‘ဉာဏ်ပညာကိုအမှီပြု၍ ကျွန်ုပ်တို့၏နေ့ရက်ကာလ တိုးပွားလိမ့်မည်’
‘ဉာဏ်ပညာကိုအမှီပြု၍ ကျွန်ုပ်တို့၏နေ့ရက်ကာလ တိုးပွားလိမ့်မည်’
ဘဝပြဿနာများ ဖြေရှင်းရာတွင် ဉာဏ်ပညာသည် မရှိမဖြစ်လိုအပ်ရာဖြစ်သည်ကို မည်သူငြင်းဆိုနိုင်အံ့နည်း။ စစ်မှန်သောဉာဏ်ပညာဟူသည် အသိပညာနှင့်သိနားလည်မှုတို့ကို သင့်လျော်စွာအသုံးချခြင်းစွမ်းရည်ဖြစ်သည်။ ယင်းသည် မိုက်မဲခြင်း၊ ရူးမိုက်ခြင်းတို့နှင့် လုံးဝဆန့်ကျင်သည်။ ထို့ကြောင့် ဉာဏ်ပညာကိုဆည်းပူးရန် ကျမ်းစာက ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ (သု. ၄:၇) အမှန်ဆိုရလျှင် နယပုံပြင်ကျမ်းသည် ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းပေးရန် အဓိကထားရေးခဲ့ခြင်းဖြစ်သည်။ “ဉာဏ်ပညာနှင့်ဆုံးမသွန်သင်ခြင်းကို သိကျွမ်း . . . စေရန် . . . ဒါဝိဒ်မင်းသားတော် ဣသရေလလူမျိုး ရှောလမုန်ဘုရင် စီရင်သောနယပုံပြင်ကျမ်း” ဟူ၍ ၎င်း၏အဖွင့်စကားတွင်ဖတ်ရ၏။—သု. ၁:၁၊ ၆၊ သမ္မာ။
နယပုံပြင်ကျမ်း၏ ပထမအခန်းကြီးအနည်းငယ်မှ ခြေမြစ်သောသွန်သင်ချက်များကို သုံးသပ်ကြည့်ပါ။ ရှောလမုန်သည် စာရှုသူများအား ဆုံးမသွန်သင်ခြင်းကိုလက်ခံပြီး ဉာဏ်ပညာကိုအာရုံစိုက်ရန် သားကို မေတ္တာရှိဖခင်တစ်ဦး တိုက်တွန်းနှိုးဆော်သကဲ့သို့ နှိုးဆော်နေသည်။ (အခန်းကြီး ၁ နှင့် ၂) ယေဟောဝါနှင့်ရင်းနှီးမှုပျိုးထောင်ပုံနှင့် ကျွန်ုပ်တို့နှလုံးကို ကာကွယ်ပုံတို့ကို သူဖော်ပြပေးသည်။ (အခန်းကြီး ၃ နှင့် ၄) ကိုယ်ကျင့်တရားစင်ကြယ်ရန် ကျွန်ုပ်တို့သတိပေးဆုံးမခံရသည်။ (အခန်းကြီး ၅ နှင့် ၆) မှန်ပါသည်၊ ကျွန်ုပ်တို့အတွက် အဖိုးမဖြတ်နိုင်သောဆုံးမစကားမှာ အကျင့်ပျက်သူ၏လမ်းစဉ်ကို ဖော်ထုတ်ပြခြင်းဖြစ်သည်။ (အခန်းကြီး ၇) ဉာဏ်ပညာပြယုဂ်၏မေတ္တာရပ်ခံချက်က လူတိုင်းအတွက် တကယ့်ဆွဲဆောင်မှုပါတကား! (အခန်းကြီး ၈) နောက်အခန်းကြီးများတွင် တိုတုတ်ပြီးအဓိပ္ပာယ်ပါသည့် နယပုံပြင်စကားတစ်ခုစီကို မဆွေးနွေးမီ ဘုရင်ရှောလမုန်သည် ဤအထိဆွေးနွေးတင်ပြခဲ့ရာများ၏ အားရှိစရာအကျဉ်းချုပ်စကားကို တင်ဆက်ပါသည်။—အခန်းကြီး ၉။
‘လာလော့။ ငါ့မုန့်ကိုစားလော့။ ငါ့စပျစ်ရည်ကိုသောက်လော့’
နယပုံပြင်ကျမ်း ပထမပိုင်း၏နိဂုံးသည် ယခင်ဖော်ပြထားသောအကြံပေးချက်ကို အကြမ်းဖျဉ်းဖော်ပြရုံဖော်ပြသည့် ငြီးငွေ့ဖွယ်အချုပ်စကားမျှသာမဟုတ်ချေ။ ယင်းအစား၊ နိုးကြားတက်ကြွစေသည့် ပုံဥပမာတစ်ခုအဖြစ် တင်ဆက်ထားကာ ဉာဏ်ပညာကိုဆည်းပူးရန် စာရှုသူအား လှုံ့ဆော်ပေးသည်။
နယပုံပြင်ကျမ်း၏ ၉ ခုမြောက်အခန်းကြီးသည် ဤစကားများဖြင့်စတင်သည်– “ဉာဏ်ပညာသည် အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍ မိမိနေရာအိမ်ကိုဆောက်လေပြီ။” (သု. ၉:၁) “ခုနစ်တိုင်” ဟူသော ဝေါဟာရမူကား “တစ်ဖက်စီတွင် တိုင်သုံးတိုင်စီနှင့် ဝင်ပေါက်ကိုမျက်နှာပြုသည့် တတိယဘက်အလယ်တွင် တိုင်တစ်တိုင်ဖြင့် ထောက်ပင့်ထားသော၊ ရင်ပြင်တစ်ခုပတ်လည် ဆောက်လုပ်ထားသော အိမ်ကြီးတစ်လုံးကိုဖော်ညွှန်း” သည်ဟု ပညာရှင်တစ်ဦးကဆိုသည်။ မည်သို့ပင်ဖြစ်ပါစေ၊ စစ်မှန်သောဉာဏ်ပညာသည် ဧည့်သည်များစွာတည်းခိုနိုင်သော ခိုင်ခံ့သည့်အိမ်ကြီးတစ်လုံးကို ဆောက်လုပ်ခဲ့ပြီ။
စားသောက်ပွဲကြီးတစ်ခု ခင်းကျင်းရန် အားလုံးအသင့်ရှိနေပြီ။ အသားပွဲရှိသကဲ့သို့ စပျစ်ရည်လည်းရှိသည်။ ဉာဏ်ပညာသည် စားသောက်ပွဲကို ပြင်ဆင်ရန်နှင့် စားပွဲကိုခင်းကျင်းရန် ကိုယ်တိုင်ကိုယ်ကျဂရုစိုက်၏။ “သူ၏အကောင်များကိုသတ်၍ စပျစ်ရည်ကိုဖော်ပြီးမှ စားပွဲကိုခင်းလေပြီ။” (သု. ၉:၂) ဤပုံဆောင်စားပွဲမှ စဉ်းစားသုံးသပ်စရာ အလင်းပေးသောဝိညာဉ်ရေးအစာကို ရရှိနိုင်ကြောင်း ထင်ရှားပါသည်။—ဟေရှာယ ၅၅:၁၊ ၂။
စစ်မှန်သောဉာဏ်ပညာ ခင်းကျင်းထားသော ဤစားသောက်ပွဲသို့ မည်သူတို့အား ဖိတ်ခေါ်သနည်း။ “ကျွန်မတို့ကိုစေလွှတ်၍ မြို့တွင်အမြင့်ဆုံးသောအရပ်တို့၌ ကြွေးကြော်လေသည်ကား၊ ‘ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊ လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဖော်သောစပျစ်ရည်ကိုသောက်လော့။ မိုက်သောသူကိုရှောင်၍ အသက်ချမ်းသာရလော့။ ပညာလမ်းသို့လိုက်လော့’ ဟုဆိုသတည်း။”—သု. ၉:၃-၆။
ဉာဏ်ပညာသည် ရံရွေတော်များကိုစေလွှတ်၍ ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် လူထုကြီးကိုအော်ခေါ်နိုင်သည့် လူစုဝေးရာနေရာများသို့ ထွက်ခွာသွားကြသည်။ “ပညာမရှိ၊” သို့မဟုတ် သု. ၉:၄) သူတို့အား အသက်ရမည်ဟူသောကတိကို ကမ်းလှမ်းသည်။ နယပုံပြင်ကျမ်းအပါအဝင် ဘုရားသခင့်စကားတော်တွင်ပါရှိသည့် ဉာဏ်ပညာကို လူတိုင်းနီးပါး အမှန်ပင်ရရှိနိုင်သည်။ ယနေ့ စစ်မှန်သောဉာဏ်ပညာ၏တမန်များအဖြစ် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကိုလေ့လာရန် တွေ့ရှိသမျှလူတို့အား ဖိတ်ခေါ်ခြင်း၌ အလုပ်များလျက်ရှိကြ၏။ မှန်သည်၊ အဆိုပါအသိပညာကို ဆည်းပူးခြင်းသည် ထာဝရအသက်ရရှိစေနိုင်သည်။—ယောဟန် ၁၇:၃။
သိနားလည်မှုမရှိ၊ အတွေ့အကြုံမရှိသူမှန်သမျှကို ဖိတ်ခေါ်ကြသည်။ (ခရစ်ယာန်များသည် ဉာဏ်ပညာ၏ဆုံးမသွန်သင်မှုကို နှိမ့်ချစွာလက်ခံရမည်ဖြစ်သည်။ ယင်းသည် အထူးသဖြင့် လူငယ်များနှင့် ယေဟောဝါအကြောင်း မကြာမီကမှ စတင်သင်ယူခဲ့ကြသူများအတွက် မှန်ကန်ပေသည်။ ဘုရားသခင့်နည်းလမ်းတော်များ၌ အတွေ့အကြုံအကန့်အသတ်သာရှိကြရာ သူတို့သည် “ပညာမရှိသောသူများ” ဖြစ်ကြပေမည်။ သူတို့၏စိတ်ရင်းအားလုံး မှားသည်ဟုမဆိုလိုသော်လည်း ယေဟောဝါ၏စိတ်တော်နှင့်အမှန်တွေ့ရှိနိုင်သည့် စိတ်နှလုံးအခြေအနေရှိရန် အချိန်ယူ၍ကြိုးစားအားထုတ်ရသည်။ သို့ဖြစ်စေရန် ဘုရားသခင်နှစ်သက်သည့် အတွေးအခေါ်များ၊ လိုအင်ဆန္ဒများ၊ ချစ်ခင်စုံမက်မှုများနှင့် ပန်းတိုင်များရှိဖို့လိုသည်။ “တရားနို့ကို အလွန်လိုချင်သောစိတ်ရှိ” ရန်တကယ်ပင်အရေးကြီးပါသည်တကား!—၁ ပေတရု ၂:၃။
အမှန်ဆိုရလျှင် ကျွန်ုပ်တို့အားလုံးသည် ‘မူလအယူဝါဒ’ ထက်ကျော်လွန်သင့်သည်မဟုတ်လော။ ကျွန်ုပ်တို့သည် အမှန်ပင် “ဘုရားသခင်၏နက်နဲသောအရာ” ၌စိတ်ဝင်စားမှုဖွံ့ဖြိုးတိုးများလာစေရန်နှင့် ရင့်ကျက်သူများအတွက်ဖြစ်သည့် ကြေခဲသောအစာမှ အာဟာရ,ရယူရန်လိုသည်။ (ဟေဗြဲ ၅:၁၂–၆:၂; ၁ ကောရိန္သု ၂:၁၀) ယေရှုခရစ်တိုက်ရိုက်ကြီးကြပ်ပေးနေသော ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ သည်ကျွန်ုပ်တို့အားလုံးအတွက် အချိန်တန်ဝိညာဉ်အစာကို ကြိုးစား၍ကျွေးမွေးလျက်ရှိသည်။ (မဿဲ ၂၄:၄၅-၄၇) ကျွန်ုပ်တို့သည် ကျွန်အတန်းအစား တည်ခင်းထားသောဉာဏ်ပညာစားပွဲတွင် ဘုရားသခင့်စကားတော်နှင့် ကျမ်းစာအခြေပြုစာပေများကို ဝီရိယရှိရှိလေ့လာခြင်းအားဖြင့် စားသုံးနိုင်ကြပါစေ။
“မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်”
ဉာဏ်ပညာ၏သွန်သင်ချက်များတွင် ပြုပြင်ဆုံးမခြင်းလည်းပါဝင်သည်။ ဉာဏ်ပညာ၏ဤထူးခြားချက်ကို အားလုံးက အားရဝမ်းသာလက်မခံကြချေ။ ထို့ကြောင့် နယပုံပြင်ကျမ်း၏ပထမပိုင်း၏နိဂုံးတွင် ဤသတိပေးချက်ပါရှိသည်– “မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကိုလည်းကောင်း၊ လူဆိုးကိုအပြစ်ပြသောသူသည် ကဲ့ရဲ့ခြင်းကိုလည်းကောင်း ခံရလိမ့်မည်။ မထီမဲ့မြင်ပြုသောသူကို မဆုံးမနှင့်။ သင့်ကိုမုန်းလိမ့်မည်။”—သု. ၉:၇၊ ၈က။
မထီမဲ့မြင်ပြုသူသည် မိမိ၏လမ်းခရီးကိုပဲ့ပြင်ပေးဖို့ ကြိုးစားကူညီပေးသူကို မကျေနပ်ချက်သိုမှီးထားကာ အမုန်းပွားတတ်သည်။ လူဆိုးသည် ဆုံးမမှု၏တန်ဖိုးကို တန်ဖိုးမထားတတ်ချေ။ အမှန်တရားကိုမကြိုက်သူ သို့မဟုတ် မထီမဲ့မြင်ပြုရန်ရှာကြံသူကို နှစ်လိုဖွယ်ကောင်းသော ဘုရားသခင့်စကားတော်မှ အမှန်တရားကို ကြိုးစားသွန်သင်ပေးခြင်းသည် တကယ်ကိုပညာမဲ့လေစွ! တမန်တော်ပေါလုသည် အန္တိအုတ်မြို့တွင် ဟောပြောနေစဉ် အမှန်တရားကိုမနှစ်သက်ကြသော ဂျူးအုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ သူတို့သည် ပေါလုကို ပုတ်ခတ်ဆဲရေးကာ အငြင်းပွားရန် ကြိုးစားခဲ့ကြသော်လည်း ပေါလုက ဤသို့သာပြောဆိုသည်– “သင်တို့သည် [ဘုရားသခင့်စကားတော်ကို] ပယ်၍ ထာဝရအသက်ကို မိမိတို့မခံထိုက်သည်ဟု မိမိတို့စီရင်ကြသောကြောင့် . . . ငါတို့သည် မျက်နှာကိုလွှဲ၍ တစ်ပါးအမျိုးသားတို့ဆီသို့လှည့်ကြ၏။”—တမန်တော် ၁၃:၄၅၊ ၄၆။
ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စိတ်နှလုံးရိုးဖြောင့်သူများထံရောက်ရှိရန် ကျွန်ုပ်တို့ကြိုးစားကြရာ၌ မထီမဲ့မြင်သူများနှင့် စကားရည်လုကာ အငြင်းအခုံမပြုမိဖို့ သတိထားကြစို့လေ။ ခရစ်တော်ယေရှုသည် မိမိ၏တပည့်တော်များကို ဤသို့မိန့်မှာသည်– “အိမ်သို့ဝင်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကိုပြုကြလော့။ ထိုအိမ်သည် ထိုက်တန်လျှင် သင်တို့မြွက်သောမင်္ဂလာရောက်စေသတည်း။ မထိုက်တန်လျှင် သင်တို့ထံသို့ ပြန်လာစေသတည်း။ အကြင်သူသည် သင်တို့ကို လက်မခံ၊ သင်တို့၏စကားကို နားမထောင်ဘဲနေ၏။ ထိုသူနေသောအိမ်မှလည်းကောင်း၊ မြို့မှလည်းကောင်း ထွက်သွားစဉ် မဿဲ ၁၀:၁၂-၁၄။
သင်တို့ခြေဖဝါးမှ မြေမှုန့်ကိုခါလိုက်ကြလော့။”—ဆုံးမခြင်းကို ဉာဏ်ပညာရှိသူ၏တုံ့ပြန်ပုံသည် မထီမဲ့မြင်ပြုသူ၏တုံ့ပြန်ပုံနှင့် တခြားစီပင်။ “ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကိုချစ်လိမ့်မည်။ ပညာရှိသောသူကိုဆုံးမလျှင် သူသည်သာ၍ပညာရှိလိမ့်မည်” ဟူ၍ ရှောလမုန်ဖော်ပြသည်။ (သု. ၉:၈ခ၊ ၉က) “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာမထင် ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း ဆုံးမခြင်းကိုခံရသောသူတို့သည် နောက်မှငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကိုခံရကြ၏” ဟုပညာရှိက သိရှိသည်။ (ဟေဗြဲ ၁၂:၁၁) ဆုံးမစကားသည် စိတ်ထိခိုက်စရာဖြစ်ပုံရသော်လည်း ယင်းကိုလက်ခံလိုက်လျှင် ကျွန်ုပ်တို့အား ပို၍ပညာရှိစေမည်ဖြစ်ရာ အဘယ်ကြောင့်တန်ပြန်သင့်သနည်း၊ သို့မဟုတ် ခုခံပြောဆိုသင့်သနည်း။
“ဖြောင့်မတ်သောသူကို သွန်သင်လျှင် သူသည် သိပ္ပံအတတ် [“အသိပညာ၊” ကဘ] တိုးပွားလိမ့်မည်” ဟုပညာရှိရှင်ဘုရင်က ဆက်၍ဆိုသည်။ (သု. ၉:၉ခ) ဆက်၍သင်ယူနေရန် မည်သူမျှပညာရှိလွန်းသည်၊ ကြီးရင့်လွန်းသည်မဟုတ်ချေ။ ဇရာအိုပိုင်းတွင်ရှိနေကြသူများပင် အမှန်တရားကိုလက်ခံပြီး ယေဟောဝါထံဆက်ကပ်အပ်နှံခဲ့ကြသည်ကို မြင်ရခြင်းသည် တကယ်အားရစရာပါတကား! ကျွန်ုပ်တို့သည်လည်း သင်ယူလိုစိတ်ရှိပြီး ဦးနှောက်ကိုအသုံးချနေဖို့ ကြိုးစားကြစို့လေ။
“အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်”
လေ့လာသုံးသပ်နေသော အကြောင်းအရာ၏အဓိကအချက်ကို အလေးပေးဖော်ပြ၍ ဉာဏ်ပညာအတွက် မရှိမဖြစ်လိုအပ်ရာကို ရှောလမုန်ထည့်ဖော်ပြသည်။ သူကဤသို့ရေးသည်– “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်းတော်မူသောဘုရား[သခင်]ကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏။” (သု. ၉:၁၀) စစ်မှန်သောဘုရားသခင်ကို နက်ရှိုင်းစွာရိုသေလေးမြတ်ကြောက်ရွံ့ခြင်းမရှိလျှင် ဘုရားသခင်ရေးရာဉာဏ်ပညာမရှိနိုင်ချေ။ အသိပညာအပြည့်ရှိသော်လည်း ယေဟောဝါအား ကြောက်ရွံ့ခြင်းမရှိလျှင် ဖန်ဆင်းရှင်ကိုဂုဏ်တင်သည့်နည်းဖြင့် ထိုအသိပညာကို အသုံးပြုနိုင်မည်မဟုတ်ပါ။ သိရှိခဲ့ရာများကို တလွဲအဓိပ္ပာယ်ကောက်ကာ ကိုယ့်ကိုယ်ကိုရူးမိုက်သူဖြစ်စေပေမည်။ ထို့ပြင် သန့်ရှင်းတော်မူသောအရှင် ယေဟောဝါအားသိကျွမ်းခြင်းသည် ဉာဏ်ပညာ၏မှတ်သားဖွယ်ထူးခြားချက်ဖြစ်သည့် သိနားလည်မှုရှိရန် မရှိမဖြစ်လိုအပ်ရာဖြစ်ပေသည်။
ဉာဏ်ပညာသည် မည်သည့်အကျိုးကိုဖြစ်ထွန်းစေသနည်း။ (သု. ၈:၁၂-၂၁၊ ၃၅) ဣသရေလရှင်ဘုရင်က ဤသို့ဆိုသည်– “ငါ့ကိုအမှီပြု၍ သင်၏နေ့ရက်ကာလနှင့် အသက်အပိုင်းအခြား နှစ်ပေါင်းကာလတိုးပွားလိမ့်မည်။” (သု. ၉:၁၁) ဉာဏ်ပညာနှင့် ဆက်၍နှီးနှောပေါင်းသင်းခြင်း၏အကျိုးကား အသက်တာရှည်ခြင်းဖြစ်သည်။ မှန်၏၊ “ပညာအတတ်ကိုရသောသူသည် အသက်ကိုလည်းရတတ်၏။”—ဒေ. ၇:၁၂။
ဉာဏ်ပညာရရှိရန် ကြိုးစားအားထုတ်ခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီ၏တာဝန်ဖြစ်၏။ ဤအချက်ကို ရှောလမုန်အလေးထား၍ ဤသို့ဖော်ပြသည်– “သင်သည် ပညာရှိလျှင် ကိုယ်တိုင်အကျိုးကိုခံရလိမ့်မည်။ မထီမဲ့မြင်ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့်မည်။” (သု. ၉:၁၂) ပညာရှိသည် ကိုယ်တိုင်အကျိုးခံစားရ၏၊ မထီမဲ့မြင်ပြုသူသည် သူ့အပြစ်နှင့်သူ ဆင်းရဲဝေဒနာခံစားရ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့စိုက်သည့်အတိုင်း ရိတ်ရသည်။ သို့ဖြင့် ‘ဉာဏ်ပညာကိုအာရုံစိုက်’ ကြပါလေ။—သု. ၂:၂။
“မိုက်သောမိန်းမသည် စကားသံကျယ်” သည်
၎င်းနှင့်လားလားကြီးဆန့်ကျင်လျက် ရှောလမုန်က ဤသို့ထပ်၍ဆိုသည်– “မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ်တိမ်သဖြင့် အလျှင်းမသိတတ်။ မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ်အနေအထိုင်ပေါ်မှာထိုင်လျက် လမ်း၌ တည့်တည့်ခရီးသွားသောသူတို့ကိုခေါ်၍ ‘ဉာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။’”—သု. ၉:၁၃-၁၆က။
မိုက်မဲမှုကို အသံကျယ်လောင်ပြီး စည်းကမ်းမရှိ၊ ဉာဏ်တိမ်သောမိန်းမဖြင့် သရုပ်ဖော်ထားသည်။ သူသည်လည်း အိမ်တစ်လုံးဆောက်ထား၏။ မလိမ္မာသောသူမည်သူကိုမဆို သူကိုယ်တိုင်ဟစ်ခေါ်တတ်သည်။ သို့ဖြင့် ဖြတ်သန်းသွားလာသူများသည် ရွေးချယ်ရတော့မည်။ သူတို့သည် ဉာဏ်ပညာ၏ဖိတ်ခေါ်ချက်ကို လက်ခံမည်လော သို့မဟုတ် မိုက်မဲမှု၏ဖိတ်ခေါ်ချက်ကို လက်ခံမည်လော။
“ခိုးသောရေသည်ချို၏”
ဉာဏ်ပညာရော၊ မိုက်မဲမှုကပါ “ဤအရပ်သို့ဝင်စေ” ဟုဖိတ်ခေါ်လျက်ရှိသည်။ သို့သော် မေတ္တာရပ်ခံချက်မှာ မတူပါ။ ဉာဏ်ပညာသည် စပျစ်ရည်၊ အသားငါးနှင့် မုန့်ကိုသုံးဆောင်ရန် လူတို့ကိုဖိတ်ခေါ်၏။ မိုက်မဲမှုကမ်းလှမ်းသော ဆွဲဆောင်မှုသည် အကျင့်ပျက်အမျိုးသမီး၏နည်းလမ်းများကို ကျွန်ုပ်တို့အားသတိရစေသည်။ ရှောလမုန်က ဤသို့ဆိုသည်– “အိုပညာမရှိသောသူ၊ ‘ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်း မြိန်သည်’ ဟုဆိုတတ်၏။”—သု. ၉:၁၆ခ၊ ၁၇။
သု. ၉:၁၃) သမ္မာကျမ်းစာ၌ ချစ်မြတ်နိုးရသောဇနီးနှင့် လိင်ဆက်ဆံခြင်းသည် လန်းဆန်းသောရေကို သောက်သုံးရခြင်းနှင့် ပုံနှိုင်းထားသည်။ (သု. ၅:၁၅-၁၇) သို့ဆိုလျှင် ခိုးသောရေသည် တိတ်တဆိတ်အကျင့်ပျက်လိင်ဆက်ဆံခြင်းကို တင်စားသည်။ ဤရေကို စပျစ်ရည်ထက် သာ၍ကောင်းသည့်ပုံဖော်ထားသည်—အကြောင်းမှာ ယင်းကိုခိုးထားရာ သိသာသိစေ၊ မမြင်စေနှင့်သဘောဆောင်သည်။ လျှို့ဝှက်စားသောမုန့်ကို မတရားသောနည်းဖြင့် ရယူထားသောကြောင့်သာ ဉာဏ်ပညာ၏မုန့်နှင့်အသားငါးထက် ပို၍အရသာရှိပုံပေါက်စေခြင်းဖြစ်သည်။ တားမြစ်ထားသည့်လျှို့ဝှက်အစာကို ဆွဲဆောင်မှုကောင်းသည်ဟု ရှုမြင်ခြင်းသည် မိုက်မဲမှု၏အမှတ်လက္ခဏာပင်ဖြစ်သည်။
“မိုက်သောမိန်းမ” သည် ဖော်စပ်ထားသောစပျစ်ရည်အစား ခိုးသောရေကိုကမ်းလှမ်းသည်။ (ဉာဏ်ပညာ၏ဖိတ်ခေါ်ချက်တွင် အသက်ရမည်ဟူသောကတိပါရှိသော်လည်း မိုက်မဲသောမိန်းမသည် ၎င်း၏လမ်းစဉ်ကိုလိုက်လျှောက်ခြင်း၏ဆိုးကျိုးများကို မဖော်ပြချေ။ သို့ရာတွင် ရှောလမုန်က ဤသို့သတိပေးသည်– “ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း ထိုမိန်းမ၏ဧည့်သည်တို့သည် မရဏာနိုင်ငံအနက်ဆုံး၌နေကြောင်းကို ထိုယောက်ျားသည်မသိမမှတ်။” (သု. ၉:၁၈) “မိန်းမမိုက်၏နေအိမ်သည် အိမ်မဟုတ်ဘဲ သင်္ချိုင်းဂူဖြစ်သည်။ သင်ဝင်သွားမိလျှင် အသက်ရှင်လျက်ထွက်လာတော့မည်မဟုတ်” ဟုပညာရှင်တစ်ဦးကရေးသားခဲ့သည်။ အကျင့်ပျက်ဘဝပုံစံကိုလိုက်ခြင်းသည် ပညာရှိရာမကျဘဲ သေစေနိုင်၏။
ယေရှုခရစ်က “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် ကျယ်ဝန်းသည်ဖြစ်၍ ဝင်သောသူတို့သည် များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သော လမ်းနှင့်တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍ တွေ့ဝင်သောသူတို့သည် နည်းကြ၏” ဟူ၍ မိန့်မှာခဲ့သည်။ (မဿဲ ၇:၁၃၊ ၁၄) ကျွန်ုပ်တို့သည် ဉာဏ်ပညာ၏စားပွဲ၌ အစဉ်စားသုံးကြကာ အသက်သို့ပို့ဆောင်သောလမ်းပေါ် ရှိနေသူများတွင် ပါဝင်သူအမြဲဖြစ်ပါလေစေ။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ပညာရှိသည် အမှားပြုပြင်မှုကို ဝမ်းမြောက်ဝမ်းသာလက်ခံ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဉာဏ်ပညာကို ဆည်းပူးခြင်းသည် ကိုယ်ပိုင်တာဝန်ဖြစ်