မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မုဆိုးမများ၏အခက်အခဲများကြား အဆုံးတိုင်အောင် ကူညီပေးခြင်း

မုဆိုးမများ၏အခက်အခဲများကြား အဆုံးတိုင်အောင် ကူညီပေးခြင်း

မုဆိုးမများ​၏​အခက်အခဲ​များ​ကြား အဆုံးတိုင်အောင် ကူညီ​ပေးခြင်း

မုဆိုးမများနှင့်​စပ်လျဉ်း၍ လူသိ​အများဆုံး ရှေး​ဖြစ်ရပ်​တစ်ခု​မှာ ကျမ်းစာ​ထဲ​မှ​ရုသ​နှင့် သူ့​ယောက္ခမ​နောမိ​တို့​အကြောင်း​ဖြစ်သည်။ သူတို့​နှစ်ဦးစလုံး​သည် မုဆိုးမများ​ဖြစ်​ကြသည်။ သို့ရာတွင် နောမိ​သည် သူ၏​ခင်ပွန်း​ကို​သာမက သား​နှစ်ယောက်ကို​ပါ​ဆုံးရှုံး​ခဲ့​ရသည်၊ သားတစ်ယောက်​မှာ ရုသ​၏​ခင်ပွန်း​ဖြစ်သည်။ အမျိုးသားများ​ကို မှီခို​အားထား​ရသော လယ်ယာ​စိုက်​ပျိုး​သည့် လူ့​အသိုင်းအဝိုင်း​၌ သူတို့​နေထိုင်ကြ​သောကြောင့် သူတို့၏​အခြေအနေ​သည် အမှန်ပင်​ကြေကွဲဖွယ်​ဖြစ်သည်။—ရုသ ၁:၁-၅၊ ၂၀၊ ၂၁

သို့သော် နောမိ​၌ သူ့​အနား​မှ​စွန့်ခွာ​သွား​ရန်​ငြင်းဆို​ခဲ့​သည့် ချွေး​မ​ရုသ​ရှိ၍ ထူးခြားသော​မိတ်ဆွေ​နှင့် နှစ်သိမ့်​ပေး​သူ​တစ်ဦး​ရှိခဲ့​သည်။ အချိန်တန်သော် ရုသ​သည် နောမိ​ကို​အလွန်​ချစ်သော​ကြောင့်​သာမက ဘုရားသခင်​ကို​ချစ်​သည့် သူ၏​မေတ္တာ​ကြောင့် “သား​ခု​နစ်​ယောက်​ထက် [နောမိ] အဖို့​သာ၍​ကောင်း” သူ​ဖြစ်​ခဲ့​သည်။ (ရုသ ၄:၁၅) ရုသ​အား သူ၏​မောဘ​မိသားစု​နှင့် မိတ်ဆွေများ​ထံ​ပြန်သွား​ရန် နောမိ​ပြောကြား​သောအခါ ရုသ​သည် မှတ်တမ်း​တင်ထား​သမျှ​တွင် စွဲမှတ်စရာ​အကောင်းဆုံး​တစ်ခု​ဖြစ်သည့် တည်ကြည်​ခြင်း​ကို​ဖော်ပြ​သော ဤ​စကား​ကို​ပြောဆို​ခဲ့​သည်– “ကိုယ်တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်မ​လိုက်ပါမည်။ ကိုယ်တော်​အိပ်​လေ​ရာ​ရာ​၌ ကျွန်မ​အိပ်​ပါ​မည်။ ကိုယ်တော်​အမျိုး​သည်ကျွန်မ​အမျိုး၊ ကိုယ်တော်​ဘုရား​သည် ကျွန်မ​ဘုရား​ဖြစ်ပါစေ။ ကိုယ်တော်​သေ​ရာ​အရပ်၌ ကျွန်မ​သေ​၍ သင်္ဂြိုဟ်​ခံ​ပါ​မည်။ သေခြင်း​မှတစ်ပါး အခြားသော​အမှု​ကြောင့် ကိုယ်တော်​နှင့်​ကျွန်မ​ကွာ​လျှင် ထာဝရ​ဘုရား​သည် ကျွန်မ​၌​ထို​မျှ​မ​က​ပြု​တော်​မူ​ပါစေ​သော။”—ရုသ ၁:၁၆၊ ၁၇

ရုသ​၏​သဘောထားကို ယေဟောဝါ​ဘုရားသခင် သတိပြုမိ​သည်။ ကိုယ်တော်​သည် နောမိ​နှင့်​ရုသ​တို့၏​အိမ်ထောင်စု​ငယ်​လေး​ကို ကောင်းချီး​ပေး​ခဲ့​သည်၊ နောက်ဆုံး​တွင် ရုသ​သည် ဣသရေလ​အမျိုးသား ဗောဇ​နှင့်​လက်ထပ်ခဲ့​သည်။ ယေရှု​ခရစ်တော်​၏ ဘိုးဘေး​ဖြစ်လာ​သော သူတို့၏​ကလေး​ကို နောမိ​သည် သူ၏​ကလေး​ရင်း​ချာ​ကဲ့သို့​ပင် ကြည့်ရှု​စောင့်ရှောက်​ခဲ့​သည်။ ဤ​သမိုင်း​ဖြစ်ရပ်​က ယေဟောဝါ​ထံ​ချဉ်းကပ်​၍ ကိုယ်တော်​အား​ယုံကြည်​ကိုးစား​သည့် မုဆိုးမများ​ကို ကိုယ်တော်​တကယ်​မြတ်နိုး​ကြောင်း​ဖော်ပြ​သည့် နမူနာ​တစ်ရပ်​ဖြစ်သည်။ ထို့​ပြင် မုဆိုးမများ​ခက်ခဲ​နေချိန်​တွင် မေတ္တာဖြင့်​ကူညီ​ထောက်မ​ကြ​သူများကို​လည်း ကိုယ်တော်​လေးမြတ်​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​အလယ်​ရှိ မုဆိုးမများ​ကို ယနေ့ မည်သို့​ထောက်ပံ့​ကူညီ​နိုင်​မည်​နည်း။—ရုသ ၄:၁၃၊ ၁၆-၂၂; ဆာလံ ၆၈:၅

သတ်သတ်မှတ်မှတ်​ဖြစ်သော်လည်း နိုင်ထက်စီးနင်း​မဟုတ်

မုဆိုးမ​တစ်ဦး​ကို အကူအညီ​ပေး​သောအခါ ရှင်းလင်း​၍ သတ်သတ်မှတ်မှတ်​ဖြစ်​ကာ နိုင်ထက်စီးနင်း​မဖြစ်​ခြင်း​သည် အကောင်းဆုံး​ဖြစ်သည်။ “အကူအညီ​လို​ရင် ပြော​နော်” ကဲ့သို့​သော မတိကျ​သည့်​စကား​မျိုးကို​ရှောင်ပါ။ ထိုသို့​ဆို​ခြင်း​သည် ချမ်း​၍​ဆာမွတ်​နေ​သူ​တစ်ဦး​ကို “နွေး​ကြလော့၊ ဝ​ကြလော့” ဟု​ပြော​ပြီး လုံးဝ​မကူညီ​သည်​နှင့်​တူ​ပေ​သည်။ (ယာကုပ် ၂:၁၆) လူအများသည် အကူအညီ​လိုလျက်​နှင့် မတောင်းဆို​တတ်ကြ​ချေ; ယင်းအစား နှုတ်ဆိတ်​နေ၍ ကြိတ်မှိတ်ခံ​တတ်ကြ​သည်။ ထိုသို့​သော​သူများကို​ကူညီ​ရန် သူတို့၏​လိုအပ်ရာ​များ​ကို ပိုင်းခြား​သိမြင်​တတ်​ဖို့​လို​သည်။ အခြား​တစ်ဖက်​တွင်​မူ မုဆိုးမ​တစ်ဦး၏​ဘဝ​တစ်ခုလုံး​ကို ထိန်းချုပ်ခြင်းဖြင့် ကြီးစိုး​လွန်း​ခြင်း​သည် နာကြည်းမှု​များ သို့​မဟုတ် သဘောထား​ကွဲလွဲ​မှုများ ဖြစ်ပေါ်​စေနိုင်​သည်။ သို့​ဖြစ်၍ သမ္မာကျမ်းစာ​က အခြား​သူများ​နှင့်​ဆက်ဆံ​ရာ​တွင် မျှတမှု​ရှိဖို့လို​ကြောင်း အလေးပေး​ဖော်ပြ​သည်။ တစ်ကိုယ်ကောင်း​မ​ဆန်​ဘဲ လူများ​အပေါ် စိတ်ဝင်စားမှု​ရှိ​ရန်​အားပေးနေ​စဉ် စပ်စု​သူများ​မဖြစ်ဖို့​လည်း ကျမ်းစာ​က​သတိပေး​သည်။—ဖိလိပ္ပိ ၂:၄; ၁ ပေတရု ၄:၁၅

ယင်း​သို့​သော​မျှတ​သည့်​သဘောထားကို နောမိ​အား ရုသ​ပြသ​ခဲ့​သည်။ သူ၏​ယောက္ခမ​ကို သစ္စာရှိ​စွာ​တွယ်ကပ်​နေစဉ် သူ့ကို​တွန်းအား​ပေး​ရန် သို့​မဟုတ် လွှမ်းမိုး​ရန်​မကြိုးစား​ခဲ့​ပါ။ သူသည် နောမိ​နှင့်​မိမိ​အတွက် အစားအစာ​ရရှိဖို့ အမြော်အမြင်​ရှိ​ရှိ အစပြု​လုပ်ကိုင်​ခဲ့​သည်၊ သို့သော် နောမိ​၏​ညွှန်ကြားချက်​များ​ကိုလည်း လိုက်နာ​ခဲ့​သည်။—ရုသ ၂:၂၊ ၂၂၊ ၂၃; ၃:၁-၆

လိုအပ်​နေသော​အရာများ​သည် လူတစ်ဦး​နှင့်​တစ်ဦး လွန်​စွာ​ကွာခြား​နိုင်​သည်​မှန်​၏။ အစပိုင်း​၌​ဖော်ပြ​ခဲ့​သော စ​န်ဒ​ရာ​က​ဤသို့​ဆို​သည်– “ပူဆွေး​သောကရောက်​ချိန်မှာ ကျွန်မ​လိုအပ်​တဲ့ အရမ်း​ကို​ချစ်ခင်​ကြင်နာ​တဲ့​မိတ်ဆွေ​တွေ ကျွန်မ​အနားမှာ​ရှိနေကြတယ်။” အခြား​တစ်ဖက်​တွင်​မူ အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သော အီလိန်း​သည် တစ်ကိုယ်တည်း​နေဖို့လို​လား​ခဲ့​သည်။ ထို့​ကြောင့် အကူအညီ​ပေးခြင်း​မည်​သည် အခြားသူ​၏​အေးအေးဆေးဆေး​နေ​လို​မှု​ကို​လေးစားခြင်း​နှင့် လိုအပ်​သည့်​အခါ အကူအညီ​ပေး​ရန် အသင့်ရှိနေ​ခြင်း​ကိစ္စ​တို့​တွင် ပိုင်းခြား​သိမြင်​တတ်​ခြင်း​နှင့် မျှတသော​အမြင်​ရှိ​ခြင်း​ကို​ဆိုလို​သည်။

မိသားစု​ထံ​မှ​အထောက်အမ

နွေးထွေး​၍​မေတ္တာပြည့်​ဝ​သော​မိသားစု​တစ်ခု​ရှိလျှင် မုဆိုးမ​တစ်ဦး​အား သူ၏​ဘဝကို သူ​အောင်မြင်စွာ​ဖြေရှင်း​ကိုင်တွယ်​နိုင်​ကြောင်း​စိတ်ချ​စေရန် လုပ်ဆောင်ပေး​နိုင်ရာ​များစွာ​ရှိသည်။ မိသားစု​မှ​အချို့​သူတို့သည် အခြားသူ​တို့​ထက် ပို​၍​အကူအညီ​ပေး​နိုင်​မည်​ဖြစ်သော်လည်း အားလုံး​ပါဝင်​ကူညီ​နိုင်​ပါ​သည်။ “သားမြေး​ရှိသော​မုဆိုးမ​ဖြစ်​လျှင် ထို​သားမြေး​တို့သည် မိမိတို့​အိမ်ထောင်စု​အတွင်း ဘုရားရေးရာ​ဆည်းကပ်​ဝတ်ပြုမှု​ကို လက်တွေ့​ကျင့်သုံး​ကာ မိဘ​ဘိုးဘွား​တို့အား ထိုက်သင့်သော​ကျေးဇူး​ဆပ်​ခြင်း​ကို မပြတ်​ပြု​ရန် ရှေးဦး​စွာ​သင်ယူ​ကြ​စေ။ ထိုသို့​ပြုခြင်း​သည် ဘုရားသခင်​၏​အမြင်​၌ နှစ်သက်​လက်ခံဖွယ်​ဖြစ်၏။”—၁ တိမောသေ ၅:၄က​ဘ။

အခြေအနေ​များစွာ​တွင် ငွေကြေး​အထောက်အပံ့ သို့​မဟုတ် “ကျေးဇူး​ဆပ်​ခြင်း” လိုအပ်​လိမ့်​မည်​မဟုတ်ပေ။ မုဆိုးမ​အချို့​သည် သူတို့​လိုအပ်ရာ​အတွက်​သုံးစွဲ​ရန် ငွေ​အလုံအလောက်​ရှိကြ​၏၊ အခြား​မုဆိုးမများ​မှာ​မူ တိုင်းပြည်​အချို့​တွင်​အစီအစဉ်​ရှိသည့် အစိုးရ​ထောက်ပံ့ကြေး​တောင်းခံ​ခွင့်​ရရှိ​ထား​ပေမည်။ သို့သော် အကူအညီလိုအပ်သော​မုဆိုးမများ​ကို မိသားစုက ကူညီပေး​သင့်​သည်။ မုဆိုးမ​တစ်ဦး​၌ အကူအညီ​ပေး​မည့် ဆွေမျိုးရင်းချာ​မရှိ၊ သို့​မဟုတ် ယင်း​ဆွေမျိုး​များ​က အကူအညီ​မပေးနိုင်​လျှင် သူ့ကို​ထောက်ပံ့​ကူညီ​ရန် ယုံကြည်သူချင်း​များ​အား ဤ​ကျမ်းချက်​က တိုက်တွန်း​သည်– “ခမည်းတော်​ဘုရားသခင့်​ရှေ့၌ စင်ကြယ်​သန့်ရှင်းသော [အကျင့်] ဟူ​မူ​ကား မိဘ​မရှိသော​သူငယ်​တို့​နှင့်​မုဆိုးမ​တို့သည် ဆင်းရဲခံ​ရသောအခါ သူတို့ကို​ကြည့်ရှု​ပြုစု​ခြင်း . . . ပေ​တည်း။”—ယာကုပ် ၁:၂၇

ဤ​ကျမ်းစာ​မူများ​ကို လက်တွေ့​ကျင့်သုံး​ကြ​သူများ​သည် ‘မုဆိုးမများ​အား ဂုဏ်တင်’ ကြသည်​မှာ​အမှန်။ (၁ တိမောသေ ၅:၃က​ဘ) တစ်နည်း​ဆို​ရ​လျှင် လူတစ်ဦးကို​ဂုဏ်တင်​ခြင်း​ဟူသည် ထို​သူအား လေးစားမှု​တင်ပြခြင်း​ဖြစ်သည်။ ဂုဏ်တင်​ခံရ​သူများ​သည် တန်ဖိုး​ထား​ခံရ​၏၊ မြတ်နိုး​ခံရ​၏၊ ဂုဏ်ပြု​ခံရ​၏​ဟု ခံစား​ကြ​ရသည်။ တာဝန်​သဘော​အရသာ ကူညီပေး​နေသည်​ဟု သူတို့​ခံစားရ​မည်​မဟုတ်။ ရုသ​ကိုယ်တိုင် အချိန်​အတန်ကြာ မုဆိုးမ​တစ်ယောက်​ဖြစ်​ခဲ့​သော်လည်း နောမိ​၏​ကာယရေး​နှင့် စိတ်​လှုပ်ရှားမှု​ပိုင်း​ဆိုင်ရာ လိုအပ်ရာ​များ​ကို တလိုတလား​နှင့် မေတ္တာပါပါ သူ​ကြည့်ရှု​ပြုစု​ခြင်း​အားဖြင့် နောမိ​ကို အမှန်ပင်​ဂုဏ်တင်​ခဲ့​သည်။ အမှန်​ဆို​သော် ရုသ​၏​သဘောထား​က သူ့​ဂုဏ်​သတင်းကို လျင်မြန်​စွာ​လွင့်​စေ​ခဲ့​သောကြောင့် သူ၏​ခင်ပွန်း​လောင်း​က သူ့​အား​ဤသို့​ပြော​ခဲ့​သည်– “သင်သည်​ကောင်းမြတ်သော​မိန်းမ​ဖြစ်​ကြောင်းကို ငါ့​လူမျိုး​နေသော​တစ်မြို့လုံး​သိ​၏။” (ရုသ ၃:၁၁သမ္မာ) တစ်ချိန်တည်း​တွင် နောမိ​၏ ဘုရားသခင်​ကို​ချစ်၍ အကျိုးသင့်အကြောင်းသင့်​ရှိသည့်​သဘောထား​နှင့် ရုသ​၏​အကျိုးဆောင်​ရွက်​မှုများ​ကို အလွန်​တန်ဖိုး​ထား​လေးမြတ်​တတ်​ခြင်း​တို့​က သူ့​အား​ကူညီပေး​ရန် ရုသ​အတွက် ပျော်ရွှင်စရာ​ဖြစ်စေ​ခဲ့​သည်။ ယခု​ခေတ်​ရှိ မုဆိုးမများ​အတွက် နောမိ​သည် အလွန်​ကောင်းသော ပုံသက်သေ​ပါ​တကား!

ဘုရားသခင်​ထံ ချဉ်းကပ်​ပါ

အိမ်ထောင်ဖက်​ဆုံးပါး​သွားခြင်း​ကြောင့် ရင်တွင်း​ဟာ​ကျန်ရစ်​ခဲ့​ခြင်း​ကို မိသားစု​နှင့် မိတ်ဆွေများ မ​ဖြည့်ဆည်း​ပေး​နိုင်​သည်​မှာ​အမှန်​ပါ။ ထို့​ကြောင့် ပူဆွေး​ကြေကွဲ​ကျန်ရစ်သူ​သည် ‘ဆင်းရဲခြင်း​အမျိုးမျိုး​တို့​၌ ကျွန်ုပ်​တို့အား​သက်သာ​စေတော်မူ​သော . . . သနားခြင်း​ကရုဏာ​၏​အဘ၊ သက်သာခြင်း​အမျိုးမျိုး​တို့၏​အရှင်’ ထံ​အထူးသဖြင့်​ချဉ်းကပ်​ရန် အရေးကြီး​သည်။ (၂ ကောရိန္သု ၁:၃၊ ၄) ယေရှု​ဖွားမြင်ချိန်​၌ အသက် ၈၄ နှစ်အရွယ်​ရှိ ဘာသာ​တရား​ကိုင်းရှိုင်း​သူ အန္န​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။

အိမ်ထောင်သက်​ခု​နစ်​နှစ်​သာ​ရှိချိန်​တွင် ခင်ပွန်း​ကွယ်လွန်​သွားသော​အခါ အန္န​သည် ဘုရားသခင်​ထံ​မှ​နှစ်သိမ့်မှု​ရှာယူ​ခဲ့​သည်။ “[သူသည်] ဆုတောင်းခြင်း​နှင့် အစာ​ရှောင်ခြင်း​အားဖြင့် နေ့​ည​မပြတ်​ဘုရားဝတ်​ကို​ပြု​၍ ဗိမာန်တော်​နှင့်​မခွာ​ဘဲ​နေ​၏။” (လုကာ ၂:၃၆၊ ၃၇) ယေဟောဝါ​သည် အန္န​၏​ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​ကို တုံ့ပြန်​ခဲ့​သလော။ တုံ့ပြန်​ခဲ့​ပါ​သည်! လောက​၏​ကယ်တင်ရှင်​ဖြစ်လာ​မည့် ကလေးငယ်​ကို သူ့​အား​တွေ့မြင်​စေခြင်း​ဖြင့် ကိုယ်တော်​သည် သူ့ကို​ချစ်​ကြောင်း အလွန်​ထူးမြတ်​သော​နည်းဖြင့်​တင်ပြ​ခဲ့​သည်။ ယင်းကြောင့် အန္န​သည် တကယ်​ပီတိဖြာ​၍ နှစ်သိမ့်မှု​ရခဲ့​သည်​တကား! ဆာလံ ၃၇:၄ ၏​မှန်ကန်မှု​ကို သူ​တွေ့ကြုံ​ခဲ့​ရသည်– “ထာဝရ​ဘုရား​၌​မွေ့လျော်ခြင်း​ရှိ​လော့။ သို့ပြုလျှင် စိတ်နှလုံး​အလို​ပြည့်စုံ​ရသော​အခွင့်​ကို​ပေး​တော်​မူ​မည်။”

ခရစ်ယာန်​ချင်း​များ​မှ​တစ်ဆင့် ဘုရားသခင်​အကျိုးပြု

အီလိန်း​က ဤသို့​ဆို​သည်– “ဒေးဗစ်​ဆုံး​ပြီး​တဲ့​နောက် အတော်ကြာကြာ ကျွန်မ​နံရိုး​အိမ်ထဲမှာ ဓားနဲ့​ထိုး​သလို နာကျင်မှု​မျိုး​ခံစား​ခဲ့​ရတယ်။ အစာ​မ​ကြေ​တာ​လို့ ကျွန်မ​ထင်​ခဲ့​တာ။ တစ်နေ့​ကျ​တော့ အရမ်း​နာ​လာလို့ ဆရာဝန်​ပြ​ရမယ်​လို့ ကျွန်မ​ထင်​မိတယ်။ သိတတ်တဲ့ ဝိညာဉ်​ရေး​ကောင်း​တဲ့​ညီအစ်မ​တစ်ဦး​ဖြစ်​တဲ့ ကျွန်မ​မိတ်ဆွေ​က ကျွန်မ​ရဲ့​ဝမ်းနည်းပူဆွေးမှု​ကြောင့်​ဖြစ်​နိုင်တယ်​လို့​ပြော​ပြီး နှစ်သိမ့်မှု​ရဖို့​အတွက် ယေဟောဝါ​ထံ​မှ​အကူအညီ​တောင်း​ဖို့ အားပေး​တိုက်တွန်း​တယ်။ သူ့​အကြံပေး​ချက်​ကို ကျွန်မ​ချက်ချင်းပဲ​လက်ခံ​ပြီး ကျွန်မ​ရဲ့ ဝမ်းနည်းပူဆွေးမှု​တွေ​ကြား ယေဟောဝါ​ထောက်မ​ကူညီ​ပါ​ရန် အသံ​မ​ထွက်​ပဲ နှလုံးပါပါ​ဆုတောင်း​လိုက်တယ်။ ကိုယ်တော်​အမှန်တကယ်​ပဲ ထောက်မ​ကူညီပေး​ခဲ့တယ်!” အီလိန်း​သည် စိတ်သက်သာ​မှု​ရရှိ​လာ​ကာ မကြာမီတွင် သူ၏​နာကျင်မှု​များ​ပင် ပျောက်ကင်း​သွားလေသည်။

အသင်းတော်​အကြီးအကဲ​များသည် ပူဆွေး​ကြေကွဲ​နေသော​မုဆိုးမများ​ကို ကြင်နာ​စွာ​ခင်မင်မှု​ပြ​နိုင်​သည်။ လိမ္မာ​ပါးနပ်၊ ပိုင်းခြား​သိမြင်​တတ်သော​နည်း​နှင့် ဝိညာဉ်​ရေး​အရ မှန်မှန်​ထောက်မ​ကူညီ နှစ်သိမ့်​ပေး​ခြ​င့်​အားဖြင့် အကြီးအကဲ​များသည် သူတို့၏​ဆင်းရဲ​ခက်ခဲ​မှုများ​ကြား ယေဟောဝါ​နှင့်​နီးကပ်​စွာ​နေနိုင်​ကြ​ရန် ကူညီပေး​နိုင်​ပါ​သည်။ လိုအပ်သော​အခါ ကာယရေး​အရ​အကူအညီ​ရရှိရန်​လည်း စီမံ​ပေး​နိုင်​သည်။ ဤ​ကဲ့သို့ စာနာ​ထောက်ထား၊ ပိုင်းခြား​သိမြင်​တတ်သော​အကြီးအကဲ​များသည် အမှန်တကယ်​ပင် ‘လေ​လုံ​သော​အရပ်’ ဖြစ်သည်။—ဟေရှာယ ၃၂:၂; တမန်​တော် ၆:၁-၃

မြေကြီး​၏​ဘုရင်​သစ်​ထံ​မှ ထာဝရ​နှစ်သိမ့်မှု

လွန်ခဲ့သော​အနှစ်​နှစ်ထောင်​ခန့်​က သက်ကြီးရွယ်အို​အန္န တွေ့မြင်​ခဲ့​သော​သူသည် ယခု ဘုရားသခင့်​ကောင်းကင်​နိုင်ငံတော်​၏ မေရှိယ​ဘုရင်​ဖြစ်​လေ​ပြီ။ ထို​သူကို​တွေ့မြင်​၍ အန္န​ဝမ်းမြောက်​ခဲ့​သည်။ ၎င်း​အစိုးရ​သည် သေခြင်း​အပါအဝင် ဝမ်းနည်းပူဆွေး​စေသည့်​အကြောင်း​အားလုံး​ကို မကြာမီ​ဖယ်ရှား​ပေမည်။ ယင်း​နှင့်​ပတ်သက်​၍ ဗျာဒိတ် ၂၁:၃၊ ၄ ၌​ဤသို့​ဆို​သည်– “ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ . . . ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌​မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။” ဤ​အပိုဒ်​က “လူ​တို့” ကို​ရည်ညွှန်း​ထား​ကြောင်း သင်​သတိပြုမိ​ပါသလော။ မှန်ပါသည်၊ လူသားများ​သည် သေခြင်းနှင့် ယင်းကြောင့်​ဖြစ်ပေါ်​သည့် စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း​တို့​မှ လွတ်မြောက်​ကြ​ရတော့မည်။

သို့သော် ထို​ထက်​ကောင်းသော​သတင်း ရှိပါ​သေး​သည်! သမ္မာကျမ်းစာ​က သေလွန်သူ​များ ရှင်ပြန်ထမြောက်​လာ​မည်​ဟူ၍လည်း ကတိပေး​ထား​သည်။ “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော် [ယေရှု] ၏​စကားသံ​ကို​ကြား​၍၊ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့။” (ယောဟန် ၅:၂၈၊ ၂၉) သေ​ရာ​မှ ယေရှု ရှင်ပြန်ထမြောက်​စေ​ခဲ့​သည့် လာဇရု​ကဲ့သို့​ပင် သူတို့သည် နာမ်ဝိညာဉ်​သတ္တဝါများ​အဖြစ်​မဟုတ်ဘဲ လူသားများ​အဖြစ် ထမြောက်​လာ​ကြ​မည်။ (ယောဟန် ၁၁:၄၃၊ ၄၄) ထို့နောက် ‘ကောင်းသော​အမှု​ပြု’ သူများ​သည် စုံလင်သော​လူသားများ​ဖြစ်လာ​ပြီး ယေဟောဝါ​သည် “လက်တော်ကို​ဖွင့်​၍ အသက်ရှင်​သော​သတ္တဝါ​အပေါင်း​တို့ကို ရောင့်ရဲ​စေတော်မူ” သောအခါ ဖခင်သဖွယ် ကိုယ်တော်​၏​စောင့်ရှောက်​မစမှု​ကို ကိုယ်တိုင်​ခံစား​ကြ​ရ​လိမ့်​မည်။—ဆာလံ ၁၄၅:၁၆

ချစ်​မြတ်နိုး​ရသူ​တစ်ဦး​ကို သေခြင်း​၌​ဆုံးရှုံး​ခဲ့​ရသူ​များနှင့် သေချာ​သော​ဤ​မျှော်လင့်ချက်ကို ယုံကြည်​ကြ​သူများ​သည် ယင်းကြောင့် ကြီးစွာ​သော​နှစ်သိမ့်မှု​ရရှိ​သည်။ (၁ သက်သာလောနိတ် ၄:၁၃) ထို့​ကြောင့် သင်သည် မုဆိုးမ​တစ်ဦး​ဖြစ်​လျှင် အထူးထူး​အပြားပြား​သော​ဝန်ထုပ်ဝန်ပိုး​များ​ကို ထမ်းဆောင်​နိုင်​ရန် နေ့စဉ်​လိုအပ်သော​အကူအညီ​နှင့် နှစ်သိမ့်မှု​ရဖို့​အတွက် “မခြားမလပ် ဆုတောင်း” ပါ​လေ။ (၁ သက်သာလောနိတ် ၅:၁၇; ၁ ပေတရု ၅:၇) ဘုရားသခင့်​အတွေးအခေါ်​များ​က သင့်​အား​နှစ်သိမ့်မှု​ပေး​နိုင်​စေရန် သမ္မာကျမ်းစာ​ကို​နေ့စဉ်​ဖတ်ရှု​ရန် အချိန်ပေး​ပါ။ ထို​အမှု​များ​ကို သင်​လုပ်ဆောင်ပါ​က မုဆိုးမ​တစ်ဦး​အနေ​နှင့် သင်ရင်​ဆိုင်​ရသော ဆင်းရဲခြင်း​အမျိုးမျိုးနှင့် စိန်ခေါ်ချက်​များ​ကြား သင်၌​ငြိမ်သက်ခြင်း​ရှိစေရန် ယေဟောဝါ​သည် သင့်​အား​အမှန်တကယ်​ပင်​ကူညီပေး​နိုင်​ကြောင်း တွေ့မြင်​ရ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

ကူ​အညီ​ပေးခြင်း​ဟူသည်​အခြားသူ​၏ အေးအေးဆေးဆေး​နေ​လို​မှု​ကို လေးစားခြင်း​နှင့် လိုအပ်​သည့်​အခါ ကူညီ​ခြင်း​စပ်ကြား မျှတမှု​ရှိ​ခြင်း​ကို​ဆိုလို

[စာမျက်နှာ ၇ ပါ​ရုပ်ပုံ]

သက်ကြီးရွယ်အို​မုဆိုးမ​အန္န​သည် ဘုရားသခင်​၏​ကောင်းချီး​ခံစား​ခဲ့​ရ