မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း

ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း

ဝိညာဉ်​ရေး​ခိုင်ခံ့​သော​မိသားစု တည်ဆောက်​ခြင်း

“ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်ပိုင်း​ဆိုင်ရာ ထိန်းကျောင်း​ခြင်း​တို့​နှင့်​အညီ သူတို့ကို ဆက်၍​ပြုစု​ပျိုးထောင်​ပေး​ကြလော့။” —ဧဖက် ၆:၄၊ က​ဘ။

၁။ မိသားစု​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်ကား အဘယ်နည်း၊ သို့သော် ယင်းအစား အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သနည်း။

“များပြား​စွာ မွေးဖွား​ကြလော့။ မြေကြီးကို​ပြည့်စေ​၍ နိုင်​ကြလော့။” (ကမ္ဘာဦး ၁:၂၈) ယေဟောဝါ​ဘုရားသခင်​သည် အာဒံ​နှင့်​ဧဝ​တို့အား​မိန့်ဆိုခဲ့​သော အဆိုပါ​စကား​များ​ဖြင့် မိသားစု​အစီအစဉ်ကို အစပြု​ခဲ့​သည်။ (ဧဖက် ၃:၁၄၊ ၁၅) ရှေ့ကို​ရှုမျှော်​သောအခါ ထို​ပထမ​မောင်နှံ​သည် သူတို့၏​သားမြေး​များနှင့် ပြည့်နေ​သည့်​ကမ္ဘာ၊ တိုးများ​လာသော စုံလင်​သူများ ပရဒိသု​မြေကြီးပေါ်​တွင် ရွှင်လန်းစွာ​အသက်ရှင်​ကာ ကြီးမြတ်သော​ဖန်ဆင်း​ရှင်​အား စည်းလုံးစွာ​ဝတ်ပြု​နေကြ​ခြင်း​ကို မြင်ယောင်​ကြည့်​နိုင်​ကြသည်။ သို့သော် အာဒံ​နှင့်​ဧဝ​သည် အပြစ်ပြု​ခဲ့​ကြ​ရာ ကမ္ဘာ​မြေကြီး​သည် ဖြောင့်မတ်​၍ ဘုရားသခင်​ကို​ကြောက်ရွံ့​သည့်​လူများ​နှင့် ပြည့်နှက်​မလာ​ခဲ့​ချေ။ (ရောမ ၅:၁၂) ယင်းအစား မိသားစု​ဘဝ​သည် လျင်မြန်​စွာ ဆုတ်ယုတ်​ကျဆင်း​လာ​ကာ အထူးသဖြင့် ဤ “နောက်ဆုံးသော​နေ့ရက်​များ” တွင် မုန်းတီးမှု၊ မကောင်းမှု​နှင့် “ပကတိ​ချစ်ခင်​ကြင်နာ​ခြင်း” ကင်းမဲ့မှု လွှမ်းမိုး​လျက်​ရှိသည်။—၂ တိမောသေ ၃:၁-၅က​ဘ; ကမ္ဘာဦး ၄:၈၊ ၂၃; ၆:၅၊ ၁၁၊ ၁၂

၂။ အာဒံ​၏​သားမြေး​များ​တွင် အဘယ်​အရည်အသွေးများ​ရှိကြ​သနည်း၊ သို့သော် ဝိညာဉ်​ရေး​ခိုင်ခံ့​သော မိသားစု​တည်ဆောက်​ရန် မည်သည့်​အရာ​လိုအပ်​မည်​နည်း။

အာဒံ​နှင့် ဧဝ​သည် ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​ကြသည်။ အာဒံသည် ယခု အပြစ်သား​ဖြစ်နေ​သော်လည်း ယေဟောဝါ​က သူ့ကို သားသမီး​မွေးဖွားခွင့်​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၇; ၅:၁-၄) အာဒံ​၏​သားစဉ်မြေးဆက်​များသည် သူတို့၏​ဖခင်​နည်းတူ ကိုယ်ကျင့်တရား​ဆိုင်ရာ အရည်အချင်း​ရှိ၍ အမှားအမှန်​ကို ပိုင်းခြား​သိမြင်နိုင်စွမ်း​ရှိကြသည်။ သူတို့သည် မိမိတို့၏​ဖန်ဆင်း​ရှင်​ကို မည်သို့​ကိုးကွယ်​ရမည်​နှင့် ကိုယ်တော်​အား နှလုံး၊ စိုးလ်၊ စိတ်​နှင့် ခွန်အား​အကြွင်းမဲ့​ဖြင့် ချစ်ခြင်း​၏​အရေးကြီးမှုကို သင်ယူ​နိုင်​ကြသည်။ (မာကု ၁၂:၃၀; ယောဟန် ၄:၂၄; ယာကုပ် ၁:၂၇) ထို့​ပြင် “တရား​သဖြင့်​ပြုခြင်း၊ ကရုဏာ​ကို​နှစ်သက်ခြင်း၊ . . . ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချသော​စိတ်​နှင့်​ကျင့်​နေ” ရန်​လေ့ကျင့်​ခံယူ​နိုင်​ကြသည်။ (မိက္ခာ ၆:၈) သို့ရာတွင် အပြစ်သား​များ​အနေ​နှင့် ဝိညာဉ်​ရေး​ခိုင်ခံ့​သော​မိသားစုကို တည်ဆောက်​နိုင်​ရန်​အတွက် အတော်အတန်​အာရုံစိုက်​ဖို့ လို​မည်​ဖြစ်သည်။

အချိန်ကို​ဝယ်ယူ​လော့

၃။ မိဘများသည် ခရစ်ယာန်​သားသမီး​များ​ကို​မွေးမြူရန် မည်သို့ ‘အချိန်​ဝယ်ယူ’ နိုင်​သနည်း။

ဤ​ရှုပ်ထွေး​ခဲယဉ်း​သော​ကာလ​အတွင်း သားသမီး​များသည် “အဆိုးကို​မုန်း” ကာ “ယေဟောဝါ​အား​ချစ်သော​သူများ” ဖြစ်လာ​နိုင်​ကြဖို့ အကြီးအကျယ် အားထုတ်​ကြ​ရမည်။ (ဆာလံ ၉၇:၁၀က​ဘ) ပညာရှိ​မိဘများသည် ဤ​စိန်ခေါ်ချက်​များ​ကို​ရင်ဆိုင်​နိုင်​ဖို့ ‘အချိန်ကို​ဝယ်ယူ’ ကြ​ရမည်။ (ဧဖက် ၅:၁၅-၁၇) သင်သည် မိဘ​တစ်ဦး​ဖြစ်ပါ​က ယင်းကို မည်သို့​ပြုလုပ်​နိုင်​သနည်း။ ဦးဆုံး၊ သင့်​သားသမီး​များ​ကို သွန်သင်ခြင်း​နှင့် လေ့ကျင့်​ပေးခြင်း​အပါအဝင် “သာ၍​အရေးကြီး​သည့်​အရာများ” ကို​အာရုံစိုက်ရန် ဦးစားထားရာ​များ​ကို ချမှတ်​ပေး​ပါ။ (ဖိလိပ္ပိ ၁:၁၀၊ ၁၁က​ဘ) ဒုတိယ​မှာ သင့်​ဘဝ​ပုံစံ​ကို ရိုးရှင်း​စေပါ။ အမှန်တကယ်​မလို​အပ်​သည့် လုပ်ငန်းဆောင်တာ​များ​ကို ဘေးဖယ်​ထား​ဖို့​လို​ပေမည်။ သို့​မဟုတ် ထိန်းသိမ်း​ပေး​ရန် အချိန်​စား​သော မလို​အပ်​သည့်​ပစ္စည်း​များ​ကို ဖယ်ထုတ်​လိုက်​ဖို့​လို​ပေမည်။ ခရစ်ယာန်​မိဘ​တစ်ဦး​အနေ​နှင့် ဘုရားသခင်​အား​ကြောက်ရွံ့​သော သားသမီး​များ​မွေးမြူရန် သင်​ကြိုးစား​အားထုတ်​ခဲ့​ခြင်း​ကို ဘယ်တော့​မျှ သံ​ဝေ​ဂ​ရ​လိမ့်​မဟုတ်ပေ။—သု. ၂၉:၁၅၊ ၁၇

၄။ မိသားစု​စည်းလုံးမှု​ကို မည်သို့​ဆက်​ထိန်းသိမ်း​ထား​နိုင်​သနည်း။

သင့်​သားသမီး​များနှင့်​အတူ အသုံးပြုသည့်​အချိန်၊ အထူးသဖြင့် ဝိညာဉ်​ရေး​ကိစ္စရပ်​များ​ကို အဓိက​ထား အသုံးပြု​ခဲ့​သော​အချိန်​သည် အကျိုးနပ်​ပေ​သည်၊ ယင်း​ကား မိသားစုကို ဆက်​စည်းလုံးစေ​သည့် အကောင်းဆုံး​နည်းလမ်း​တစ်ခု​ဖြစ်သည်။ သို့သော် ယင်းကို ဖြစ်ကတတ်ဆန်း​မ​လုပ်ပါ​နှင့်။ အတူတကွ​အသုံးပြု​ကြ​မည့် အချိန်ကို​သတ်မှတ်ပြီး ဇယား​ဆွဲ​ထား​ပါ။ ယင်းက တစ်အိမ်​တည်း​နေ၍ ကိုယ့်​အလုပ်​ကိုယ်​လုပ်ကိုင်​နေခြင်း​ကို​မဆိုလို​ပါ။ သားသမီး​များသည် နေ့စဉ် ဂရုစိုက်​မှု​ခံရ​မှ​သာ အကောင်းဆုံးနည်း​ဖြင့် ဖွံ့ဖြိုး​ကြီးထွား​လာ​ကြ​မည်။ မေတ္တာ​နှင့် စိုးရိမ်မကင်း​ဖြစ်မှု​ကို ရက်ရက်ရောရော တင်ပြ​ရန်လို​၏။ သားသမီး​ယူ​ရန် ဆုံးဖြတ်ချက်​မချ​မီ​ပင် အိမ်ထောင်သည်​မောင်နှံ​များသည် ဤ​အရေးကြီးသော​တာဝန်​ကို အလေးအနက်​ထား​သုံးသပ်​ရမည်။ (လုကာ ၁၄:၂၈) ထို​အခါ သားသမီး​မွေးမြူခြင်း​ကို ခက်ခဲ​သော​အလုပ်​တစ်ခု​အဖြစ် သဘော​ပိုက်​လိမ့်​မည်​မဟုတ်။ ယင်းအစား ကောင်းချီး​ခံစားရ​သည့် အခွင့်ထူး​တစ်ခု​အဖြစ် ရှုမြင်ကြ​ပါ​လိမ့်​မည်။—ကမ္ဘာဦး ၃၃:၅; ဆာလံ ၁၂၇:၃

အပြော​နှင့် ပုံသက်သေ​အားဖြင့် သွန်သင်​လော့

၅။ (က) ယေဟောဝါ​အား​ချစ်​ရန် သားသမီး​များ​ကို သွန်သင်ပေး​ရေး​သည် အဘယ်အရာ​နှင့် စတင်​သနည်း။ (ခ) တရားဟောရာ ၆:၅-၇ တွင် မိဘများ​အား အဘယ်​သွန်သင်ချက်ပေး​ထား​သနည်း။

သင့်​သားသမီး​များ​ကို ယေဟောဝါ​အား​ချစ်​ရန် သွန်သင်​ပေးခြင်း​သည် သင်​ကိုယ်တိုင် ကိုယ်တော်​အား​ချစ်​မြတ်နိုးခြင်း​ဖြင့် စတင်​သည်။ ဘုရားသခင်​အား နှစ်နှစ်ကာကာ ချစ်ခြင်း​သည် ကိုယ်တော့်​သွန်သင်ချက်​အားလုံး​ကို အပြည့်အဝ​တည်ကြည်​စွာ​လိုက်လျှောက်ရန် သင့်​အား လှုံ့ဆော်ပေး​ပါ​လိမ့်​မည်။ ၎င်း​တွင် “ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်ပိုင်း​ဆိုင်ရာ ထိန်းကျောင်း​ခြင်း​တို့​နှင့်​အညီ” သားသမီး​များ​ကို ပျိုးထောင်​ပေးခြင်း​ပါဝင်​သည်။ (ဧဖက် ၆:၄က​ဘ) မိဘများသည် သားသမီး​များ​ကို ပုံသက်သေ​ပြ​ရန်၊ သူတို့နှင့်​ဆက်သွယ်​ရန်​နှင့် သွန်သင်ပေး​ရန် ဘုရားသခင်​ညွှန်ကြား​တော်​မူ​၏။ တရားဟောရာ ၆:၅-၇ တွင်​ဤသို့​ဖော်ပြ​ထား​သည်– “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​လော့။ ယနေ့ ငါ​မှာ​ထားသော​စကား​ကို နှလုံး​သွင်း​ရမည်။ ထိုစကား​ကို သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင်​ရမည်။ အိမ်​၌​ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ ထိုစကား​ကို​ပြော​ရမည်။” ထပ်တလဲလဲ ဆုံးမ​ပဲ့ပြင်​ပေးခြင်း​နှင့် အထပ်ထပ်​ပြန်​ပြော​ခြင်း​အားဖြင့် ဘုရားသခင့်​ပညတ်တော်​များ​ကို သင့်​သားသမီး​များ​တွင် သွတ်သွင်း​ပေး​နိုင်​ပါ​သည်။ သို့ဖြင့် သင့်​သားမြေး​များသည် ယေဟောဝါ​အား​ချစ်​သည့် သင့်​မေတ္တာကို သဘောပေါက်​မည်​ဖြစ်​ကာ ယင်းက တစ်ဖန် ယေဟောဝါ​နှင့်​သူတို့​ရင်းနှီးမှု​ရှိလာစေဖို့ ဩဇာ​လွှမ်းမိုး​ခံရ​ကြလိမ့်မည်။—သု. ၂၀:၇

၆။ သားသမီး​များသည် ပုံသက်သေ​အားဖြင့် သင်ယူ​ကြသည်​ဟူသော​အချက်​မှ မည်သို့​အခွင့်အရေး​ယူ​နိုင်​သနည်း။

ကလေး​များသည် သင်ယူ​ရန် စိတ်​ထက်သန်​ကြသည်။ သူတို့သည် ဂရုစိုက်​နားထောင်​ကြည့်ရှု​တတ်ကြ​ပြီး သင့်​ပုံသက်သေ​ကို လျင်မြန်​စွာ​အတုယူ​တတ်ကြ​သည်။ သင်သည် ရုပ်ပစ္စည်း​ကို​အဓိက​ထား​သူ​မဟုတ်​ကြောင်း သူတို့​တွေ့မြင်​သည့်​အခါ ယေရှု၏​သွန်သင်ချက်​ကို သူတို့​မည်သို့​လိုက်လျှောက်​ရမည်ကို သူတို့အား​သွန်သင်ပေး​ရာ​ရောက်​၏။ ရုပ်ပစ္စည်း​များ​အတွက် စိုးရိမ်​တ​ကြီး​ဖြစ်​ဖို့​မဟုတ်ဘဲ ‘ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား’ ရန် သူတို့ကို သင်ကြား​ပေး​သည်။ (မဿဲ ၆:၂၅-၃၃) ကျမ်းစာ​အမှန်တရား၊ ဘုရားသခင့်​အသင်းတော်​နှင့် ခန့်အပ်​ခံ​အကြီးအကဲ​များ​အကြောင်း အကျိုးရှိ​သော၊ တည်ဆောက်မှု​ပေး​သော စကား​များ​ကို​ပြောဆိုခြင်း​အားဖြင့် ယေဟောဝါ​ကို​လေးမြတ်​ရန်​နှင့် ကိုယ်တော့်​ဝိညာဉ်​ရေး​ပြင်ဆင်​ပေး​ချက်​များ​ကို တန်ဖိုး​ထား​တတ်လာ​ရန် သင့်​သားသမီး​များ​ကို သင်ကြား​ပေး​ပါ​သည်။ ကလေး​များသည် ရှေ့နောက်​မညီညွတ်​မှု​ကို ချက်ချင်း​သတိပြု​တတ်ကြ​သောကြောင့် နှုတ်​တိုက်​သွန်သင်ချက်​ကို ဝိညာဉ်​ရေးရာ​များ​အပေါ် သင်၏​တန်ဖိုး​ထားမှု​ထင်ရှားစေ​သည့်​အပြု​အမူ​နှင့် သဘောထား​တို့​ဖြင့် အထောက်အထား​ခိုင်လုံ​စေ​ရမည်။ မိဘများ​၏​ပုံသက်သေ​ကောင်း​က သူတို့၏​သားသမီး​များ​ကို ယေဟောဝါ​အား စိတ်နှလုံး​အကြွင်းမဲ့​ချစ်​စေ​ခဲ့​ကြောင်း မိဘများ​တွေ့ရှိ​ကြ​သည့်​အခါ ယင်းသည် တကယ့်​ကောင်းချီး​တစ်ရပ်​ဖြစ်သည်​တကား!—သု. ၂၃:၂၄၊ ၂၅

၇၊ ၈။ ငယ်ရွယ်စဉ်​မှ သားသမီး​များ​လေ့ကျင့်​ပေးခြင်း​၏​တန်ဖိုး​ကို အဘယ်​ပုံသက်သေ​က ဖော်ပြ​သနည်း၊ ရရှိ​သည့်​အောင်မြင်မှု​အတွက် မည်​သူ့ကို ဂုဏ်ပြု​ရမည်​နည်း။

သားသမီး​များ​အား ငယ်ရွယ်စဉ်​ကတည်းက လေ့ကျင့်​ပေးခြင်း​၏​တန်ဖိုး​ကို ဗင်နီဇွဲလား​နိုင်ငံ​မှ ပုံ​နမူနာ​တစ်ခု​တွင် တွေ့ရှိ​နိုင်၏။ (၂ တိမောသေ ၃:၁၅) ယင်းသည် လူငယ်​မောင်နှံ ဖဲလစ်​နှင့် မေ​ယာ​လင်​တို့​နှင့်​ပတ်သက်​သည်။ သူတို့သည် ရှေ့ဆောင်​အမှုဆောင်​များ​ဖြစ်​ကြသည်။ သူတို့၏​သားလေး ဖေ​လီ​တို​မွေးလာ​သောအခါ သူ့​အား ယေဟောဝါ​၏​စစ်မှန်သော​ကိုးကွယ်​သူ​တစ်ဦး​အဖြစ် ကြီးပြင်း​လာ​စေရန် အစွမ်းကုန်​ကြိုးစား​လို​ခဲ့​ကြသည်။ မေ​ယာ​လင်​သည် ဖေ​လီ​တို​ကို ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော ကျွန်ုပ်​၏​ကျမ်းစာ​ပုံပြင်​စာအုပ်​ကို အသံ​ကျယ်ကျယ်​ဖြင့် စ​ဖတ်ပြ​သည်။ ဖေ​လီ​တို​သည် ငယ်​စဉ်​ကတည်းက ဤ​စာအုပ်​တွင် ရေးဆွဲ​ထားသော မောရှေ​နှင့် အခြား​သူတို့ကို မှတ်မိ​ပုံ​ရသည်။

ဖေ​လီ​တို​သည် အတော်အတန်​ငယ်ရွယ်​သေး​စဉ်​ပင် သူ့ဘာသာ​သူ စ​သက်သေခံ​ခဲ့​သည်။ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​တစ်ဦး ဖြစ်​လို​သည့်​ဆန္ဒ ပြည့်ဝ​ခဲ့​ပြီး နောက်ပိုင်း​တွင် နှစ်ခြင်း​ခံ​ခဲ့​သည်။ အချိန်တန်သော် မှန်မှန်ရှေ့ဆောင်​တစ်ဦး​ဖြစ်လာ​လေ​သည်။ သူ့​မိဘများ​က ဤသို့​မှတ်ချက်ချ​ကြသည်– “သားလေး​ရဲ့​တိုးတက်မှု​ကို ကျွန်တော်​တို့​တွေ့​တဲ့​အခါ ယေဟောဝါ​နှင့် ကိုယ်တော့်​သွန်သင်ချက်​ကြောင့်​ဆိုတာ​ကို အသိအမှတ်ပြု​ကြရတယ်။”

ဝိညာဉ်​ရေး​အရ ကြီးထွား​လာရန် သားသမီး​များ​ကို ကူညီ​ပါ

၉။ သစ္စာ​နှင့် သတိပညာ​ရှိသော​ကျွန်​အတန်းအစား​မှ​တစ်ဆင့် ရရှိသော ဝိညာဉ်​ရေး​သွန်သင်ချက်​အတွက် အဘယ်ကြောင့် ကျေးဇူး​တင်​သင့်​သနည်း။

သားသမီး​မွေးမြူ​ပျိုးထောင်​ရေး​နှင့်​ပတ်သက်​၍ မဂ္ဂဇင်း​များစွာ၊ ရာ​ချီ​သော​စာအုပ်​များနှင့် အင်တာနက်​ဝက်ဘ်ဆိုက် ထောင်ပေါင်း​များစွာ​တို့​က အကြံဉာဏ်​ပေး​ကြသည်။ များသောအားဖြင့် “အကြောင်းအချက်​လက်​များ ကွဲပြား​ခြားနား” လေ့​ရှိသည်​ဟု ကလေး​အကြောင်း အထူးထုတ် န​ယူးစ်ဝိခ်​မဂ္ဂဇင်း​တစ်စောင်​က ဆို​၏။ “ထို​ထက် ကသိကအောက်​ဖြစ်စေ​သည်​ကား ယုံကြည်​စိတ်ချ​နိုင်​သည်​ဟု သင်ယူ​မှတ်​ခဲ့​သော​အကြောင်းအချက်​သည် လုံးလုံး​မှား​နေသည့်​အခါ​ဖြစ်သည်။” ယေဟောဝါ​သည် မိသားစု​များ​အတွက်​သွန်သင်မှု​နှင့် ဝိညာဉ်​ရေး​တိုးတက်မှု​အတွက် ညွှန်ကြားချက် အလျှံပယ်​ပြင်ဆင်​ပေး​ထား​သဖြင့် ကိုယ်တော်​အား ကျွန်ုပ်​တို့ အလွန်​ကျေးဇူး​တင်​ကြသည်​တကား! သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန် အတန်းအစား​မှ​တစ်ဆင့် ပြင်ဆင်​ပေး​ထား​ချက်​အားလုံး​မှ သင် အကျိုး​အပြည့်အဝ​ရယူ​နေပါသလော။—မဿဲ ၂၄:၄၅-၄၇

၁၀။ ထိရောက်​သော မိသားစု​ကျမ်းစာ​သင်အံမှုသည် မိဘများ​နှင် သားသမီး​များ​ကို မည်သို့​အကျိုးပြု​သနည်း။

၁၀ အလွန်​အရေးကြီး​သည့်​အရာတစ်ခု​မှာ သက်သောင့်သက်သာ​ရှိ​အနေအထား​မျိုး​တွင် မိသားစု​ကျမ်းစာ​သင်အံမှု​ကို အချိန်​မှန်၊ ပုံမှန်​ကျင်းပ​ပေးခြင်း​ဖြစ်သည်။ ၎င်းကို မှတ်သားဖွယ်​ရာ၊ ပျော်စရာ​နှင့် အားရှိစရာ​ဖြစ်စေ​ဖို့​အတွက် ကောင်းစွာ​ပြင်ဆင်​ထား​ဖို့​လို​၏။ မိဘများသည် မိမိတို့၏​သားသမီး​များ​၏​စကား​ကို နှိုက်​ထုတ်ခြင်း​အားဖြင့် သူတို့၏​စိတ်နှလုံး​ထဲ​ရှိ​အရာ​ကို သိရှိ​နိုင်​ကြသည်။ မိသားစု​သင်အံမှု​၏​ထိရောက်​မှု​ကို ပိုင်းဖြတ်​နိုင်​သည့်​နည်း​တစ်နည်း​ကား အိမ်သူအိမ်သား​အားလုံး​သည် ၎င်းကို​စောင့်မျှော်​နေ​မနေ သတိပြု​ခြင်း​အားဖြင့်​ဖြစ်သည်။

၁၁။ (က) သားသမီး​များ​တွင် အဘယ်​ပန်းတိုင်​များ​ရှိကြ​ရန် မိဘများ​က​ကူညီပေး​နိုင်​သနည်း။ (ခ) ဂျပန်​နိုင်ငံ​မှ​မိန်းကလေး​တစ်ဦး​က ပန်းတိုင်​မီ​အောင်​ကြိုးစား​ခဲ့​သောအခါ အဘယ်​အကျိုး​ရလဒ်​ရရှိခဲ့​သနည်း။

၁၁ ကျမ်းစာ​ဆိုင်ရာ​ပန်းတိုင်​များ​ထားခြင်း​သည် ဝိညာဉ်​ရေး​အရ ခိုင်ခံ့​သော​မိသားစု​တစ်စု​ဖြစ်​စေနိုင်​ပြီး ယင်း​တို့ကို​ထား​ရှိ​ရန် သားသမီး​များ​ကို မိဘများ​ကူညီပေး​သင့်​သည်။ သင့်လျော်​သော​ပန်းတိုင်​များ​တွင် နေ့စဉ်​ကျမ်းစာ​ဖတ်ရှုခြင်း၊ သတင်းကောင်းကို မှန်မှန်​ကြေညာသူ​တစ်ဦး​ဖြစ်လာ​ခြင်း​နှင့် ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ဖို့​အထိ တိုးတက်ခြင်း​တို့​ပါဝင်​သည်။ အခြား​ပန်းတိုင်​များ​တွင် ရှေ့ဆောင်​တစ်ဦး​အဖြစ်၊ ဗေသလ​တွင်၊ သို့​မဟုတ် သာသနာပြု​တစ်ဦး​အဖြစ် အချိန်ပြည့်​အမှုဆောင်ခြင်း​လည်း ပါဝင်​ပေမည်။ မူလ​တန်း​ကျောင်းတက်​နေစဉ် ဂျပန်​မိန်းကလေး​တစ်ဦး​ဖြစ်သူ အာယူမီး​သည် သူ၏​အတန်း​ရှိသူ​တိုင်း​ကို​သက်သေ​ခံရန် ပန်းတိုင်​ထားခဲ့​သည်။ သူ၏​ဆရာ​နှင့် အတန်းဖော်​များ​၏​စိတ်ဝင်စားမှု​ကို​နှိုးဆွ​ပေး​ရန် စာကြည့်တိုက်​တွင် ကျမ်းစာ စာပေ​များစွာ ထား​ရှိ​ရန် ခွင့်ပြု​ချက်​တောင်း​ခဲ့​သည်။ ရလဒ်​အနေ​နှင့် မူလ​တန်း ခြောက်​နှစ်​တာ​ကာလ​အတွင်း အာယူမီး​သည် ကျမ်းစာ​သင်အံမှု ၁၃ ခု​ကို ပြုလုပ်​ခဲ့​ရသည်။ သူနှင့်​ကျမ်းစာ​သင်​သူများ​ထဲ​မှ တစ်ယောက်​နှင့် ကျမ်းစာ​သင်သား​၏​မိသားစု​မှ အခြားသူများ​လည်း နှစ်ခြင်း​ခံ​ပြီး​သော​ခရစ်ယာန်​များ ဖြစ်လာ​ခဲ့​ကြသည်။

၁၂။ သားသမီး​များသည် ခရစ်ယာန်​အစည်းအဝေးများမှ အကြီးမားဆုံး​အကျိုးကျေးဇူး​ကို မည်သို့​ရရှိနိုင်​သနည်း။

၁၂ ဝိညာဉ်​ရေး​ဘက် ဒေါင်ဒေါင်မြည်​ကျန်းမာ​ဖို့​အတွက် အစည်းအဝေး​ပုံမှန်​တက်​ဖို့​လို​သည်။ တမန်​တော်​ပေါလု​က ‘အချို့​တို့၏​ထုံးစံ​ရှိသည်​အတိုင်း၊ အချင်းချင်း​စည်းဝေး​ခြင်း​အမှုကို မရှောင်​မလွှဲ’ ကြ​ရန် ယုံကြည်သူချင်း​တို့အား တိုက်တွန်း​ခဲ့​သည်။ အသက်​ကြီးငယ်မဟူ​သည် ခရစ်ယာန်​အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်​ကြ​ခြင်း​မှ ကြီးစွာ​အကျိုး​ရရှိကြ​သောကြောင့် စည်းဝေး​ပျက်​ခြင်း​သည် ကျွန်ုပ်​တို့၏​ထုံးစံ​မဖြစ်ပါစေ​နှင့်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅; တရားဟောရာ ၃၁:၁၂) သားသမီး​များ​ကို ဂရုတစိုက်​နားထောင်​ရန် သွန်သင်ပေး​သင့်​သည်။ အစည်းအဝေး​များ​အတွက် ပြင်ဆင်ခြင်း​သည်လည်း အရေးပါ​၏၊ အကြောင်း​မှာ ပါဝင်​ဖြေဆိုခြင်း​အားဖြင့် အကျိုး​အများဆုံး​ရသော​ကြောင့်​ဖြစ်သည်။ ကလေးငယ်​တစ်ဦး​သည် စကားလုံး​တစ်လုံး​နှစ်လုံး​ပြော​၍​ဖြေဆိုခြင်း သို့​မဟုတ် အပိုဒ်​တစ်​ပိုဒ်​၏​အပိုင်း​တစ်ပိုင်း​ကို ဖတ်ပြခြင်း​ဖြင့် စတင်​ဖြေဆို​နိုင်​မည်​ဖြစ်သော်လည်း ကလေး​များသည် မိမိ​ဘာသာ အဖြေကို​ရှာဖွေ​တတ်​ဖို့​နှင့် ကိုယ်ပိုင်​စကား​ဖြင့်​ဖြေဆို​ကြဖို့ လေ့ကျင့်​ခံရ​လျှင် အကျိုး​အများဆုံး​ရရှိပါ​မည်။ အသင် မိဘများသည် မှန်မှန်​နှင့် အဓိပ္ပာယ်​ပါ​သော​အဖြေ​များ​ပေးခြင်း​ဖြင့် ပုံသက်သေ​ကောင်း​ချမှတ်​ကြ​ပါသလော။ မိသားစုဝင်​တစ်ဦးစီ​တွင် ကျမ်းစာ​အုပ်၊ သီချင်း​စာအုပ်​နှင့် ကျမ်းစာ​ဆွေးနွေးခန်း​အတွက် အသုံးပြုသည့် ကိုယ်ပိုင်​စာပေ​တစ်ခုစီ​ရှိ​ခြင်း​သည်လည်း ကောင်း​ပါ​သည်။

၁၃၊ ၁၄။ (က) မိဘများသည် သားသမီး​များနှင့်​အတူ ခရစ်ယာန်​ဓမ္မ​အမှု​တွင် အဘယ်ကြောင့် အတူတကွ​အမှုဆောင်​သင့်​သနည်း။ (ခ) လယ်ကွင်း​လုပ်ငန်း​သည် သားသမီး​များ​အတွက် အကျိုးရှိ​ပြီး ပျော်စရာ​ဖြစ်စေ​ဖို့ အဘယ်အရာက ကူညီပေး​မည်​နည်း။

၁၃ ပညာ​ရှိသော​မိဘများသည် လူငယ့်​အားမာန်​ကို ယေဟောဝါ​အမှုတော်​ဆောင်ခြင်း​တွင်​အသုံးပြုရန် မိမိတို့၏​သားသမီး​များ​ကို ညွှန်ကြား​ပေး​လျက် ဟောပြောခြင်း​လုပ်ငန်း​ကို သူတို့၏​အသက်တာတွင် အရေးကြီး​သည့်​ကဏ္ဍ​ဖြစ်စေ​ရန် ကူညီပေး​ကြ​ပါ​လိမ့်​မည်။ (ဟေဗြဲ ၁၃:၁၅) မိဘများသည် မိမိတို့​သားသမီး​များနှင့်​အတူ ခရစ်ယာန်​ဓမ္မ​အမှု​တွင်​လုပ်ဆောင်​မှ​သာ “ရှက်ကြောက်​စ​ရာ​အကြောင်း​မရှိဘဲ၊ [အမှန်] တရားကို မှန်ကန်​စွာ​ပိုင်းခြား​တတ်သော” အမှုဆောင်​များ​ဖြစ်​ကြ​လာဖို့ လိုအပ်သော​လေ့ကျင့်မှု​ကို သားသမီး​ငယ်​များ​အား အသေအချာ ရရှိစေ​နိုင်၏။ (၂ တိမောသေ ၂:၁၅) ထို့​ကြောင့် သင်​နှင့်​ပတ်သက်​၍​ကော မည်သို့​နည်း။ သင်သည် မိဘတစ်ဦး​ဖြစ်ပါ​က လယ်ကွင်း​လုပ်ငန်း​အတွက် သင့်​သားသမီး​များ​ကို ပြင်ဆင်​ပေး​ပါသလော။ ထိုသို့​ပြုလုပ်ခြင်း​က အမှုဆောင်ခြင်း​သည် သူတို့​အတွက် ရွှင်လန်းစရာ၊ အဓိပ္ပာယ်​ပြည့်ဝ​၍ အကျိုး​ဖြစ်ထွန်း​ပေမည်။

၁၄ မိဘ​နှင့် သားသမီးတို့​သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် အတူတကွ​လုပ်ဆောင်ခြင်း​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။ ဤ​နည်း​အားဖြင့် သားသမီး​များသည် သူတို့​မိဘများ​၏​ကောင်းသော​ပုံသက်သေ​ကို သတိပြုမိ​ကြ​ကာ အတုယူ​နိုင်​ကြသည်။ တစ်ကြိမ်​တည်း​တွင် မိဘများသည် သားသမီး​များ​၏​သဘောထား၊ အပြု​အမူ​နှင့် စွမ်းရည်​တို့ကို အကဲခတ်​နိုင်​ကြသည်။ ခရစ်ယာန်​ဓမ္မ​အမှု​၏​ကဏ္ဍအသီးသီး​တွင် သင့်​သားသမီးကို သင်​နှင့်အတူ​ပါဝင်​စေပါ။ ဖြစ်​နိုင်​မည်​ဆိုလျှင် ကလေး​တစ်ဦးစီ​တွင် ကိုယ်ပိုင်​အမှုဆောင်​အိတ်တစ်အိတ်​စီ​ရှိစေ​၍ ၎င်းကို သပ်သပ်ရပ်ရပ်​နှင့် ရှု​ချင်​စ​ဖွယ်​ဖြစ်အောင်​ထား​ဖို့ သင်ကြား​ပေး​ပါ။ မှန်မှန်​လေ့ကျင့်​ကာ အားပေးခြင်း​ဖြင့် ခရစ်ယာန်​ဓမ္မ​အမှု​အတွက် စစ်မှန်သော​တန်ဖိုး​ထား​လေးမြတ်မှု တိုးပွား​လာ​စေမည်​ဖြစ်​ပြီး ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် ဘုရားသခင်​နှင့် အိမ်နီးချင်း​ကို​ချစ်​သည့်​မေတ္တာ တင်ပြ​နိုင်​ကြောင်း သားသမီး​များ သဘောပေါက်​လာ​ကြ​ပါ​လိမ့်​မည်။—မဿဲ ၂၂:၃၇-၃၉; ၂၈:၁၉၊ ၂၀

ဝိညာဉ်​ရေး​ကို​ထိန်းသိမ်း​လော့

၁၅။ မိသားစု​၏​ဝိညာဉ်​ရေး​ကို ထိန်းသိမ်း​ခြင်း​သည် အလွန်​အရေးကြီး​သဖြင့် ထိုသို့​ပြုလုပ်​ရန် နည်းလမ်း​အချို့​ကား အဘယ်နည်း။

၁၅ မိသားစု​၏​ဝိညာဉ်​ရေး​ကို ထိန်းသိမ်း​ခြင်း​သည် မရှိမဖြစ်​လိုအပ်​၏။ (ဆာလံ ၁၁၉:၉၃) ယင်းကို​ပြုလုပ်​နိုင်​သည့် နည်း​တစ်နည်း​မှာ ဝိညာဉ်​ရေးရာ​များ​ကို အခွင့်အရေး​ရ​တိုင်း သင့်​မိသားစု​နှင့်​ဆွေးနွေးခြင်း​ဖြစ်သည်။ နေ့စဉ်​ကျမ်းချက်​ကို သူတို့နှင့်​အတူ ဆွေးနွေး​ပါသလော။ သင်သည် “လမ်းလျှောက်​စဉ်” လယ်ကွင်း​လုပ်ငန်း​အတွေ့အကြုံ​များ သို့​မဟုတ် နောက်ဆုံး​ထုတ် ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်း​များ​မှ​အချက်များ​ကို ပြောပြ​သည့်​အကျင့်​ရှိပါ​သလော။ သင် “အိပ်ရာဝင်​စဉ်​နှင့် နိုးထ​စဉ်” နေ့စဉ်​အသက်တာ​နှင့် အလျှံပယ်​ပြင်ဆင်​ပေး​ထား​ရာ​များ​အတွက် ယေဟောဝါ​အား ကျေးဇူး​တင်​ကြောင်း ဆုတောင်း​ရန် သတိရပါ​သလော။ (တရားဟောရာ ၆:၆-၉သ​မ) သင်​လုပ်ဆောင်​သည့်​အရာတိုင်း​တွင် ဘုရားသခင်​ကို​ချစ်​ကြောင်း​ထင်ရှား​နေသည်​ကို သင့်​သားသမီး​များ တွေ့ရှိ​သည့်​အခါ ယင်းက အမှန်တရားကို သူတို့၏​ကိုယ်ပိုင်​ဖြစ်စေ​ရန် ကူညီပေး​ပါ​လိမ့်​မည်။

၁၆။ သားသမီး​များ​အား မိမိတို့​ဘာသာ ရှာဖွေ​လေ့လာမှု​ပြုလုပ်​ရန် အားပေးခြင်း​၏​တန်ဖိုး​ကား အဘယ်နည်း။

၁၆ သားသမီး​များသည် ပေါ်ပေါက်​လာ​တတ်သော ပြဿနာ​များနှင့် အခြေအနေ​များ​ကို အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်း​တတ်​ရန် ရံဖန်ရံခါ လမ်းညွှန်မှု​လိုအပ်​ကြ​ပေမည်။ အဘယ်အရာ​ပြုလုပ်​ရမည်ကို အမြဲတမ်း​ပြောပြ​မည့်​အစား ကိစ္စရပ်​များ​အပေါ် ဘုရားသခင်​၏​ရှုမြင်ပုံ မည်သို့​ရှိကြောင်းကို​သိရှိ​ရန် သူတို့​ဘာသာ​သူတို့ ရှာဖွေ​လေ့လာမှု​ပြုလုပ်​ရန် ပြသ​ပေး​ပါ​လေ။ ‘သစ္စာရှိ​ကျွန်’ မှ​တစ်ဆင့် ပြင်ဆင်​ပေး​ထားသော ကိရိယာ​များနှင့် စာပေ​များ​အားလုံး​ကို ကောင်းစွာ​အသုံးပြု​တတ်​ရန် သားသမီး​များ​ကို သွန်သင်​ပေးခြင်း​က ယေဟောဝါ​နှင့် နီးကပ်​သော​ဆက်ဆံ​ရေး​ရှိ​ရန် သူတို့ကို ကူညီပေး​ပါ​လိမ့်​မည်။ (၁ ဓမ္မ​ရာဇဝင် ၂:၂၁ခ) အခြား​အိမ်သူအိမ်သား​များနှင့်​အတူ သူတို့၏​ကျမ်းစာ​ရှာဖွေ​တွေ့ရှိချက်​များ​ကို ဝေမျှ​ပြောဆို​သောအခါ မိသားစု​၏​ဝိညာဉ်​ရေး​သည် ထပ်ဆင့်၍​တိုးပွား​လာ​ပေ​သည်။

ယေဟောဝါ​အား လုံးလုံးလျားလျား အားထားခြင်း

၁၇။ ကြင်ဖော်​မဲ့​မိဘများသည် ခရစ်ယာန်​များ​အဖြစ် မိမိတို့​သားသမီး​များ​ကို ပြုစု​မွေးမြူ​သည့်​အခါ အဘယ်ကြောင့် စိတ်ဓာတ်​မကျ​သင့်​သနည်း။

၁၇ မိဘ​တစ်ဦးတည်း​ရှိသော မိသားစု​များနှင့်​ပတ်သက်​၍​ကော မည်သို့​နည်း။ ဤ​သူတို့သည် သားသမီး​မွေးမြူ​ရာ​တွင် ထပ်ဆင့်​စိန်ခေါ်ချက်​များ​ရင်ဆိုင်​ကြ​ရသည်။ သို့သော် ကြင်ဖော်​မဲ့​မိဘများ စိတ်ဓာတ်​မကျ​ပါ​နှင့်! သင်တို့​အောင်မြင်​နိုင်​ကြောင်း ကိုယ်တော့်​သွန်သင်ချက်​များ​ကို နာခံမှု​ရှိ​ရှိ​လိုက်နာ​ကာ ဝိညာဉ်​ရေး​ကောင်းသော သားသမီး​များ​ကို ပြုစု​ပျိုးထောင်​ခဲ့​ကြ​သည့် ဘုရားသခင်​ကိုကိုး​စား​သော ကြင်ဖော်​မဲ့​မိဘ​များစွာ​တို့​က တင်ပြ​ကြသည်။ (သု. ၂၂:၆) အမှန်​မှာ ကြင်ဖော်​မဲ့​မိဘများ​ဖြစ်​ကြသော ခရစ်ယာန်​များသည် ယေဟောဝါ​အား လုံးလုံးလျားလျား အားထား​မှီခိုရန်​လို​၏။ ကိုယ်တော်​အမှန်​ကူညီ​မည်​ဟု ယုံကြည်​စိတ်ချ​ရမည်။—ဆာလံ ၁၂၁:၁-၃

၁၈။ သားသမီး​များ​၏ အဘယ်​စိတ်ဓာတ်​နှင့် ခန္ဓာပိုင်း​လိုအပ်ရာ​များ​ကို မိဘများ​အာရုံစိုက်​သင့်​သနည်း၊ သို့သော် အဘယ်အရာကို ဦးစားပေး​သင့်​သနည်း။

၁၈ ပညာရှိ​မိဘများသည် ‘ရ​ယ်​ရသော​အချိန်​နှင့် ကခုန်​ရသော​အချိန်​လည်း​ရှိ’ ကြောင်း အသိအမှတ်ပြု​ကြသည်။ (ဒေ. ၃:၁၊ ၄) ကလေးငယ်​တစ်ဦး၏​စိတ်​နှင့် ခန္ဓာကိုယ်​ကို​တည်ဆောက်​ပေး​ရာ​တွင် နား​နား​နေ​နေ နေသည့်​အချိန်​နှင့် မျှတ​ပြီး အကျိုးပြုသော​အပန်းဖြေမှု​ရှိဖို့လို​သည်။ တည်ဆောက်မှု​ပေး​သော တေးဂီတ​နှင့် အထူးသဖြင့် ဘုရားသခင်​အား ချီးမွမ်း​သည့်​သီချင်းများ​ကို သီဆိုခြင်း​သည် ယေဟောဝါ​နှင့် ကလေးငယ်​၏​ဆက်ဆံ​ရေး​ကို ခိုင်ခံ့​စေ​ရာ​၌ အရေးပါသော​ကဏ္ဍ​မှ​ပါဝင်​နိုင်​သည့် ကျန်း​ခံ့​သော​သဘောထားကို​မွေးမြူရန် ကူညီပေး​ပါ​လိမ့်​မည်။ (ကောလောသဲ ၃:၁၆) ငယ်ရွယ်ချိန်​သည် ဘုရားသခင်​ကို​ကြောက်ရွံ့​သည့် လူကြီး​တစ်ဦး​ဖြစ်လာ​ဖို့ ပြင်ဆင်​ပေး​သည့်​အချိန်​လည်း​ဖြစ်သည်၊ သို့ဖြင့် ပရဒိသု​မြေကြီးပေါ်​တွင် အသက်တာကို ထာဝစဉ်​ပျော်မွေ့​သွား​နိုင်​မည်​ဖြစ်သည်။—ဂလာတိ ၆:၈

၁၉။ သားသမီး​မွေးမြူရေး​ဆိုင်ရာ မိမိတို့၏​ကြိုးပမ်းမှု​များ​ကို ယေဟောဝါ​ကောင်းချီး​ပေး​မည်​ဟု မိဘများ အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၉ ယေဟောဝါ​သည် ခရစ်ယာန်​မိသားစု​အားလုံး​ကို ဝိညာဉ်​ရေး​ခိုင်ခံ့​ပြီး စည်းလုံးစေ​လို​တော်​မူ​၏။ ဘုရားသခင်​ကို ကျွန်ုပ်​တို့​အမှန်တကယ်​ချစ်​ပြီး ကိုယ်တော့်​စကားတော်​ကို အတတ်နိုင်ဆုံး လိုက်နာ​ကြ​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ကြိုးပမ်းမှု​များ​ကို ကောင်းချီး​ပေး​မည်​ဖြစ်​ပြီး ကိုယ်တော်​၏​မှုတ်သွင်းခံ​လမ်းညွှန်မှုကို လိုက်လျှောက်ရန် လိုအပ်​သည့်​ခွန်အား​ကိုလည်း ပေး​ပါ​လိမ့်​မည်။ (ဟေရှာယ ၄၈:၁၇; ဖိလိပ္ပိ ၄:၁၃) ယခု သင့်​သားသမီး​များ​အား လေ့ကျင့်​သွန်သင်ပေး​ရသည့်​အခွင့်အရေး​သည် အကန့်အသတ်​သာ​ရှိပြီး ထပ်ကျော့​ရ​လိမ့်​မည်​မဟုတ်​ကြောင်းကို သတိရပါ။ ဘုရားသခင့်​စကားတော်​သွန်သင်ချက်​ကို အတတ်နိုင်ဆုံး​လိုက်နာ​ကျင့်သုံး​ပါ၊ သို့ပြုလျှင် ဝိညာဉ်​ရေး​ခိုင်ခံ့​သော မိသားစုကို​တည်ဆောက်​ဖို့ သင့်​ကြိုးပမ်းမှု​များ​ကို ယေဟောဝါ​ကောင်းချီး​ပေး​ပါ​လိမ့်​မည်။

ကျွန်ုပ်​တို့​အဘယ်​ရာ​သင်ယူ​ခဲ့​ကြ​သနည်း

• သားသမီး​များ​ကို လေ့ကျင့်ပေး​ရာ​တွင် အချိန်ကို​ဝယ်ယူ​ရန် အဘယ်ကြောင့် အလွန်​အရေးကြီး​သနည်း။

• မိဘ​၏​ပုံသက်သေ​ကောင်း အဘယ်ကြောင့် လိုအပ်​သနည်း။

• သားသမီး​များ ဝိညာဉ်ရေးတွင်​ကြီးထွား​လာရန် ကူညီ​ပေးဖို့ အရေးပါသော​နည်းလမ်း​အချို့​ကား အဘယ်နည်း။

• မိသားစု​၏​ဝိညာဉ်​ရေး​ကို မည်သို့​ထိန်းသိမ်း​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၄, ၂၅ ပါ ရုပ်ပုံ]

ဝိညာဉ်​ရေး​ခိုင်ခံ့​သော မိသားစု​များသည် ဘုရားသခင့်​စကားတော်​ကို မှန်မှန်​လေ့လာ​ကြ​ကာ ခရစ်ယာန်​အစည်းအဝေး​များ​ကို တက်ရောက်​ကြ​ပြီး ခရစ်ယာန်​ဓမ္မ​အမှု​တွင် အတူတကွ​ပါဝင်​ကြသည်