မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စံနှုန်းများပြောင်းလဲ၊ ယုံကြည်အားထားမှု စော်ကားခံရ

စံနှုန်းများပြောင်းလဲ၊ ယုံကြည်အားထားမှု စော်ကားခံရ

စံနှုန်း​များ​ပြောင်းလဲ၊ ယုံကြည်​အားထား​မှု စော်ကား​ခံရ

အင်္ဂလန်​ဘုရင် ဟင်နရီ ၁ လက်ထက် (၁၁၀၀-၁၁၃၅) တွင် တစ်​ကိုက်​သည် “ဘုရင်​၏​နှာခေါင်း​ဖျား​မှ​သည် ဆန့်တန်း​ထားသော​လက်​၏ လက်မ​အဆုံးအထိ​အကွာအဝေး” ဖြစ်၏​ဟု ယူမှတ်​ကြသည်။ ဘုရင်​ဟင်နရီ နိုင်ငံသား​များ​၏ ကိုက်​တံ​များသည် မည်မျှ​တိကျ​မှန်ကန်​ခဲ့​မည်​နည်း။ တိကျ​မှန်ကန်​ရန် ဘုရင်​မင်း​နှင့်​ဖူး​တွေ့ မှ​သာ​ဖြစ်​ပေမည်။

အတိုင်းအတာ​များ​ကို စံ​များနှင့်​ယှဉ်​၍ ယနေ့​ဖော်ပြ​လေ့​ရှိရာ ပိုမို​တိကျ​သည်။ ယင်းကြောင့် မီတာ​ဟူသည် လေဟာနယ်​တွင် အလင်း​၏​တစ်စက္ကန့်​သွား​နှုန်း​ကို ၂၉၉,၇၉၂,၄၅၈ ဖြင့်​စား၍​ရသော​အတိုင်းအတာ​ဟု ဖွင့်ဆို​ထား​သည်။ တိကျမှု​ရှိစေရန် ထို​အလင်း​သည် တစ်မျိုးတည်း​သာ​ရှိသော လှိုင်း​အလျား​အရ​ဖြစ်၍ အထူး​လေ​ဆာ​ဖြင့် ထုတ်လွှတ်​ခြင်း​ဖြစ်သည်။ လူ​တို့​တွင် မူ​ပွား​စံ​အတိုင်းအတာ​ကိရိယာ​ရှိပါက မိမိတို့၏​အတိုင်းအတာ​သည် အခြားသူ​တိုင်း​တွင်​ရှိသည့်အတိုင်း​အတာ​နှင့် ထပ်တူ​ထပ်​မျှ​ဖြစ်​မဖြစ် တိုက်​ကြည့်​နိုင်​သည်။

စံ​ပြုထားသော​အတိုင်းအတာ​တွင် အနည်းငယ်​ပြောင်းလဲ​သွားခြင်း​သည်​ပင် မတိကျ​မသေချာ​ဖြစ်သွား​စေနိုင်​သောကြောင့် စံ​များ​ကို​ထိန်းသိမ်း​ထား​ရန် အကြီးအကျယ်​အားထုတ်​ကြသည်။ ဥပမာ​အနေ​နှင့် ဗြိတိန်​တွင် စံ​ပြုထားသော​ထုထည်​အတိုင်းအတာ​သည် ပ​လက်တီ​န​မ်​နှင့် အီရီ​ဒီယမ်​သတ္တုများ ရောစပ်​ပြုလုပ်​ထား​သည့် တစ်​ကီ​လို​ဂ​ရမ်​အလေးချိန်​ရှိ သတ္တု​ချောင်း​တစ်ချောင်း​ဖြစ်သည်။ ထို​သတ္တု​ချောင်း​ကို အမျိုးသား​ရူပဗေဒ​ဓာတ်ခွဲခန်း​၌​ထား​သည်။ ယာဉ်​အသွားအလာ​နှင့် လေယာဉ်​ဖြတ်သန်း​သွားခြင်း​ကြောင့် လေထု​ညစ်ညမ်းမှု​က စံ​ပြုထားသော​ကီ​လို​ဂ​ရမ်​၏​အလေးချိန်ကို နေ့စဉ်​တိုးလာ​စေ​သည်။ သို့ရာတွင် ထို​သတ္တု​ချောင်း သို့​မဟုတ် ဆ​လင်ဒါ​သည် ပြင်သစ်​နိုင်ငံ၊ စက်​ဗာ့စ်​ရှိ အပြည်ပြည်ဆိုင်ရာ အလေးချိန်​နှင့်​အတိုင်းအတာ​ဗျူရို​၏ မြေအောက်ခန်း​တွင် ဖန်အုပ်ဆောင်း​သုံးခု​အောက်​၌​ထားသော ကမ္ဘာ့​စံ​၏​မိတ္တူ​တစ်ခု​ဖြစ်သည်။ သို့ရာတွင် ထို​အရာဝတ္ထု​၏​အလေးချိန်​ပင် အဏုကြည့်​မှန်ပြောင်း​ဖြင့်​ကြည့်​မှ​သာ​မြင်ရ​သည့် ညစ်ပေ​မှု​ကြောင့် ပြောင်းလဲမှု​ရှိသည်။ ကမ္ဘာ့​အတိုင်းအတာ​ပညာရှင်​များသည် ထို​ထက်​ပို​၍​တည်မြဲသော​စံ​ကို ယခု​ထိ​တိုင် မ​ဖန်တီး​နိုင်​ကြ​သေး​ချေ။

အလွန့်အလွန်​သေးငယ်​သည့် ပြောင်းလဲမှု​များသည် သာမန်​လူတစ်ဦး​အတွက် အရေးမပါ​ပုံ​ရှိသော်လည်း စံ​တစ်ခု လုံးဝ​ပြောင်းလဲ​သွားခြင်း​သည် က​မော​က်​က​မဖြစ်စေ​နိုင်​သည်။ ဗြိတိန်​နိုင်ငံ​တွင် စံ​အဖြစ်​သတ်မှတ်​ထားသော အလေးချိန်​အတိုင်းအတာ (ပေါင်​များနှင့် အောင်​စ​များ) မှ မက်ထရစ် (ကီ​လို​ဂ​ရမ်​များနှင့် ဂ​ရမ်​များ) သို့​ပြောင်းလဲ​ခဲ့​ချိန်​က ယုံကြည်​စိတ်ချမှု အတော်အတန်​လျော့နည်း​သွား​စေ​ခဲ့​ခြင်း​သည် ဖြစ်​လည်း​ဖြစ်စရာ​ပင်။ မ​သ​မာ​သော​ဆိုင်​ရှင်​အချို့​သည် နည်း​စနစ်သစ်​နှင့်​အကျွမ်းတဝင်​မရှိသူ များသော​ကြောင့် အခွင့်အရေး​ယူပြီး သူတို့၏​ဖောက်သည်​များ​ကို လိမ်ညာ​ခဲ့​ကြသည်။

မိသားစု​နှင့် ကျင့်ဝတ်​စံနှုန်း​များ

မိသားစု​နှင့် ကျင့်ဝတ်​စံနှုန်း​များ ပြောင်းလဲခြင်း​ကော အသို့နည်း။ ယင်း​သို့​သော​ပြောင်းလဲမှု​များ​၏​အကျိုးဆက်​သည် ပို​၍​ဆိုးရွား​နိုင်​သည်။ မိသားစု​ပြိုကွဲခြင်း၊ တွေ့​က​ရာ​လူ​နှင့်​လိင်ဆက်ဆံခြင်း၊ နေရာအနှံ့​တွင် ကလေး​ကို​မတော်မတရား​ပြုခြင်း​ဆိုင်ရာ နောက်ဆုံး​သတင်း​များ​က လူများစွာကို ထိတ်လန့်​တုန်လှုပ်​စေ​၍ စံနှုန်း​များ​ကျဆင်း​နေသော​ခေတ်တွင် ကျွန်ုပ်​တို့​အသက်ရှင်နေ​ရ​ကြောင်း သေချာ​စေ​သည်။ မိဘ​မ​စုံ​သော​မိသားစု​များ၊ လိင်​တူ​ဆက်ဆံ​သော “မိဘများ” လက်ထဲ​ကြီးပြင်း​လာ​ရသည့် ကလေး​များနှင့် ရပ်ရွာ​အာဏာပိုင်​များ​၏ စောင့်ရှောက်မှု​အောက်​ရှိ​ကလေး​များ ထိတ်လန့်ဖွယ် လိင်ဆိုင်ရာ​မတော်မတရား​ပြုမူ​ခံရ​ခြင်း​တို့​က အများ​လက်ခံသည့်​စံနှုန်း​များ​ကို လူ​တို့​ကျောခိုင်း​စွန့်ပစ်ခြင်း​၏ ရလဒ်များ​ဖြစ်သည်။ လွန်ခဲ့သော​နှစ်ပေါင်း​နှစ်ထောင်​ခန့်​က သမ္မာကျမ်းစာ​တင်ကြိုဟော​ထား​သည့်​အတိုင်း လူတို့သည် သာ၍ “ကိုယ့်​ကိုယ်ကို​ချစ်သော​သူ၊ . . . ပကတိ​ကြင်နာ​စုံမက်ခြင်း​နှင့်​ကင်း​သော​သူ၊ . . . သူတော်ကောင်း​ကို​မုန်း​သော​သူ၊ . . . ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ကာ​မ​ဂုဏ်​ခံစားခြင်း​ကို​သာ၍​နှစ်သက်သော​သူ” များ​ဖြစ်လာ​ကြပြီ။—၂ တိမောသေ ၃:၁-၄

ကျင့်ဝတ်​စံနှုန်း​များ​ကျဆင်း​ခြင်း​သည် တစ်ဖက်သား​၏​ယုံကြည်​စိတ်ချမှု​ကို ပစ်​ပစ်​ခါ​ခါ​စော်ကားခြင်း​နှင့် ဒွန်တွဲ​လျက်​ရှိသည်။ အင်္ဂလန်​မြောက်ပိုင်း​ရှိ ဟိုက်​ဒ်​မြို့တွင် ဆေးပညာ​သည်​တို့ စောင့်စည်း​အပ်သော မြင့်မား​သည့်​ကျင့်ဝတ်​စံနှုန်း​များ​မှ သိသိသာသာ​သွေဖည်​မှုများ မကြာမီ​က ပေါ်​သွားခဲ့သည်၊ ထို​မြို့သား​များသည် ၎င်းတို့၏ “လေးစား​ယုံကြည်​သော” မိသားစု​ဆရာဝန်​များ​အား အတွင်းရေး​များ​ကို ဖွင့်ပြော​လေ့​ရှိသည်။ သို့သော် ထို​မြို့သား​တို့၏​ယုံကြည်​အားထား​မှု​သည် ဝမ်းနည်းဖွယ်​ကောင်းစွာ စော်ကား​ခံ​ခဲ့​ရသည်။ မည်သို့​အားဖြင့်​နည်း။ အထွေထွေ​ကု​ဆရာဝန်​တစ်ဦး​သည် သူ၏​အမျိုးသမီး​လူနာ အနည်းဆုံး ၁၅ ယောက်​ကို သေဆုံး​စေ​ခဲ့​ကြောင်း မှုခင်း​စစ်ဆေးချက်​များ​က​ဖော်ပြ​သည်။ အဆိုပါ​ဆရာဝန်​နှင့်​ပတ်သက်​နေသည့် အခြား​သေဆုံးမှု ၁၃၀ မ​က​ကို ရဲ​များ​ပြန်၍​စုံစမ်း​စစ်ဆေး​ခဲ့​ရသည်။ ၎င်း​ဆရာဝန်​သည် ပြစ်မှု​ထင်ရှား​ပြီး ထောင်ဒဏ်​စီရင်ချက်​ချ​ခံရသော​အခါ သူ​တစ်​ထူး​၏​ယုံကြည်​စိတ်ချမှု​ကို မည်မျှ​အထိ​စော်ကား​ခဲ့​ကြောင်း အထင်အရှား​တွေ့ရ​သည်။ ဤ​နာမည်​ပျက်​အကျဉ်းသားကို မ​စောင့်ကြပ်​ရစေ​ရန်​အ​လို့​ငှာ ထို​ဆရာဝန်​ကြောင့် မိခင်​အသက်ဆုံး​ခဲ့​ရ​ဖွယ်​ရှိသည့် အကျဉ်းထောင်​အရာရှိ​နှစ်ဦး​ကို တာဝန်​ပြောင်း​ပေး​ခဲ့​ရသည်။ သည်​ဒေးလီး​တယ်​လီ​ဂ​ရပ်​ဖ်​တွင် ထို​မှုခင်း​နှင့်​ပတ်သက်​၍ ပြစ်မှု​ထင်ရှားသော ၎င်း​အထွေထွေ​ကု​ဆရာဝန်​ကို “‘မကောင်းဆိုးဝါး’ ဆရာဝန်” ဟု​ခေါ်ဆို​ထားခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ။

ဘဝ​ကဏ္ဍ​မြောက်မြားစွာ​တွင် ပြောင်းလဲ​ပြီး ဆုတ်ယုတ်​ကျဆင်း​နေသော​စံနှုန်း​များ​ကို ထောက်ရှု​ခြင်း​ဖြင့် သင်သည် မည်​သူ့ကို စိတ်ချ​လက်ချ​ယုံကြည်​အားထား​နိုင်​မည်​နည်း။ ထိန်းသိမ်း​ပေး​နိုင်စွမ်း​ရှိသည့် အာဏာပိုင်​တစ်ဦး​က ကျော​ထောက်​နောက်ခံ​ပေး​ထားသော မပြောင်းလဲ​နိုင်​သည့်​စံနှုန်း​များ​ကို အဘယ်​နေရာတွင် တွေ့​နိုင်​မည်​နည်း။ နောက်​ဆောင်းပါး​က ထို​မေးခွန်းများကို အဖြေပေး​ပါ​မည်။