦးဆုံး​သုံးသပ်ကြည့်​ပါ။ ရွှင်လန်းမှု​ဟူသည် “ကောင်းသော​အရာတစ်ခု​ကို ရယူ​ပိုင်ဆိုင်ခြင်း​ကြောင့် သို့​မဟုတ် ယင်းကို​ရနိုင်​မည်​ဟု​မျှော်လင့်​နိုင်​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​သည့် စိတ်​လှုပ်ရှားမှု​ဟု အနက်ဖွင့်​ထား​သည်။” * သို့​ဖြစ်​ရ​ကား ကမ္ဘာသစ်​တွင် ကျွန်ုပ်​တို့အတွက်​အသင့်ရှိ​သည့် ရွှင်လန်းမှုများ​ကို တွေးတော​စဉ်းစား​စဉ် မိမိတို့၏​လက်ရှိ​ကောင်းချီး​များ​ကို အချိန်​ယူ​ရေတွက်​ကြည့်​မည်​ဆိုလျှင် ရွှင်လန်း​နေနိုင်​သည်။

၃။ လူတိုင်း​တွင် ယု​တ်စွ​အဆုံး ပျော်စရာ​အကြောင်း အနည်းငယ်​ရှိသည်​ဟု အဘယ်​သဘောဖြင့် ဆိုနိုင်​သနည်း။

လူတိုင်း​တွင် ပီတိ​ဖြစ်စရာ​ကောင်းချီး​အချို့ ပိုင်ဆိုင်​ထား​ကြသည်။ အိမ်ထောင်ဦးစီး​ဖြစ်သူ​သည် အလုပ်ပြုတ်​သွားပေ​မည်။ သူ​စိုးရိမ်​ပူပန်​လာ​သည်​မှာ သဘာဝ​ပင်။ မိမိ​ချစ်ရသူ​တို့အတွက် သူ​ထောက်ပံ့​ကျွေးမွေး​လို​၏။ သို့​တိုင် သန်စွမ်း​ကျန်းမာ​နေလျှင် ဤ​အတွက်​ကျေးဇူး​တင်​နိုင်​သည်။ သူ​အလုပ်​ရသည့်​အခါ အားစိုက်​ခွန်​စိုက်​လုပ်ကိုင်​နိုင်​လိမ့်​မည်။ နောက်​နမူနာ​တစ်ခု​အနေ​နှင့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် အားယုတ်​စေသည့်​ရောဂါ​တစ်မျိုး​မျိုးကို ရုတ်တရက်​ရသွား​ပေမည်။ သို့သော် သူသည် မိမိ၏​နာမကျန်း​ဖြစ်မှု​ကို သိက္ခာ​ရှိ​ရှိ ရဲရဲရင့်ရင့်​ရင်ဆိုင်​နိုင်​ရန် အကူအညီ​ပေး​လှာ​ကြ​သည့် မေတ္တာပြည့်​ဝ​သော မိတ်ဆွေများ​နှင့် မိသားစု​၏​ထောက်မမှု​အတွက် ကျေးဇူး​တင်​စကား​ဆိုနိုင်​ပေမည်။ ထို့​အပြင် ခရစ်ယာန်စစ်​တိုင်း​သည် မည်သည့်​အခြေအနေ​တွင်​ပင်​ရှိနေပါစေ “ပျော်ရွှင်သော​ဘုရားသခင်၊” ယေဟောဝါ​နှင့် “ပျော်ရွှင်​ပြီး တစ်ပါး​တည်း​သော အစိုးရ​သူ​ဖြစ်​တော်​မူ​သော” ယေရှု​ခရစ်​တို့ကို သိကျွမ်းခွင့်​ရခြင်း​ကြောင့် ရွှင်မြူး​အားရ​နိုင်​ပါ​သည်။ (၁ တိမောသေ ၁:၁၁က​ဘ; ၆:၁၅၊ က​ဘ) မှန်ပါသည်၊ ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့သည် အလွန်​ပျော်ရွှင်​တတ်​သူများ​ဖြစ်​ကြသည်။ ကမ္ဘာ​ပေါ်​ရှိ​အခြေအနေ​များသည် မူလ​က ယေဟောဝါ​၏​ရည်ရွယ်တော်မူချက်​နှင့် တခြား​စီ​ဖြစ်နေ​လျက်​ပင် သူတို့၏ရွှင်လန်းမှု​ကို ဆက်၍​ထိန်းသိမ်း​ထား​နိုင်​ကြသည်။ သူတို့၏​နမူနာ​က ကျွန်ုပ်​တို့ မည်သို့​ဆက်၍​ရွှင်လန်း​နိုင်​ကြောင်း များစွာ​သင်ပေး​သည်။

သူတို့သည် မည်သည့်​အခါ​မျှ ရွှင်လန်းမှု​မ​ပျောက်​ခဲ့

၄၊ ၅။ (က) ကနဦး​လူသား​တို့ ပုန်ကန်​ကြ​သည့်​အခါ ယေဟောဝါ​မည်သို့​တုံ့ပြန်​တော်​မူ​သနည်း။ (ခ) ယေဟောဝါ​သည် အဘယ်​နည်းဖြင့် လူသား​တို့​အပေါ် အပြုသဘောထား​ရှိ​တော်​မူ​ခဲ့​သနည်း။

ဧဒင်ဥယျာဉ်​တွင် အာဒံ​နှင့်​ဧဝ​တို့သည် ဒေါင်ဒေါင်မြည်​ကျန်းမာ​ရေး​နှင့် ပြည့်ဝ​စုံလင်သော​စိတ်သဘောထား​ရှိခဲ့​ကြသည်။ သူတို့၌ အကျိုး​ဖြစ်ထွန်း​သော​အလုပ်အကိုင်​ရှိကြ​ပြီး ယင်းကို​လုပ်ဆောင်​နိုင်​သည့် အကောင်းဆုံး​ဝန်းကျင်​လည်း​ရှိသည်။ အကောင်းတကာ့​အကောင်းဆုံး​မှာ သူတို့သည် ယေဟောဝါ​နှင့် မှန်မှန်​ဆက်သွယ်​နိုင်​ခွင့်​ရရှိ​ထားခြင်း​ပင်​တည်း။ သူတို့တွင် ပျော်ရွှင်သော​အနာဂတ်​ရှိဖို့ ဘုရားသခင်​ရည်ရွယ်​တော်​မူ​ခဲ့​၏။ သို့သော် ကျွန်ုပ်​တို့၏​ကနဦး​မိဘတို့​သည် ကောင်းမွန်သော ဤ​ဆုကျေးဇူး​အားလုံး​ဖြင့် မရောင့်ရဲ​ခဲ့​ကြ​ပေ; “ကောင်း​မကောင်း​သိကျွမ်းရာ​အပင်” မှ တားမြစ်​ထား​သည့်​အသီးကို သူတို့​ခိုးယူ​စားသုံး​ခဲ့​ကြသည်။ ဤ​မနာခံ​သည့်​လုပ်ရပ်က သူတို့၏​သားမြေး​များ​ဖြစ်သော ကျွန်ုပ်​တို့ ယနေ့​တွေ့ကြုံ​နေကြ​ရသည့် စိတ်မချ​မ်းမြေ့စ​ရာ​အရပ်ရပ်​အတွက် အုတ်မြစ်ချ​ပေး​ခဲ့​သည်။—ကမ္ဘာဦး ၂:၁၅-၁၇; ၃:၆; ရောမ ၅:၁၂

သို့ရာတွင် ယေဟောဝါ​သည် အာဒံ​နှင့် ဧဝ​တို့၏​ကျေးဇူးကန်း​စိတ်​ကြောင့် မိမိ၏​ရွှင်လန်းမှု​ကို ပျောက်လွင့်​မသွား​စေ​ခဲ့​ပါ။ ယု​တ်စွ​အဆုံး သူတို့၏​သားမြေး​အချို့​၏​နှလုံး​သည် မိမိ​အား​ဝတ်ပြု​ရန် လှုံ့ဆော်​ခံရ​မည်​ဟု ကိုယ်တော်​ယုံကြည်​စိတ်ချ​ခဲ့​သည်။ ကိုယ်တော် အမှန်ပင်​ယုံကြည်​စိတ်ချ​သဖြင့် အာဒံ​နှင့် ဧဝ​တို့၏​သားဦး​မမွေး​မီ​က​ပင် သူတို့၏​နာခံမှု​ရှိသော​သားမြေး​များ​ကို ကယ်တင်​မည်​ဟူ​သည့် မိမိ​ရည်ရွယ်တော်မူချက်​ကို ထုတ်ဖော်​ကြေညာ​ခဲ့​သည်။ (ကမ္ဘာဦး ၁:၃၁; ၃:၁၅) ယင်း​နောက် ရာစုနှစ်များ​တွင် လူသား​အများစု​သည် အာဒံ​နှင့်​ဧဝ​တို့၏​ခြေရာ​နင်း​ခဲ့​ကြသော်လည်း ဤသို့​သော အကြီးအကျယ်​မနာခံမှုကြောင့် လူ့​မိသားစုကြီး​ကို ယေဟောဝါ​ကျောခိုင်း​စွန့်ခွာ​ခြင်း​မပြု​ခဲ့​ပေ။ ယင်း​သို့​မပြု​ဘဲ ‘မိမိ၏​စိတ်တော်​ကို ရွှင်လန်း​စေ’ သော၊ မိမိ​အား​ချစ်၍ အလိုတော်​တွေ့​ရန် အမှန်​အားထုတ်​ကြိုးပမ်း​ကြသော အမျိုးသား​အမျိုးသမီးများ​အပေါ် ကိုယ်တော်​အာရုံစိုက်​တော်​မူ​ခဲ့​သည်။—သု. ၂၇:၁၁; ဟေဗြဲ ၆:၁၀

၆၊ ၇။ ယေရှု ဆက်၍​ရွှင်လန်း​နေ​စေရန် အဘယ်​အချက်များ​က ထောက်ကူ​ပေး​သနည်း။

ယေရှု​ကော မိမိ၏​ရွှင်လန်းမှု​ကို မည်သို့​ဆက်၍​ရှိစေခဲ့​သနည်း။ ခွန်အား​ကြီးသော ကောင်းကင်​နာမ်ဝိညာဉ်​သတ္တဝါ​တစ်ပါး​အနေ​နှင့် ယေရှုသည် ကမ္ဘာ​ပေါ်​ရှိ အမျိုးသား​အမျိုးသမီး​တို့၏​လှုပ်ရှား​ဆောင်ရွက်မှု​များ​ကို အပြည့်အဝ​ဆန်းစစ်​လေ့လာ​နိုင်​ခွင့်​ရှိသည်။ သူတို့၏​မစုံလင်မှု​များ​ကို အထင်အရှား​တွေ့​နေရ​လျက်​နှင့် သူတို့ကို ယေရှု​ချစ်တော်မူ​သည်။ (သု. ၈:၃၁) နောက်ပိုင်း ကမ္ဘာ​ပေါ်​သို့ ကိုယ်တော်​ကြွလာ​ပြီး လူသား​တို့​နှင့် အမှန်ပင် “နေ​တော်​မူ” သည့်​အခါ လူသား​တို့​အပေါ် ကိုယ်တော်​၏​အမြင် မ​ပြောင်း​သွားပါ။ (ယောဟန် ၁:၁၄) ဘုရားသခင်​၏ စုံလင်သော​သားတော်​အနေ​ဖြင့် အပြစ်ရှိ​လူ့​မိသားစု​အပေါ် ဤ​ကဲ့သို့ ဆက်၍​အကောင်းမြင်​သည့်​အရာ​ကား အဘယ်နည်း။

ဦးဆုံး​အရာ​မှာ ယေရှုသည် မိမိ​ကိုယ်တိုင်​ကို​ကော အခြားသူ​တို့​ထံ​မှ​ပါ အကျိုးသင့်အကြောင်းသင့် မျှော်လင့်​တတ်​ခြင်း​ဖြစ်သည်။ မိမိသည် ကမ္ဘာကြီး​ကို ပြောင်းလဲ​ပစ်​ရန် ကြွလာခြင်း​မဟုတ်​ကြောင်း ကိုယ်တော်​သိတော်မူ​သည်။ (မဿဲ ၁၀:၃၂-၃၉) ထို့​ကြောင့် စိတ်ရင်းမှန်​သူ​တစ်ဦး​က ဘုရားသခင့်​နိုင်ငံတော်​သတင်းစကားကို လိုလိုလားလား​တုံ့ပြန်​လျှင်​ပင် ကိုယ်တော် ပျော်ရွှင်​သည်။ မိမိ​တပည့်တော်​တို့၏ အပြု​အမူ​နှင့်​သဘောထား​တို့ကို များစွာ​အားရ​မှုမရှိ​သော်လည်း သူတို့သည် ဘုရားသခင့်​အလိုတော်ကို အမှန်​ဆောင်​လို​စိတ်​ရှိကြောင်း ယေရှု​သိတော်မူ​ရာ ဤ​အတွက်​ကြောင့် သူတို့ကို​ကိုယ်တော်​ချစ်တော်မူ​သည်။ (လုကာ ၉:၄၆; ၂၂:၂၄၊ ၂၈-၃၂၊ ၆၀-၆၂) ထူးခြား​သည်​မှာ ကောင်းကင်​ခမည်းတော်​ထံ ယေရှု​ဆုတောင်း​သည့်​အခါ တပည့်တော်​များသည် ထို​အချိန်အထိ ‘ကိုယ်တော်​၏​စကားတော်​ကို စောင့်​ကြ​ပါ​၏’ ဟု​သူတို့၏​အပြုသဘော​လမ်းစဉ်​ကို အကျဉ်း​ရုံး​ဖော်ပြ​ခဲ့​သည်။—ယောဟန် ၁၇:၆

၈။ ဆက်၍​ရွှင်လန်းမှု​ရှိ​ရေး​နှင့်​ပတ်သက်​လျှင် ယေဟောဝါ​နှင့် ယေရှု​တို့ကို ကျွန်ုပ်​တို့​တုပ​နိုင်​သည့် နည်းလမ်း​အချို့​ကို ဖော်ပြ​ပါ။

ဤ​ကဏ္ဍ​တွင် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့​ချမှတ်​ခဲ့​သော စံနမူနာ​ကို စေ့စေ့​သုံးသပ်ခြင်း​မှ ကျွန်ုပ်​တို့အားလုံး အကျိုး​ရရှိ​မည်​မှာ​သေချာ​သည်။ ကိစ္စရပ်​များသည် ကျွန်ုပ်​တို့​မျှော်လင့်​ထား​သည့်​အတိုင်း​ဖြစ်​မလာ​လျှင် အစိုး​ရိမ်​မ​လွန်​ခြင်း​အားဖြင့် ယေဟောဝါ​ကို သာ၍​အပြည့်အဝ​တုပ​နိုင်​ဖွယ်​ရှိ​မည်​လော။ မိမိတို့၏​လက်ရှိ​အခြေအနေ​အပေါ် အမြဲ​အပြုသဘောထား​ခြင်း​ဖြင့်​လည်းကောင်း၊ မိမိ​ကိုယ်တိုင်​နှင့် အခြားသူများ​ထံ​မှ အကျိုးသင့်အကြောင်းသင့် မျှော်လင့်ခြင်း​ဖြင့်​လည်းကောင်း ယေရှု၏​ခြေရာ​ကို သာ၍​ထက်​ကြပ်​မ​ကွာ​လိုက်လျှောက်​နိုင်​ကြ​မည်​လော။ အရပ်ရပ်​မှ ဇွဲရှိ​သော​ခရစ်ယာန်​များ နှလုံး​အကြိုက်တွေ့​သည့် လယ်ကွင်း​ခရစ်ယာန်​ဓမ္မ​အမှု​ကဏ္ဍ​တွင် ဤ​မူ​အချို့​ကို လက်တွေ့ကျကျ မည်သို့​အသုံးချ​နိုင်​ပုံ​ကို ကြည့်​ကြ​စို့။

ခရစ်ယာန်​ဓမ္မ​အမှု​အပေါ် ဆက်၍ အပြုသဘောထား​ပါ

၉။ ယေရမိ​၏​ရွှင်လန်းမှု​သည် မည်သို့​ပြန်လည်​တောက်ပ​လာ​သနည်း၊ သူ၏​စံနမူနာ​က ကျွန်ုပ်​တို့ကို မည်သို့ အကူအညီ​ပေး​နိုင်​သနည်း။

ယေဟောဝါ​သည် ကိုယ်တော်​၏​အမှုတော်တွင် ကျွန်ုပ်​တို့ကို ပျော်ရွှင်​စေ​လို​သည်။ ကျွန်ုပ်​တို့၏​ရွှင်လန်းမှု​သည် ကျွန်ုပ်​တို့​ရရှိ​သည့်​အကျိုး​ရလဒ်များ​အပေါ်​တွင် မတည်​မှီ​သင့်​ပါ။ (လုကာ ၁၀:၁၇၊ ၂၀) ပရောဖက်​ယေရမိ​သည် အကျိုး​မဖြစ်​ထွန်း​သော​ရပ်ကွက်တွင် နှစ်​နှင့်​ချီ​၍ ဟောပြောခဲ့​သည်။ သူသည် လူတို့၏​အပျက်သဘော​ပါ တုံ့ပြန်မှု​ကို​သာ အာရုံစိုက်ခဲ့​သောအခါ သူ၏​ရွှင်လန်းမှု​ပျောက်​သွား​သည်။ (ယေရမိ ၂၀:၈) သို့သော် သတင်းစကားကို​ယ်နှိုက်​၏ နှစ်လိုဖွယ်​ဖြစ်မှု​ကို သူ​တွေးတော​ဆင်ခြင်​သည့်​အခါ သူ၏​ရွှင်လန်းမှု​သည် ပြန်လည်​တောက်ပ​လာ​ခဲ့​သည်။ ယေရမိ​သည် ယေဟောဝါ​ထံ ဤသို့​ကြားလျှောက်​သည်– ‘အကျွန်ုပ်​တွေ့သော​နှုတ်မြွက်​စကားတော်​ကို ခံယူ​ပါ​ပြီ။ နှုတ်မြွက်​စကားတော်​သည် အကျွန်ုပ်​ဝမ်းမြောက်​ရွှင်လန်းစရာ​အကြောင်း​ဖြစ်ပါ​၏။ နာမတော်​ဖြင့် အကျွန်ုပ်​ကို​ခေါ်ဝေါ်​ပါ​၏။’ (ယေရမိ ၁၅:၁၆) မှန်ပါသည်၊ ယေရမိ​သည် ဘုရားသခင့်​စကားတော်​ကို ဟောပြော​ရသည့် သူ၏​အခွင့်ထူး​တွင် ဝမ်းမြောက်​ပျော်ရွှင်​သည်။ ကျွန်ုပ်​တို့​လည်း​ထို​နည်း​လည်းကောင်း​ပင်​ဖြစ်​နိုင်၏။

၁၀။ ကျွန်ုပ်​တို့၏​ရပ်ကွက်​သည် လောလောဆယ်​အကျိုး​မဖြစ်​ထွန်း​သေး​လျှင်​ပင် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့ မည်သို့​ဆက်၍​ရွှင်လန်း​နိုင်​သနည်း။

၁၀ အများစုက သတင်းကောင်းကို​တုံ့ပြန်​ရန် ငြင်းဆန်​လျှင်​ပင် လယ်ကွင်း​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​ပါဝင်​ကြ​စဉ် ရွှင်လန်းစရာ​အကြောင်း​များစွာ​ရှိသည်။ အချို့​သူတို့သည် ယေဟောဝါ​အမှုတော်​ဆောင်ရန် လှုံ့ဆော်​ခံရ​ကြ​မည်​ကို ကိုယ်တော်​လုံးဝ​ယုံကြည်​စိတ်ချကြောင်း သတိရပါ။ ယေဟောဝါ​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည်​လည်း ယု​တ်စွ​အဆုံး လူ​အချို့​သည် တဖြည်းဖြည်း​နှင့် အရေးကြီး​သည့်​ကိစ္စ​ကို သိမြင်​လာ​ကာ ဘုရားသခင့်​နိုင်ငံတော်​သတင်းစကားကို လက်ခံ​လာ​လိမ့်​မည်​ဟူ​သည့် မျှော်လင့်ချက်ကို ဘယ်တော့​မျှ မစွန့်​လွှတ်​သင့်​ပါ။ လူတို့၏​အခြေအနေ​များသည် ပြောင်းလဲ​တတ်​ကြောင်း ကျွန်ုပ်​တို့​မမေ့​ရ​ပါ။ ကိုယ့်​ဘဝ​နှင့်​ကိုယ် ကျေနပ်​နေသူတို့​ပင် မမျှော်လင့်​ဘဲ ဆုံးပါးမှု သို့​မဟုတ် အကျပ်အတည်း​ဖြစ်မှု​တို့​ကြုံ​ရသည့်​အခါ ဘဝ၏​အဓိပ္ပာယ်​ကို အလေးထား​စဉ်းစား​လာ​တတ်ကြ​သည်။ ထို​ကဲ့သို့​သော​သူ​တစ်ဦး​သည် ‘သူ၏​ဝိညာဉ်​ရေး​လိုအပ်ချက်​ကို သိ’ လာသော​အခါ ကူညီ​ပေးဖို့ အသင့်ရှိနေ​မည်​လော။ (မဿဲ ၅:၃) သင့်​ရပ်ကွက်​ရှိသူ​တစ်ဦး​သည် သင်​နောက်​တစ်ခေါက်​လည်ပတ်ချိန်​တွင် သတင်းကောင်းကို​နားထောင်​ရန် အသင့်​ဖြစ်နေ​နိုင်​သည်!

၁၁၊ ၁၂။ မြို့​တစ်မြို့​တွင် အဘယ်အရာ​ဖြစ်​ခဲ့​သနည်း၊ ယင်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၁ ကျွန်ုပ်​တို့​ရပ်ကွက်​ဖွဲ့စည်းပုံ​လည်း အပြောင်းအလဲ​ရှိ​နိုင်​သည်။ နမူနာ​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ မြို့လေး​တစ်မြို့​တွင် သားသမီး​များ​ရှိပြီး ရင်းနှီး​သည့် ငယ်ရွယ်​သော​အိမ်ထောင်သည်​များ​တစ်စု​ရှိသည်။ ယေဟောဝါသက်သေ​များ သူတို့​ထံ​ရောက်သွား​သည့်​အခါ အိမ်တိုင်း​တွင် “ကျုပ်​တို့​စိတ်မဝင်စား​ဘူး!” ဟူ​သည့်​တုံ့ပြန်​ချက်​ချည်း​သာ​ကြား​ခဲ့​ရ၏။ ဘုရားသခင့်​နိုင်ငံတော်​သတင်းစကားကို တစ်စုံ​တစ်ယောက်​စိတ်ဝင်စားမှု​ပြ​ခဲ့​လျှင်​လည်း အိမ်နီးချင်း​တို့​က ချက်ချင်း​ဆို​သလို​ပင် ယေဟောဝါသက်သေ​တို့​နှင့် နောက်​တစ်ကြိမ်​အဆက်အသွယ်​မ​လုပ်ရန် ဖျက်​တတ်ကြ​သည်။ ဤ​နေရာတွင်​ဟောပြော​ရခြင်း​မှာ စိန်ခေါ်ချက်​တစ်ခု​ဖြစ်သည်​ကို ပြော​ရန်​ပင်မ​လို​ပါ။ မည်သို့​ပင်​ဖြစ်စေ၊ ယေဟောဝါသက်သေ​တို့သည် လက်မလျှော့​ပါ; သူတို့ ဟော​မြဲ​ဟော​နေကြ၏။ ရလဒ်​ကား​အဘယ်နည်း။

၁၂ အချိန်တန်သော် ထို​မြို့ရှိ​ကလေး​များသည် ကြီးပြင်း​လာ​ကြ​ကာ အိမ်ထောင်​ရက်သား​ကျ​ပြီး ကိုယ့်​အိမ်​ကိုယ့်​ရာ​နှင့်​ဖြစ်နေ​ကြ​လေ​ပြီ။ မိမိတို့​ဘဝ​လမ်းစဉ်သည် အမှန်​ပျော်ရွှင်မှု​မရ​စေ​ကြောင်း​သိမြင်​လာ​ကြ​ရာ အရွယ်ရောက်​လာ​သူ​လူငယ်​အချို့​သည် အမှန်တရားကို စ​ရှာ​ကြ​လေ​သည်။ ယေဟောဝါသက်သေ​တို့​ကြွေးကြော်​သည့် သတင်းကောင်းကို လိုလိုလားလား​တုံ့ပြန်​လိုက်​သည့်​အခါ အမှန်တရားကို သူတို့​တွေ့​သွား​ကြ​လေ​သည်။ သို့​နှင့် နှစ်ပေါင်း​များစွာ​ကြာပြီးနောက်​မှ ဤ​အသင်းတော်​ငယ်​လေး​သည် စတင်​ကြီးထွား​လာ​သည်။ လက်မလျှော့​ခဲ့​ကြသော နိုင်ငံတော်​ကြွေးကြော်​သူများ​၏​ရွှင်လန်းမှု​ကို မြင်ယောင်​ကြည့်​ပါ​လေ! ဘုန်း​ကျက်သရေ​နှင့်​ပြည့်စုံသော နိုင်ငံတော်​သတင်း​ဝေမျှ​ရာ​တွင် ဇွဲရှိ​ခြင်း​ကြောင့် ကျွန်ုပ်​တို့​လည်း ရွှင်လန်း​နိုင်​ကြ​ပါစေ!

ယုံကြည်သူချင်း​တို့​က သင့်ကို ထောက်မ​မည်

၁၃။ ကျွန်ုပ်​တို့​စိတ်ပျက်​အားလျော့​နေချိန်​တွင် မည်​သူ့ကို အားကိုး​နိုင်​သနည်း။

၁၃ ဖိစီးမှုများ​စုပုံ​လာ​သည့်​အခါ သို့​မဟုတ် ဘဝက သင့်​အား အပြင်းအထန်​ထိုးနှက်​သည့်​အခါ နှစ်သိမ့်မှု​ရ​ရန် မည်​သူ့ကို​မျှော်ကိုး​နိုင်သနည်း။ ယေဟောဝါ​၏​ဆက်ကပ်​အပ်နှံ​ကျေးကျွန် သန်းပေါင်း​များစွာတို့သည် ဦးဆုံး​ယေဟောဝါ​ထံ​ဆုတောင်း​ပြီး​နောက် မိမိတို့၏​ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​တို့​ထံ​သွား​ကြသည်။ ဤ​ကမ္ဘာ​ပေါ်​တွင်​ရှိ​စဉ် ယေရှု​ကိုယ်တော်တိုင် တပည့်တော်​တို့၏​ထောက်မမှုကို တန်ဖိုး​ထားခဲ့​သည်။ ကိုယ်တော်​မသေမီ​ည​တွင် “ငါသည်​စုံစမ်း​နှောင့်ယှက်ခြင်း​ကို​ခံ​စဉ်​တွင် သင်တို့သည် ငါ​၌​မှီဝဲ​သော​သူ​ဖြစ်​ရာ​၏” ဟု သူတို့အား ကိုယ်တော်​မိန့်တော်မူ​ခဲ့​သည်။ (လုကာ ၂၂:၂၈) ဤ​တပည့်တော်​တို့သည် မစုံလင်သူ​များ​ဖြစ်​ကြသည်​မှာ​မှန်ပါသည်၊ သို့သော် သူတို့၏​တည်ကြည်မှု​သည် ဘုရားသခင့်​သားတော်​အဖို့ နှစ်သိမ့်​စ​ရာ​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း ဝတ်ပြုသူချင်း​တို့​ထံ​မှ ခွန်အား​ရယူ​နိုင်​ပါ​သည်။

၁၄၊ ၁၅။ သား​ဖြစ်သူ​သေဆုံးမှု​ကို ရင်ဆိုင်​နိုင်​ရန် မောင်နှံ​တစ်စုံ​ကို အဘယ်အရာက အကူအညီ​ပေး​ခဲ့​သနည်း၊ သူတို့၏​တွေ့ကြုံမှု​မှ သင်​အဘယ်အရာ သင်ယူ​နိုင်​သနည်း။

၁၄ ခရစ်ယာန်​မောင်နှံစုံ​ဖြစ်သော မီ​ရှယ်​နှင့် ဒိုင်ယန်း​တို့သည် သူတို့၏​ညီအစ်ကို​ညီအစ်မ​များ​၏​အထောက်အမ​သည် မည်မျှ​အဖိုးတန်​ကြောင်း သိရှိ​သွား​ကြသည်။ သူတို့၏​အသက် ၂၀ အရွယ်​သား​ဖြစ်သူ အားအင်ပြည့်​ဝ​ပြီး အလားအလာ​ရှိ​ခရစ်ယာန်​လူငယ် ဂျော်​န​သန်​သည် ဦးနှောက်ရောင် ရောဂါ​လက္ခဏာ​ပြ​နေသည်။ ဆရာဝန်​များ​က သူ့​အသက်ကို​ကယ်​ဖို့ အတတ်နိုင်ဆုံး​ကြိုးစား​ကုသ​ကြသော်လည်း ဂျော်​န​သန်​၏​အခြေအနေ​မှာ ဆိုး​သည်ထက်​ဆိုး​လာ​ရာ တစ်ရက်​သော​ညနေ​နှောင်းပိုင်းတွင် သေခြင်း​၌​အိပ်စက်​သွားလေသည်။ မီ​ရှယ်​နှင့်​ဒိုင်ယန်း​တို့​မှာ ယူကျုံး​မရ​ဖြစ်​ကြ​ရလေ​သည်။ ဤ​ညနေ​တွင်​ကျင်းပ​သော လုပ်ငန်းတော်​အစည်းအဝေး​မှာ ပြီး​လု​ပြီ​ဖြစ်​ကြောင်း သူတို့​သိ​ကြသည်။ သို့သော် နှစ်သိမ့်မှု​အကြီးအကျယ်​လိုအပ်​နေသည်​ဖြစ်​ရာ သူတို့နှင့်​အတူ​ရှိနေ​သော​အကြီးအကဲ​အား သူတို့နှင့်​အတူ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့​လိုက်​ပေးဖို့ တောင်းဆို​ခဲ့​သည်။ အသင်းတော်၌ ဂျော်​န​သန်​သေ​ကြောင်း အကြောင်းကြား​သည့်​အချိန်တွင် သူတို့​ရောက်ရှိ​လာ​ကြသည်။ အစည်းအဝေး​ပြီး​နောက် ငို​နေကြ​သော​မိဘ​ဖြစ်သူ​တို့​ထံ ညီအစ်ကို​ညီအစ်မ​တို့​လာ ဖက်ယမ်း၊ နှစ်သိမ့်​စကားပြော​ကြ​နှင့် ဝိုင်းအုံ​နေသည်။ “ခန်းမ​ကို ကျွန်မ​တို့​ရောက်သွားတဲ့​အခါ ရင်ထဲမှာ ဟာ​နေတယ်၊ ဒါပေမဲ့ ညီအစ်ကို​တွေ​ရဲ့​အားပေးမှု​ဟာ တကယ်​ကို​နှစ်သိမ့်မှု​ရစေပါ​တယ်! ကျွန်မ​တို့​ရဲ့​နာကျင်မှုကို သူတို့​ယူ​မ​ပစ်​နိုင်​ပေမဲ့လည်း ဖိစီးမှု​ဒဏ်​ကို ခံနိုင်​ရအောင်​တော့ ကူညီပေး​ခဲ့​ကြ​ပါ​တယ်!” ဟု​ဒိုင်ယန်း​က ပြန်​ပြောပြ​သည်။—ရောမ ၁:၁၁၊ ၁၂; ၁ ကောရိန္သု ၁၂:၂၁-၂၆

၁၅ ဤ​သောကဗျာပါ​ရ​ကြောင့် မီ​ရှယ်​နှင့် ဒိုင်ယန်း​တို့သည် သူတို့၏​ညီအစ်ကို​များနှင့် သာ၍​ရင်းနှီး​သွား​သည်။ ယင်းကြောင့် သူတို့​အချင်းချင်း​လည်း သာ၍​ရင်းနှီး​သွား​သည်။ “ကျွန်တော်​ချစ်​ရတဲ့​ဇနီး​ကို ပို​ပြီး​တောင်​မြတ်နိုး​တတ်​လာတယ်။ စိတ်ပျက်​အားလျော့​ချိန်​တွေ​မှာ ကျွန်တော်​တို့​ဟာ ကျမ်းစာ​အမှန်တရား​အကြောင်း​နဲ့ ယေဟောဝါ​ဟာ ကျွန်တော်​တို့ကို ဘယ်လို​ထောက်မ​ပေး​နေတဲ့​အကြောင်း​တွေ​ကို နှစ်ယောက်​သား​ဆွေးနွေး​ကြတယ်” ဟု မီ​ရှယ်​က​ပြောပြ​သည်။ “နိုင်ငံတော်​မျှော်လင့်ချက်ဟာ ကျွန်မတို့​အတွက် ခု​ပို​ပြီး​တောင်​အဓိပ္ပာယ်​ရှိ​လာတယ်” ဟု​ဒိုင်ယန်း​က ထပ်၍​ပြော​သည်။

၁၆။ ကျွန်ုပ်​တို့၏​လိုအပ်ချက်​များ​ကို ကိုယ်​က​စ၍ ညီအစ်ကို​များ​အား အသိပေး​ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၆ မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ညီအစ်ကို​ညီအစ်မ​များသည် ဘဝ၏​ခက်ခဲ​ချိန်​များ​၌ ကျွန်ုပ်​တို့အတွက် “စိတ်သက်သာ​စေ” သူများ​ဖြစ်လာ​ပြီး ကျွန်ုပ်​တို့ ဆက်၍​ရွှင်လန်း​နေ​စေရန် ကူညီပေး​နိုင်​သည်။ (ကောလောသဲ ၄:၁၁) အမှန်ဆိုလျှင် သူတို့သည် ကျွန်ုပ်​တို့၏​စိတ်​ကို​မသိနိုင်​ကြ​ပါ။ ထို့​ကြောင့် အကူအညီ​လို​သည့်​အခါ သူတို့ကို​အသိပေး​သင့်​သည်။ ထို့နောက် ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ပေး​နိုင်​သည့် မည်သည့်​နှစ်သိမ့်မှု​ကို​မဆို ယေဟောဝါ​ထံ​မှ​လာ​သည်​ဟု​ရှုမြင်​ကာ အမှန်​တန်ဖိုး​ထား​ကြောင်း​ပြောပြ​နိုင်​သည်။—သု. ၁၂:၂၅; ၁၇:၁၇

သင့်​အသင်းတော်ကို ကြည့်​လိုက်ပါ

၁၇။ ကြင်ဖော်​မဲ့​မိခင်​တစ်ဦး အဘယ်​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ရသနည်း၊ ထို​ကဲ့သို့​သော​သူများကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သနည်း။

၁၇ ယုံကြည်သူချင်း​များ​ကို သင်​ပို​၍​အနီးကပ်​ကြည့်​လေ​လေ သူတို့ကို​ပို​၍ တန်ဖိုး​ထား​တတ်လာ​ပြီး သူတို့နှင့်​ပေါင်းသင်း​ရခြင်း​ကို ပို​၍​ရွှင်လန်း​လာ​လေ​ဖြစ်သည်။ သင့်​အသင်းတော်ကို ကြည့်​ပါ။ အဘယ်အရာ​မြင်​သနည်း။ အမှန်တရား​နည်းလမ်း​ဖြင့် မိမိ၏​သားသမီး​များ​ကို ကြိုးစား​မွေးမြူ​ပေး​နေသည့် ကြင်ဖော်​မဲ့​မိဘ​တစ်ဦး​ရှိသလော။ သူ​ပြသ​သည့်​ပုံသက်သေ​ကောင်း​ကို သင် ကောင်းကောင်း​စဉ်းစား​ကြည့်ဖူး​သလော။ သူ​ရင်ဆိုင်​ရသည့်​ပြဿနာ​အချို့​ကို ကြိုးစား​ပြီး​မြင်ယောင်​ကြည့်​ပါ။ ဂျင်း​နီ​အမည်​ရှိ ကြင်ဖော်​မဲ့​မိခင်​တစ်ဦး​က အချို့​အ​ဝက်​ကို ဤသို့​ဖော်ပြ​သည်– အထီးကျန်​ဆန်​မှု၊ အလုပ်ခွင်​မှ​အမျိုးသား​တို့၏ မလိုလား​အပ်​စွာ​ဖြားယောင်းမှု​များနှင့် ဝင်ငွေ​ထွက်​ငွေ အကြီးအကျယ်​အကျပ်အတည်း​ဖြစ်မှု။ အားလုံး​ထဲ​တွင် ကျော်လွှား​ရသည့်​အကြီးမားဆုံး​အရာ​မှာ ကလေး​တစ်ယောက်​တစ်မျိုးစီ​ဖြစ်သော​ကြောင့် သူ့​ကလေး​တို့၏​စိတ်​လှုပ်ရှားမှု​ပိုင်း လိုအပ်ချက်​ကို ဂရုစိုက်​ပေး​ရခြင်း​ဖြစ်​ကြောင်း သူက​ဆို​သည်။ ဂျင်း​နီ​က နောက်​ပြဿနာ​တစ်ခု​ကိုလည်း တင်ပြ​သည်– “လင်သား​မရှိတဲ့​အတွက် သူ့​နေရာမှာ သားဖြစ်သူကို အစားထိုး​တာဝန်​ယူ​စေ​ချင်​တဲ့​ဆန္ဒ​ကို ချိုးနှိမ်​ပစ်​ဖို့​ဆိုတာ​ဟာ တကယ့်​စိန်ခေါ်ချက်​ဖြစ်​နိုင်​ပါ​တယ်။ ကျွန်မ​မှာ သမီး​တစ်ယောက်​ရှိတယ်၊ ကျွန်မ​ရင်တွင်း​ခံစားချက်​တွေ ဖွင့်​ချ​ပြောပြ​ခြင်း​ကြောင့် သူ့​ခမျာ​အရွယ်​နဲ့​မလိုက်​အောင် ဝန်ပိ​သွား​အောင်​မလုပ်မိဖို့ သတိမရ​ဘဲ​ဖြစ်ဖြစ်​သွားတယ်။” ဘုရားသခင်​ကို ကြောက်ရွံ့​သော ထောင်သောင်း​ချီ​သည့် ကြင်ဖော်​မဲ့​မိဘများ​ကဲ့သို့​ပင် ဂျင်း​နီ​သည် အချိန်ပြည့်​အလုပ်လုပ်​ရသည့်​အပြင် မိသားစုကို​ပါ ပြုစု​ဂရုစိုက်​ပေး​ရသည်။ သားသမီးတို့​နှင့် ကျမ်းစာ​လေ့လာ၊ ခရစ်ယာန်​ဓမ္မ​အမှုမှာ သူတို့ကို​လေ့ကျင့်ပေး​ပြီး အသင်းတော်​အစည်းအဝေး​များ​သို့​လည်း ခေါ်သွား​ရသည်။ (ဧဖက် ၆:၄) ဆက်၍ သမာဓိ​စောင့်သိ​ရန် ဤ​မိသားစု​၏​ကြိုးပမ်းအားထုတ်မှုကို ယေဟောဝါ​နေ့စဉ်​တွေ့​နေရ​ခြင်း​သည် ကိုယ်တော်​အတွက် မည်မျှ​ပျော်ရွှင်စရာ​ဖြစ်​လိုက်​မည်​ဖြစ်​ခြင်း! ဤသို့​သော​သူများ ကျွန်ုပ်​တို့​တွင်​ရှိနေခြင်းက နှလုံး​ရွှင်လန်း​စေ​သည်မဟုတ်​လော။ အမှန်​ရွှင်လန်း​စေပါ​သည်။

၁၈၊ ၁၉။ အသင်းတော်​သားများ​အပေါ် ကျွန်ုပ်​တို့၏​တန်ဖိုး​ထား​လေးမြတ်မှု​ကို မည်သို့​နက်ရှိုင်း​လာ​စေနိုင်​ကြောင်း နမူနာ​ပေး​ဖော်ပြ​ပါ။

၁၈ သင့်​အသင်းတော်ကို ပြန်​ကြည့်​လိုက်ပါ​ဦး။ အစည်းအဝေး​များ​ကို “ဘယ်တော့​မျှ​မပျက်” ကြ​သည့် တည်ကြည်သော မုဆိုး​ဖို၊ မုဆိုးမ​တို့ကို​လည်း တွေ့မြင်​ပေမည်။ (လုကာ ၂:၃၇က​ဘ) သူတို့သည် အထီးကျန်​စိတ် ရံဖန်ရံခါ ခံစားရ​ကြ​ပါသလော။ ခံစားရ​ပါ​သည်။ သူတို့၏​အိမ်ထောင်ဖက်​တို့ကို အလွန်​လွမ်းဆွတ်​ကြ​၏! သို့သော် သူတို့သည် ယေဟောဝါ​၏​အမှုတော်တွင် အလုပ်​များနေ​လျက် အခြား​သူများကို စိတ်ဝင်စားမှု​တင်ပြ​ကြသည်။ သူတို့၏​မြဲမြံ​သော အပြုသဘောထား​ကြောင့် အသင်းတော်တွင် ရွှင်လန်းမှု​တိုး​ရလေ​သည်! အနှစ် ၃၀ ထက်မက အချိန်ပြည့်​ဓမ္မ​အမှု​တွင် အမှုဆောင်ခဲ့​သော ခရစ်ယာန်​တစ်ဦး ဤသို့​ထုတ်ပြော​သည်– “ကျွန်မ​ကို​ရွှင်လန်းမှု​အဖြစ်​စေ​ဆုံး​အရာတစ်ခု​က​တော့ စုံစမ်းမှု​များစွာကို ဖြတ်ကျော်​ခဲ့​ကြ​တဲ့ သက်ကြီး​ညီအစ်ကို​ညီအစ်မ​တွေ ယေဟောဝါ​ရဲ့​အမှုတော်ကို တည်တည်​ကြည်​ကြည်​အမှုဆောင်​နေကြ​ဆဲ​ဖြစ်တာ​ကို တွေ့မြင်​ရခြင်း​ပါ​ပဲ!” မှန်ပါသည်၊ ကျွန်ုပ်​တို့​ထဲ​တွင်ရှိသော သက်ကြီး​ခရစ်ယာန်​များသည် လူငယ်​လူရွယ်​များ​အတွက် အကြီးအကျယ်​အားပေးမှု​ဖြစ်သည်။

၁၉ မကြာသေးမီ​ကမှ အသင်းတော်​နှင့် စတင်​ပေါင်းသင်း​လာ​သည့် လူသစ်များ​ကော အသို့နည်း။ အစည်းအဝေး​များ​တွင် သူတို့၏​ယုံကြည်ခြင်းကို ထုတ်ဖော်​ပြော​ကြသောအခါ ကျွန်ုပ်​တို့ စိတ်​မ​တက်ကြွ​လာ​ပေ​လော။ ကျမ်းစာ​စ​သင်​ချိန်​ကတည်းက သူတို့၏​တိုးတက်မှု​ကို စဉ်းစား​ကြည့်​ပါ​လေ။ ယေဟောဝါ​သည် သူတို့ကို အလွန်​နှစ်ခြိုက်​ပေမည်။ ကျွန်ုပ်​တို့​ကော။ ကျွန်ုပ်​တို့၏​နှစ်လိုမှု​ကို ပြောပြ​ပြီး သူတို့၏​ကြိုးပမ်း​အားထုတ်မှုကို ချီးမွမ်း​သလော။

၂၀။ အသင်းတော်​သား​တစ်ဦးစီ​သည် အသင်းတော်တွင် အရေးကြီး​ကဏ္ဍ​မှ​ပါဝင်​နေကြ​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၂၀ သင်သည် အိမ်ထောင်သည်​လော၊ တစ်ကိုယ်ရေ​လော၊ ကြင်ဖော်​မဲ့​မိဘ​လော။ သင်သည် အဖ​မဲ့ (အမိ​မဲ့) သား သို့​မဟုတ် သမီး​လော၊ မုဆိုး​ဖို၊ မုဆိုးမ​လော။ သင်သည် နှစ်ပေါင်း​များစွာ အသင်းတော်​နှင့်​ပေါင်းသင်း​လာ​ခဲ့​သူ​လော၊ သို့​မဟုတ် မကြာသေး​ခင်​ကမှ စတင်​ပေါင်းသင်း​သူ​လော။ သင်၏ တည်ကြည်သော​ပုံသက်သေ​က ကျွန်ုပ်​တို့အားလုံး​ကို အမှန်ပင်​အားရှိစေ​ပါ​သည်။ နိုင်ငံတော်​သီချင်း​တစ်ပုဒ်​ကို သင်​ပါဝင်​သီဆို​သည့်​အခါ၊ အဖြေပေး​သည့်​အခါ သို့​မဟုတ် သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်းတွင် ကျောင်းသား​တာဝန်​တစ်ခု​ကို သင်​ထမ်းဆောင်​သည့်​အခါ သင့်​ပါဝင်​ထောက်မမှု​ကြောင့် ကျွန်ုပ်​တို့​ရွှင်လန်းမှု​တိုးလာ​ပါ​သည်။ ထို့​ထက်​ကား ယင်းကြောင့် ယေဟောဝါ​၏​နှလုံးတော်​ကို ရွှင်လန်း​စေပါ​သည်။

၂၁။ အဘယ်အရာ​လုပ်ဆောင်​စ​ရာ​အကြောင်း များစွာ​ရှိ​သနည်း၊ အဘယ်​မေးခွန်းများ ပေါ်လာ​သနည်း။

၂၁ မှန်ပါသည်၊ ကျပ်တည်း​ဆင်းရဲမှု​မြားမြောင်​လှ​သည့် ဤ​ခေတ်တွင်​ပင် ကျွန်ုပ်​တို့၏ ပျော်ရွှင်သော​ဘုရားသခင်​အား​ဝတ်ပြုခြင်း​မှ ရွှင်လန်းမှု​ရနိုင်​ပါ​သည်။ ပေါလု​၏ ဤ​တိုက်တွန်း​အားပေးချက်​ကို​တုံ့ပြန်​ရန် ကျွန်ုပ်​တို့​တွင် အကြောင်းရင်း​များစွာ​ရှိပါ​သည်– “အစဉ်မပြတ်​သက်သာ​ဝမ်းမြောက်ခြင်း​ရှိကြလော့။ . . . မေတ္တာ​နှင့်​ငြိမ်သက်ခြင်း​၏​အရှင် ဘုရားသခင်​သည် သင်တို့​နှင့်အတူ​ရှိ​တော်​မူ​လတ္တံ့။” (၂ ကောရိန္သု ၁၃:၁၁က​ဘ) ကျွန်ုပ်​တို့သည် သဘာဝဘေး၊ နှိပ်စက်​ညှဉ်းပန်းမှု သို့​မဟုတ် အကြီးအကျယ် စီးပွားရေး​အကျပ်အတည်း​ဖြစ်မှု တစ်ခုခု​ကို ရင်ဆိုင်​ရ​လျှင်​ကော အသို့နည်း။ အဆိုပါ​အခြေအနေ​များ​၌​ပင် ကျွန်ုပ်​တို့​ဆက်၍ ရွှင်လန်း​နိုင်​ပါ​မည်​လော။ နောက်​ဆောင်းပါး​ကို​သုံးသပ်​စဉ် ကိုယ်ပိုင်​ကောက်ချက်​များ​ကို ထုတ်နုတ်​ကြည့်​ပါ​လေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 2 ယေဟောဝါသက်သေ​တို့ ထုတ်ဝေ​သော ကျမ်း​စာစောင်​များ​အပေါ် ထိုးထွင်း​သိမြင်ခြင်း [လိပ်]အတွဲ ၂၊ စာမျက်နှာ ၁၁၉၊ ရှု။

သင်​ဖြေဆို​နိုင်​သလော

• ရွှင်လန်းမှု​ကို မည်သို့​ဖော်ပြ​ထား​သနည်း။

• အပြုသဘောထား ထား​ရှိ​ခြင်း​သည် ကျွန်ုပ်​တို့ကို မည်သို့​ဆက်၍​ရွှင်လန်း​စေနိုင်​သနည်း။

• ကျွန်ုပ်​တို့၏​အသင်းတော်​ရပ်ကွက်​အပေါ် အပြုသဘော​မြင်​ရန် အဘယ်အရာက ထောက်ကူ​နိုင်​သနည်း။

• သင့်​အသင်းတော်​ရှိ ညီအစ်ကို​ညီအစ်မ​များ​ကို အဘယ်​နည်းများဖြင့် တန်ဖိုး​ထား​လေးမြတ်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့​ရပ်ကွက်​ရှိ လူများ​သည် ပြောင်းလဲ​နိုင်

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သင့်​အသင်းတော်​ရှိသူ​များသည် အဘယ်​စိန်ခေါ်ချက်​များ ရင်ဆိုင်​ရသနည်း