မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကြေကွဲဖွယ်ဆုံးရှုံးမှုကြား ရွှင်လန်းပြီးကျေးဇူးတင်

ကြေကွဲဖွယ်ဆုံးရှုံးမှုကြား ရွှင်လန်းပြီးကျေးဇူးတင်

ဘဝ​အတ္ထုပ္ပတ္တိ

ကြေကွဲဖွယ်​ဆုံးရှုံးမှု​ကြား ရွှင်လန်း​ပြီး​ကျေးဇူး​တင်

နန်စီ အီး. ပေါ်​တာ ပြောပြ​သည်

အမေရိကန်​ပြည်ထောင်စု အရှေ့တောင်​ကမ်းရိုးတန်း ဗဟားမားစ်​ကျွန်း​ရဲ့ ပူအိုက်​တဲ့ ၁၉၄၇၊ ဇွန် ၅ ရက်​နေ့​က​ဖြစ်တယ်။ လူ​ဝင်​မှု​ကြီးကြပ်ရေးမှူး​တစ်ဦး ကျွန်မ​နဲ့ ကျွန်မ​ခင်ပွန်း​ဂျော့ဂျ်​ဆီ​ကို မထင်မှတ်​ဘဲ​ရောက်​လာတယ်။ ဒီ​ကျွန်း​ပေါ်မှာ ကျွန်မ​တို့​ရှိနေတာကို မကြိုက်​တော့​လို့ “ဒီကနေ ချက်ချင်း​ထွက်သွား!” ဆို​တဲ့​စာ​တစ်စောင်​ကို သူ​လှမ်းပေး​တယ်။

ဗဟားမားစ်​ရဲ့​မြို့တော် နာ​ဆော​မြို့ကို​ရောက်လာ​တဲ့ ယေဟောဝါသက်သေ သာသနာပြုတွေ​ထဲမှာ ဂျော့ဂျ်​နဲ့​ကျွန်မ​က ပထမဦးဆုံး​ပဲ။ နယူးယောက်​အထက်ပိုင်း​က ဂိလဒ်​သာသနာပြု​ကျောင်း​ရဲ့ ရှစ်​ကြိမ်​မြောက်​သင်တန်း​ကျောင်းဆင်း​တဲ့​အခါ ကျွန်မ​တို့ ဒီမှာ​တာဝန်ကျ​ခဲ့တယ်။ သုံးလလောက်​နေပြီး​တဲ့​နောက် ဒီလို​ပြင်းထန်​တဲ့​တုံ့ပြန်မှု​ဖြစ်အောင် ကျွန်မ​တို့​ဘာလုပ်ခဲ့​သလဲ။ နောက်​အနှစ် ၅၀ ကျော်​အထိ အဲဒီမှာ ကျွန်မ​ဘယ်လို​နေသလဲ။

ခရစ်ယာန်​ဓမ္မ​အမှု​အတွက် လေ့ကျင့်ခြင်း

ကျွန်မ​ဘဝမှာ ကျွန်မ​အဖေ ဟယ်ရီ ကီလ်​နာ​ရဲ့​သြဇာ​စူး​ခဲ့တယ်။ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်လာ​ဖို့ အဖေဟာ အတော်များများ​စွန့်လွှတ်​ခဲ့​တာ​က ကျွန်မ​အတွက် ပုံ​နမူနာ​ကောင်း​တစ်ခု​ပါ။ အဖေ့​ရဲ့​ကျန်းမာ​ရေး​မကောင်း​ပေမဲ့ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေ့​ဦး​ထားပြီး စ​နေ၊ တနင်္ဂနွေ​အပတ်​တိုင်း​လို​လို ဇွဲရှိ​ရှိ​နဲ့ အမှုဆောင်ထွက်​တယ်။ (မဿဲ ၆:၃၃) ကျွန်မ​တို့​မ​ချမ်းသာ​ကြ​ပေမဲ့ အဖေ့​ရဲ့​ဖိနပ်​ဆိုင်​ဟာ ကနေဒါ​နိုင်ငံ၊ အဲလ်​ဘာ​တာ​ပြည်နယ်၊ လက်​သ်​ဘ​ရ​စ်ခ်ျ​မြို့မှာ ၁၉၃၀ ပြည့်လွန်​နှစ်တွေ​က ဝိညာဉ်​ရေး​လုပ်ဆောင်မှု​ဗဟို​ဖြစ်​ခဲ့တယ်။ ကျွန်မ​ဦးဆုံး​မှတ်မိ​တာ​က​တော့ ရှေ့ဆောင်​လို့​ခေါ်​တဲ့ အချိန်ပြည့်​အမှုဆောင်​ယေဟောဝါ​သက်သေတွေဟာ ကျွန်မ​တို့​အိမ်ကို​လည်ပတ်​ပြီး တွေ့ကြုံမှု​တွေ​ပြောပြ​ကြတယ်။

၁၉၄၃ ခုနှစ်​မှာ အဲလ်​ဘာ​တာ​ပြည်နယ်၊ ဖော့​တ်​မ​က္ခ​လွိုဒ်​မြို့​နဲ့ က​လယ်​ရ​စ်​ဟု​န်မ်​မြို့နားမှာ စပြီး​ကျွန်မ​ရှေ့ဆောင်​ခဲ့တယ်။ အဲဒီ​အချိန်​က ကျွန်မ​တို့​ရဲ့​ဟောပြောခြင်း​လုပ်ငန်း​ကို ကနေဒါ​နိုင်ငံ​မှာ ပိတ်ပင်​ထား​တယ်၊ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ဆန့်ကျင်​သူတွေရဲ့ တလွဲ​တင်ပြချက်​ကြောင့်​ဖြစ်တယ်။ ကျွန်မ​တို့​ရပ်ကွက်​က​မိုင် ၆၀ ကျယ်​ပေမဲ့ လူငယ့်​အားမာန်​အပြည့်​ရှိတဲ့​ကျွန်မ​တို့​ဟာ ဒီ​ဒေသက​ရပ်ကွက်​လေး​တွေ၊ လယ်ကွင်း​လေး​တွေ​ဆီ​သွားဖို့ စက်ဘီး​စီး​ရတာ၊ ဒါမှ​မဟုတ် လမ်းလျှောက်​ရတာ မ​ပင်ပန်း​ခဲ့​ပါ​ဘူး။ အဲဒီတုန်းက ဂိလဒ်​ကျောင်းဆင်း​တွေ​နဲ့ ကျွန်မ​စကားပြော​ခွင့်​ရပြီး သူတို့ရဲ့​တွေ့ကြုံမှု​တွေ​က ကျွန်မ​ကို သာသနာပြု​ဖြစ်ချင်​စိတ်​ရှိလာ​စေတယ်။

၁၉၄၅ ခုနှစ်​မှာ ကနေဒါ​နိုင်ငံ၊ စပ်​စ်​က​က်​ချူ​ဝ​မ်​က ဂျော့ဂျ် ပေါ်​တာ​နဲ့ ကျွန်မ​လက်ထပ်ခဲ့​တယ်။ သူ့ရဲ့​မိဘတွေက ၁၉၁၆ ခုနှစ်​ကတည်းက စိတ်​ထက်သန်​တဲ့​သက်သေခံတွေ​ဖြစ်​ခဲ့​ပြီး သူလည်းပဲ အချိန်ပြည့်​အမှုဆောင်တာ​ကို သူ့ရဲ့​လုပ်ငန်း​အဖြစ် ရွေးချယ်​ခဲ့တယ်။ ကျွန်မ​တို့​ပထမ​ဆုံး​တာဝန်ကျ​တဲ့​နေရာ​က​တော့ ကနေဒါ၊ ဗဲန်ကူးဗား​မြောက်ဘက်က သာယာ​လှပတဲ့ လင်း​ဗဲလီ​ရပ်ကွက်​ပါ​ပဲ။ သိပ်​မကြာခင် ဂိလဒ်​ကျောင်းတက်​ဖို့ ကျွန်မ​တို့​ဖိတ်ခေါ်​ခံရ​တယ်။

နှစ်တွေ​တစ်လျှောက် တခြား​ဘာသာရေး​ကျောင်း​တွေ​တက်​ခဲ့​တဲ့ ကျောင်းဆင်း​တွေ​နဲ့ ကျွန်မ​စကားပြော​ခဲ့​ဖူး​တယ်၊ သူတို့ရဲ့​ဘာသာရေး​သင်တန်း​က ဘုရားသခင်​နဲ့ သမ္မာကျမ်းစာ​အပေါ် သူတို့ရဲ့​ယုံကြည်ခြင်း လျော့နည်းစေ​ခဲ့​တာ​ကို ကျွန်မ​သိရှိ​ခဲ့​ရတယ်။ ဂိလဒ်​မှာ ကျွန်မ​တို့​သင်ကြား​ခံ​ခဲ့​ရတာတွေ​က ကျွန်မ​တို့​ရဲ့​စဉ်းစား​နိုင်စွမ်း​ကို ထက်မြက်​စေ​တဲ့​အပြင် ယေဟောဝါ​ဘုရားသခင်​နဲ့ ကျမ်းစာ​ကို ပို​ပြီး​ယုံကြည်​လာ​စေတယ်။ ကျွန်မ​တို့​ရဲ့​အတန်းဖော်​တွေ​က တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ၊ အာဖရိက​ထဲ​က နိုင်ငံ​တွေ၊ တောင်​အမေရိက​နဲ့ အခြား​နိုင်ငံ​တွေ​မှာ တာဝန်ကျ​တယ်။ ကျွန်မ​တို့​တာဝန်ကျ​မယ့်​နေရာ​က အပူပိုင်း​ဒေသ ဗဟားမားစ်​ကျွန်း​ဆိုတာ သိလိုက်​ရတဲ့အခါ စိတ်​လှုပ်ရှား​သွားတာကို ကျွန်မ​အခုထိ​မှတ်မိ​သေး​တယ်။

ကျွန်မ​တို့​နေနိုင်​ခဲ့​ပုံ

အတန်းဖော်​တွေ​သွားရမယ့်​ခရီးစဉ်​တွေ​နဲ့ ယှဉ်​လိုက်ရင် ကျွန်မ​တို့​ရဲ့​ဗဟားမားစ်​ခရီးစဉ်​ဟာ တို​တို​လေး​ပါ။ မကြာခင် ပူအိုက်​တဲ့​ရာသီ၊ အပြာရောင်​မိုးကောင်းကင်၊ စိမ်း​ပြာပြာ​ရေ၊ အရောင်​ဖျော့​ဖျော့​အဆောက်အအုံ​တွေ​နဲ့ များပြား​လှတဲ့​စက်ဘီး​တွေ​ကြား​မှာ ကျွန်မ​တို့​ပျော်မွေ့​လာကြတယ်။ ဒါပေမဲ့ ရောက်ရောက်ချင်း ကျွန်မ​စိတ်ထဲ​အစွဲမှတ်ဆုံး​က​တော့ ကျွန်မ​တို့​သင်္ဘော​ဆိုက်​တဲ့​အချိန်ကို စောင့်မျှော်​နေကြ​တဲ့ သက်သေခံ​ငါး​ယောက်​အဖွဲ့​လေး​ပါ​ပဲ။ ဒီ​က​ယဉ်ကျေးမှု​ဟာ ကျွန်မ​တို့​နဲ့ တခြား​စီ​ပဲ​ဆိုတာ​ကို မကြာခင်​မှာ​သိလာ​ခဲ့​ရတယ်။ ဥပမာ၊ ကျွန်မ​ကို လူ​အများ​ရှေ့မှာ​အချစ်​ဆိုပြီး ကျွန်မ​ခင်ပွန်း​က​ခေါ်​လို့​မဖြစ်​ဘူး၊ ဘာလို့လဲ​ဆိုတော့ ဒီ​စကားလုံး​က မယား​မြှော​င်​တွေ​ကိုပဲ​ခေါ်​တာ​ကိုး။

မကြာခင်​မှာ ခရစ်ယာန်​ဓမ္မ​ဆရာ​တွေ​က လူတွေနဲ့​ကျွန်မ​တို့​ပြောဆို​ပေါင်းသင်း​နေတာကို စိုးရိမ်​လာပြီး ကျွန်မ​တို့​ဟာ ကွန်မြူနစ်​တွေ​လို့ လိမ်လည်​စွပ်စွဲ​ခဲ့တယ်။ ရလဒ်​က​တော့ ဒီ​နိုင်ငံ​က​ထွက်သွားဖို့ အမိန့်ပေး​ခံရ​တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီ​ကျွန်း​ပေါ်မှာ​အ​ယောက် ၂၀ လောက်​တောင်​မရှိတဲ့ သက်သေခံတွေ​က ကျွန်မ​တို့​ဆက်နေ​ခွင့်​ရအောင် ထောင်နဲ့​ချီ​လက်မှတ်ထိုး​ထား​တဲ့ အသနားခံ​စာ​တစ်စောင် ချက်ချင်း​ရလာတယ်။ ဒါနဲ့​ပဲ ထုတ်​ထား​တဲ့​အမိန့် ပျက်​သွားတယ်။

ရပ်ကွက်သစ်​တစ်ခု​သို့

ဘုရားသခင်​ကို​ချစ်တဲ့ နှလုံးသား​တွေ​ထဲမှာ ကျမ်းစာ​အမှန်တရားက ချက်ချင်း​အညှောက်​ပေါက်​လာလို့ ဗဟားမားစ်​ကို ဂိလဒ်​သာသနာပြုတွေ ထပ်​ပို့ပေး​ရတယ်။ အဲဒီနောက် ၁၉၅၀ ပြည့်နှစ်​မှာ ဌာနခွဲရုံး​တစ်ခု​တည်ထောင်​ခဲ့တယ်။ နောက်​ဆယ်နှစ်​ကြာ​တော့ နယူးယောက်၊ ဘ​ရွတ်​က​လင် ဌာနချုပ်​က အမှုထမ်း​အဖွဲ့ဝင် မီလ်​တင် ဟင်ရှယ်​လ် ဗဟားမားစ်​ကို​လည်ပတ်​ပြီး ဗဟားမားစ်​ရဲ့​နောက်​တစ်ကျွန်း​ကို​သွားပြီး ဟောပြောခြင်း​လုပ်ငန်း​ဖွင့်​လို​တဲ့​သူတွေ ရှိသလား​လို့​မေးတယ်။ ဂျော့ဂျ်​နဲ့ ကျွန်မ​က တာဝန်​ယူမယ်​လို့​ဆန္ဒပြု​လိုက်​တော့ လောင်း​ကျွန်း​ပေါ်မှာ ၁၁ နှစ်​နေဖို့ စပြီး​အကြောင်း​ဖန်​လာခဲ့တယ်။

ဗဟားမားစ်​မှာ​ပါဝင်​တဲ့ ကျွန်း​တွေ​ထဲ​က ဒီ​ကျွန်း​ဟာ​မိုင် ၉၀ ရှည်​ပြီး ၄ မိုင်​ကျယ်​တယ်၊ အဲဒီတုန်းက ဒီ​ကျွန်း​ပေါ်မှာ မြို့​ရ​ယ်​လို့​မရှိ​သေး​ဘူး။ မြို့တော်​ဖြစ်​တဲ့ က​လဲ​ရ​င့်စ်​တောင်း​မှာ အိမ်ခြေ ၅၀ လောက်​ပဲ​ရှိတယ်။ နေပုံထိုင်ပုံ​က အတော်လေး​ကို​ခေတ်​နောက်ကျ​တယ်—လျှပ်စစ်မီး​မရှိ၊ ရေပိုက်​မရှိ၊ အိမ်ပြင်​မှာပဲ ချက်ပြုတ်​ပြီး ရေ​သုံး​ရတယ်။ ဒါ​ကြောင့် နယ်​စွန်​နယ်​ဖျား​ကျွန်းသား​တွေ​လို​ပဲ ကျွန်မ​တို့​ပါ​လိုက်ပြီး​နေထိုင်ခဲ့ရတယ်။ ဒီ​ကျွန်းသား​တွေ​က ကျန်းမာ​ရေး​အကြောင်း စကား​ဖောင်ဖွဲ့​ပြော​တာ ကြိုက်​ကြတယ်။ နှုတ်ဆက်​တဲ့​အခါ “ဒီနေ့ ဘယ်လို​နေသလဲ” လို့​မ​မေး​မိဖို့ ကျွန်မ​တို့​သတိထား​တတ်​လာတယ်၊ မဟုတ်​ရင် သူ့ရဲ့​ဆေး​ရာဇဝင်​ကို အသေးစိတ်​ပြောပြ​လိမ့်မယ်။

ကျွန်မ​တို့ အများအားဖြင့် မီးဖို​တစ်ဆောင်​မှ​တစ်ဆောင် သက်သေခံ​ရ​ကြတယ်၊ လူတွေကို သူတို့ရဲ့​အိမ်မကြီး​အပြင်​က သက်​ငယ်​အမိုး​နဲ့ ထင်း​မီးဖိုဆောင်​တွေ​မှာပဲ တွေ့ဆုံ​တတ်​တဲ့​အတွက်​ကြောင့်​ပါ​ပဲ။ ဒီ​ရပ်ကွက်​တွေ​ကလူ​စု​တွေ​ဟာ ဆင်းရဲ​ကြ​ပေမဲ့ သဘောကောင်း​တဲ့ လယ်သမား​တွေ၊ တံငါသည်​တွေ​ဖြစ်​ကြတယ်။ အများ​က ဘာသာ​တရား​ကိုင်းရှိုင်း​ရုံ​မ​က အရမ်း​အယူသီး​ကြတယ်။ အဖြစ်အပျက်​အဆန်း​တွေ​ကို နိမိတ်​ကောက်​တတ်ကြ​တယ်။

ခရစ်ယာန်​ဓမ္မ​ဆရာ​တွေ​က ကျွန်မ​တို့​ထားရစ်​ခဲ့​တဲ့ ကျမ်းစာ,စာပေ​တွေ​ကို အိမ်ထဲ​အတင်း​ဝင်၊ ဆုတ်ဖြဲ​ပစ်​တာ​ကို ဝန်မလေး​ကြဘူး။ ဒီလိုနဲ့ ကြောက်​တတ်​တဲ့​သူတွေကို ခြောက်လှန့်​ပေမဲ့ လူတိုင်း​က​တော့ ကြောက်​ဒူး​မ​တုန်​ကြ​ပါ​ဘူး။ ဥပမာ၊ စိတ်​ဆ​တ်​တဲ့​အသက် ၇၀ အရွယ်​အမျိုးသမီး​တစ်ယောက်​က အနိုင်ကျင့်​တာ​ကို​မခံ​ဘူး။ သမ္မာကျမ်းစာ​ကို သူကိုယ်တိုင်​သဘောပေါက်​နားလည်​ချင်​တယ်၊ နောက်ဆုံး တခြား​သူတွေနဲ့​အတူ သူလည်း​သက်သေခံ​ဖြစ်လာ​တယ်။ စိတ်ဝင်စား​သူတွေ ပို​များ​လာတော့ တချို့​တနင်္ဂနွေ​ရက်​တွေ​မှာ သူတို့​စည်းဝေး​တက်​နိုင်​ဖို့​မိုင် ၂၀၀ လောက်​ကို ဂျော့ဂျ်​ကားမောင်း​ပေး​ခဲ့​ရတယ်။

တခြား​သက်သေခံတွေ​မရှိ​သေး​တဲ့ အစောပိုင်း​လတွေ​မှာ ဂျော့ဂျ်​နဲ့ ကျွန်မ​တို့​ရဲ့​ဝိညာဉ်​ရေး​ကို ဆက်​ထိန်းထား​နိုင်​ဖို့ ခရစ်ယာန်​စည်းဝေး​အားလုံး​ကို မှန်မှန်​ကျင်းပ​ခဲ့​ကြတယ်။ ဒီ​အပြင် တနင်္လာ​နေ့​ည​တိုင်း ကင်းမျှော်စင်​မဂ္ဂဇင်းက သင်ခန်းစာ​ကို​လေ့လာ​တာ​နဲ့ ကျမ်းစာ​ဖတ်​တာ​ကို မှန်မှန်​လုပ်ခဲ့ကြတယ်။ ကင်းမျှော်စင် နဲ့ နိုးလော့! အားလုံး​ကို​ရတာ​နဲ့ ချက်ချင်း​ဖတ်​ခဲ့​ကြတယ်။

ကျွန်မ​တို့ လောင်း​ကျွန်း​မှာ​ရှိနေတုန်း ကျွန်မ​အဖေ​ဆုံး​သွားတယ်။ နောက်​နွေ​ရာသီ ၁၉၆၃ ခုနှစ်​မှာ အမေ့ကို​ခေါ်​ပြီး ကျွန်မ​တို့​အနားမှာ​နေဖို့ စီစဉ်​ခဲ့တယ်။ အမေ​ဟာ အသက်ကြီး​နေပေမဲ့​လည်း အတော်လေး​နေသားကျ​လာပြီး အမေ​သေ​တဲ့ ၁၉၇၁ ခုနှစ်​အထိ လောင်း​ကျွန်း​မှာ သူ​နေထိုင်သွား​ခဲ့တယ်။ အခု​ဆိုရင် လောင်း​ကျွန်း​အသင်းတော်က ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်စက်စက်​တစ်လုံး​ရှိ​နေပါ​ပြီ။

ကြေကွဲဖွယ်​စိန်ခေါ်ချက်​တစ်ရပ်

၁၉၈၀ ပြည့်နှစ်​မှာ ဂျော့ဂျ်​ရဲ့​ကျန်းမာ​ရေး စပြီး​ဖောက်​လာတာကို သတိပြုမိ​ကြတယ်။ ဒီလိုနဲ့ ကျွန်မ​ဘဝမှာ စိတ်​အထိ​ခိုက်​ရ​ဆုံး​တွေ့ကြုံမှု​တစ်ခု​ဖြစ်​တဲ့ ကျွန်မ​ချစ်​မြတ်နိုး​ရတဲ့​ခင်ပွန်း၊ လုပ်ဖော်ဆောင်ဖက်​နဲ့ အဖော်​ဟာ အဲလ်​ဇိုင်း​မား​ရောဂါ​နဲ့ တဖြည်းဖြည်း​မှတ်ဉာဏ်​ချို့ယွင်း​သွားတာကို တွေ့မြင်​ရခဲ့​ပါ​တယ်။ သူ့ရဲ့​စိတ်သဘောထား​လုံးလုံး ပြောင်းလဲ​သွားတယ်။ နောက်ဆုံး ဝမ်းနည်းစရာ​အကောင်းဆုံး​အခြေအနေ​ကို သူ​မသေ​ခင် လေးနှစ်​လောက်​ခံရ​ပြီး ၁၉၈၇ ခုနှစ်​မှာ​ဆုံးသွား​ရှာတယ်။ သူတတ်​နိုင်​သရွေ့ ကျွန်မ​နဲ့​အတူ​အမှုဆောင်ထွက်​တယ်၊ စည်းဝေး​တွေ​တက်တယ်၊ ဒါပေမဲ့ သူ​ကြိုးစား​သမျှ​ကို​ကြည့်​ပြီး ကျွန်မ​အကြိမ်ကြိမ်​မျက်ရည်ကျခဲ့​ရတယ်။ ခရစ်ယာန်​ညီအစ်ကို​တွေ​ရဲ့​မေတ္တာက တကယ့်ကို​ပဲ​စိတ်သက်သာ​မှု​ရစေ​ပေမဲ့ သူ့ကို ကျွန်မ​လွမ်းဆွတ်​နေတုန်း​ပါ။

ဂျော့ဂျ်​နဲ့​ကျွန်မ​ရဲ့​အိမ်ထောင်ရေးမှာ တန်ဖိုး​အရှိဆုံး​အရာတစ်ခု​က​တော့ ကျွန်မ​တို့​နှစ်ဦး တရင်းတနှီး​အပြန်အလှန်​စကားစမြည်​ပြောဆို​လေ့​ရှိကြတယ်။ အခု ဂျော့ဂျ်​မရှိတော့တဲ့​အတွက် ယေဟောဝါ​က မိမိရဲ့​ကျေးကျွန်​တွေ​ကို “မခြားမလပ်​ဆုတောင်း” ဖို့၊ ‘စွဲစွဲမြဲမြဲ​ဆုတောင်း’ ဖို့နဲ့ ‘ဆုတောင်းခြင်း​အမျိုးမျိုး’ နဲ့​ဆုတောင်း​ဖို့ ဖိတ်ခေါ်​ထား​တာ​ကို အရင်ကထက် ကျွန်မ​ပို​ပြီး​ကျေးဇူး​တင်​မိတယ်။ (၁ သက်သာလောနိတ် ၅:၁၇; ရောမ ၁၂:၁၂; ဧဖက် ၆:၁၈) ကျွန်မ​တို့​ရဲ့​အကျိုးကို ယေဟောဝါ​ဂရုစိုက်​ကြည့်ရှု​နေတယ်​ဆိုတာ​ကို​သိရတာ အရမ်း​ကို​စိတ်သက်သာ​စေပါ​တယ်။ “ငါ​တို့​ဝန်ကို နေ့စဉ်​ထမ်း​တော်​မူ​သော​အရှင်​ဘုရား . . . မင်္ဂလာ​ရှိ​တော်​မူ​ပါစေ​သော” လို့​သီဆို​ခဲ့​တဲ့ ဆာလံဆရာ​လို​ပဲ ကျွန်မ​လည်း​ခံစား​ရတယ်။ (ဆာလံ ၆၈:၁၉သ​မ) ယေရှု​အကြံပေး​သလို တစ်ရက်​ချင်း​အသက်ရှင်​ရင်း ကျွန်မ​ရဲ့​ကန့်သတ်ချက်​တွေ​ကို​အသိအမှတ်​ပြုပြီး၊ နေ့တိုင်း​ရရှိတဲ့​ကောင်းချီး​တွေ​အတွက် ကျေးဇူး​တင်​တတ်တာ​ဟာ အကောင်းဆုံး​အသက်ရှင်​နည်းပါ။—မဿဲ ၆:၃၄

ခရစ်ယာန်​ဓမ္မ​အမှု​မှ ရွှင်လန်းဖွယ်​ဆုလာဘ်များ

ခရစ်ယာန်​ဓမ္မ​အမှုမှာ အလုပ်​များနေ​ခြင်း​က အတိတ်ကို​တနုံ့နုံ့​တွေး​မနေ​ရအောင် ကျွန်မ​ကို​ထောက်ကူ​ပေး​ခဲ့တယ်။ ဒီလို​လုပ်လို့ စိတ်ကျ​ဝေဒနာ​ရစေ​နိုင်​တဲ့ စိတ်ဓာတ်​တွေ​ကို ချိုးနှိမ်​နိုင်​ခဲ့​ပါ​တယ်။ အခြားသူ​တွေ​ကို ကျမ်းစာ​အမှန်တရား​သင်ပေး​ရတာက​လည်း ရွှင်လန်းမှု​အထူး​ရစေတယ်။ ကျွန်မ​အသက်တာမှာ စည်းစနစ်​နဲ့​တည်တည်ငြိမ်ငြိမ်​ရှိစေတဲ့ ဝိညာဉ်​ရေး​လုပ်ရိုးလုပ်စဉ်​ရှိတယ်။—ဖိလိပ္ပိ ၃:၁၆

တစ်ခါ​က အစောပိုင်း ၄၇ နှစ်လောက်မှာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ကျွန်မ​ဟောခဲ့​ဖူး​တဲ့ အမျိုးသမီး​တစ်ယောက်​ဆီကနေ ဖုန်း​လာတယ်။ သူက ၁၉၄၇ ခုနှစ်​မှာ ဗဟားမားစ်​ကို ကျွန်မ​တို့​ရောက်တဲ့​အချိန် ကျွန်မ​တို့​သင်ပေးတဲ့ ပထမ​ဆုံး​ကျမ်းစာ​သင်သား​တစ်ယောက်​ရဲ့ သမီး​ဖြစ်တယ်။ သူရဲ့​အမေ၊ အဖေနဲ့ အစ်ကို၊ အစ်မ​တွေ​အားလုံး​ရ​ယ် သူတို့ရဲ့​သားသမီးတွေ၊ မြေး​တွေ​ပါ ယေဟောဝါသက်သေ​တွေ​ဖြစ်လာ​ခဲ့​ကြတယ်။ တကယ်တော့ ဒီ​အမျိုးသမီးရဲ့​မိသားစု​ထဲ​က​အ​ယောက် ၆၀ ကျော်​ဟာ သက်သေခံတွေ​ဖြစ်​ကြတယ်။ ဒါပေမဲ့ သူကျတော့ ကျမ်းစာ​အမှန်တရားကို တစ်ခါ​မှ​လက်မခံခဲ့​ဘူး။ အခုတော့ သူလည်းပဲ ယေဟောဝါ​ဘုရားသခင့်​ကျေးကျွန်​တစ်ယောက်​ဖြစ်​ဖို့ အသင့်ရှိနေ​ပြီ​တဲ့။ ဂျော့ဂျ်​နဲ့ကျွန်မ ဗဟားမားစ်​ကို ရောက်တဲ့​အချိန်​မှာ​ရှိတဲ့ လက်တစ်ဆုပ်​စာ​သက်သေခံ​ကနေ ၁,၄၀၀ ကျော်​အထိ တိုးလာ​တာ​ကို​တွေ့ရ​တာ​ဟာ တကယ်​ကို​အားရစရာ​ပါ​ပဲ!

ကျွန်မ​မှာ သားသမီး​မရှိတဲ့​အတွက် ဝမ်းနည်း​သလား​လို့ တစ်ခါ​တ​လေ အမေး​ခံရ​တယ်။ သားသမီး​ရှိတာ ကောင်းချီး​တစ်ခု​ဖြစ်​နိုင်တယ်။ ဒါပေမဲ့ ကျွန်မ​ရဲ့​ဝိညာဉ်​ရေးသား​သမီးတွေ၊ မြေး​တွေ​နဲ့ မြစ်တွေ အမြဲတမ်း​ပြသ​နေတဲ့​မေတ္တာကို မိဘ​အရင်း​အားလုံး​တောင် မခံစား​ကြ​ရ​ပါ​ဘူး။ မှန်ပါတယ်၊ “ကျေးဇူးပြု” သူတွေနဲ့ “ကောင်းသော​အကျင့်​၌ ကြွယ်ဝ​ပြည့်စုံ” သူတွေဟာ အပျော်ရွှင်ဆုံး​လူသားတွေ​ပါ။ (၁ တိမောသေ ၆:၁၈) အဲဒါ​ကြောင့် ကျွန်မ​ကျန်းမာ​ရေး ခွင့်ပြု​နေသရွေ့ ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်မ​အလုပ်​များနေ​တာ။

တစ်နေ့ သွား​စိုက်​ဆရာဝန်​ရုံးခန်း​မှာ အမျိုးသမီးငယ်​တစ်ယောက်​က ကျွန်မ​နားကပ်​လာပြီး “ကျွန်မ​ကို ရှင်​မသိပေမဲ့ ရှ​င့်​ကို ကျွန်မ​သိတယ်၊ ရှ​င့်​ကို ကျွန်မ​ချစ်တယ်​ဆိုတာ သိစေချင်တယ်” တဲ့။ ပြီး​တော့ ကျမ်းစာ​အမှန်တရားကို သူ​ဘယ်လို​သိရှိ​လာခဲ့တဲ့​အကြောင်း​နဲ့ ဗဟားမားစ်​ကို ကျွန်မ​တို့​သာသနာပြုတွေ​ရောက်လာ​တဲ့​အတွက် အရမ်း​ကျေးဇူး​တင်တဲ့​အကြောင်း အမျှင်​မပြတ်​ပြောပြ​ခဲ့တယ်။

နောက်​တစ်ခါ ကျွန်မ​ခွင့်ယူ​ပြီး​ပြန်လာတဲ့​အခါ အခု ကျွန်မ​နေတဲ့ နာ​ဆော​မြို့ ယေဟောဝါသက်သေ​ဌာနခွဲရုံး​က ကျွန်မ​ရဲ့​အခန်းဝ​မှာ နှင်းဆီ​တစ်ပွင့်​ကို တွေ့ခဲ့​တယ်။ “သင် ပြန်​ရောက်လာ​တဲ့​အတွက် ဝမ်းသာတယ်” ဆို​တဲ့​စာတိုလေး​တစ်စောင်​လည်း​ပါ​တယ်။ ကျွန်မ​နှလုံး​ထဲမှာ ကျေးဇူး​တင်​စိတ်​ယိုဖိတ်​တဲ့​အထိ​ပဲ၊ ယေဟောဝါ​ရဲ့​နှုတ်မြွက်​စကားတော်၊ အဖွဲ့အစည်း​နဲ့ ကိုယ်တော့်​ဝိညာဉ်​တော်​ကြောင့် ဖြစ်ပွား​လာတဲ့ လူအမျိုးမျိုးကို ကျွန်မ​တွေ့ရတဲ့​အခါ ဘုရားသခင်​ကို ပို​ပြီး​ချစ်​လာ​စေတယ်။ ယေဟောဝါ​ရဲ့​ထောက်မ​ကူညီ​မှု​ကို​ရ​နေကြောင်း ကျွန်မ​တို့​ဝန်းကျင်​မှာ​ရှိတဲ့​လူတွေကနေ ထင်ရှား​ပါ​တယ်။

ကျေးဇူး​တင်​စိတ်​ယိုဖိတ်​နေခြင်း

ကျွန်မ​ရဲ့​ဘဝဟာ အမြဲတမ်း​ဖြောင့်ဖြူး​ခဲ့​တာ​မဟုတ်ပါဘူး၊ အခုလည်း အခက်အခဲ​ရှိပါတယ်။ ဒါပေမဲ့​လည်း ကျေးဇူး​တင်စရာ​တွေ​အများကြီး​ရှိတယ်—ခရစ်ယာန်​ဓမ္မ​အမှု​ကနေ​ရတဲ့ ရွှင်လန်းမှု​တွေ၊ ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​တွေ​ရဲ့ မေတ္တာနဲ့​ခင်မင်မှု​ကို​ခံစား​ရတာ၊ ယေဟောဝါ​ရဲ့​အဖွဲ့အစည်း​ကနေ​ရတဲ့ မေတ္တာပါ​ကြည့်ရှု​စောင့်ရှောက်မှု၊ သမ္မာကျမ်းစာ​ထဲ​က လှပ​တင့်တယ်​တဲ့​အမှန်တရား​တွေ၊ ချစ်​မြတ်နိုး​ရသူတွေ ရှင်ပြန်ထမြောက်​လာတဲ့အခါ သူတို့နဲ့​ပြန်တွေ့​ရမယ့်​မျှော်လင့်ချက်​နဲ့ ယေဟောဝါ​ရဲ့​သစ္စာရှိ​ကျေးကျွန်​တစ်ယောက်​နဲ့ ၄၂ နှစ်​အိမ်ထောင်ဖက်​ခဲ့​ရတဲ့ အမှတ်တရ​အဖြစ်အပျက်​တွေ​ကြောင့်​ပဲ​လေ။ ကျွန်မ​တို့​လက်မထပ်ခင်​က ကျွန်မ​ခင်ပွန်း​သိပ်​မြတ်နိုးတဲ့ အချိန်ပြည့်​အမှုဆောင်မှာ သူ​ဆက်​ပါဝင်​နိုင်​ဖို့ သူ့ကို​အမြဲတမ်း​ကူညီပေး​နိုင်​ပါစေ​လို့ ကျွန်မ​ဆုတောင်း​ခဲ့တယ်။ အဲဒီ​ဆုတောင်းချက်​ကို ကြင်နာ​စွာ​နဲ့ ယေဟောဝါ​ဖြေကြား​ပေး​ခဲ့တယ်။ ဒါ​ကြောင့် ယေဟောဝါ​ကို ကျွန်မ​ကျေးဇူး​တင်​ကြောင်းကို အမြဲတမ်း​သစ္စာရှိ​ခြင်း​အားဖြင့် ဖော်ပြ​ချင်​ပါ​တယ်။

ဗဟားမားစ်​ဟာ အပူပိုင်း​ဒေသရဲ့​သာယာ​ကြည်နူး​စ​ရာတွေကို ခံစား​ဖို့ ဒေါ်လာ​ထောင်နဲ့​ချီ​အကုန်အကျ​ခံ​ရောက်လာ​တဲ့ ကမ္ဘာ့​လှည့်​ခရီးသည်​တွေ​အတွက် ရေပန်းစား​တဲ့​နေရာ​ဖြစ်ပါ​တယ်။ ယေဟောဝါ​ရဲ့​အဖွဲ့အစည်း​က ညွှန်ကြား​တဲ့​ဘယ်​နေရာကို​မဆို ကိုယ်တော့်​ရဲ့​အမှုတော်ကို​ထမ်းဆောင်​ဖို့ ရွေးချယ်​ခဲ့လို့ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကြွေးကြော်​ရင်း ဒီ​ကျွန်းစု​တစ်ဖက်​စွန်း​ကနေ တခြား​တစ်ဖက်​စွန်း​အထိ ရောက်သွား​ခဲ့​ရတဲ့​အခွင့်အရေး​ကို ကျွန်မ​ရရှိခဲ့​ပြီ။ ဒါ​ထက်မက ဖော်ရွေ​တတ်​တဲ့​ဗဟားမားစ်​ကျွန်းသား​တွေ​ထဲ​က အ​မွန်မြတ်​ဆုံး​သူတွေရဲ့​မေတ္တာကို ကျွန်မ​သိရှိ​လာ​ရပြီး တန်ဖိုး​ထား​တတ်လာ​ပါ​ပြီ။

ကျွန်မ​မိဘတွေ​ဆီ အမှန်တရား​ယူဆောင်​ပေး​လာခဲ့တဲ့​သူတွေကို​ရ​ယ် ဘုရားသခင့်​နိုင်ငံတော်​ကို ရှေ့​ဦး​ရှာ​လို​စိတ်​ပြင်းပြ​လာ​ရအောင် ကျွန်မ​ရဲ့​လူငယ့်​စိတ်နှလုံး​ထဲ အမြစ်စွဲ​စေ​ခဲ့​တဲ့​မိဘတွေကိုပါ ကျေးဇူး​အများကြီး​တင်​ပါ​တယ်။ ယေဟောဝါ​ရဲ့​ကျေးကျွန်​ဖြစ်​တဲ့ လူငယ်တွေဟာ ခရစ်ယာန်​ဓမ္မ​အမှုမှာ​တိုးချဲ့​ပါဝင်ခွင့်​တွေ​ရဖို့ “အလွန်​ကြီးစွာ​သော​တံခါး” ထဲ​ဝင်​ကြ​မယ်​ဆိုရင် ကောင်းချီး​များစွာ အလားတူပဲ​ခံစား​နိုင်​မှာ​ဖြစ်တယ်။ (၁ ကောရိန္သု ၁၆:၉) “ဘုရား​တို့၏​ဘုရား[သခင်]” ယေဟောဝါ​ကို​ဂုဏ်တင်​ဖို့ သင့်​အသက်တာကို​အသုံးချ​မယ်​ဆိုရင် အသင်​လည်း​ပဲ ကျေးဇူး​တင်​စိတ်​ယိုဖိတ်​နေမှာ​ပါ။—တရားဟောရာ ၁၀:၁၇; ဒံယေလ ၂:၄၇

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၄၄ ခုနှစ်​တွင် ဘီ.စီ. ဗစ်​တိုး​ရီး​ယား​မြို့၌ လမ်းပေါ် သက်သေခံ​လုပ်ငန်း

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

၁၉၄၆ ခုနှစ်​တွင် ဂျော့ဂျ်​နှင့်​ကျွန်မ ဂိလဒ်​ကျောင်းတက်​ရောက်​ခဲ့

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

၁၉၅၅ ခုနှစ်​တွင် ဗဟားမားစ်၊ နာ​ဆော​မြို့ရှိ ခရစ်ယာန်​သာသနာပြု​အိမ်ရှေ့​၌ ဂျော့ဂျ်​နှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၆၁ မှ ၇၂ ခုနှစ်​အထိ ကျွန်မ​တို့​အမှုဆောင်ခဲ့​သော ဒက်​မဲ​န်စ်​ကေး​ရှိ ခရစ်ယာန်​သာသနာပြု​အိမ်