လူ့ဆင်းရဲခြင်းဝေဒနာခံရသည့် ပြဿနာ
လူ့ဆင်းရဲခြင်းဝေဒနာခံရသည့် ပြဿနာ
“ဘာကြောင့်လဲ ဘုရားသခင် ဘာကြောင့်လဲ။” အာရှမိုင်းနားတွင် ပြင်းထန်သောငလျင်တစ်ခုလှုပ်ပြီးနောက် အဖြန့်ဝေရဆုံးသတင်းစာတစ်စောင်၏မျက်နှာဖုံး၌ ထိုခေါင်းစဉ်ကြီးပါလာခဲ့သည်။ ပူးတွဲပါလာသည့် ဓာတ်ပုံတစ်ခုတွင် အလွန်စိတ်ချောက်ချားနေသော ဖခင်တစ်ဦးက ဒဏ်ရာရထားသောသမီးငယ်ကို သူတို့၏အိမ်အပြိုအပျက်ထဲမှ ချီထုတ်လာသည်ကို တွေ့ရ၏။
စစ်ပွဲများ၊ ငတ်မွတ်မှုများ၊ ကပ်ဘေးများနှင့် သဘာဝဘေးဒဏ်များကြောင့် မတိုင်းတာနိုင်သော နာကျင်မှုများခံခဲ့ရကြ၍ မျက်ရည်ပင်လယ်ဝေခဲ့ကြပြီး မရေမတွက်နိုင်အောင် သေကျေပျက်စီးခဲ့ကြပြီ။ မုဒိမ်းမှု၊ ကလေးကိုမတော်မတရားပြုမှုနှင့် အခြားရာဇဝတ်မှုများကိုခံခဲ့ရသည့် သားကောင်များလည်းရှိသေးသည်။ မတော်တဆဖြစ်မှုများကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးခဲ့ကြသူများကိုပါ ထည့်သွင်းစဉ်းစားကြည့်ပါလေ။ ဖျားနာခြင်း၊ အိုမင်းခြင်းနှင့် ချစ်မြတ်နိုးရသူများ သေဆုံးခြင်းတို့ကြောင့် သန်းပေါင်းများစွာသောသူတို့ ခံစားခဲ့ရသည့် စိတ်ဝေဒနာများလည်းရှိသေးသည်။
၂၀ ရာစုသည် တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ဆင်းရဲဝေဒနာများကို တွေ့ကြုံခဲ့ရဆုံးဖြစ်၏။ ၁၉၁၄ မှ ၁၉၁၈ ခုနှစ်အထိ ပထမကမ္ဘာစစ်သည် စစ်သားဆယ်သန်းနီးပါး၏အသက်ကို ခြွေယူခဲ့သည်။ အရပ်သားများလည်း အဆိုပါအရေအတွက်မျှ သေဆုံးခဲ့သည်ဟု သမိုင်းပညာရှင်အချို့ကဆိုသည်။ ဒုတိယကမ္ဘာစစ်တွင် ခိုကိုးရာမဲ့အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးပိုင်းအမျိုးသားများအပါအဝင် တိုက်ပွဲဝင်သူနှင့် အရပ်သား သန်း ၅၀ ခန့်သေပွဲဝင်ခဲ့ကြသည်။ လွန်ခဲ့သောရာစုနှစ်တစ်လျှောက် နောက်ထပ်သန်းပေါင်းများစွာသောသူတို့သည် အမျိုးဖြုတ်သတ်ဖြတ်မှု၊ တော်လှန်မှု၊ လူမျိုးစုအကြမ်းဖက်မှု၊ ငတ်မွတ်မှုနှင့် ဆင်းရဲနွမ်းပါးမှုတို့၏ သားကောင်များဖြစ်ခဲ့ကြရသည်။ နှစ်ဆယ်ရာစု၏သမိုင်းဝင်စာအုပ်က အဆိုပါ “အစုလိုက်အပြုံလိုက်ပဋိပက္ခဖြစ်ခြင်း” ကြောင့် လူသန်းပေါင်း ၁၈၀ ကျော်သေဆုံးခဲ့သည်ဟု ခန့်မှန်း၏။
၁၉၁၈/၁၉ မှစပိန်တုပ်ကွေးက လူသန်းပေါင်း ၂၀ ၏အသက်ကို ခြွေယူခဲ့သည်။ လွန်ခဲ့သောအနှစ်နှစ်ဆယ်အတွင်း အေအိုင်ဒီအက်စ်ကြောင့် ၁၉ သန်းခန့်သေဆုံးခဲ့ပြီး ယခု လူပေါင်း ၃၅ သန်းခန့်တွင် ၎င်းဗိုင်းရပ်စ်ပိုးရှိသည်။ မိဘများ အေအိုင်ဒီအက်စ်ကြောင့် ကွယ်လွန်ခဲ့ကြသဖြင့် သန်းနှင့်ချီသောကလေးတို့မှာ မိဘများမရှိဘဲ ကျန်ရစ်နေကြရသည်။ မရေတွက်နိုင်သောနို့စို့သူငယ်များသည် မိခင်၏ သားအိမ်ထဲရှိနေကြစဉ် ရောဂါကူးစက်ခံရကြသဖြင့် အေအိုင်ဒီအက်စ်ဖြင့် သေဆုံးနေကြသည်။
အခြားနည်းများဖြင့် ကလေးငယ်များကို ထပ်ဆင့်ဝေဒနာပေးလျက်ရှိသည်။ ၁၉၉၅ ခုနှစ်အကုန်ပိုင်းတွင် အင်္ဂလန်နိုင်ငံ၏ မဲန်ချက်စတာ ဂါဒီယန် ပတ်စဉ်သတင်းစာက ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) ၏သတင်းပေးချက်ကို ဤသို့ကိုးကားဖော်ပြခဲ့သည်– “လွန်ခဲ့သောဆယ်စုနှစ်၏ စစ်ပွဲများတွင် ကလေး ၂ သန်းအသတ်ခံခဲ့ရသည်၊ ၄-၅ သန်းမှာ ကိုယ်လက်မသန်မစွမ်းဖြစ်ခဲ့သည်၊ ၁၂ သန်းသည် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်၊ ၁ သန်းကျော်မှာ မိဘမဲ့များ သို့မဟုတ် မိဘနှင့်ကွဲကွာနေကြရသူများဖြစ်ပြီး ၁၀ သန်းမှာမူ စိတ်ဒဏ်ရာရခဲ့ကြသည်။” ထို့အပြင် နှစ်စဉ် ကမ္ဘာတစ်ဝန်း ကိုယ်ဝန်ဖျက်ချခြင်းမှာ ခန့်မှန်းခြေအားဖြင့် သန်း ၄၀ မှ ၅၀ ရှိသည်!
အနာဂတ် အဘယ်သို့ရှိမည်နည်း
လူအများသည် စိုးရိမ်စိတ်ဖြင့် အနာဂတ်ကိုရှုမျှော်ကြ၏။ သိပ္ပံပညာရှင်တစ်စုက ဤသို့ဖော်ပြခဲ့သည်– “လူ့လုပ်ရပ်များက . . . ကျွန်ုပ်တို့သိ
ရှိသည့်နည်းအတိုင်း အသက်ဆက်ရှင်နိုင်ဖို့ မဖြစ်နိုင်သည့်အထိ သက်ရှိလောကကို အတော်ပင်ပြောင်းလဲပစ်လိုက်သည်။” သူတို့ဤသို့ထပ်ဆင့်ပြောခဲ့သည်– “ယခုအချိန်၌ပင် လူငါးဦးလျှင်တစ်ဦးသည် အစာမလောက်မငဖြင့် ဆင်းရဲလှပြီး ဆယ်ဦးလျှင်တစ်ဦးမှာ အာဟာရချို့တဲ့မှုဒဏ်ကို ခံနေရသည်။” သိပ္ပံပညာရှင်များသည် “လူသားထုအား ရှေ့တွင်ဖြစ်ပျက်လာမည့်အရာကို သတိပေး” ရန် အခွင့်ကောင်းယူကာ ဤသို့ဆိုခဲ့ကြသည်– “မြားမြောင်လှသော လူ့ဆင်းရဲခြင်းကို လွှဲရှောင်ကာ ဤကမ္ဘာဂြိုဟ်ပေါ်ရှိ ကျွန်ုပ်တို့၏ကမ္ဘာ့စံအိမ်ကို အဖတ်ဆယ်မရအောင် ပျက်စီးမသွားစေဖို့ ကမ္ဘာမြေကြီးနှင့် ၎င်း၏သက်ရှိထိန်းသိမ်းရေးကို အကြီးအကျယ်ပြောင်းလဲဖို့လိုအပ်နေသည်။”ဘုရားသခင်သည် ဤမျှများပြားလှသော ဆင်းရဲဝေဒနာနှင့် ဆိုးသွမ်းမှုကို အဘယ်ကြောင့်ခွင့်ပြုထားရသနည်း။ အခြေအနေကိုပြုပြင်ရန် ကိုယ်တော်မည်သို့ရည်ရွယ်ထားသနည်း။ အဘယ်အချိန်တွင်နည်း။
[Picture Credit Lines on page 3]
Top, wheelchair: UN/DPI Photo 186410C by P.S. Sudhakaran; middle, starving children: WHO/OXFAM; bottom, emaciated man: FAO photo/B. Imevbore