မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း”

“ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌နေနိုင်မည်နည်း”

“ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိတော်မူလျှင်၊ အဘယ်သူ​သည် ငါ​တို့​တစ်ဖက်၌​နေနိုင်​မည်​နည်း”

“သို့​ဖြစ်၍ ဤ​အရာများ​တို့​၌ အဘယ်​သို့​ပြောစရာ​ရှိ​သနည်း။ ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိတော်မူလျှင်၊ အဘယ်သူ​သည် ငါ​တို့​တစ်ဖက်၌​နေနိုင်​မည်​နည်း။”—ရောမ ၈:၃၁

၁။ ဣသရေလ​လူမျိုး​နှင့်အတူ အီဂျစ်​ပြည်​မှ မည်သူ​တို့​ထွက်ခွာ​ခဲ့​ကြ​သနည်း၊ အဘယ်အရာက သူတို့ကို​ထိုသို့​ပြု​စေ​ခဲ့​သနည်း။

ဣသရေလ​လူမျိုး​သည် အီဂျစ်​ပြည်​တွင် ၂၁၅ နှစ်​တိုင်​နေထိုင်ခဲ့​ကြ​ပြီး ၎င်း​နှစ်​အတော်များများမှာ ကျွန်​ဘဝဖြင့်​နေထိုင်ခဲ့​ကြ​ရာ​မှ လွတ်မြောက်​လာ​ကြသောအခါ သူတို့နှင့် “အမျိုးမျိုးသော​လူအများ​တို့သည်​လည်း . . . လိုက်​ကြ​၏။” (ထွက်မြောက်ရာ ၁၂:၃၈) အီဂျစ်​ပြည်​ကို ဖရိုဖရဲ​ပျက်စီး​စေ​ခဲ့​ပြီး ၎င်း​၏​မှား​သော​ဘုရား​များ​ကို လှောင်ပြောင်​စ​ရာ​ဖြစ်စေ​ခဲ့​သည့် ကြောက်မက်​ဖွယ်​ကပ်ဘေး​ဆယ်ပါး​ကို ဣသရေလ​လူမျိုး​မဟုတ်သော ထို​သူတို့​ကြုံတွေ့​ခဲ့​ကြ​ရသည်။ တစ်ကြိမ်​တည်း​တွင် အထူးသဖြင့် လေးခု​မြောက်​ကပ်ဘေး​မှ​စ၍ ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို ကာကွယ်​နိုင်​ကြောင်းကို သူတို့​မြင်တွေ့ခဲ့ကြ​၏။ (ထွက်မြောက်ရာ ၈:၂၃၊ ၂၄) ယေဟောဝါ​၏​ရည်ရွယ်ချက်များ​ကို အကန့်အသတ်​ဖြင့်​သာ သူတို့​သိရှိ​ခဲ့​ကြသော်လည်း ဤ​အချက်​ကို​ကား သူတို့​သေချာ​သိ​ကြသည်– အီဂျစ်​ပြည်​၏​ဘုရား​များသည် အီဂျစ်​လူမျိုး​ကို မကာကွယ်​နိုင်​ကြောင်း​နှင့် ယေဟောဝါ​မူ​ကား ဣသရေလ​လူမျိုး​ဘက် ခွန်အား​ကြီးမား​ကြောင်း​တင်ပြ​ခဲ့​ခြင်း​ဖြစ်သည်။

၂။ ရာခပ်​သည် ဣသရေလ​သူလျှို​များ​ကို အဘယ်ကြောင့်​ထောက်ပံ့​ကူညီပေး​ခဲ့​သနည်း၊ ထို​လူမျိုး၏​ဘုရားသခင်​၌ သူ​ယုံကြည်​ကိုးစား​ခဲ့​ခြင်း​သည် အဘယ်ကြောင့်​မမှား​ခဲ့​သနည်း။

နောင်​အနှစ်​လေးဆယ်​လွန်ပြီး ကတိထားရာပြည်​ထဲ ဣသရေလ​လူမျိုး မဝင်​မီ​ကလေး​တွင် မောရှေ​ကို​ဆက်ခံသူ ယောရှု​သည် နယ်မြေ​ကို​စူးစမ်း​ရန် သူလျှို​နှစ်ဦး​ကို​စေလွှတ်ခဲ့​သည်။ ထို​တွင် ယေရိခေါမြို့​သူ​ရာခပ်​နှင့် သူတို့​တွေ့ဆုံ​ခဲ့​ကြသည်။ အီဂျစ်​ပြည်​မှ ဣသရေလ​လူမျိုး​ထွက်ခွာ​လာချိန် အနှစ် ၄၀ ကာလ​အတောအတွင်း သူတို့ကို​ကာကွယ်​ရန် ယေဟောဝါ​စီရင်တော်မူ​ခဲ့​သော တန်ခိုး​ပါ​သည့်​လုပ်ရပ်များ​အကြောင်း ကြား​ခဲ့​ဖူး​ရာ​များ​က၊ သူ့​အား​သိရှိ​စေ​သည်​မှာ ဘုရားသခင့်​ကောင်းချီး​ကို သူ​ရလိုလျှင် ကိုယ်တော့်​လူမျိုးတော်ကို ကူညီပေး​ရမည်​ဖြစ်သည်။ သူ၏​ပညာ​ရှိသော​ဆုံးဖြတ်ချက်​ကြောင့် နောက်ပိုင်း​တွင် ဣသရေလ​လူမျိုး​တို့ မြို့တော်​ကို​သိမ်းပိုက်​သောအခါ သူနှင့်​သူ့​မိသားစု​သည် အသက်ချမ်းသာ​ရခဲ့​ကြသည်။ သူတို့​ကာကွယ်​ခံ​ခဲ့​ကြ​ရသည့် အံ့ဖွယ်​နည်း​ကိုယ်နှိုက်​က ဘုရားသခင်​သည် သူတို့နှင့်​အတူ​ရှိကြောင်း မမှား​နိုင်သော​သာဓက​ဖြစ်၏။ သို့​ဖြစ်၍ ဣသရေလ​အမျိုး​၏​ဘုရားသခင်​၌ ရာခပ်​ယုံကြည်​ကိုးစား​ခဲ့​ခြင်း​သည် မမှား​ခဲ့​ပါ။—ယောရှု ၂:၁၊ ၉-၁၃; ၆:၁၅-၁၇၊ ၂၅

၃။ (က) ပြန်​တည်ဆောက်​ထားသော ယေရိခေါမြို့​အနီး​တွင် အဘယ်​အံ့ဖွယ်​အမှုကို ယေရှု​ပြုလုပ်​ခဲ့​သနည်း၊ ဂျူး​တရားဟော​ဆရာများ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ (ခ) ဂျူး​အချို့​နှင့် နောင်​တွင် ဂျူး​မဟုတ်​သူ​အများ​သည် အဘယ်အရာကို သိရှိ​လာ​ခဲ့​ကြ​သနည်း။

ဆယ့်ငါး​ရာစု​လွန်​လေ​ပြီး​နောက် ယေရှု​ခရစ်​သည် ပြန်လည်​ဆောက်လုပ်​ထားသော ယေရိခေါမြို့​အနီး​တွင် မျက်မမြင် သူတောင်းစား​တစ်ဦး​ကို ကုသ​ပေး​ခဲ့​သည်။ (မာကု ၁၀:၄၆-၅၂; လုကာ ၁၈:၃၅-၄၃) ထို​သူက မိမိကို ကယ်မ​သနား​ရန် ယေရှု​အား​ပန်ကြား​ခဲ့​ရာ ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု ယေရှု​ရရှိ​ထား​သည်ကို သူ​အသိအမှတ်ပြု​ကြောင်း​တင်ပြ​ခဲ့​သည်။ တစ်ဖက်​တွင်​မူ ဘုရားသခင့်​အမှုတော်ကို ယေရှု​ထမ်းဆောင်​နေသည့် အထောက်အထား​အဖြစ် ကိုယ်တော်​ပြုလုပ်​ခဲ့​သော အံ့ဖွယ်အမှု​များ​ကို ဂျူး​ဘာသာရေး​ခေါင်းဆောင်​များနှင့် သူတို့၏​နောက်လိုက်​များသည် လက်မခံခဲ့​ကြ​ချေ။ ယင်းအစား ကိုယ်တော်​ကို​အပြစ်ရှာ​ခဲ့​ကြသည်။ (မာကု ၂:၁၅၊ ၁၆; ၃:၁-၆; လုကာ ၇:၃၁-၃၅) ယေရှုကို​သူတို့​အဆုံးစီရင်​ကြ​ပြီး​နောက် ကိုယ်တော်ရှင်​ပြန်ထ​မြောက်​ပြီ​ကို သူတို့​ကြားသိ​သည့်​အခါ​၌​ပင် ယင်းသည် ဘုရားသခင့်​လုပ်ဆောင်ချက်​ဖြစ်​ကြောင်း သူတို့​ဝန်မခံ​လို​ကြ​ချေ။ ယင်းအစား သူတို့က​ဦးဆောင်​၍ ယေရှု၏​နောက်လိုက်​များ​ကို နှိပ်စက်​ညှဉ်းပန်း​ကာ ‘သခင်​ယေရှု၏ သတင်းကောင်း​ကြေညာ​ခြင်း’ လုပ်ငန်း​ကို တားဆီး​ဖို့​ကြိုးစား​ခဲ့​ကြသည်။ သို့သော် ဂျူး​အချို့​နှင့် နောက်ပိုင်း​တွင် ဂျူး​မဟုတ်​သူများစွာ​တို့သည် ထို​ဖြစ်ရပ်​များ​ကို သတိပြုမိ​ခဲ့​ကြ​ပြီး မှန်ကန်​စွာ​အကဲဖြတ်​ကြ​၏။ ဘုရားသခင်​သည် မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ထင်မှတ်​နေကြ​သူ ဂျူး​ခေါင်းဆောင်​များ​ကို ပစ်ပယ်​ပြီး ယေရှု​ခရစ်​၏​နှိမ့်ချသော နောက်လိုက်​များ​ကို ကျော​ထောက်​နောက်ခံ​ပေး​ကြောင်း ထို​ဖြစ်ရပ်​များ​က သူတို့အား အထင်အရှား​သိမြင်​စေ​ခဲ့​သည်။—တမန်​တော် ၁၁:၁၉-၂၁

ယနေ့ မည်သူ​တို့သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရရှိ​သနည်း

၄၊ ၅။ (က) ဘာသာ​တရား​ရွေးချယ်မှု​နှင့်​ပတ်သက်​၍ အချို့​မည်သို့​ယူမှတ်​သနည်း။ (ခ) စစ်မှန်သော​ဘာသာ​တရားကို ခွဲခြား​သတ်မှတ်​သောအခါ အဓိကကျ​သော​အချက်​ကား​အဘယ်နည်း။

စစ်မှန်သော​ဘာသာ​နှင့်​ပတ်သက်​၍ မကြာသေးမီ​က ရုပ်သံ​လူတွေ့မေးမြန်းခန်း​တစ်ခု​၌ တရားဟော​ဆရာ​တစ်ဦး​က ဤသို့​ဆို​ခဲ့​သည်– “လူတစ်ဦး​သည် ဘာသာ​တရား​တစ်ခု​နှင့်​အညီ​နေထိုင်​သောအခါ သူ့ကို သာ၍​ကောင်း​လာ​စေမည်​ဆိုပါ​က ထို​ဘာသာသည် အမှန်​ဖြစ်သည်ဟု ကျွန်ုပ်​အခိုင်အမာ​ဆို​မည်။” မှန်ပါသည်၊ စစ်မှန်သော​ဘာသာသည် လူ​တို့ကို သာ၍​ကောင်း​လာ​စေ​သည်။ သို့သော် ဘာသာ​တရား​တစ်ခု​က လူကို​သာ၍​ကောင်း​လာ​စေ​ရုံ​မျှ​ဖြင့် ၎င်း​သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရရှိ​သည်​ဟု သက်သေထူ​ပါသလော။ ဘာသာ​တရား​တစ်ခု​သည် မှန်​မမှန်​ပိုင်းဖြတ်​ရန် ၎င်း​မူ​သည် မှတ်​ကျောက်ဖြစ်​သလော။

ဘာသာရေး​ခံယူ​ချက်​ရွေးချယ်မှု​အပါအဝင် ကိုယ်ပိုင်​ရွေးချယ်မှု​များ​ပြု​နိုင်​ခြင်း​ကို လူတိုင်း​တန်ဖိုး​ထား​ကြသည်။ သို့ရာတွင် လွတ်လပ်​စွာ​ရွေးချယ်ခွင့်​ရှိ​ခြင်း​ကိုယ်နှိုက်​က အမှန်​ကို​ရွေးချယ်​လိမ့်​မည်​ဟု အာမ​မခံ​ပါ။ ဥပမာ၊ လူ​အချို့​သည် ဘာသာ​တရား​တစ်ခု​၏​ဦးရေ​ပမာဏ၊ ကြွယ်ဝမှု၊ အခမ်းအနား​ကျင်းပ​ပုံ​ထည်ဝါမှု သို့​မဟုတ် သူတို့၏​မိသားစု​နှောင်ကြိုး​ပေါ်​မူတည်​လျက် ဘာသာ​တရားကို ရွေးချယ်​ကြသည်။ ဘာသာ​တရား​တစ်ခု မှန်​မမှန်​စိစစ်​ရာ​၌ ဤ​အရာတစ်ခု​မျှ မည်သည့်​နည်းဖြင့်​မျှ အဆုံးအဖြတ်​မပေး​ချေ။ ဤ​ကိစ္စ​၌​အဓိကကျ​သည့်​အချက်​မှာ အဘယ်​ဘာသာ​တရားသည် ဘုရားသခင့်​အလိုတော်ကို​ဆောင်ရွက်ရန် ယင်း​၏​နောက်လိုက်​များ​ကို တိုက်တွန်း​ပေး​ပြီး ‘ဘုရားသခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ​၏’ ဟု​သူတို့​ယုံကြည်​စိတ်ချ​စွာ ပြောဆို​စေဖို့ ဘုရားသခင်​၏​ကျော​ထောက်​နောက်ခံ​မှု​ရရှိ​သည်​ဟု ခိုင်လုံ​သော​အထောက်အထား ပေး​နိုင်​သနည်း​ဟူ၍​ဖြစ်သည်။

၆။ ဘာသာ​တရား​အမှန်​နှင့်​အမှား​ကိစ္စ​အပေါ် ယေရှု၏​အဘယ်​စကား​များ​က အလင်းဖြာ​ပေး​သနည်း။

ယေရှု​က “အတွင်း​၌​ကြမ်းတမ်းသော​ဝံပုလွေ​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ​၍ သင်တို့​ရှိရာသို့​လာသော [အယူမှား] ပရောဖက်​တို့ကို သတိ​နှင့်​ရှောင်​ကြလော့။ ထို​သူတို့၏​အသီးကို​ထောက်၍ သူတို့ကို​သိ​ကြလိမ့်မည်” ဟု​ဆို​သောအခါ ဝတ်ပြုမှု​အမှန်​နှင့်​အမှား ခွဲခြား​သိမြင်ဖို့​နည်းကို ကိုယ်တော်​ချမှတ်​ပေး​ခဲ့​သည်။ (မဿဲ ၇:၁၅၊ ၁၆သမ္မာ; မာလခိ ၃:၁၈) ယနေ့ မည်သူ​တို့​၌ ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရှိကြောင်း ပွင့်လင်း​စွာ​ဆုံးဖြတ်​နိုင်​ရန် စစ်မှန်သော​ဘာသာ​၏ “အသီး” သို့​မဟုတ် ခွဲခြား​ဖော်ပြ​သည့်​အမှတ်အသား​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။

ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု ရရှိ​ထား​သူတို့ကို ခွဲခြား​ဖော်ပြ​သည့်​အမှတ်အသား​များ

၇။ သမ္မာကျမ်းစာ​အပေါ် အခြေပြု​သည့်​အရာ​ကို​သာ သွန်သင်ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

သူတို့၏​သွန်သင်ချက်​များ​ကို သမ္မာကျမ်းစာ​အပေါ်​အခြေပြု​ကြသည်။ ယေရှု​က​ဤသို့​ဆို​ခဲ့​သည်– “ငါ​ဟော​သော [တရားတော်] သည် ငါ​၏ [တရားတော်] မဟုတ်။ ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ [တရားတော်] ဖြစ်၏။ ထို​သူ၏​အလိုတော်​သို့​လိုက်​ချင်​သော​သူ​မည်​သည်​ကား၊ ဤ [တရားတော်] သည် ဘုရားသခင်​၏ [တရားတော်] ဖြစ်သလော၊ ငါသည် ကိုယ်​အလိုအလျောက်​ဟောပြော​သလော​ဟု ပိုင်းခြား​၍​သိ​လိမ့်​မည်။” ထို့​ပြင် “ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​သူသည် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​တတ်၏။” (ယောဟန် ၇:၁၆၊ ၁၇; ၈:၄၇) ဆင်ခြင်တုံ​တရား​နှင့်​အညီ လူတစ်ဦး​သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရရှိရန် သမ္မာကျမ်းစာ​၌ ဘုရားသခင်​ဖွင့်ပြ​ထား​ရာ​များ​ကို​သာ သွန်သင်​ပြီး လူ့​ဉာဏ်ပညာ သို့​မဟုတ် ထုံးတမ်း​စဉ်​လာ​အပေါ်​အခြေပြု​သော သွန်သင်ချက်​များ​ကို ငြင်းပယ်​ရမည်။—ဟေရှာယ ၂၉:၁၃; မဿဲ ၁၅:၃-၉; ကောလောသဲ ၂:၈

၈။ ဝတ်ပြုရေးတွင် ဘုရားသခင့်​နာမတော်​ကို​အသုံးပြု​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

သူတို့သည် ဘုရားသခင့်​နာမတော် ယေဟောဝါ​ကို​အသုံးပြု၍ ကြေညာ​ကြသည်။ ဟေရှာယ​က​ဤသို့​ကြိုပြော​ခဲ့​သည်– “ထို​ကာလ​၌​လည်း ‘ထာဝရ​ဘုရား​၏​ဂုဏ်တော်​ကို ချီးမွမ်း​ကြလော့။ နာမတော်​ကို [ခေါ်] ကြလော့။ အမှုတော်​တို့ကို လူများ​တို့​တွင် ဖော်ပြ​ကြလော့။ နာမတော်​သည် မြင့်မြတ်​သောကြောင့် ချီးမွမ်း​ကြလော့။ ထာဝရ​ဘုရား​ကို ထောမနာ​သီချင်းဆို​ကြလော့။ ထူးဆန်းသော​အမှုကိုပြု​တော်​မူ​ပြီ။ အမှုတော်​သည် မြေတစ်ပြင်လုံး၌ ထင်ရှား​ပါစေ’ . . . ဟု​မြွက်ဆို​ရ​လိမ့်​မည်။” (ဟေရှာယ ၁၂:၄၊ ၅) မိမိ၏​နောက်လိုက်​များ​ကို ဤသို့​ဆုတောင်း​ရန် ယေရှု​သွန်သင်​ပေး​ခဲ့​သည်– “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။” (မဿဲ ၆:၉) ထို့​ကြောင့် ဂျူး​လူမျိုး​ဟုတ်​သည်​ဖြစ်စေ၊ မဟုတ်​သည်​ဖြစ်စေ ခရစ်ယာန်​များသည် ‘[ဘုရားသခင့်] နာမတော်​အဖို့ လူ​တစ်မျိုး’ အဖြစ်​အမှုထမ်း​ဖို့​ဖြစ်သည်။ (တမန်​တော် ၁၅:၁၄) ‘မိမိ​နာမတော်​အဖို့ လူ​တစ်မျိုး’ ဖြစ်​လို​သူတို့ကို ကျော​ထောက်​နောက်ခံ​ပေး​ရန် ဘုရားသခင်​နှစ်သက်​ကြောင်း​ထင်ရှား​သည်။

၉။ (က) ရွှင်လန်းခြင်း​သည် စစ်မှန်သော​ဘာသာဝင်​များ​ကို အဘယ်ကြောင့်​ခွဲခြား​သိမြင်​စေ​သနည်း။ (ခ) ဘာသာ​အမှန်​နှင့် အမှား​ကို ဟေရှာယ​မည်သို့​နှိုင်းယှဉ်​ဖော်ပြ​သနည်း။

သူတို့သည် ဘုရားသခင်​၏ ရွှင်လန်းသော​ဂုဏ်ရည်တော်​ကို ရောင်ပြန်ဟပ်​ကြသည်။ ယေဟောဝါ​သည် “သတင်းကောင်း” ကို​စတင်​ဖြစ်ပွား​စေ​သူ​ဖြစ်သော​ကြောင့် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်​တော်​မူ​၏။ (၁ တိမောသေ ၁:၁၁က​ဘ) သို့​ဖြစ်၍ ကိုယ်တော်​အား​ဝတ်ပြုသူ​တို့သည် ပျော်ရွှင်မှု​မရှိ သို့​မဟုတ် အမြဲတစေ​အပျက်သဘော​ရှုမြင်​သူများ မည်သို့​ဖြစ်​နိုင်​မည်​နည်း။ ကမ္ဘာ့​ဘေးဒဏ်​များနှင့် ကိုယ်ရေးကိုယ်တာ​ပြဿနာ​များ​အကြား စစ်မှန်သော​ခရစ်ယာန်​များသည် ဝိညာဉ်​အစာကို အလျှံပယ်​မှန်မှန်​စားသုံး​ကြ​ရသော​ကြောင့် ဆက်လက်​ရွှင်လန်း​လျက်​နေသည်။ သူတို့သည် ဘာသာ​မှား​လိုက်စားသူ​တို့​နှင့်​မတူ​ကြောင်း ဟေရှာယ​က ဤသို့​နှိုင်းယှဉ်​ဖော်ပြ​ခဲ့​သည်– “ထို့​ကြောင့် အရှင်​ထာဝရ​ဘုရား​မိန့်တော်မူသည်​ကား ‘ငါ​၏​ကျွန်​တို့သည် စား​ကြလိမ့်မည်။ သင်တို့​မူ​ကား မွတ်​သိပ်​ကြလိမ့်မည်။ ငါ​၏​ကျွန်​တို့သည် သောက်​ကြလိမ့်မည်။ သင်တို့​မူ​ကား ရေငတ်​ကြလိမ့်မည်။ ငါ​၏​ကျွန်​တို့သည် ဝမ်းမြောက်​ကြလိမ့်မည်။ သင်တို့​မူ​ကား ရှက်ကြောက်​ကြလိမ့်မည်။ ငါ​၏​ကျွန်​တို့သည် ရွှင်လန်းသော​စိတ်​နှင့် သီချင်းဆို​ကြလိမ့်မည်။ သင်တို့​မူ​ကား ဝမ်းနည်း​သော​စိတ်​နှင့် ငိုကြွေး​ကြလိမ့်မည်။ ကြေကွဲ​သော​နှလုံး​နှင့် ညည်းတွား​မြည်တမ်း​ကြလိမ့်မည်။”—ဟေရှာယ ၆၅:၁၃၊ ၁၄

၁၀။ စစ်မှန်သော​ဘာသာဝင်​တို့သည် စမ်းသပ်​ကြည့်​ပြီး​မှ သင်ယူ​လက်ခံခြင်း​ကို မည်သို့​ရှောင်ရှား​သနည်း။

၁၀ သူတို့၏​အမူအကျင့်​နှင့် ဆုံးဖြတ်ချက်​တို့ကို ကျမ်းစာ​မူများ​အပေါ် အခြေပြု​ကြသည်။ နယပုံပြင်​ကျမ်း​ရေးသူက ကျွန်ုပ်​တို့ကို​ဤသို့​တိုက်တွန်း​၏– “ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။” (သု. ၃:၅၊ ၆) ဘုရားသခင်​ရေးရာ​ဉာဏ်ပညာ​ကို လျစ်လျူရှု​သူတို့၏ ရှေ့နောက်​မညီသော အတွေးအခေါ်​များ​အစား ကိုယ်တော်​၏​လမ်းညွှန်မှုကို မျှော်ကိုး​သူတို့အား ဘုရားသခင်​ထောက်မ​တော်​မူ​၏။ လူတစ်ဦး​သည် ကျမ်းစာ​နှင့်​အညီ မိမိ​ဘဝကို ပုံသွင်း​ရန် လိုလိုလားလား​ရှိလျှင် ထို​အတိုင်းအတာ​နှင့်​အညီ သူသည် စမ်းသပ်​ကြည့်​ပြီး​မှ သင်ယူ​လက်ခံခြင်း​ကို ရှောင်ရှား​မည်။—ဆာလံ ၁၁၉:၃၃; ၁ ကောရိန္သု ၁:၁၉-၂၁

၁၁။ (က) စစ်မှန်သော​ဘာသာဝင်​များသည် တရားဟော​ဆရာ​နှင့် အသင်းသား​အတန်းအစား​အဖြစ်သို့ အဘယ်ကြောင့်​မခွဲခြား​နိုင်​သနည်း။ (ခ) ဘုရားသခင့်​လူမျိုးတော်​အလယ်​၌ ဦးဆောင်နေသူ​တို့သည် သိုးတော်စု​အတွက် အဘယ်​ပုံသက်သေ​ကို​ပြဖို့​ဖြစ်သနည်း။

၁၁ သူတို့သည် ပထမ​ရာစု ခရစ်ယာန်​အသင်းတော်​ပုံစံ​အတိုင်း ဖွဲ့စည်း​ခံရ​ကြသည်။ ဤ​မူကို​ယေရှု​ချမှတ်​ခဲ့​၏– “သင်တို့​မူ​ကား အရှင်​ဘုရား​ဟု ခေါ်ဝေါ်​ခြင်း​ကို မခံကြ​နှင့်။ ခရစ်တော်​တည်း​ဟူသော သင်တို့ . . . ဆရာ​တစ်ပါး​တည်း​ရှိ၏။ သင်တို့​အပေါင်း​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​၏။ မြေကြီး​ပေါ်မှာ အဘယ်သူကိုမျှ အဘ​ဟူ၍​မ​ခေါ်ဝေါ်​ကြ​နှင့်။ ကောင်းကင်ဘုံ​၌ သင်တို့​အဘ​တစ်ပါး​တည်း​ရှိ​တော်​မူ​၏။ . . . ဆရာ​ဟု ခေါ်ဝေါ်​ခြင်း​ကို မခံကြ​နှင့်။ ခရစ်တော်​တည်း​ဟူသော သင်တို့ . . . ဆရာ​တစ်ပါး​တည်း​ရှိ၏။ သင်တို့တွင် အကြီး​ဖြစ်သော​သူသည် သင်တို့​အစေခံ​ဖြစ်​ရ၏။” (မဿဲ ၂၃:၈-၁၁) ညီအစ်ကို​များ​ဖြင့်​ဖွဲ့စည်းထား​သော အသင်းတော်​တစ်ခု​တွင် ဘွဲ့ထူး​ဂုဏ်​ထူး​များနှင့် မိမိကိုယ်ကို​ဂုဏ်တင်​ကာ အသင်းသား​တို့​အထက် မိမိကိုယ်ကို​ချီးမြှောက်​သည့် ဘဝင်မြင့်​သော တရားဟော​ဆရာ​အတန်းအစား​မရှိစေ​ပါ။ (ယောဘ ၃၂:၂၁၊ ၂၂) ဘုရားသခင့်​သိုးတော်စု​ကို ထိန်းကျောင်း​သူတို့သည် ဤသို့​ပြု​ရန်​မှာကြား​ခံရ​ကြသည်– “အနိုင်​ထိန်း​ရသော​ကြောင့်​မဟုတ်၊ မစင်ကြယ်​သော​စီးပွား​ကို တပ်မက်သော​ကြောင့်​မဟုတ်ဘဲ၊ အလိုလို​စေတနာ​စိတ်​ရှိ၍ ကြည့်ရှု​အုပ်ထိန်း​ကြလော့။ အသီးအသီး​အုပ်​သော​အသင်းတော်​တို့ကို အာဏာ​ထား​၍ အစိုးတရ​ပြု​သည်မဟုတ်​ဘဲ၊ သိုးတော်စု​ရှေ့မှာ ပုံသက်သေ​ကို​ပြ​သော​သူ​ဖြစ်​ကြလော့။” (၁ ပေတရု ၅:၂၊ ၃) စစ်မှန်သော​ခရစ်ယာန်​သိုးထိန်း​များသည် အခြားသူများ​၏​ယုံကြည်ခြင်း​အပေါ် အစိုးတရ​ပြု​ဖို့ မကြိုးစား​ကြ​ချေ။ ဘုရားသခင့်​အမှုတော်​၌ လုပ်သားချင်း​များ​အဖြစ် ပုံသက်သေ​ကောင်း​ပြဖို့​သာ သူတို့​ကြိုးပမ်း​ကြသည်။—၂ ကောရိန္သု ၁:၂၄

၁၂။ ဘုရားသခင်​သည် မိမိ၏​ကျော​ထောက်​နောက်ခံ​မှု​ရ​လို​သူတို့​ထံ​မှ လူ့​အစိုးရ​များနှင့်​ပတ်သက်​၍ အဘယ်မျှ​တ​သော​အမြင်​ရှိဖို့ တောင်းဆို​သနည်း။

၁၂ သူတို့သည် လူ့​အစိုးရ​များ​ကို လက်အောက်ခံ​ကြသည်၊ သို့သော် ကြားနေ​ကြ​၏။ “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို . . . ဝန်ခံ” ဖို့​ပျက်ကွက်သူ​သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရဖို့ မမျှော်လင့်​နိုင်​ပါ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ “အာဏာစက်​ရှိသမျှသည် ဘုရားသခင်​ခန့်​ထား​တော်​မူ​ရာ​ဖြစ်​သတည်း။ ထို့​ကြောင့်၊ မင်း​အာဏာကို​ဆန်​သော​သူသည် ဘုရားသခင်​စီရင်တော်မူ​ရာ​ကို​ဆန်​သော​သူ​ဖြစ်၏။” (ရောမ ၁၃:၁၊ ၂) သို့သော် ယေရှု​က “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အားဆက်​ပေး​ကြလော့။ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား ဘုရားသခင်​အားဆက်​ပေး​ကြလော့” ဟု​မိန့်ဆို​သောအခါ ကွဲလွဲ​ဆန့်ကျင်​သော​သဘော ရှိ​နိုင်​ကြောင်းကို ကိုယ်တော်​အသိအမှတ်ပြု​ခဲ့​သည်။ (မာကု ၁၂:၁၇) ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရ​လို​သူတို့သည် “[ဘုရားသခင်​၏] နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ” ရမည်၊ တစ်ကြိမ်​တည်း​တွင် ဘုရားသခင်​အပေါ် သူတို့၏​ပို​ကြီးမားသော​တာဝန်​များနှင့် ညီညွတ်​သည့် နိုင်​ငံ့​ဥပဒေ​များ​ကိုလည်း သူတို့​နာခံကြ​ရမည်။ (မဿဲ ၆:၃၃; တမန်​တော် ၅:၂၉) မိမိ၏​တပည့်တော်​များနှင့်​ပတ်သက်​၍ ယေရှု​က “အကျွန်ုပ်သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ ဤ​သူတို့သည်​မဆက်ဆံ​ကြ​ပါ” ဟု​ဆို​သောအခါ ကြားနေ​ခြင်း​ကို ကိုယ်တော်​အလေးပေး​ဖော်ပြ​ခဲ့​သည်။ နောက်ပိုင်း​တွင် ကိုယ်တော်​က ဤသို့​ထပ်၍​မိန့်ဆိုခဲ့​၏– “ငါ​၏​နိုင်ငံ​သည် ဤ​ဒေသ​အရပ်နှင့်​မစပ်ဆိုင်။”—ယောဟန် ၁၇:၁၆; ၁၈:၃၆

၁၃။ ဘုရားသခင့်​လူမျိုးတော်ကို ခွဲခြား​သိမြင်​ရာ​၌ မေတ္တာသည် အဘယ်​ကဏ္ဍ​၌​ပါဝင်​သနည်း။

၁၃ သူတို့သည် “ခပ်သိမ်း​သော​သူတို့အား ကျေးဇူးပြု” ကြ​ရာ​၌ မျက်နှာမလိုက်​ကြ​ချေ။ (ဂလာတိ ၆:၁၀) ခရစ်ယာန်​မေတ္တာသည် မျက်နှာမလိုက်​တတ်၊ အသားအရောင်၊ စီးပွားရေး သို့​မဟုတ် ပညာ​အရည်အချင်း၊ လူမျိုး​ဘာသာ​မရွေး အားလုံး​ကို​လက်ခံ​သည်။ အားလုံး​ကို​အကျိုးပြု​ခြင်း အထူးသဖြင့် ယုံကြည်ခြင်း​တူ​သူတို့ကို ကောင်းမှု​ပြုခြင်း​က ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရှိ​ထား​သူတို့ကို ခွဲခြား​သိမြင်​စေ​သည်။ ယေရှု​က​ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင်၊ လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။”—ယောဟန် ၁၃:၃၅; တမန်​တော် ၁၀:၃၄၊ ၃၅

၁၄။ ဘုရားသခင့်​မျက်နှာသာ​ရရှိ​ထား​သူတို့သည် အများ​နှစ်သက်​လက်ခံမှု​ရ​ကြ​သလော။ ရှင်းပြပါ။

၁၄ သူတို့သည် ဘုရားသခင့်​အလိုတော်​ဆောင်ခြင်း​အတွက် နှိပ်စက်​ညှဉ်းပန်း​ခံ​ဖို့​အသင့်ရှိ​ကြသည်။ မိမိ၏​နောက်လိုက်​များ​ကို ယေရှု​ဤသို့​ကြိုတင်​သတိပေး​ခဲ့​သည်– “သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို​ညှဉ်းဆဲ​ကြလိမ့်မည်။ ငါ့​စကား​ကို​နားထောင်​လျှင် သင်တို့၏​စကား​ကို​နားထောင်​ကြလိမ့်မည်။” (ယောဟန် ၁၅:၂၀; မဿဲ ၅:၁၁၊ ၁၂; ၂ တိမောသေ ၃:၁၂) ယုံကြည်ခြင်း​အားဖြင့် လောကသား​တို့ကို အပြစ်တင်​သူ​နောဧ​ကဲ့သို့ ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရရှိ​ထား​သူတို့သည် အများ​နှစ်သက်မှု​ကို အမြဲ​မခံရ​ကြ​ချေ။ (ဟေဗြဲ ၁၁:၇) ယနေ့ ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရ​လို​သူတို့သည် သမ္မာကျမ်းစာ​ကို ပေါ့ပျက်​သွား​စေခြင်း သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်းမှု​မခံ​ရဖို့ ဘုရားသခင်​ရေးရာ​မူများ​ကို အလျှော့ပေး​လိုက်လျော​ခြင်း မပြု​ဝံ့​ကြ​ချေ။ ဘုရားသခင်​အား မိမိတို့​တည်ကြည်​စွာ အမှုထမ်း​သမျှ​ကာလပတ်လုံး လူတို့သည် “အံ့ဩ​၍ ကဲ့ရဲ့” ကြ​မည်​ကို သူတို့​သိထားကြသည်။—၁ ပေတရု ၂:၁၂; ၃:၁၆; ၄:၄

အဖြစ်မှန်​ကို​အကဲဖြတ်​ရန်​အချိန်

၁၅၊ ၁၆။ (က) ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရရှိ​ထားသော ဘာသာရေး​အုပ်စု​ကို ခွဲခြား​သိမြင်​စေ​ရာ​၌ အဘယ်​မေးခွန်းများ​က ထောက်ကူ​ပေး​မည်​နည်း။ (ခ) သန်းပေါင်း​များစွာသော​သူတို့သည် အဘယ်​ကောက်ချက်​ချ​ခဲ့​ကြ​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၅ သင့်ကိုယ်​သင်​ဤသို့​မေးပါ– ‘အဘယ်​ဘာသာရေး​အုပ်စု​သည် ၎င်း​၏​သွန်သင်ချက်​များ​က လူအများစု​၏​ယုံကြည်ချက်​နှင့် ကွဲပြား​သည့်​အခါ​၌​ပင် သမ္မာကျမ်းစာ​ကို စွဲကိုင်​ထား​ကြောင်း လူသိ​များ​သနည်း။ မိမိတို့​ကိုယ်ကို​ခွဲခြား​ဖော်ပြ​ရာ​၌ ဘုရားသခင့်​ကိုယ်ပိုင်​နာမတော်​ကို အသုံးပြုသည့်​အထိ နာမတော်​၏​အရေးပါမှု​ကို မည်သူ​တို့​အလေးပေး​ကြ​သနည်း။ ဘုရားသခင့်​နိုင်ငံတော်​ကို လူ့​အခက်အခဲ​အားလုံး​၏ တစ်ခု​တည်း​သော​ဖြေရှင်း​နည်း​အဖြစ် အပြု​သဘောဖြင့် မည်သူ​တို့​ညွှန်ပြ​ကြ​သနည်း။ ခေတ်​နောက်ကျ​သည်​ဟု ယူမှတ်​ခံရ​ခြင်း​ကို​မစိုးရိမ်​ဘဲ အမူအကျင့်​ဆိုင်ရာ သမ္မာကျမ်းစာ​စံနှုန်း​များ​ကို မည်သူ​တို့​ကိုင်စွဲ​ကြ​သနည်း။ အဘယ်​အုပ်စု​သည် လခစား​တရားဟော​ဆရာမ​ရှိ​ခြင်း၊ အသင်းသား​အားလုံး​မှာ ဟောပြောသူများ​ဖြစ်​ကြ​ခြင်း​အတွက် လူသိ​များ​သနည်း။ နိုင်ငံရေး​တွင် မပါဝင်​ကြသော်လည်း ဥပဒေ​လိုက်နာ​သော နိုင်ငံသား​များ​ဖြစ်​ကြ​ခြင်း​အတွက် မည်သူ​တို့​ချီးမွမ်း​ခံရ​သနည်း။ ဘုရားသခင်​နှင့် ကိုယ်တော့်​ရည်ရွယ်ချက်များ​အကြောင်း သူတစ်ပါးကို​သင်ပေး​ရန် မေတ္တာ​ရှိ​စွာ မိမိတို့​အချိန်​နှင့် ငွေ​ကို​အကုန်ခံ​သူများ​ကား မည်သူ​တို့​ဖြစ်သနည်း။ ဤ​ချီးကျူးထိုက်​သော​အမှု​များ​ရှိ​လျက်​ကယ် ယနေ့​ထက်​တိုင် အထင်အမြင်​သေး​ခံရ၊ လှောင်ပြောင်​ခံရ​ပြီး နှိပ်စက်​ညှဉ်းပန်း​ခံ​ရသူ​တို့​ကား မည်သူ​တို့​နည်း။’

၁၆ အဖြစ်မှန်​ကို ကမ္ဘာ​တစ်ဝန်း​ရှိ သန်း​ချီ​သော​သူတို့ အကဲဖြတ်​ခဲ့​ကြ​ပြီး ယေဟောဝါသက်သေ​များ​သာ​လျှင် စစ်မှန်သော​ဘာသာ​တရားကို လိုက်စားသူ​ဟု ယုံကြည်​စိတ်ချ​လာ​ကြ​ပေ​ပြီ။ ဤသို့​သူတို့​ကောက်ချက်​ချ​ကြ​ခြင်း​မှာ ယေဟောဝါသက်သေ​များ သွန်သင်​သည့်​အရာ​နှင့် သူတို့​ကျင့်ကြံ​ပြုမူပုံ​သာမက သူတို့၏​ဘာသာရေး​က အကျိုး​ဖြစ်ထွန်း​စေ​ခဲ့​ပုံ​တို့​အပေါ် မူတည်၍​ဖြစ်သည်။ (ဟေရှာယ ၄၈:၁၇) အမှန်​မှာ သန်းပေါင်း​များစွာသော​သူတို့သည် ဇာခရိ ၈:၂၃ ၌​ဤသို့​ကြို​ဟောထား​သည့်​အတိုင်း ပြော​နေကြ​သည်– “ဘုရားသခင်​သည် သင်တို့​နှင့်အတူ​ရှိ​တော်​မူ​သည်​ဟု အကျွန်ုပ်​တို့သည်​ကြား​သိ၍ သင်တို့​နှင့်အတူ​လိုက်ပါမည်။”

၁၇။ ယေဟောဝါသက်သေ​များ​က မိမိတို့​၌ ဘာသာ​တရား​မှန်​ရှိသည်​ဟု ဖော်ပြခြင်း​သည် အဘယ်ကြောင့်​ရောင့်တက်ခြင်း​မဟုတ်​သနည်း။

၁၇ ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ကို ယေဟောဝါသက်သေ​များ​သာ​လျှင် ရရှိ​ထား​သည်​ဟု​ဆို​ခြင်း​သည် ရောင့်တက်ခြင်း​လော။ အမှန်​မှာ အီဂျစ်​ပြည်​ရှိ ဣသရေလ​လူမျိုး​က အီဂျစ်​လူမျိုး​တို့ မည်သို့​ပင်​ခံယူ​ထား​ကြ​စေ​ကာ​မူ မိမိတို့သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု ရရှိ​ထား​သည်​ဟု​ဆို​ခဲ့​ခြင်း၊ သို့​မဟုတ် ပထမ​ရာစု​ခရစ်ယာန်​များ​က ဂျူး​ဘာသာရေး​သမားများ​မဟုတ်ဘဲ မိမိတို့သည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ကို ရရှိ​ထား​သည်​ဟု​ဆို​ကြ​သကဲ့သို့ပင်​ဖြစ်သည်။ ယင်း​အဆို​မှန်​ကြောင်းကို ဖြစ်ရပ်မှန်များ​က သက်သေထူ​သည်။ နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် ယေဟောဝါသက်သေ​များသည် ဆုံးခန်း​ကာလ​၌ ယေရှု၏​နောက်လိုက်စစ်​များ လုပ်ဆောင်နေ​ကြ​မည်​ဟု ကိုယ်တော်​ကြို​ဟောခဲ့​သော ဤ​လုပ်ငန်း​ကို​လုပ်ဆောင်နေ​ကြသည်– “လူမျိုးအပေါင်း​တို့အား​သက်သေ​ဖြစ်​မည်​အကြောင်း [ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို လော [က] နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌ ဟော​ရ​လိမ့်​မည်။ သို့​ပြီး​မှ အဆုံး​သည်​ဖြစ်လတ္တံ့။”—မဿဲ ၂၄:၁၄

၁၈၊ ၁၉။ (က) ယေဟောဝါသက်သေ​များသည် အတိုက်အခံ​များ​အကြား သူတို့၏​ဟောပြောခြင်း​လုပ်ငန်း​ကို​ရပ်တန့်​ဖို့ အဘယ်ကြောင့်​အကြောင်း​မရှိ​သနည်း။ (ခ) သက်သေခံ​များ​ကို ဘုရားသခင်​ကျော​ထောက်​နောက်ခံ​ကြောင်း ဆာလံ ၄၁:၁၁ က​မည်သို့​ထောက်ခံ​သနည်း။

၁၈ ယေဟောဝါသက်သေ​များသည် မိမိတို့၏​လုပ်ဆောင်မှုကို နှိပ်စက်​ညှဉ်းပန်းမှု သို့​မဟုတ် ဆန့်ကျင်မှု​တို့​က​တားဆီး​ရန် ဘယ်​သောအခါ​မျှ​ခွင့်​မပြု​ဘဲ ထို​တာဝန်​ကို ဆက်၍​ထမ်းဆောင်​ကြ​ပါ​လိမ့်​မည်။ ယေဟောဝါ​၏​လုပ်ငန်းတော်​သည် မဖြစ်​မနေ၊ ပြီးမြောက်​လိမ့်​မည်။ လွန်ခဲ့သော​ရာစုနှစ်​အတွင်း ဘုရားသခင့်​လုပ်ငန်းတော်​ကို သက်သေခံ​များ ပြီးမြောက်​အောင်​ဆောင်ရွက်ခြင်း​မှ​ဟန့်တား​ရန် အခြားသူ​တို့ ကြိုးစား​အားထုတ်​လေ​သမျှ​သည် နောက်ဆုံး​ရှုံးနိမ့်​ခဲ့​ရသည်၊ အကြောင်း​မှာ ယေဟောဝါ​က ဤသို့​ကတိပြု​ထားသော​ကြောင့်​ပင်– “သင့်တစ်ဖက်​၌​လုပ်သော လက်နက်​တစ်စုံတစ်ခု​မျှ အထမမြောက်ရ။ သင့်ကို​တရား​တွေ့သော​သူ​မည်​သည်​ကား အရှုံး​ခံရ​လိမ့်​မည်။ ထာဝရ​ဘုရား​၏​ကျွန်​တို့သည် ထိုသို့​သော​အမွေ​ကို​ခံရ​၍ ငါ့​ကြောင့်​ဖြောင့်မတ်​ရာ​သို့​ရောက်​ရ​ကြလိမ့်မည်။”—ဟေရှာယ ၅၄:၁၇

၁၉ ယေဟောဝါသက်သေ​များသည် ကမ္ဘာချီ​ဆန့်ကျင်မှု​ရင်ဆိုင်​ရသည့်​ကြား​မှ တစ်ကြိမ်​တစ်ခါ​နှင့်​မျှ​မတူ​အောင် ယခု​သာ၍​ကြံ့ခိုင်​ပြီး တက်ကြွ​လှုပ်ရှား​နေခြင်း​က သူတို့​လုပ်ဆောင်နေ​သော​အမှုကို ယေဟောဝါ​နှစ်သက်​ကြောင်း သက်သေထူ​သည်။ ဘုရင်​ဒါဝိဒ်က ဤသို့​ဆို​ခဲ့​သည်– “အကျွန်ုပ်၏​ရန်သူ​သည် အကျွန်ုပ်​အား​မ​နိုင်​ကြောင်းကို​ထောက်၍ ကိုယ်တော်​သည် အကျွန်ုပ်​ကို​မြတ်နိုး​တော်​မူ​သည်​ဟု သိရ​ပါ​၏။” (ဆာလံ ၄၁:၁၁; ၅၆:၉၊ ၁၁) ဘုရားသခင့်​ရန်သူများ​သည် ယေဟောဝါ​၏​လူမျိုးတော်​တစ်ဖက် ဘယ်​သောအခါ​မျှ အောင်ပွဲခံ​ကြွေးကြော်​နိုင်​မည်​မဟုတ်၊ အကြောင်း​မှာ သူတို့၏​ခေါင်းဆောင် ယေရှု​ခရစ်တော်​သည် နောက်ဆုံး​အောင်ပွဲခံ​ဖို့ ချီတက်​နေသော​ကြောင့်​ပင်​တည်း!

သင်​ဖြေဆို​နိုင်​သလော

• ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု ရရှိခဲ့ကြ​သော ရှေးခေတ်​ပုံသက်သေ​အချို့​ကား အဘယ်နည်း။

• စစ်မှန်သော​ဘာသာ​တရားကို ခွဲခြား​သိမြင်​စေသည့် အမှတ်အသား​အချို့​ကား အဘယ်နည်း။

• ယေဟောဝါသက်သေ​များသည် ဘုရားသခင့်​ကျော​ထောက်​နောက်ခံ​မှု​ရှိသည်​ဟု သင်​ကိုယ်တိုင် အဘယ်ကြောင့်​လက်ခံ​ယုံကြည်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဘုရားသခင့် ကျော​ထောက်​နောက်ခံ​မှု ရ​လို​သူတို့သည် မိမိတို့၏ သွန်သင်ချက်​များ​ကို သမ္မာကျမ်းစာ​အပေါ် လုံးလုံး​အခြေပြု​ကြ​ရမည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ခရစ်ယာန်​အကြီးအကဲ​များသည် သိုးတော်စု​အတွက် ပုံသက်သေ​များ​အဖြစ် အမှုထမ်း​ကြ