မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကြည့်လိုက်ပါ! လူအုပ်ကြီး!’

‘ကြည့်လိုက်ပါ! လူအုပ်ကြီး!’

ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်

‘ကြည့်​လိုက်ပါ! လူအုပ်ကြီး!’

ယင်းသည် ယေဟောဝါ​၏​ကျေးကျွန်​များ ဆယ်စု​နှစ်ချီ၍ ဇဝေဇဝါ​ဖြစ်​ခဲ့​ရသော မေးခွန်း​တစ်ခု​ဖြစ်သည်။ ၎င်းကို ကျမ်းစာ​အရ ဖြေဆို​ရန် ကြာမြင့်စွာ​ကတည်းက ကြိုးစား​ခဲ့​ကြသည်။ ဤ​အကြောင်းကို ဆွေးနွေးမှု​များစွာ ပြုလုပ်​ကြသည်။ သို့သော် နောက်ဆုံး​တွင် ကျမ်းစာ​အဖြေကို​တွေ့ ရှိပြီး ယင်းက ၁၉၃၅ ခုနှစ်​၌ ဝါ​ရှင်​တန်၊ ဒီ.စီ. တွင်​ကျင်းပ​သည့် စည်းဝေးကြီး​ပရိသတ်​ကို အကြီးအကျယ်​စိတ်​လှုပ်ရှား​စေ​ခဲ့​သည်။

ဆွေးနွေးမှု​တိုင်း​တွင် အဓိက​အားဖြင့် ဗျာဒိတ် ၇:၉ ပါ “အုပ်စုကြီး” (ဂျိမ်း​ဘုရင်​ဘာသာပြန်​ကျမ်း)၊ သို့​မဟုတ် “လူအုပ်ကြီး” (ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း) ကား​မည်သူ​နည်း​အကြောင်း​ဖြစ်သည်။ ယုံကြည်သူ​ဤ​အုပ်စု​သည် ကောင်းကင်​တွင် နေထိုင်ကြ​မည်​လော။

ကြာမြင့်​ပြီ​ဖြစ်သည့်​အမေး

တမန်​တော်​ယောဟန်​ခေတ်​မှ​စ၍ ကျွန်ုပ်​တို့​ခေတ်​တိုင်အောင် ခရစ်ယာန်​များသည် “အုပ်စုကြီး” ကား​မည်သူ​မည်ဝါ​ဖြစ်​ကြောင်းကို ဇဝေဇဝါ​ဖြစ်​ခဲ့​ကြသည်။ ကျမ်းစာ​ကျောင်းသား​များ​က လူအုပ်ကြီးသည် ကျမ်းစာ​အမှန်တရား​အသိပညာ​ရှိကြ​သော်လည်း ယင်းကို ကြိုးစား​ဖြန့်ဖြူး​ခြင်း​မရှိ​လှ​သည့် ကောင်းကင်​သွား​မည့် ဒုတိယ​အတန်းအစား​အဖွဲ့​အဖြစ် ရှုမြင်ခဲ့​ကြသည်။

သို့သော် ဟောပြောခြင်း​လုပ်ငန်း​ကို ဇွဲရှိ​ရှိ​လုပ်ဆောင်လာ​ကြ​သည့် ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အပေါင်းအဖော်​အချို့​ရှိသည်။ သူတို့သည် ကောင်းကင်​တက်​ရန် ဆန္ဒ​မရှိကြ​ချေ။ အမှန်​မှာ ဤ​သူတို့သည် ၁၉၁၈ မှ ၁၉၂၂ ခုနှစ်​အထိ ယေဟောဝါ​၏​လူမျိုး​တင်ဆက်​သော “ယနေ့​အသက်ရှင်​သူ လူ​သန်းပေါင်း​များစွာ ဘယ်တော့​မျှ​မသေ​တော့” ဟူ​သည့် လူထု​ဟောပြောချက်​နှင့်​အညီ မျှော်လင့်​ခဲ့​ကြသည်။ ဤ​သူတို့သည် မြေကြီးပေါ်​တွင် ထာဝရ​အသက်​ရမည့်​ကောင်းချီး​ကို ရရှိကြ​မည်​ဖြစ်သည်။

၁၉၂၃၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် တွင်​ယေရှု၏​သိုး​နှင့်​ဆိတ်​ပုံ​ဥပမာ​ကို ဤသို့​ဆွေးနွေး​တင်ပြ​သည်– “သိုးများ​သည် ဝိညာဉ်​တော်​ဖွား​များ​မဟုတ်ဘဲ ဖြောင့်မတ်ခြင်း​တရား​ဘက် စိတ်​တိမ်း​ညွတ်​သော၊ ယေရှု​ခရစ်​ကို သခင်​အဖြစ် စိတ်ထဲ​တွင်​အသိအမှတ်ပြု​ကြ​ပြီး ကိုယ်တော့်​အုပ်စိုးမှု​အောက်​၌ ခေတ်​ကောင်း​ကို စောင့်မျှော်​ကြသော လူမျိုး​အသီးသီး​မှ လူ​ခပ်သိမ်း​တို့ကို ကိုယ်စား​ပြု​သည်။”—မဿဲ ၂၅:၃၁-၄၆

အလင်းရောင်​ခြည်​တန်း​များ တိုးများ​လာ

၁၉၃၁ ခုနှစ်​တွင် သင်္ကာ​ယန​ကင်းရှင်း​ခြင်း ပထမ​တွဲ [လိပ်] ၌​ယေဇကျေလ​အခန်းကြီး ၉ ကို​ဆွေးနွေး​၍ ကမ္ဘာ​ကုန်ဆုံး​ချိန်​တွင် အသက်ချမ်းသာ​ရ​ရန် နဖူး​တွင်​အမှတ်​တင်​ခံရ​သူများ​သည် ယေရှု၏​ပုံ​ဥပမာ​မှ သိုးများ​ဖြစ်သည်ဟု​ဖော်ပြ​၏။ သင်္ကာ​ယန​ကင်းရှင်း​ခြင်း တတိယ​တွဲ (၁၉၃၂ တွင်​ထုတ်ဝေ​သော) စာအုပ်​က ဣသရေလ​လူမျိုး​မဟုတ်​သူ ယောနဒပ်​၏​ဖြောင့်မတ်​သော​စိတ်​သဘောထားကို ဖော်ပြ​ကာ သူသည် ဣသရေလလူ​တို့၏ ဘိသိက်ခံ​ဘုရင်​ယေဟု​၏​ရထား​ပေါ်​လိုက်၍ မှားယွင်းသော​ဝတ်ပြုသူ​များ​ကို ကွပ်မျက်ခြင်း​၌ ယေဟု​၏​စိတ်​ထက်သန်မှု​ကို လိုက်ပါ​ကြည့်ရှု​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၀:၁၅-၂၈) ထို​စာအုပ်​က ဤသို့​ဆို​သည်– “ယောနဒပ်​သည် စာတန့်​အဖွဲ့အစည်း​နှင့်​မကိုက်ညီ​သော ဖြောင့်မတ်ခြင်း​တရား​ဘက်​ရပ်တည်​သူ၊ အာမဂေဒုန်​တွင် သခင်​အရှင်​၏​စောင့်ရှောက်မှု​ကို​ခံရ​၍ ကြီးစွာ​သော​ဆင်းရဲခြင်း​ကို​ကပ်ကျော်​ကာ မြေကြီးပေါ်​တွင် ထာဝရ​အသက်​ရရှိ​မည့် ယခု မြေကြီးပေါ်​ရှိ​လူတန်းစား​ကို တင်ကူး​ပုံဆောင်​သည်။ ဤ​သူတို့သည် ‘သိုး’ အတန်းအစား​အဖြစ် ဖွဲ့စည်းထား​သည်။”

၁၉၃၄ ခုနှစ်​မှ​ကင်းမျှော်စင်​က မြေကြီး​မျှော်လင့်ချက်​ရှိသော ခရစ်ယာန်​များသည် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​နှစ်ခြင်း​ခံ​သင့်​သည်​ဟု ရှင်းလင်းစွာ​ဖော်ပြ​၏။ ဤ​မြေကြီး​အတန်းအစား​နှင့်​ပတ်သက်သော အလင်း​သည် ပို​၍​ပင်​ထွန်းလင်း​လာ​ခဲ့​သည်​မှာ​အမှန်ပင်!—သု. ၄:၁၈

သိနားလည်မှု ထွန်းလင်း​တောက်ပ​ခြင်း

ဗျာဒိတ် ၇:၉-၁၇ ကို​သိ​နားလည်ခြင်း​သည် ဝင်းလက်​စွာ​ထွန်းလင်း​တောက်ပ​တော့​အံ့။ (ဆာလံ ၉၇:၁၁) ၁၉၃၅၊ မေ ၃၀ မှ​ဇွန် ၃ ရက်​အထိ ယူ.အက်စ်.အေ.၊ ဝါ​ရှင်​တန် ဒီ.စီ. မြို့တွင်​ကျင်းပ​ရန် စီစဉ်​ထားသော​စည်းဝေးကြီး​သည် ယောနဒပ်​ဖြင့်​ပုံခိုင်း​ထား​သူများ​အဖို့ “တကယ့်​နှစ်သိမ့်မှု​နှင့်​အကျိုးကျေးဇူး” ဖြစ်​မည်​ဟု​မျှော်လင့်​ကြောင်း ကင်းမျှော်စင် က​ဖော်ပြ​သည်။ ထို​အတိုင်း​ပင်​ဖြစ်​ခဲ့​သတည်း!

ပရိသတ် ၂၀,၀၀၀ ခန့်​အား ဂျေ. အက်ဖ်. ရပ်သဖော့ဒ်​ဟောခဲ့​သည့် “အုပ်စုကြီး” ဟူသော စိတ်​တက်ကြွ​ဖွယ်​ဟောပြောချက်​က ခေတ်​သစ် “အခြားသိုး​များ” သည်​ဗျာဒိတ် ၇:၉ မှ “လူအုပ်ကြီး” ပင်​ဖြစ်​ကြောင်း ကျမ်းစာ​အထောက်အထား​ဖြင့် တင်ပြ​ခဲ့​သည်။ (ယောဟန် ၁၀:၁၆) ဟောပြောချက်​နိဂုံး​၌ ဟောပြောသူက “မြေကြီးပေါ် ထာဝစဉ်​အသက်ရှင်ဖို့ မျှော်လင့်ချက်​ရှိသူ​အားလုံး ကျေးဇူးပြု​၍​မတ်တတ်ရပ်​ကြ​ပါ” ဟူ၍ မေတ္တာ​ရပ်ခံ​ခဲ့​ရာ ပရိသတ်​အများစုက မတ်တတ်ရပ်​လိုက်​စဉ် ရပ်သဖော့ဒ်​က “ကြည့်​လိုက်ပါ! အုပ်စုကြီး!” ဟု​ကြေညာ​လေ​သည်။ ခေတ္တ​မျှ​ငြိမ်ကျ​သွားပြီး​နောက် ဩ​ဘာ​သံ​များ​ကျွက်ကျွက်ညံ​သွားခဲ့သည်။ နောက်​တစ်နေ့​၌ ယေဟောဝါသက်သေ​သစ်လွင် ၈၄၀ နှစ်ခြင်း​ခံ​ကြ​ရာ အများစုက လူအုပ်ကြီး​တွင်​ပါဝင်သူ​များ​ဖြစ်​ကြောင်း ဝန်ခံ​ကြ​လေ​၏။

မှတ်သားဖွယ်​ရောက်ရှိခြင်း

၁၉၃၅ ခုနှစ်​မတိုင်မီ​က ကျမ်းစာ​သတင်းကို​တုံ့​ပြန်၍ သတင်းကောင်း​ဟောပြောခြင်း​၌ စိတ်​ထက်သန်မှု​ပြသ​ခဲ့​ကြ​သူများ​၏​အရေအတွက်​သည် တိုးများ​လာ၍ ဤသူတို့​က မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​ရန် စိတ်ဝင်စား​ကြသည်။ ဘုရားသခင်​သည် သူတို့ကို ကောင်းကင်​မျှော်လင့်ချက် မပေး​သဖြင့် ဤ​သူတို့သည် ကောင်းကင်​သွား​ရန် ဆန္ဒ​မရှိကြ​ချေ။ သူတို့​ကိုယ်ကို အခြားသိုး​မှ​လူအုပ်ကြီး​ဖြစ်​ကြောင်း ဖော်ပြ​ကြ​ခြင်း​က ၁၉၃၅ ခုနှစ်​တွင် ဘိသိက်ခံ​ခရစ်ယာန် ၁၄၄,၀၀၀ ၏​ခေါ်တော်မူ​ခြင်း​သည် ပြည့်​လု​နီးပါး​ရှိသည်​ဟု ထင်ရှားစေ​သည်။—ဗျာဒိတ် ၇:၄

ဒုတိယ​ကမ္ဘာ​စစ်​ဖြစ်ပွား​သောအခါ လူအုပ်ကြီး​တွင်​ပါဝင်သူ​များ​ကို စုသိမ်းခြင်း​ရပ်တန့်​သွား​ရန် စာတန်​သည် အကြိတ်အနယ်​ကြိုးစား​အားထုတ်​ခဲ့​သည်။ နိုင်ငံ​များစွာ​တို့​၌ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း ပိတ်ပင်​ခံရ​၏။ ဆိုးရွား​သော ထို​နေ့ရက်​များ​အတွင်း​နှင့် ၁၉၄၂၊ ဇန်နဝါရီ​လ​တွင် ဂျေ. အက်ဖ်. ရပ်သဖော့ဒ် မ​ကွယ်လွန်​မီ​ကလေး​၌ သူ​ဤသို့​ပြော​သည်– “နောက်ဆုံး​တော့ အုပ်စုကြီး​ဟာ ဒီလောက်​ကြီး​လာမယ့်​ပုံ​မရပါ​လား။”

သို့ရာတွင် ဘုရားသခင့်​ကောင်းချီး​ကြောင့် တစ်မျိုး​တစ်​မည်​ပြောင်းလဲ​သွား​လေ​ပြီ။ ‘ခိုင်မြဲ​သော​စိတ်ချမှု​ဖြင့် အပြည့်အဝ​ရပ်တည်​သော’ ဘိသိက်ခံ​နှင့် သူတို့၏​အပေါင်းအဖော် အခြားသိုး​သည် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို ပြည့်စုံ​စေ​လျက်​ရှိသည်။ (ကောလောသဲ ၄:၁၂; မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ၁၉၄၆ ခုနှစ်​တိုင်​လေ​သော် ကမ္ဘာ​တစ်ဝန်း​တွင် ဟောပြောလျက်​ရှိသည့် ယေဟောဝါသက်သေ​များ​အရေအတွက်​မှာ ၁၇၆,၄၅၆ ယောက်​ရှိခဲ့​သည်—အများစုမှာ လူအုပ်ကြီး​ဝင်​များ​ဖြစ်​ကြသည်။ ၂၀၀၀ ပြည့်နှစ်​၌​သက်သေခံ ၆,၀၀၀,၀၀၀ ကျော်​သည် နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် ယေဟောဝါ​၏​အမှုတော်ကို သစ္စာရှိ​ရှိ​ထမ်းဆောင်​နေကြ​လေ​သည်။ တကယ့်ကို​လူအုပ်ကြီး​ပင်! ဤ​အရေအတွက်​မှာ ဆက်၍​တိုးတက်​လျက်​ရှိ၏။