မုဆိုးမဘဝက အမျိုးသမီးနှစ်ဦးကို ထိခိုက်ခဲ့ပုံ
မုဆိုးမဘဝက အမျိုးသမီးနှစ်ဦးကို ထိခိုက်ခဲ့ပုံ
စန်ဒရာသည် ဩစတြေးလျနိုင်ငံတွင်နေထိုင်သူ မုဆိုးမတစ်ဦးဖြစ်သည်။ လွန်ခဲ့သောနှစ်အနည်းငယ်က သူ့ခင်ပွန်းကွယ်လွန်စဉ် စန်ဒရာ၏လတ်တလောတုံ့ပြန်ပုံမှာ အကြီးအကျယ်တုန်လှုပ်ချောက်ချားခြင်းဖြစ်သည်။ “ကျွန်မရဲ့ဘဝဖော်နဲ့ အရင်းနှီးဆုံးမိတ်ဆွေကို ရုတ်တရက်ဆုံးရှုံးခဲ့ရပြီလို့ သိလိုက်ရတဲ့အတွက် စိတ်ထိခိုက်ခဲ့ရတယ်။ ဆေးရုံကနေအိမ်ကို ဘယ်လိုပြန်ရောက်လာတယ်၊ အဲဒီနေ့မှာ နောက်ဆက်ဘာလုပ်ခဲ့တယ်ဆိုတာတွေကို ကျွန်မသေသေချာချာမမှတ်မိတော့ဘူး။ နောက်အပတ်အနည်းငယ်အတွင်းမှာ ကျွန်မရဲ့စိုးရိမ်စိတ်တွေက နာကျင်မှုဆက်တိုက်ခံစားနေရသလိုဖြစ်စေခဲ့တယ်။”
စန်ဒရာမှာ သူ့ထက်အသက်ကြီးသူ မိတ်ဆွေတစ်ဦး၊ မုဆိုးမဖြစ်သည်မှာ ခြောက်နှစ်ခန့်ရှိပြီဖြစ်သော အီလိန်းဆိုသူရှိသည်။ ကင်ဆာရောဂါကြောင့် ခင်ပွန်းသည် ဒေးဗစ်မကွယ်လွန်မီ ခြောက်လအတွင်း အီလိန်းပြုစုစောင့်ရှောက်ခဲ့သည်။ ခင်ပွန်းကွယ်လွန်ပြီးမကြာမီ ခဏမျှမျက်စိကွယ်ခဲ့ရသည်အထိ သူအလွန်ဝမ်းနည်းကြေကွဲခဲ့သည်။ နှစ်နှစ်ကြာသော် လူပုံအလယ်တွင် သူလဲကျသွားခဲ့သည်။ သူ့မှာ အဘယ်ရောဂါလက္ခဏာကိုမျှ သူ၏ဆရာဝန်မတွေ့ရှိခဲ့ပါ။ သို့ရာတွင် အီလိန်းသည် သူ၏ဝမ်းနည်းပူဆွေးမှုကို မျိုသိပ်ထားခဲ့ကြောင်း သိရှိလာသောကြောင့် အိမ်ပြန်ပြီး ကြိုးစားငိုပစ်ရန် အကြံပေးလိုက်သည်။ “ကျွန်မရဲ့ဝမ်းနည်းပူဆွေးမှုကို ဖြေသိမ့်ဖို့ အတော်ကြာကြာကြိုးစားခဲ့ရတယ်” ဟုအီလိန်းဝန်ခံ၍ အထီးကျန်ဆန်သောအခါ “အိပ်ခန်းထဲဝင်ပြီး ဒေးဗစ်ရဲ့အဝတ်အစားပုံထဲ ကျွန်မခေါင်းကိုစိုက်ထားတတ်တယ်” ဟုထပ်လောင်းပြောဆိုလေသည်။
မှန်ပါသည်၊ မုဆိုးမဘဝသည် ခင်ပွန်းသည်မရှိတော့ခြင်းလောက်သာမကသောကြောင့် ချစ်မြတ်နိုးရသောအိမ်ထောင်ဖက်ဆုံးပါးသွားခြင်းက အမျိုးမျိုးဂယက်ရိုက်ခတ်စေနိုင်သည်။ ဥပမာ၊ စန်ဒရာသည် အချိန်အတန်ကြာ မိမိမည်သူမည်ဝါဖြစ်ကြောင်း မသိတော့ဟုခံစားခဲ့ရသည်။ မကြာသေးမီက (ခင်ပွန်းသည်) ဆုံးပါးသွားခဲ့သော အခြားမုဆိုးမများစွာကဲ့သို့ပင် သူသည်လည်း အားနွဲ့၍ စိတ်အားငယ်ခဲ့သည်။ စန်ဒရာက ဤသို့ပြန်ပြောပြသည်– “ကျွန်မရဲ့ခင်ပွန်းက အမြဲဆုံးဖြတ်ပေးခဲ့တယ်၊ အဲဒီဆုံးဖြတ်ချက်တွေကိုချဖို့ ရုတ်တရက် ကျွန်မကိုတစ်ယောက်တည်းထားရစ်ခဲ့တယ်။ ကျွန်မအိပ်ရေးတွေပျက်တယ်။ မောပန်းနွမ်းလျလာတယ်။ ဘာလုပ်ရမယ်ဆိုတာ မဝေခွဲနိုင်တော့ဘူး။”
စန်ဒရာနှင့် အီလိန်းတို့၏အဖြစ်မျိုး နေ့စဉ်နေ့တိုင်း ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်မြဲရှိသည်။ ဖျားနာမှု၊ မတော်တဆထိခိုက်မှုများ၊ စစ်မှုများ၊ လူမျိုးစုသန့်စင်မှုနှင့် အကြမ်းဖက်မှုတို့ များသောအားဖြင့်ဖြစ်ပျက်နေရာ မုဆိုးမဦးရေတိုးများလာစေလျက်ရှိသည်။ * ထိုသို့သောအမျိုးသမီးများစွာသည် အဘယ်အရာပြုလုပ်ရမည်ကိုမသိ၊ ထုတ်မပြောဘဲ ဝေဒနာခံစားနေကြရသည်။ မုဆိုးမဘဝတွင် နေသားတကျဖြစ်လာရန် ကြိုးစားနေသူများကို မိတ်ဆွေများနှင့် ဆွေမျိုးများက မည်သို့ကူညီပေးနိုင်သနည်း။ နောက်ဆောင်းပါးတွင် အထောက်အကူဖြစ်မည့် အကြံပြုချက်အချို့ ပါရှိသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 အခြားအမျိုးသမီးများသည် လင်ယောက်ျားများ၏ စွန့်ပစ်မှုကိုခံရခြင်းကြောင့် မုဆိုးမများနှင့်ဆင်တူကြသည်။ လင်မယားခွဲနေခြင်းနှင့် ကွာရှင်းခြင်းတို့သည် သူမတူပြဿနာများကို ဖြစ်ပေါ်စေသော်လည်း နောက်ဆောင်းပါးတွင် ဆွေးနွေးတင်ပြထားသည့် မူများက ထိုအခြေအနေများတွင်ရှိသော အမျိုးသမီးများကိုလည်း ထောက်ကူပေလိမ့်မည်။