မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ​မေးခွန်းလွှာ

ရွေးနုတ်ဖိုး​ပူဇော်​သကာ​အကျိုးကျေးဇူး​အားဖြင့် ယေဟောဝါ​တွင် အပြစ်လွှတ်​လို​စိတ်​ရှိရာ ခရစ်ယာန်​များသည် အသင်းတော်​ရှိ အသက်ကြီးသူ​များ​ထံ အပြစ်​ဝန်ချ​တောင်းပန်​ရန် အဘယ်ကြောင့်​လိုအပ်​သနည်း။

ဒါဝိဒ်​နှင့်​ဗာသရှေဘ​၏​ဖြစ်ရပ်​တွင် တွေ့ မြင်နိုင်​သည်​အတိုင်း ဒါဝိဒ်​၏​အပြစ်​သည်​ကြီး​လေး​သော်လည်း ဒါဝိဒ်​၏​စစ်မှန်သော​နောင်တ​ကြောင့် ယေဟောဝါ​ခွင့်လွှတ်​ခဲ့​သည်။ ဒါဝိဒ်​ထံ ပရောဖက်​နာသန်​ရောက်လာသော​အခါ သူက “ငါသည် ထာဝရ​ဘုရား​ကို ပြစ်မှား​ပါ​ပြီ” ဟု​ပွင့်လင်း​စွာ​ဝန်ချ​တောင်းပန်​၏။—၂ ဓမ္မ​ရာဇဝင် ၁၂:၁၃

သို့သော် ယေဟောဝါ​သည် အပြစ်​ပြုသူ​၏​ရိုးသား​စွာ​ဝန်ချ​တောင်းပန်​မှု​ကို လက်ခံ​ပြီး အပြစ်လွှတ်​ရုံ​မ​က အပြစ်​ပြုသူ​၏​ဝိညာဉ်​ရေး ပြန်လည်​တိုးတက်​ကောင်းမွန်​လာ​စေရန် မေတ္တာပါ​စွာ ပြင်ဆင်​ပေး​ချက်​များ​ကိုလည်း ပြုလုပ်​ပေး​သည်။ ဒါဝိဒ်​၏​အဖြစ်​တွင် ပရောဖက်​နာသန်​မှ​တစ်ဆင့် အကူအညီ​ပေး​ခဲ့​သည်။ ယနေ့ ခရစ်ယာန်​အသင်းတော်၌ ဝိညာဉ်ရေးတွင်​ရင့်ကျက်သော အသက်ကြီးသူ​များ သို့​မဟုတ် အကြီးအကဲ​များ​ရှိကြသည်။ တပည့်တော်​ယာကုပ်​က ဤသို့ ရှင်းပြ​၏– “[ဝိညာဉ်ရေးတွင်]နာ​သော​သူ​ရှိလျှင် သင်း​အုပ်​တို့ကို​ခေါ်​၍ သူတို့သည် သခင်​ဘုရား​၏​နာမတော်​ကို​အမှီပြုလျက် လူနာ​ကို ဆီ​နှင့်​လူး၍ သူ့​အပေါ်မှာ​ဆုတောင်း​ကြ​စေ။ ထို​သို့ပြုလျှင် ယုံကြည်ခြင်း​၏[ဆုတောင်းချက်]သည် လူနာ​ကို​ကယ်ဆယ်​၍ သခင်​ဘုရား​သည် သူ့ကို​ထမြောက်​စေတော်မူ​မည်။ သူသည် အပြစ်ပြု​မိ​သော်လည်း ထို​အပြစ်ကို​လွှတ်တော်​မူ​မည်။”—ယာကုပ် ၅:၁၄၊ ၁၅

အတွေ့အကြုံ​ရှိ​အကြီးအကဲ​များသည် နောင်တ​ရသော​အပြစ်​ပြုသူ ခံစား​နေရ​သည့်​နှလုံး​နာကျင်မှုကို သက်သာ​စေရန် များစွာ​ကူညီပေး​နိုင်၏။ သူတို့သည် ပြစ်မှားသူ​နှင့်​ပြောဆို​ဆက်ဆံ​ရာ​၌ ယေဟောဝါ​ကို​တုပ​ရန် ကြိုးစား​ကြသည်။ သူတို့သည် ပြင်းထန်​စွာ​ဆုံးမ​ပဲ့ပြင်​ရန် လို​မည်​ဖြစ်သော်လည်း ဘယ်​သောအခါ​မျှ ကြမ်းတမ်း​လို​မည်​မဟုတ်​ချေ။ ၎င်း​အစား၊ သူတို့သည် ထို​သူ၏​လတ်တလော​လိုအပ်ရာ​ကို ထောက်ထား​စာနာ​စွာ စဉ်းစား​ပေး​သည်။ သမ္မာကျမ်းစာ​ကို အသုံးပြု၍ အပြစ်​ပြုသူ​၏​စဉ်းစား​တွေးခေါ်ပုံ​ကို ပြန်လည်​တည့်မတ်​ပေး​ရန် စိတ်ရှည်​စွာ​ကြိုးစား​ကြသည်။ (ဂလာတိ ၆:၁) လူတစ်ဦး​သည် စိတ်လို​ကိုယ်​လျောက်​အပြစ်​ဝန်မခံ​လျှင်​ပင် နာသန်​သည် ဒါဝိဒ်​ထံ​ချဉ်းကပ်​ခဲ့​စဉ်​က ဒါဝိဒ်​နောင်တ​ယူ​သကဲ့သို့ အကြီးအကဲ​များ​ချဉ်းကပ်​လာချိန်​တွင် နောင်တ​ယူ​ရန် လှုံ့ဆော်​ခံရ​ပေမည်။ ဤသို့ဖြင့် အကြီးအကဲ​များ​ပေး​သော​အကူအညီ​သည် အပြစ်​ပြုသူ​ကို ထပ်ခါတလဲ​အပြစ်ပြု​ခြင်း​အန္တရာယ်​မှ ရှောင်ရှား​စေ​၍ စိတ်​ခိုင်မာ​စွာ​အပြစ်​ပြုသူ​ဖြစ်လာ​ခြင်း​၏ ဆိုးကျိုး​ကို​မခံရ​စေရန် ထောက်ကူ​ပေး​သည်။—ဟေဗြဲ ၁၀:၂၆-၃၁

ရှက်ဖွယ်​အပြု​အမူ​များ​ကို အခြားသူများ​အား ဝန်ချ​တောင်းပန်​ခြင်း​နှင့် ခွင့်လွှတ်​မှု​ရယူရန် ကြိုးစား​ခြင်း​တို့သည် အမှန်ပင်​မလွယ်ကူ​ချေ။ သို့​ပြု​ရန် အတွင်း​ခွန်အား​လိုအပ်​၏။ သို့သော် အခြား​တစ်ဖက်​ကို ခေတ္တ​စဉ်းစား​ကြည့်​ပါ။ အသင်းတော်​အကြီးအကဲ​များ​အား မိမိ၏​ကြီး​လေး​သော​အပြစ်ကို ဖော်ပြ​ရန်​ပျက်ကွက်သူ​တစ်ဦး​က ဤသို့​ဆို​သည်– “မမေ့​ပျောက်​နိုင်​လောက်​အောင် နှလုံး​နာကျင်​ခဲ့တယ်။ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​ပို​ကြိုးစား​ပေမဲ့ ကျွန်တော့်​မှာ စိတ်​အနှောင့်အယှက်​ဖြစ်မှု​က ပျောက်​မသွား​ခဲ့​ဘူး။” ဘုရားသခင်​ကို ဆုတောင်း​ပြီး ဝန်ချ​တောင်းပန်​ရုံ​ဖြင့်​လုံလောက်​သည်​ဟု သူ​ထင်မှတ်​ခဲ့​သည်၊ သို့သော် ထိုသို့​မဟုတ်​ခဲ့​ကြောင်း​ထင်ရှား​သည်၊ အကြောင်း​မှာ သူသည် ဘုရင်​ဒါဝိဒ်​နည်းတူ​ခံစား​နေရ​သောကြောင့်​ပင်။ (ဆာလံ ၅၁:၈၊ ၁၁) အကြီးအကဲ​များ​မှ​တစ်ဆင့် ယေဟောဝါ​ပြင်ဆင်​ပေး​သော မေတ္တာပါ​အကူအညီကို လက်ခံခြင်း​သည် သာ၍​ကောင်း​သည်မဟုတ်​ပေ​လော!