မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောက်ဆုံးအောင်ပွဲသို့ ချီတက်နေခြင်း!

နောက်ဆုံးအောင်ပွဲသို့ ချီတက်နေခြင်း!

နောက်ဆုံး​အောင်ပွဲ​သို့ ချီတက်​နေခြင်း!

“ထို​အခါ ကြည့်​လော့! မြင်းဖြူ​တစ်စီး​ငါ​မြင်​၏။ မြင်းစီးသူရဲ​သည် လေး​ကို​ကိုင်ထား​၏။ သူ့​အား​သရဖူ​ကို​ပေး​၏။ သူသည် အောင်မြင်​လျက်​လည်းကောင်း၊ အပြီးသတ်​အောင်ပွဲခံ​ရန်​လည်းကောင်း ထွက်သွား​လေ​သည်။”—ဗျာဒိတ် ၆:၂၊ က​ဘ။

၁။ အဆင်းအာရုံ​၌ အဘယ်​အနာဂတ်​ဖြစ်ရပ်​များ​ကို ယောဟန်​မြင်တွေ့ခဲ့​သနည်း။

တမန်​တော်​ယောဟန်​သည် ဘုရားသခင့်​ဝိညာဉ်​တော်​မှုတ်သွင်းခြင်း​အားဖြင့် နောင်​အနှစ် ၁,၈၀၀ ခန့်​ကို ကြိုမြင်​နိုင်​ခဲ့​ပြီး ဘုရင်​အဖြစ် ခရစ်တော်​နန်းတင်​ခံရ​ခြင်း​ကို ဖော်ပြ​ခဲ့​သည်။ အဆင်းအာရုံ​၌ မိမိ​မြင်တွေ့ခဲ့​သော​အရာ ပြည့်စုံ​လာ​မည်​ကို ယောဟန်​ယုံကြည်ခြင်း​ရှိဖို့လို​အပ်​ခဲ့​သည်။ ကြိုဟော​ထားသော ဤ​နန်းတက်​ခြင်း​သည် ၁၉၁၄ ခုနှစ်​တွင်​ဖြစ်ပျက်​ခဲ့​ကြောင်း ယနေ့ ထင်ရှားသော​အထောက်အထား ကျွန်ုပ်​တို့​၌​ရှိ၏။ ယေရှု​ခရစ်​သည် “အောင်မြင်​လျက်​လည်းကောင်း၊ အပြီးသတ်​အောင်ပွဲခံ​ရန်​လည်းကောင်း ထွက်” သွား​ကြောင်းကို ယုံကြည်ခြင်း​မျက်စိ​နှင့် ကျွန်ုပ်​တို့​မြင်ရ​ကြသည်။

၂။ ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်ခြင်း​ကို စာတန်​မည်သို့​တုံ့ပြန်​သနည်း၊ ယင်းက အဘယ်အရာ၏​သက်သေ​သာဓက​ဖြစ်သနည်း။

ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပြီး​နောက် စာတန်​သည် ကောင်းကင်​မှ​နှင်ချ​ခံ​ခဲ့​ရ​သဖြင့် ဒေါသကြီး​စွာ အပြင်းအထန်​တိုက်ခိုက်​သော်လည်း အောင်မြင်​ဖို့ အလားအလာ​မရှိ​ချေ။ (ဗျာဒိတ် ၁၂:၇-၁၂) သူ၏​အမျက်​ဒေါသ​က ကမ္ဘာ့​အခြေအနေ​ကို ဆိုး​သည်ထက် ပို​၍​ဆိုးရွား​စေ​ခဲ့ပြီ။ လူ့​ဘောင်​အဖွဲ့အစည်း​မှာ အစိတ်စိတ်အမြွှာမြွှာ​ပြိုကွဲ​မည့်​ဟန်​ရှိ၏။ ယေဟောဝါသက်သေ​များ​အတွက်​မူ ယင်းသည် “အပြီးသတ်​အောင်ပွဲခံ​ရန်” မိမိတို့​ဘုရင် ရှေ့သို့​ချီ​နေသည့် သာဓက​ဖြစ်၏။

ဖွဲ့စည်း​လျက်​ရှိသော ကမ္ဘာသစ်​အဖွဲ့အစည်း

၃၊ ၄။ (က) ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ချိန်​မှ​စ၍ ခရစ်ယာန်​အသင်းတော်တွင် အဖွဲ့အစည်း​ဆိုင်ရာ အဘယ်​ပြောင်းလဲမှု​များ​ရှိခဲ့​ပြီ​နည်း၊ ၎င်း​တို့ အဘယ်ကြောင့်​လိုအပ်​သနည်း။ (ခ) ဤ​ပြောင်းလဲမှု​များ​ကြောင့် ဟေရှာယ​ကြိုပြော​ခဲ့​သည့်​အတိုင်း အဘယ်​အကျိုး​ရရှိခဲ့​ပြီ​နည်း။

ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပြီး​ခဲ့ပြီ​ဖြစ်၍ ယခု နိုင်ငံတော်​တာဝန်​ပိုမို​တိုးများ​လာသော ပြန်လည်​တည်ထောင်​ထား​သည့် ခရစ်ယာန်​အသင်းတော်ကို ပထမ​ရာစု​ခရစ်ယာန်​အသင်းတော်​ပုံစံ​နှင့် ပို​၍​ကိုက်ညီ​စေရန် ဖွဲ့စည်း​ဖို့​အချိန်တိုင်​ပြီ​ဖြစ်သည်။ ထို့​ကြောင့် ၁၉၃၈၊ ဇွန် ၁ ရက်​နှင့် ၁၅ ရက်ထုတ်​ကင်းမျှော်စင်​က ခရစ်ယာန်​အသင်းတော်သည် မည်သို့​လည်ပတ်​သင့်​ကြောင်းကို ဆန်းစစ်​ထား​သည်။ ထို့နောက် ၁၉၇၁၊ ဒီဇင်ဘာ ၁၅ ရက်ထုတ်​က “တရားဝင်​ကော်ပိုရေးရှင်း​နှင့်​မတူ​သော အုပ်ချုပ်ရေး​အဖွဲ့​တစ်ခု” ဟူသော​ဆောင်းပါး​၌ မျက်မှောက်ခေတ်​အုပ်ချုပ်ရေးအဖွဲ့ကို ပိုမို​ရှင်းလင်းစွာ ခွဲခြား​ဖော်ပြ​ထား​သည်။ ၁၉၇၂ ခု​တွင် ဒေသခံ​အသင်းတော်များ​ကို ကူညီ​၍ ညွှန်ကြား​ပေး​ရန် အကြီးအကဲအဖွဲ့​များ​ကို ခန့်အပ်​ပေး​ခဲ့​သည်။

ပြန်လည်​၍ လျောက်ပတ်​စွာ​ကြီးကြပ်​ပေးခြင်း​က ခရစ်ယာန်​အသင်းတော်ကို အကြီးအကျယ်​ခိုင်ခံ့​မြဲမြံ​စေ​ခဲ့​သည်။ ထို့​အပြင် အကြီးအကဲ​များ​ကို တရားရေး​ကိစ္စရပ်​များ​တွင် လေ့ကျင့်​ပေးခြင်း​အပါအဝင် သူတို့၏​ဝတ္တရား​များ​ကို​ထမ်းဆောင်​ဖို့ လေ့ကျင့်​ညွှန်ကြား​ပေး​ရန် အုပ်ချုပ်ရေး​အဖွဲ့​၏ အစီအစဉ်များသည်လည်း များစွာ​အထောက်အကူ​ဖြစ်​ခဲ့​သည်။ ဘုရားသခင့်​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​၏ အစီအစဉ်​နှင့်​ပတ်သက်သော တရွေ့ရွေ့​တိုးတက်မှု​များနှင့် ယင်း​တို့၏​အပြုသဘောဆောင်​သော အကျိုး​ရလဒ်များ​ကို ဟေရှာယ ၆၀:၁၇ က​ဤသို့​ကြိုဟော​သည်– “ကြေးဝါ​အရာ​၌​ရွှေ​ကိုလည်း​ကောင်း၊ သံ​အရာ​၌​ငွေ​ကိုလည်း​ကောင်း၊ သစ်သား​အရာ​၌​ကြေးဝါ​ကိုလည်း​ကောင်း၊ ကျောက်​အရာ​၌​သံ​ကိုလည်း​ကောင်း ငါ​ဆောင်​ခဲ့​မည်။ သင်၏​အရာရှိ​တို့ကို ငြိမ်သက်​သော​သဘော၊ အခွန်ခံတို့​ကို ဖြောင့်မတ်​သော​သဘော​နှင့် ပြည့်စုံ​စေမည်။” အပြုသဘောဆောင်​သော ဤ​ပြောင်းလဲမှု​များ​က ဘုရားသခင့်​ကောင်းချီး​များ​ကို ပေါ်လွင်​စေပြီး ကိုယ်တော်​၏​နိုင်ငံတော်​ကို ဇွဲရှိ​ရှိ​ထောက်ခံကြ​သူတို့သည် ဘုရားသခင့်​မျက်နှာသာ​ရရှိကြောင်း သက်သေထူ​သည်။

၅။ (က) ယေဟောဝါ​၏​လူမျိုးတော်အပေါ် ကိုယ်တော်​ကောင်းချီး​များ​ချပေးခြင်း​ကို စာတန်​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ (ခ) ဖိလိပ္ပိ ၁:၇ ပါ​စကား​နှင့်​အညီ ယေဟောဝါ​၏​လူတို့သည် စာတန့်​အမျက်​ဒေါသကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပြီး​နောက် မိမိ၏​လူမျိုးတော်ကို ဘုရားသခင်​တင်ပြ​သည့် မေတ္တာပါ​သော​အာရုံစိုက်မှု​နှင့် လမ်းညွှန်မှု​တို့ကို စာတန်​သတိ​မပြုမိ​ဘဲ​မနေခဲ့ပါ။ ဥပမာ၊ ၁၉၃၁ ခုနှစ်​တွင် ဤ​ခရစ်ယာန်​အုပ်စုငယ်​လေး​သည် ကျမ်းစာ​ကျောင်းသား​များ​မျှ​သာ​မဟုတ်​ကြောင်း လူသိရှင်ကြား​ဖြစ်လာ​ခဲ့​သည်။ ဟေရှာယ ၄၃:၁၀ နှင့်​အညီ သူတို့သည် ယေဟောဝါသက်သေ​များ​ဖြစ်​ကြ​၏! တိုက်ဆိုင်မှု​ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ စာတန်​သည် ကမ္ဘာ​တစ်ဝန်း​၌ နှိပ်စက်​ညှဉ်းပန်းမှု​လှိုင်းလုံး​ကို မကြုံစဖူး​ကျရောက်​စေ​ခဲ့​သည်။ ပုံမှန်​အားဖြင့် ဘာသာရေး​လွတ်လပ်မှု​ရှိသည့် အမေရိကန်​ပြည်ထောင်စု၊ ကနေဒါ​နှင့် ဂျာမနီ စ​သည့်​နိုင်ငံ​များ​၌​ပင် သက်သေခံ​များသည် ဆက်၍​လွတ်လပ်​စွာ​ဝတ်ပြုခွင့်​ရဖို့ ဥပဒေ​အရ ကြိမ်ဖန်​များစွာ ဆိုင်ပြိုင်​တိုက်လှန်​ခဲ့​ကြ​ရသည်။ ၁၉၈၈ တိုင်သော် ယူ.အက်စ်. တရားရုံး​ချုပ်​က ယေဟောဝါသက်သေ​များ​၏​အမှုတွဲ ၇၁ ခု​ကို​ပြန်လည်​ဆန်းစစ်​ခဲ့​ပြီး​ဖြစ်​ကာ သုံးပုံနှစ်ပုံ​မှာ အနိုင်​ရခဲ့ကြောင်း တွေ့ရှိ​ရသည်။ ယနေ့ ကမ္ဘာ​တစ်ဝန်း​တွင် ပထမ​ရာစု​၌​ကဲ့သို့ “ဧဝံဂေလိတရား​ဘက်၌​သက်သေခံ​၍ ထို​တရားကို​တည်စေ” နိုင်​ဖို့ ဥပဒေ​အရ ဆက်၍​တိုက်လှန်​နေဆဲ​ရှိသည်။—ဖိလိပ္ပိ ၁:၇

၆။ ယေဟောဝါ​၏​လူမျိုးတော် ရှေ့သို့​တိုး​နေခြင်း​ကို ပိတ်ပင်​မှုများ၊ ကန့်သတ်ချက်​များ​က တားဆီး​နိုင်​သလော၊ ဥပမာ​ဖြင့်​ဖော်ပြ​ပါ။

ဒုတိယ​ကမ္ဘာ​စစ်​မတိုင်မီ ၁၉၃၀ ပြည့်လွန်​နှစ်များ​အတွင်း နိုင်ငံသုံး​နိုင်ငံ​ကို​သာ ထုတ်ဖော်​ပြော​ရ​လျှင် ဂျာမနီ၊ စပိန်​နှင့် ဂျပန်​စ​သည်​တို့​တွင် အာဏာရှင်​ဆန်​သော​အုပ်ချုပ်ရေး​များ​က ယေဟောဝါသက်သေ​များ​၏​လုပ်ငန်း​အပေါ် ပိတ်ပင်​မှုများ​နှင့် ကန့်သတ်ချက်​များ​ပြဋ္ဌာန်း​ခဲ့​ကြသည်။ သို့သော် ၂၀၀၀ ပြည့်နှစ်​တွင် ဤ​သုံး​နိုင်ငံ​တည်း​၌​ပင် တက်ကြွ​လှုပ်ရှား​သည့် ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၅၀၀,၀၀၀ ခန့်​ရှိနေ​ပေ​ပြီ။ ယင်းက ၁၉၃၆ ခုနှစ်​၌၊ ကမ္ဘာ​တစ်ဝန်း​ရှိ သက်သေခံ​အရေအတွက်​၏ ဆယ်​ဆ​နီးပါး​တိုးလာ​ခြင်း​ဖြစ်သည်​တကား! ယေဟောဝါ​၏​လူမျိုးတော်သည် သူတို့၏​အောင်ပွဲခံ​ခေါင်းဆောင် ယေရှု​ခရစ်​လက်အောက် ရှေ့သို့​ချီ​နေခြင်း​ကို ပိတ်ပင်​မှုများ​နှင့် ကန့်သတ်ချက်​များ​က မတားဆီး​နိုင်​ကြောင်း ရှင်းနေပါသည်။

၇။ ၁၉၅၈ ခုနှစ်​တွင် အဘယ်​ထင်ရှားသော အဖြစ်အပျက်​တစ်ခု​ဖြစ်ပျက်​ခဲ့​သနည်း၊ ထို​အချိန်​မှ​စ၍ အဘယ်​ထူးခြားသော​ပြောင်းလဲမှု​ကြီး​တစ်ခု ဖြစ်​ခဲ့​သနည်း။

၁၉၅၈ ခုနှစ်​၌ ယေဟောဝါသက်သေ​များသည် အများဆုံး​တက်ရောက်သူ ၂၅၃,၉၂၂ ဦး​ဖြင့် မြင့်မြတ်​သော​အလိုတော် အပြည်ပြည်ဆိုင်ရာ​စည်းဝေးကြီး​ကို နယူးယောက်​မြို့တွင် မ​ကျင်းပ​စ​ဖူး အကြီးဆုံး​စည်းဝေးကြီး​ကို ကျင်းပ​ခဲ့​ခြင်း​က ဤ​ရှေ့သို့​တိုးတက်ခြင်း​၏​သာဓက​ပါ​တကား။ ၁၉၇၀ တိုင်​လေ​သော် ထို​စဉ်​က အရှေ့​ဂျာမနီ​ဟု​သိထားကြ​သည့်​နိုင်ငံ​မှ​လွဲ​၍ အထက်​ဖော်ပြ​ပါ​သုံး​နိုင်ငံ​တွင် သူတို့၏​လုပ်ငန်း​လမ်းပွင့်​ခဲ့​သည်။ သို့ရာတွင် ကြီးမားသော ဆိုဗီယက်​ပြည်ထောင်စု​နှင့် ဝါဆော​စာချုပ်​အတွင်းရှိ ယင်း​၏​မဟာမိတ်​နိုင်ငံ​များ​တွင် သက်သေခံ​များသည် ပိတ်ပင်​ခံ​နေရ​ဆဲ​ဖြစ်သည်။ ယခင်​က ကွန်မြူနစ်​ဝါဒ​ကြီးစိုး​သည့် ဤ​နိုင်ငံ​များ​တွင် ယခု​အခါ တက်ကြွ​စွာ​ပါဝင်​နေသော​သက်သေခံ ခြောက်​သိန်း​နီးပါး​ရှိ၏။

၈။ ယေဟောဝါ​၏​လူမျိုးတော်သည် ကိုယ်တော့်​ကောင်းချီး​ခံစား​ရခြင်း​ကြောင့် အဘယ်​အကျိုး​ရလဒ်​ရရှိခဲ့​ပြီ​နည်း၊ ၁၉၅၀ ပြည့်နှစ်​ထုတ်​ကင်းမျှော်စင်​က ယင်း​အကြောင်း မည်သို့​ဆို​ခဲ့​သနည်း။

ယေဟောဝါသက်သေ​များသည် “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ” လျက်​နေကြ​သောကြောင့် တိုးတက်လာ​သည့်​ကောင်းချီး​ကို ခံစားရ​ကြပြီ။ (မဿဲ ၆:၃၃) ဟေရှာယ​၏ ဤ​ပရောဖက်ပြုချက်​သည် စာသား​အရ​ပင် ပြည့်စုံ​ခဲ့ပြီ– “သူငယ်​တစ်ယောက်​သည် လူ​တစ်ထောင်​ဖြစ်​ရ​လိမ့်​မည်။ အားနည်း​သော​သူ​တစ်ယောက်​သည် အား​ကြီးသော​လူမျိုး​ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာဝရ​ဘုရား​သည် အချိန်​ရောက်​လျှင် ထို​အမှုကို​နှိုးဆော်​မည်။” (ဟေရှာယ ၆၀:၂၂) ထို​မျှ​နှင့်​မပြီးသေး​ပါ။ လွန်ခဲ့သော​ဆယ်စုနှစ်​တွင်​ပင် ဘုရားသခင့်​နိုင်ငံတော်​အုပ်ချုပ်မှု​ကို တက်ကြွ​စွာ​ထောက်ခံသူ အရေအတွက်​သည် ၁,၇၅၀,၀၀၀ ကျော်​တိုးများ​လာ​သည်။ ဤ​သူတို့သည် ၁၉၅၀ ပြည့်နှစ်​ထုတ် ကင်းမျှော်စင်​တစ်စောင်​၌ ဖော်ပြသည့် ဤ​လူစု​တွင် စိတ်လို​ကိုယ်​လျောက်​ပါဝင်​လာ​ခဲ့​ကြပြီ– “ဘုရားသခင်​သည် ကမ္ဘာသစ်​အဖွဲ့အစည်း​တစ်ခု​ကို ယခု အသင့်ပြင်​နေပြီ။ . . . ဤ​ဗဟိုအဖွဲ့​သည် အာမဂေဒုန်​ကို ဖြတ်ကျော်​၍ ‘မြေကြီး​သစ်’ တွင် ဦးဆုံး​နေရာ​ရပြီး . . . သီ​အို​က​ရက်​နည်းလမ်း​အရ ဖွဲ့စည်း​ခံရ​ကာ အဖွဲ့အစည်း​၏​ဆောင်ရွက်​ပုံ​ကို သိထား​ပြီး​ဖြစ်​မည်။” ထို​ဆောင်းပါး​က ဤသို့​နိဂုံး​ချုပ်​သည်– “ထို့​ကြောင့် ကမ္ဘာသစ်​အဖွဲ့အစည်း​တစ်ခု​အနေ​နှင့် ကျွန်ုပ်​တို့အားလုံး အတူတကွ ရှေ့သို့​တိုး၍ မှန်မှန်​ချီတက်​ကြပါစို့!”

၉။ နှစ်များ​တစ်လျှောက် ယေဟောဝါသက်သေ​များ​တတ်သိ​ခဲ့​ရာ​များသည် မည်သို့​အကျိုး​ဖြစ်​ခဲ့ပြီ​နည်း။

ဤ​အတောအတွင်း အစဉ်​တိုးတက်​လျက်​ရှိသော ဤ​ကမ္ဘာသစ်​အဖွဲ့အစည်း​သည် ယနေ့​ပင် တန်ဖိုး​ဖြတ်​မရ​သည့် ပြေပြစ်​ကျွမ်းကျင်​စွာ လုပ်​နည်း​ကိုင်​နည်း​များ​ကို တတ်မြောက်​ထား​ရာ အာမဂေဒုန်​ပြီး​နောက် ပြန်လည်​ထူထောင်ခြင်း​လုပ်ငန်း​တွင် ဆက်​အသုံးပြု​ကြ​ပေမည်။ ဥပမာ၊ သက်သေခံ​များသည် စည်းဝေးကြီး​များ​စီစဉ်​ရန်၊ အရေးပေါ်​ကယ်ဆယ်​ရေး​လုပ်ငန်း​ကို အမြန်​ပြုလုပ်​ဆောင်ရွက်​ပေး​ရန်​နှင့် အဆောက်အဦ​များ​ကို အမြန်​ဆောက်လုပ်​ပြီး​ရန် သင်​ယူ၍ တတ်မြောက်​ခဲ့​ကြပြီ။ ဤ​လုပ်ဆောင်မှု​ကြောင့် လူအများသည် ယေဟောဝါသက်သေ​များ​ကို ချီးကျူး​၍ လေးစား​လာ​ကြ​ပေ​ပြီ။

အမြင်မှား​များ​ကို မှန်​စေခြင်း

၁၀၊ ၁၁။ ယေဟောဝါသက်သေ​များနှင့်​ပတ်သက်သော အမြင်မှား​မှုများ မည်သို့​အမြင်မှန်​စေ​ခဲ့ပြီ​ဖြစ်​ကြောင်း ဥပမာ​နှင့်​ရှင်းပြပါ။

၁၀ သို့​တိုင် ယေဟောဝါသက်သေ​တို့သည် လူ့​အဖွဲ့အစည်း​နှင့် အံမဝင်​သူများ​ဟု စွပ်စွဲသူ​များ​ရှိသည်။ ထိုသို့​စွပ်စွဲ​ကြ​ရခြင်း​မှာ အဓိက​အားဖြင့် သွေးသွင်း​ခြင်း၊ ကြားနေ​ခြင်း၊ ဆေးလိပ်​သောက်​ခြင်း​နှင့် ကိုယ်ကျင့်တရား​စ​သည့်​ကိစ္စရပ်​များ​တွင် သက်သေခံ​များ​၏ ကျမ်းစာ​အခြေပြု​အနေအထား​ကြောင့်​ဖြစ်၏။ သို့ရာတွင် သက်သေခံ​များ​၏​ရှုမြင်ပုံ​များ​ကို သုံးသပ်ထိုက်​သည်​ဟု ဝန်ခံ​စ​ပြုသူ​အရေအတွက် တိုးများ​လာ​နေသည်။ ဥပမာ၊ ပိုလန်​နိုင်ငံ​မှ ဆရာဝန်​တစ်ဦး​က သူနှင့် ဆေးရုံ​မှ​သူ၏​လုပ်ဖော်ဆောင်ဖက်​တို့သည် သွေးသွင်း​ခြင်း​ကိစ္စ​ကို နာရီ​ပေါင်း​များစွာ ဆွေးနွေး​နှီးနှော​ခဲ့​ကြောင်း ယေဟောဝါသက်သေ​များ​၏ စီမံခန့်ခွဲရေး​ရုံး​သို့ ဖုန်း​ဆက်​အကြောင်းကြား​ခဲ့​သည်။ ထိုသို့​ဆွေးနွေး​ဖြစ်​ခြင်း​မှာ ၎င်း​နေ့ရက်​ထုတ် ပိုလန်​သတင်းစာ ဇီး​နစ်​ခ် ဇ​က်​ဟော​န်နီ​၌​ပါ​လာသော ဆောင်းပါး​တစ်ပုဒ်​ကြောင့်​ဖြစ်သည်။ ထို​ဆရာဝန်​က ဤသို့​ဝန်ခံခဲ့​သည်– “ဆေးပညာ​လောကမှာ သွေး​ကို​အလွန်အကျွံ​သုံးစွဲ​နေတဲ့​အတွက် ကျွန်မ​ကိုယ်တိုင် စိတ်မကောင်း​ဘူး။ ဒါကို​ပြောင်းလဲ​ကြရမယ်၊ ဒီ​ကိစ္စ​ကို စတင်​ဖွင့်ဟ​ဆွေးနွေး​တဲ့​သူ​ရှိလို့ ကျွန်မ​ဝမ်းသာ​မိတယ်။ ကျွန်မ​နောက်ထပ်​သိချင်​ပါ​သေး​တယ်။”

၁၁ ယ​မ​န်​နှစ်​က​ကျင်းပ​ခဲ့​သော ညီလာခံ​တစ်ခု​တွင် ကနေဒါ၊ ဥရောပ၊ အစ္စရေး​နှင့် အမေရိကန်​ပြည်ထောင်စု​တို့​မှ ဆေး​ဘက်​ဆိုင်ရာ​အရာရှိများ​သည် သွေး​အသုံးမပြု​ဘဲ လူနာ​တို့ကို ဆရာဝန်​များ​ကုသ​ပေး​နိုင်​ဖို့ စီစဉ်​ထား​သည့်​ဆေး​ပစ္စည်း​များ​အကြောင်း ဆွေးနွေး​ခဲ့​ကြသည်။ ဆွစ်ဇလန်​နိုင်ငံ​၌​ကျင်းပ​ခဲ့​သော ဤ​အစည်းအဝေး​တွင် တင်ပြ​ခဲ့​သည်​မှာ ရေပန်းစား​နေသော ထင်မြင်ချက်​အတိုင်း​မဟုတ်ဘဲ အမှန်​မှာ သွေးသွင်း​ခြင်း​ကို​လက်ခံသည့် လူနာ​သေဆုံး​နှုန်း​သည် သွေး​လက်မခံ​သည့်​လူနာ​သေဆုံး​နှုန်း​ထက် ပို​များ​ကြောင်း​ဖြစ်သည်။ သက်သေခံ​လူနာများ​သည် သွေး​ဖြင့်​ကုသ​ခံ​သော​လူနာများ​ထက် ဆေးရုံ​မှ​စောစော​ဆင်း​နိုင်​သဖြင့် ဆေး​ဖိုး​ဝါး​ခ​အကုန်အကျ ပို​သက်သာ​လေ့​ရှိသည်။

၁၂။ ယေဟောဝါသက်သေ​များ​၏ နိုင်ငံရေး​ကြားနေ​မှု​နှင့်​ပတ်သက်​၍ အထင်ကရ​ပုဂ္ဂိုလ်​များ မည်သို့​ချီးမွမ်း​ပြောဆို​ခဲ့​ကြောင်း ဥပမာတစ်ခု​ပေး​ပါ။

၁၂ နာဇီ​တိုက်ခိုက်မှု​အောက် ခံရပ်​ခဲ့​ချိန် ဒုတိယ​ကမ္ဘာ​စစ်​မတိုင်မီ​နှင့် စစ်​အတောအတွင်း​၌ ယေဟောဝါသက်သေ​များ​၏ ကြားနေ​မှု​နှင့်​ပတ်သက်​၍​လည်း ချီးမွမ်း​စကား​မြောက်မြားစွာ​ကို ကြား​ခဲ့​ကြ​ရပြီ။ ယေဟောဝါသက်သေ​များ​ထုတ်လုပ်​ပြီး ၁၉၉၆၊ နိုဝင်ဘာ ၆ ရက်​နေ့တွင် ဂျာမနီ​နိုင်ငံ ရာ​ဗန်စ်​ဘ​ရု​ခ်​ချွေး​တပ်​စခန်း​၌ သင့်လျော်​စွာ​ဖြင့် ဦးဆုံး​ပြသ​ခဲ့​သော ယေဟောဝါသက်သေ​တို့ နာဇီ​ထိုးနှက်မှု​ကို အခိုင်အမာ​ရပ်တည်​ဗီဒီယို​တိတ်ခွေ​သည် ချီးမွမ်း​စကား​များစွာ​ရရှိခဲ့သည်။ ၁၉၉၈၊ ဧပြီ ၁၈ ရက်​တွင် ဘာ​ဂ​န်-ဘီလ်​ဇန်​မြို့ရှိ နာမည်ကြီး​ချွေး​တပ်​စခန်း​၌ အလားတူ​တင်ဆက်​ပြသမှု​အစပိုင်း​တွင် အောက်​စက်​စင်​နီ​ဒေသ​မှ နိုင်ငံရေး​ပညာပေး​ဗဟို​မှ ဒါရိုက်တာ ဒေါက်တာ​ဝတ်​လ်ဖ်​ဂဲ​န်​စ​ကီလ်​က ဤသို့​ဝန်ခံခဲ့​၏– “သမိုင်း​တွင် ရှက်ဖွယ်​ရာ အမှန်တရား​တစ်ခု​မှာ ယေဟောဝါသက်သေ​များသည် ခရစ်ယာန်​ချာ့ခ်ျ​များ​ထက် အမျိုးသား​ဆိုရှယ်လစ်​ဝါဒ​ကို သာ၍​ပြင်းပြ​သော​စိတ်ပိုင်းဖြတ်​မှု​ဖြင့် ငြင်းပယ်​ခဲ့​ခြင်း​ဖြစ်၏။ . . . ယေဟောဝါသက်သေ​များ​၏ သွန်သင်ချက်​များနှင့် ဘာသာရေး​ကိုင်းရှိုင်း​မှု​တို့ကို ကျွန်ုပ်​တို့​မည်သို့​ပင်​ယူမှတ်​ကြ​စေ​ကာ​မူ နာဇီ​ခေတ်​အတွင်း​က သူတို့၏​တည်ကြည်​မြဲမြံ​မှု​ကို ကြည်ညို​လေးစားထိုက်​ပါ​သည်။”

၁၃၊ ၁၄။ (က) အစောပိုင်း​ခရစ်ယာန်​များနှင့်​စပ်လျဉ်း၍ အဘယ်​အမြော်အမြင်​ရှိ ဝေဖန်ချက်​တစ်ခု​ကို မမျှော်လင့်​သော​ရင်းမြစ်​မှ​ရရှိခဲ့​သနည်း။ (ခ) ယနေ့ ဘုရားသခင့်​လူမျိုးတော်​နှင့်​စပ်လျဉ်း၍ ပြောဆို​ခဲ့​သည့်​ချီးမွမ်း​စကား​များ​၏ ဥပမာ​များ​ကို တင်ပြ​ပါ။

၁၃ အငြင်းပွား​ချက်​များနှင့်​ပတ်သက်​၍ အထင်ကရ​ပုဂ္ဂိုလ်​များ သို့​မဟုတ် တရားရုံး​၏​ဆုံးဖြတ်ချက်​များသည် ယေဟောဝါသက်သေ​တို့ကို ထောက်ခံ​သောအခါ စိတ်​စွန်းကွက်​မှုများ လျော့နည်းစေ​ပြီး သက်သေခံ​များ​အား မျက်နှာသာ​ပိုပေး​လာ​စေ​သည်။ ယင်းက တစ်ခါမျှ​နားမထောင်​လို​ခဲ့​သူတို့နှင့် စကားစမြည်​ပြော​ဖို့ လမ်းစ​ပွင့်​စေ​လေ့​ရှိသည်။ ထို့​ကြောင့် ယေဟောဝါသက်သေ​များသည် အဆိုပါ​ထောက်ခံချက်​များ​ကို ကြား​လို​ကြ​ပြီး အထူး​တန်ဖိုး​ထား​ကြသည်။ ယင်းက ယေရုရှလင်​မြို့တွင် ပထမ​ရာစု​၌ ဖြစ်ပျက်​ခဲ့​သော​ကိစ္စ​တစ်ခု​ကို ပြန်သတိရ​စေ​သည်။ ခရစ်ယာန်​များသည် ဇွဲ​ဖြင့်​ဟောပြောကြ​ခြင်း​ကြောင့် ဂျူး​ဗဟို​တရားရုံး ဆဲန်ဟီဒရင်​က သူတို့ကို​ကွပ်မျက်​လို​သောအခါ ဂါမလျေလ​အမည်​ရှိ “လူအပေါင်း​တို့​ရိုသေ​သော​သူ၊ . . . [ကျမ်း] ဆရာ” က ဤသို့​သတိပေး​ခဲ့​သည်– “ဣသရေလလူ​တို့၊ ဤသူတို့​အား အဘယ်​သို့​ပြု​မည်​အရာ​ကို သတိ​နှင့်​ဆင်ခြင်​ကြလော့။ . . . ဤသူတို့ကို​ရှောင်ရှား​၍ အလိုအလျောက်​ရှိကြပါ​စေ​ဟု​ငါ​ဆို​၏။ (ဤ​အကြံ ဤ​အမှုသည် လူ​၏​အကြံ လူ​၏​အမှု​ဖြစ်​လျှင် ပျက်စီးခြင်း​သို့​ရောက်​လိမ့်​မည်။ ဘုရားသခင်​၏​အကြံ​အမှု​ဖြစ်​လျှင် သင်တို့သည် မဖျက်ဆီး​နိုင်​ကြ။) သင်တို့သည် ဘုရားသခင်​၏​အာဏာတော်​ကို ဆန်​သော​သူ​မဖြစ်​မည်​အကြောင်း သတိပြု​ကြလော့။”—တမန်​တော် ၅:၃၃-၃၉

၁၄ မကြာသေးမီ​က အထင်ကရ​ပုဂ္ဂိုလ်​အချို့​သည် ဂါမလျေလ​ကဲ့သို့ ယေဟောဝါသက်သေ​များ​အတွက် ဘာသာရေး​လွတ်လပ်ခွင့်​ပေး​ရန် ပြောဆို​ခဲ့​ကြသည်။ ဥပမာ၊ ဘာသာရေး​နှင့် ခံယူ​ချက်​လွတ်လပ်မှု​အတွက် နိုင်ငံတကာ​အဖွဲ့​၏​ဥက္ကဋ္ဌ​ဟောင်း​က ဤသို့​ကျိုးကြောင်း​ဖော်ပြ​ခဲ့​သည်– “ဘာသာ​တရား​တစ်ခု​၏ ခံယူ​ချက်​များ​ကို လူ့​အဖွဲ့အစည်း​က လက်မခံနိုင်စရာ သို့​မဟုတ် ရိုးရာ​အစဉ်အလာ​အတိုင်း​မဟုတ်​ဟု ရှုမြင်​ရုံ​မျှ​ဖြင့် ၎င်း​အား ဘာသာ​တရား​အခွင့်အရေး မပေး​ဘဲ​မနေ​သင့်​ပါ။” ထို့​ပြင် လစ်​ပ​ဇ​စ်​တက္ကသိုလ်​မှ သိပ္ပံ​နည်း​ကျ ဘာသာ​တရား​လေ့လာရေး ပါမောက္ခ​တစ်ဦး​က အမည်ခံ​ဘာသာရေး​ဂိုဏ်းဂဏ​များ​ကို စုံစမ်း​စစ်ဆေး​ရန် ဖွဲ့စည်းထား​သော ဂျာမန်​အစိုးရ​ကော်မရှင်​အဖွဲ့​နှင့်​ပတ်သက်​၍ ဤ​မေးခွန်း​ကို ချက်​ကျ​စွာ​မေးမြန်းခဲ့​သည်– “ချာ့ခ်ျ​ကြီး​နှစ်ခု [ရိုမန်ကက်သလစ်​ချာ့ခ်ျ​နှင့် လူသာ​ရင်​ချာ့ခ်ျ] ကို​မဟုတ်ဘဲ ဘာသာရေး​လူနည်းစု​ကို​သာ အဘယ်ကြောင့် စစ်ကြော​ရသနည်း။” ဂျာမန်​အရာရှိ​ဟောင်း​တစ်ဦး​ရေးသားခဲ့​သော ဤ​စကား​များ​တွင် အဖြေ​တွေ့​နိုင်​ပါ​သည်– “ချာ့ခ်ျ​မှ တစ်ယူသန်​သမားများ​သည် အစိုးရ​ကော်မရှင်အဖွဲ့​၏ နိုင်ငံရေး​လမ်းစဉ်​ကို နောက်ကွယ်​မှ​ညွှန်ကြား​ပေး​ခဲ့​ကြောင်း ယုံမှားဖွယ်​မရှိ​နိုင်​ပါ။”

သက်သာရာ​ရဖို့ မည်​သူ့ကို​မျှော်ကိုး​မည်​နည်း

၁၅၊ ၁၆။ (က) ဂါ​မေ​လျေ​လ​၏​လုပ်ရပ်​သည် အဘယ်ကြောင့် အကန့်အသတ်​ဖြင့်​သာ ထိရောက်​ခဲ့​သနည်း။ (ခ) အခြား​သြဇာ​ရှိသူ​သုံးဦး​တို့သည် ယေရှု​အတွက် မည်သို့​အကန့်အသတ်​ဖြင့်​သာ အကျိုးဆောင်​နိုင်​ခဲ့​ကြ​သနည်း။

၁၅ ဂါမလျေလ​ပြော​သည့်​စကား​က ဘုရားသခင်​ထောက်ခံ​အားပေး​သည့်​လုပ်ငန်း​ဆိုလျှင် အောင်မြင်​ရမည်ကို ပေါ်လွင်​စေခြင်း​သာ​ဖြစ်သည်။ ဆဲန်ဟီဒရင်​အား သူ​ပြောဆို​ခဲ့​သည့်​စကား​ကြောင့် အစောပိုင်း​ခရစ်ယာန်​များ အကျိုး​ခံစား​ခဲ့​ရသည်မှာ သေချာ​သည်၊ သို့သော် ယေရှု၏​နောက်လိုက်​များသည် နှိပ်စက်​ညှဉ်းပန်း​ခံရ​မည်​ဟူသော ကိုယ်တော်​၏​စကား​များ မှန်ကန်ကြောင်း​ကိုလည်း သူတို့​မမေ့လျော့​ကြ​ချေ။ ဂါမလျေလ​၏​လုပ်ရပ်က တပည့်တော်​တို့ကို​သတ်ပစ်​လို​သည့် ဘာသာရေး​ခေါင်းဆောင်​များ​၏​အကြံ​ကို ရပ်တန့်​စေ​ခဲ့​သော်လည်း နှိပ်စက်​ညှဉ်းပန်းမှု​ကို လုံးလုံး​မဖယ်ရှားပစ်​ခဲ့​ပါ၊ အကြောင်း​မှာ ကျွန်ုပ်​တို့​ဤသို့​ဖတ်ရှု​ရသည်– “ထိုစကား​ကို​နားထောင်​ကြ​သဖြင့် တမန်​တော်​တို့ကို​ခေါ်​၍ ရိုက်နှက်​ပြီး​မှ ယေရှု၏​နာမကို​အမှီပြုလျက် မ​ဟော​မပြော​မည်​အကြောင်း မြစ်​တား​၍​လွှတ်​ကြ​၏။”—တမန်​တော် ၅:၄၀

၁၆ ပုန္တိပိလတ်​မင်း​သည် ယေရှုကို​စစ်ဆေး​သောအခါ ကိုယ်တော်၌​အပြစ်​ရှာမတွေ့​သဖြင့် ယေရှု​အား​လွှတ်​ရန်​ကြိုးပမ်း​ခဲ့​သည်။ သို့သော် သူ​မအောင်မြင်​ခဲ့​ချေ။ (ယောဟန် ၁၈:၃၈၊ ၃၉; ၁၉:၄၊ ၆၊ ၁၂-၁၆) ယေရှုကို​ထောက်ခံ​သည့် ဆဲန်ဟီဒရင်​အဖွဲ့ဝင်​နှစ်ဦး​ဖြစ်သူ နိကောဒင်​နှင့် အရိမသဲ​မြို့သား ယောသပ်တို့​ပင် ယေရှု​အား တရားရုံး​မှ​အရေးယူ​ခြင်း​ကို အကန့်အသတ်​ဖြင့်​သာ တားဆီး​နိုင်​ခဲ့​ကြသည်။ (လုကာ ၂၃:၅၀-၅၂; ယောဟန် ၇:၄၅-၅၂; ၁၉:၃၈-၄၀) မည်သည့်​အကြောင်းကြောင့်​ဖြစ်စေ ယေဟောဝါ​၏​လူမျိုးတော်​ဘက် လူ​တို့​ရပ်တည်​ပေး​သောအခါ ရရှိသော​သက်သာမှု​သည် အကန့်အသတ်​ရှိသည်။ ဤ​လောကသည် ခရစ်တော်​ကို​မုန်းတီး​ခဲ့​သည့်​နည်းတူ ကိုယ်တော့်​နောက်လိုက်​အစစ်အမှန်များ​ကိုလည်း ဆက်၍​မုန်းတီး​ပေ​လိမ့်​မည်။ ယေဟောဝါ​တစ်ပါး​တည်း​သာ လုံးလုံးလျားလျား​သက်သာ​စေနိုင်​မည်။—တမန်​တော် ၂:၂၄

၁၇။ ယေဟောဝါသက်သေ​များသည် အဘယ်​လက်တွေ့ကျ​သော​အမြင် ထား​ရှိကြ​သနည်း၊ သို့သော် သတင်းကောင်း​ဆက်​ဟောပြောဖို့ သူတို့၏​ဆုံးဖြတ်ချက်​ကို အဘယ်ကြောင့်​မလျှော့​ကြ​သနည်း။

၁၇ အမှန်တကယ်​ဆိုလျှင် နှိပ်စက်​ညှဉ်းဆဲခြင်း ဆက်​ရှိ​မည်​ကို ယေဟောဝါသက်သေ​များ​သိထားကြသည်။ စာတန့်​စနစ်​အပြီးသတ်​ရှုံးနိမ့်​သွား​မှ​သာ အတိုက်အခံပြု​မှု​ရပ်တန့်​သွား​လိမ့်​မည်။ သို့​တိုင် ဤ​နှိပ်စက်​ညှဉ်းပန်းမှု​သည် မနှစ်သက်​ဖွယ်​ဖြစ်သော်လည်း သက်သေခံ​များ​ကို ဘုရားသခင့်​နိုင်ငံတော်​သတင်း မဟောပြော​ဘဲ​နေ​ရန် မတားဆီး​နိုင်​ပါ။ သူတို့သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု ရရှိ​ထား​ကြ​ရာ အဘယ်ကြောင့်​တား​နိုင်​မည်​နည်း။ သူတို့​အတွက် အကောင်းဆုံး​ပုံသက်သေ​အဖြစ် ရဲစွမ်းသတ္တိ​ရှိသော သူတို့၏​ခေါင်းဆောင် ယေရှု​ခရစ်​ကို​မျှော်ကိုး​ကြသည်။—တမန်​တော် ၅:၁၇-၂၁၊ ၂၇-၃၂

၁၈။ ယေဟောဝါ​လူတို့၏ ရှေ့တွင် အဘယ်​အခက်အခဲ​ရှိသေး​သနည်း၊ သို့သော် အဘယ်​အကျိုး​ရလဒ်​ရရှိ​မည်​ဟု သူတို့​စိတ်ချ​ကြ​သနည်း။

၁၈ စစ်မှန်သော​ဘာသာ​တရား စတင်​ပေါ်လာ​ခဲ့​ချိန်​ကတည်းက အပြင်းအထန်​အတိုက်အခံပြု​ခံ​ခဲ့​ရသည်။ မကြာမီ ယင်းသည် ကောင်းကင်​မှ​နှင်ချ​ခံရ​ကတည်းက ယုတ်ညံ့​သော​အခြေအနေ​၌​ရှိသော ဂေါဂ​ဖြစ်သည့် စာတန်​၏ မီးကုန်ယမ်းကုန်​တိုက်ခိုက်​ခြင်း​ကို ခံရ​ပါ​တော့​မည်။ သို့သော် စစ်မှန်သော​ဘာသာ​တရားသည် ပျောက်ဆုံး​သွား​မည်​မဟုတ်ပါ။ (ယေဇကျေလ ၃၈:၁၄-၁၆) စာတန့်​ညွှန်ကြားချက်​အောက်​ရှိ “လော [က] တစ်နိုင်ငံ​လုံး​တွင်ရှိသော ရှင်ဘုရင်​တို့” သည် “သိုးသငယ်​ကို​စစ်​တိုက်၍ သိုးသငယ်​သည် နိုင်​တော်​မူ​မည်။ အကြောင်း​မူ​ကား၊ သိုးသငယ်​သည် သခင်​တို့၏​သခင်၊ ဘုရင်​တို့၏​ဘုရင်​ဖြစ်​တော်​မူ​၏။” (ဗျာဒိတ် ၁၆:၁၄; ၁၇:၁၄) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​ဘုရင်​သည် နောက်ဆုံး​အောင်ပွဲခံ​ဖို့ ချီတက်​လျက်​ရှိပြီး မကြာမီ “အပြီးသတ်​အောင်ပွဲခံ” ပါ​လိမ့်​မည်။ မကြာမီတွင် ယေဟောဝါ​အား ဝတ်ပြုသူ​များ​က ‘ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ​၏’ ဟု​ပြောဆို​ကြသောအခါ သူတို့ကို မည်သူမျှ​ဆန့်ကျင်​၍ ပြောဆို​မည်​မဟုတ်​တော့​ကြောင်းကို သိထား​ကာ ကိုယ်တော်​နှင့်အတူ ရှေ့သို့​ချီတက်​နိုင်​ခြင်း​သည် အခွင့်ထူး​လှ​ပါ​သည်​တကား!—ရောမ ၈:၃၁; ဖိလိပ္ပိ ၁:၂၇၊ ၂၈

သင်​ရှင်းပြ​နိုင်​သလော

• ဘုရားသခင့်​နိုင်ငံတော်​တည်ထောင်​ပြီး​ကတည်းက ခရစ်ယာန်​အသင်းတော်​ခိုင်ခံ့​စေဖို့ ယေဟောဝါ​အဘယ်အရာ​ပြုလုပ်​ခဲ့ပြီ​နည်း။

• စာတန်​သည် ခရစ်တော်​အား အပြီး​အပြတ်​မအောင်မြင်​စေရန် မည်သို့​ကြိုးစား​တားဆီး​ခဲ့​ပြီး အဘယ်​ရလဒ်များ​ရရှိခဲ့​သနည်း။

• သက်သေခံ​မဟုတ်​သူတို့၏ မျက်နှာသာ​ပေး​သော​လုပ်ရပ်​အပေါ် အဘယ်မျှ​တ​သည့်​အမြင်​ရှိ​သင့်​သနည်း။

• မကြာမီ စာတန်​အဘယ်အရာ ပြုလုပ်​တော့​မည်​နည်း၊ အဘယ်​ရလဒ်​ဖြင့်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

စည်းဝေးကြီး​များ​က ယေဟောဝါ​၏​လူမျိုးတော် ရှေ့သို့​တိုး​နေကြောင်း ထင်ရှား

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း သက်သေခံ​ကြားနေ​ခြင်း​က ယနေ့​ထက်​တိုင် ယေဟောဝါ​အား​ဂုဏ်တင်​ချီးမွမ်းမှု​ဖြစ်စေ