မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏လမ်းစဉ်၌ ဆက်တက်လှမ်းနေခြင်းက ကျွန်ုပ်တို့၏ခွန်အားနှင့် ရွှင်လန်းမှုဖြစ်

ယေဟောဝါ၏လမ်းစဉ်၌ ဆက်တက်လှမ်းနေခြင်းက ကျွန်ုပ်တို့၏ခွန်အားနှင့် ရွှင်လန်းမှုဖြစ်

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​၏​လမ်းစဉ်၌ ဆက်​တက်လှမ်း​နေခြင်း​က ကျွန်ုပ်​တို့၏​ခွန်အား​နှင့် ရွှင်လန်းမှု​ဖြစ်

လူး​အီ​ဂျီး ဒီ. ဗဲလဲန်တီးနိုး ပြောပြ​သည်

“ဤ​မည်​သော​လမ်း​သည်​မှန်​၏။ ဤ​လမ်း၌​သွားလော့” ဆိုပြီး ယေဟောဝါ​သတိပေး​ဆုံးမ​ထား​တယ်။ (ဟေရှာယ ၃၀:၂၁) ကျွန်တော်​နှစ်ခြင်း​ခံ​တဲ့ လွန်ခဲ့တဲ့​အနှစ် ၆၀ ကတည်းက ဒီ​ဆုံးမ​စကား​ကို​လိုက်လျှောက်​မယ်​ဆိုပြီး ပန်းတိုင်​ချ​ခဲ့တယ်။ ၁၉၂၁ မှာ အီတလီ​နိုင်ငံ​ကနေ​ပြောင်း​လာပြီး ယူ.အက်စ်.အေ.၊ အိုဟိုင်အို​နယ်၊ က​လီဗ်​လ​န်​မြို့မှာ အခြေချ​ခဲ့​တဲ့ ကျွန်တော့်​မိဘတွေရဲ့​ပုံသက်သေ​ကြောင့် ဒီ​ပန်းတိုင်​ကို အစောပိုင်းကတည်းက​ချ​ခဲ့​တာ​ပါ။ အဲဒီမှာ ကလေး​သုံးယောက်—အစ်ကို​မိုက်ခ်၊ ညီမ​လီ​ဒီ​ယာ​နဲ့ ကျွန်တော်—ကို​မွေးတယ်။

ဘာသာ​တရား​အမျိုးမျိုးကို ကျွန်တော့်​မိဘတွေ ဆန်းစစ်​ခဲ့​ကြ​ပေမဲ့ နောက်ဆုံး​မှာ စိတ်ပျက်​သွား​ကြတယ်။ အဲဒီနောက် ၁၉၃၂ ခုနှစ်​ရဲ့​တစ်နေ့​မှာ အီတလီ​ရေဒီယို​အစီအစဉ်ကို အဖေ​နားထောင်​ခဲ့တယ်။ ယေဟောဝါသက်သေ​တွေ အသံလွှင့်​နေတာကို အဖေ​ကြား​တဲ့​အခါ သဘောကျ​သွားတယ်။ နောက်ထပ်​ကြားသိ​ချင်​တယ်လို့ အဖေ​စာရေး​အကြောင်းကြား​လိုက်​တော့ နယူးယောက်၊ ဘ​ရွတ်​က​လင်​မှာ​ရှိတဲ့ ယေဟောဝါသက်သေ​တွေ​ရဲ့​ဌာနချုပ်​ကနေ အီတလီ​သက်သေခံ​တစ်ယောက် ကျွန်တော်​တို့​ဆီ​ရောက်​လာတယ်။ အရုဏ်ဦး​အထိ တက်တက်ကြွကြွ​ဆွေးနွေး​ခဲ့​ကြ​ပြီး​တာ​နဲ့ စစ်မှန်​တဲ့​ဘာသာ​ကို​တွေ့​ပြီ​လို့ ကျွန်တော့်​မိဘတွေ​ခံယူ​လိုက်ကြတယ်။

ဒါနဲ့ ခရစ်ယာန်​စည်းဝေး​တွေ​ကို အဖေနဲ့​အမေ​စတက်​ကြ​ပြီး နယ်လှည့်​ကြီးကြပ်မှူး​တွေ​ကို အိမ်မှာ​တည်း​ခွင့်​ပေး​ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်​ငယ်​သေး​ပေမဲ့ ဟောပြောခြင်း​လုပ်ငန်းမှာ သူတို့နဲ့အတူ ကျွန်တော့်​ကို​ခေါ်သွား​ကြ​တာ​ကြောင့် ယေဟောဝါ​ရဲ့​အမှုတော်ကို အချိန်ပြည့်​ထမ်းဆောင်​ဖို့ ကျွန်တော်​စပြီး​စဉ်းစား​လာတယ်။ ဧည့်သည်​တွေ​ထဲ​က တစ်ဦး​က​တော့ အခု ယေဟောဝါသက်သေ​တွေ​ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်​ဖြစ်နေ​တဲ့ ကယ်​ရီ ဒဗလျူ. ဘာ​ဘာ​ပါ​ပဲ။ မကြာခင် ၁၉၄၁၊ ဖေဖော်ဝါရီ​လမှာ​အသက် ၁၄ နှစ်​နဲ့​ကျွန်တော်​နှစ်ခြင်း​ခံ​ပြီး ၁၉၄၄ ကျ​တော့ က​လီဗ်​လ​န်​မြို့မှာ ရှေ့ဆောင်​စ​လုပ်ခဲ့တယ်။ မိုက်ခ်​နဲ့​လီ​ဒီ​ယာ​လည်း ကျမ်းစာ​အမှန်တရား​လမ်းစဉ်​အတိုင်း လျှောက်လှမ်း​ကြတယ်။ မိုက်ခ်​ဟာ သေ​တဲ့​အထိ ယေဟောဝါ​ရဲ့​အမှုတော်ကို​ထမ်းဆောင်​ခဲ့တယ်၊ လီ​ဒီ​ယာ​ကျ​တော့ သူ့​ခင်ပွန်း​ဟ​ယ်​ရ​ယ်လ်ဒ် ဝီဒ်​နာ​နဲ့​အတူ နယ်လှည့်​အမှုဆောင်​လုပ်ငန်းမှာ ၂၈ နှစ်​တိုင်​ပါဝင်​ခဲ့တယ်။ အခု​ဆိုရင် သူတို့ဟာ အထူး​အချိန်ပြည့်​အမှုဆောင်​နေကြ​တယ်။

အကျဉ်းထောင်​က ဆက်​တက်လှမ်း​နေ​ရန် ကျွန်ုပ်​၏​သန္နိ​ဋ္ဌာန်​ကို​ခိုင်မြဲ​စေ

ကျွန်တော်​ရဲ့ ကျမ်းစာ​အတိုင်း​လေ့ကျင့်​ထား​တဲ့ ကိုယ်ကိုကိုယ်သိတဲ့စိတ်​က ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ရမယ်​လို့​ဆို​တဲ့ ဟေရှာယ ၂:၄ နဲ့​အညီ​လုပ်ဆောင်ဖို့ တိုက်တွန်း​တဲ့​အတွက် ၁၉၄၅ အစောပိုင်းမှာ အိုဟိုင်အို၊ ချီလီ​ကော့​သီ ဖယ်ဒရယ်​လ်​ထောင်​မှာ ကျွန်တော်​အကျဉ်း​ချ​ခံ​ခဲ့​ရတယ်။ တစ်ချိန်​တုန်း​က ထောင်​အာဏာပိုင်တွေ​ဟာ သက်သေခံ​အကျဉ်းသားတွေ​ကို ယေဟောဝါသက်သေ​တွေ​ထုတ်​တဲ့ ကျမ်းစာ​စာပေ​တွေ​အကန့်အသတ်​နဲ့​သာ လက်ဝယ်​ထား​ရှိဖို့ ခွင့်ပြု​ခဲ့တယ်။ ဒါပေမဲ့ အနီးအနား​အသင်းတော်​တစ်ခု​က သက်သေခံတွေ ကူညီပေး​ခဲ့​ကြတယ်။ တချို့​အချိန်​မှာ ထောင်​နားက​ကွင်းပြင်​ထဲမှာ စာအုပ်စာတမ်း​အနည်းငယ်​ပစ်ချ​ပေး​ခဲ့​ကြတယ်။ နောက်​နေ့​မနက်​မှာ အကျဉ်းသားတွေ​ကို အလုပ်ခွင်​ခေါ်သွား​တဲ့​အချိန်​မှာ အဲဒီ​စာအုပ်​တွေ​ကို​ရှာပြီး ထောင်​ထဲ​ပြန်​ယူလာ​နိုင်​ခဲ့​ကြတယ်။ ကျွန်တော်​ထောင်​ထဲ​ရောက်​ခဲ့​ချိန်မှာ​တော့ စာပေ​တွေ​ပို​ပြီး လက်ဝယ်​ထား​ရှိ​ခွင့်​ရခဲ့တယ်။ အဲဒီအချိန်မှာ ယေဟောဝါ​ကျွေး​တဲ့ ဝိညာဉ်​အစာကို ပို​ပြီး​တန်ဖိုး​ထား​တတ်​လာတယ်—ကင်းမျှော်စင် ဒါမှ​မဟုတ် နိုးလော့! အသစ်​တစ်အုပ်​ရ​တိုင်း ကျွန်တော်​မှတ်မိ​နေဆဲ သင်ခန်းစာ​တစ်ခု​ပါ​ပဲ။

ထောင်​ထဲမှာ အသင်းတော်​စည်းဝေး​တွေ​လုပ်​ခွင့်​ရခဲ့ပေမဲ့ သက်သေခံ​မဟုတ်​သူတွေ တက်ခွင့်​မရဘူး။ ဒါပေမဲ့​လည်း ထောင်​အာဏာပိုင်​နဲ့​အကျဉ်းသား​အချို့​က လျှို့ဝှက်​တက်​ခဲ့​ကြ​ပြီး တချို့​ဆိုရင် အမှန်တရားကို​လက်ခံ​လာ​ခဲ့​ကြတယ်။ (တမန်​တော် ၁၆:၃၀-၃၄) ညီအစ်ကို​အေ. အိပ်ခ်ျ. မက္ခမီလန်​ရဲ့​လည်ပတ်မှု​တွေ​က ထူးခြား​ပြီး​အားရှိစရာ​ပဲ။ ထောင်ကျ​နေရ​တဲ့​အချိန်​ဟာ အနာဂတ်​မှာ​ထမ်းဆောင်​ရမယ့်​တာဝန်​တွေ​အတွက် ကျွန်တော်​တို့ကို​လေ့ကျင့်ပေး​နေတာ​ဖြစ်​တဲ့​အတွက် အလဟဿ​မဖြစ်​ဘူးလို့ သူက အမြဲတမ်း​အားပေးတယ်။ ချစ်​ရတဲ့​ဒီ​သက်ကြီး​ညီအစ်ကို​ကြောင့် ကျွန်တော်​နှလုံး​ထိမိ​ပြီး ယေဟောဝါ​ရဲ့​လမ်းစဉ်​မှာ လျှောက်လှမ်း​နေဖို့ ကျွန်တော့်​ရဲ့​သန္နိ​ဋ္ဌာန်​ကို ပို​ခိုင်မြဲ​စေ​ခဲ့တယ်။

အဖော်မွန်​ရရှိ

ဒုတိယ​ကမ္ဘာ​စစ်​ပြီး​တော့ ထောင်​က​လွတ်​လာ​ရော၊ အချိန်ပြည့်​အမှုဆောင်​အဖြစ် ကျွန်တော်​ရှေ့ဆောင်​ပြန်​လုပ်တယ်။ ဒါပေမဲ့ ၁၉၄၇ မှာ​ကျွန်တော့်​အဖေ​ဆုံး​သွားတယ်။ မိသားစုကို​ထောက်ပံ့​ပေးဖို့ လောက​အလုပ်ကို​ရှာ​လုပ်ခဲ့​ရပြီး ဆေး​ဘက်​ဆိုင်ရာ အ​နှိပ်​သည်​အဖြစ် အရည်အချင်း​ရှိခဲ့လို့ နောက်ပိုင်း​အနှစ် ၃၀ လောက်​မှာ ကျွန်တော့်​ဇနီး​နဲ့​ကျွန်တော်​တို့​ရင်ဆိုင်​ရတဲ့ ခက်ခဲ​တဲ့​အချိန်​မှာ ကျွန်တော့်​အတွက်​အထောက်အကူ​ဖြစ်​ခဲ့တယ်။ ကျွန်တော့်​စကား​တွေ ကျော်​ကုန်ပြီ။ ဦးဆုံး ကျွန်တော့်​ဇနီး​အကြောင်း ပြောပြ​ပါ​ရစေ။

၁၉၄၉ ခုနှစ်​ရဲ့ နေ့လယ်ခင်း​တစ်ခု​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ထဲမှာ ကျွန်တော်​ရှိနေတုန်း ဖုန်း​လာတယ်။ ဖုန်း​ကိုင်​လိုက်​တော့ “ကျွန်မ​နာမည် ခရစ္စတင်း ဂျင်​ချာ​ပါ။ ကျွန်မ​က ယေဟောဝါသက်သေ​တစ်ယောက်​ပါ။ အလုပ်ရှာ​ဖို့ က​လီဗ်​လ​န်​မြို့ကို ပြောင်း​လာတာပါ၊ အသင်းတော်​တစ်ခု​နဲ့​ပူးပေါင်း​ချင်​ပါ​တယ်” ဆိုပြီး​ချိုသာ​တဲ့​အသံ​လေး​တစ်ခု​ကို ကျွန်တော်​ကြား​လိုက်ရတယ်။ ကျွန်တော်​တို့​ရဲ့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​က သူ​နေတဲ့​နေရာ​နဲ့​အလှမ်းဝေး​တယ်၊ ဒါပေမဲ့ သူ့ရဲ့​အသံကို သဘောကျ​မိ​တဲ့​အတွက် ကျွန်တော်​လူထု​ဟောပြောချက်​ပေး​ရမယ့် အဲဒီ​တနင်္ဂနွေ​နေ့မှာ​လာဖို့ ကျွန်တော်​တို့​ခန်းမ​ကို​လမ်းညွှန်​ပေး​ပြီး အားပေးခဲ့တယ်။ တနင်္ဂနွေ​နေ့​ကျ​တော့ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ကို ကျွန်တော်​ဦးဆုံးရောက်​သွားတယ်၊ အကျွမ်းတဝင်​မရှိတဲ့ ဘယ်​ညီအစ်မ​မှ ပေါ်​မလာ​ဘူး။ ဟောပြောချက်​ပေး​နေတုန်း ဝင်ပေါက်​ကို တစ်ချက်​တစ်ချက်​ဝေ့ကြည့်​ခဲ့​ပေမဲ့ ဘယ်သူမှ​ဝင်​မလာ​ပါ​ဘူး။ နောက်​နေ့​ကြ​တော့ သူ့ကို ဖုန်း​ဆက်​တော့ ဘတ်စကား​ခရီးစဉ်​ကို အကျွမ်းတဝင်​မရှိ​သေး​လို့​ဆိုပြီး သူ​ပြောပြ​ခဲ့တယ်။ ဒါနဲ့ သူ့ကို​ရှင်းပြဖို့ လာ​တွေ့​မယ်​လို့​စီစဉ်​လိုက်တယ်။

သူ့ရဲ့​မိဘတွေက လူသေများ​အဘယ်​မှာ​ရှိ​သနည်း စာအုပ်​ငယ်​ကို​ဖတ်​ပြီး​နောက် ကျမ်းစာ​ကျောင်းသား​တွေ​နဲ့ စ​ပူးပေါင်း​ခဲ့​တဲ့ ချက်ကိုစလိုဗက်ကီးယား​ကနေ ပြောင်း​လာတဲ့​သူတွေ​ဆိုတာ​ကို ကျွန်တော်​သိလာ​ရတယ်။ ၁၉၃၅ မှာ​သူ့​မိဘတွေ နှစ်ခြင်း​ခံ​ခဲ့တယ်။ ခရစ္စတင်း​ရဲ့​အဖေဟာ ၁၉၃၈ မှာ ယူ.အက်စ်.အေ.၊ ပဲ​င်​စီ​လ်​ဘေး​နီး​ယား​ပြည်နယ်၊ ကလို​င်​မာ​မြို့က ယေဟောဝါသက်သေ​တွေ​ရဲ့​အသင်းတော်မှာ အုပ်စု​အမှုထမ်း (အခု​အခေါ်​အရ ဦးစီး​ကြီးကြပ်မှူး) ဖြစ်လာ​ပြီး ၁၉၄၇ ခုနှစ် အသက် ၁၆ နှစ်မှာ​ခရစ္စတင်း​နှစ်ခြင်း​ခံ​ခဲ့တယ်။ လှပ​ချောမော​ပြီး ဝိညာဉ်​ရေး​စိတ်​ရှိတဲ့ ဒီ​ညီအစ်မ​နဲ့ ချစ်​ကြိုက်​ဖို့​သိပ်​မကြာ​ခဲ့​ပါ​ဘူး။ ၁၉၅၀၊ ဇွန် ၂၄ ရက်မှာ ကျွန်တော်​တို့​လက်ထပ်​ကြတယ်၊ အဲဒီ​ကတည်းက ခရစ္စတင်း​ဟာ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေ့​ဦး​ထား​ဖို့ အမြဲတမ်း တလိုတလား​ရှိခဲ့တဲ့ ကျွန်တော့်​ရဲ့​သစ္စာရှိ​အဖော်မွန်​ဖြစ်​ခဲ့တယ်။ အရည်အချင်း​ပြည့်​တဲ့ ဒီ​အဖော်​ဟာ ကျွန်တော်​နဲ့​ပေါင်းဖက်​ဖို့ သဘောတူခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ကျေးဇူး​တင်​ပါ​တယ်။—သု. ၃၁:၁၀

အလွန်​အံ့သြစရာ

၁၉၅၁၊ နိုဝင်ဘာ​လမှာ ကျွန်တော်​တို့​အတူတူ စပြီး​ရှေ့ဆောင်​လုပ်ခဲ့ကြတယ်။ နောက်​နှစ်နှစ်​မှာ အိုဟိုင်အို​ပြည်နယ်၊ တို​လီ​ဒို​မြို့မှာ​ကျင်းပ​တဲ့ စည်းဝေးကြီး​တစ်ခု​မှာ သာသနာပြု​လုပ်ငန်း​ကို စိတ်ဝင်စား​ကြ​တဲ့ ရှေ့ဆောင်​အုပ်စု​တစ်စု​နဲ့ ညီအစ်ကို​ဟူ​ဂို ရီ​မာ​ရ်​နဲ့ အဲလ်ဘတ် ရှ​ရိုး​ဒါ​တို့​က စကားပြော​ကြတယ်။ အဲဒီ​ထဲမှာ ကျွန်တော်​တို့​လည်း​ပါဝင်​တယ်။ က​လီဗ်​လ​န်​မှာပဲ ရှေ့ဆောင်​ဆက်လုပ်​နေကြ​ဖို့ ကျွန်တော်​တို့အား​ပေး​ခံ​ခဲ့​ရပြီး နောက်​တစ်လ​မှာပဲ တကယ့်ကို​အံ့သြ​သွားခဲ့​ရတယ်၊ ၁၉၅၄၊ ဖေဖော်ဝါရီ​လမှာ​စ​မယ့် ကင်းမျှော်စင်​သမ္မာကျမ်းစာ​ဂိလဒ်​ကျောင်း​ရဲ့ ၂၃ ကြိမ်​မြောက်​သင်တန်းကို တက်ရောက်​ဖို့ ဖိတ်စာ​ရ​လိုက်လို့​ပါ​ပဲ!

အဲဒီတုန်းက နယူးယောက်၊ တောင်​လ​န်​စင်း​မှာ​ရှိတဲ့ ဂိလဒ်​ကျောင်း​ကို ကျွန်တော်​တို့​ကားမောင်း​သွား​နေတဲ့​အခါ ခရစ္စတင်း​က “ဖြည်းဖြည်း​မောင်း​ပါ!” ဆိုပြီး​ပြော​နေရ​တဲ့​အထိ အရမ်း​ကို​စိုးရိမ်​နေတယ်။ “ဒီထက်​ဖြည်းဖြည်း​မောင်း​ရမယ်​ဆိုရင် ကား​ကို​ရပ်​ထား​ရုံ​ပဲ​ရှိမယ် ခရစ္စတင်း” လို့​ကျွန်တော်​ပြော​ခဲ့တယ်။ ကျောင်းဝင်း​ထဲ​ရောက်ပြီးနောက် မကြာခင်​မှာ စိတ်​ပေါ့​သွားတယ်။ ညီအစ်ကို​နေသန် နောရ်​က ကျောင်းသား​အုပ်စု​ကို ကြိုဆို​ပြီး လှည့်လည်​ပြသ​တယ်။ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို​ရှာနေ​ချိန်မှာ ချွေတာ​မှု​က အရေးကြီးတယ်ဆိုတာ​ကို ဖိ​ပြော​ရင်း ရေ​နဲ့​လျှပ်စစ်​ဓာတ်အား​ကို ဘယ်လို​ချွေတာ​ရမယ်ဆိုတာ​ရှင်းပြတယ်။ ကျွန်တော်​တို့​စိတ်​ထဲမှာ အဲဒီ​အကြံပေး​ချက် စွဲမှတ်​သွားတယ်။ အခုထိ​လည်း အဲဒီအတိုင်းပဲ ကျွန်တော်​တို့​နေထိုင်ကြ​တယ်။

ရီယို​သို့ လေယာဉ်​ခရီး

မကြာခင်​ကျောင်းဆင်း​ပြီး ၁၉၅၄၊ ဒီဇင်ဘာ ၁၀ ရက်​နေ့မှာ အရမ်း​အေး​တဲ့​နယူးယောက်​မြို့ကနေ လေယာဉ်​တစ်စီးပေါ်​တက်ပြီး ကျွန်တော်​တို့​တာဝန်ကျ​တဲ့ နေရာ​အသစ်​ဖြစ်​တဲ့ ဘရာဇီး​နိုင်ငံ​က နေပူတဲ့​ရီယို ဒီ ဂျ​နေ​ရို​မြို့ကို သွား​ရမှာ စိတ်​လှုပ်ရှား​နေခဲ့​ကြတယ်။ သာသနာပြုဖော်​များ​ဖြစ်​တဲ့ ပီတာ​နဲ့​ဘီ​လီး ကာ​ရ်​ဘဲလ်​အို​တို့​ပါ ကျွန်တော်​တို့​နဲ့​အတူ​ခရီးထွက်​ခဲ့​ကြတယ်။ လေယာဉ်ပျံ​သန်း​ချိန်​က ပွာတီရီကို၊ ဗင်နီဇွဲလား​နဲ့ တောင်ပိုင်း​ဘရာဇီး​က ဘဲ​လင်​တို့​မှာ ခေတ္တ​ရပ်နား​ပြီး ၂၄ နာရီ​ကြာ​ဖို့​ပဲ။ ဒါပေမဲ့ အင်​ဂျင်​ပြဿနာ​ကြောင့် ရီယို ဒီ ဂျ​နေ​ရို​မြို့ကို​မမြင်​ခင် ၃၆ နာရီ​ကြာ​သွားတယ်။ တကယ်​အံ့မခန်းဖွယ်​မြင်ကွင်း​တစ်ခု​ပါ! အနက်ရောင်​ကော်ဇော​ပေါ်မှာ တ​လက်​လက်​တောက်​နေတဲ့​စိန်​တွေ​လို မြို့​ပြ​မီး​တွေ​က ဖိတ်ဖိတ်တောက်​နေပြီး ငွေရောင်​လ​အလင်း​က ဂွာ​နာ​ဘာ​ရာ​ပင်လယ်အော်​ပေါ်မှာ လက်​ခ​နဲ​လက်​ခ​နဲ​ဖြစ်နေ​တယ်။

ဗေသလ​မိသားစုဝင်​တချို့က လေဆိပ်​မှာ ကျွန်တော်​တို့ကို စောင့်နေ​ကြတယ်။ ကျွန်တော်​တို့ကို လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ကြ​ပြီး​နောက် ဌာနခွဲရုံး​ကို​ခေါ်သွား​ပြီး မနက်​သုံးနာရီ​လောက်​မှာ ကျွန်တော်​တို့​အိပ်ရာဝင်​ကြတယ်။ နောက်​နာရီ​အနည်းငယ်​မှာ အိပ်ရာနှိုး​ခေါင်းလောင်း​က ကျွန်တော်​တို့​ရဲ့​သာသနာပြုဘဝ​ရဲ့ ပထမ​နေ့​စ​ပြီ​ဆိုတာ သတိပေး​ခဲ့တယ်!

အစောပိုင်း​သင်ခန်းစာ​တစ်ခု

မကြာခင်​မှာ အရေးကြီး​သင်ခန်းစာ​တစ်ခု​ကို ကျွန်တော်​တို့​သင်ယူ​ခဲ့​ကြရတယ်။ တစ်ည​နေမှာ သက်သေခံ​မိသားစု​အိမ်​တစ်အိမ်​ကို သွား​လည်ပတ်​တယ်။ ဌာနခွဲ​ကို လမ်းလျှောက်​ပြန်​ချင်​တဲ့​အခါ အိမ်ရှင်​က “ညီအစ်ကို​တို့ ပြန်​နိုင်​မှာ​မဟုတ်ဘူး; မိုးရွာ​နေတယ်” ဆိုပြီး​တား​တယ်၊ ညအိပ်​ဖို့ မရ​မ​က​ပြော​ခဲ့တယ်။ “ကျွန်တော်​တို့​လာတဲ့​နေရာမှာ​လည်း ဒီလိုပဲ​မိုးရွာတာ​ပဲ” ဆိုပြီး​ရ​ယ်​ရယ်မော​မော​နဲ့ သူ့​စကား​ကို ကျွန်တော်​ပယ်ချ​လိုက်တယ်။ ကျွန်တော်​တို့​ထွက်​လာကြတယ်။

ရီယို​ဝန်းကျင်​က တောင်​တွေ​ကြောင့် မိုး​ရေ​ချက်ချင်း​စု​လာပြီး မြို့ထဲ​ကို​စီးဝင်​လာတဲ့​အတွက် တစ်ခါ​တ​လေ​ရေ​ကြီး​တတ်တယ်။ မကြာခင်​ပဲ ဒူး​အထိ​ရှိတဲ့​ရေ​ထဲ ဖြတ်လျှောက်​ကြရတယ်။ ဌာနခွဲ​နား​မှာ​ဆိုရင် လမ်း​တွေ​ဟာ ကျွန်တော်​တို့​ရင်ဘတ်​အထိ ရေ​လျှံ​တက်​တဲ့​မြစ်ချောင်း​တွေ​ဖြစ်​ကုန်ပြီ။ နောက်ဆုံး ဗေသလ​ကို​ရောက်တဲ့အခါ ကျွန်တော်​တို့ ရွှဲ​နေပြီ။ နောက်​တစ်နေ့ ခရစ္စတင်း မအီမသာ​ဖြစ်​ပြီး အူ​ရော​င်​ငန်း​ဖျား​ဖြစ်​သွားတာ အတော်ကြာကြာ​အားနည်း​ခဲ့တယ်။ သာသနာပြု​အသစ်တွေ​အနေ​နဲ့ ကျွန်တော်​တို့​ဟာ အတွေ့အကြုံ​ရှိတဲ့ ဒေသခံ​သက်သေခံတွေရဲ့ အကြံဉာဏ်​ကို အလေးထား​သင့်တယ်​ဆိုတာ ပြော​ဖို့​မလို​တော့​ပါ​ဘူး။

သာသနာပြု​နှင့် နယ်လှည့်​လုပ်ငန်း​၌ ကနဦး​ခြေလှမ်း​များ

ဒီလို​အခက်အခဲ​နဲ့​စပြီး​တဲ့​နောက် လယ်ကွင်း​အမှုဆောင်​ကို ကျွန်တော်​တို့​တက်တက်ကြွကြွ​စတင်​ခဲ့​ကြတယ်။ တွေ့​တဲ့​လူတိုင်းကို ပေါ်တူဂီ​စကား​နဲ့​ဟောပြောချက်​ဖတ်ပြ​တယ်၊ ကျွန်တော်​တို့​နှစ်ယောက်စလုံး တန်းတူ​တိုးတက်​နေ​ပုံ​ရတယ်။ အိမ်ရှင်​တစ်ယောက်​က ခရစ္စတင်း​ကို “ခင်ဗျား​ပြော​တာ နားလည်တယ်၊” ပြီး​တော့ ကျွန်တော့်​ကို​ထိုး​ပြပြီး “သူပြော​တာ​တော့ နားမလည်​နိုင်ဘူး” လို့​ပြော​တယ်။ နောက်​အိမ်ရှင်​တစ်ယောက်​ကျ​တော့ ကျွန်တော့်​ကို “ခင်ဗျား​ပြော​တာ နားလည်တယ်၊ ဒါပေမဲ့ သူပြောတာ​နားမလည်​ဘူး” ဆိုပြီး ပြော​ပြန်​တယ်။ ဒါပေမဲ့​လည်း အဲဒီ​ပထမ​အပတ်​အနည်းငယ်​အတွင်းမှာ ကင်းမျှော်စင် နှစ်စဉ်ကြေး ၁၀၀ ကျော်​ရရှိကြ​တဲ့​အတွက် ပီတိ​ဖြစ်​ခဲ့​ရ​ပါ​တယ်။ တကယ်တော့ ဘရာဇီး​ကို ကျွန်တော်​တို့​ရောက်တဲ့ ပထမ​နှစ်မှာ​ပဲ ကျွန်တော်​တို့​ရဲ့​ကျမ်းစာ​သင်သား​တချို့ နှစ်ခြင်း​ခံ​ခဲ့တယ်၊ သီးပွင့်​တဲ့ ဒီ​သာသနာပြု​နယ်မြေ​ဟာ ဘယ်လောက်​အလားအလာ​ရှိတယ်ဆိုတာ​ကို သက်သေထူ​လိုက်တာပဲ။

၁၉၅၀ ပြည့်လွန်​နှစ်များ​အလယ်​လောက်​မှာ အရည်အချင်း​ပြည့်မီ​တဲ့ ညီအစ်ကို​တွေ​နည်းတဲ့​အတွက် ဘရာဇီး​က​အသင်းတော် အတော်များများ​ဆီ တိုက်နယ်​ကြီးကြပ်မှူး​တွေ မှန်မှန်​ရောက်​မလာ​နိုင်​ကြဘူး။ ဒါ​ကြောင့် ကျွန်တော် ပေါ်တူဂီ​စကား သင်ယူ​နေဆဲ လူထု​ဟောပြောချက်​တောင်​မပေးနိုင်​သေး​ပေမဲ့လည်း ၁၉၅၆ မှာ​ဆာ​ပိုလို​ပြည်နယ်​မှာ တိုက်နယ်​လုပ်ငန်း​လုပ်ဖို့​တာဝန်ရ​ခဲ့တယ်။

ကျွန်တော်​တို့​လည်ပတ်​ခဲ့​တဲ့ ဦးဆုံး​အသင်းတော်​ဆီ​ကို တိုက်နယ်​ကြီးကြပ်မှူး လည်ပတ်​ခဲ့​တာ နှစ်နှစ်​ရှိပြီ​ဖြစ်​တဲ့​အတွက် လူတိုင်း​က လူထု​ဟောပြောချက်ကို အကြီးအကျယ်​စောင့်မျှော်​နေကြ​တယ်။ ဟောပြောချက်ကို​ပြင်ဆင်​တဲ့​အခါ ပေါ်တူဂီ​ကင်းမျှော်စင်​ဆောင်းပါး​တွေ​ကနေ စာပိုဒ်​တွေ​ကို​ဖြတ်၊ စာရွက်​ပေါ်မှာ​ကပ်​လိုက်တယ်။ အဲဒီ​တနင်္ဂနွေ​နေ့မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​က လူတွေ​ပြည့်ကျပ်​နေတာပဲ။ စင်မြင့်​ပေါ်မှာ​တောင် လူတွေ​ထိုင်​နေကြ​ပြီး ဟောပြောချက်ကို အားလုံး​စောင့်မျှော်​နေကြ​တယ်။ ဟောပြောချက် ဒါမှ​မဟုတ် စာဖတ်​ပြ​ခြင်း စ​ပါ​ပြီ။ တစ်ချက်​တစ်ချက်​မော့ကြည့်​လိုက်တဲ့အခါ ကလေး​တွေ​က​အစ တစ်ယောက်မှ​လှုပ်လှုပ်ရှားရှား​မရှိဘဲ နားထောင်​နေကြ​တာ​ကို ကျွန်တော်​အံ့သြမိတယ်။ အားလုံး​က ကျွန်တော့်​ကို မျက်လုံး​အဝိုင်း​သားလေး​နဲ့​ကြည့်​နေကြ​တယ်။ ဒါနဲ့ ကျွန်တော်​က ‘ဗဲလဲန်တီးနိုး၊ မင်းရဲ့​ပေါ်တူဂီ​စကား တကယ်​တိုးတက်​နေပါ​လား! ဒီ​လူတွေ အာရုံစိုက်​နေကြ​တယ်’ ဆိုပြီး​စဉ်းစား​မိတယ်။ နှစ်​အတန်ကြာ​ပြီး​နောက် အဲဒီ​အသင်းတော်ကို ကျွန်တော်​ပြန်လည်ပတ်​တဲ့​အခါ ဦးဆုံး​လည်ပတ်မှု​မှာ​ရှိခဲ့တဲ့ ညီအစ်ကို​တစ်ယောက်​က “ညီအစ်ကို​ပေး​ခဲ့​တဲ့ လူထု​ဟောပြောချက်ကို မှတ်မိသေးလား။ ကျွန်တော်​တို့ တစ်လုံး​မှ​နားမလည်​ခဲ့​ကြဘူး” ဆိုပြီး​ပြောပြ​တယ်။ အဲဒီ​ဟောပြောချက်​အများစုကို ကျွန်တော်​လည်း​နားမလည်​ခဲ့​ဘူးလို့ ဝန်ခံ​ခဲ့တယ်။

တိုက်နယ်​လုပ်ငန်းရဲ့ ဦးဆုံး​နှစ်မှာ ဇာခရိ ၄:၆ ကို ကျွန်တော်​မကြာခဏ​ဖတ်ပြ​ခဲ့တယ်။ “အာဏာတန်ခိုး​အားဖြင့်​မဟုတ်၊ ငါ့​ဝိညာဉ်​အားဖြင့်​ဖြစ်” တယ်​ဆို​တဲ့​စကား​က ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​တိုးတက်​ခဲ့​တာ​ဟာ ယေဟောဝါ​ရဲ့​ဝိညာဉ်​ကြောင့်​ဖြစ်တာ​ကို ကျွန်တော့်​ကို​သတိ​ရစေတယ်။ ကျွန်တော်​တို့​ရဲ့​မတတ်စွမ်းမှု​တွေ အထင်အရှား​ရှိပေမဲ့ တိုးတက်​ခဲ့​တာ​အမှန်​ပဲ။

အခက်အခဲ​များနှင့်​ကောင်းချီး​များ တစ်လျှောက်​လုံး​ခံစား​ခဲ့​ရ

တိုက်နယ်​လုပ်ငန်း​ဆိုတာ​ဟာ လက်နှိပ်စက်၊ စာအုပ်​ပုံး​တွေ၊ အဝတ်အစား​သေတ္တာ​တွေ​နဲ့ လက်ဆွဲအိတ်​တွေ​သယ်​ပြီး နိုင်ငံ​အနှံ့​လှည့်လည်​ရတာ​ဖြစ်တယ်။ ဘတ်စကား​တစ်စီး​ကနေ နောက်​တစ်စီး​ကို​ပြောင်း​တဲ့​အခါ ပစ္စည်း​တွေ​မ​ပျောက်​ရအောင် ကျွန်တော်​တို့​ရဲ့​အထုပ်အပိုး​တွေ​ကို ခရစ္စတင်း​က ပညာရှိရှိ​ရေတွက်​ထားခဲ့​တယ်။ နောက်​တစ်​နေရာ​ရောက်​ဖို့ မြေ​လမ်းပေါ်​တွေ​မှာ ၁၅ နာရီ​ကြာ ဘတ်စကား​နဲ့​ခရီး​သွား​ရတာ မ​ဆန်း​တော့​ပါ​ဘူး။ တစ်ခါ​တ​လေ အထူးသဖြင့် ဘတ်စကား​နှစ်​စီး​ဟာ ခနော်ခနဲ့​ဖြစ်နေ​တဲ့​တံတား​ပေါ်မှာ တစ်ချိန်တည်း မျက်နှာ​ချင်း​ဆိုင် ကူးဖြတ်​တဲ့​အခါ ကား​နှစ်​စီး​ကြား​မှာ စက္ကူ​ပါး​တစ်ချပ်​လောက်​ပဲ​နေရာလွတ်​တာ​ဟာ တကယ့်ကို​တုန်လှုပ်​စ​ရာ​ပါ​ပဲ။ မီး​ရထား၊ သင်္ဘော၊ မြင်း​တို့​နဲ့​လည်း ခရီး​သွားခဲ့​ကြရတယ်။

၁၉၆၁ မှာ​ခရိုင်​လုပ်ငန်း​ကို စတင်​လုပ်ဆောင်ခဲ့ရ​ပြီး အသင်းတော်​တစ်ခု​ကနေ​တစ်ခု​သွားရမယ့်​အစား တိုက်နယ်​တစ်ခု​ကနေ​တစ်ခု​ကို သွားခဲ့​ရတယ်။ အပတ်​တစ်ပတ်​ရဲ့ အချို့​ညနေခင်း​တွေ​မှာ ယေဟောဝါသက်သေ​တွေ​ထုတ်​တဲ့ ရုပ်ရှင်​ကား​တွေ​ကို ရောက်တဲ့​နေရာတိုင်းမှာ​ပြ​တယ်။ တစ်ခါ​တ​လေ ဒီလို​ရုပ်ရှင်​ပြ​တာ​ကို ဒေသခံ​ခရစ်ယာန်​ဓမ္မ​ဆရာ​တွေ မတားဆီး​ခင် ရုပ်ရှင်​ကို​မြန်မြန်​ပြ​လိုက်​ကြရတယ်။ မြို့​တစ်မြို့​မှာ ခရစ်ယာန်​ဓမ္မ​ဆရာ​က ကျွန်တော်​တို့​ငှား​ထား​တဲ့ ခန်းမ​ပိုင်ရှင်​ကို​အနိုင်ကျင့်​ပြီး သဘော​တူညီချက်​စာချုပ်​ကို ဖျက်​ခိုင်းတယ်။ နောက်​တစ်​နေရာကို ဆက်တိုက်​ရှာပြီး​တွေ့​တဲ့​အခါ ဘယ်သူ့ကိုမှ​မပြော​ဘဲ အရင်​နေရာကို​ပဲ​လာဖို့ လူတိုင်းကို​ဆက်​ပြီး​ဖိတ်ခေါ်​ခဲ့တယ်။ အစီအစဉ်​မစ​ခင်​မှာ အဲဒီ​ခန်းမ​ကို ခရစ္စတင်း​သွားပြီး ရုပ်ရှင်​ကြည့်​ချင်​တဲ့​သူတွေကို နေရာ​အသစ်​ဆီ တိုးတိုး​တိတ်​တိတ်​လမ်းညွှန်​ပေး​ပါ​တယ်။ အဲဒီ​ညနေ​မှာ လှုပ်ရှား​နေသော​ကမ္ဘာသစ်​အဖွဲ့အစည်း ရုပ်ရှင်​ကား​ကို လူပေါင်း ၁၅၀ ရှုစား​ခဲ့​ကြတယ်။

ဝေးခေါင်​တဲ့​နယ်မြေ​တွေ​မှာ နယ်လှည့်​လုပ်ငန်း​လုပ်​ရတာ တစ်ခါ​တ​လေ ခက်ခဲ​ပင်ပန်း​ပေမဲ့ အဲဒီ​က​နှိမ့်ချတဲ့​ညီအစ်ကို​တွေ​ဟာ ကျွန်တော်​တို့​လည်ပတ်တာ​ကို အရမ်း​ကျေးဇူး​တင်​လေးမြတ်​ကြ​ပြီး သူတို့ရဲ့​ပ​ကာ​သ​န​မရှိတဲ့​အိမ်တွေမှာ ကျွန်တော်​တို့ကို ဧည့်ဝတ်​ကျေပွန်​ကြ​တာ​အရမ်း​ပဲ၊ သူတို့ဆီ ကျွန်တော်​တို့​ရောက်သွား​နိုင်​လို့ ယေဟောဝါ​ကို​အမြဲတမ်း​ကျေးဇူး​တင်​မိတယ်။ သူတို့နဲ့​မိတ်ဖွဲ့​ရတာဟာ ကျွန်တော်​တို့အတွက် ကြည်နူး​အားရစရာ​ကောင်းချီး​တွေ​ရစေတယ်။ (သု. ၁၉:၁၇; ဟဂ္ဂဲ ၂:၇) ဒါ​ကြောင့် ဘရာဇီး​မှာ ၂၁ နှစ်​ကျော်​ကျော် အမှုဆောင်ခဲ့​ရပြီး​နောက် ကျွန်တော်​တို့​ရဲ့​သာသနာပြုဘဝ အဆုံးတိုင်​ခဲ့​ရလို့ တကယ့်ကို​ဝမ်းနည်း​ရ​ပါ​တယ်!

သေရေးရှင်ရေး​အချိန်တွင် ယေဟောဝါ​လမ်းပြ​ခဲ့

၁၉၇၅ မှာ​ခရစ္စတင်း​ကို ခွဲစိတ်​ကုသ​ခဲ့​ရတယ်။ နယ်လှည့်​လုပ်ငန်း​ကို ပြန်​လုပ်နိုင်​ခဲ့​ကြ​ပေမဲ့ ခရစ္စတင်း​ရဲ့​ကျန်းမာ​ရေး​က ပို​ဆိုး​လာတယ်။ သူ့ကို​ဆေးကု​နိုင်​ဖို့ အမေရိကန်​ပြည်ထောင်စု​ကို ပြန်တာ​အကောင်းဆုံး​ပဲ။ ဒါနဲ့ ၁၉၇၆၊ ဧပြီလ​မှာ ကယ်လီဖိုးနီးယား​ပြည်နယ်၊ လောင်း​ဘိ​ခ်ျ​မြို့ကို​ရောက်လာ​ကြ​ပြီး ကျွန်တော့်​အမေနဲ့​အတူ နေခဲ့​ကြတယ်။ တိုင်းတစ်ပါး​မှာ အ​နှစ်နှစ်​ဆယ်​နေခဲ့​ပြီး​နောက် ဒီ​အခြေအနေ​ကို ဘယ်လို​ဖြေရှင်း​ရ​မှန်း​တောင်​မသိခဲ့ဘူး။ ဒီတော့ အ​နှိပ်​သည်​အလုပ်ကို​ပြန်​လုပ်ပြီး ရတဲ့​ဝင်ငွေနဲ့ ဖူလုံ​ခဲ့​ပါ​တယ်။ ကယ်လီဖိုးနီးယား​ပြည်နယ်​က ခရစ္စတင်း​ကို ဆေးရုံတင်​ပေး​ပေမဲ့ ဆရာဝန်​တွေ​က သွေးမသွင်း​ဘဲ​ဆေး​မ​ကုပေး​တာ​ကြောင့် သူဟာ တစ်နေ့​ထက်​တစ်နေ့ ပိုမို​အားနည်း​လာတယ်။ ကျွန်တော်​တို့​လည်း ဘာလုပ်​ရ​မှန်း​မသိတော့​ဘဲ ယေဟောဝါ​ကို လမ်းညွှန်​ပေးဖို့ တိုးလျှိုး​တောင်းပန်​ခဲ့​ကြတယ်။

ကျွန်တော် လယ်ကွင်း​လုပ်ငန်းမှာပါ​ဝင်​နေတဲ့ နေ့လယ်ခင်း​တစ်ခု​မှာ ဆရာဝန်​တစ်ဦး​ရဲ့​ရုံး​ကို သတိထား​မိတယ်၊ အထဲ​ဝင်​ဖို့ ရုတ်တရက်​ကျွန်တော်​ဆုံးဖြတ်​လိုက်တယ်။ ဆရာဝန်​က အိမ်ပြန်​တော့​မယ့်​ဆဲ​ဆဲ၊ ကျွန်တော့်​ကို သူ့​ရုံးခန်း​ထဲ​ဝင်ခွင့်​ပေး​ပြီး ကျွန်တော်​တို့​နှစ်ယောက် နှစ်နာရီ​ကြာ​စကားပြော​ခဲ့​ကြတယ်။ အဲဒီနောက်​မှာ သူက “ခင်ဗျား​တို့​ရဲ့​သာသနာပြု​လုပ်ငန်း​ကို ကျွန်တော်​လေးစားပါ​တယ်၊ ခင်ဗျား​ရဲ့​ဇနီး​ကို ငွေ​မယူ၊ သွေးမသွင်း​ဘဲ ကုပေး​မယ်” လို့​ပြော​တယ်။ ကိုယ့်​နား​ကို​တောင် ကိုယ်​မယုံနိုင်​တော့​ဘူး။

လေးစား​ခံရ​တဲ့​အထူးကု​ဖြစ်​တဲ့ အဲဒီ​ကြင်နာ​တတ်​တဲ့​ဆရာဝန်​က ခရစ္စတင်း​ကို သူ​တာဝန်ကျ​တဲ့​ဆေးရုံ​ကို ပြောင်းရွှေ့​စေပြီး သူ့ရဲ့​ကုသမှု​အောက်မှာ မကြာခင် ခရစ္စတင်း​ရဲ့​အခြေအနေ​တိုးတက်​လာတယ်။ အဲဒီ​ခက်ခဲ​တဲ့​အချိန်​မှာ ကျွန်တော်​တို့ကို ယေဟောဝါ​လမ်းပြ​ပေး​ခဲ့​တဲ့​အတွက် တကယ်ပဲ​ကျေးဇူး​တင်​မဆုံး​ပါ​ဘူး!

တာဝန်​အသစ်များ

ခရစ္စတင်း ပြန်​အားပြည့်​လာတဲ့အခါ ကျွန်တော်​တို့​ရှေ့ဆောင်​လုပ်ကြ​ပြီး လောင်း​ဘိ​ခ်ျ​မြို့သား​အချို့​ကို ယေဟောဝါ​ဝတ်ပြု​သူတွေ​ဖြစ်လာ​ဖို့ ကူညီပေး​နိုင်​ခဲ့​တာ ဝမ်းသာစရာ​ပါ​ပဲ။ ၁၉၈၂ ကျ​တော့ အမေရိကန်​ပြည်ထောင်စု​မှာ တိုက်နယ်​လုပ်ငန်း​လုပ်ဖို့ ကျွန်တော်​တို့ကို​တာဝန်​ပေး​တယ်။ ကျွန်တော်​တို့​မြတ်နိုးတဲ့ ခရစ်ယာန်​ဓမ္မ​အမှု​တစ်မျိုး​ဖြစ်​တဲ့ နယ်လှည့်​လုပ်ငန်းမှာ ကျွန်တော်​တို့ကို​တစ်ခါ​ပြန်​အသုံးချ​တဲ့​အတွက် ယေဟောဝါ​ကို ကျွန်တော်​တို့​နေ့တိုင်း​ကျေးဇူး​တင်​မိတယ်။ ပေါ်တူဂီ​စကားပြော အသင်းတော်​အချို့​ရှိတဲ့ တိုက်နယ်​ကယ်လီဖိုးနီးယား​ပြည်နယ်​နဲ့ နောက်ပိုင်း​မှာ န​ယူး​အင်္ဂလန်​ပြည်နယ်​မှာ အမှုဆောင်ခဲ့​ကြရတယ်။ နောက်ပိုင်း​မှာ ဘာ​မြူ​ဒါလည်း​ပါဝင်​လာတယ်။

အားတက်စရာ​လေးနှစ်တာ​ကာလ​ပြီး​တဲ့​နောက် တာဝန်​နောက်တစ်ခု​ကို ကျွန်တော်​တို့​ရရှိတယ်။ ကျွန်တော်​တို့​လိုလား​တဲ့ ဘယ်​နေရာမှာ​မဆို အထူး​ရှေ့ဆောင်​လုပ်ဖို့ ဖိတ်ခေါ်​ခံ​ခဲ့​ရတယ်။ နယ်လှည့်​လုပ်ငန်း​ကနေ​ထွက်​ရတဲ့​အတွက် ဝမ်းနည်း​ကြ​ပေမဲ့ ကျွန်တော်​တို့​ရဲ့​တာဝန်​အသစ်​ကို ဆက်​ထမ်းဆောင်​ဖို့ သန္နိ​ဋ္ဌာန်​ချ​ခဲ့​ကြတယ်။ ဒါပေမဲ့ ဘယ်​နေရာမှာ​လဲ။ နယ်လှည့်​လုပ်ငန်း​လုပ်ကိုင်​တုန်း​က မက်ဆာချူးဆက်​ပြည်နယ်၊ န​ယူး​ဘက်​ဒ်​ဖော့​ဒ်​က ပေါ်တူဂီ​အသင်းတော်ဟာ အကူအညီ​လို​နေတာကို ကျွန်တော်​တို့​သတိထား​မိတယ်၊ ဒါ​ကြောင့် န​ယူး​ဘက်​ဒ်​ဖော့​ဒ်​ကို ကျွန်တော်​တို့​ရွှေ့​ပြောင်း​ခဲ့​ကြတယ်။

ကျွန်တော်​တို့​ရောက်တဲ့အခါ အသင်းတော်က အကြီးအကျယ်​ကြိုဆို​ပွဲ​လုပ်ပေးတယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို တကယ်​ချစ်ခင်​လိုလား​ကြတယ်​လို့​ခံစား​မိတယ်! မျက်ရည်များ​တောင်​ကျ​မိတယ်။ ကလေး​နှစ်ယောက်​ရှိတဲ့ လူငယ်​ဇနီး​မောင်နှံ​က ကျွန်တော်​တို့ အိမ်ခန်း​မတွေ့မချင်း သူတို့​အိမ်မှာ​နေဖို့ ကြင်နာ​စွာ​ခေါ်ဖိတ်​တယ်။ အထူး​ရှေ့ဆောင်​အဖြစ်​တာဝန်ကျ​တဲ့​ဒီ​နေရာမှာ ကျွန်တော်​တို့​မျှော်လင့်​ထား​တာ​ထက်​တောင် ယေဟောဝါ​အမှန်​ပဲ​ကောင်းချီး​ပေး​ခဲ့​ပါ​တယ်။ ၁၉၈၆ ကတည်းက ဒီ​မြို့မှာ​လူပေါင်း ၄၀ လောက်​ကို သက်သေခံ​ဖြစ်​လာအောင် ကူညီပေး​နိုင်​ခဲ့တယ်။ သူတို့ဟာ ကျွန်တော်​တို့​ရဲ့​ဝိညာဉ်​ရေး​မိသားစု​ပါ​ပဲ။ ဒီ​အပြင် သိုးတော်စု​ကို ဂရုစိုက်​ကြည့်ရှု​တဲ့ သိုးထိန်း​တွေ​ဖြစ်လာ​ကြ​တဲ့ ဒေသခံ​ညီအစ်ကို​ငါး​ယောက်ရဲ့ တိုးတက်မှု​ကို​တွေ့မြင်​ရတဲ့ ပျော်ရွှင်မှု​ကိုလည်း ကျွန်တော်​ခံစား​ခဲ့​ရပြီ။ သီးပွင့်​တဲ့​သာသနာပြု​နယ်မြေ​တစ်ခု​မှာ တာဝန်ကျ​သလို​ပါ​ပဲ။

ပြန်ပြောင်း​ကြည့်​လိုက်တဲ့အခါ ငယ်ရွယ်စဉ်​ကတည်းက ယေဟောဝါ​ရဲ့​အမှုတော်ကို ထမ်းဆောင်​ခဲ့​ကြ​ရပြီး အမှန်တရားကို ကျွန်တော်​တို့​ရဲ့ အသက်တာ​လမ်းစဉ်​ဖြစ်စေ​နိုင်​ခဲ့​တဲ့​အတွက် ကျွန်တော်​တို့အား​ရ​ဝမ်းမြောက်​ခဲ့​ကြရတယ်။ မှန်ပါတယ်၊ အခု​ဆိုရင် ကျွန်တော်​တို့​ဟာ အသက်အရွယ်​ထောက်​လာပြီး ကျန်းမာ​ရေး​ချို့ယွင်း​လာကြပေမဲ့ ယေဟောဝါ​ရဲ့​လမ်းစဉ်​မှာ ဆက်​တိုးတက်​နေခြင်း​ဟာ ကျွန်တော်​တို့​ရဲ့​ခွန်အား၊ ကျွန်တော်​တို့​ရဲ့​ရွှင်လန်းမှု​ဖြစ်​နေဆဲ​ပါ။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ရီယို ဒီ ဂျ​နေ​ရို​မြို့​သို့​ရောက်ခါစ

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

မက်ဆာချူးဆက်​ပြည်နယ်၊ န​ယူး​ဘက်​ဒ်​ဖော့​ဒ်​မှ ကျွန်တော်​တို့၏​ဝိညာဉ်​ရေး​မိသားစု