မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သည် “အခွင့်သာသော အချိန်ကို ဝယ်ယူ” နေသလော

သင်သည် “အခွင့်သာသော အချိန်ကို ဝယ်ယူ” နေသလော

သင်သည် “အခွင့်သာ​သော အချိန်ကို ဝယ်ယူ” နေ​သလော

ပထမ​ရာစု ဧဖက်​မြို့ရှိ​ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု​က ဤသို့​သွန်သင်ချက်ပေး​ခဲ့​သည်– “ပညာ​မဲ့​ကဲ့သို့​မဟုတ်၊ ပညာရှိ​ကဲ့သို့ စေ့စေ့​မြေ့​မြေ့ကျင့်​ဆောင်​မည်​အကြောင်း သတိပြု​ကြလော့။ ယခု​နေ့ရက်​ကာလ​တို့သည် ဆိုးယုတ်​သောကြောင့် ကာလ [“အခွင့်သာ​သော၊” က​ဘ] အချိန်ကို​ရွေးနုတ် [“ဝယ်ယူ၊” က​ဘ] ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) ထိုသို့​သွန်သင်ချက်ပေး​ရန် အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း။ ယင်း​မေးခွန်း​၏​အဖြေ​ရ​ရန် ရှေးခေတ်​က​ထို​မြို့တွင် ခရစ်ယာန်​များ​ရင်ဆိုင်ခဲ့​ရသည့် အခြေအနေ​များ​ကို သိရှိ​ရန်လို​သည်။

ဧဖက်​မြို့​သည် ၎င်း​၏​ထူးခြား​ထင်ရှား​သည့် ကြွယ်ဝ​ချမ်းသာမှု၊ အလွန်​ဆိုးရွား​သော အကျင့်​ယိုယွင်းမှု၊ ပျံ့နှံ့​နေသော ရာဇဝတ်မှု​နှင့် အမျိုးမျိုးသော နတ်ဆိုး​အယူဝါဒ​များ​အတွက် နာမည်ကြီး​၏။ ထို့​ပြင် ထို​တွင်​ရှိ ခရစ်ယာန်​များသည် အချိန်ကာလ​နှင့်​ပတ်သက်သော အတွေးအခေါ်​ပိုင်း​ဆိုင်ရာ​အယူဝါဒ​များ​ကိုလည်း တိုက်လှန်​ခဲ့​ကြ​ရသည်။ ဧဖက်​မြို့ရှိ ခရစ်ယာန်​မဟုတ်သော ဂရိ​တို့​က အချိန်​သည်​တစ်သမတ်တည်း​သွား​သည်​ဟု မယုံကြည်​ကြ​ချေ။ ဂရိ​အတွေးအခေါ်​ပညာ​က ဘဝ​သည် အဆုံးမဲ့​သံသရာ​လည်​နေသည်​ဟု သင်ကြား​ပေး​ခဲ့​သည်။ တစ်​ဘဝတွင် အချိန်ဖြုန်း​ခဲ့​သူ​တစ်ဦး​သည် အခြား​တစ်​ဘဝတွင် ယင်း​အချိန်​အားလုံး​ကို​ပြန်​ရနိုင်​သည်။ ဤ​အတွေးအခေါ်​ကြောင့် ဧဖက်​ခရစ်ယာန်​များသည် ယေဟောဝါ​၏ မြင့်မြတ်​သော​တရား​စီရင်ခြင်း အချိန်ဇယား​အပါအဝင် ကိုယ်တော်​၏​အချိန်ဇယား​ကို ပေါ့ပေါ့တန်တန်​သဘောထား​ခဲ့​ပုံ​ရှိ​နိုင်​သည်။ ယင်းကြောင့် ‘အခွင့်သာ​ချိန်​ကို​ဝယ်ယူ’ ရန် ပေါလု​ပေး​ခဲ့​သည့်​သွန်သင်ချက်​သည် သင့်လျော်​လှ​ပါ​သည်။

တမန်​တော်​ပေါလု​သည် ယေဘုယျ​သဘော​အရသာ အချိန်​အကြောင်း​ပြောဆို​နေခြင်း​မဟုတ်ပါ။ သူ​အသုံးပြု​ခဲ့​သည့် ဂရိ​စကားလုံး​က အထူး​ရည်ရွယ်ချက်​တစ်ခု​အတွက် သတ်မှတ်​ထားသော​အချိန်၊ အခန့်သင့်​အချိန်ကို ဖော်ပြ​သည်။ ပထမ​ရာစု​ခရစ်ယာန်​များ လက်ရှိ​ခံစား​နေရ​သည့် အခွင့်သာ​ချိန်​အဆုံး​မတိုင်မီ၊ ဘုရားသခင့်​ကြင်နာ​မှု​နှင့် ကယ်တင်ခြင်း​ရ​ခွင့် ရုပ်သိမ်း​မခံရမီ​အချိန်ကို ပညာရှိ​စွာ​အသုံးပြု​ကြ​ရန် ပေါလု သွန်သင်ပေး​နေခြင်း​ဖြစ်သည်။—ရောမ ၁၃:၁၁-၁၃; ၁ သက်သာလောနိတ် ၅:၆-၁၁

အလားတူ အခွင့်သာ​သော​အချိန်တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရသည်။ ခရစ်ယာန်​များသည် လောက,က​ကမ်း​လှမ်း​သည့် ယာယီ​ပျော်ရွှင်မှု​များ​ကို​လိုက်စား​နေခြင်း​ဖြင့် နောက်​တစ်ဖန် ဘယ်​သောအခါ​မျှ ပြန်​မရနိုင်​တော့​သည့် မျက်နှာသာ​ရချိန်​ကို ဖြုန်း​ပစ်​မည့်​အစား မိမိတို့​ရရှိ​ထား​သည့်​အချိန်ကို “ဘုရား [သခင်] ဝတ်၌​မွေ့လျော်” ဖို့​အတွက်​အသုံးပြု၍ ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​နှင့် ဆက်ဆံ​ရေး​ကောင်း​ကို ခိုင်မြဲ​စေမည်​ဆိုလျှင် ပညာရှိရာ​ရောက်မည်​ဖြစ်သည်။—၂ ပေတရု ၃:၁၂; ဆာလံ ၇၃:၂၈; ဖိလိပ္ပိ ၁:၁၀၊ ၁၁