မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက် မြင့်မြတ်သောလမ်းညွှန်ချက်

အိမ်ထောင်ဖက်ရွေးချယ်ခြင်းအတွက် မြင့်မြတ်သောလမ်းညွှန်ချက်

အိမ်ထောင်ဖက်​ရွေးချယ်ခြင်း​အတွက် မြင့်မြတ်​သော​လမ်းညွှန်ချက်

“သင့်ကို​ငါ​သွန်သင်​မည်၊ သင်​သွား​ရမည့်​လမ်းကို​ပြညွှန်​မည်၊ သင့်ကို​ငါ​ကြည့်ရှု​၍​အကြံပေး​မည်။”—ဆာလံ ၃၂:၈၊ သမ္မာ။

၁။ သာယာ​ချမ်းမြေ့​သည့်​အိမ်ထောင်​တစ်ခု​အတွက် အဘယ်အရာ​များ​လို​သနည်း။

လွှဲ​နေသည့် ကောင်းကင်​ဘားတန်း​မှ လွင့်​ထွက်​လာ​သည့် ကောင်းကင်​ကျွမ်းဘား​သ​မား​တစ်ဦး​သည် ကိုယ်ကို​ကွေး​ညွတ်​လျက် လေ​ထဲ​တွင် ကျင်လည်​ပိုင်နိုင်​စွာ ကျွမ်းထိုး​ချ​လိုက်​သည်။ လျင်မြန်​စွာ​ပင် ခန္ဓာကိုယ်​ကို ကွေး​ညွတ်​ရာ​မှ​ဆန့်​လိုက်ပြီး လက်နှစ်ဖက်​ကို​ကမ်း​ထား​ရာ တစ်ဖက်​မှ ဇောက်ထိုး​ကျွမ်း​ပြန်လာ​သည့် ကျွမ်းဘား​သ​မား​တစ်ဦး​က သူ့ကို ဖမ်းကိုင်​လိုက်​သည်။ ရေခဲပြင် စ​ကိတ်​စီး စုံတွဲ​တစ်တွဲ​သည် စ​ကိတ်​စီး​သည့်​ရုံ​တွင် ည​က်ညော​ပြေပြစ်​စွာ က​ပြ​နေကြ​သည်။ ရုတ်တရက် အမျိုးသား​ဖြစ်သူက သူ၏​အဖော်​အမျိုးသမီးကို ချီမ​ကာ လေ​ထဲ​သို့ မြှောက်​တင်​လိုက်​သည်။ အမျိုးသမီး​သည် ပတ်​ချာ​လည်​လျက် စ​ကိတ်​ဖိနပ်​တစ်ဖက်​ဖြင့် ယ​ဉ်​ယ​ဉ်​ကြော့​ကြော့​လေး ပြန်​ကျ​လာ​ကာ အမျိုးသား​နှင့်အတူ ရေခဲပြင်​ပေါ် ဆက်၍​လှည့်ပတ်​က​ပြ​သွား​သည်။ ထို​ပြကွက်​နှစ်ခုစလုံး​၏​လုပ်ဆောင်ချက်​တို့သည် အားစိုက်မှု လုံးဝ​မပါ​ပုံ​ပေါက်​သည်။ သို့​တိုင် လေ့ကျင့်မှု၊ တတ်စွမ်း​နိုင်သော အဖော်​တစ်ဦး​နှင့် အထူးသဖြင့် လမ်းညွှန်မှု သို့​မဟုတ် ညွှန်ကြားချက်​ကောင်း​မရှိဘဲ မည်သူသည် စမ်း​၍​ပင်​လုပ်​ကြည့်​ပါ​မည်​နည်း။ အလားတူ​စွာ သာယာ​ချမ်းမြေ့​သည့်​အိမ်ထောင်​တစ်ခု​သည် အမှတ်မထင် ဖြစ်ပျက်​လာပုံ​ရှိ​ပေမည်။ သို့ရာတွင် ၎င်း​သည်လည်း အဖော်အဖက်​ကောင်း၊ ညှိနှိုင်း​အားထုတ်မှု​နှင့် အထူးသဖြင့် ပညာရှိ​သွန်သင်ချက်​တို့​အပေါ် များစွာ​မူတည်​၏။ အမှန်ပင် တော်မှန်​သော​လမ်းညွှန်မှု မရှိမဖြစ်​လိုအပ်​သည်။

၂။ (က) အိမ်ထောင်ရေး​အစီအစဉ်ကို မည်သူ​စတင်​ခဲ့​သနည်း၊ မည်သည့်​ရည်ရွယ်ချက်​အတွက်​နည်း။ (ခ) အိမ်ထောင်ပြုခြင်း​အစီအစဉ်​အချို့​ကို မည်သို့​ပြုလုပ်​ကြ​သနည်း။

ငယ်ရွယ်​သော အိမ်ထောင်​မပြုရ​သေး​သူ အမျိုးသား သို့​မဟုတ် အမျိုးသမီး​တစ်ဦး​က အိမ်ထောင်ဖက်—ဘဝအဖော်​မွန်—အကြောင်း စဉ်းစားခြင်း​သည် သဘာဝ​ကျ​ပါ​သည်။ အိမ်ထောင်ပြုခြင်း​ကို ယေဟောဝါ​ဘုရားသခင် စတင်ချိန်​ကတည်းက အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး အိမ်ထောင်ပြုခြင်း​သည် သာမန်​ဘဝ​လမ်းစဉ်​တစ်ခု​ဖြစ်လာ​ပေ​ပြီ။ သို့သော် ပထမ​လူသား အာဒံ​မူ​ကား မိမိ၏​ဇနီးသည်​ကို မရွေးချယ်​ခဲ့​ချေ။ ယေဟောဝါ​သည် သူ့​အတွက် မေတ္တာပါပါ​ပြုလုပ်​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၈-၂၄) ပထမ​လူသား​မောင်နှံ​အနေ​ဖြင့် များပြား​စွာ​မွေးဖွား​ကာ နောက်ဆုံး​တွင် မြေကြီး​သည် လူသားများ​နှင့်​ပြည့်နေ​ပေ​လိမ့်​မည်။ ထို​ပထမ​အကြိမ်ပေါင်း​စည်း​မှု​ပြီး​နောက် အိမ်ထောင်ပြုခြင်း​အစီအစဉ်များ​ကို များသောအားဖြင့် သတို့သမီး​နှင့် သတို့သား​တို့၏​မိဘများ​က စီစဉ်​ပေး​လေ့​ရှိ​ကာ တစ်ခါတစ်ရံ​တွင် နှစ်ဦး​နှစ်ဖက်​သဘော​တူညီချက်​ရပြီး​မှ ထိုသို့​ပြုလုပ်​ကြသည်။ (ကမ္ဘာဦး ၂၁:၂၁; ၂၄:၂-၄၊ ၅၈; ၃၈:၆; ယောရှု ၁၅:၁၆၊ ၁၇) စေ့စပ်​ပေး​ရသည့် အိမ်ထောင်​အစီအစဉ်ကို အချို့​နိုင်ငံ​များ​တွင် ပြုလုပ်​နေကြ​ဆဲ​ဖြစ်သော်လည်း ယနေ့ လူများစွာ​တို့သည် အိမ်ထောင်ဖက်​ကို မိမိတို့​ဘာသာ​ရွေးချယ်​ကြသည်။

၃။ အိမ်ထောင်ဖက်​ကို မည်သို့​ရွေးချယ်​သင့်​သနည်း။

အိမ်ထောင်ဖက်​ကို မည်သို့​ရွေးချယ်​သင့်​သနည်း။ အချို့​သည် အပေါ်ယံ​အသွင်အပြင်—သူတို့​အမြင်​တွင် နှစ်ခြိုက်​သဘောကျ​ရာ—၏ ဩဇာ​ညောင်း​ခြင်း​ခံရ​ကြသည်။ အခြားသူများ​မူ ရုပ်ပစ္စည်း​အကျိုးကျေးဇူးများ​ကိုလည်း​ကောင်း၊ သူတို့ကို ကောင်းစွာ​ပြုစုပေး​မည့်​သူနှင့် သူတို့​လိုအပ်ရာ​များနှင့် ဆန္ဒ​များ​ကို ဖြည့်စွက်​ပေး​မည့်​သူ​တစ်ဦးဦး​ကိုလည်း​ကောင်း ရှာဖွေ​ကြသည်။ သို့သော် ဤသို့​သော​နည်းလမ်း​တစ်ခု​တည်း​က​သာ ပျော်ရွှင်​၍ ကျေနပ်​ရောင့်ရဲမှု​ပေး​သည့် ပေါင်းသင်း​ဆက်ဆံမှု​ကို ရရှိ​စေနိုင်​မည်​လော။ “ယဉ်ကျေး​သော​အရာ​သည် လှည့်စားခြင်း​နှင့်​ယှဉ်​တတ်၏။ လှ​သော​အဆင်း​သည်လည်း အချည်းနှီး​ဖြစ်၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​မိန်းမ​မူ​ကား ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်​မည်” ဟူ၍ နယပုံပြင် ၃၁:၃၀ က​ဆို​ထား​သည်။ ဤ​တွင် အဓိက​အချက်​တစ်ချက်​ပါရှိ​သည်– အဖော်အဖက်​ရွေးချယ်​သည့်​အခါ ယေဟောဝါ​ကို ထည့်သွင်း​စဉ်းစားခြင်း​ဖြစ်သည်။

ဘုရားသခင်​ထံ​မှ မေတ္တာပါ​သော​လမ်းညွှန်ချက်

၄။ အိမ်ထောင်ဖက်​ရွေးချယ်ခြင်း​နှင့်​စပ်လျဉ်း၍ အဘယ်​အကူအညီကို ဘုရားသခင်​ပေး​ထား​သနည်း။

ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော် ယေဟောဝါ​သည် ကိစ္စရပ်​အားလုံး​အတွက် လမ်းညွှန်ချက်ကို ကိုယ်တော်​၏​သမ္မာကျမ်းစာ​တွင် ရေးသား​ဖော်ပြ​ထား​သည်။ ကိုယ်တော်​က ဤသို့​ဆို​၏– “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို​သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့်​ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏။” (ဟေရှာယ ၄၈:၁၇) ထို့​ကြောင့် အိမ်ထောင်ဖက်​ရွေးချယ်​ရန်​အတွက် ရေရှည်​အကျိုးရှိ​သော လမ်းညွှန်ချက်များ​ကို သမ္မာကျမ်းစာ​တွင် တွေ့ရှိ​ရခြင်း​သည် အံ့ဩစရာ​မဟုတ်ပါ​လေ။ ကျွန်ုပ်​တို့၏​အိမ်ထောင်မင်္ဂလာ တည်မြဲ​ပြီး ပျော်ရွှင်​စေရန် ယေဟောဝါ​အလိုရှိ​တော်​မူ​၏။ ထို့​ကြောင့် အဆိုပါ​လမ်းညွှန်ချက်များ​ကို သဘောပေါက်​ကာ လက်တွေ့​ကျင့်သုံး​နိုင်​ရန် အကူအညီကို စီမံ​ပေး​ထား​တော်​မူ​၏။ ကျွန်ုပ်​တို့၏​မေတ္တာပါ​သော ဖန်ဆင်း​ရှင်​ကို ထို​အတိုင်း​ပင် မျှော်လင့်​ကြ​မည်​မဟုတ်ပေ​လော။—ဆာလံ ၁၉:၈

၅။ အိမ်ထောင်တွင် ပျော်ရွှင်မှု​တည်မြဲ​ရန် အဘယ်အရာ​သည် အရေးပါ​သနည်း။

အိမ်ထောင်ရေး​အစီအစဉ်ကို ယေဟောဝါ​စတင်​ခဲ့​စဉ်​က တည်မြဲ​သည့်​နှောင်ကြိုး​ဖြစ်စေ​ရန် ရည်ရွယ်​တော်​မူ​၏။ (မာကု ၁၀:၆-၁၂; ၁ ကောရိန္သု ၇:၁၀၊ ၁၁) ထို့​ကြောင့် “မယား​ကို​စွန့်​ခြင်း​အမှုကို . . . မုန်း” ကာ “မတရားသော​မေထုန်” ဖြစ်​မှ​သာ ၎င်းကို​ခွင့်ပြု​သည်။ (မာလခိ ၂:၁၃-၁၆; မဿဲ ၁၉:၉က​ဘ) ထို့​ကြောင့် အိမ်ထောင်ဖက်​ရွေးချယ်ခြင်း​သည် ကျွန်ုပ်​တို့​လှမ်း​နိုင်​သည့် အရေး​အကြီးဆုံး​ခြေလှမ်း​များ​အနက် တစ်ခု​ဖြစ်​ပြီး ယင်းကို ပေါ့ပေါ့တန်တန် သဘော​မထားသင့်​ချေ။ ဤမျှ​ပျော်ရွှင်မှု သို့​မဟုတ် ဝမ်းနည်းမှု​ပေး​နိုင်သော ဆုံးဖြတ်ချက်​များစွာ​မရှိပါ။ ကောင်းစွာ​ရွေးခြင်း​က လူတစ်ဦး​၏​ဘဝကို ပိုသာ​ယာ​စေ​၍ ကျေနပ်မှု​ပေး​၏၊ သို့သော် အ​ရွေး​မတော်​လျှင် ဝမ်းနည်းခြင်း​သည် အတော​မ​သတ်​နိုင်​ပေ။ (သု. ၂၁:၁၉; ၂၆:၂၁) ဆက်လက်​ပျော်ရွှင်​နိုင်​ရန် ပညာရှိရှိ​ရွေးချယ်​ပြီး ရာသက်ပန်​ကတိကဝတ်​ပြု​ရန် လိုလိုလားလား​ရှိဖို့ အရေးကြီး​၏၊ အကြောင်း​မှာ တညီတညွတ်​တည်း ပူးပေါင်း​လုပ်ဆောင်ခြင်းဖြင့် ထမြောက်​အောင်မြင်​မည့် တွဲဖက်​တစ်ခု​အဖြစ် အိမ်ထောင်ရေး​ကို ဘုရားသခင်​စတင်​ခဲ့​သောကြောင့်​ဖြစ်သည်။—မဿဲ ၁၉:၆

၆။ အဖော်အဖက်​ရွေးချယ်သော​အခါ လူငယ်​မောင်​မယ်​များသည် အဘယ်ကြောင့် အထူးသဖြင့် ဂရုစိုက်​ဖို့​လို​သနည်း၊ ပညာ​အရှိဆုံး ဆုံးဖြတ်ချက်​ကို မည်သို့​ချ​နိုင်​သနည်း။

အထူးသဖြင့် လူငယ်​မောင်​မယ်​များသည် အိမ်ထောင်ဖက်​ရွေးချယ်သော​အခါ ရုပ်ရည်​၏​ဆွဲဆောင်မှု​နှင့် ဆန္ဒ​ပြင်းပြ​မှု​တို့​ကြောင့် သူတို့၏​အကဲဖြတ်မှု​ကို လွဲချော်​မသွား​စေရန် ဂရုစိုက်​ဖို့​လို​သည်။ အမှန်​ဆို​ရ​လျှင် ထိုသို့​သော​အချက်များ​အပေါ်​သာ လုံးလုံး​အခြေပြု​သော ဆက်ဆံ​ရေး​သည် အထင်အမြင်​သေး​ခြင်း သို့​မဟုတ် မုန်းတီးခြင်း​အထိ​ပင် လျင်မြန်​စွာ တိုက်စား​သွား​နိုင်​သည်။ (၂ ဓမ္မ​ရာဇဝင် ၁၃:၁၅) အခြား​တစ်ဖက်​တွင်​မူ ကျွန်ုပ်​တို့၏​အိမ်ထောင်ဖက်​အကြောင်းကို သိရှိ​လာ​ကာ မိမိကိုယ်ကို​လည်း တိုး၍​သိရှိနားလည်​လာ​ရာ နှစ်နှစ်ကာကာ​ချစ်သော​မေတ္တာ​မှာ ပျိုးထောင်​ခံရ​နိုင်​သည်။ အစအဦး​၌​ကျွန်ုပ်​တို့​စွဲမက်​ခဲ့​သူသည် ကျွန်ုပ်​တို့အတွက် အကောင်းဆုံး​ဖြစ်ချင်​မှ​ဖြစ်​မည်​ကိုလည်း ကျွန်ုပ်​တို့​အသိအမှတ်ပြု​ရန်လို​၏။ (ယေရမိ ၁၇:၉) ထို့​ကြောင့် သမ္မာ​ကျမ်းစာ​ပါ မြင့်မြတ်​သော​လမ်းညွှန်ချက်​သည် အလွန်​အရေးကြီး​လှ​ပေ​သည်။ ကျွန်ုပ်​တို့​ဘဝတွင် ပညာ​အရှိဆုံး ဆုံးဖြတ်ချက်​များ​ကို မည်သို့​ချမှတ်​နိုင်​ကြောင်း ပိုင်းခြား​သိရှိ​ရန် ၎င်း​က ကူညီပေး​သည်။ ယေဟောဝါ​သည် ဤသို့​မိန့်မြွက်​တော်​မူ​ကြောင်း ဆာလံဆရာ​ဖော်ပြ​ခဲ့​သည်– “သင့်ကို​ငါ​သွန်သင်​မည်၊ သင်​သွား​ရမည့်​လမ်းကို​ပြညွှန်​မည်၊ သင့်ကို​ငါ​ကြည့်ရှု​၍​အကြံပေး​မည်။” (ဆာလံ ၃၂:၈သမ္မာ; ဟေဗြဲ ၄:၁၂) အိမ်ထောင်မင်္ဂလာ​သည် ကျွန်ုပ်​တို့၏​မွေးရာပါ မေတ္တာ​နှင့် အပေါင်းအသင်း​လိုအပ်မှု​ကို ဖြည့်ဆည်း​ပေး​နိုင်​သော်လည်း ယင်းက ရ​င့်ကျက်​မှု​နှင့် ပိုင်းခြား​သိမြင်နိုင်စွမ်း​လိုအပ်​သည့် စိန်ခေါ်ချက်​များ​ကိုလည်း ပေါ်ပေါက်​စေ​သည်။

၇။ အဖော်အဖက်​ရွေးခြင်း​နှင့်​ပတ်သက်​သည့် ကျမ်းစာ​အခြေပြု​အကြံဉာဏ်​ကို အချို့​သူများ အဘယ်ကြောင့် လက်မခံကြ​သနည်း၊ သို့​တိုင် ယင်း​လမ်းစဉ်​က မည်သည့်​အဖြစ်သို့ ဦးတည်​ပေး​နိုင်​သနည်း။

အိမ်ထောင်ဖက်​ရွေးချယ်ခြင်း​နှင့်​ပတ်သက်​၍ အိမ်ထောင်မင်္ဂလာ​ကို​အစပြု​သူ​ပြောဆို​သည့်​စကား​ကို ဂရုပြု​လိုက်နာခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်သည်။ သို့​တိုင် ကျမ်းစာ​အခြေပြု​အကြံဉာဏ်​ကို မိဘများ​ထံ​မှ သို့​မဟုတ် ခရစ်ယာန်​အကြီးအကဲ​များ​ထံ​မှ ရရှိသော​အခါ လက်မခံချင်​ဘဲ​နေကြ​ပေမည်။ သူတို့သည် ကျွန်ုပ်​တို့ကို အပြည့်အဝ​နားလည်​မပေး​ကြ​ဟူ၍ ယူမှတ်​ကြ​ပေမည်၊ ထို့​ပြင် မိမိ​နှလုံး​စွဲမက်​ရာ​နောက်လိုက်​ရန် ပြင်းပြ​သော​ဆန္ဒ​များ​က အနိုင်အထက်ပြု​ပေမည်။ သို့ရာတွင် အဖြစ်မှန်​ကို​သိရှိလာရာ ကျွန်ုပ်​တို့​အကျိုးအတွက်​ပေး​သော ပညာရှိ​အကြံဉာဏ်​ကို မလိုက်နာ​ခဲ့​မိ​သည့်​အတွက် ယူကျုံး​မရ​ဖြစ်​ကြ​ရ​ပေမည်။ (သု. ၂၃:၁၉; ၂၈:၂၆) ကျွန်ုပ်​တို့သည် မေတ္တာ​ခေါင်းပါး​သည့်​အိမ်ထောင်တွင် သားသမီး​များ​ကို​အုပ်ထိန်း​နိုင်​ရန် အခက်တွေ့​လျက် မယုံကြည်​သော​အိမ်ထောင်ဖက်​နှင့်​ပင် တွဲဖက်​နေရ​မိ​သား​ဖြစ်နေ​ပေမည်။ များစွာ​ပျော်ရွှင်မှု​ပေး​နိုင်​သည့် အစီအစဉ်​တစ်ခု​သည် စိတ်သောက​များစွာ​ကျရောက်​စေသည့်​အရာ ဖြစ်လာ​သည့်​အတွက် မည်မျှ​ဝမ်းနည်း​လိုက်​မည်​ဖြစ်​ခြင်း!

ဘုရားသခင်​ရေးရာ ဆည်းကပ်​ဝတ်ပြုမှု—အဓိက​သော့ချက်

၈။ အိမ်ထောင်​တည်မြဲ​ရန်​နှင့် ပျော်ရွှင်မှု​ရှိစေရန် ဘုရားသခင်​ရေးရာ ဆည်းကပ်​ဝတ်ပြုမှု​က မည်သို့​ကူညီပေး​နိုင်​သနည်း။

တစ်ဦး​ကိုတစ်​ဦး​မေတ္တာမျှ​စွဲလမ်းခြင်း​သည် အိမ်ထောင်မင်္ဂလာ​အား ခိုင်ခံ့​စေ​သည်​ဟု​ဆို​ခြင်း​ကို ဝန်ခံ​ရမည်။ သို့သော် အိမ်ထောင်ရေး​နှောင်ဖွဲ့​မှု​ကို တည်မြဲ​စေရန်​နှင့် ပျော်ရွှင်မှု​ရရှိနိုင်​ရန် တူညီသော​စံနှုန်း​များ​ရှိ​ခြင်း​ကား ပို​၍​ပင်​အရေးကြီး​သည်။ ယေဟောဝါ​ဘုရားသခင်​ကို နှစ်ဦးစလုံး​ဆည်းကပ်​ဝတ်ပြုခြင်း​သည် အိမ်ထောင်​နှောင်ကြိုး​ကို ခိုင်မြဲ​စေပြီး အခြား​မည်သည့်​နည်းဖြင့်​မျှ​မရနိုင်​သော စည်းလုံးမှု​ကို​တိုးပွား​စေ​သည်။ (ဒေ. ၄:၁၂) ခရစ်ယာန်​မောင်နှံ​တစ်စုံ​သည် သူတို့၏​အသက်တာကို ယေဟောဝါ​အား​ဝတ်ပြုခြင်း​အပေါ် ဗဟို​ပြုသော​အခါ သူတို့သည် ဝိညာဉ်​ရေး၊ စိတ်ဓာတ်​ရေး​နှင့် အကျင့်​တို့​တွင် စည်းလုံး​ကြသည်။ သမ္မာကျမ်းစာ​ကို သူတို့​အတူတကွ​လေ့လာ​ကြသည်။ အတူတကွ​ဆုတောင်း​ကြသည်၊ ယင်းက သူတို့ကို​စိတ်​တူ​ကိုယ်​တူ​ဖြစ်စေ​သည်။ ခရစ်ယာန်​အစည်းအဝေး​များ​သို့ အတူတူ​တက်​ကြ​ကာ လယ်ကွင်း​ဓမ္မ​အမှု​တွင် အတူတကွ​လုပ်ဆောင်ကြ​သည်။ ယင်း​တို့အားလုံး​က ဝိညာဉ်​ရေး​နှောင်ကြိုး​ကို​ခိုင်မြဲ​စေ​ရာ သူတို့သည် တစ်ဦး​နှင့်​တစ်ဦး ပိုမို​ရင်းနှီး​ချစ်ခင်​လာ​ကြသည်။ ထို​ထက်​အရေးကြီး​သည်​ကား ယေဟောဝါ​၏​ကောင်းချီး​ကို ခံစားရ​စေ​သည်။

၉။ ဣဇာက်​အတွက် မိန်းမ​ရှာဖွေ​ပေး​ရာ​တွင် အာဗြဟံ​သည် အဘယ်အရာ​လုပ်ဆောင်ခဲ့​သနည်း၊ ရလဒ်​ကား အဘယ်နည်း။

တည်ကြည်သူ​ဘိုးဘေး​အာဗြဟံ​သည် မိမိ၏​ဘုရားသခင်​ရေးရာ​ဆည်းကပ်​ဝတ်ပြုမှု​ကြောင့် သား​ဖြစ်သူ​ဣဇာက်​အတွက် ဇနီး​ကို​ရွေးချယ်​ပေး​ရန် အချိန်တန်​သောအခါ ဘုရားသခင့်​နှစ်ခြိုက်မှု​ကို​ရ​လို​ခဲ့​သည်။ သူ၏​အိမ်မှုပြု​သည့်​ကျွန်​အား အာဗြဟံ​က ဤသို့​ပြောဆို​ခဲ့​သည်– “သင်သည် ငါ​နေသော​ခါ​နာ​န်​အမျိုးသမီး​တို့​တွင် ငါ့​သား​ဖို့​မယား​ကို​မရွေး​မယူ​ဘဲ၊ ငါ့​ပြည်၊ ငါ့​အမျိုးသားချင်း​တို့​ထံ​သို့​သွား​၍ ငါ့​သား​ဣဇာက်​အဖို့ မယား​ကို​ယူရ​မည်​ဟု သင်၏​လက်ကို ငါ့​ပေါင်​အောက်​၌​ထားပြီး​မှ ကောင်းကင်​မြေကြီး​အရှင်​ဘုရားသခင် ထာဝရ​ဘုရား​ကို​တိုင်တည်​၍ ငါ​ကျိန်ဆို​စေပါ​မည်​ဟု​ဆို​၏။ . . . [“ယေဟောဝါ၊” က​ဘ] သည် မိမိ​ကောင်းကင်တမန်​ကို သင့်​ရှေ့၌​စေလွှတ်​တော်​မူ​သဖြင့် သင်သည် ထို​ပြည်​မှ ငါ့​သား​ဖို့ မယား​ကို​ယူရ​လိမ့်​မည်။” ရေဗက္က​သည် ဣဇာက်​၏​အလွန်​ပင်​ချစ်​မြတ်နိုးမှု​ကို​ခံ​ခဲ့​ရသော ထူးခြားသည့်​ဇနီးသည်​တစ်ဦး​ဖြစ်​ကြောင်း ထင်ရှား​သည်။—ကမ္ဘာဦး ၂၄:၃၊ ၄၊ ၇၊ ၁၄-၂၁၊ ၆၇

၁၀။ လင်မယား​အပေါ် မည်သည့် ကျမ်း​ပေး​တာဝန်​များ ကျရောက်​သနည်း။

၁၀ ကျွန်ုပ်​တို့သည် အိမ်ထောင်​မပြုရ​သေး​သော ခရစ်ယာန်​များ​ဖြစ်​ကြ​ပါ​က ဘုရားသခင်​ရေးရာ​ဆည်းကပ်​ဝတ်ပြုမှု​သည် အိမ်ထောင်ရေး​နှင့်​ဆိုင်သော ကျမ်းစာ​တောင်းဆိုချက်​များ​ကို ပြည့်မီ​စေသည့် အရည်အသွေးများ​တိုးပွား​လာ​စေပါ​လိမ့်​မည်။ ခင်ပွန်း​နှင့် ဇနီးသည်​များ​၏​တာဝန်​များ​တွင် ဤ​အချက်များ​ကိုလည်း တမန်​တော်​ပေါလု​က ဖော်ပြ​ခဲ့​သည်– “အချင်း​မိန်းမ​တို့ သခင်​ဘုရား​၏​အုပ်စိုးတော်မူခြင်း​ကို​ဝန်ခံ​သကဲ့သို့ ကိုယ်​ခင်ပွန်း​၏​အုပ်စိုးခြင်း​ကို ဝန်ခံ​ကြလော့။ . . . အချင်း​ယောက်ျား​တို့၊ ခရစ်တော်​သည် အသင်းတော်ကို​ချစ်တော်မူ​သကဲ့သို့ သင်တို့လည်း ကိုယ်​ခင်ပွန်း​ကို​ချစ်​ကြလော့။ . . . ယောက်ျား​တို့သည် မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ခင်ပွန်း​တို့ကို​ချစ်​ရ​ကြ​မည်။ . . . သင်တို့သည် အသီးအသီး​ကိုယ်ကို​ကိုယ်​ချစ်​သကဲ့သို့ ကိုယ်​ခင်ပွန်း​ကို​ချစ်​ကြလော့။ မိန်းမသည်​လည်း ကိုယ်​ခင်ပွန်း​ကို ရိုသေခြင်း​ရှိစေ​လော့။” (ဧဖက် ၅:၂၂-၃၃) ကျွန်ုပ်​တို့​တွေ့ရ​သည့်​အတိုင်း ပေါလု​၏​မှုတ်သွင်းခံ​စကား​များ​က မေတ္တာ​နှင့် လေးစားမှု​လိုအပ်​သည်ကို အလေးပေး​ဖော်ပြ​သည်။ ယင်း​သွန်သင်ချက်​ကို​လိုက်နာ​ကျင့်သုံး​ခြင်း​တွင် ယေဟောဝါ​အား ခန့်ညား​ကြောက်ရွံ့​ခြင်း​ပါဝင်​၏။ အချိန်​အခါ​ကောင်း​သည်​ဖြစ်စေ၊ ဆိုး​သည်​ဖြစ်စေ အကြွင်းမဲ့​ကတိကဝတ်​လိုအပ်​သည်။ အိမ်ထောင်ပြု​ရန်​ရည်ရွယ်​သော ခရစ်ယာန်​များသည် ဤ​တာဝန်​ကို ယူ​နိုင်​သင့်​သည်။

အဘယ်​အချိန်တွင် အိမ်ထောင်ပြု​မည်​ကို ဆုံးဖြတ်ခြင်း

၁၁။ (က) အဘယ်​အချိန်တွင် အိမ်ထောင်ပြု​ရန်​နှင့်​ပတ်သက်​၍ ကျမ်းစာ​တွင် အဘယ်​သွန်သင်ချက်​ပါ​သနည်း။ (ခ) ၁ ကောရိန္သု ၇:၃၆ တွင်​မှတ်တမ်း​တင်ထားသော ကျမ်းစာ​သွန်သင်ချက်​ကို​လိုက်လျှောက်ခြင်း​သည် ဉာဏ်ပညာ​ရှိကြောင်း မည်သည့်​ပုံ​နမူနာ​က ဖော်ပြ​သနည်း။

၁၁ အိမ်ထောင်ပြု​ရန် အသင့်ရှိ​ချိန်​ကို​သိခြင်း​သည် အရေးကြီး​၏။ ယင်းသည် တစ်ဦး​နှင့်​တစ်ဦး​တွင် ကွဲပြား​ခြားနား​သောကြောင့် ကျမ်းစာ​က အသက်ကို​မသတ်မှတ်​ထား​ပါ။ သို့ရာတွင် ကောင်းစွာ​အကဲဖြတ်ခြင်း​ကို လွဲချော်​စေနိုင်​သော လိင်ဆန္ဒ​ပြင်းပြ​ချိန်​ဖြစ်သည့် “လူငယ့်​အပွင့်​လန်း​ဆုံး​အချိန်​ကျော်လွန်” သည်​အထိ​စောင့်ဆိုင်းခြင်း​သည် သာ၍​ကောင်း​၏​ဟု​ဖော်ပြ​သည်။ (၁ ကောရိန္သု ၇:၃၆က​ဘ) “ကျွန်မ​ရဲ့​သူငယ်ချင်းတွေက ဆယ်ကျော်သက်​အရွယ်မှာ ချိန်းတွေ့​ကြ၊ အိမ်ထောင်ပြု​ကြ​တာ​ကို တွေ့​တဲ့​အခါ အဲဒီ​သွန်သင်ချက်​ကို​လိုက်နာ​ဖို့ အတော်​ခက်တယ်” ဟု​မစ်ရှယ်လ်​က​ဆို​၏။ “ဒါပေမဲ့ အဲ့ဒီ​သွန်သင်ချက်​ဟာ ယေဟောဝါ​ဆီကလာ​တယ်၊ ကျွန်မ​တို့​အကျိုးအတွက်ပဲ​ဖြစ်​မယ်​ဆိုတာ​ကို ကျွန်မ​အသိအမှတ်ပြု​လိုက်တယ်။ အိမ်ထောင်ပြု​ဖို့ စောင့်နေ​ခဲ့လို့ ယေဟောဝါ​နဲ့​ကျွန်မ​ရဲ့​ဆက်ဆံ​ရေး​ကို အာရုံစိုက်​နိုင်​ပြီး ဆယ်ကျော်သက်​အရွယ်မှာ ရနိုင်​ဖွယ်​အကြောင်း​မရှိတဲ့ ဘဝ​အတွေ့အကြုံ​တချို့ ရရှိ​လာ​ပါ​တယ်။ နောက်​နှစ်​အနည်းငယ်​ကြာ​လာတော့ အိမ်ထောင်​အတွင်းမှာ​ပေါ်လာ​တတ်​တဲ့ ပြဿနာ​တွေ​အပြင် တာဝန်​တွေ​ကိုလည်း ကျွန်မ​ကိုင်တွယ်​ဖို့ အသင့်ရှိ​လာ​ပါ​တယ်။”

၁၂။ ငယ်ရွယ်​သေး​စဉ် အဆောတလျင် အိမ်ထောင်​မပြုခြင်း​သည် အဘယ်ကြောင့် ပညာရှိရာ​ကျ​သနည်း။

၁၂ အတော်အတန်​ငယ်ရွယ်​သေး​စဉ် အဆောတလျင် အိမ်ထောင်ပြု​သူများ​သည် ရင့်ကျက်​လာ​သည့်​အခါ သူတို့၏​လိုအင်ဆန္ဒ​များ​ပြောင်းလဲ​သွား​ကြောင်း တွေ့ရှိ​လာ​တတ်​သည်။ အစပိုင်း​တွင် သူတို့​အလွန်​နှစ်သက်ခဲ့​သော​အရာများ​သည် ယခု​အရေး​မကြီး​တော့​ကြောင်း သိမြင်​လာ​ကြ​၏။ ခရစ်ယာန်​မိန်းမငယ်​တစ်ဦး​သည် အသက် ၁၆ နှစ်အရွယ်​တွင် အိမ်ထောင်ပြု​ရန် စိတ်​ဆုံးဖြတ်ထား​သည်။ သူ၏​အဖွား​ကော၊ အမေ​ပါ ထို​အသက်အရွယ်​တွင် အိမ်ထောင်ပြု​ခဲ့​ကြသည်။ သူ​စိတ်ဝင်စား​ခဲ့​သူ​လူငယ်​တစ်ဦး​က ထို​အချိန်တွင် အိမ်ထောင်​မပြု​လို​သောအခါ ပြု​လို​သူ အခြား​တစ်ဦး​ကို​ရွေးချယ်​ခဲ့​သည်။ သို့သော် နောက်ပိုင်း​တွင် ထိုသို့​အလောတကြီး ဆုံးဖြတ်​ပြုလုပ်​ခဲ့​သည့်​အတွက် ကြီးစွာ​ယူကျုံး​မရ​ဖြစ်​ခဲ့​ရသည်။

၁၃။ အချိန်မတန်​မီ အိမ်ထောင်ပြု​သူများ​သည် အဘယ်​ကိစ္စ​တွင် လို​နေတတ်​သနည်း။

၁၃ အိမ်ထောင်ပြု​ရန် စဉ်းစား​သောအခါ အိမ်ထောင်​နှင့်​ပတ်သက်​သမျှ​ကို စေ့စေ့​ငုငု​သဘောပေါက်​ဖို့ အရေးကြီး​သည်။ အချိန်မတန်​မီ​အိမ်ထောင်ပြု​လိုက်ခြင်း​ဖြင့် လူငယ်​မောင်နှံ မကိုင်တွယ်​တတ်​သည့် ပြဿနာ​များစွာ ပေါ်လာ​စေနိုင်​သည်။ အိမ်ထောင်ရေး​နှင့် သားသမီး​များ​မွေးမြူခြင်း​ဆိုင်ရာ​ဖိစီးမှုများ​ကို ကိုင်တွယ်​တတ်​ရန် လိုအပ်သော​အတွေ့အကြုံ​နှင့် ရင့်ကျက်မှု​မရှိဘဲ​နေ​ပေမည်။ ရာသက်ပန်​တွဲဖက်​ဖို့ ခန္ဓာရေး၊ စိတ်ဓာတ်​ရေး​နှင့် ဝိညာဉ်​ရေး​ဘက် အသင့်ရှိနေ​မှ​သာ အိမ်ထောင်ပြု​သင့်​သည်။

၁၄။ အိမ်ထောင်တွင် တင်းမာ​သည့်​အခြေအနေ​များ​ကို​ကိုင်တွယ်​ရန် အဘယ်အရာ​လို​သနည်း။

၁၄ အိမ်ထောင်ပြု​သူများ​သည် “လောက​ညှဉ်းဆဲခြင်း . . . ကို​ခံရ​ကြ​မည်” ဟု​ပေါလု​က ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၇:၂၈) ကွဲပြား​သော ဥပဓိရုပ်​နှစ်ခု​ပေါင်းစည်း​ထားသော​ကြောင့် ပြဿနာ​များ​ပေါ်လာ​မည်​ဖြစ်၍ ရှုမြင်ချက်များ ခြားနား​လိမ့်​မည်။ လူ့​မစုံလင်မှု​ကြောင့် အိမ်ထောင်ရေး​အစီအစဉ်​တွင် ကျွန်ုပ်​တို့၏​ကျမ်း​ပေး​တာဝန်​ကို ကျေပွန်​ရန် ခက်ခဲ​ပေမည်။ (၁ ကောရိန္သု ၁၁:၃; ကောလောသဲ ၃:၁၈၊ ၁၉; တိတု ၂:၄၊ ၅; ၁ ပေတရု ၃:၁၊ ၂၊ ၇) တင်းမာ​လာနိုင်​သည့်​အခြေအနေ​များ​ကို မေတ္တာပါ​စွာ ဖြေရှင်း​တတ်​ရန် မြင့်မြတ်​သော​လမ်းညွှန်မှုကို ရှာဖွေ​လိုက်လျှောက်ဖို့ ရင့်ကျက်မှု​နှင့် ဝိညာဉ်​ရေး​တည်ငြိမ်မှု​လိုအပ်​သည်။

၁၅။ မိဘများသည် အိမ်ထောင်ရေး​အတွက် သားသမီး​များ​ကို​ပြင်ဆင်​ပေး​ရာ​တွင် မည်သည့်​အခန်းကဏ္ဍ​မှ ပါဝင်​နိုင်​သနည်း။ ဥပမာ​ပေး​ပါ။

၁၅ မိဘများသည် မြင့်မြတ်​သော​လမ်းညွှန်ချက်ကို​လိုက်လျှောက်ခြင်း​၏ အရေးကြီးမှုကို သားသမီး​များ​အား သဘောပေါက်​စေခြင်း​ဖြင့် အိမ်ထောင်ပြုခြင်း​အတွက် သူတို့ကို ပြင်ဆင်​ပေး​နိုင်​သည်။ မိဘများသည် ကျမ်းစာ​နှင့် ခရစ်ယာန်​စာပေ​များ​ကို ကျွမ်းကျင်​လိမ္မာ​စွာ​အသုံးပြုခြင်း​အားဖြင့် မိမိတို့၏​သားသမီး​ကိုယ်တိုင်​နှင့် သူတို့၏​ကြင်ဖော်လောင်း​တို့သည် အိမ်ထောင်​ကတိကဝတ်​ကို​ပြု​ရန် အသင့်ရှိ​မရှိ အကဲဖြတ်​တတ်​ဖို့ ကူညီပေး​နိုင်​သည်။ * ဆယ့်ရှစ်​နှစ်အရွယ် ဘ​လော့​စ်​ဆ​မ်​သည် သူ့​အသင်းတော်​ရှိ လူငယ်​တစ်ဦး​နှင့် မေတ္တာမျှ​သည်​ဟု ထင်မှတ်​ခဲ့​သည်။ ထို​လူငယ်​သည် အချိန်ပြည့်​ရှေ့ဆောင်​တစ်ဦး​ဖြစ်​ကာ သူတို့​လက်ထပ်​လို​ကြသည်။ သို့သော် မိန်းကလေး​၏​မိဘများ​က သမီး​သည် အလွန်​ငယ်ရွယ်​သေး​သည့်​အတွက် တစ်နှစ်​စောင့်​ရန် တောင်းဆို​ခဲ့​သည်။ နောက်ပိုင်း​တွင် ဘ​လော့​စ်​ဆ​မ်​က ဤသို့​ရေးသားခဲ့​သည်– “အဲဒီ​ပညာရှိ​အကြံဉာဏ်​ကို ကျွန်မ​နားထောင်​ခဲ့​တဲ့​အတွက် တကယ်​ကျေးဇူး​တင်​မိတယ်။ အဲဒီ​နှစ်​အတွင်းမှာပဲ ကျွန်မ​ပို​ရင့်ကျက်​လာပြီး အဲ့ဒီ​လူငယ်​မှာ ကောင်း​တဲ့​အိမ်ထောင်ဖက်​ဖြစ်​နိုင်​မယ့် အရည်အချင်းတွေ​မရှိတာကို စ​တွေ့​လာတယ်။ နောက်ဆုံး​တော့ သူဟာ အဖွဲ့အစည်း​အပြင်​ရောက်သွား​တယ်၊ ကျွန်မ​ဘဝပျက်​နိုင်​တဲ့​အခြေအနေ​ကနေ ကျွန်မ​လွတ်မြောက်​ခဲ့​ပါ​တယ်။ စိတ်ချ​နိုင်​တဲ့ အဆုံးအဖြတ်​ပေး​တဲ့ ပညာရှိ​မိဘတွေ​ရှိ​ထား​တာ တကယ်​ဝမ်းသာစရာ​ပဲ!”

‘သခင်​ဘုရား​၌​သာ လက်ထပ်​ခြင်း’

၁၆။ (က) ခရစ်ယာန်​များသည် ‘သခင်​ဘုရား​၌ အိမ်ထောင်ပြုခြင်း’ နှင့်​စပ်လျဉ်း၍ မည်သို့​စမ်းသပ်​ခံရ​နိုင်​သနည်း။ (ခ) မယုံကြည်​သူကို​လက်ထပ်​ရန် သွေးဆောင်​ခံရ​သည့်​အခါ ခရစ်ယာန်​များသည် အဘယ်အရာကို ပြန်​သုံးသပ်​သင့်​သနည်း။

၁၆ ခရစ်ယာန်​များ​အတွက် ယေဟောဝါ​၏​ညွှန်ကြားချက်​ကား အလွန်​ရှင်း​ပါ​သည်– ‘သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု​လော့။’ (၁ ကောရိန္သု ၇:၃၉) ဤ​ကိစ္စ​တွင် ခရစ်ယာန်​မိဘများနှင့် သူတို့၏​သားသမီး​များသည် စမ်းသပ်ခံ​ရ​ပေမည်။ မည်သို့​အားဖြင့်​နည်း။ လူငယ်များသည် အိမ်ထောင်ပြု​လို​ကြ​ပေမည်၊ သို့သော် အသင်းတော်တွင် အဖော်အဖက်​ဖြစ်​နိုင်​မည့်​သူများ မရှိဘဲ​ဖြစ်​ပေမည်။ အနည်းဆုံး​တော့ ယင်း​သို့​ဖြစ်​ဟန်​ရှိသည်။ ဒေသ​တစ်ခု​တွင်​ရှိ အမျိုးသမီးများ​အတွက် အမျိုးသား​နည်း​နေ​ပေမည်၊ သို့​မဟုတ် ထို​နေရာတွင် သင့်တော်​ပုံ​ရှိသူ တစ်ယောက်မျှ​မရှိဘဲ​ဖြစ်​ပေမည်။ အသင်းတော်​သား​တစ်ဦး​အဖြစ် ဆက်ကပ်​အပ်နှံ​မထား​ရ​သေး​သော လူငယ်​အမျိုးသား​တစ်ဦး​သည် ခရစ်ယာန်​အမျိုးသမီးငယ်​တစ်ဦး​ကို (သို့​မဟုတ် အပြန်အလှန်) စိတ်ဝင်စား​ပေမည်၊ ယင်းက ယေဟောဝါ​ချမှတ်​ထား​သည့် စံနှုန်း​များ​အပေါ် အလျော့ပေးလိုက်လျော​ရန် ဖိအားပေး​နေ​မည်။ ဤ​အခြေအနေ​မျိုး​တွင် အာဗြဟံ​၏​ပုံသက်သေ​ကို ပြန်​သုံးသပ်ခြင်း​သည် ကောင်း​မည်။ ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ကို သူ​ဆက်​ထိန်းသိမ်း​ခဲ့​သည့် နည်း​တစ်နည်း​ကား သူ့​သား​ဣဇာက်​ကို ယေဟောဝါ​အား စစ်မှန်သော​ကိုးကွယ်​သူ​တစ်ဦး​နှင့် လက်ထပ်​စေခြင်း​အားဖြင့်​ဖြစ်သည်။ ဣဇာက်​သည်လည်း သူ့​သား ယာကုပ်​ကိစ္စ​တွင် ထပ်တူ​ပြုလုပ်​ခဲ့​သည်။ ဤသို့​ပြုလုပ်​ရန် ပတ်သက်​သူအား​လုံး​တို့​ဘက်​မှ ကြိုးစား​အားထုတ်မှု​လို​သော်လည်း ယင်းက ဘုရားသခင့်​သဘော​တော်​နှင့်​တွေ့​စေပြီး ကိုယ်တော့်​ကောင်းချီး​ခံစားရ​စေ​သည်။—ကမ္ဘာဦး ၂၈:၁-၄

၁၇။ မယုံကြည်​သူကို​လက်ထပ်​ခြင်း​သည် အဘယ်ကြောင့် ဘေးသင့်​စေနိုင်​သနည်း၊ ‘သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု’ ရန်​အရေးကြီးဆုံး​အကြောင်းရင်း​ကား အဘယ်နည်း။

၁၇ မယုံကြည်​သူသည် အဆုံး​၌ ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​သည့် ကိစ္စ​မျိုး​တော့​အနည်းငယ်​ရှိပါ​သည်။ သို့ရာတွင် မယုံကြည်​သူကို​လက်ထပ်​ခြင်း​သည် များသောအားဖြင့် ဘေးသင့်​စေ​လေ့​ရှိကြောင်း သက်သေထူ​ခဲ့​ပေ​ပြီ။ ထို​မတူညီ​သော​ထမ်းပိုး​ထမ်း​သူများ​သည် တူညီသော​ယုံကြည်ချက်များ၊ စံနှုန်း​များ၊ သို့​မဟုတ် ပန်းတိုင်​များ​မရှိ​နိုင်​ကြ​ပါ။ (၂ ကောရိန္သု ၆:၁၄) ယင်းက ဆက်သွယ်မှု​နှင့် အိမ်ထောင်​ပျော်ရွှင်မှု​ကို ပျက်ပြား​စေနိုင်​၏။ သာဓက​အနေ​ဖြင့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး​သည် တည်ဆောက်မှု​ပေး​သော အစည်းအဝေး​တစ်ခု​တက်ပြီး​နောက် အိမ်ပြန်လာ​ကာ မယုံကြည်​သူ​လင်သား​နှင့် ဝိညာဉ်​ရေးရာ​များ​ကို မဆွေးနွေး​နိုင်သော​ကြောင့် ကြီးစွာ​ဝမ်းနည်း​ကြေကွဲ​ရသည်။ ပို​၍​အရေးကြီး​သည်​ကား ‘သခင်​ဘုရား​၌​သာ လက်ထပ်​ခြင်း’ သည် ယေဟောဝါ​အပေါ် တည်ကြည်​သည့်​ကိစ္စ​ဖြစ်သည်။ ကျမ်း​စကား​ကို ကျွန်ုပ်​တို့​ကျင့်သုံး​ကြ​သည့်​အခါ ဘုရားသခင် “နှစ်သက်​တော်​မူ​သော​အကျင့်​တို့ကို” ကျင့်​နေကြ​သောကြောင့် ကျွန်ုပ်​တို့​နှလုံး​က ကျွန်ုပ်​တို့ကို အပြစ်မတင်​ချေ။—၁ ယောဟန် ၃:၂၁၊ ၂၂

၁၈။ အိမ်ထောင်ပြု​ရန် ရည်ရွယ်​သောအခါ အဘယ်​အရေးကြီးသော​ကိစ္စရပ်​များ​ကို အာရုံစိုက်​သင့်​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၈ အိမ်ထောင်ပြု​ရန် စဉ်းစား​သည့်​အခါ အိမ်ထောင်ဖက်​လောင်း​၏ မွန်မြတ်သော​အကျင့်​နှင့် ဝိညာဉ်​ရေး​ကို အဓိက​အရေးထား​သင့်​သည်။ ဘုရားသခင်​ကို​ချစ်​သည့်​မေတ္တာ​နှင့် ကိုယ်တော်​အား စိုးလ်​အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြုခြင်း​နှင့်​တကွ ခရစ်ယာန်​အရည်အသွေး​သည် ဆွဲဆောင်မှု​ရှိသော​ရုပ်ရည်​ထက် ပို​၍​တန်ဖိုး​ရှိသည်။ ဝိညာဉ်​ရေး​ခိုင်ခံ့​သော အိမ်ထောင်ဖက်​များ​ဖြစ်​ရန် တာဝန်​ကို​သိ၍ ကျေပွန်သူ​များသည် ဘုရားသခင့်​မျက်နှာသာ​ကို​ရရှိကြ​၏။ ထို့​ပြင် အ​ခိုင်မြဲ​ဆုံး​စုံတွဲ​တစ်တွဲ​သည် ဖန်ဆင်း​ရှင်​ကို နှစ်ဦးစလုံး​ဆည်းကပ်​ဝတ်ပြုခြင်း​နှင့် ကိုယ်တော့်​လမ်းညွှန်မှုကို အပြည့်အဝ​လက်ခံခြင်း​မှ ဖြစ်ထွန်း​နိုင်၏။ ဤ​နည်း​အားဖြင့် ယေဟောဝါ​သည် ဂုဏ်တင်​ခံရ​ကာ ထို​အိမ်ထောင်သည် ခိုင်မြဲ​သော​စုံဖက်မှု​ဖြစ်လာ​စေ​မည့် ခိုင်ခံ့​သည့်​ဝိညာဉ်​ရေး​အခြေအမြစ်​ပေါ် အစပြု​ပါ​လိမ့်​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 15 ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၅၊ ၁၉၉၉၊ စာမျက်နှာ ၄-၈ ကို​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• အိမ်ထောင်ဖက်​ကောင်း​တစ်ဦး ရွေးချယ်​ရန် မြင့်မြတ်​သော​လမ်းညွှန်ချက် အဘယ်ကြောင့် လိုအပ်​သနည်း။

• ဘုရားသခင်​ရေးရာ​ဆည်းကပ်​ဝတ်ပြုမှု​သည် အိမ်ထောင်ရေး​အနှောင်အဖွဲ့​ကို မည်သို့​ခိုင်ခံ့​စေမည်​နည်း။

• မိဘများသည် အိမ်ထောင်ပြုခြင်း​အတွက် သားသမီး​များ​ကို မည်သို့​ပြင်ဆင်​ပေး​နိုင်​သနည်း။

• ‘သခင်​ဘုရား​၌​သာ အိမ်ထောင်ပြု’ ရန် အဘယ်ကြောင့်​အရေးကြီး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သင့်​အဖော်အဖက်​ကို ရွေးချယ်ရာ​တွင် ဘုရားသခင့်​သွန်သင်ချက်​ကို လိုက်နာ​ကျင့်သုံး​ခြင်း​သည် ပျော်ရွှင်မှု​များစွာ​ပေး​နိုင်​သည်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

‘သခင်​ဘုရား​၌​သာ အိမ်ထောင်ပြုခြင်း’ က ကောင်းချီး​များစွာ​ရစေ